အစ္စရေးရဲ့ လော့ဒ် လေဆိပ် လေယာဉ်အပိုင်စီးမှုကြီး

Posted on

ဆရာတင်နွယ်မောင်ရဲ့ မော့ဆက် စာအုပ်မှ

(Sabena flight 571) ဆာဘီနာ ဖလိုက် 517 ခေါ် ဘိုးအင်း 707 လေယာဉ်ကြီးသည် ဘရပ်ဆဲလ်မြို့မှ (Tel Aviv) တဲလ်အဗစ်မြို့သို့ အဟုန်ပြင်းစွာ ပျံသန်းလျက် ရှိသည်။ အချိန်မှာ ၁၉၇၂-ခုနှစ် မေလ(၈)ရက်နေ့ ဖြစ်သည်/=။ (Vienna) ဗီယင်နာမြို့ ခရီးတစ်ထောက် နားပြီးနောက် မိနစ်(၂ဝ)အကြာတွင် လေယာဉ်ကြီးပေါ်၌ ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ထို့နောက် စက္ကန့်ပိုင်းအတွင်း မီးကို ရေနှင့် ဖျန်းလိုက်သကဲ့သို့ ငြိမ်သက်သွားသည်။ လေယာဉ်မှူး ကပ္ပတိန် ရယ်ဂျီနယ်လဲဗီး၏ အသံသည် အသံချဲ့စက်မှ တည်ငြိမ်စွာ ထွက်ပေါ်လာသည်။

“လေယာဉ်စီး ခရီးသည်အပေါင်းတို့ခင်ဗျား၊ ခရီးသည်များ မြင်ကြတဲ့အတိုင်းပါပဲ၊ ကျွန်တော်တို့ လေယာဉ်ပေါ်မှာ မိတ်ဆွေတစ်ချို့ပါလာပါတယ်။ သူတို့က ပြောပါတယ်၊ အားလုံး ငြိမ်ငြိမ်သက်သက် ထိုင်နေကြပါတဲ့၊ သူတို့စကားကို နားထောင်ရင် ဘယ်သူ့ကိုမှ အန္တရာယ်မပေးပါဘူးတဲ့ခင်ဗျာ”

လေယာဉ်မှူး ကပ္ပတိန်၏ အခန်းတံခါးသည် ပွင့်နေသည်။ လေယာဉ်မှူး ကပ္ပတိန် ရယ်ဂျီနယ်လဲဗီး၏ အနီး တစ်ဘက်တစ်ချက်စီတွင် အာရပ်အမျိုးသား(၂)ဦးသည် ပစ္စတို တစ်လက်စီဖြင့် ချိန်ရွယ်ထားသည်။ ခရီးသည်ထိုင်ခုံများအကြား လူသွားလမ်းကလေးပေါ်၌မူ အမျိုးသမီး(၂)ဦး မားမားကြီး ရပ်လျက် ရှိနေကြသည်။ ညိုမှောင်မှောင် အသားရောင်နှင့် မျက်မှာပေါက်ကို ကြည့်၍ အာရပ်ပျိုးဖြူ(၂)ဦး ဖြစ်လိမ့်မည်ဟု ခန့်မှန်းရသည်။ အာရပ်ပျိုဖြူ(၂)ဦးသည် သူတို့၏ ဂါဝန်များကို လှန်လိုက်သည်။ ညိုဝါရွှေ ပေါင်လုံးတန်များ လျှပ်တပြက် ပေါ်လာသည်။ ခရီးသည် ယောက်ျားကြီးများသည် ဟယ်ခနဲ ဖြစ်သွားသည်။ သို့ရာတွင် သူတို့၏ အာမေဋိတ်သံသည် ညကလပ် ကပွဲမှ ချွတ်ပွဲကို ကြည့်ရှုနေစဉ် ထွက်ပေါ်လာသော အသံမျိုးမဟုတ်။ တုန်လှုပ်ချောက်ချားလျက် ထွက်ပေါ်လာသော အာမေဋိတ်သံများပင် ဖြစ်သည်။

အာရပ်ပျိုဖြူ(၂)ဦးသည် ဂါဝန်အောက် ပေါင်ရင်းနားတွင် ချည်နှောင်ထားသော လက်ပစ်ဗုံးငယ်ကလေးများကို လက်ဖြင့် ကိုင်လျက် သိန်းငှက်မျက်စိမျိုးဖြင့် အလစ်မပေးဘဲ စူးစူးရဲရဲ ကြည့်ရှုနေကြသော မိန်းမပျို(၂)ဦး၏ မျက်နှာပေးမှာ ယမမင်း၏ သမီးပျိုများကဲ့သို့ ရှိဘိသည်ဟု ခရီးသည်များက မှတ်ထင်မိကြသည်။ သူတို့တတွေကား (Black September) စက်တင်ဘာ မိုးမှောင်ဂိုဏ်းခေါ် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ တစ်ဖွဲ့မှ အသေခံတပ်သားများပေတည်း။ လေယာဉ်မှူး အခန်းတွင်းရှိ ပစ္စတိုကိုင် ပြောက်ကျားဗိုလ်က လေယာဉ်မှူး ကပ္ပတိန်ကို တစ်စုံတရာ ပြောဆိုနေသည်။ သူ၏ စကားကို နားထောင်ပြီးနောက် လေယာဉ်မှူး ကပ္ပတိန်က စကားပြောခွက်ကို တပ်ဆင်ကာ တဲလ်အဗစ်မြို့ (Lod)လော့ဒ် လေဆိပ်မျှော်စင်သို့ ဆက်သွယ်ပြောဆိုသည်။

“ကျုပ်လေယာဉ်ပေါ်မှာ (Black September) မိတ်ဆွေများ လိုက်ပါလာတယ်။ လော့ဒ်လေဆိပ်မှာ ဆင်းမယ်။ အစ္စရေး အကျဉ်းထောင်က ပါလက်စတိုင်း ပြောက်ကျား(၃၁၇)ဦးကို လွှတ်ပေးရမယ်။ မလိုက်လျောရင် လေယာဉ်ကို ဖောက်ခွဲပစ်လိုက်ရမယ်လို့ သူတို့က ပြောပါတယ်။ ကြားလား ဒါပဲ”

