ကမ္ဘာတလွှား နန်းစဉ်ရတနာများ

Posted on

ရေးသားသူ – သန်းဝင်းလှိုင်(မိုးမခ)

နန်းစဉ်ရတနာဆိုသည်မှာ ဘုရင်မင်းမြတ် အဆက်ဆက်က မပျောက်မပျက်စေဘဲ ထိန်းသိမ်းထားရှိမြဲဖြစ်သော ကျောက်မျက်ရတနာများနှင့် မင်းခမ်းတော်ပစ္စည်းများဖြစ်သည်။ ယင်းကဲ့သို့ မင်းအစဉ်မင်းအဆက် အမွန်အ မြတ်ထားရှိအပ်သော ရတနာများသည် အရည်အသွေးအားဖြင့် လည်းကောင်း၊ ပမာဏအားဖြင့်လည်းကောင်း အကောင်းဆုံးဖြစ်ရသည့်အပြင် တန်ဖိုးအားဖြင့်လည်း အဖိုးမဖြတ်နိုင်လောက်အောင် ထိုက်တန်သည့် မင်းခမ်းတော် ပစ္စည်းများသညလျှင်ဖြစ်ကြသည်။

ဗြိတိန်နိုင်ငံတွင် နန်းစဉ်ရတနာများအဖြစ် သရဖူနှင့် ရာဇလှံတံအစရှိသော မင်းမြောက်တန်ဆာများကို သတ်မှတ်ထားရှိလေသည်။ ယင်းတို့ကို လန်ဒန်မျှော်ကြီးရှိ ῾ ဝိတ်ဖီး ᾽ (Wakefield) အဆောင်တွင် အစဉ်အဆက်ထိန်းသိမ်းထားရှိသည်။ ထိုမင်းမြတ်တန်ဆာများတွင် ῾ကာလီနန် ᾽ (Cullinan) စိန်ကြီး ၊ ῾ ကိုဟီးနူး᾽ ( Koh –i –noor) စိန်ကြီး ၊ ῾ အာဖရိက ကြယ်ပွင့် ᾽ (Star of Africa) ခေါ် ရတီ ၅၃ဒသမ၂ဝ ကာရက်ရှိ စိန်တုံးကြီိး ၊ကြက်ဥငယ်ခန့်ရှိသော ပတ္တမြားနှင့် အခြားတန်ဖိုးမဖြတ်နိုင်သော နီလာ၊ မြ၊ ပုလဲ စသည်တို့ကိုတပ်ဆင်ပြုလုပ်ထားသည်။

ကာလီနန်စိန်ကို ၁၉ဝ၅ ခုနှစ်က အာဖရိကတိုက် ပရီမီးယား စိန်တွင်းမှတူးဖော်ရရှိခဲ့သည်။ ကမ္ဘာတွင် အလှဆုံးနှင့် အကြီးဆုံးဖြစ်သည့် ကာလီနန်စိန်သည် ကာရက်ပေါင်း ၄ဝ၂၄ ကာရက်ရှိသည်။ အရွယ်အားဖြင့် ဤမျှကြီးမားသော်လည်း အပြစ်အနာအဆာ လုံးဝမရှိသည်မှာ အံ့ဖွယ်သရဲပင်။ ၁၉ဝ၇ ခုနှစ် ထိုစိန်တုံးကြီးကို ပေါင်စတာလင် တစ်သိန်းငါးသောင်းဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး ၊ သတ္တမမြောက် အက်ဒွပ် ဘုရင်အား လက်ဆောင်အဖြစ်ဆက်သခဲ့သည်။ ကာလီနန်စိန်တုံးကြီး ၉ လုံးနှင့် စိန်ငယ် ၉၆ လုံး ခွဲ၍သွေး သည်။ စုသွေးလိုက်ပြီးနောက် စုစုပေါင်းအလေးချိန်မှယ ၁၀၆၃.၆၅ ကာရက်မျှသာ ကျန်သဖြင့် မူလစိန်တုံး၏ ၃၄ဒသမ၂၅ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ကာလီနန်စိန် ခွဲ၍သွေးရာတွင် အကြီးဆုံးသွေးပြီးဖြစ်သော ၅၃ဝဒသမ၂ဝ ကာရက်ရှိ စိန်တုံးမှာ ῾ အာဖရိက ကြယ်ပွင့် ᾽ ဟူသော အမည်ဖြင့် ထင်ရှားလာခဲ့သည်။ ထိုကာလီနန်စိန်မှ ခွဲ၍သွေးသော အာဖရိက ကြယ်ပွင့်မှာ ဗြိတိသျှသရဖူတွင် ရှိသည့်စိန်များအနက် အကြီးဆုံးဖြစ်သည်။

