ဆယ်ကျော်သက်မှာ ပါရဂူဘွဲ့ကို အရယူနိုင်ခဲ့တဲ့ ပါရမီရှင်များ

Posted on

ပါရဂူဘွဲ့ရတဲ့အထိ မင်းဆက်လုပ်မှာလား မလုပ်ဘူးလားဆိုတဲ့ မေးခွန်းဟာ ဘွဲ့လွန်တက် နေတဲ့ကျောင်းသား/သူတွေအတွက်တော့ ကိုယ့်ကိုကိုယ်အမြဲပြန်မေး နေရတဲ့မေးခွန်းဖြစ်ပါလိမ့်မယ်။ အချိန်တွေ၊ငွေတွေအများကြီးပုံအောပြီး အပတ်တကုပ်ကြိုးစားပါမှ ပိုင်ဆိုင်ခွင့်ရှိတဲ့ ပါရဂူဘွဲ့ဟာ နယ်ပယ်အသီးသီးရဲ့ အမြင့်ဆုံးဘွဲ့လို့ဆိုရမှာဖြစ်ပြီး ရယူဖို့အင်မတန်ခဲယဉ်းပါတယ်။

ဘယ်လိုပဲခက်ခဲနေပါစေ ပညာရပ်ဆိုင်ရာ ခက်ခဲရှုပ်ထွေးတဲ့ လမ်းကြောင်းတွေကို ကျော်ဖြတ်ပြီး ပေါက်မြောက်အောင်မြင်တဲ့ ပါရဂူဘွဲ့ခံ ပုဂ္ဂိုလ်တွေကတော့ နှစ်စဉ်ပေါ်ထွက်လာစမြဲပါ။ ဒီတစ်ခါမှာတော့ ဒီလောက်ခက်ခဲတဲ့ဘွဲ့ကို ဆယ်ကျော်သက်အရွယ်မှာ ရရှိခဲ့ကြတဲ့သူ(၅)ဦးရဲ့အကြောင်းကို မျှဝေပေးချင်ပါတယ်။

(၅) Nobert Wiener (၁၇နှစ်အရွယ်မှာရ)

Nobert Wiener ဟာအမေရိကန်ပြည်ထောင် စု Tufts ကောလိပ်(ယခု Tufts University) ကနေ ၁၉၀၉ ခုနှစ်မှာ သင်္ချာဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ သူဘွဲ့ရစဉ်ကသူအသက်အရွယ်ဟာ(၁၄)နှစ်သာရှိပါသေးတယ်။ သူဟာ သင်္ချာဘာသာရပ်နဲ့ကျောင်းပြီးပေမဲ့ ပါရဂူဘွဲ့ကိုတော့ ချက်ချင်းကြီးမကြိုးစားခဲ့ပါဘူး။ သူဟာ ဒသနိကပညာရပ်နဲ့ သတ္တဗေဒပညာရပ်တွေကို  Harvard တက္ကသိုလ်မှာ ဆက်လက်ဆည်းပူးခဲ့ပါသေးတယ်။ အဲဒီနောက်တော့ သူဟာသင်္ချာ ဘာသာရပ်နဲ့ ပါရဂူဘွဲ့ရဖို့ကြိုးစားပါတော့တယ်။

အသက်အရွယ်နဲ့ မလိုက်အောင်ထူးချွန်ပြီး အတန်းတိုင်းမှာ ထိပ်ဆုံးကနေအောင်မြင်ခဲ့တဲ့သူဟာ ၁၉၁၂ ခုနှစ်၊ သူအသက်(၁၇)နှစ်အရွယ်မှာ ကမ္ဘာကျော် Harvard တက္ကသိုလ်ကနေ သင်္ချာဘာသာရပ်နဲ့ Ph.D (ပါရဂူဘွဲ့)ကို ရရှိခဲ့ပါတယ်။ ပါရဂူဘွဲ့ရပြီးတဲ့နောက်တော့ Boston Herald ဂျာနယ်အတွက် သတင်းထောက်အဖြစ် ခဏလုပ်ခဲ့ပါသေးတယ်။ ဒါအပြင် ဒုတိယကမ္ဘာစစ်ကာလအတွင်းကလည်း အမေရိကန်စစ်တပ်အတွက် လေယာဉ်ပစ်အမြောက် ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာလည်း ဝင်ရောက်လုပ်ကိုင်ခဲ့ပါသေးတယ်။ Nobert Wiener ပါဝင်ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းတွေထဲမှာ အထင်ရှားဆုံးသော နယ်ပယ်ကတော့ Cybernetic(လူတိရိစ္ဆာန်၊စက်ကိရိယာတို့တွင် ပေါင်းစပ်၊ဆက်သွယ်၊ထိန်းချုပ်မှုဆိုင်ရာအတတ်ပညာ) ဖြစ်ပါတယ်။