လေယာဉ်မှူး ကပ္ပတိန် လဲဗီးက သတင်းလှမ်းပို့ပြီးနောက် ပြောက်ကျားဗိုလ်ကို မော့ကြည့်လိုက်သည်။ မျက်ခုံထူထူ ထိပ်ပြောင်ပြောင် လေယာဉ်မှူး ကပ္ပတိန် လဲဗီး၏ မျက်နှာမှာ မည်သို့မျှ ထိတ်လန့်တုန်လှုပ်ဟန် မရှိ။ “ကဲ ဒါပဲလား၊ ဘာပြောပေးရဦးမလဲ”ဟု မေးသည့်ဟန်ဖြင့် ပြောက်ကျားဗိုလ်ကို ကြည့်နေသည်။ ပြောက်ကျားဗိုလ်က ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်ပြပြီး “ဆင်းပေတော့”ဟု လက်ဟန်ခြေဟန်ဖြင့် ပြောလိုက်သည်။ လေယာဉ်မှူး ကပ္ပတိန် လဲဗီး၏ ကျင်လည်စွာ ပဲ့ကိုင်မှုဖြင့် လေယာဉ်ကြီးသည် လော့ဒ်လေဆိပ်သို့ ဆင်းသက်ရန် ကောင်းကင်ယံ၌ ပျံဝဲနေလျက် ရှိသည်။

လေယာဉ်မှူး ကပ္ပတိန် လဲဗီးထံမှ ရေဒီယို သတင်းပို့ချက်ကို လေဆိပ်မျှော်စင်က လက်ခံရရှိပြီးသည်နှင့် တပြိုင်နက် မိနစ်ပိုင်းအတွင်း လေဆိပ်ရှိ တယ်လီဖုန်းများ အလုပ်ရှုပ်ကုန်သည်။ ကာကွယ်ရေးဝန်ကြီး မိုရှေဒါယန်သည် တယ်လီဖုန်းကို ပစ်ချလိုက်ပြီး အလုပ်စားပွဲမှ ငေါက်ခနဲ ထလိုက်သည်။ ထို့နောက် မပြေးရုံတမယ် ခြေလှမ်းဖြင့် ထွက်သွားသည်။ မိနစ်ပိုင်းအတွင်းမှာပင် မိုရှေဒါယန်၏ စစ်ကားလေးသည် လေဆိပ်သို့ မိုင်(၁ဝဝ)ကျော်နှုန်းဖြင့် အပြေးသွားနေတော့သည်။ တစ်ချိန်တည်းမှာပင် စစ်ဦးစီးချုပ် ဂျင်နရယ် အီလေဇာသည်လည်း သူ၏ ရုံးခန်းမှ အပြေးထွက်ခွာကာ လေဆိပ်သို့ ဦးတည်လာနေသည်။ အီလေဇာသည် လေဆိပ်သို့ ရောက်သောအခါ ကာကွယ်ရေးဝန်ကြီး မိုရှေဒါယန်သည် အရေးပေါ်တပ်ဖွဲ့အား အသေးစိတ် အစီအစဉ်များ ညွှန်ကြားနေသည်ကို တွေ့ရသည်။

မိုရှေဒါယန်သည် မိမိတို့ပိုင် နယ်မြေအတွင်း ဆင်းသက်လာသော အပိုင်စီးခံရသည့် လေယာဉ်များကို တန်ပြန်တိုက်ခိုက်ရေး အစီအစဉ်များကို မကြာသေးမီ ရက်ပိုင်းကလေးကပင် ရေးဆွဲ လေ့ကျင့်ထားပြီး ဖြစ်သည်။ ယခုမူ လက်တွေ့ ရင်ဆိုင်ရပေတော့မည်။ မိုရှေဒါယန်သည် သူ၏ လက်ရွေးစင်တပ်ဖွဲ့အား အမှားအယွင်း တစ်ချက်ကလေးမှ မပါစေရအောင် ပိပိရိရိ လုပ်ကြရန် ထပ်ခါတလဲလဲ သတိပေးနေသည်။ သူ၏ လက်ရွေးစင်တပ်ဖွဲ့သည် စက်ပြင်အရာရှိ မက္ကင်းနစ်ဝတ်စုံများကို ဝတ်ထားကြသည်။ ဆီးချေးအပေခံရန် ဝတ်ရုံရှည်များ ဝတ်ထားသော တပ်ဖွဲ့ဝင်များမှာ စစ်သားရုပ်လက္ခဏာ လုံးဝမရှိ။ လေယာဉ်ဆိုက်လာတိုင်း အပြေးရောက်လာပြီး ပြုပြင်စာရာ ရှိသည်များကို ပြုပြင်ပေးလေ့ရှိသော မက္ကင်းနစ်များ၏ “အိုက်တင်”မျိုးသာလျှင် အပြည့်အဝ ရှိနေကြသည်။