ကိုဟီးနူးကို ရှေးနှစ်ပေါင်း ၅ဝဝဝ ခန့်က အိန္ဒိယနိုင်ငံ ῾ ဂေါဒဗရီ ᾽ (Godaveri) မြစ်အနီးမှ ရရှိခဲ့သည့် စိန်တုံးကြီးဖြစ်သည်။ ကမ္ဘာ့စိန်တုံးကြီးများမှတ်တမ်းတွင် ပထမဆုံးတွေ့ရှိခဲ့သော စိန်ကြီးဖြစ်သည်။ ထိုစိန်တုံး ကြီးသည် ၁၀၅ ဒသမ ၆၀ ကာရက်ရှိ၍ လျား၃၁ဒသမ၉၀မီတာအနံ ၃၆ဒသမ၀၀မီတာ၊အမြင့်၁၃ဒသမ၀၄မီတာရှိ သည့် စိန်တုံးကြီးဖြစ်သည်။ တောင်ကြီးပမာ အလင်းရောင်တောက်ပမှုကြောင့် ῾ ကိုဟီးနူး ᾽ ဟုခေါ်တွင်ခဲ့ပြီး အရွယ်အစားနှင့် အချိုးမျှတမှုကြောင့် အလွန်လှပသည့် စိန်ကြီးဖြစ်သည်။ ထိုစိန်ကြီးမှာ ၁၇၃၉ ခုနှစ်တွင် ပါရှန်းလူမျိုး နဒီရှားထံသို့လည်းကောင်း ၊ ၁၈၁၃ ခုနှစ်တွင် အရှေ့အိန္ဒိယကုမ္ပဏီသို့လည်းကောင်း ၊ ၁၈၅ဝ ပြည့်နှစ်တွင် ဝိတိုရိယဘုရင်မထံသို့ လည်းကောင်း အဆင့်ဆင့်ရောက်ရှိခဲ့သည်။ဝိတိုရိာဘုရင်မထံသို့ အရှေ့အိန္ဒိယကုမ္ပဏီကလက်ဆောင်အဖြစ်ပေးခဲ့ခြင်းဖြစ်သည်။ ၁၈၆၂ ခုနှစ်တွင်ကာရက်ချိန် ၁၉၁ရှိ ထိုစိန်တုံးကိုသွေးရာ ၁ဝ၅ဒသမ၆၀ ကာရက်သာ ကျန်ပြီိး ဗြိတိန်နိုင်ငံ နန်းစဉ်ရတာနာအဖြစ် လန်ဒန်မျှော်စင်(Tower of London)တွင် ပြသထားသည်။

ဗြိတိန်နိုင်ငံ စကော့တလန်ပြည်၌လည်း ရှေးခေတ် နန်းစဉ်ရတနာအချို့ကို အက်ဒင်ဗာရာ ရဲတိုက်တွင် ယခုတိုင် သိမ်းဆည်းပြသထားလေသည်။ ပြင်သစ်နိုင်ငံတွင် ရှေးအခါက ဗူဗွန်မင်းများနှင့် နပိုလီယန်ဗိုနာပတ် အဆက်အနွယ်များသည် အဖိုးတန် ကျောက်မျက်များကို စုဆောင်းသိုမှီးလေ့ရှိခဲ့သော်လည်း ပြင်သစ်တော်လှန်ရေးခေတ်အတွင်းဝယ် နာမည်ကျော် ကျောက်မျက်ရတနာများစွာ ပျက်စီးပျောက်ဆုံးခဲ့ရလေသည်။ ယင်းတို့အနက် ပြည်လည်တွေ့ရှိခဲ့သော စိန်ကြီး မှာ ῾ရီးဂျင့် ῾ (Regent ) သို့မဟုတ် ῾ပစ် ᾽ (Pitt) ဟု အမည်တွင်ခဲ့သော စိန် ဖြစ်သည်။