Cybernetic ပညာရပ်ဟာ ဒြပ်ဝတ္ထုတွေရဲ့ တုံ့ပြန်ချက်အယူအဆနဲ့ဆက်နွယ်နေပြီး အကျိုးဆက်အနေနဲ့ လူအဖွဲ့အစည်းဆိုင်ရာ ဆောင်ရွက်မှုနယ်ပယ်၊ အတွေးအခေါ်ပညာရပ်ဆိုင်ရာနယ်ပယ်၊ အဆောက်အဦးဆောက်လုပ်မှုဆိုင်ရာနယ်ပယ်၊ ဇီဝဖြစ်စဉ်နယ်ပယ်တွေအထိ ဆက်စပ်နေပါတယ်။ ယနေ့ခေတ်နာမည်ကြီးနေတဲ့ ဆိုက်ဘာ ဆိုက်ဘာ (cyber) ဆိုတဲ့စကားကို စသုံးခဲ့တဲ့သူဟာ Norbert Weiner ပဲဖြစ်ပါတယ်။ သူဟာ မန်ဆာချူးဆက်နည်းပညာ တက္ကသိုလ်ရဲ့ သင်္ချာပါမောက္ခအဖြစ် ထမ်းဆောင်ခဲ့သလို သုတေသနပညာရှင် ၊ အတွေးအခေါ်ပညာရှင်တစ်ယောက် အဖြစ်လည်း နာမည်ကြီးခဲ့ပါတယ်။ သူဟာ ၁၉၆၄ခုနှစ် အသက် ၆၉နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

(၄) Ruth Lawrence (၁၇နှစ် အရွယ်မှာရ)

၁၉၈၅ ခုနှစ်မှာတော့ အသက်(၁၃)နှစ်အရွယ်သာရှိတဲ့ Ruth Lawrence အမည်ရှိတဲ့ ဗြိတိသျှ-အစ္စရေးအနွယ်ဝင်မိန်းကလေးဟာ နာမည်ကျော် Oxford တက္ကသိုလ်ကနေ သင်္ချာဘာသာရပ်နဲ့ ဘွဲ့ရခဲ့ ပါတယ်။ နောက်တစ်နှစ်မှာလည်း ဒုတိယမြောက်ဘွဲ့ကို ရူပဗေဒ ဘာသာရပ်နဲ့ထပ်မံ ရရှိခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာတော့ သူမဟာ သင်္ချာဘာသာရပ်နဲ့ ပါရဂူဘွဲ့ကို လက်ခံရယူ ခဲ့ပါတယ်။ အဲဒီအချိန်က သူမဟာ အသက်(၁၇)နှစ်အရွယ်သာရှိပါသေးတယ်။

အဲဒီနောက်တော့ သူမဟာ Harvard တက္ကသိုလ်မှာ junior fellow အဖြစ်လည်းကောင်း Michigan တက္ကသိုလ်မှာ တွဲဖက်ပါမောက္ခအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ တော့သူမဟာ Hebrew University ကသင်္ချာပညာရှင် Ariyeh Neimark နဲ့လက်ထပ်ခဲ့ပြီး အဲဒီနှစ်မှာပဲ ခင်ပွန်းရှိရာ အစ္စရေးနိုင်ငံ၊ ဂျေရုစလင်ကိုပြောင်းရွေ့ခဲ့ပြီး Hebrew University မှာပဲ လက်ထောက်ကထိကအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီအတွက် သူမဟာ မီဒီယာတွေရဲ့ဝေဖန်မှုကို ခံခဲ့ရပါသေးတယ်။