ထိုအချိန်တွင် လေယာဉ်ကြီးသည် တဖြေးဖြေး နိမ့်ဆင်းလာကာ ပြေးလမ်းပေါ်သို့ ဝေါခနဲ ထိုးဆင်းလိုက်သည်။ မိုရှေဒါယန်က သူ၏တပည့် မက္ကင်းနစ်တပ်ဖွဲ့အား အဓိပ္ပါယ်ပါပါဖြင့် ကြည့်လိုက်ကာ လက်မကို ထောင်ပြ၍ အချက်ပေးလိုက်သည်။ မက္ကင်းနစ်များသည် ကားငယ်တစ်စီးဖြင့် လေယာဉ်ကြီးဆီသို့ ထွက်ခွာလာကြသည်။ လေယာဉ်ထဲရှိ ပြောက်ကျားဗိုလ်က မှန်တံခါးပေါ်မှ ကြည့်နေသည်။ ကျန်ပြောက်ကျားတစ်ဦးက ပစ္စတိုကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် လေယာဉ်မှူး ကပ္ပတိန် လဲဗီးကို ချိန်ရွယ်ထားသည်။
“မက္ကင်းနစ်တွေပါ၊ ထုံးစံအတိုင်း လုပ်စရာရှိတာ လုပ်ဖို့ လာကြတာပါ”ဟု လေယာဉ်မှူး ကပ္ပတိန် လဲဗီးက ပြောလိုက်သည်။ မက္ကင်းနစ်များသည် ကားပေါ်မှ ခုန်ဆင်းလိုက်ကြသည်။ ထို့နောက် လေယာဉ်ဘီးများ ရှိရာသို့လည်းကောင်း၊ လေယာဉ်စက်အောက်ခန်းသို့လည်းကောင်း ဝင်သွားကြသည်။ ထိုအချိန်တွင် ပြောက်ကျားဗိုလ်က လေယာဉ်မှူး ကပ္ပတိန် လဲဗီး၏ စကားပြောခွက်ကို ယူ၍ တင်းမာသော အသံဖြင့် သူတို့၏ တောင်းဆိုချက်များကို ပြေားကြားနေသည်။ လေဆိပ်မျှော်စင်မှ တစ်ဆင့် ဖမ်းယူ၍ ကြားရသော ပြောက်ကျားဗိုလ်၏ တောင်းဆိုချက်ကို မိုရှေဒါယန်က နားထောင်လျက် ရှိပါသည်။

“အစ္စရေး အကျဉ်းထောင်များထဲရှိ ပါလက်စတိုင်း ပြောက်ကျား(၃၁၇)ဦးကို လုံးဝလွှတ်ပေးပြီး လေယာဉ်ဖြင့် အစီအစဉ်လုပ်ပေး၍ အာရပ်နိုင်ငံများသို့ ပို့ပေးရန်”
ပြောက်ကျားတို့၏ တောင်းဆိုချက်ကို နားထောင်နေသော မိုရှေဒါယန်က နှုတ်ခမ်းကို တင်းတင်းစေ့လျက် ခေါင်းကို ခါရမ်းလိုက်သည်။ အလျှော့ပေးရေးဆိုသည်မှာ မိုရှေဒါယန်၏ အဘိဓာန်၌ မရှိဟု ခေါင်းမာစွာ သန္နိဋ္ဌာန်ချလိုက်သည်။ သူသည် တန်ပြခုခံရေး အစီအစဉ်ကို ပိရိစွာ စံမံပြီးလေပြီ။ သူ၏တပည့် မက္ကင်းနစ်များသည် မိုရှေဒါယန်၏ ညွှန်ကြားချက်အတိုင်း ပထမအဆင့် ကို အောင်မြင်စွာ ပြုလုပ်ပြီးလေပြီ။ မက္ကင်းနစ်များသည် လေယာဉ်ကြီး၏ ဘီးများကို လေအားလုံး လျှော့လိုက်သည်။ စက်မောင်းနှင်နေသော ဓာတ်အားကိရိယာများကိုလည်း စွမ်းအင် လျှော့ထုတ်ပစ်လိုက်သည်။ လေယာဉ်ကြီးသည် လုံးဝ မလှုပ်ရှားနိုင်တော့ပြီ ဖြစ်သည်။

ပြောက်ကျားဗိုလ်သည် စိတ်မသိုးမသန့် ဖြစ်လာဟန်တူသည်။ မသင်္ကာ ဖြစ်လာဟန် တူသည်။
“စက်နှိုးစမ်း”ဟု လေယာဉ်မှူး ကပ္ပတိန် လဲဗီးအား ခက်ထန်စွာ အမိန့်ပေးလိုက်သည်။ လေယာဉ်မှူး ကပ္ပတိန် လဲဗီးက စက်မောင်း ခလုပ်ကို နှိပ်လိုက်သည်။ သို့ရာတွင် ယန္တရားများသည် ငြိမ်သက်နေသည်။ တုတ်တုတ်မျှ မလှုပ်။ လေယာဉ်ဘီးမှ လေအခြေအနေ ပြသော လေပေါင်သည် သုညသို့ ကျဆင်းနေသည်။ “တို့ကတော့ အညစ်ခံရပြီဟေ့”ဟု ပြောက်ကျားဗိုလ်က နာကြည်းတုန်လှုပ်သော အသံဖြင့် သူ့အဖွဲ့သားများအား ပြောလိုက်သည်။ ပြောက်ကျားအမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၂)ဦးတို့သည် သေနတ်နှင့် ဗုံးများကို လက်က မချဘဲ တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်အနမ်းများ နမ်းနေကြသည်။ သူတို့၏ မျက်နှာများတွင် စိတ်လှုပ်ရှား ထိခိုက်နေကြဟန် ပေါ်လွင်နေသည်။ သူတို့က သန္နိဋ္ဌာန်ချပြီးကြလေပြီ။ အမျိုးသမီး(၂)ဦးက ဗုံးများမှ စနစ်တံများကို ဖြုတ်တော့မည်ဟန်ပြင်သည်။

