အစ္စရေးနိုင်ငံကို တန်ပြန် ထောက်လှမ်းခဲ့သော သူလျှို

Posted on

ဆရာတင်နွယ်မောင်ရဲ့ မော့ဆက် စာအုပ်မှ

အစ္စရေး ထောက်လှမ်းရေးအဖွဲ့ကြီးဖြစ်သော မော့ဆက်သည် အစ္စရေးနိုင်ငံ၏ ရန်သူများ ဘာလုပ်နေသည်ကို အမြဲတမ်း ထောက်လှမ်းနားစွင့်နေပါသည်။ ထို့အတူ ရန်သူများကလည်း အစ္စရေးနိုင်ငံအတွင်း ဖြစ်နေသော အဖြစ်အပျက်များကို မျက်စိဒေါက်ထောက်ကာ ကြည့်ရှုနေကြပါသည်။ သို့ဖြစ်သောကြောင့် မော့ဆက်အဖွဲ့ကြီးနှင့်တကွ အခြား အစ္စရေးထောက်လှမ်းရေး အဖွဲ့ခွဲများသည် တန်ပြန်ထောက်လှမ်းရေး လုပ်ငန်းများကို အစဉ်မပြတ် လုပ်ဆောင်နေကြရလေသည်။ ရှေ့ဆက်ဖော်ပြမည့် အခန်းများသည် မော့ဆက်အဖွဲ့ကြီး ပါဝင်ဆောက်ရွက်ခဲ့သော တန်ပြန်ထောက်လှမ်းရေး လုပ်ငန်းကို ဖော်ပြသည့် အနည်းငယ်မျှသော သာဓကများ ဖြစ်ပါသည်။

ဘင်ဂူရီယန်၏ သူငယ်ချင်း အစ္စရေးဘီးယား

အစ္စရေးဘီးယား သို့မဟုတ် လူများက သူ့ကို “ပစ်ကီ”ဟု ခေါ်သော ပုဂ္ဂိုလ်သည် မော့ဆက်ခေါင်းဆောင် အီဆာဟာရယ်မှ ဆင့်ခေါ်စာကို ရသောအခါ ဆတ်ဆတ်ခါ နာကျည်းသွားရလေသည်။ အီဆာ၏ စာသည် တုံးတိတိနိုင်ပြီ အာဏာသံ ပါလှသည်။ “ကျုပ်ရုံးခန်းကို လာခဲ့ပါ”ဟူသည်တည်း။

ဘီးယားသည် စစ်ရေးပြဿနာများတွင် ကျွမ်းကျင်နားလည်သူအဖြစ် အများက အသိအမှတ်ပြုခံရသူဖြစ်ပြီး ဝန်ကြီးချုပ် ဘင်ဂူရီယန်၏ တိုင်ပင်ဖော် တိုင်ပင်ဖက် ရင်းနှီးသော လူယုံတစ်ယောက်အဖြစ် သူ့ကို လူသိများပါသည်။
သူသည် ၁၉၃၈ ခုနှစ်တွင် သြစတြီးယားနိုင်ငံမှ ပါလက်စတိုင်းဒေသသို့ ပြောင်းရွှေ့လာသူ ဖြစ်သည်။ ဘီးယားသည် မြေအောက် ဂျူးတပ်မတော်ဖြစ်သော ဟာဂါးနားထဲသို့ ဝင်ပြီး နှစ်ပေါင်းအတော်ကြာ ထူးခြားပြောင်မြောက်စွာ အမှုထမ်းခဲ့လေသည်။ သူသည် စူးစမ်းဝေဖန်တတ်သော ဉာဏ်ရှိပြီး စစ်ပညာလည်း တတ်ကျွမ်းသဖြင့် ရာထူးချက်ချင်းတက်ကာ ဗိုလ်မှူးကြီးအဆင့်ကို ရခဲ့သည်။

၁၉၄၉ ခုနှစ် လွတ်လပ်ရေးစစ်ပွဲ ပြီးသောအခါ အစ္စရေးဘီးယားသည် တပ်မတော်ဌာနချုပ်၌ စီမံကိန်းနှင့် မဟာဗျူဟာဌာနကို တာဝန်ယူရလေသည်။ ဘီးယားကို အစိုးရဧည်ခံပွဲများ၌ ဝန်ကြီးချုပ် ဘင်ဂူရီယန်နှင့် ဘေးချင်းယှဉ်၍ ထိုင်နေတတ်သည်ကို တွေ့ကြရပါသည်။ ဘီးယားသည် ၁၉၅ဝ ခုနှစ်၌ စစ်တပ်မှ ထွက်၍ နိုင်ငံရေးထဲ ဝင်ရောက်ခဲ့သော်လည်း သူစိတ်ဝင်စားသော စစ်ဘက်လောကနှင့် အဆက်မပြတ်ခဲ့ပါချေ။ သူသည် အစ္စရေးတပ်မတော် အရာရှိကြီးများ၏ ထိပ်တန်းလျှို့ဝှက် အစည်းအဝေးများကို တက်ရောက်ခဲ့သည်။ သူသိချင်သော စစ်ရေးသတင်းမှန်သမျှကို သိနိုင်မေးနိုင်ခွင့် ရရှိထားလေသည်။ အရေးကြီးလှသော စစ်တပ်၏ ဗျူဟာနည်းနာများ၊ စီမံချက်မူကြမ်းများ၊ မြေပုံများနှင့် စီမံကိန်းများသည် သူ့လက်ထဲသို့ ရောက်ကြရသည်။

၁၉၅၅ ခုနှစ်တွင် အစိုးရက ဘီးယားတို့ လွတ်လပ်ရေးစစ်ပွဲသမိုင်း တရားဝင် ရေးသားပြုစုခိုင်းသည်။ ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနတွင် သီးသန့် အခန်းတစ်ခန်း ပေးထားပြီး ဘီးယားသည် ဤအခန်းထဲ၌ သုတေသန စတင်ပြုလုပ်ရေးသားခဲ့သည်။ စစ်ရေးကျွမ်းကျင်သူအဖြစ် ဘီးယား၏ ကျော်ကြားမှုသည် အစ္စရေးနိုင်ငံ ပြင်ပသို့ပင် ရောက်ခဲ့လေသည်။ သူသည် အထူးသဖြင့် ဂျာမဏီနိုင်ငံ အပါအဝင် ဥရောပနိုင်များသို့ သွားရောက်ကာ စစ်ရေးစစ်ရာ ဘာသာရပ်များကို ပို့ချသင်ကြားခဲ့သည်။ ဂျာမဏီမှ ဂျိုးဇက်ထရော့ ကဲ့သို့သော နာမည်ကျော် နိုင်ငံရေးသမားများနှင့် ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ် ရိန်းဟတ်ဒ် ဂီလင် ကဲ့သို့သော အရေးကြီးသည့် ပုဂ္ဂိုလ်များ ဘီးယားကို အလွန်အထင်ကြီး လေးစားကြသည်။

အစ္စရေးဘီးယားသည် အနောက်ဂျာမဏီနိုင်ငံတွင် လည်ပတ်၍ ပို့ချချက်များ ပေးနေစဉ် လူငယ်များကို မိမိတို့၏ နိုင်ငံအတွက် တာဝန်ယူ ထမ်းဆောင်ရမည့် ဝတ္တရားများရှိကြောင်း၊ “အရှေ့ဘက်မှ ခြိမ်းခြောက်လာသော ကွန်မြူနစ်အန္တရာယ်ကို တွန်းလှန်ရန် မိမိတို့နိုင်ငံတော် တောင့်တင်းခိုင်မာစေရန် ပါဝင်ကူညီရမည်ဖြစ်ကြောင်း” သတိပေးစကား ပြောခဲ့ပါသည်။ ဘီးယားသည် ဥရောပ၌ မြေပြင်စစ်ပွဲများ ဖြစ်ပေါ်လာပါက ကျင့်သုံးရမည့် မဟာဗျူဟာများကို ဆန်းစစ်ဝေဖန်ပြလိုက်သောအခါ ဥရောပရှိ နေတိုးဌာနချုပ်မှ စစ်ဗိုလ်ချုပ်များပင် သူ့ကို လက်ဖျားခါကာ ချီးကျူးကြလေတော့သည်။ ပြင်သစ်ကာကွယ်ရေးဌာနမှ အရာရှိကြီးများက ဤမျှလောက် စစ်ရေးစစ်ရာ ပြဿနာများကို ကျယ်ကျယ်ပြန့်ပြန့် နှံ့စပ် နားလည်ထားသော ဘီးယားကို ပါးစပ်မှ ဖွင့်၍ပင် ချီးမွမ်းခဲ့ကြလေသည်။