သူမဟာ သင်္ချာဘာသာရပ်ဆိုင်ရာAlgebraic topology နဲ့ Knot Theory တွေနဲ့ ပညာရေးအသိုင်းအဝိုင်းမှာ အလွန်ထင်ရှားသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူမငယ်စဉ်က အခြားကလေးတွေလို စာသင်ကျောင်းတွေမှာ ပညာသင်ကြားခွင့်မရပဲ အိမ်မှာသာ သင်ကြားခွင့်ရခဲ့ပါတယ်။ အဲဒီတုန်းက အခြေအနေကို သူမအနေနဲ့ နောင်တရပေမဲ့ မိဘတွေရဲ့ အခက်အခဲကို ကိုယ်တိုင်မိဘနေရာရောက်လာတဲ့အခါမှာတော့ ကိုယ်ချင်းစာတတ်ပါပြီလို့ Lawrence ကအင်တာဗျူးတစ်ခုမှာ ဖြေဆိုဖူးပါတယ်။ ဒါပေမဲ့ Lawrenceဟာ အသက်(၉)နှစ်အရွယ်မှာပဲ သင်္ချာပညာရပ်ဆိုင်ရာ O-level အထိရောက်ရှိနေပြီဖြစ်ပြီး A-Level pure mathematics မှာ Grade-A အဆင့်အထိရောက်ရှိအောင်ထူးချွန်နေခဲ့ ပါပြီ။ ကံအားလျော်စွာပဲ နောက်ပိုင်းပညာရှင်အများစုဟာ Lawrenceကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေ၊ ဖိအားတွေ၊ မီဒီယာတွေရဲ့ အာရုံစိုက်မှုကို မခံရတော့ပါဘူး။

သူမဟာ လက်ရှိအချိန်မှာတော့ အသက် ၄၇နှစ်ရှိနေပြီဖြစ်ပြီး ဂျေရုစလင်က ဟီးဘရူးတက္ကသိုလ်ဌာနခွဲတစ်ခုဖြစ်တဲ့ အိုင်းစတိုင်းနည်းပညာကျောင်းမှာ သင်္ချာပါမောက္ခအဖြစ် ထမ်းဆောင်နေပါတယ်။ သင်္ချာနယ်ပယ်မှာတော့ သူမ သုတေသနပြုခဲ့တဲ့ knot theory နဲ့ algebraic topology တို့ကြောင့် အလွန်ထင်ရှားသူဖြစ်ပါတယ်။

(၃)Balamurali Ambati (၁၇နှစ် အရွယ်မှာရ)

အိန္ဒိယ-အမေရိကန် ကပြား Balamurali Ambati ဟာ အသက်(၄)နှစ်အရွယ်လောက် ကတည်းက ခက်ခဲတဲ့ သင်္ချာပညာရပ်ဆိုင်ရာ တွက်ချက်မှုတွေကိုပြုလုပ်နေခဲ့ပြီး အသက်(၁၁)နှစ်အရွယ်မှာတော့ AIDSရောဂါနဲ့ ပတ်သတ်ပြီး ပညာရပ်ဆိုင်ရာ လေ့လာ တွေ့ရှိမှုစာအုပ်တွေကို ပညာရှင်တစ်ယောက်အလား ရေးသားနိုင်နေပြီဖြစ်တဲ့ ပါရမီရှင်တစ်ယောက်ပါ။ အသက်(၁၃)နှစ်အရွယ်မှာတော့ နယူးယောက်တက္ကသိုလ်ကနေ ဆေးပညာရပ်ဆိုင်ရာပညာသင်ကြားမှုတွေကို ပြီးမြောတ်အောင်မြင်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်၊ သူအသက်(၁၇)နှစ်အရွယ်မှာတော့ နယူးယောက်မြို့မှာရှိတဲ့ Mount Siani ဆေးကျောင်းကနေ ဒေါက်တာဘွဲ့ကိုရယူနိုင်ခဲ့ ပါတယ်။

Ambatiဟာ အသက်(၂၄)နှစ်အရွယ်ရောက်တဲ့ အခါမှာတော့ Medical training တွေကို ပြီးမြောက်အောင်မြင်ခဲ့ပြီး မျက်စိခွဲစိတ်ကုဆရာဝန်တစ်ယောက်အဖြစ် ရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။ တကယ်တော့ ပုံမှန်ဆရာဝန်အများစုဟာ Medical Training တွေကို အသက် ၃၀ ၀န်းကျင်အရွယ်မှသာ ပြီးလေ့ရှိကြတာဖြစ်ပါတယ်။ Ambati ဟာခက်ခဲတဲ့အလုပ်တွေကို လုပ်ကိုင်နေရပေမဲ့ အမြဲပျော်ပျော်နေတတ်သူဖြစ်ပါတယ်။ ဒါအပြင် ဒီလိုခက်ခဲတဲ့ အတွေ့အကြုံတွေကပဲ ဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့အရင်းအနှီးတွေရတယ်လို့ သူပြောလေ့ရှိပါတယ်။ သူရဲ့အောင်မြင်မှုကတော့ရှင်းလင်းပါတယ်။ လေ့လာမှုတွေနဲ့အတူ စိတ်ဝင်တစားနဲ့ စဉ်ဆက် မပြတ်သင်ယူမှုတွေကိုပြုလုပ်ခဲ့တာကြောင့်လို့ သူကဆိုပါတယ်။

