ေနာ္ဘူေဘာဆုေတာင္းေတာင္ ရဲ႕ ဒ႑ာရီ

Posted on

ေရးသားသူ – ၿငိမ္းအိအိေထြး (Myanmar Times)

Photo Credit : PST AERIAL PHOTOGRAPHY

ေနာ္ဘူေဘာ ဆုေတာင္းေတာင္ဟာ ကရင္ျပည္နယ္ သံေတာင္ႀကီးၿမိဳ႕နယ္မွာတည္ရွိပါတယ္။ ဒီေတာင္နဲ႔ပတ္သတ္လုိ႔ ဒ႑ာရီပုံျပင္ေလးတစ္ပုဒ္ ရွိပါတယ္။ ေခ်ာေမာလွပ အျပစ္ကင္းၿပီး ေမြးရာပါစြမ္းအင္ေတြ ပိုင္ဆိုင္ၾကတဲ့ ေနာ္ဘူေဘာ နဲ႔ ခင္ပြန္းသည္ စစ္သူႀကီး ေစာသာေဂၚခြားတို႔ရဲ႕ လြမ္းေမာစရာ၊ အံ့ဩစရာ ဒ႑ာရီတစ္ပုဒ္ကို အဲဒီရာဇဝင္ထဲကေတာင္တန္းေတြရွိတဲ့ ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕သာမကဘဲ ႏိုင္ငံအႏွံ႔အျပားက ကရင္တိုင္းရင္းသားေတြရဲ႕ အိပ္ရာဝင္ပုံျပင္အျဖစ္ လက္ခံေနဆဲပဲျဖစ္ပါတယ္။

ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၄,၈၂၄ ေပျမင့္တဲ့ ေဒၚဖားခို (ေခၚ) ဘြယ္ဟီ ခိုေတာင္ထြတ္က (ယေန႔အခ်ိန္မွာ ေနာ္ဘူေဘာ ဆုေတာင္းေတာင္အျဖစ္) ကရင္ျပည္နယ္ရဲ႕ ေျမာက္ပိုင္းစြန္း အျမင့္ဆုံးေတာင္ေတြထဲမွာ တစ္ခုအပါအဝင္ ျဖစ္ၿပီး ဘြဲကရင္တိုင္းရင္းသားေတြ ေနထိုင္ရာေဒသတစ္ခု ျဖစ္ေနပါတယ္။

နာမည္ေက်ာ္ဒ႑ာရီထဲ ျပန္လည္ရွာေဖြၾကည့္မယ္ဆိုရင္ေတာ့ ဘြယ္ဟီခိုေတာင္နဲ႔ ပတ္ဝန္းက်င္ေဒသတစ္ဝိုက္ကို ကီးကူလူမ်ိဳးဘုရင္ သမိအိက အုပ္ခ်ဳပ္ ၿပီး သူ႕မွာ စြမ္းအားျပည့္ တိုက္ရည္ခိုက္ရည္ေကာင္းတဲ့ သားေတာ္ စစ္သူႀကီး ေစာသာေဂၚခြား ရွိပါတယ္။ စစ္ပြဲမွန္သမၽွ အႏိုင္ရခဲ့တဲ့သားေတာ္ အ႐ြယ္ ေရာက္ေနၿပီျဖစ္တာမို႔ လက္ထပ္ထိမ္းျမားေပးဖို႔ ဘုရင္သမိအိဟာသားေတာ္နဲ႔ အတူ အေႁခြအရံေတြ ၿခံရံၿပီး ေခၽြးမရွာထြက္ခဲ့ၾကပါတယ္။