ဤသို့သော အကြောင်းများကြောင့် ဘီးယားကဲ့သို့ ပုဂ္ဂိုလ်မျိုးကို အီဆာဟာရယ်က မိမိအား လာတွေ့ရန် ဆင့်စာ ပြတ်ပြတ်တောက်တောက် ရေးပေးလိုက်သောအခါ အလွန် ဆတ်ဆတ်ခါသွားရခြင်း ဖြစ်ပါသည်။ အီဆာဟာရယ်ကလည်း ဤသို့သော လေးစားရမည့် နာမည်ကျော် ပုဂ္ဂိုလ်ကြီးတစ်ဦးကို လေးစားမှု အလျဉ်းမပြခဲ့ပါ။ ဘီးယားသည် ဆီဆာ၏ ရုံးခန်းအတွင်းသို့ ဆေးပြင်းလိပ် ပါစပ်းတွင် ခဲ၍ ဝင်လာပြီး မော့ဆက်ခေါင်းဆောင်၏ ရှေ့တည့်တည့် ကုလားထိုင်တွင် စွေ့ကနဲ ဝင်ထိုက်လိုက်သောအခါ သူ့မျက်နှာ မကျေနပ်မှုကို ဖော်ပြနေပေသည်။ ဘီးယားသည် ပမာမခန့် အမူအရာပြု၍ ဆေးလိပ်ပြာကို လက်မနှင့် တောက်ကာ ချွေလိုက်ပြီး ကိုယ်ကို ရှေ့သို့ ကိုင်းညွတ်ကာ ခပ်တိုတိုပင် ပြောလိုက်သည်။
“ကိုင်း… လိုရင်းကို တိုတိုပြောဗျာ… ကျုပ်မှာ အချိန်မရှိဘူးဗျ…”

အီဆာသည် ထိပ်ပြောင်စပြုနေပြီဖြစ်သော ပါမောက္ခ ဘီးယား၏ မျက်လုံးကို စိုက်ကြည့်လိုက်သည်။ ဆေးလိပ်ပြာချေးကပ်နေသဖြင့် ဝါကျင်စ ပြုနေပြီဖြစ်သော နှုတ်ခမ်းမွှေးပိုင်ရှင် ဘီးယား၏ မျက်နှာတစ်ခုလုံးတွင် သူ့ကို ရွံရှာမုန်းတီးမှုများ လွှမ်းခြုံထားကြောင်း အီဆာက သိလိုက်ပါသည်။ သို့သော် အီဆာသည် လွယ်လွယ်နှင့် ကြောက်တတ်သူ မဟုတ်ပါ။ သူသည် ဘီးယား၏ မျက်နှာကို တည့်တည့်စိုက်ကြည့်ပြီးမှ တိုတောင်းတိကျသော မေးခွန်းနှစ်ခုကို မေးလိုက်လေသည်။
“ခင်ဗျား အရှေ့ဘာလင်ကို ဘာဖြစ်လို့ သွားသွားနေရတာလဲ… ခင်ဗျား ပိုလန်နိုင်ငံကိုရော ဘာ့ကြောင့် သွားခဲ့တာလဲ…”
ထို့နောက် အီဆာသည် မကြာခဏ ပြုလုပ်နေကျအကျင့်အတိုင်း အမိန့်ပေးသည့် လေသံကို မြှင့်တင်ကာ ပြောလိုက်ပြန်သည်။

“ခင်ဗျားကို ဒီကွန်မြူနစ်တွေနဲ့ မပလူးပါနဲ့လို့ ကျုပ် သတိပေးခဲ့တယ် မဟုတ်လား”
အီဆာသည် သူ၏ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်သီးကို စားပွဲပေါ်ကို ထုချလိုက်ပြီး တအားအော်လိုက်သည်။
“ခင်ဗျားကို ကျုပ်သတိပေးမယ် ဘီးယား… ခင်ဗျား နောက် ဥရောပကို ဘယ်တော့မှ မသွားရတော့ဘူး သိလား…”

ဘီးယားသည် စိတ်ဆိုးမာန်ဆိုးနှင့် မတ်တတ်ထရပ်လိုက်သည်။ ဘင်ဂူရီယန်အပါအဝင် မည်သူကမျှ သူ့ကို ဤသို့ မပြောရဲခဲ့ပါ။
“ခင်ဗျားနဲ့ ဘာဆိုင်သလဲ… ကျုပ်ဒီကိစ္စကို ဝန်ကြီးချုပ်တိုင်မယ်… နောက်ပြီး ကျုပ်ရဲ့ပါတီကိုပါ တင်ပြမယ် သိလား…”ဟု ဘီးယားကလည်း ပြန်အော်ပြောလိုက်သည်။ ဘီးယားသည် ဤသို့ ပြန်အော်ပြီး အီဆာ၏ အခန်းထဲမှ အလျင်အမြန် ထွက်ခွာသွားလေသည်။ အီဆာသည် ဘီးယားအကြောင်း စဉ်းစားရင်း ကျန်ခဲ့သည်။ ဘီးယားသည် ကိုရီးယားစစ်ပွဲအတွင်းက အမေရိကန် ကျင့်ကျင်ရေးဆောင်းပါးများ ရေးခဲ့သည်။ သူသည် ယခင်က အလွန်လက်ဝဲဆန်သော “မာပမ်”ပါတီကို ဝင်ခဲ့ပြီး သူ၏ပါတီအတွင်း အနည်ငယ် ပျော့သူများနှင့် မတည့်သဖြင့် ထွက်ခဲ့ပါသည်။ သူသည် မကြာမီကမှ ဘင်ဂူရီယန် ညွန့်ပေါင်းအစိုးရပါတီသို့ ဝင်ခဲ့ခြင်း ဖြစ်သည်။

ဘီးယား၏ ဝါဒသစ်မှာ “ဘင်ဂူရီယန် အသက်ရှည်ပါစေ၊ သင်လုပ်သမျှ ကျွန်တော် ထောက်ခံပါမည်”ဟူသည်တည်း။ အီဆာသည် ဘီးယား၏ နိုင်ငံရေးပါတီခွဲများကို မကျေနပ်ခြင်း မဟုတ်။ သို့သော် သူ၏ အယူဝါဒမှာ အပြောင်းအလဲ မြန်ဆန်လှခြင်းနှင့် ပတ်သက်၍ တွေးတော့သံသယ ဖြစ်နေမိသည်။ မော့ဆက်ခေါင်းဆောင် အီဆာအဖို့ ဘယ်ပါတီခွဲ ဘယ်ဝါဒမှ မရှိ။ တိုင်းပြည်နှင့် လူမျိုးတည်းဟူသော ယုံကြည်ချက်တစ်ခုတည်းသာ ရှိခဲ့ပါသည်။ ဘီးယားသည် အခွင့်အရေးသမားတစ်ယောက် ဖြစ်သည်ဟု အီဆာက သံသယ ဖြစ်ခဲ့သည်။

ဘီးယား ထွက်သွားပြီးနောက် ဆီဆာသည် သူ၏ ကုလားထိုင်ပေါ်တွင် ထိုင်လျက် စိတ်အနှောင့်အယှက်ဖြစ် ကျန်ရစ်ခဲ့သည်။ “ဒီကိစ္စကို ကျုပ်ရဲ့ပါတီကိုပါ တင်ပြမယ်သိလား”ဟု ဘီးယားပြောသွားသည်ကို အီဆာ ဘဝင်မကျ ဖြစ်နေခဲ့သည်။ သူ နားမလည်ဘဲ ဖြစ်နေသည်။ အီဆာသည် ပါတီခွဲမရှိသူ ဖြစ်ကြောင်း ဘီးယား သိသည်။ ဘင်ဂူရီယန်၏ ပါတီဝင် ဟုတ်သည်/မဟုတ်သည်မှာ အဓိကအကြောင်း မဟုတ်။ အစ္စရေးနိုင်ငံတွင် ကိုယ်ယုံကြည်ရာပါတီ ကိုယ်ဝင်နိုင်သည်။ အီဆာသည် ဘီးယားပြောခဲ့သော စကားကို တဖြည်းဖြည်း နားလည်လာသည်။ ယုတ္တိမရှိသော စကားကို ဒေါသဖြစ်၍ ပြောဆိုသွားကြောင်း သဘောပေါက်လာသည်။

