ကမ္ဘာတလွှား အခိုးခံခဲ့ရဖူးသမျှ တန်ဖိုးအကြီးဆုံး ပစ္စည်းများ 

Posted on

ရေးသားသူ – သမန်းကျား (ရတနာပုံသတင်းစာ)

ကမ္ဘာတစ်ဝန်းက တန်ဖိုးလည်းကြီး၊ ထုထည်အနေနဲ့လည်း အတော့်ကိုကြီးတဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ယူဆရတဲ့ အမွေအနှစ်ပစ္စည်းတွေကို သူခိုးပညာအမှန်တကယ်တတ်ကျွမ်းသူကြီးတွေက ခိုးယူခဲ့ဖူးပါတယ်။

မိုနာလီဇာပန်းချီကား

လူတိုင်းလိုလိုကြားဖူးကြတဲ့ ဂန္တ၀င်အနုပညာရှင်ကြီး လီယိုနာဒို ဒါဗင်ချီရဲ့ ကမ္ဘာကျော်ပန်းချီကားပါ။ ၁၉၁၁ တုန်းက ပြင်သစ်နိုင်ငံ၊ လူဗာပြတိုက်မှာပြသထားတုန်းက ပြတိုက်အမှုထမ်းတစ်ဦးဖြစ်သူ Vincenzo Peruggia ဟာ ပြတိုက်ပိတ်တဲ့အချိန်အထိ အိမ်သာထဲပုန်းနေပြီး ခိုးခဲ့ဖူးပါတယ်။ နောက် ၂နှစ်အကြာ ၁၉၁၃ မှာ Perugia က အဲဒီပန်းချီကားကိုထုတ်ရောင်းတော့ မိသွားတာပေါ့။ မိုနာလီဇာပန်းချီကားရဲ့တန်ဖိုးကို ၂၀၁၇ဈေးနှုန်းနဲ့တွက်မယ်ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၈၀၀ တန်ကြေးရှိပါတယ်။

အင်ပါယာစတိတ်အဆောက်အဦကြီး

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ က အင်ပါယာစတိတ်အဆောက်အဦကြီး အခိုးခံခဲ့ရဖူးပါတယ်။ အဆောက်အဦအလုံးလိုက်တော့မဟုတ်ဘူးပေါ့။ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကို ၂၀၀၈ ဒီဇင်ဘာတုန်းက အခိုးခံခဲ့ရတာပါ။ ခိုးတာကလည်း New York Daily သတင်းစာကဖြစ်ပါတယ်။ အမေရိကန်ရဲ့ စာရွက်စာတမ်းလုံခြုံမှုအားနည်းတယ်ဆိုတာကို ထောက်ပြချင်လို့ စာရွက်စာတမ်းအတုတွေလုပ်ပြီး အင်ပါယာစတိတ်အဆောက်အဦကို သူတို့သတင်းစာကပိုင်တယ်လို လုပ်ပြခဲ့တာပါ။ အဲဒီနောက်ပိုင်း အမေရိကန်အစိုးရက စာရွက်စာတမ်းကိစ္စအ၀၀ကို ပြန်လည်တင်းကျပ်ခဲ့ပါတယ်။

Stradivarius တယော

အမေရိကန်ဒေါ်လာ ၃.၅ သန်းတန် Stradivarius တယော အခိုးခံခဲ့ရဖူးပါတယ်။ ၁၇၂၇ မှာ ပညာရှင် Antonio Stradivari ကိုယ်တိုင်ပြုလုပ်ခဲ့ပြီး ကမ္ဘာကျော်တယောပညာရှင် Erica Morini တီးခတ်တဲ့ တယောပါ။ Erica အသက် ၉၁ နှစ်မှာ အဲဒီတယောကို သူ့ တိုက်ခန်းကနေပဲ အခိုးခံခဲ့ရတာဖြစ်ပြီး သိပ်မကြာခင် Erica လည်း ကွယ်လွန်ခဲ့ပါတယ်။ ဒီတယောကို အခုအချိန်အထိ ပြန်မတွေ့ တော့ပါဘူး။