တစ္ခ်ိန္တည္းမွာပဲ တန္ခိုးအင္မတန္ႀကီးတဲ့ ပင္လယ္ဘုရင္ သာကအူမွာ အိပ္ေပ်ာ္ေနရင္း ေရာင္ျခည္အလင္းတန္းေတြ ထြက္တတ္တဲ့ အေခ်ာေမာအလွပဆုံး သမီးေတာ္ ေနာ္ဘူေဘာကလည္း သီးျခားတိုင္းျပည္တစ္ခုမွာ နာမည္ ေက်ာ္ေနသူပါ။ တစ္ေန႔မွာ စစ္သူႀကီး ေစာသာေဂၚခြားနဲ႔ မင္းသမီး ေနာ္ဘူေဘာတို႔ ေတြ႕ဆုံ မိၾကရာက ခ်စ္ႀကိဳက္ၿပီး ခုနစ္ရက္အၾကာမွာ လက္ထပ္ခဲ့ၾကၿပီး ႐ိုးရာအစဥ္အလာအတိုင္း ခင္ပြန္းသည္ ေနထိုင္ရာ ဘြယ္ဟီခိုေတာင္ေပၚေဒသကို ေနာ္ဘူ ေဘာက အေႁခြအရံေတြနဲ႔အတူ ေပ်ာ္႐ႊင္စြာ လိုက္ပါခဲ့ပါေတာ့တယ္။

မ်က္စိေအာက္ကအေပ်ာက္မခံ ခ်စ္ခဲ့ရတဲ့ တစ္ဦးတည္းေသာသမီး ေနာ္ဘူေဘာကို နယ္ေျမျခားထည့္လိုက္ရမွာျဖစ္တဲ့အတြက္ ဖခင္ ဘုရင္သာကအူ က ေစာသာေဂၚခြားတို႔ကို သမီးအႏၲရာယ္မရွိေစဖို႔ ကတိအထပ္ထပ္ေတာင္းခဲ့ ၾကပါတယ္။ ေနာ္ဘူေဘာရဲ႕ မိခင္ျဖစ္သူ ကေတာ့ သမီးအတြက္ စပါးအျပည့္ ျဖည့္ထားတဲ့ ဘူးသီးေျခာက္တစ္ခုနဲ႔ ေမွာ္ေ႐ႊဘီးတစ္ေခ်ာင္း လက္ေဆာင္ေပးခဲ့ ပါတယ္။ ခရီးသြားရင္း လမ္းတစ္ေထာက္အနား ဗိုက္ဆာခ်ိန္မွာ ေနာ္ဘူေဘာက မိခင္ထည့္ေပးလိုက္တဲ့ ဘူးသီးေျခာက္ထဲက စပါးတစ္ေစ့ကို ထုတ္၊ အခြံႏႊာ၊ ထက္ပိုင္းခ်ိဳးၿပီး အနီးနားက ၾကက္ဥခြံေလးထဲ ထည့္ခ်က္ပါတယ္တဲ့။

ၾကက္ဥ ခြံအျပည့္ျဖစ္လာတဲ့ ထမင္းက လိုက္ပါသူေတြအတြက္ ခရီးတစ္ေလၽွာက္လုံး ဗိုက္ျပည့္တဲ့ အထိ အာဟာရျပည့္ေစခဲ့ပါတယ္။ ဘြယ္ဟီခို နန္းေတာ္ေရာက္ရွိခ်ိန္မွာေတာ့ ညဘက္အိပ္ခ်ိန္ ထြက္တတ္တဲ့ မင္းသမီးေနာ္ဘူေဘာရဲ႕ ေရာင္ျခည္ေတြေၾကာင့္ အႏၲရာယ္ရွိသူ စုန္းမအျဖစ္၀ုိင္းသတ္မွတ္ခဲ့ၾကၿပီး မၾကာခင္ရက္ပိုင္းမွာ ေစာသာေဂၚခြားဟာ ရန္သူေတြနဲ႔ တိုက္ခိုက္ဖို႔ စစ္တိုက္ထြက္ရပါေတာ့တယ္။