မည်သို့ပင်ဆိုစေ အီဆာသည် ဘီးယားကြောင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေသဖြင့် ဘင်ဂူရီယန်ကို ပြောပြထားမည်ဟု စဉ်းစားမိ၏။ သူသည် ယခင်ကလည်း ဘီးယားအကြောင်း ဝန်ကြီးချုပ်ကို ပြောပြခဲ့ဖူးပါသည်။ ဝန်ကြီးချုပ်သည် ဘီးယားကို အလွန်ယုံကြည်လေသည်။ အီဆာသည် ဘီးယား၏ နာမည်ကြီးခြင်းနှင့် သြဇာတိက္ကမ ရှိခြင်းတို့ကို မနာလိုဖြစ်နေသည်ဟု ဘင်ဂူရီယန်က ထင်ခဲ့သည်။ သို့သော် အီဆာသည် နောက်တွန့်ဆုတ်တတ်သူ မဟုတ်၊ သူသည် ဝန်ကြီးချုပ်ထံသို့ သွားတွေ့ပြီး ဘီးယားအပေါ် သံသယဖြစ်စရာများရှိကြောင်း ပြောပြလိုက်သည်။
“ဘီးယားဟာ သူနဲ့ မဆိုင်တဲ့ စစ်ဘက်သတင်းတွေကို လိုက်နားထောင်တယ်၊ စုံစမ်းနေတယ် ဝန်ကြီးချုပ်…။ သူ ဥရောပကို သွားရင် ကွန်မြူနစ်နိုင်ငံတွေကို ခဏခဏ သွားတယ်။ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ ရုရှားသံတမန်တွေနဲ့လည်း သူ တော်တော်ရင်းနှီးတယ်။ သူဟာ ဒီသံတမန်တွေနဲ့ ခဏခဏ တွေ့ဆုံပါတယ်”
အီဆာသည် ဘီးယားအကြောင်း သိထားသမျှ ဆက်ပြောလေသည်။

“ဘီးယားရဲ့ လူမှုရေးဘဝကို လေ့လာတဲ့အခါမှာ ထူးခြားချက်တွေ တွေ့ရပါတယ်။ သူ တဲလာဗီမြို့ရဲ့ ညကပွဲတွေမှာ ပိုက်ဆံကို ရေလိုဖြုန်းနေတယ်။ သူရတဲ့ လခထက်ပိုပြီး သုံးနေတယ်လေ။ မကြာခင်က သူ မြူးနစ်ကို ရောက်တုန်း ဒေါ်လာ(၂ဝဝ)တန် ချက်လက်မှတ်တစ်ခု ဘယ်သူ့ဆီကလဲ မသိဘူး သူရသွားတယ်။ သူ့အတွက်နဲ့ သူ့ရဲ့ မိန်းမမိတ်ဆွေတွေအတွက် တန်ဖိုးရှိတဲ့ အဝတ်အစားတွေ အတော်များများ ဝယ်တယ်။ သူ့မိန်းမနဲ့လည်း အဆင်မပြဘူး။ ညနေတိုင်း ဘင်ရဟူဒါလမ်းက အရက်ဆိုင်မှာ အမူးသောက်ပြီး အချိန်ဖြုန်းနေတယ်ဗျ”
အီဆာသည် ဤလို ဒုစရိုက်မျိုး လုံးဝမလုပ်သူ ဖြစ်သဖြင့် ဒေါသသံဖြင့် အော်ပြောလိုက်သည်။

“ကျွန်တော် နားလည်တာကတော့ ဘီးယားဟာ တန်ပြန်သူလျှိုတွေ ခံစားနေရသလို စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေတယ်။ မကြာမီက သူဟာ လင်ရှိမယားတစ်ယောက်နဲ့ ဖောက်ပြားနေတာ လင်ကြီးသိသွားလို့ သူ့ကို လူကြားထဲမှာ ဆွဲထိုးတာ သွားတောင်ကျွတ်သွားတယ်”
ဘီးယားက ဘင်ဂူရီယန်ကို မိမိကားတိုက်မှုဖြစ်ပြီး သွားကျွတ်သွားသည်ဟု ပြောထားခဲ့ရာ ဝန်ကြီးချုပ်သည် ယုံကြည်ခဲ့သည်။ အီဆာ ပြောသမျှတို့ကို သူ မယုံကြည်တော့ပါ။
“ခင်ဗျားရဲ့ အလုပ်က လူတကာကို သံသယဖြစ်ဖို့ မဟုတ်လား။ ကျုပ်အနေနဲ့တော့ ဘီးယားကို လုံးဝယုံကြည်တယ်”ဟု ဘင်ဂူရီယန်က အီဆာကို ခပ်အေးအေး ပြန်ပြောလိုက်သည်။

သူတို့နှစ်ဦး တွေ့ဆုံဆွေးနွေးပွဲ ဤတွင် ပြီးစီးသွားသော်လည်း အီဆာအဖို့ ပြဿနာ မပြေလည်သေးပါ။ အီဆာသည် မည်သူ့ကိုမဆို “ဟုတ်ကဲ့”ဟု ခေါင်းညိတ်တတ်သည့် လူစားမျိုး မဟုတ်ပါ။ ဤအချက်သည် သူ၏ အရည်အချင်း တစ်ခုဖြစ်သည်။ “ဟုတ်ကဲ့”လူစားတစ်ဦးသည် ဝန်ကြီးချုပ်နှင့် ရင်းနှီးသော ပုဂ္ဂိုလ်တစ်ဦးကို မဝေဖန်ဘဲ လွယ်ကူစွာ ရှောင်ထွက်မည် ဖြစ်သည်။ အီဆာကမူ ဤသို့ မဟုတ်။ ဆန့်ကျင်ဘက် လုပ်ပြလိုက်သည်။ သူသည် သူ၏ မော့ဆက်အဖွဲ့ဝင်များကို ဘီးယားအား ခါတိုင်းထက် ပို၍ သတိဝီရိယထား စောင့်ကြည့်ခိုင်းလိုက်သည်။ မော့ဆက်ဌာနမှ မှတ်တမ်း သုတေသနပြုသူများသည် ဘီးယား ပြာပြောနေသော သူ၏ ဇာတ်လမ်းစုံ အကြောင်းအချက်အလက်များ မှန်/မမှန် ပိုက်စိတ်တိုက် ရှာဖွေကြတော့သည်။ အီဆာဟာရယ်သည် နာမည်ကြီးဖြစ်သော မသင်္ကာစရာ ပုဂ္ဂိုလ်၏ နောက်သို့ ခြေရာခံလိုက်လေသည်။

၁၉၆၁ ခုနှစ် မတ်လ ၂၈ ရက်နေ့ ည။
အီဆာနှင့် ဘီးယားတို့ နှစ်ဦးချင်း တွေ့ဆုံပြီး (၈)လခန့်ကြာသည့် ကာလဖြစ်သည်။ ဂျူးတို့ အလွန်တန်းဖိုးထားပြီး ပျော်ပျော်ရွှင်ရွှင် ကျင်းပလေ့ရှိသော ပါ့စ်အိုဗာ အခါသမယ ဖြစ်သည်။ ရှေးအခါက ဂျူးတို့ အီဂျစ်လက်အောက်မှ လွတ်မြောက်လာကြခြင်း အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့ကြသည်။ ကမ္ဘာအရပ်ရပ်၌ ဂျူးတို့သည် မိသားစုဆုံ၍ ညစာစားသောက်ကြရသည်။ အီဂျစ်တို့လက်အောက်မှ လွတ်မြောလာပုံကို ပြန်လည်ပြောကြလေသည်။ ထိုနေ့ည (၈)နာရီတွင် တဲလာဗီမြို့ ဘရန်ဒေးခ် လမ်း၊ အမှတ်(၆၇) အိမ်ခန်းထဲမှ လူတစ်ယောက် ထွက်လာသည်။ ညသည် နွေးနွေးထွေးထွေး ရှိသည်။ သို့သော် မြေထဲပင်လယ်ဘက်မှ တိုက်ခတ်လာသော လေအေးကလေးက သူ့ကို ကျီစယ်လိုက်သဖြင့် သူသည် အပေါ်အင်္ကျီကြယ်သီးကို တပ်လိုက်သည်။ သူ၏ လက်ထဲတွင် လက်ဆွဲအိတ်တစ်လုံး ကိုင်ထားပါသည်။