ရီးဂျင့်စိန်သည် ကမ္ဘာပေါ်တွင် အဖိုးအတန်ဆုံးသော စိန် ဟု သတ်မှတ်ခြင်းခံရသော စိန်ဖြစ်သည်။ ကာလီနန်ကို မတွေ့ရှိမီ အချိန်အထိ ရီးဂျင့်စိန်သည် ကမ္ဘာပေါ်တွင်အရည်အသွေး အကောင်းဆုံး စိန်ကြီးအဖြစ် ရပ်တည်ခဲ့သည်။ ရီးဂျင့်ကို ၁၇၀၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံသားတစ်ဦးက မာစူလီပါတန် ( Masulipatan) နှင့် မိုင်၂၀ခန့်ဝေးသော နေရာမှ တွေ့ရှိခဲ့သည်။ စိန်ရိုင်းအနေဖြင့် ကာရက်ပေါင်း ၄၁ဝ လေး၏။ ထိုစိန်ကို တွေ့ရှိချိန် အခြားအဖော်မပါဘဲ သူတစ်ဦးတည်းဖြစ်သဖြင့် ခြေထောက်တွင် ဒဏ်ရာရအောင် ပြုလုပ်ပြီး ပတ်တီးစီးကာ ထိုပတ်တီးအတွင်းတွင် စိန်ကြီးကို ခိုးယူထွက်ပြေးခဲ့သည်။ ပင်လယ်ကမ်းခြေသို့ ရောက်သော အခါ အင်္ဂလိပ် သင်္ဘော ကပ္ပတိန်တစ်ဦးအား စတာလင်ပေါင်၁ဝဝဝဖြင့် ရောင်းချခဲ့လေသည်။ ကပ္ပတိန်သည် အနီးဆုံးသင်္ဘော ဆိပ်တစ်ခုသို့ ဆိုက်ကပ်ပြိး ထိုမြို့ရှိ ကုလားသူဌေး ဂျမ်ချမ်း (Jan Chums)ဆိုသူအား ပေါင် ၇၂ဝဝဝ မျှနှင့် ရောင်းချလေသည်။ ကုလားသူဌေးက မဒရပ်ဘုရင်ခံဖြစ်သူ ῾သောမတ်ပစ် ᾽ (Thomas Pitt) အား ရောင်းချရန်ကမ်း လှမ်းလေသည်။ ပစ် သည် ထိုစိန်ကို ပေါင် ၁၂၀၄၀၀ နှင့်ဝယ်၍ ῾ပစ် ᾽ ဟုပင် အမည်မှည့်ခဲ့၏။

ထို့နောက် ပစ်သည် ထိုစိန်ကြီးကို လန်ဒန်သို့ ယူဆောင်၍ သွေးလေသည်။ စိန်သွေးခမှာ ပေါင် ၅ဝဝဝ ပေးရ၍ သွေးပြီးနောက် စိန်ကြီး၏ အလေးချိန်မှာ ၁၄၀ဒသမ၅၀ကာရက်ရှိလေသည်။ ၁၇၁၇ ခုနှစ်တွင် ပြင်သစ်ထီးနန်း ရင်ခွင်ပိုက် အုပ်စိုးသူ အော်လီယန်းမြို့စား ῾ရီးဂျင့်အော့ဖရန့်စ် ᾽ (Regent of Frace) အား ပေါင် ၂၅၀၀၀၀၀ ဖြင့်ရောင်းချခဲ့၏။ ထိုအချိန်မှစ၍ စိန်ကြီး၏အမည်မှာ ῾ရီးဂျင့်᾽ ဟု အမည်တွင်ကာ တော်ဝင်နန်းစဉ်ရတနာ ဖြစ်ခဲ့လေသည်။ ၁၅ဆက်မြောက် လူဝီဘုရင် နန်းတက်သောအခါ ဘုရင်၏သရဖူတွင် ယင်းစိန် တပ်ဆင်ထားလေသည်။