စစ္တိုက္မထြက္ခင္မွာ ေနာ္ဘူေဘာက တန္ခိုးရွိတဲ့ ေမွာ္ေ႐ႊဘီးကို ခင္ပြန္းသည္ကို အေဆာင္အျဖစ္ထည့္ေပး လိုက္ပါတယ္။ စစ္တိုက္ရာမွာ ေမွာ္ေ႐ႊဘီးကို ေျခနဲ႔နင္းထားတာေၾကာင့္ စစ္သူႀကီးေစာသာေဂၚခြားကို ရန္သူေတြ မျမင္ႏိုင္ခဲ့ဘဲ အသာစီးနဲ႔ ေခ်မႈန္းႏိုင္ခဲ့ေပမယ့္ မေသေသးတဲ့ ရန္သူတစ္ေယာက္က ေနာက္ဆုံး ေစာသာေဂၚခြား ေ႐ႊဘီးကို ေခါင္းေပၚျပန္တင္ခ်ိန္မွာ ေတြ႕ရွိခဲ့ပါတယ္။ ဒါေၾကာင့္ အဆိပ္လူးျမႇားနဲ႔ ပစ္လိုက္ၿပီး ေစာသာေဂၚခြားလည္း တိုက္ပြဲမွာ က်ဆုံးခဲ့ရပါေတာ့တယ္။

စစ္ပြဲတိုင္းအႏိုင္ရတဲ့ ေစာသာေဂၚခြား စစ္ပြဲမွာက်ဆုံးခဲ့တဲ့ တရားခံအျဖစ္ ေမွာ္ဘီးပိုင္ရွင္ ေနာ္ဘူေဘာကို သံသယနဲ႔ ၀ုိင္းစြပ္စြဲၾကၿပီး ေနာက္ဆုံး တရားစီရင္မယ့္ ေဒဖာဟိုခိုေတာင္စြန္းထိပ္မွာႀကိဳးနဲ႔ခ်ည္ထားခဲ့ပါတယ္။ အဲဒီေတာင္ထြတ္ေနရာဟာ အရင္က စုန္း၊ ကေဝ၊ ေမွာ္ပညာရွင္ေတြေနထိုင္ တဲ့ေနရာအျဖစ္ နာမည္ႀကီးခဲ့ၿပီး အဲဒီေနရာမွာပဲ မင္းသမီးေလးကို သတ္လိုက္ၾကပါေတာ့တယ္။ မင္းသမီးေလး အသတ္ခံရတဲ့သတင္းကို ဖခင္ ပင္လယ္ဘုရင္ သာကအူ ၾကားရၿပီးေဒါသႀကီးမားတဲ့ ဘုရင္ႀကီးဟာ စစ္သည္မ်ားစြာနဲ႔ ဘြယ္ဟီခို အရပ္ကို စစ္တိုက္ထြက္ခဲ့ၾကၿပီးေနာက္ဆုံး ေဒသတစ္ခုလုံး ပ်က္စီးၿပီး ေမွာ္ တန္ခိုးေတြေၾကာင့္ ေက်ာက္႐ုပ္မ်ားအျဖစ္ ေျပာင္းလဲသြားၾကရင္း လြမ္းေမာ စရာ ဒ႑ာရီေလးက အဆုံးသတ္သြားခဲ့ပါတယ္။

အလြန္သာယာလွပၿပီး ျမဴႏွင္းတိမ္ဆိုင္ေတြ ဖုံးလႊမ္းေအးခ်မ္းေနတဲ့ ဘြယ္ဟီခိုအရပ္ (ယခု သံေတာင္၊ သံေတာင္ႀကီးၿမိဳ႕နယ္)ကို ၿဗိတိသၽွလက္ေအာက္ခံကာလမွာ အပန္းေျဖအနားယူစရာေတာင္စခန္းၿမိဳ႕အျဖစ္ သတ္မွတ္ ခဲ့ၾကပါတယ္။ ၁၉၄၈ ခုႏွစ္ ျမန္မာႏိုင္ငံလြတ္လပ္ေရးရတဲ့ ေနာက္ပိုင္းမွာေတာ့ ျပည္တြင္းလက္နက္ကိုင္ေတာ္လွန္ေရးတိုက္ပြဲေတြေၾကာင့္ မၿငိမ္သက္ရာ အမည္းေရာင္နယ္ေျမအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။ ဒါေပမဲ့ လွပတဲ့ေတာေတာင္ေတြနဲ႔ တစ္ႏွစ္ပတ္လုံး သာယာေအးျမတဲ့ ရာသီဥတုေတြရွိေနတဲ့ သံေတာင္ၿမိဳ႕ဟာ ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕က ေန ၂၇ မိုင္ပဲ ကြာေဝးတာေၾကာင့္ အပန္းေျဖသြားသင့္တဲ့ အနီးဆုံးေနရာအျဖစ္ တျဖည္းျဖည္း လူသိျပန္မ်ားလာခဲ့ပါတယ္။