လူသူကင်းရှင်းသော လမ်းအတိုင်း သူလျှောက်လာပြီးနောက် သူ့နောက်သို့ တစ်စုံတစ်ယောက် နောက်ယောင်ခံ လိုက်/မလိုက် သေချာစေရန် မကြာခဏ ပြန်ကြည့်လေသည်။ သူသည် လမ်းကျဉ်းတစ်ခုကို ချိုးဝင်လိုက်ပြီး တယ်လီဖုန်းရုံ တစ်ရုံ၏ အမှောင်ရိပ်တွင် ရပ်လိုက်သည်။ သူသည် သူ၏ အခန်းမှ ကိုက်(၂ဝဝ)လောက်သာ ဝေးသေးသော်လည်း မောပန်းနေပြီး အသက်ပြင်းစွာ ရှူနေကြောင်း သိသာလှသည်။ သူသည် အမောပြေသွားရန် ခေတ္တမျှ ရပ်ပြီး နောက်သို့ တစ်ခါ လှည့်ကြည့်လိုက်ပြန်သည်။ မည်သူမျှ မရှိကြောင်း တွေ့ရသောအခါ သူသည် လမ်းထဲသို့ ကမန်းကတန်း လျှောက်သွားပြီး လမ်းထောင့်ရှိ စားသောက်ဆိုင်ငယ် တစ်ခုထဲသို့ ဝင်လိုက်လေသည်။

စားသောက်ဆိုင် ပိုင်ရှင်ကလည်း ဖောက်သည်တစ်ဦး လာသဖြင့် ဝမ်းမြောက်သွားသည်။ ထိုသူသည် ကော့ညက် ဘရန်ဒီတစ်ခွက် မှာလိုက်ပြီး လမ်းမှ အလင်းရောင် သိပ်မကျသော ချောင်မှ စားပွဲတစ်လုံးတွင် နေရာယူလိုက်သည်။ သူသည် သူ၏ လက်ဆွဲအိတ်ကို သူ့အနီးမှ ထိုင်ခုံပေါ်တွင် တင်ထားလိုက်သည်။ ဆိုင်ပိုင်ရှင်က စကားရောဖောရော လာလုပ်သောအခါ သူက အဖက်လုပ်၍ စကားမပြောချင်သည့်အနေနှင့် ခပ်တိုတိုတောင်းတောင်း ပြန်ပြောလေသည်။ သူသည် တိတ်ဆိတ်ငြိမ်သက်စွာပင် သူ၏ ဘရန်ဒီကို မြုံ့နေလေသည်။ ထိုသူသည် စီးကရက် တစ်လိပ်ကို မီးညှိလိုက်ပြီး စိတ်လှုပ်ရှားသော အမူအရာနှင့် နာရီကို ကြည့်လိုက်သည်။

၅ မိနစ်ကြာသောအခါ လူတစ်ယောက် စားသောက်ခန်းထဲသို့ ဝင်လာသည်။ သူသည် ညစ်ထတ်ထတ် ဝတ်စုံတစ်ခုကို ဝတ်ထားပြီး ဘေးအနားကျယ်ကျယ် ဦးထုပ်ကို ဆောင်းထားသည်။ ထိုသူနှစ်ဦးသည် စကားတစ်ခွန်းမျှ မပြောကြပါ။ မကြာမီတွင် နောက်ဝင်လာသူသည် မတ်တပ်ရပ်လိုက်ပြီး အပြင်သို့ လှမ်းထွက်သွားလေသည်။ သူ၏ လက်ထဲတွင် ပထမလူ၏ လက်ဆွဲအိတ် ပါသွားလေသည်။ စက္ကန့်အနည်းငယ် ကြာသောအခါ ပထမလူသည် မတ်တပ်ရပ်လိုက်ပြီး ဘရန်ဒီအတွက် ပိုက်ဆံရှင်းပေးပြီး အမှောင်ထုထဲသို့ ထွက်သွားလေသည်။ ဆိုင်ပိုင်ရှင်လည်း လှဲကျင်း၍ ဆိုင်ပိတ်လိုက်လေသည်။

အရပ်ရှည်ရှည် ပထမလူသည် နောက်သို့ တစ်ချက်ပြန်ကြည့်လိုက်ပြီး သူလာသည့် လမ်းအတိုင်း ပြန်လျှောက်လာခဲ့သည်။ သူ့လက်ထဲမှာ ဘာမျှ မပါတော့ချေ။ သူ့အိမ်ခန်းရှိသော အဆောက်အအုံရှေ့သို့ ရောက်သောအခါ ထိုသူသည် နောက်ပြန်မကြည့်တော့ဘဲ အထဲသို့ ဝင်သွားသည်။ သူ့နောက်သို့ မည်သူမျှ နောက်ယောင်ခံ မလိုက်လာကြောင်း သူ သေချာစွာ သိပါသည်။ ထိုသူသည် လှေကားမှ တက်လာပြီး သူ့အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်လိုက်သည်။ ထို့နောက် ဘာသာစကားမျိုးစုံဖြင့် ရေးထားသော စာအုပ်များ လေးဘက်လေးတန်တွင် စီထားသော သူ၏ စာကြည့်ခန်းထဲသို့ ဝင်သွားလေတော့သည်။ သူသည် စာကြည့်ခန်းထဲတွင် ထိုင်လိုက်ပြီး တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေလေသည်။

သန်းခေါင်ယံ အချိန် ဖြစ်ပါသည်။
လျှင်မြန်စွာ မောင်းနှင်လာသော ကားတစ်စီး၏ စက်သံသည် ဘရန်ဒေးခ် လမ်း၏ တိတ်ဆိတ်ငြိမ်သက်ခြင်းကို ဖြိုခွင်းလိုက်သည်။ ကားသည် အိမ်အမှတ်(၆၇)ရှေ့တွင် ရပ်လိုက်ပြီး စားသောက်ခန်းထဲသို့ ဝင်လာသော ဦးထုပ်နှင့် ဒုတိယလူ ဆင်းလာလေသည်။ သူ့လက်ထဲတွင်မူ စားသောက်ဆိုင်ခန်းထဲတွင် ပထမလူထံမှ သူယူသွားသော လက်ဆွဲအိတ် ပါလာလေသည်။ ထိုသူသည် အိမ်အမှတ်(၆၇) တံခါးမကြီးဆီးသို့ လျှောက်လာခဲ့ပြီး တံခါးကို မခေါက်ဘဲ လှမ်းဝင်လိုက်သည်။ သူ့ကို အတွင်းမှ လူက စောင့်မျှော်နေသည်မှာ သိသာလှပါသည်။ သူသည် ကြာကြာနေမည့် လူလည်း မဟုတ်ပါ။ သူသည် ကားစက်ကို မသတ်ဘဲ ထားခဲ့ပါသည်။

အီဆာဟာရယ်၏ အိမ်မှ တယ်လီဖုန်းသည် မြည်လာလေသည်။ ဆီဆာသည် စကားပြောခွက်ကို ချက်ချင်းကောက်ကိုင်လိုက်သည်။ သူသည် ဤဖုန်းကို စောင့်နေခြင်း ဖြစ်သည်။ သူ၏ ထိပ်တန်းသူလျှိုတစ်ဦး၏ အသံဖြစ်ကြောင်း ချက်ချင်း သိလိုက်ပါသည်။ ဤမျှ ဘာသာရေးအရ ထူးကဲသော ညများတွင် ခေါ်ခြင်းအတွက် အီဆာကို တောင်းပန်စရာ မလိုပါ။
“ကျွန်တော့ရဲ့ လူဟာ အခုညနေမှာ ရုရှားကြားလူနဲ့ တွေ့နေတယ်။ စောစောပိုင်းက ခင်ဗျားသိထားတဲ့ စားသောက်ဆိုင်ထဲမှာ တွေ့ပြီးကြပြီ။ ကျွန်တော်တို့ လူက သူပါလာတဲ့ လက်ဆွဲအိတ်ကြီးကို ပေးလိုက်ပြီး သူတို့ လူစုခွဲလိုက်တယ်။ အခု ကျွန်တော်တို့ လူကို အိမ်အပြန်မှာ ကျွန်တော် ရှဲဒိုးလိုက်ပြီး စောင့်နေတယ်။ လက်ဆွဲအိတ်လည်း ပြန်ပါလာတယ်”

