ကိုယ်တိုင် ကားပျံထွင်နိုင်ခဲ့တဲ့ လူငယ်လေး

Posted on

သူကတော့ ဖိလစ်ပိုင်နိုင်ငံက Philippine AllStars အကအဖွဲ့ရဲ့တည်ထောင်သူတစ်ဦးဖြစ်သူ Kyxz Mendiola ဆိုတဲ့ လူငယ်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေကို မကြာခဏကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာ ဒီယာဉ်ကို ထွင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အင်ဂျင်နီယာ တစ်ယောက်လည်းဖြစ်တဲ့ သူဟာ ဒီစိတ်ကူးပေါ်ခဲ့တာ လွန်ခဲ့တဲ့ ၅နှစ်ခန့်ကတည်းကပါ။ အခုအချိန်မှာတော့ သူ့စိတ်ကူးထဲက ယာဉ်ကို အောင်မြင်စွာ တီထွင်ခဲ့နိုင်ပြီ ပဲဖြစ်ပါတယ်။

မကြာသေးခင်ကမှ စမ်းသပ်မောင်းနှင်ပြီးခဲ့တဲ့ သူ့ရဲ့ယာဉ်ငယ်လေးကို Koncepto Millenya လို့ အမည်ပေးထားပါတယ်။ ဒရုန်းနည်းပညာပေါ်အခြေခံပြီး ထွင်ထားတဲ့ သူ့ရဲ့ကားပျံဟာ အလွန်ပေါ့ပါးပြီး အမြင့်ပေ ၂၅ပေ အထက်မှာ ကောင်းကောင်းပျံသန်းမောင်းနှင်နိုင်ပါတယ်။

“ကျွန်တော်ဒီယာဉ်ကို ချပြချင်တာ တော်တော်ကြာခဲ့ပြီဗျ ၊ ဆိုးဝါးတဲ့ရာသီဥတုနဲ့တွေ့လို့ အချိန် ၂ လလောက် နောက်ကျသွားတယ် ၊ အခုတော့ ကျွန်တော့်ရဲ့ လွန်ခဲ့တဲ့ ၅နှစ်က အိပ်မက်ကို အကောင်အထည်ဖော်လိုက်နိုင်ပြီ” လို့ သူ့စမ်းသပ်မောင်းနှင်ထားတဲ့ ဗီဒီယိုကို လူမှုကွန်ယက်မှာတင်ရင်း Mendiola က ဆိုပါတယ်။

သူ့ရဲ့ယာဉ်ငယ်ဟာ လူတစ်ယောက်သာ စီးနိုင်ပြီး အမှတ်တမဲ့ကြည့်လိုက်ရင် ဒရုန်းအကြီးစားတစ်စင်းလို့ ပဲထင်မိကြမှာပါ။ သတ္တုဖရိန်ကို အသုံးပြုပြီး ကာဘွန်ဖိုက်ဘာအကာနဲ့အတူ လေယာဉ်အင်ဂျင်နီယာနည်းပညာတွေကို အသုံးပြုကာ ဒီယာဉ်ကိုဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာအခက်အခဲဖြစ်နေသေးတာကတော့ ယာဉ်မှာတပ်ဆင်ထားတဲ့ ဘက်ထရီဟာ ၁၂မိနစ်ကနေ ၁၅မိနစ်အထိသာ ပျံသန်းလို့ရတာပဲဖြစ်ပါတယ်။ ဒီ မိနစ်အနည်းငယ်အတွက် ၂နာရီခွဲခန့် အားသွင်းချိန်ကြာပါတယ်။ ဒါကြောင့် ဝေးကွာလွန်းတဲ့ခရီးတွေကိုတော့ သွားနိုင်ဦးမှာမဟုတ်ပဲ ပိုပြီးကြာကြာပျံသန်းလို့ ရအောင် ယာဉ်ငယ်ကို upgrade လုပ်ရဦးမှာဖြစ်ပါတယ်။

အခုလောက်ထိ အောင်မြင်ခဲ့တာဟာ ကျွန်တော်တစ်ယောက်တည်းကြောင့်တော့ မဟုတ်ပဲ မိတ်ဆွေပညာရှင်တွေရဲ့ ကူညီပံ့ပိုးမှုတွေ အများကြီးပါခဲ့တယ်၊ ဒရုန်းနည်းပညာကိုအဓိက အခြေခံထားတာကြောင့် ဒရုန်းကားလို့ခေါ်ရင် ပိုမှန်မယ်ထင်ပါတယ်  လို့ သူကဆိုပါတယ်။

တစ်ယောက်စီးဖြစ်ပေမယ့် နှစ်ယောက်စီးဖြစ်နိုင်တဲ့အထိ ကြိုးစားနေကြောင်း ၊ နောက်ပိုင်းမှာ လန်ဘော်ဂီနီတို့လို တကယ့်ကားအစစ်တွေနဲ့ တည်ဆောက်ပျံသန်းနိုင်ဖို့ ကြိုးစားလျှက်ရှိကြောင်း ၊ ယခုအချိန်မှာတော့ မဖြစ်နိုင်သေးကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာတော့ Mendiola ဟာ သူ့ရဲ့ယာဉ်ကို  ဈေးကွက်အတွင်းရောင်းချနိုင်သည်အထိ ထပ်မံအဆင့်မြှင့်တင်နိုင်ဖို့အတွက် ပူးပေါင်းရင်းနှီးမြုပ်နှံမယ့်သူကို ရှာဖွေလျှက်ရှိပါတယ်။

စမ်းသပ်မောင်းနှင်ထားတဲ့ ဗီဒီယိုကို အောက်မှာကြည့်ရှု့နိုင်ပါတယ်။

Leave a Reply