“မိတ်ဆွေတို့ နေကြပါဦး နေကြပါဦး၊ အရင်စလို မဆုံးဖြတ်ကြပါနှင့်၊ ခင်ဗျားတို့ကို ဟိုက အကြောင်းမှ မပြန်ရသေးတာ။ စောင့်ပါဦး၊ အခြေအနေ အပြောင်းအလဲ ဖြစ်နိုင်ပါသေးတယ်ဗျာ။ လေယာဉ်ပေါ်မှာ ပါလာတဲ့ ခရီးသည်(၉ဝ)ရဲ့ အသက်ကို အကြောင်းမဲ့ မဆုံးရှုံးစေချင်ဘူး။ သူတို့ဆီက အကြောင်းပြန်တာကို စောင့်ကြသေးတာပေါ့”
လေယာဉ်မှူး ကပ္ပတိန် လဲဗီး၏ ဟန့်တားသံသည် သြဇာကြီးစွာဖြင့် ထွက်ပေါ်လာသည်။
“ခင်ဗျားတို့ရဲ့ တောင်းဆိုချက်က လွှတ်ပေးရမယ့် လူပေါင်း (၃၁၇)ယောက်တောင်ဆိုတော့ အာဏာပိုင်တွေအနေနဲ့ ဆွေးနွေးညှိနှိုင်းရတာတွေ စီစဉ်ရတာတွေ ရှိဦးမှာပေါ့၊ မဟုတ်ဘူးလား”
လေယာဉ်မှူး ကပ္ပတိန် လဲဗီး၏ ကျိုးကြောင်း ဆီလျော်သော ဖျောင်းဖျစကားသည် ပြောက်ကျားများအား တွေဝေသွားစေသည်။ လူဆိုသည်မှာ တစ်စုံတရာ မျှော်လင့်ချက် ရှိသေးလျှင် မသေလိုကြသေး။ ဤဓမ္မတာကို ကောင်းစွာ စဉ်းစားမိသော လေယာဉ်မှူး ကပ္ပတိန် လဲဗီးက ပြောက်ကျားများအား မျှော်လင့်ချက်ပေး၍ အချိန်ဆွဲထားလိုက်ခြင်း ဖြစ်သည်။

တုန်လှုပ်ချောက်ချားစွာဖြင့် မျက်စိသူငယ် နားသူငယ် ဖြစ်နေရှာသော ခရီးသည်များထံသို့ တစ်ချက် လှမ်းကြည့်ကာ ပြောက်ကျားမယ်တို့သည် ဗုံးစနစ်တန်များဆီသို့ ရောက်နေသော လက်များကို ပြန်ရုပ်လိုက်ကြသည်။ အပြင်တွင် မှောင်လာချေပြီ၊ လေယာဉ်ခန်းရှိ မီးများကို ဖွင့်ရန် ပြောက်ကျားဗိုလ်က အမိန့်ပေးသည်။ လေယာဉ်မယ်တစ်ယောက်က မီးဖွင့်လိုက်သည်။ လေယာဉ်မှူး ကပ္ပတိန် လဲဗီးက သူ၏ လည်စည်းကို လျှော့ချလိုက်ပြီး စကားမရှိ စကားရှာ၍ ဆက်တိုက် ပြောဆိုလေတော့သည်။ လေယာဉ်မှူး ကပ္ပတိန် လဲဗီး၏ စကားများမှာ လျှာဦးတည့်ရာ ရောက်တတ်ရာရာ ပြောဆိုနေခြင်း ဖြစ်သည်။ လေယာဉ်အချက်ပြပုံများအကြောင်း၊ လေယာဉ်အမျိုးအစားများအကြောင်း စသည့် သူ၏ အသက်ဝမ်းကျောင်း လုပ်ငန်းနှင့် ပတ်သက်သည်များလည်း ပါသည်။ သူသည် ဗြိတိန်နိုင်ငံသား တစ်ဦးဖြစ်ပြီး သူ၏ အဖေက ဂျူးလူမျိုး၊ အမေက အင်္ဂလိပ်လူမျိုး ခရစ်ယန်ဘာသာဝင် ဖြစ်သည့်အကြောင်း၊ ယခု အသက်(၅၁)နှစ် ပြည့်တော့မည်ဖြစ်၍ လေယာဉ်မှူး ကပ္ပတိန်ဘဝမှာပင် အနားယူရန် ပြင်ဆင်နေသည့်အကြောင်း စသည်များလည်း ပါသည်။

“အဲဒီအချိန်မှာ ပြောက်ကျားများကို အာရုံပြောင်းသွားအောင် စကားကို အဆက်မပြတ် ပြောနေရတယ်။ ကမ္ဘာပေါ်ရှိရှိသမျှ အကြောင်းအရာတွေ မျိုးစုံအောင် ပါးစပ်ထဲ တွေ့ရာ အကုန်ပြောနေတာပဲဗျို့၊ ယုတ်စွဆုံး အပြာဆန်ဆန် လိင်ကိစ္စမျိုးတွေတောင် ဟာဟညှပ်ပြီး ပြောခဲ့ရတယ်။ ကမ်းကုန်ရော့ဗျာ”ဟု လေယာဉ်မှူး ကပ္ပတိန် လဲဗီးက အရေးအခင်း ပြီးဆုံးပြီးနောက် သူ့အား ဂုဏ်ပြုပွဲတွင် ပြောကြားခဲ့သည်။
လေယာဉ်မှူး ကပ္ပတိန် လဲဗီး၏ စကားအရာ ကျွမ်းကျင်မှုကြောင့် ပြောက်ကျားဗိုလ်၏ နာမည်နှင့် နောက်ကြောင်းကိုပင် သိခဲ့ရသည်။ လေယာဉ်မှူး ကပ္ပတိန် လဲဗီး၏ ဆွဲဆောင်မှုကြောင့် ပြောက်ကျားဗိုလ်သည် သူ့အကြောင်းကို သူပြန်ပြောပြသည့် အခြေအနေသို့ပင် ရောက်ခဲ့သည်။

ပြောက်ကျားဗိုလ်ကား ကပ္ပတိန် ရာဖတ်ဟု သူ့ကိုယ်သူ မိတ်ဆက်သည်။ (သို့ရာတွင် နောင်သောအခါ သူ့နာမည် အမှန်မှာ အလီတာဟာ ဖြစ်ကြောင်း သိရ၏။) ကပ္ပတိန် ရာဖတ်၏ အသက်မှာ (၃၄)နှစ်သာ ရှိသေး၏။ ယခင်က ဂျေရုဆလင်မြို့တွင် ကမ္ဘာလှည့်ခရီးသည် လမ်းပြအလုပ်ကို လုပ်ခဲ့ဖူးသည်။ ပါလက်စတိုင်းလူမျိုး တစ်ဦးဖြစ်၍ အကြမ်းဖက်ဂိုဏ်းများနှင့် ဆက်သွယ်မိပြီးနောက် လေယာဉ်အပိုင်စီးမှုများ၌ (၃)ကြိမ်ထက်မနည်း ပါဝင်ဆင်နွှဲဖူး၏။ 1970 ခုနှစ်က ဂျက်လေယာဉ်ကြီး (၃)စင်းကို ဂျော်ဒန်သဲကန္တာရထဲသို့ အပိုင်စီးသွားခဲ့မှုကြီး၌ ပါဝင်အစွမ်းပြခဲ့သူ ဖြစ်သည်။ လေယာဉ်မှူး ကပ္ပတိန် လဲဗီးသည် ပြောက်ကျားတို့အား စိတ်ဝင်စားဖွယ် စကားဝိုင်းတစ်ခုအဖြစ် ဧည့်ခံကာ ညအချိန်ကို ကျော်လွန်အောင် စောင့်ဆိုင်းနေသည်။