အီဆာသည် အလွန်စိတ်ပူသွားသည်။ သို့သော် သူအံ့သြခြင်း မဖြစ်ခဲ့ချေ။ ယခုအချိန်သည်ကား ဝင်ဖမ်းရန် အချိန်ဖြစ်သည်ဟု အီဆာ ဆုံးဖြတ်လိုက်သည်။ အရာရာကို ပိပိရိရိ ကိုင်တွယ်ရမည့် ပါမောက္ခ ဘီးယားကို ယခုလောလောဆယ် ရုရှာသူလျှိုများအား ထိပ်တန်းလျှိုဝှက်စာရွက်စာတမ်းများ ပေးနေစဉ် ဖမ်းဆီးလိုက်ပါက တစ်ကမ္ဘာလုံး တုန်လှုပ်သွားပြီး ဘင်ဂူရီယန် အစိုးရပင် ပြုတ်ကျနိုင်ပါသည်။ အီဆာက ရှရှားသံအရာရှိ ထွက်သွားမှ ဝင်ဖမ်းကြရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် မော့ဆက်အဖွဲ့ဝင်တစ်ဦးအား ဘီးယား၏ အခန်းကို ရှာဖွေရန်နှင့် သူ့ကို ဖမ်းဆီးဖို့ ဝရမ်းများ ယူထားရန် အမိန့်ပေးလိုက်သည်။ ဤကိစ္စသည် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သော်လည်း ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဟု အီဆာ တွက်ထားသည်။

အီဆာသည် ဖုန်းကို တစ်ခါ ထပ်ကိုင်လိုက်ပြီး ဝန်ကြီးချုပ် ဘင်ဂူရီယန်ထံသို့ ဆက်လိုက်သည်။ သူတို့နှစ်ဦး လိုင်းပေါ်မှာ စကားပြောသည်မှာ ဆယ်စက္ကန့်ပင် မကြာပါ။ အီဆာက ရိုးရိုးလေးပင် အစီရင်ခံလိုက်သည်။
“ကျွန်တော် ဒီည အစ္စရေးဘီးယားကို ဖမ်းမလို့…”
ဘင်ဂူရီယန်သည် ခေတ္တမျှ တွေဝေသွားပြီးမှ ပြန်ပြောလိုက်လေသည်။
“ခင်ဗျားတာဝန် ခင်းဗျားလုပ်ပါ…”

နံနက်စောစော ၂း ၃ဝ တွင် ဘီးယားသည် သူ၏ စာကြည့်ခန်းထဲတွင် စာဖတ်နေသည်။ သားရေလက်ဆွဲအိတ်ကြီးသည် အနီးရှိ စားပွဲပေါ်တွင် သူ့ဧည့်သည် ပြန်သွားကတည်းက ထားသည့်အတိုင်းပင် ရှိလေသည်။ အတွင်းက ပစ္စည်းများမှာလည်း နဂိုအတိုင်း ရှိနေပါသည်။ ရုတ်တရက် တံခါးခေါက်သံ ပေါ်လာသည်။ ဘီးယားသည် လက်ဆွဲအိတ်ကြီးကို ဝှက်ရန်ပင် အချိန်မရလိုက်တော့ပါ။ သူ၏ ကုလားထိုင်ဟောင်းကြီးပေါ်မှ ထဖို့လည်း အချိန်မရလိုက်တော့ပါ။ တစ်စုံတစ်ယောက်က ကျွမ်းကျင်စွာ တံခါးကို ခြေထောက်နှင့် ဆောင့်ကန်ပြီး ဖွင့်ပေးလိုက်ရာ လူ(၇)ယောက် အစီအရီ ပြေးဝင်လာပြီး ကုလားထိုင်ပေါ်တွင် တောင့်တောင့်ကြီး ထိုင်နေမိသော ဘီးယား၏ ပတ်ပတ်လည်တွင် ရပ်နေကြပါသည်။
“ခင်ဗျားကို ကျုပ်ဖမ်းလိုက်ပြီ။ ကျုပ်တို့ဆီမှာ ဖမ်းဝရမ်း ပါတယ်”ဟု တစ်ယောက်က ခပ်အေးအေး ပြောသည်။

ထိုအရာရှိသည် သူ၏ လက်ဆွဲအိတ်ကြီးဆီသို့ မျက်စိတစ်ချက် ဝှေ့ကြည့်လိုက်ကြောင်း ဘီးယား မြင်လိုက်ပါသည်။ သူသည် အီဆာအား ဘင်ဂူရီယန် ဖုန်းပေါ်တွင် ပြောသော လေသံအတိုင်း တသွေမတိမ်း ပြောလိုက်သည်။
“ခင်ဗျားတာဝန် ခင်ဗျားလုပ်ပါ…”
ဘီးယားသည် တန်ပြန်ထောက်လှမ်းရေးအရာရှိကို ကောင်းကောင်း မှတ်မိနေပါသည်။ သူက ထိုသူကို “ဆေးလိပ်သောက်ဦးမယ်နော်”ဟု ခွင့်တောင်းလိုက်ပါသည်။ မော့ဆက်အရာရှိသည် သူတွေ့နေသော လူသည် အစ္စရေးနိုင်ငံတွင် နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သိနေပါသည်။

ဘီးယားသည် အစ္စရေး ဗိုလ်သင်တန်းကျောင်းတွင် ကထိကတစ်ဦး ဖြစ်သည်။ အရန်တပ်ဖွဲ့တွင် သူသည် ဗိုလ်မှူးကြီးတစ်ဦးဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနတွင် ဝန်ကြီးချုပ်တို့၏ အကြံပေးအရာရှိ၊ အတိုင်ပင်ခံ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါသည်။ အခန်းထဲတွင် ရောက်နေသူအားလုံး စိတ်ချောက်ချားနေကြရပါသည်။ မော့ဆက်အဖွဲ့ဝင်များသည် သူတို့ ဖမ်းမည့်ပုဂ္ဂိုလ်သည် ဆိုဗီယက်သူလျှိုတစ်ဦးဖြစ်ကြောင်း မယုံကြည်နိုင်ကြပါ။ သူတို့ မှားများမှားနေကြပြီလားဟု စဉ်းစားကြသည်။ မှားတာ ဖြစ်ပါစေဟုပင် သူတို့ မျှော်လင့်ကြရမလို ဖြစ်နေသည်။ မည်မျှပင် သံသယတွေ ရှိနေပါစေ၊ မော့ဆက်အရာရှိက လက်ဆွဲအိတ်ကို ဖွင့်ကြည့်လိုက်သောအခါ သံသယတွေ လွင့်ပျောက်သွားလေသည်။ သားရေအိတ်ထဲတွင် အစ္စရေး လက်နက်ပစ္စည်းစက်ရုံများစာရင်း အတိအကျအပြင် အခြား ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်းများကို တွေ့ရသည်။ သူတို့ ဖြုံသွားရသည့် ပစ္စည်းမှာ ဘင်ဂူရီယန်၏ ကိုယ်ရေးမှတ်တမ်း စာအုပ်လေးပင် ဖြစ်ပါသည်။

ဘီးယားက အုပ်ချုပ်ရေးနှင့် ခေါင်ဆောင်မှုနှင့်ပတ်သက်သော ဝန်ကြီးချုပ်၏ တွေးခေါ်မြော်မြင်မှုများကို ဆောင်းပါးရေးလိုပါသည်ဟု ပြောဆိုခဲ့သဖြင့် ဘင်ဂူရီယန်ကိုယ်တိုင် ငှားရမ်းထားသော ဒိုင်ယာရီလေး ဖြစ်လေသည်။ ဘင်ဂူရီယန်၏ ဒိုင်ယာရီလေးထဲတွင် သူ၏ ကိုယ်ပိုင်အတွေးအခေါ်များအပြင် နိုင်ငံတော်၏ လျှို့ဝှက်ချက်များ ပါဝင်လေရာ အချို့သော ကိစ္စများကို အစိုးရအဖွဲ့ဝင် ဝန်ကြီးများပင် မသိကြရသေးပါ။ ဘီးယားကို ချက်ချင်းပင် အကျဉ်းချထားလိုက်လေသည်။ အီဆာဟာရယ်သည် ဘင်ဂူရီယန်အား သူ၏ ဒိုင်ယာရီကို ပြန်ပေးအပ်လိုက်သောအခါ ဝန်ကြီးချုပ်က စိတ်ပျက်လက်ပျက် ပြန်ပြောလိုက်သည်။
“အေးဗျာ… ကျုပ်ပတ်ပတ်လည်မှာ လူလိမ်တွေ ဝိုင်းနေပြီ…”

