နပိုလီယံရဲ့ သမိုင်းဝင် ဒီသင်္ဘောငယ်ကို ၁၈၁၀ ခုနှစ်ကတည်းက တည်ဆောက်ခဲ့တာဖြစ်တဲ့အတွက် အခုဆိုရင် နှစ်ပေါင်း ၂၀၀ကျော်သွားပြီဖြစ်ပါတယ်။ စစ်ရေယာဉ်တွေကို လှည့်လည်စစ်ဆေးမယ့်နေရာမှာ အသုံးပြုဖို့ရည်ရွယ်ချက်နဲ့ ဒီသင်္ဘောငယ်ကို လျို့ဝှက်တည်ဆောက်ခဲ့တာဖြစ်ပြီး တည်ဆောက်ချိန်ရက်ပေါင်း ၂၁ရက်သာ ကြာမြင့်ခဲ့ပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့ အမျိုးသားရေတပ်ပြတိုက်မှာ ထားရှိပြသထားတဲ့ ဒီသင်္ဘောငယ်ကို ယခုအခါမှာတော့ နေရာသစ်ဆီပြောင်းရွေ့တော့မှာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ ဘရစ်တနီကမ်းရိုးတမ်းဒေသကို ပြောင်းရွေ့မှာဖြစ်ပါတယ်။
သင်္ဘောရဲ့ခေါင်မိုးပေါ်မှာတော့ သရဖူကြီးတစ်ခုနဲ့ အလှဆင်ထားပြီး အရှည် ပေ ၆၀ ရှိတဲ့ ဒီသင်္ဘောငယ်ကို ဒုတိယကမ္ဘာစစ်ကတည်းက ဘရက်စ်မြို့ကနေ ရေတပ်ပြတိုက်သို့ ပြောင်းရွေ့ ထားရှိခဲ့တာဖြစ်ပါတယ်။ အခုလိုပြောင်းရွေ့ရခြင်းကတော့ သင်္ဘောရေရှည်ထိမ်းသိမ်းနိုင်ဖို့အတွက် ပြန်လည်မွမ်းမံရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့အတွက်ဖြစ်ပါတယ်။
ထိမ်းသိမ်းရေးလုပ်ငန်းတွေပြီးတဲ့နောက် ၂၀၁၉ခုနှစ်မှာတော့ သူ့ရဲ့မူလနေရာဖြစ်တဲ့ ပြင်သစ်အနောက်ပိုင်းဒေသက ဘရက်စ်ထ်မြို့မှာ ထားရှိမှာဖြစ်ပါတယ်။ သင်္ဘောကို ပြတိုက်ရဲ့အပြင်ဘက်ကိုရွှေ့နိုင်ဖို့အတွက် ပြတိုက်နံရံမှာအပေါက်ကြီးတစ်ပေါက် ဖောက်ရမှာဖြစ်ပြီး အဲဒီအပေါက်ကနေမှ သယ်ထုတ်သွားမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကို ၁၉၄၃ခုနှစ်တုန်းက သင်္ဘောကို အပြင်ကနေ ပြတိုက်ထဲကိုရွှေ့ခဲ့ချိန်တုန်းကလည်း အသုံးပြုခဲ့ဖူးပါတယ်။
“ဒုတိယကမ္ဘာစစ်တုန်းက သင်္ဘောကို ပါရီမြို့သို့ ယူလာရတာကတော့ ဗုံးဒဏ်ကို ကာကွယ်ဖို့ဖြစ်ပါတယ်။ ရှေးဟောင်းသမိုင်းဝင် ပစ္စည်းမို့ အထိမခံနိုင်ဘူးလေ။ အခုလည်းပြန်ရွေ့မယ် လုပ်တော့ နံရံကိုဖျက်ရမှာပါပဲ။ သင်္ဘောကိုတော့ ထိလို့မဖြစ်ဘူး” လို့ သမိုင်းဝင်ပစ္စည်းတစ်ခုအနေနဲ့ ဘယ်လောက်တန်ဖိုးထားကြောင်းကို ပြတိုက်ရဲ့ပြောရေးဆိုခွင့်ရှိသူ Annie Madet-Vache က ဆိုပါတယ်။
နပိုလီယံရဲ့ သင်္ဘောဖြစ်ပေမယ့် နပိုလီယံဟာ ဒီသင်္ဘောငယ်ဆီကို တစ်ခါသာရောက်ခဲ့ဖူးပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့အင်ပါယာကျရှုံးသွားခဲ့လို့ဖြစ်ပါတယ်။
နပိုလီယံ အရာကျသွားပြီးတဲ့နောက် ဒီသင်္ဘောငယ်ကို ဘရက်စ်ထ်မြို့သို့ပို့လိုက်ပါတယ်။ အဲဒီနေရာမှာမှ နပိုလီယံရဲ့တူဖြစ်သူက သင်္ဘောပေါ်မှာ သရဖူ ၊ နတ်ဘုရား နတ်ပကျွန်းရဲ့ ရွှေရုပ်တုနဲ့ ကလေးတမန်တော်ရုပ်တုတွေကို ထပ်မံထည့်သွင်းခဲ့တာဖြစ်ပါတယ်။
VIDEO
Discussion about this post