ပြင်သစ်တော်လှန်ရေး ကာလသို့ရောက်ရှိလာသောအခါ ရီးဂျင့်အပြင် အခြား တော်ဝင်နန်းစဉ် ရတနာ များကိုပါ ပြည်သူတို့အား တနင်္လာနေ့တိုင်း ခင်းကျင်းပြသရာ ၁၇၉၂ ခုနှစ် စက်တင်ဘာ လ ၁၆ ရက်နေ့ တွင် လူဆိုးများဝင်ရောက်လုယူသွားခဲ့သဖြင့် ရီးဂျင့်သာမက နာမည်ကျော် ῾စိန်ပြာကြီး᾽ (Blue Diamond) ပါ ပါသွား လေသည်။ စိန်ပြာကြီးကို အိန္ဒိယနိုင်ငံမှပင် ရရှိခဲ့သည်မှာ စိတ်ဝင်စားဖွယ်ပင် ဖြစ်လေသည်။ တာဗာနီးယားခေါ် ပြင်သစ်ကုန်သည်တစ်ဦးသည် အိန္ဒိယမင်းသားများနှင့် ပုလဲနံပသင့်လေသည်။ တာဗာနီးယားသည်လည်း ဘုရားများကို အလွန်ကြည်ညိုဟန်ဖြင့် အသင့်အတင့် တန်ဖိုးရှိသော ကျောက်မျက်ရတနာများကို ဘုရားဖူး စဉ်တွင် အကြိမ်ကြိမ်ပေးလှူခဲ့လေသည်။ နေက်ဆုံးအခေါက်တွင် တာဗာနီးယားသည် လူဆိုးအဖော် များနှင့် အတူ ဘုရားဖူးလာဟန်ပြု၍ ဘုန်းတော်ကြီးများကို ဖမ်းဆီးချုပ်နှောင်ကာ ῾ Blue Diamond᾽ ခေါ် ῾စိန်ပြာကြီး ᾽ ကို ဘုရား၏ သင်းကျစ်တော်မှ ထုတ်ယူကာထွက်ပြေးသွားလေသည်။ သို့သော် တာဗာနီးယားသည် စိန်ကြီးကို လုယူပြီးနောက် မကြာမီမှာပင် သားရဲတိရစ္ဆာန်တို့ ကိုက်စားခြင်းခံရသဖြင့် အသေဆိုးနှင့် သေခဲ့ရလေသည်။

တာဗာနီးယားသည် သူမသေမီကပင် စိန်ပြာကြီးကို ၁၄ ဆက်မြောက် လူဝီဘုရင်ထံသို့ ၁၆၆၈ ခုနှစ် တွင် ရောင်းခဲ့သည်။ စိန်ရိုင်းအတိုင်း ၁၁၂ ကာရက်ခွဲလေးသော ထိုစိန်ကို သွေးပြီးသောအခါ ၆၇ ကာရက်ခွဲ အသားတင်ကျန်သည်။ အရောင်မှာ လှပသော အပြာသွေးရောင်ဖြစ်လေသည်။ အလွန်ရှားပါးသည့် အရောင် အသွေးမျိုးဖြစ်သည်နှင့်အမျှ အလွန်ဆိုးကျိုးပေးသော စိန်လည်းဖြစ်သည်။ ပြခန်းမှ လုယက်ခြင်းခံရသော ရီးဂျင့်စိန်သည် ပြင်သစ်ပြည်၏ နန်းစဉ်ရတနာများ စာရင်းတွင် ပထမ အဆင့်မှ ပါဝင်ပြီး စိန်ပြာကြီးမှာ ဒုတိယအဆင့်ဖြစ်လေ၏။ လုယက်သွားသော လူဆိုးများကို ကော်ဗင် (Corbin) ဆိုသူ အမျိုးသမီးက ဖြားယောင်းပေးခဲ့သဖြင့် စိန်ပြာကြီးမှလွဲ၍ ရီးဂျင့် အပါအ၀င် ရတနာအားလုံးကို လူဆိုးများထံမှ ပြန်လည်ရရှိခဲ့သည်။ ယခုအခါ ရီးဂျင့်စိန်ကြီးနှင့် အခြားပြင်သစ်ဘုရင်များ၏ လက်ဝတ်ရတနာများ အပါအ၀င် မင်းမြောက် တန်ဆာအချို့ကို ပြင်သစ်နိုင်ငံ ပါရီမြို့ ῾လု့ဗ်᾽ (Louvre) ပြတိုက်တွင် သိမ်းဆည်းပြသထားသည်။