ဘီးယား၏ သတင်းသည် ဘင်ဂူရီယန်အား အတော်ပင် စိတ်ထိခိုက်သွားစေသည်။ အီဆာက မိမိသည် ၁၉၅၃ ခုနှစ်လောက်ကပင် ဘီးယားကို သင်္ကာမကင်း ဖြစ်ခဲ့သည်ဟု ပြောခဲ့ဖူးကြောင်း ထပ်မပြောနေတော့ပါ။ အီဆာနှင့် မိုရှေဒါယန်တို့သည် ဘီးယား စစ်တပ်ထဲ ပြန်ဝင်ချင်သည့်ဆန္ဒကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ သူသည် ဘင်ဂူရီယန်နှင့် ရင်းနှီးခင်မင်မှုကို အသုံးပြုပြီး ကာကွယ်ရေးဝန်ကြီးဌာနတွင် အကြံပေးအရာရှိရာထူး ရယူခဲ့သည်။ ထို့နောက် ကာကွယ်ရေးနှင့်ဆိုင်သော ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်းများကို ယူငင်ဖတ်ရှုခဲ့သည်။ ယခုမူ ဘီးယားသည် မော်စကိုတွင် နှစ်ပေါင်းများစွာ သူလျှိုလုပ်ပေးနေခဲ့ကြောင်း အီဆာ သေချာသိပေပြီ။ သို့သော် ဘီးယားသည် သူ့ကို စတင်မေးသည့် အချိန်မှစ၍ ရက်အတော်ကြာကြာ အမှန်ဖွင့်မပြောဘဲ နေခဲ့သည်။ သူသည် သူ၏ လုပ်ဖော်ကိုင်ဖက်နှင့် မိတ်ဆွေများကို နှစ်ပေါင်းအတော်ကြာ သူလှိမ့်ခဲ့သော သူ၏ လံကြုပ် ဘဝဇာတ်လမ်းကိုပင် ပြန်ပြောနေသည်။

သူပြောသော ဘဝဇာတ်လမ်းမှာ ဤသို့တည်း။
ဘီးယားကို ၁၉၁၂ ခုနှစ်တွင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တော်တွင် မွေးဖွားခဲ့သည်။ သူ၏ မိဘများသည် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့သွားကြသော်လည်း မကြာမီမှာပင် ဥရောပသို့ ပြန်ရွှေ့လာကြသည်။ ဘီးယားသည် ဗီယင်နာ တက္ကသိုလ်တွင် လူမှုရေးပညာရပ်များနှင့် ဂျာမန် အနုပညာစာပေကို လေ့လာခဲ့သည်။ ထိုအချိန်က သူသည် ပြဇာတ်လောကတွင် နာမည်ကျော်ကြားသော မက်ခ်ရိန်းဟတ်၏ တပည့်တစ်ဦး ဖြစ်ခဲ့ဖူးသည်ဟု ဆိုသည်။ ဘီးယားသည် တက္ကသိုလ်၌ ရှိနေစဉ် သြစတြီးယား ဝန်ကြီးချုပ် အင်ဂဲလ် ဘတ်ဒေါလ် ဖြုခ်ကို ဆန့်ကျင်တော်လှန်ကြသော ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြပြီး ၁၉၃၄ ခုနှစ် နာဇီတို့နှင့်ဖြစ်သော အဓိကရုဏ်းတွင်လည်း ပါခဲ့သည်။ သူသည် နာမည်ကျော် ဝီနာ နယူးစတက် စစ်တက္ကသိုလ်သို့ တက်ပြီး သြစတြီးယား အပျော်တမ်းတပ်ဖွဲ့တွင် အရာရှိတစ်ဦး ဖြစ်လာခဲ့သည်ဟု ဘီးယားက ပြောခဲ့သည်။

၁၉၃၆ ခုနှစ်တွင် ဘီးယားသည် စပိန်သို့ သွားပြီး ပြည်တွင်းစစ်တွင် ဖက်ဆစ်တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည်။ သူ၏ စစ်ပညာပြည့်ဝမှုကြောင့် သင်တန်းဆရာ တစ်ဦးဖြစ်လာပြီး ကွန်မြူနစ်နိုင်ငံများမှ စစ်ဘက်အရာရှိမျာကို သိကျွမ်းခဲ့လေသည်။ နာမည်ကျော် စပိန်ပြည်တွင်းစစ် စစ်ပွဲများတွင် သူပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ရှုံးမည့်အခြေအနေတွင် သူသည် စပိန်မှ ထွက်ပြေးခဲ့ပြီး မော်စကိုသို့ သွားကာ စစ်ပညာ ဆက်လက်သင်ကြားရန် ရွေးချယ်ခံခဲ့ရသည်ဟု ဆိုလေသည်။ ဘီးယားသည် မော်စကိုသို့ မသွားဘဲ ဗီယင်နာသို့ ပြန်လာခဲ့သည်။ ထိုစဉ် သူသည် ဇီယွန်ဝါဒကို သက်ဝင်ယုံကြည်လာပြီး ပါလက်စတိုင်းဒေသသို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့သည်။ ဘီးယားက သူ့ကို မေးမြန်းစစ်ဆေးသူများအား ကန်တန်တန်ပြောရင်း နိဂုံးချုပ်လိုက်သည်။
“ကဲ… အဲဒါ ကျုပ်ဘဝဇာတ်လမ်းပဲ၊ ခင်ဗျားတို့ သိပြီးသားပါဗျာ”

စုံစမ်းစစ်ဆေးမှု စတင်ပြီး (၄)ရက်မြောက်နေ့တွင် ဘီးယားထံသို့ အီဆာ ရောက်လာသည်။ အကျဉ်းသားသည် စစ်ဆေးသူများကို မှန်မှန်ကန်ကန် ဖွင့်မပြောကြောင်း အီဆာ သိထားသဖြင့် လာတွေ့ခြင်း ဖြစ်သည်။ သူသည် ဘီးယားကို သူ့ရုံးခန်းသို့ ခေါ်တွေ့စဉ်ကကဲ့သို့ မျက်နှာကို တည့်တည့်စိုက်ကြည့်လေသည်။ ထို့နောက် အပေါ်စီးလေသံနှင့် ပြောလိုက်လေသည်။
“ခင်ဗျား ဆိုဗီယက်သူလျှိုဆိုတာ ကျုပ်သိတယ်။ ခင်ဗျား အမှန်ကို ဖွင့်ပြောပါ။ လူတိုင်းကို ပြေပြေလည်လည်ဖြစ်အောင် ခင်ဗျာ ကူညီရင် ခင်ဗျားအတွက်လည်း ပြေပြေလည်လည် ဖြစ်လာမှာပဲ။ ကဲ… ခင်ဗျား ကျုပ်ကို အမှန် ဖွင့်ပြောစမ်းပါ”

ဘီးယားသည် အီဆာက သူ့ကို သွေးတိုးစမ်းလာပြီဖြစ်ကြောင်း သိသဖြင့် သူပြောနေကျအတိုင်း ဇာတ်ကြောင်း တစ်ခေါက်ပြန်လေတော့သည်။ ဘီးယား ပြောပြီးသောအခါ ဆီဆာက ခပ်အေးအေးပင် ပြန်ပြောလေသည်။
“ခင်ဗျားဟာ လူလိမ်တစ်ယောက်ပဲ”
“သြစတြီးယားမှာ ခင်ဗျားရဲ့ မိဘတွေ ရှိခဲ့တယ်ဆိုတာ ကျုပ်တို့ လိုက်ရှာပြီးပြီ၊ မတွေ့ပါဘူး။ ခင်ဗျားလှိမ့်သလို သူတို့ဟာ ဂျူးတွေသာ အမှန်ဖြစ်ခဲ့ရင် ခင်ဗျား ငယ်ငယ်က ခင်ဗျားရဲ့ ရွှေပန်းအရေပြားကို ဘာဖြစ်လို့ သူတို့ မဖြတ်ပေးခဲ့တာလဲ”