၁၉၉၅ ခုႏွစ္မွာေတာ့ ဇိုင္းယာန္းႏွစ္ျခင္းအသင္းေတာ္ဥကၠ႒၊ ဆရာေတာ္ ေဒါက္တာ ေနဘလုက ေနာ္ဘူေဘာ ဆုေတာင္းေတာင္ ထိန္းသိမ္းေရးေကာ္မတီကို ဖြဲ႕စည္းခဲ့ကာ ဒ႑ာရီထဲက မင္းသမီး ေနာ္ဘူေဘာ အသတ္ခံရတယ္လို႔ ယူဆတဲ့ ေတာင္ထြတ္ေနရာမွာ လက္ဝါးကပ္တိုင္ စိုက္ထူရင္း ဆုေတာင္းေတာင္အျဖစ္ သတ္မွတ္ခဲ့ပါတယ္။ ေတာင္ေျခကေန ေတာင္ထိပ္ပိုင္းအထိေပ ၅၆၀ အျမင့္၊ ေလွကားထစ္ေပါင္း ၃၇၄ ထစ္ရွိၿပီး ေတာင္တက္တဲ့ ေလွကားေတြေဘးမွာ သီးသန္႔ဆုေတာင္းခန္းေတြ ေဆာက္လုပ္ေပးထားပါတယ္။ လတ္တေလာမွာေတာ့ ဆုေတာင္းျပည့္တယ္ဆိုတဲ့ ယုံၾကည္ခ်က္ေတြနဲ႔ေရာ၊ အနားယူအပန္းေျဖစရာ လွပတဲ့ ႐ႈခင္းေတြ၊ လတ္ဆတ္တဲ့ေလေကာင္း ေလသန္႔ေတြအျပင္ လူမ်ိဳးဘာသာမေ႐ြး ညအိပ္ဧည့္သည္ေတြကိုပါ လက္ခံေပးတဲ့ ဆုေတာင္းေတာင္ထိန္းသိမ္းေရးေကာ္မတီအဖြဲ႕ေၾကာင့္ပါ နာမည္ေက်ာ္ေနပါတယ္။

အစြဲအလမ္းေတြ၊ ဒ႑ာရီပုံျပင္နဲ႔ အယူအဆေတြ ျပည့္ႏွက္ေနတဲ့ ေနာ္ဘူေဘာ ဆုေတာင္း ေတာင္တက္လမ္းတစ္ေလၽွာက္ကေတာ့ ျမဴႏွင္းေတြ၊ စိမ္းစိုေနတဲ့ ေတာနက္နက္ေတြနဲ႔ စိမ္းေ႐ႊေ႐ႊေတာနံ႔ေတြ၊ ငွက္နဲ႔ ေတာေကာင္ေလးေတြရဲ႕ ေအာ္သံေတြေၾကာင့္ လူစိတ္ဝင္စားရာ ေအးခ်မ္းတဲ့အရပ္အျဖစ္ ခရီးသြားဧည့္သည္ေတြနဲ႔ စည္ကားေနပါေတာ့တယ္။

 

ၿငိမ္းအိအိေထြး
Myanmar Times

——————–

နော်ဘူဘောဆုတောင်းတောင် ရဲ့ ဒဏ္ဍာရီ(unicode)

ရေးသားသူ – ငြိမ်းအိအိထွေး (Myanmar Times)