အီတလီနိုင်ငံသည် နန်းစဉ်ရတနာအဖြစ် ῾လောင်ဗာဒီ ᾽ သံသရဖူကို အဖိုးထိုက်တန်ဆုံး နန်းစဉ် ရတနာအဖြစ် သတ်မှတ်ထားကြလေသည်။ ယင်းကို ခရစ်တော်အား ကားတိုင်တင်ရာ လက်ဝါးကပ်တိုင်မှ သံဖြင့်ပြုလုပ်ထားသည်ဟု ဆိုသည်။ ပေါ်တူဂီနိုင်ငံမျ နန်းစဉ်ရတနာများအနက် ῾ဗရာဂန်ဇာ᾽ (Braganza) ဥဿဖရားကျောက်ကြီးမှာမူ ရတီချိန်ပေါင်း ၁၆၈ဝ ရှိသည်ဟု ဆိုသည်။ ရုရှားနိုင်ငံရှိ ရတနာများအနက် ထင်ရှားသည့် ကျောက်မျက်တို့မှာ အလေးချိန် ၁၈၉ဒသမ၆၂ ကာရက်ရှိသော ῾အော့လော့ဗ်᾽ (Orlov) စိန်ကြီးနှင့် ကာရက်ချိန် ၈၈ဒသမ၇၀ ရှိသော ῾ရှား᾽ (Shah) စိန်ကြီးတို့အပြင် ῾ဓူဝံကြယ်᾽ ခေါ် ရတီချိန် ၄ဝ ရှိ ပတ္တမြား စသည်တို့ဖြစ်သည်။

အော့လော့ဗ် စိန်မှာ အိန္ဒိယ မိုင်းဆိုးမြို့မှ၁၇၃၉ခုနှစ်တွင် ရရှိခဲ့သည်။ အော့လော့ဗ် စိန်ကို ပြင်သစ် စစ်သားတစ်ဦးက မိုင်းဆိုးမြို့ရှိ ဘုရားရုပ်တုတစ်ဆူ၏ မျက်လုံးတော်မှ ခိုးယူပြီး အင်္ဂလိပ် သဘောင်္ကပ္ပတိန်ထံ ရောင်းစားခဲ့သည်။ သင်္ဘောကပ္ပတိန်ထံမှ ကုန်သည်တစ်ဦးက ဝယ်ယူပြီး တစ်ဖန် အမေရိကန်ကုန်သည် အော့လော့ဗ် မင်းသားအား အမေရိကန်ဒေါ်လာ လေးသန်း ငါးသိန်းဖြင့် ရောင်းကာ အော့လော့ဗ်မင်းသားက ရုရှားနိုင်ငံ ဒုတိယမြောက် ကက်သရင်းဘုရင်မကြီးအား ဆက်သခဲ့သည်။ ယခုအခါ ယင်းစိန်ကြီးကို မော်စကိုမြို့ရှိ အနုပညာပြတိုက်တွင် သိမ်းဆည်းပြသထားလေသည်။

မြန်မာနိုင်ငံကို စိုးစံခဲ့သော ရှေးမြန်မာမင်းများ ရှိစဉ်အခါက နန်းစဉ်ရတနာများကို အစဉ်အဆက် စောင့်ထိန်းထားလေ့ရှိသည်။ ယင်းတို့တွင် ပတ္တမြားသည် မြန်မာမင်းတို့ အထွတ်အမြတ်ထားအပ်သော ရတနာ ဖြစ်သည်။
သို့သော် တတိယ အင်္ဂလိပ် – မြန်မာစစ်ပွဲအပြီး ထီးကျိုးစည်ပေါက်ကာ တိုင်းပြည်နှင့် လူမျိုးပါ နယ်ချဲ့ဗြိတိသျှ လက်အောက်သို့ ၁၈၈၅ ခုနှစ်တွင် ကျရောက်ခဲ့ပြီးနောက် မြန်မာဘုရင် အဆက်ဆက်တို့၏ နန်းစဉ်ရတနာများသည် နယ်ချဲ့ဗြိတိသျှတို့လက်ဝယ်တွင် အနည်းနည်း အဖုံဖုံဖြင့် အစပျောက်ခဲ့ရလေသည်။