Wizard of Oz မှော်ဖိနပ်

Wizard of Oz မှော်ရုပ်ရှင်ဇာတ်ကားထဲမှာ Dorothy ကို အိမ်ပြန်ပြန်ခေါ်သွားခဲ့တဲ့ မှော်ဒေါက်ဖိနပ်အနီလေးတစ်စုံကို အမေရိကန်ပြည်ထောင်စု၊ မင်တက်ဆိုတာမြို့ က Judy Garland ပြတိုက်ကနေ ၂၀၀၅ ခုနှစ်မှာ အခိုးခံခဲ့ရပါတယ်။ အဲဒီဖိနပ်တစ်စုံရဲ့ တန်ကြေးက အမေရိကန်ဒေါ်လာ ၂သန်းကနေ ၃ သန်း အထိ ရှိပါတယ်။ အဲဒီဖိနပ်တွေတွေ့ရင် အကြောင်းကြားပေးဖို့ အရီဇိုးနားက အလှူရှင်တစ်ဦးက ဆုတော်ငွေ ၁ သန်း ထုတ်ထားပေမယ့် ဒီနေ့ အချိန်အထိ သတင်းအစအနမရသေးပါဘူး။

ကမ္ဘာကျော်ပန်းချီကား The Scream

နော်ဝေက ကမ္ဘာကျော်ပန်းချီကား The Scream ကို Evard Munch ရေးဆွဲခဲ့ပါတယ်။ မူကွဲ ၄ မျိုးထဲက နာမည်အကြီးဆုံး လူကြိုက်အများဆုံးပန်းချီကားကို ၁၈၉၃ မှာ ရေးဆွဲပြီးခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၂၀ တန်ပါတယ်။ အော်စလိုက အမျိုးသားပြတိုက်မှာပြထားခဲ့တာ ၁၉၉၄ မှာ တစ်ကြိမ်၊ ၂၀၀၄ မှာ တစ်ကြိမ် အခိုးခံခဲ့ရပါတယ်။ သူခိုးတွေက အမေရိကန်ဒေါ်လာ ၁ သန်းရရင် ပြန်ပေးမယ်လို့ဆိုပါတယ်။ သို့သော် သူခိုးတွေကံမကောင်းခဲ့ပါဘူး။ ရဲအဖမ်းခံခဲ့ရလို့ဖြစ်ပါတယ်။ The Scream ဟာ ပြတိုက်မှာ လုံလုံခြုံခြုံရှိနေပါတယ်။

ဒိုင်နိုဆောအရိုးများ

သူခိုးတွေက ဒိုင်နိုဆောအရိုးလည်း မချန်ပါဘူး။ Eric prokopi ဆိုသူက မွန်ဂိုးလီးယားကနေ ဒိုင်နိုဆောအရိုး ဒါဇင်နဲ့ချီ ခိုးပြီး အမေရိကားထဲကို ခိုးသွင်းခဲ့ပါတယ်။ အဲဒီအရိုးတွေရဲ့ တန်ကြေး အမေရိကန်ဒေါ်လာ ၁ သန်းပါ။ FBI က ဖမ်းမိခဲ့ပြီး ထောင်ချလိုက်တာအားရစရာ ၃ လပါ။ ဒိုင်နိုဆောအရိုးတွေကို မွန်ဂိုးလီးယား ပြန်ပို့ပေးခဲ့ပါတယ်။