နော်ဘူဘော ဆုတောင်းတောင်ဟာ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှာတည်ရှိပါတယ်။ ဒီတောင်နဲ့ပတ်သတ်လို့ ဒဏ္ဍာရီပုံပြင်လေးတစ်ပုဒ် ရှိပါတယ်။ ချောမောလှပ အပြစ်ကင်းပြီး မွေးရာပါစွမ်းအင်တွေ ပိုင်ဆိုင်ကြတဲ့ နော်ဘူဘော နဲ့ ခင်ပွန်းသည် စစ်သူကြီး စောသာဂေါ်ခွားတို့ရဲ့ လွမ်းမောစရာ၊ အံ့ဩစရာ ဒဏ္ဍာရီတစ်ပုဒ်ကို အဲဒီရာဇဝင်ထဲကတောင်တန်းတွေရှိတဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သာမကဘဲ နိုင်ငံအနှံ့အပြားက ကရင်တိုင်းရင်းသားတွေရဲ့ အိပ်ရာဝင်ပုံပြင်အဖြစ် လက်ခံနေဆဲပဲဖြစ်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် ၄,၈၂၄ ပေမြင့်တဲ့ ဒေါ်ဖားခို (ခေါ်) ဘွယ်ဟီ ခိုတောင်ထွတ်က (ယနေ့အချိန်မှာ နော်ဘူဘော ဆုတောင်းတောင်အဖြစ်) ကရင်ပြည်နယ်ရဲ့ မြောက်ပိုင်းစွန်း အမြင့်ဆုံးတောင်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပြီး ဘွဲကရင်တိုင်းရင်းသားတွေ နေထိုင်ရာဒေသတစ်ခု ဖြစ်နေပါတယ်။

နာမည်ကျော်ဒဏ္ဍာရီထဲ ပြန်လည်ရှာဖွေကြည့်မယ်ဆိုရင်တော့ ဘွယ်ဟီခိုတောင်နဲ့ ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ကို ကီးကူလူမျိုးဘုရင် သမိအိက အုပ်ချုပ် ပြီး သူ့မှာ စွမ်းအားပြည့် တိုက်ရည်ခိုက်ရည်ကောင်းတဲ့ သားတော် စစ်သူကြီး စောသာဂေါ်ခွား ရှိပါတယ်။ စစ်ပွဲမှန်သမျှ အနိုင်ရခဲ့တဲ့သားတော် အရွယ် ရောက်နေပြီဖြစ်တာမို့ လက်ထပ်ထိမ်းမြားပေးဖို့ ဘုရင်သမိအိဟာသားတော်နဲ့ အတူ အခြွေအရံတွေ ခြံရံပြီး ချွေးမရှာထွက်ခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာပဲ တန်ခိုးအင်မတန်ကြီးတဲ့ ပင်လယ်ဘုရင် သာကအူမှာ အိပ်ပျော်နေရင်း ရောင်ခြည်အလင်းတန်းတွေ ထွက်တတ်တဲ့ အချောမောအလှပဆုံး သမီးတော် နော်ဘူဘောကလည်း သီးခြားတိုင်းပြည်တစ်ခုမှာ နာမည် ကျော်နေသူပါ။ တစ်နေ့မှာ စစ်သူကြီး စောသာဂေါ်ခွားနဲ့ မင်းသမီး နော်ဘူဘောတို့ တွေ့ဆုံ မိကြရာက ချစ်ကြိုက်ပြီး ခုနစ်ရက်အကြာမှာ လက်ထပ်ခဲ့ကြပြီး ရိုးရာအစဉ်အလာအတိုင်း ခင်ပွန်းသည် နေထိုင်ရာ ဘွယ်ဟီခိုတောင်ပေါ်ဒေသကို နော်ဘူ ဘောက အခြွေအရံတွေနဲ့အတူ ပျော်ရွှင်စွာ လိုက်ပါခဲ့ပါတော့တယ်။

မျက်စိအောက်ကအပျောက်မခံ ချစ်ခဲ့ရတဲ့ တစ်ဦးတည်းသောသမီး နော်ဘူဘောကို နယ်မြေခြားထည့်လိုက်ရမှာဖြစ်တဲ့အတွက် ဖခင် ဘုရင်သာကအူ က စောသာဂေါ်ခွားတို့ကို သမီးအန္တရာယ်မရှိစေဖို့ ကတိအထပ်ထပ်တောင်းခဲ့ ကြပါတယ်။ နော်ဘူဘောရဲ့ မိခင်ဖြစ်သူ ကတော့ သမီးအတွက် စပါးအပြည့် ဖြည့်ထားတဲ့ ဘူးသီးခြောက်တစ်ခုနဲ့ မှော်ရွှေဘီးတစ်ချောင်း လက်ဆောင်ပေးခဲ့ ပါတယ်။ ခရီးသွားရင်း လမ်းတစ်ထောက်အနား ဗိုက်ဆာချိန်မှာ နော်ဘူဘောက မိခင်ထည့်ပေးလိုက်တဲ့ ဘူးသီးခြောက်ထဲက စပါးတစ်စေ့ကို ထုတ်၊ အခွံနွှာ၊ ထက်ပိုင်းချိုးပြီး အနီးနားက ကြက်ဥခွံလေးထဲ ထည့်ချက်ပါတယ်တဲ့။