“မိုးလင်းတာနဲ့ ခင်ဗျားတို့အတွက် လေယာဉ်တစ်စင်း စီးစဉ်ပေးဖို့နှင့် ပြောက်ကျားအကျဉ်းသားတွေ လွှတ်ပေးဖို့ ကျုပ်ကိုယ်တိုင် တင်ပြဦးမယ်ဗျာ”ဟု လေယာဉ်မှူး ကပ္ပတိန် လဲဗီးက ကတိပေးသည်။ လေယာဉ်မှူး ကပ္ပတိန် လဲဗီးသည် သူ၏ ကတိအတိုင်း လေဆိပ်ရှိ အာဏာပိုင်များထံ မေတ္တာရပ်ခံသည်။
“ကျုပ်လေယာဉ်ပေါ်မှာ ခရီးသည် (၉ဝ)ပါတယ်။ သူတို့ ဒုက္ခရောက်မှာကို အဖြစ်မခံနိုင်ဘူး။ ဒါကြောင့် ကျုပ်တောင်းဆိုတာ ကတိပေးပါ”ဟု လေယာဉ်မှူး ကပ္ပတိန် လဲဗီးက ရေဒီယိုစက်ဖြင့် လှမ်းပြောသည်။ လေဆိပ်ထဲရှိ အချိန်ပြည့် အရေးပေါ် ရုံးခန်းဖွင့်ကာ စောင့်နေသော မိုရှေဒါယန်သည် ဉာဏ်နီ ဉာဏ်နက် အမျိုးမျိုး ကြံစည်နေသည်။ နောက်ဆုံးတွင် မိုရှေဒါယန်က လေယာဉ်မှူး ကပ္ပတိန် လဲဗီးထံ အကြောင်းပြန်လိုက်သည်။
“ဖမ်းထားသော ပြောက်ကျားများကို လွှတ်ပေးမည်။ လေယာဉ်စီစဉ်ပေးမည်။ အပိုင်စီးထားသော လေယာဉ်ကို ဘီးများ လေပြန်ထည့်ပေးရန် စက်ပြင် မက္ကင်းနစ်များ လွှတ်ပေးမည်”
မိုရှေဒါယန်၏ အကြောင်းပြန်ချက်ကို သိရသောအခါ ပြောက်ကျားတို့က မယုံမရဲ ဖြစ်နေသည်။ သို့ရာတွင် လေယာဉ်မှူး ကပ္ပတိန် လဲဗီးက ကြိုးစား၍ အယုံသွင်းသည်။

ထိုအချိန်တွင် မိုရှေဒါယန်၏ အစီအစဉ်အရ ပါလက်စတိုင်း အာရပ်လူမျိုးများကဲ့သို့ ဝတ်ဆင်ထားသော အကျဉ်းသား တစ်စုကို အပိုင်စီးလေယာဉ်ကြီးနှင့် ခပ်လှမ်းလှမ်းဆီးသို့ ခေါ်ထုတ်လာပြီး ပြသသည်။ လူရုပ်မဖမ်းမိနိုင်သော နေရာမှ ပြသခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လေယာဉ်ပြေးလမ်းပေါ်သို့ လေယာဉ်ကြီးတစ်စင်း စက်နှိုးပြီး မောင်းထွက်လာသည်။ လွှတ်ပေးးမည့် အကျဉ်းသားများကို ဤလေယာဉ်ကြီးဖြင့် ကိုင်ရိုမြို့သို့ ပို့ပေးမည်ဟု ယုံမှတ်ဖွယ်။ဤမျှနှင့် မပြီးသေး၊ ဒါရိုက်တာကြီး မိုရှေဒါယန်၏ လုပ်ဇာတ်တစ်ကွက် ရှိသေးသည်။ လေဆိပ် ရေဒီယိုစက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ အပိုင်စီးလေယာဉ်ထဲမှ ပြောက်ကျားတို့က စိတ်အားထက်သန်စွာ နားစွင့်နေကြသည်။ ထွက်ပေါ်လာသော အသံသမှာ ပီပီသသ အာရပ်စကားသံ ဖြစ်သည်။

“ရဲဘော်တို့၊ ကယ်တင်ရှင် ရဲဘော်တို့၊ ကျုပ်တို့ကို သူတို့က ကိုင်ရိုသို့ ပို့ပေးမယ်လို့ ပြောနေတယ်၊ တကယ်ပဲလား၊ အလ္လာဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ” ပါလက်စတိုင်း ပြောက်ကျား အကျဉ်းသားတစ်ဦးက သူတို့အား လာရောက်ကယ်တင်သော သူရဲကောင်းများထံ မယုံမရဲ အားကိုးတကြီးဖြင့် လှမ်းမေးဟန်။ ဒါရိုက်တာကြီး မိုရှေဒါယန်၏ ပိပိရိရိ ဇာတ်ကွက်ဆင်မှုကား ယခုအချိန်အထိ ချောမောပြေပြစ်နေဆဲ ရှိသည်။ အာရပ်စကားကို တကယ့် အာရပ်စစ်စစ်ထက်ပင် ဌာန်ကရိုဏ်းကျအောင် ပြောနိုင်စွမ်းသော အစ္စရေးစစ်သားတစ်ဦးက သရုပ်တူလွန်းစွာ ပြောဆိုခြင်း ဖြစ်သည်။ ပြောက်ကျားတို့ကား အကျေနပ်ကြီး ကျေနပ်သွားကြလေပြီ။ မိမိတို့ အောင်ပွဲခံရန် လမ်းစပေါ်ချေပြီဟု ယုံကြည်သွားကြသည်။