ထိုနန်းစဉ်ရတနာများ၏ တန်ဖိုးသည် အဘယ်ခန့်မျှ ရှိလိမ့်မည်နည်းဆိုသော် အမေးကိုဆန်းစစ် အဖြေရှာကြည့်ပါက သိနိုင်ပေသည်။ မြန်မာမင်းဆက်ရှည်လျားသည်နှင့်အမျှ ဘုရင့်ဘဏ္ဍာတိုက်တော်အတွင်း ရှိနှင်ပြီးသော ပတ္တမြား၊ စိန် ၊ မြ ၊ ပုလဲ၊ နီလာ ၊ ကျောက်စိမ်း စသော ရတနာမျိုးတို့သည် အနုတ်အသိမ်းမရှိ၊ အတိုးအပွားချည်းသာ ထပ်ဆင့်လာခြင်းကြောင့် သီပေါမင်းလက်ထက်တိုင် ရောက်သော် ရတနာအစုအပုံသည် များပြားလှချေပြီ။ ယင်းတို့အနက် ပတ္တမြား တစ်မျိုးတည်းကိုပင် တင်ပြရပါလျှင် အဖိုးအနဂ္ဂ ဖြတ်ရန်ခက်ခဲ လှပေသည်။

အင်းဝရွှေနန်းရှင် ပြည်မင်းတရား လက်ထက်၌ မြန်မာသက္ကရာဇ် ၁၀၂၃ ခုနှစ်အတွင်းက ချင်းတွင်းရွာနေ ငမောက်ဆိုသူ ဆက်သလာသောကြောင့် ယင်းအမည်ဖြင့် ထင်ရှားသော ရတီချိန် ၉ဝ ကျော်ရှိ ငမောက်ပတ္တမြားကြီး ၊ မြန်မာသက္ကရာဇ် ၁၁၉၉ ခု ရွှေဘိုမင်းလက်ထက်ကပင် ရှိခဲ့သည့် ရတီ ၄၀ ကျော်ရှိ လှော်ကားတင်ကြီး ခေါ် ပတ္တမြား ၊ ဗဒုံမင်းလက်ထက်ကပင် ရှိခဲ့သည့် ရတီချိန် ၂၀ ခန့်ရှိ လှော်ကားတင်ကလေး ခေါ် ပတ္တမြား ၊ ၁၀ ရတီရှိ ဆင်မတော် ခေါ် ပတ္တမြား ၊ စံအား အသုံးပြုသော ၆ ရတီရှိ စံကျောက်တော် ခေါ် ပတ္တမြားနှင့် နဂါးဗိုလ် ပတ္တမြား စသည်ဖြင့် ထင်ရှားသော ကျောက်မျက်ရတနာများ အများအပြားရှိသည်။

ပတ္တမြားငမောက်သည် ကွမ်းသီးလုံးခန့် ပမာဏရှိ၍ အကွက်မဖော်ရသေးသော စင်းလုံးချော ပတ္တမြားဖြစ်သည်။ အခန်းတွင်းဝယ် ထိုငမောက်ကျောက်ကို ကလပ်ပေါ်၌ တင်ထား၍ မှောင်ချသော် မီးကဲ့သို့ လင်းသည်ဟုဆို၏။ နွားနို့ ၊ ဂွမ်း စသည်တို့တွင် ထည့်သောအခါ ဆေးနီဆိုးထားသကဲ့သို့ နီသည်။ ကျောက်ကို မှောက်ကြည့်သောအခါ ရေတစ်စက် တစ်စက်ယိုကျမည်ကဲ့သို့ ထင်ရသည်ဟူ၏။ ထို့ကြောင့်ပင် ῾ပတ္တမြားဂေါ်ကြီး အဖိုးပြည်တန် ᾽ ဟူသော ဆိုရိုးစကားရှိသည်။ ယင်းဆိုရိုးစကားသည် အဓိပ္ပါယ်မဲ့ ဆိုသည် မဟုတ်ပါချေ။ သို့ကလိုကြောင့်မြန်မာ့နန်းစဉ်ရတနာများသည် တန်ဖိုးအနဂ္ဃ ရှိလိမ့်မည်ဟု သံသယဖြစ်ဖွယ်မရှိပါချေ။