ကြက်ဥ ခွံအပြည့်ဖြစ်လာတဲ့ ထမင်းက လိုက်ပါသူတွေအတွက် ခရီးတစ်လျှောက်လုံး ဗိုက်ပြည့်တဲ့ အထိ အာဟာရပြည့်စေခဲ့ပါတယ်။ ဘွယ်ဟီခို နန်းတော်ရောက်ရှိချိန်မှာတော့ ညဘက်အိပ်ချိန် ထွက်တတ်တဲ့ မင်းသမီးနော်ဘူဘောရဲ့ ရောင်ခြည်တွေကြောင့် အန္တရာယ်ရှိသူ စုန်းမအဖြစ်ဝိုင်းသတ်မှတ်ခဲ့ကြပြီး မကြာခင်ရက်ပိုင်းမှာ စောသာဂေါ်ခွားဟာ ရန်သူတွေနဲ့ တိုက်ခိုက်ဖို့ စစ်တိုက်ထွက်ရပါတော့တယ်။

စစ်တိုက်မထွက်ခင်မှာ နော်ဘူဘောက တန်ခိုးရှိတဲ့ မှော်ရွှေဘီးကို ခင်ပွန်းသည်ကို အဆောင်အဖြစ်ထည့်ပေး လိုက်ပါတယ်။ စစ်တိုက်ရာမှာ မှော်ရွှေဘီးကို ခြေနဲ့နင်းထားတာကြောင့် စစ်သူကြီးစောသာဂေါ်ခွားကို ရန်သူတွေ မမြင်နိုင်ခဲ့ဘဲ အသာစီးနဲ့ ချေမှုန်းနိုင်ခဲ့ပေမယ့် မသေသေးတဲ့ ရန်သူတစ်ယောက်က နောက်ဆုံး စောသာဂေါ်ခွား ရွှေဘီးကို ခေါင်းပေါ်ပြန်တင်ချိန်မှာ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် အဆိပ်လူးမြှားနဲ့ ပစ်လိုက်ပြီး စောသာဂေါ်ခွားလည်း တိုက်ပွဲမှာ ကျဆုံးခဲ့ရပါတော့တယ်။

စစ်ပွဲတိုင်းအနိုင်ရတဲ့ စောသာဂေါ်ခွား စစ်ပွဲမှာကျဆုံးခဲ့တဲ့ တရားခံအဖြစ် မှော်ဘီးပိုင်ရှင် နော်ဘူဘောကို သံသယနဲ့ ဝိုင်းစွပ်စွဲကြပြီး နောက်ဆုံး တရားစီရင်မယ့် ဒေဖာဟိုခိုတောင်စွန်းထိပ်မှာကြိုးနဲ့ချည်ထားခဲ့ပါတယ်။ အဲဒီတောင်ထွတ်နေရာဟာ အရင်က စုန်း၊ ကဝေ၊ မှော်ပညာရှင်တွေနေထိုင် တဲ့နေရာအဖြစ် နာမည်ကြီးခဲ့ပြီး အဲဒီနေရာမှာပဲ မင်းသမီးလေးကို သတ်လိုက်ကြပါတော့တယ်။ မင်းသမီးလေး အသတ်ခံရတဲ့သတင်းကို ဖခင် ပင်လယ်ဘုရင် သာကအူ ကြားရပြီးဒေါသကြီးမားတဲ့ ဘုရင်ကြီးဟာ စစ်သည်များစွာနဲ့ ဘွယ်ဟီခို အရပ်ကို စစ်တိုက်ထွက်ခဲ့ကြပြီးနောက်ဆုံး ဒေသတစ်ခုလုံး ပျက်စီးပြီး မှော် တန်ခိုးတွေကြောင့် ကျောက်ရုပ်များအဖြစ် ပြောင်းလဲသွားကြရင်း လွမ်းမော စရာ ဒဏ္ဍာရီလေးက အဆုံးသတ်သွားခဲ့ပါတယ်။