အလေးချိန်ပေါင် ၃၀၀၀ ရှိတဲ့ခေါင်းလောင်း

ပေါင် ၃၀၀၀ လေးတဲ့ခေါင်းလောင်းတောင် မချန်ပါဘူး။ ၀ါရှင်တန်၊ တာကိုးမားက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတစ်ကျောင်းကနေ ဗီယက်နမ်လုပ် ကြေးခေါင်းလောင်းကြီးကို ၂၀၀၅ ခုနှစ်မှာ အခိုးခံခဲ့ရပါတယ်။ ဘုန်းကြီးတွေ တရားထိုင်နေတုန်း ဖြုတ်ခိုးသွားတာဖြစ်ပြီး Forklift လို့ခေါ်တဲ့ ၀န်ပင့်ယာဉ်တစ်စီးနဲ့ သာသာယာယာခိုးသွားတယ်လို့ FBI က ယူဆခဲ့ပါတယ်။ နောက် ၃ နှစ်အကြာ သူခိုးကထုတ်ရောင်းတော့ ပြန်မိတာပေါ့။ အဲဒီခေါင်းလောင်းဟာ ရှေးဟောင်းခေါင်းလောင်းဖြစ်ပြီး တန်ဖိုးဖြတ်မရအောင် အဖိုးတန်တယ်လို့ သိရပါတယ်။

ရတနာစီချယ်ကြက်ဥအလုံး ၅၀

ရုရှားတော်ဝင်မိသားစုအတွက် ၁၈၈၅ မှာပြုလုပ်ခဲ့တဲ့ ရတနာစီချယ်ကြက်ဥအလုံး ၅၀ ကို ၁၉၁၇ မှာ ဘော်ရှီဗစ်တော်လှန်ရေးကာလထဲ အခိုးခံခဲ့ရပါတယ်။ ၇ လုံးပဲ ပြန်တွေ့ပါတယ်။ တစ်လုံးကို အမေရိကန်ဒေါ်လာ ၁ သန်း တန်ပါတယ်။

ဆား၊ ငရုတ်ကောင်းခွက်

ပြင်သစ်ဘုရင် King Francis I အတွက် ၁၆ ရာစုနှစ်မှာပြုလုပ်ပေးခဲ့တဲ့ ၁၀ လက်မအရွယ်ရှိတဲ့ Saliera ဆား၊ ငရုတ်ကောင်းခွက်ဟာ အမေရိကန်ဒေါ်လာ ၅၇ သန်း တန်ကြေးရှိပါတယ်။ ရွှေစင်အတိပြီးပါတယ်။ ၂၀၀၃ မှာ ဗီယင်နာပြတိုက်ကနေ အခိုးခံခဲ့ရတာပါ။ နောက်တော့ သူခိုးကို ပြန်မိခဲ့ပါတယ်။

Amber Room

အခန်းတစ်ခန်းလုံးခိုးတာ ရှိသေးတယ်။ Amber Room လိုခေါ်တယ်။ ပယင်းခန်းပေါ့။ ကမ္ဘာပေါ်မှာ အဌမမြောက်အံ့ဖွယ်ပေါ့။ ၁၈ ရာစုနှစ်က ပရပ်ရှားဘုရင် ဖရက်ဒရစ်အတွက် တည်ဆောက်ပေးခဲ့တာ နာဇီတွေက ၁၉၄၁ မှာ အခန်းတစ်ခန်းလုံးကို ခိုးယူပြီး ပရပ်ရှားက သူတို့ရဲ့ ရဲတိုက်မှာ သွား တပ်ဆင်ခဲ့ကြတယ်။ အခုတော့ အဲဒီနေရာက ရုရှားနိုင်ငံ၊ ကာလင်နင်ဂရက် ပေါ့။ ၁၉၄၅ မှာတော့ ရဲတိုက်ကြီးအဖျက်စီးခံခဲ့ရတယ်။ ဒါပေမယ့် Amber Room ကိုဘယ်ရွေ့သွားလဲ ၊ ဘယ်သူယူသွားလဲဆိုတာကတော့ ယခုတိုင်မည်သူမှ မသိကြပါဘူး။

ကမ္ဘာပေါ်က အံ့ဖွယ်အမွေအနှစ်ကြီးတွေကို အံ့ဖွယ်သူခိုးတွေက အံ့ဖွယ်ခိုးခဲ့ကြပုံတွေကို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

သမန်းကျား
ရတနာပုံသတင်းစာ။

Leave a Reply