ထိုအချိန်တွင် မိုရှေဒါယန်၏ အထူးတပ်ဖွဲ့ တစ်ဖွဲ့သည် လေဆိပ်နောက်ကွယ် တစ်နေရာ၌ စစ်လေ့ကျင့်ခန်း တစ်ခုကို အပြင်းအထန် လေ့ကျင့်လျက် ရှိသည်။ ထိုနေရာတွင် ဘိုးအင်း 707 လေယာဉ်ကြီး ရပ်ထားသည်။ အပိုင်စီးခံနေရသော လေယာဉ်ကြီးနှင့် တစ်ပုံစံတည်း၊ အမျိုးအစား တစ်ခုတည်း ဖြစ်သည်။ မိုရှေဒါယန်၏ လက်ရွေးစင် ကွန်မန်ဒိုတပ်ဖွဲ့သည် အဆိုပါ နမူနာ လေယာဉ်ကြီးကို ပစ်မှတ်ထား၍ စက္ကန့်(၉ဝ)နှင့် အပြီး စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲရန် လေ့ကျင့်ကြခြင်း ဖြစ်သည်။ လေယာဉ်အနီးသို့ ပြေးကပ်၊ လှေခါးမှ ပြေးတက်၊ ပိတ်ထားသော တံခါးများကို အရှိန်ဖြင့် တိုက်ဖွင့်၊ လေယာဉ်ထဲသို့ လျှပ်တပြက် တိုးဝင်၊ အထဲရောက်သည်နှင့် လေယာဉ်အလယ်ရှိ လူသွားလမ်း၌ နေရာယူကာ ဦးခန်းထိပ်၌ ရပ်နေမည့် ပြောက်ကျားများကို တရစပ် ပစ်ခတ်။

မိုရှေဒါယန်၏ အစီးအစဉ်ကို စစ်ဦးစီးချုပ် အီလေဇာ ကိုယ်တိုင် လက်တွေ့ ကြပ်မတ်ညွှန်ကြားနေရသည်။ လေ့ကျင့်မှု အဆင့်ဆင့်သည် စက္ကန့်(၉ဝ)အတွင်း ကွက်တိ အံဝင်ခွင်ကျ ဖြစ်လာသည်။ အစစအရာရာ အဆင်သင့်ဖြစ်နေချိန်တွင် ဘိုးအင်း 707 ပေါ်ရှိ ပြောက်ကျားများထံသို့ မိုရှေဒါယန်က သတင်းပို့လိုက်သည်။
“အကျဉ်းသားများကို လွှတ်ပေးတော့မည်၊ လေယာဉ်တစ်စင်းကိုလည်း စီစဉ်ထားပြီးပြီ”
အထက်ပါအတိုင်း မိုရှေဒါယန်ထံမှ သတင်းရရှိသောအခါ ပြောက်ကျားများက အကြောင်းပြန်သည်။

“မိမိတို့ အပိုင်စီးထားသော လေယာဉ်ကြီးကို ပြန်လည် ပြုပြင်ပေးရမည်။ ထိုသို့ ပြုပြင်ရန်အတွက် မက္ကင်းနစ် စက်ဆရာများ လာရောက်သည့်အခါ လက်နက်များကို လုံးဝ ယူဆောင်လာခြင်း မပြုရ၊ ထိုသို့ လက်နက်ပါ မပါ စစ်ဆေးရန်အတွက် ကြက်ခြေနီအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ပေးရမည်။ ကြက်ခြေနီများက ကြားလူအဖြစ် တာဝန်ယူ၍ မက္ကင်းနစ်များထံတွင် လက်နက်ပါ မပါ ရှာဖွေပေးကြရမည်။” ပြောက်ကျားများသည် နိုင်ငံတကာ စည်းကမ်းအရ ကြက်ခြေနီအဖွဲ့ကို ယုံကြည်စွာ တာဝန်ပေးခြင်း ဖြစ်သည်။ ကြက်ခြေနီဆိုသည်မှာ လူမျိုးဘာသာ မခွဲခြား၊ ရန်သူမိတ်ဆွေ မခွဲခြား၊ ဒုက္ခရောက်နေသူဟူသမျှကို ကူညီရသည်၊ ကယ်ဆယ်ရသည်၊ အယူဝါဒချင်း မတူကြသော်လည်း ဘက်လိုက်မှု မရှိရ။ ထို့ကြောင့် စစ်မြေပြင်များ၌ပင် ကြက်ခြေနီအဖွဲ့၏ လုပ်ငန်းများအား အန္တရာယ်မှ ကင်းလွတ်ခွင့် ပေးရသည်။ ယခုလည်း လေယာဉ်ခရီးသည်(၉ဝ)၏ အသက်ဘေး သေရေးရှင်ရေး ကိစ္စဖြစ်၍ သွေးထွက်သံယိုမှုများ မဖြစ်အောင် ကြက်ခြေနီအဖွဲ့က ဝင်ရောက်တာဝန်ယူပေးရမည် ဖြစ်သည်။

ပြောက်ကျားများ၏ တောင်းဆိုချက်အတိုင်း မိုရှေဒါယန်က ကြက်ခြေနီအဖွဲ့တစ်ဖွဲ့ စေလွှတ်ပေးမည်ဟု ကတိပေးလိုက်သည်။ ထို့နောက် လေဆိပ်တွင် အခင်းဖြစ်ပွားချိန်ကစ၍ ရောက်ရှိနေသော အစ္စရေးကြက်ခြေနီတပ်ဖွဲ့အား ခေါ်ယူ၍ မိုရှေဒါယန်က တီးတိုးညွှန်ကြားချက်များ ပေးသည်။ ကြက်ခြေနီများကလည်း ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်မှတ်သားကြပြီးနောက် ကြက်ခြေနီကားတစ်စီးဖြင့် လေယာဉ်ကြီး ရှိရာသို့ ထွက်ခွာသွားကြသည်။ ထို့နောက် လေယာဉ်အနီးတွင် နေရာယူ၍ စောင့်ဆိုင်းနေကြသည်။