တော်ဘုရားလေး ရေး ῾သီပေါမင်းဆက် အတွင်းရေးများ ᾽ စာအုပ်နှင့် ဦးကိုလေး ၊ မန္တလေးတက္ကသိုလ် အဓိပတိဟောင်း ရေး ῾သီပေါမင်းနှင့် နယူးယောက်တိုင်း သတင်းစာ ᾽ စာအုပ် နှစ်အုပ်လုံး၌ပင် မြန်မာ့နန်း စဉ်ရတနာ၏ တန်ဖိုးကို အကြမ်းဖျင်း ကျပ်ငွေ ကုဋေ ငါးထောင်ခန့် ရှိမည်ဟု တစ်ထပ်တည်း ခန့်မှန်းထား ကြသည်။ သို့သော် ဗြိတိသျှတို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် အင်္ဂလန် သို့ ယူဆောင်သွားသော မြန်မာ မင်းခမ်းတော် ပစ္စည်း စာရင်းတွင် မြန်မာအထောက်အထား အမှတ်အသားများက ဖော်ညွှန်းပြောဆိုကြသည့် အဖိုးမဖြတ်နိုင်သော နန်းစဉ် ကျောက်မျက်ရတနာများကို မတွေ့ရပေ။ တိုင်းပျက် ပြည်ပျက် စစ်မက်အရေး ဖြစ်ရကာ ရတနာများမှာ အမျိုးမျိုးသော နည်းတို့ဖြင့် ပျက်စီးဆုံးပါးခဲ့နိုင်ပေသည်။

စင်စစ်သော် ထီးသုဉ်း ၊ နန်းသုဉ်း၊ မြို့သုဉ်း ၊ သုညသုဉ်း သုဉ်းသုံးဝဖြင့် မြန်မာတို့၏ အချုပ်အခြာအာဏာပိုင် ကျဆုံးပျောက် ကွယ်ပြီး နောက် သက်ရှိ သက်မဲ့ ပစ္စည်းများမှာ အောင်နိုင်သူတို့၏ လက်ခုပ်တွင်းမှ ရေသဖွယ်ဖြစ်ခဲ့ရသည်မှာ စစ်သဘာဝအတိုင်းဖြစ်၍ ထူးဆန်းသော ဖြစ်ရပ်တစ်ခုမဟုတ်ချေ။ စိန်မှန်ကင်းတို့လည်း ထင်းတစ်လှည့် ဖြစ်ရချေသည်။ ထို့အတူ မြန်မာဘုရင့် နန်းစဉ်ရတနာများ၊ မင်းခမ်းတော် ပစ္စည်းကြီးငယ်များမှာလည်း အမျိးမျိုး ထုခွဲရောင်းချခံ၍ နောက်ဆုံးကျန်ရှိသမျှတို့မှာ တောင်စင်ကတုံ ပြတိုက်တွင် ဗြိတိသျှအင်ပါယာ၏ ဘုန်းမီးနေလ တို့မှာ သက်သေခံပစ္စည်းများအဖြစ် ရှိနေခဲ့ကြလေသည်။

ထို့နောက် တောင်စင်ကတုံပြတိုက်ရှိ ဖော်ပြပါ မင်းခမ်းတော်ပစ္စည်းများအနက် နန်းတွင်းပစ္စည်း ၁၇ မျိုးကို ဗြိတိသျှအစိုးရက ၁၉၆၄ ခုနှစ် နိုဝင်ဘဘလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ လက်သို့ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ပြန်လည်ပေးအပ်ခဲ့လေသည်။ ယင်း နန်းတွင်းပစ္စည်းများမှာ သန်လျက်၊ ကျောက်စီဓါး၊ ခြေနင်း၊ ဖိနပ်တော်၊ မကိုဋ်တော်၊ ကွမ်းလောင်းကြီး ၊ သီပေါဘုရင်၏ တံဆိပ်နာမတော် ရွှေပြား၊ မင်းတုန်းဘုရင့် မိဘုရားခေါင်ကြီး၏ တံဆိပ်တော်နာမ ရွှေပြား၊ သားမြီးယပ် ၊ ခရုသင်း၊ နားရွားကလပ်ခံ ရွှေကွမ်းအစ်၊ ရွှေမုနောလင်ဗန်း ၊ ရွှေဟင်္သာအုပ်၊ မကန်းခရား အစရှိသည်တို့ ဖြစ်ကြသည်။ ယခုအခါ ဘိလပ်မှ ပြန်လည်ရရှိသော နန်းတွင်းပစ္စည်းများကို အများပြည်သူ ကြည့်ရှူနိုင်ရန် အမျိုးသား ပြတိုက်၌ ထိန်းသိမ်းပြသထားလေသည်။

သန်းဝင်းလှိုင်
မိုးမခဂျာနယ်

Leave a Reply