ဒါအပြင်သူဟာ ဆရာဝန်ဘဝကိုချစ်မြတ်နိုးပြီး အမေရိကန်နဲ့ အိန္ဒိယကပြားတစ်ယောက်ဖြစ်ရတဲ့အတွက်လည်း ဂုဏ်ယူပါသတဲ့။ ခွဲစိတ်ဆရာဝန်တစ်ယောက်အနေနဲ့ လူနာမျိုးစုံကိုခွဲစိတ်ကုသပေးရပြီး ဒီအထဲမှာ အလွှာပေါင်းစုံ၊လူမျိုးပေါင်းစုံ၊ပါဝင်နေပြီး နေရာမျိုးစုံကနေ ဒီခွဲစိတ်ကုတင် တစ်ခုတည်းမှာ သူတို့ရဲ့ဘဝကိုပုံအပ်ထားရတာပါ။ အားလုံးရဲ့မျှော်လင့်ချက်တွေက ငါအပေါ်မှာပဲ မူတည်နေလို့ အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲ ငါလုပ်နေရတာပါ။ သိပ်ကောင်းတဲ့ခံစားချက်ပဲ၊ လူအချင်းချင်း လူနာနဲ့ဆရာဝန်အနေအထားကနေ တစ်ဖက်သားရဲ့ ဘဝကိုရပ်တည်နိုင်ဖို့ ခြေတု၊လက်တုတွေကို တပ်ပေးပြီးအကျိုးဆောင် ရတာ သိပ်ပျော်စရာကောင်းတယ်လို့ Ambati ကအလုပ်အပေါ်မှာထားတဲ့ သူသဘောထားကို ပြောဆိုဖူးပါတယ်။ လက်ရှိအချိန်မှာတော့ အသက် ၄၇နှစ်ရှိနေပြီဖြစ်တဲ့ မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီးတစ်ယောက်အပြင် ပညာဖြန့်ဝေသူ ၊ ဆေးသုတေသနပညာရှင်တစ်ယောက်အဖြစ်ပါ တာဝန်ထမ်းဆောင်လျှက်ရှိပါတယ်။

(၂) Kim Ung-Yong (၁၅နှစ် အရွယ်မှာရ)

တောင်ကိုရီးယားနိုင်ငံသား Kim Ung-Yongကတော့ အသက်(၃)နှစ်အရွယ်ကတည်း ကသူရဲ့ထက်မြက်လွန်းတဲ့ ဥာဏ်အရည်အသွေးကြောင့် ပါရမီရှင်တစ်ယောက်အဖြစ် ကမ္ဘာကျော်ခဲ့သူဖြစ်ပါတယ်။ အသက်(၅) နှစ်အရွယ်မှာတော့ Kim ဟာ ကိုရီးယား၊အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်ဘာသာစကားတွေကို ပြောဆိုနိုင်နေပါပြီ။ ဒါ့အပြင်သူဟာ များစွာသော ခက်ခဲတဲ့ Calculus ပုစ္ဆာတွေကို ဒီအရွယ်လေးနဲ့ ဖြေရှင်းနေနိုင်ပါပြီ။ Kim အသက်ရှစ်နှစ်ရောက်တဲ့အခါမှာတော့ အမေရိကန်နိုင်ငံက Colordo တက္ကသိုလ်က ဖိတ်ခေါ်တာကြောင့် Nuclear Physics ဘာသာရပ်ကို သွားရောက်သင်ကြားခဲ့ပါတယ်။