“ကျုပ်တို့ သြစတြီးယားမှာ မှတ်တမ်းတွေ လှန်လှောရှာပြီးပြီ။ ခင်ဗျား ဘယ်တုန်းကမှ စစ်မတိုက်ခဲ့ဖူးဘူး။ နောက်ပြီး ခင်ဗျား ဖြီးခဲ့သလို ဘာဒေါက်တာဘွဲ့မှလည်း ခင်ဗျား မရခဲ့ဖူးဘူး။ ခင်ဗျား စစ်တက္ကသိုလ်လည်း မတက်ခဲ့ဘူး ဟုတ်လား။ အဲဒီအချိန်က ဂျူးတွေကို ဘယ်တက်ခွင့်ပေးပါ့မလဲဗျ။ သြစတြီးယား အပျော်တမ်းတပ်ဖွဲ့က မှတ်တမ်းတွေ ရှာပေးခဲ့တယ်။ ခင်ဗျား နာမည် မရှိပါဘူး” အီဆာက ဆက်ပြောပြန်သည်။
“စပိန်ပြည်တွင်းစစ်မှာ ဖက်ဆစ်တွေကို တိုက်တဲ့ နိုင်ငံပေါင်းချုပ်တပ်မတော်ရဲ့ မှတ်တမ်းတွေထဲမှာလည်း ခင်ဗျားနာမည် မရှိဘူး။ ခင်ဗျား စပိန်မှာ စစ်တိုက်တယ်ဆိုတာ မဟုတ်ဘူး။ ခင်ဗျား ဘယ်စစ်ပွဲမှာမှလည်း ဝင်ပြီး မတိုက်ခဲ့ဖူးဘူး ဟုတ်လား”
“ကဲ… ခင်ဗျား ဘယ်သူလဲ ဆိုတာ ကျုပ်ကို ပြောစမ်းပါ။ ကျုပ်တို့ မှန်တာကို သိချင်တယ်”

မော့ဆက်သည် မိမိ၏ သူလျှိုလုပ်ငန်းကို သိသွားပြီဖြစ်ကြောင်း ဘီးယား သေသေချာချာ သိလိုက်ပါပြီ။ သူ ချောင်ပိတ်နေပေပြီ။ ထို့ကြောင့် နောက် (၃)ရက်မြောက်သောနေ့တွင် သူ၏ သူလျှိုလုပ်ခဲ့ပုံများကို တစ်လုံးမကျန် ပြန်ပြောလေတော့သည်။

ဆိုဗီယက်တို့သည် ဘီးယားကို ၁၉၅၆ ခုနှစ် စူးအက်စစ်ပွဲအပြီး၌ စတင်လှုပ်ရှားသွားနေခဲ့သည်ဟု အီဆာက တွေးထင်ခဲ့လေသည်။ ထို ၁၉၅၆ ခုနှစ် နောက်ပိုင်းတွင် သူရသမျှသော သတင်းများကို ထောက်လှမ်းပေးပို့စေခဲ့ပါသည်။
ပြင်သစ်တို့သသည် အစ္စရေးသို့ စစ်လက်နက်များ ပေးပို့နေစဉ်က ဘီးယားသည် အစ္စရေးတို့ ရသော လက်နက်များအကြောင်း အသေးစိတ် ပေးပို့ခဲ့ပြီး မည်ရွေ့မည်မျှ ရရှိသည်ဟုပင် အရေအတွက်ကိုပါ သတင်းပေးခဲ့လေသည်။
ထို့အတူ အနောက်ဂျာမဏီနိုင်ငံမှ အစ္စရေးတို့ လက်နက်ရရှိနေစဉ် လက်နက်များအကြောင်း သူထောက်လှမ်းခဲ့ပြီး ထိုနိုင်ငံသို့ အလည်အပတ် မကြာခဏ သွား၍ နေတိုးအဖွဲ့တွင် ပါဝင်သော ဂျာမဏီနိုင်ငံ၏ အခန်းကဏ္ဍကို ထောက်လှမ်းစုံးစမ်းခဲ့ပါသည်။

မော်စကိုမှ သူ၏ ဆရာကြီးများကမူ ဘီးယားကို အစ္စရေးတို့၏ သိပ္ပံသုတေသန လုပ်ငန်းများနှင့် အထူးသဖြင့် အဏုမြူသိပ္ပံသုတေသန လုပ်ငန်းများအကြောင်း စုံစမ်းထောက်လှမ်းခိုင်းခဲ့ပါသည်။ ဘီးယားသည် ဖွင့်ဟဝန်ခံချက်များ ပြုလုပ်နေသော်လည်း တကယ့်အဖြစ်အပျက်နှင့် စိတ်ကူးယဉ် ဇာတ်လမ်းများကို ရောမွှေကာ ပြန်ပြောနေဆဲ ဖြစ်သည်။ သူပြောသမျှကို မော့ဆက်က မှတ်ထားကာ မှန်ကန်မှု ရှိ/မရှိ အစ္စရေး ဥရောပနှင့် ကွန်မြူနစ်နိုင်ငံများတွင် ရှိနေကြသော အဖွဲ့ဝင်များက ထောက်လှမ်းစုံးစမ်းပေးခဲ့ကြပါသည်။ ဘီးယားပြောခဲ့သော အချို့အချက်များသည် မော့ဆက်အဖွဲ့ဝင်များက စိတ်ရှည်ရှည်နှင့် တိကျခိုင်လုံစွာ ရှာဖွေပေးခဲ့သော အချက်အလက်များအောက်တွင် ကြေပျက် ပျောက်ကွယ်သွားကြရလေသည်။

ဘီးယားအမှုကို ၁၉၆၁ ခုနှစ်တွင် ရုံးတင်၍ ကြားနာစစ်ဆေးသည်။ သက်သေအထောက်အထား စာရွက်စာတမ်း စသည်တို့ကို အမြောက်အမြား တင်ပြစစ်ဆေးရသဖြင့် တစ်ခါတရံတွင် တံခါပိတ် စစ်ဆေးခဲ့ရသည်။ ထို့ကြောင့် သူ ရုရှားနိုင်ငံသို့ ပေးခဲ့သော ထောက်လှမ်းရေးသတင်း အချို့ကို ယခုတိုင်း လူသိရှင်ကြား မထုတ်ပြန်ဘဲ ထားခဲ့ပါသည်။ သို့သော် ဘီးယားသည် ရုရှားတို့ကို အစ္စရေးနိုင်ငံ၏ နည်းဗျူဟာများနှင့် လျှို့ဝှက်စစ်ခန်းအကြောင်း၊ ထို့အပြင် လက်နက်ရောင်းပေးနေသော နိုင်ငံများ၏ စာရင်းကိုလည်း ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။ ဘီးယားသည် မိမိလုပ်ခဲ့သည်များမှာ တိုင်းပြည်အတွက် ဖြစ်သည်ဟု တရားခွင်၌ ခုခံ တင်ပြလေသည်။
“အစ္စရေးနိုင်ငံကို အနောက်အုပ်စု အင်အားကြီးနိုင်ငံတွေရဲ့ လက်ထဲ မကျသွားအောင် ကျုပ် ကယ်တင်ရမယ် ထင်လို့ ကျုပ်ထင်ခဲ့ပါတယ်”ဟု သူက ဆိုသည်။

“အစ္စရေးဟာ ကွန်မြူနစ်နိုင်ငံတွေနဲ့ မဟာမိတ်ဖြစ်သင့်တယ်လို့ ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ ကျုပ် အစ္စရေးနိုင်ငံကို ဘယ်တုန်းကမှ သစ္စာမဖောက်ပါဘူး။ ကျုပ်နိုင်ငံကို ကျုပ်ကယ်တင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံဟာ နိုင်ငံရေး ဘေးအန္တရာယ်ကြီးနဲ့ တွေ့မယ့်ဆဲဆဲ မတွေ့ရလေအောင် လမ်းပြောင်းပေးဖို့ ကျုပ်ကြိုးစားခဲ့တာပါပဲ” ။ နောက်ဆုံး၌ အစ္စရေးဘီးယားကို အောက်ရုံးက ထောင်ဒဏ်(၁ဝ)နှစ် ချမှတ်လေသည်။ ဘီးယားသည် မကျေနပ်သဖြင့် အထက်ရုံးသို့ အယူခံဝင်လေရာ အထက်ရုံးက အပြစ်ဒဏ်ကို (၁၅)နှစ်သို့ တိုးမြှင့် သတ်မှတ်လိုက်လေသည်။ ဘီးယားသည် ဂျော်ဒန်မြစ်ဝှမ်းဒေသရှိ ရှက်တာ အကျဉ်းထောင်ထဲတွင် အကျဉ်းကျခံနေရစဉ် သူ၏ သူလျှိုလုပ်ငန်းများ အကြောင်းကို သဘောတရားရေးရာများအပေါ် အခြေပြု၍ စာအုပ်တစ်အုပ် ရေးသားခဲ့သည်။ ထိုစာအုပ်ထဲတွင်ပင် သူသည် မိမိအစ္စရေးနိုင်ငံ၏ ကောင်းကျိုးအတွက် လုပ်ခဲ့ခြင်းဖြစ်ကြောင်း တင်ပြခဲ့သေးသည်။