အလွန်သာယာလှပပြီး မြူနှင်းတိမ်ဆိုင်တွေ ဖုံးလွှမ်းအေးချမ်းနေတဲ့ ဘွယ်ဟီခိုအရပ် (ယခု သံတောင်၊ သံတောင်ကြီးမြို့နယ်)ကို ဗြိတိသျှလက်အောက်ခံကာလမှာ အပန်းဖြေအနားယူစရာတောင်စခန်းမြို့အဖြစ် သတ်မှတ် ခဲ့ကြပါတယ်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ နောက်ပိုင်းမှာတော့ ပြည်တွင်းလက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲတွေကြောင့် မငြိမ်သက်ရာ အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ လှပတဲ့တောတောင်တွေနဲ့ တစ်နှစ်ပတ်လုံး သာယာအေးမြတဲ့ ရာသီဥတုတွေရှိနေတဲ့ သံတောင်မြို့ဟာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့က နေ ၂၇ မိုင်ပဲ ကွာဝေးတာကြောင့် အပန်းဖြေသွားသင့်တဲ့ အနီးဆုံးနေရာအဖြစ် တဖြည်းဖြည်း လူသိပြန်များလာခဲ့ပါတယ်။

၁၉၉၅ ခုနှစ်မှာတော့ ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်ဥက္ကဋ္ဌ၊ ဆရာတော် ဒေါက်တာ နေဘလုက နော်ဘူဘော ဆုတောင်းတောင် ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းခဲ့ကာ ဒဏ္ဍာရီထဲက မင်းသမီး နော်ဘူဘော အသတ်ခံရတယ်လို့ ယူဆတဲ့ တောင်ထွတ်နေရာမှာ လက်ဝါးကပ်တိုင် စိုက်ထူရင်း ဆုတောင်းတောင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ တောင်ခြေကနေ တောင်ထိပ်ပိုင်းအထိပေ ၅၆၀ အမြင့်၊ လှေကားထစ်ပေါင်း ၃၇၄ ထစ်ရှိပြီး တောင်တက်တဲ့ လှေကားတွေဘေးမှာ သီးသန့်ဆုတောင်းခန်းတွေ ဆောက်လုပ်ပေးထားပါတယ်။ လတ်တလောမှာတော့ ဆုတောင်းပြည့်တယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ရော၊ အနားယူအပန်းဖြေစရာ လှပတဲ့ ရှုခင်းတွေ၊ လတ်ဆတ်တဲ့လေကောင်း လေသန့်တွေအပြင် လူမျိုးဘာသာမရွေး ညအိပ်ဧည့်သည်တွေကိုပါ လက်ခံပေးတဲ့ ဆုတောင်းတောင်ထိန်းသိမ်းရေးကော်မတီအဖွဲ့ကြောင့်ပါ နာမည်ကျော်နေပါတယ်။

အစွဲအလမ်းတွေ၊ ဒဏ္ဍာရီပုံပြင်နဲ့ အယူအဆတွေ ပြည့်နှက်နေတဲ့ နော်ဘူဘော ဆုတောင်း တောင်တက်လမ်းတစ်လျှောက်ကတော့ မြူနှင်းတွေ၊ စိမ်းစိုနေတဲ့ တောနက်နက်တွေနဲ့ စိမ်းရွှေရွှေတောနံ့တွေ၊ ငှက်နဲ့ တောကောင်လေးတွေရဲ့ အော်သံတွေကြောင့် လူစိတ်ဝင်စားရာ အေးချမ်းတဲ့အရပ်အဖြစ် ခရီးသွားဧည့်သည်တွေနဲ့ စည်ကားနေပါတော့တယ်။

ငြိမ်းအိအိထွေး
Myanmar Times

Leave a Reply