ယင်းဘာသာရပ်ကို အဆင့်မြင့်မြင့်အောင်မြင်ခဲ့ပြီးတဲ့ နောက်မှာတော့ ကမ္ဘာကျော်အမေရိကန်အမျိုးသားလေကြောင်းနှင့်အာကာသအုပ်ချုပ် ရေးအဖွဲ့ (NASA) မှာတာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်။ Kim ဟာ နာဆာအဖွဲ့မှာ ဆယ်နှစ်ခန့်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နာဆာမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံနဲ့ပတ်သတ်ပြီး Kim က “အဲဒီတုန်းကတော့ကျွန်တော်ဟာ စက်ရုပ်တစ် ရုပ်လိုပါပဲ။ မနက်အိပ်ရာနိုးတာနဲ့ လုပ်စရာရှိတဲ့အလုပ်တွေကိုသိမ်းကြုံးလုပ်ရတာပါပဲ။ အများစုကတော့ ခက်ခဲတဲ့ တွက်ချက်မှုအသေးစိတ်တွေပါ။ အချိန်တန်ရင်ထမင်းစားတယ်။ အိပ်တယ် ပြီးရင်လုပ်စရာ ရှိတာဆက်လုပ်တယ်။ အပေါင်းအသင်းသူငယ်ချင်း လည်းမရှိဘူး။ အိမ်ကိုလည်းအမြဲသတိရတယ် အထူးသဖြင့် အမေကိုလွမ်းတယ်” လို့ ၂၀၁၀ ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့ပါတယ်။

၁၉၆၂ခုနှစ်၊မတ်လ(၈)ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာမွေးဖွားခဲ့တဲ့Kim ဟာ အသက်(၁၅)နှစ်အရွယ်လေးနဲ့ Ph.D(ပါရဂူဘွဲ့)ကို Chungbuk အမျိုးသားတက္က သိုလ်ကနေ Civil Engineering နဲ့ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါအပြင် Kimဟာ IQ အမြင့်ဆုံး ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ကမာ့္ဘဂင်းနစ်မှတ်တမ်းမှာ ရမှတ် (၂၁၀)နဲ့ မှတ်တမ်းတင်ခံရသူဖြစ်ပါတယ်။ Kim က “အတန်းပညာအောင်မြင်မှုနဲ့ လူတစ်ယောက်ရဲ့ အရည်အချင်းကို အမြဲတိုင်းတာလို့မရပါဘူး။ လူအဖွဲ့အစည်းရဲ့ လွဲမှားတဲ့အကျင့်ကို လူတစ်ဖက်သား အပေါ်မှာ အပြင်ပုံပန်းသဏ္ဍန်ကိုကြည့်ပြီး အကဲဖြတ်ကြတာပါပဲ။ ဒါဟာ အကုန်မမှန်နိုင်ပါဘူး။ လူတိုင်း လူတိုင်းမှာ ကွဲပြားတဲ့သင်ယူမှု၊နားလည်နိုင်စွမ်း၊ မျှော်လင့်ချက်ပန်းတိုင်၊ အရည်အချင်း၊ အိမ်မက်တွေရှိနေပါတယ်။ ဒါတွေကို လေးစားရမယ်ဗျ” လို့ဆိုပါတယ်။

Kimဟာ ကိုရီးယားနိုင်ငံ Chungbuk အမျိုးသားတက္ကသိုလ် နဲ့ Shinhan တက္ကသိုလ်တွေမှာ လက်ထောက်ပါမောက္ခ ၊ ပါမောက္ခအဖြစ် နဲ့ အသီးသီးတာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာတော့ ကိုရီးယားဖွံဖြိုးတိုးတက်မှု သင်တန်းကျောင်းမှာ လက်ထောက်ဥက္ကဌ တာဝန်ကိုထမ်းဆောင်နေပါတယ်။

(၁) Karl Witte (၁၃နှစ် အရွယ်မှာရ)

Johann Heinrich Friedrich Karl Witte ကိုတော့ ၁၈၀၀ပြည့်နှစ် ဇူလိုင်လ(၁)ရက် နေ့မှာ ဂျာမနီနိုင်ငံ Lochau (ယခု schkopauမြို့ရဲ့ အစိတ်အပိုင်းတွင်ပါဝင်)မွေးဖွားခဲ့ပါတယ်။Karl Witte ဟာ ငယ်စဉ်ကတည်းက စာရေးဆရာနဲ့ သင်းအုပ်ဆရာဖြစ်တဲ့ဖခင် Karl Heinrich ရဲ့ဒသနတွေနဲ့ကြီးပြင်းလာခဲ့ပါတယ်။ ဖခင်ရဲ့ပံ့ပိုးပေးမှုကြောင့် သူဟာ အသက်(၉)နှစ်အရွယ်မှာကတည်းက ဂျာမန်၊ပြင်သစ်၊ အီတလီ၊ လက်တင်၊ ဂရိဘာသာ စကားတွေကို တက်မြောက်ပြီးဖြစ်ပါတယ်။ Karl Witte အသက်(၁၃)နှစ်အရွယ်၊၁၈၁၄ ခုနှစ် ဧပြီလ(၁၄)ရက်မှာတော့ သူဟာဂျာမနီနိုင်ငံ Giessen တက္ကသိုလ်ရဲ့ Ph.D ဘွဲ့ကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ဒါအပြင်ဂရင်းနစ်မှတ်တမ်းမှာလည်း ကမ္ဘာပေါ်မှာ အသက်ငယ် ဆုံးသော ပါရဂူဘွဲ့ရရှိသူအဖြစ် မှတ်တမ်းတင်ခြင်းကိုခံခဲ့ရပါတယ်။(ယင်းမှတ်တမ်းကို ယနေ့အချိန်ထိ ချိုးဖြတ်နိုင်တဲ့သူ မရှိသေးပါဘူး)။