ဘီးယား၏ ဆရာကြီးများဖြစ်သော ဆိုဗီယက်ထောက်လှမ်းရေးအဖွဲ့ KGB သည် မော့ဆက်ကဲ့သို့ မဟုတ်ပါ။ ဆိုဗီယက်တို့သည် ဘီးယားအား အကူအညီ မပေးသည့်အပြင် ထောက်မှ လွတ်ရန်လည်း လုံးဝ မကြိုးစားကြချေ။ ဘီးယားသည် ၁၉၆၈ ခုနှစ်အထိ အကျဉ်းကျခံနေရပြီး ထောင်ထဲမှာပင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည်။ အစ္စရေးဘီးယားသည် သူ၏ ဇာတိဇစ်မြစ်ကို လုံးဝ ထုတ်မပြောခဲ့ပါ။ ထိုမှတပါး သူသည် ဆိုဗီယက် ထောက်လှမ်းရေးအဖွဲ့ KGB ၏ သူလျှိုဖြစ်သည်ဟုလည်း ဝန်မခံပါ။ သို့သော် ဘီးယားကို အစ္စရေးနိုင်ငံနှင့် အစ္စရေးအသိုင်းအဝိုင်းထဲတွင် ဖန်းတီးယူလိုက်သည့် ပုံစံသည် အလွန်အံဝင်ပြီး ပိရိလှပါသည်။ ဤသို့ ဖန်တီးယူသည့် ထောက်လှမ်းရေးနည်းသည် ၁၉၁၇ ခုနှစ်လောက်က ဆိုဗီယက်ထောက်လှမ်းရေးအဖွဲ့ကြီး စတင်အသုံးပြုခဲ့သည့်နည်းပင် ဖြစ်ပါသည်။

ထိုအချိန်က အင်္ဂလိပ်တို့၏ အုပ်ချုပ်မှုအောက်တွင် ရောက်နေသော ပါလက်စတိုင်းဒေသကို သူလျှိုပ်လုပ်ငန်း အဓိကနယ်မြေအဖြစ် KGB က သတ်မှတ်ခဲ့ကြပါသည်။ လုပ်ငန်းချောချောမောမော ဖြစ်ရသည့် အခြေအနေမှာ ထိုစဉ်က ပိုလန်နှင့် ရုရှားနိုင်ငံမှ ဂျူးများ ပါလက်စတိုင်းသို့ ခိုးဝင်နေကြသော အခြေအနေပင် ဖြစ်သည်။ ထို့ကြောင့် သူလျှိုတစ်ဦးဦးကို သူလျှိုလုပ်ခိုင်းရန်လည်း လွယ်ကူခဲ့ပါသည်။ ၁၉၃ဝ ခုနှစ် ဆယ်စုနှစ် နောက်ပိုင်းတွင် ဟစ်တလာ တန်ခိုးထွားလာပြီ ဖြစ်သဖြင့် ဂျာမဏီနှင့် သြစတြီးယားမှ ဂျူးဒုက္ခသည်များ ပါလက်စတိုင်းသို့ ထွက်ပြေးကာ ဝင်ခဲ့ကြသည်။ ထိုအခါ ဂျာမန်စကားပြောသော ဆိုဗီယက်သူလျှိုများကလည်း ပါသွားလေသည်။ အမှန်စင်စစ် အစ္စရေးဘီးယားသည် ဤဒုတိယအသုတ် ဝင်ရောက်လာသော ဆိုဗီယက်သူလျှို တစ်ဦးဖြစ်ရန် သေချာပါသည်။

ဆိုဗီယက်တို့သည် ကြိုးစားပမ်းစား ဒုက္ခခံကာ ဘီးယားအတွက် ဟန်ဆောင်ဘဝတစ်ခု ဖန်းတီးယူနိုင်ခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် သူ့ကို အရှေ့အလယ်ပိုင်းဒေသတွင် ရှိသည့် သူလျှိုများထဲတွင် အရေးကြီးသော သူလျှိုတစ်ဦးဟု ယူဆခဲ့သောကြောင့် ဖြစ်ပါသည်။ ဘီးယားကို ဖမ်းဆီးမိပြီး ထောင်ထဲတွင် အကျဉ်းချထားသောအခါကျမှ သြစတြီးယားတွင် ရှိသော မော့ဆက်သူလျှိုများက အစ္စရေးဘီးယား အမည်ရှိသည့် သြစကြီးယန်းတစ်ယောက် တကယ်ပင် ရှိခဲ့ဖူးကြောင်း ထောက်လှမ်းစုံစမ်း ရရှိလေသည်။ ထိုသူသည် ဆင်းရဲသော သြစတြီးယန်းလူမျိုး ဂျူးကျောင်းသား တစ်ဦးဖြစ်ပြီး နောင်သော် ဝန်ကြီးချုပ် ဘင်ဂူရီယန်၏ ရင်နှီးသော မိတ်ဆွေဖြစ်လာသည့် ဘီးယားနှင့် ရုပ်ချင်း ဆင်တူလေသည်။

သို့သော် ဘီးယားအစစ်သည် ၁၉၃၈ ခုနှစ်တွင် ပျောက်သွားခဲ့သည်။ သူ့အကြောင်း ယခုထိ ဘာသံမျှ မကြားရတော့ပါ။ ၁၉၃၈ ခုနှစ်သည် KGB ၏ သူလျှိုဘီးယား ပါလက်စတိုင်းသို့ ပြောင်းရွှေ့ခိုလှုံလာသည့်နှစ်ပင် ဖြစ်ပါသည်။
ရုရှားတို့သည် နှစ်ပေါင်း(၂ဝ)နီးပါး စောင့်ဆိုင်းပြီးမှ သူတို့၏ သူလျှိုကို စတင်လှုပ်ရှားစေခဲ့ပါသည်။ နှစ်ပေါင်း(၂ဝ)ကာလသည် အလွန်ပင် ရှည်ကြာလှသော ကာလဖြစ်လေသည်။ ဆိုဗီယက်တို့သည် ဘီးယားထံမှ အရေးကြီးဆုံးသော သတင်းများ ရရှိမည်ဟု မျှော်လင့်ခဲ့ကြောင်း သိသာလှပါသည်။ ဘီးယားသည် တဲလာဗီမှ နေ၍ စစ်ရေးသတင်း ထောက်လှမ်းရရှိသမျှတို့ကို မော်စကိုသို့ အမြောက်အမြား ပေးပို့နိုင်ခဲ့ပါသည်။

မည်သို့ပင်ဆိုစေ ဘီးယား၏ ဇာတိဇစ်မြစ်အမှန်ကို ယနေ့တိုင် မည်သူကမျှ အသေအချာ မသိနိုင်ကြပါ။
ဘီးယား ဘယ်က ပေါ်လာခဲ့ပါသနည်း။ ဘီးယားကို KGB က မည်သို့မည်ပုံ သိမ်းသွင်းသွားခဲ့ပါသနည်း။
ဘီးယားကို တိုက်ရိုက် စေခိုင်းသူများမှာ မည်သူနည်း။
ဤမေးခွန်းများ၏ အဖြေများသည် ဆိုဗီယက် ထောက်လှမ်းရေးအဖွဲ့များဖြစ်သော KGB ၏ ဖိုင်တွဲများထဲတွင် ရှိကြပါသည်။ ထိုပြင့် သူ့ကိုသူ အစ္စရေးဘီးယားဟု ခေါ်တွင်ခဲ့သော သူလျှို၏ သင်္ချိုင်းမြေပုံထဲတွင်လည်း ရှိနေပါသည်။ ။

ဆရာတင်နွယ်မောင် ဘာသာပြန်ဆိုသော THE MOSSAD စာအုပ်မှ

Leave a Reply