မကြာမီ အခြားကားတစ်စီးဖြင့် ဝတ်စုံဖြူဝတ်ထားသော မက္ကင်းနစ်အဖွဲ့ လိုက်ပါသွားကြသည်။ ပြောက်ကျားဗိုလ်က လေယာဉ်ပြတင်းပေါက်မှ စောင့်ဆိုင်းကြည့်ရှုနေသည်။ မက္ကင်းများ ကားပေါ်မှ အဆင်းတွင် ကြက်ခြေနီများက စေ့စေ့စပ်စပ် ရှာဖွေကြသည်။ တစ်ကိုယ်လုံး အနှံ့အပြား စမ်းသပ် ကြည့်နေကြသည်။ လက်နက်တစ်စုံတရာကို မတွေ့ရှိကြောင်း ကြက်ခြေနီအဖွဲ့ခေါင်းဆောင်က လေယာဉ်ပေါ်သို့ မော့ကြည့်လျက် လက်ဟန်ခြေဟန်ဖြင့် ပြသည်။
ပြောက်ကျားဗိုလ်က ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ မက္ကင်းနစ်များသည် စက်ပြင်ကိရိယာ တန်ဆာပလာများ ထည့်ထားသော သေတ္တာများကို ကိုင်လျက် လေယာဉ်ဝမ်းဗိုက်အောက်သို့ ဝင်ရောက်သွားကြသည်။
ပြောက်ကျားများက မက္ကင်းနစ်များသည် ကတိသစ္စာ တည်ကြည်စွာဖြင့် လေယာဉ်ဘီးများကို လေပြန်ဖြည့်ပေးလိမ့်မည်။ စက်မောင်းယန္တယားကို ပြန်လည် ပြုပြင်ပေးလိမ့်မည်ဟူ၍ ယုံကြည်နေကြသည်။

သို့ရာတွင် စက္ကန့်ပိုင်းအတွင်းမှာပင် သစ္စာဖောက်ခံရပြီဖြစ်ကြောင်း သိရတော့သည်။ လေယာဉ်လှေခါးမှ တဝုန်းဝုန်း ပြေးတက်လာသော ခြေသံများနှင့် တစ်ဆက်တည်းတွင် လေယာဉ်ရှေ့ပေါက် တံခါးမကြီး ပွင့်ထွက်သွားသည်။ တစ်ချိန်တည်းတွင် လေယာဉ်နောက်ပိုင်းမှ အဆင်းတံခါးပေါက်လည်း ပွင့်ထွက်သွားသည်။ ထို့နောက် အော်တိုမက်တစ် ပစ္စတိုသေနတ်များ တရစပ် ပစ်ခတ်သံများကို ကြားရသည်။ မက္ကင်းနစ်များသည် အသားကျအောင် လေ့ကျင့်ထားပြီးသည့်အတိုင်း တသွေမတိမ်း စနစ်တကျ စီးနင်းတိုက်ခိုက်ခြင်း ဖြစ်လေတော့သည်။ ပြောက်ကျား(၂)ယောက်မှာ နေရာတွင် ပွဲချင်းပြီး ထိမှန်သေဆုံးသွားသည်။ ပြောက်ကျားအမျိုးသမီး (၂)ယောက်အနက် တစ်ယောက်မှာ ဒဏ်ရာအပြင်းအထန် ရသွားသည်။ ဗုံးဖောက်ခွဲရန် စနက်တံဖြုတ်တော့မည့် အမျိုးသမီးတစ်ဦးကိုမူ လက်ရဖမ်းမိလိုက်သည်။ လေယာဉ်မှူး ကပ္ပတိန် လဲဗီးကိုယ်တိုင် ခုန်အုပ်ချုပ်ကိုင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

စုစုပေါင်း အချိန်မှာ စက္ကန့်(၉ဝ)သာ ကြာမြင့်ခဲ့သည်။ မိုရှေဒါယန်ကား သူ၏ စီမံကိန်းအတိုင်း အပြည့်အဝ အောင်ပွဲခံခဲ့လေပြီ။ လေဆိပ်အတွင်း၌ ရင်တမမဖြင့် စောင့်ကြည့်နေကြသော အစ္စရေးလူထုသည် စစ်အောင်ပွဲအခမ်းအနား တစ်ရပ်ကဲ့သို့ တစ်ခဲနက် ကြွေးကြော် ကောင်းချီးပေးကြသည်။ မိုရှေဒါယန်သည်ကား မျက်နှာပန်းအလှဆုံး ဇာတ်လိုက်မင်းသားကြီး ဖြစ်နေတော့သည်။ သို့ရာတွင် မိုရှေဒါယန်က ဤအောင်ပွဲ၏ အဓိကဇာတ်လိုက်မှာ မိမိ မဟုတ်ဘဲ လေယာဉ်မှူး ကပ္ပတိန် လဲဗီးသာလျှင် ဖြစ်ပါသည်ဟု ပြောသည်။ ထိုနေ့ညမှာပင် မိုရှေဒါယန်က လေယာဉ်မှူး ကပ္ပတိန် လဲဗီးအား ဂုဏ်ပြုညစာစားပွဲဖြင့် ဧည့်ခံသည်။ လေယာဉ်မှူး ကပ္ပတိန် လဲဗီး၏ လက်ကို မိုရှေဒါယန်က တင်းကြပ်စွာ ဆုပ်ကိုင်၍ ကျေးဇူးတင်စကား ထပ်ခါတလဲလဲ ပြောမဆုံးအောင် ရှိတော့သည်။