Karl Witteရဲ့ ရည်မှန်းချက်ကတော့ ရှေနေတစ်ယောက်ဖြစ်ဖို့ပါ။ ဒီအတွက်ပညာဆက်လက်ဆည်းပူးရန် ၁၈၁၈ ခုနှစ်မှာတော့ အီတလီနိုင်ငံကိုရောက်ရှိလာခဲ့ပါတယ်။ Karl Witte ဟာ စာဖတ်ခြင်းကိုအလွန်ဝါသနာထုံပြီး စာအုပ်၊စာပေတွေကို အလွန်မြတ်နိုးသူဖြစ်ပါတယ်။ အထူးသဖြင့်အလယ်ခေတ်ကထင်ရှားတဲ့ အီတလီကဗျာဆရာ Dante ရဲ့ကဗျာတွေကို အလွန်နှစ်သက်သူဖြစ်ပါတယ်။ Dante Alighieri ရဲ့ကဗျာတွေဟာ အီတလီစာပေလောကရဲ့ ထင်ရှားတဲ့ အမှတ်အသား တွေလည်းဖြစ်ပြီး ထူးချွန်တဲ့ကျောင်းသားတွေကို ဒီနာမည်နဲ့ပညာသင်ဆု ပေးအပ်လေ့ ရှိပါတယ်။Karl Witte ဟာ Dante ရဲ့ပညာသင်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အီတလီကိုရောက်ပြီး ၅နှစ်အကြာ ၁၈၂၃ခုနှစ်မှာတော့ Breslau တက္ကသိုလ်မှာ ပါမောက္ခပြန်ဖြစ်ခဲ့ပါတယ်။ သူဟာ ရိုမန်ဥပဒေ ၊ ဘိုင်ဇန်တိုင်းဥပဒေ ၊ ပါရှန်းဥပဒေတွေကို သင်ကြားပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့သူဟာ ဂျာမန်ဥပဒေပညာရှင်တစ်ယောက်အဖြစ်ရပ်တည်ရင်း ၁၈၈၃ခုနှစ်မှာ ဂျာမနီနိုင်ငံ ဟဲလ်လီမြို့မှာကွယ်လွန်ခဲ့ပါတယ်။

Witte ရဲ့အကြောင်းကို သူ့ရဲ့ဖခင်က The Education of Karl Witte ဆိုတဲ့ စာအုပ်တစ်အုပ်ရေးခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ သူဟာ ဥာဏ်ပညာထက်မြက်ပြီးဖြစ်တဲ့ သားဖြစ်သူကို သိပ္ပံ ၊ ဗဟုသုတ ၊ အနုပညာ ၊ ဘာသာစကား စတဲ့နယ်ပယ်မျိုးစုံမှာ ထူးချွန်တတ်မြောက်စေဖို့ ဘယ်လိုလေ့ကျင့်ပျိုးထောင်ပေးခဲ့တယ်ဆိုတဲ့အကြောင်း ရေးသားထားပါတယ်။ အဲဒီစာအုပ်ဟာ ဂျာမနီမှာ သိပ်နာမည်မကြီးခဲ့ပေမယ့် တရုတ်နိုင်ငံမှာတော့ ယနေ့ထက်တိုင်နာမည်ကြီးလျှက်ရှိပြီး မိမိသားသမီးတွေကို ထူးချွန်စေချင်တဲ့မိဘတွေဟာ ဒီစာအုပ်ထဲက နည်းလမ်းတွေနဲ့ လေ့ကျင့်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။

သုတဇုန်

 

Leave a Reply