ျမန္မာ့ဆုိက္ကား ျဖစ္ေပၚလာပုံ

Posted on

ေရးသားသူ – ဆရာမႀကီး လူထုေဒၚအမာ

၁၃၀၀ျပည့္ အေရးေတာ္ပုံလုိ႔ ျမန္မာ့သမုိင္းမွာ ေမာ္ကြန္းထုိးခဲ့တဲ့ အမ်ဳိးသားလြတ္လပ္ေရး အုံၾကြလႈပ္ရွားမႈႀကီး ကြ်န္မတုိ႔ မႏၱေလးမွာလည္း ျဖစ္ပြားေပၚေပါက္ခဲ့ပါတယ္။ ဒီအခ်ိန္မွာ မႏၱေလးၿမဳိ႕သူ ၿမဳိ႕သားေတြက အမ်ဳိးသားလုပ္ငန္းတစ္ခုျဖစ္တဲ့ ဆုိက္ကားယာဥ္ငယ္ကုိ ၀ုိင္းၿပီး အားေပးလုိက္ၾကေတာ့ ဓာတ္ရထားလုပ္ငန္းဟာ ခြက္ခြက္လန္ေအာင္ရႈံးလုိ႔ အလုပ္ရပ္နားသြားရတာေပါ့။

မႏၱေလးၿမဳိ႕မွာ အဲဒီေခတ္က ၿမဳိ႕သူၿမဳိ႕သားမ်ား စီးနင္းသြားလာဖုိ႔ ျမင္းရထားေခၚတဲ့ ျမင္းတပ္ရထားလုံး နဲ႔ ဓာတ္ရထားပဲ ရွိတယ္။ ရန္ကုန္မွာလုိ လံျခား မရွိဘူး။ ၁၃၀၀ ျပည့္ အေရးေတာ္ပုံကာလႀကီးကို ေရာက္လာေတာ့ အမ်ဳိးသားစီးပြားေရးဟာ အမ်ဳိးသားေတြရဲ႕ လက္ထဲမွာပဲ ရွိရမယ္ ဆုိတဲ့ မူတစ္ခု ေပၚလာၿပီး ေသြးစုပ္ခ်ယ္လွယ္ေနတဲ့ ႏုိင္ငံျခားသားပုိင္ လုပ္ငန္းေတြအေပၚ စီးပြားေရး စစ္မ်က္ႏွာတစ္ခုလည္း အမ်ဳိးသားေတြက ဖြင့္လာၾကတယ္။

အဲဒီအခ်ိန္မွာ စက္အားမပါ ၊ ေလာင္စာဆီမလုိ ၊ လူအားနဲ႔လႈပ္ရွားတဲ့ ယာဥ္ငယ္ဆုိက္ကား ဆုိတဲ့ စီးစရာေလးတစ္ခု ေပၚလာတယ္။ ဆုိက္ကားဆုိတာက စက္ဘီးကေနၿပီး ျဖစ္လာတဲ့ ယာဥ္ကုိး။ အဲဒီေခတ္က ေယာက်ၤားေတြစီးတဲ့ စက္ဘီးအေကာင္းဆုံး ရေလး စပါယ္ရွယ္ ဆုိတာက တစ္စီးမွ ၁၂၅ က်ပ္ ေပးရတာ။ ဟာၾကဴလီ တံဆိပ္ဆုိရင္ အသစ္မွ ၅၀က်ပ္ ကေန ၇၀က်ပ္အထိပဲ တန္ဖုိးရွိတယ္။

အဲဒီေတာ့ ၁၉၃၈ခုႏွစ္ေလာက္မွာ စက္ဘီးအေဟာင္းကို ေညာင္ပင္ေစ်းက ကားေဘာ္ဒီလုပ္တဲ့ဆရာ ဆရာညဳိက ဆုိက္ကားဆုိတဲ့ ေဘးတြဲ တပ္ေပးတယ္။ တပ္ခကလည္း သိပ္မမ်ားေတာ့ ေငြ ၁၀၀က်ပ္ ၊ ၁၅၀က်ပ္ နဲ႔ ဆုိက္ကားတစ္စီး ျဖစ္လာတာပဲ။ ဒီေလာက္ေငြက ျမန္မာေတြတတ္ႏုိင္တဲ့ အရင္းအႏွီးမ်ဳိးျဖစ္ေလေတာ့ ၊ ဆုိက္ကားအစီး ၁၀၀၀ ေလာက္ ေန႔ခ်င္းညခ်င္း မႏၱေလးမွာ ေပၚေပါက္လာေတာ့တယ္။