လေယာဉ်မှူး ကပ္ပတိန် လဲဗီးအား မိုရှေဒါယန်က ဂုဏ်ပြုရုံဖြင့် မပြီးသေး။ ဝန်ကြီးချုပ် ဂိုလ်ဒါမီယာကလည်း သီးခြား ဂုဏ်ပြုပွဲတစ်ရပ် ပြုလုပ်ပြန်သည်။ ဝန်ကြီးချုပ်၏ ဂုဏ်ပြုပွဲတွင် လေယာဉ်မှူး ကပ္ပတိန် လဲဗီးနှင့်အတူ လေယာဉ်အမှုထမ်း အားလုံးနှင့် အောင်ပွဲရ မက္ကင်းနစ် ကွန်မန်ဒိုများ ပါဝင်သည်။ ဧည့်ခံပွဲတွင် လေယာဉ်မှူး ကပ္ပတိန် လဲဗီးအား ဂိုလ်ဒါမီယာက ဖက်ရမ်းနမ်းရှုပ်၍ ဂုဏ်ပြုသည်။ ဂိုလ်ဒါမီယာ၏ မျက်လုံးအိမ်တွင်းမှ မျက်ရည်များပင် စီးကျလျက် ရှိသည်။
“အကြမ်းဖက်ဝါဒကို တုန်ပြန်ခုခံတဲ့နေရာမှာ မင်းတို့တတွေ ဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်ကြီးဟာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသလောက် ကြီးကျယ်လှပါတယ်၊ အဖိုတန်လှပါတယ်”ဟူ၍ ဂိုလ်ဒါမီယာက လှိုက်လှိုက်လှဲလှဲ မိန့်ကြားသည်။ တဲလ်အဗစ် လေဆိပ်တွင် ပါလက်စတိုင်း ပြောက်ကျားများကို မိုရှေဒါယန်က ဉာဏ်နီ ဉာဏ်နက်မျိုးစုံဖြင့် အနိုင်တိုက်လိုက်ခြင်းသည် အစ္စရေးနိုင်ငံအဖို့ ကြီးကျယ်လှစွာသော ဂုဏ်ယူဖွယ်ရာ အောင်ပွဲကြီးပင် ဖြစ်သည်။

သို့ရာတွင် ကမ္ဘာ့ကွန်ယက်များတွင်မူ မိုရှေဒါယန်သည်လည်းကောင်း၊ သူ၏ အပေါင်းအပါသည်လည်းကောင်း လူ့ကလိမ်များအဖြစ် နာမည်ပျက်ခဲ့ရသည်။ နိုင်ငံတကာလေကြောင်း လေယာဉ်မှူး ကပ္ပတိန်များ အဖွဲ့ချုပ်ကမူ လေယာဉ်မှူး ကပ္ပတိန် လဲဗီး၏ လုပ်ရပ်ကို မချီးကျူးသည့်အပြင် ရှုတ်ချ ကန့်ကွက်ကြသည်။ မိမိလေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်များ၏ အသက်အန္တရာယ်အတွက် တာဝန်အရှိဆုံးဖြစ်သော လေယာဉ်မှူး ကပ္ပတိန်တစ်ဦးအနေဖြင့် အကြမ်းဖက် ပစ်ခတ်မှုများကို လုံးဝခွင့်မပြုသင့်ကြောင်း၊ ထိုပြဿနာများနှင့် ကြံရာပါအဖြစ်သို့လည် အရောက်စေသင့်ကြောင်း ကန့်ကွက်ကြေညာသည်။

အခင်းဖြစ်ပွားစဉ်က မက္ကင်းနစ်များ၏ ပစ်ခတ်မှုကြောင့် ပြောက်ကျားများသာမက ခရီးသည်(၃)ဦးမှာလည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြသည်။ အသက်(၂၂)နှစ် အရွယ်ရှိ ခရီးသည်အမျိုးသမီး တစ်ဦးမှာ ကြောက်အားလန်းအားဖြင့် နေရာမှ ထခုန်မိစဉ် မက္ကင်းနစ်တစ်ဦး၏ ကျည်ဆံက သူမ၏ ဦးခေါင်းကို ထိမှန်ရာ သေလုမြောပါး ဒဏ်ရာရခဲ့သည်။ ထိုကိစ္စအားလုံးအတွက် လေယာဉ်မှူး ကပ္ပတိန် လဲဗီးမှာ လုပ်ဖော်ကိုင်ဖက် လေယာဉ်မှူး ကပ္ပတိန်များ၏ အကြားတွင် မျက်နှာမရဘဲ အစ္စရေးတို့၏ ကြံရာပါ တစ်ဦးအဖြစ် အပြစ်တင်ခြင်း ခံခဲ့ရသည်။

လေယာဉ်မှူး ကပ္ပတိန် လဲဗီးသည် ဂျူးလူမျိုး ဖခင်၏ သားဖြစ်နေသည့်အတွက်လည်း အစ္စရေးတို့ဘက်မှ ပင်း၍ လိမ်လည်လှည့်ဖျားခဲ့ခြင်း ဖြစ်သည်ဟု ဝေဖန်ခြင်း ခံခဲ့ရသည်။ လေယာဉ်မှူး ကပ္ပတိန် လဲဗီးအနေဖြင့် ပုဂ္ဂိုလ်ရေး နာမည်ပျက်ရုံမျှသာ ဖြစ်သော်လည်း အစ္စရေး ကြက်ခြေနီအဖွဲ့အနေဖြင့်ကား အဖွဲ့လိုက် နာမည်ပျက်ခဲ့ရသည်။ မည်သူတွေက မည်သို့ပင် ပြစ်တင်ရှုတ်ချနေစေကာမူ အစ္စရေး ပြည်သူတို့အဖို့မှာကား မိုရှေဒါယန်အား ကယ်တင်ရှင် သူရဲကောင်းကြီး တစ်ဦးအဖြစ် ခွင့်လွှတ်ကြည်ဖြူနိုင်ကြမည်သာ ဖြစ်သတည်း။ ။

ဆရာတင်နွယ်မောင် ဘာသာပြန်ဆိုသော THE MOSSAD စာအုပ်မှ

Leave a Reply