အဲဒီဆုိက္ကားက ေစ်းခ်ဳိက ၂ျပား ေပးစီးခဲ့ရင္ ဓာတ္ရထားက ပို႔ေပးတဲ့ ၂ျပား ခရီးမ်ဳိးအျပင္ ဓာတ္ရထားမေရာက္တဲ့ လမ္းႀကဳိလမ္းၾကား ၀င္းႀကဳိ၀င္းၾကားအထိ လုိက္ပုိ႔ေပးတယ္ေလ။

မႏၱေလးၿမဳိ႕ ဆုိတာကလည္း တခ်ဳိ႕ၿမဳိ႕ေတြလုိ ရြာႀကီးက တျဖည္းျဖည္းနဲ႔ ၿမဳိ႕ျဖစ္လာတာမ်ဳိး မဟုတ္ဘူး။ မင္းတုန္းမင္းႀကီးက ၿမဳိ႕သစ္တည္ဖုိ႔ စိတ္တုိင္းက်တဲ့ ေျမျပန္႔ ေျမညီတစ္ကြက္ကို ေသေသခ်ာခ်ာေရြးၿပီးမွ အကြက္ေတြခ်ၿပီး တည္ခဲ့တဲ့ၿမဳိ႕။ ဒါေၾကာင့္ နန္းေတာ္ေရွ႕ဆရာတင္က “စည္မ်က္ႏွာကဲ့သုိ႔ ညီညာေပသကို” လုိ႔ မႏၱေလးကို သူ႔ျမနႏၵာ သီခ်င္းထဲမွာ ထည့္ဖြဲ႔ထားတယ္ မဟုတ္လား။

မႏၱေလးမွာ လမ္းေတြက အတက္အဆင္း ၊ အနိမ့္အျမင့္ အလြန္နည္းတယ္။ ၿမဳိ႕ကို အကြက္ခ်ထားၿပီး လမ္းေတြေဖာက္တာ ၊ အကြက္ေတြရဲ႕အလယ္က ၀င္းေတြဖြဲ႔တယ္။ ၀င္းထဲမွာ အရာရွိႀကီးေတြ ေနေစတယ္။ မႏၱေလးၿမဳိ႕ရဲ႕လမ္းေတြက အေရွ႕ ၊ အေနာက္ ၊ ေတာင္ ၊ ေျမာက္ တည့္တည့္တန္းတန္းရွိေနေအာင္ တမင္ေဖာ္ကထားတာ ၊ တစ္ျပ နဲ႔ တစ္ျပ အကြာအေ၀းညီတယ္။ ၀င္းႀကဳိ ၀င္းၾကားေပါတယ္။

မႏၱေလးမွာ ၿဗိတိသွ်အစုိးရက ေက်ာက္လမ္းမုိင္ ၆၀ ခင္းေပးသတဲ့။ ဓာတ္ရထားသြားႏုိင္တာက ၆မုိင္ထဲရွိတာ။ ဆုိက္ကားက မုိင္ ၆၀ စလုံးကို သြားႏုိင္တဲ့အျပင္ လမ္းမရွိတဲ့ ၀င္းႀကဳိ၀င္းၾကားထဲလည္း ၀င္ၿပီး ပို႔ေပးေလေတာ့ ၊ ၿမဳိ႕သူၿမဳိ႕သားေတြက ဆုိက္ကားပဲ စီးၾကတာေပါ့။ အဲဒီမွာ ၁၅၀က်ပ္တန္ ၊ ၂၀၀က်ပ္တန္ ဆုိက္ကားေတြနဲ႔ မယွဥ္ႏုိင္ ၊ မယွဥ္၀ံ့လုိ႔ ဓာတ္ရထားႀကီး သိမ္းလုိက္ရတယ္ဆုိတာ ၾကားၾကားသမွ်ကေတာ့ မယုံႏုိင္စရာႀကီး ျဖစ္ေနတာေပါ့။

ဒါေပမယ့္ တစ္ကယ့္ျဖစ္ရပ္ပဲ။ ဓာတ္ရထားႀကီးခဗ်ာမွာ လက္မွတ္တစ္ေစာင္ တစ္ေန႔လုံး စီးခ်င္ရာစီး ၃ပဲ ၊ စီးႏုိင္ရင္ တစ္ေန႔လုံး ဓာတ္ရထားေပၚက မဆင္းပဲေနခ်င္ေနဆုိၿပီး တစ္ေနကုန္စီးလည္း ၃ပဲ လက္မွတ္ေတြ ဘာေတြေတာင္ လုပ္ၿပီးျပဳတ္ခါနီးမွာ ထိန္းရွာပါေသးရဲ႕။ မရပါဘူး။ တစ္ခါတည္း လုပ္ငန္းပိတ္လုိက္ရပါေရာ။

ဆရာမႀကီး လူထုေဒၚအမာ ရဲ႕ ရတနာပုံမႏၱေလး မႏၱေလး ကြ်န္မတုိ႔မႏၱေလး စာအုပ္မွ

——————-

မြန်မာ့ဆိုက်ကား ဖြစ်ပေါ်လာပုံ (unicode)

ရေးသားသူ – ဆရာမကြီး လူထုဒေါ်အမာ

၁၃၀၀ပြည့် အရေးတော်ပုံလို့ မြန်မာ့သမိုင်းမှာ မော်ကွန်းထိုးခဲ့တဲ့ အမျိုးသားလွတ်လပ်ရေး အုံကြွလှုပ်ရှားမှုကြီး ကျွန်မတို့ မန္တလေးမှာလည်း ဖြစ်ပွားပေါ်ပေါက်ခဲ့ပါတယ်။ ဒီအချိန်မှာ မန္တလေးမြို့သူ မြို့သားတွေက အမျိုးသားလုပ်ငန်းတစ်ခုဖြစ်တဲ့ ဆိုက်ကားယာဉ်ငယ်ကို ဝိုင်းပြီး အားပေးလိုက်ကြတော့ ဓာတ်ရထားလုပ်ငန်းဟာ ခွက်ခွက်လန်အောင်ရှုံးလို့ အလုပ်ရပ်နားသွားရတာပေါ့။

မန္တလေးမြို့မှာ အဲဒီခေတ်က မြို့သူမြို့သားများ စီးနင်းသွားလာဖို့ မြင်းရထားခေါ်တဲ့ မြင်းတပ်ရထားလုံး နဲ့ ဓာတ်ရထားပဲ ရှိတယ်။ ရန်ကုန်မှာလို လံခြား မရှိဘူး။ ၁၃၀၀ ပြည့် အရေးတော်ပုံကာလကြီးကို ရောက်လာတော့ အမျိုးသားစီးပွားရေးဟာ အမျိုးသားတွေရဲ့ လက်ထဲမှာပဲ ရှိရမယ် ဆိုတဲ့ မူတစ်ခု ပေါ်လာပြီး သွေးစုပ်ချယ်လှယ်နေတဲ့ နိုင်ငံခြားသားပိုင် လုပ်ငန်းတွေအပေါ် စီးပွားရေး စစ်မျက်နှာတစ်ခုလည်း အမျိုးသားတွေက ဖွင့်လာကြတယ်။

အဲဒီအချိန်မှာ စက်အားမပါ ၊ လောင်စာဆီမလို ၊ လူအားနဲ့လှုပ်ရှားတဲ့ ယာဉ်ငယ်ဆိုက်ကား ဆိုတဲ့ စီးစရာလေးတစ်ခု ပေါ်လာတယ်။ ဆိုက်ကားဆိုတာက စက်ဘီးကနေပြီး ဖြစ်လာတဲ့ ယာဉ်ကိုး။ အဲဒီခေတ်က ယောင်္ကျားတွေစီးတဲ့ စက်ဘီးအကောင်းဆုံး ရလေး စပါယ်ရှယ် ဆိုတာက တစ်စီးမှ ၁၂၅ ကျပ် ပေးရတာ။ ဟာကြူလီ တံဆိပ်ဆိုရင် အသစ်မှ ၅ဝကျပ် ကနေ ၇ဝကျပ်အထိပဲ တန်ဖိုးရှိတယ်။

အဲဒီတော့ ၁၉၃၈ခုနှစ်လောက်မှာ စက်ဘီးအဟောင်းကို ညောင်ပင်ဈေးက ကားဘော်ဒီလုပ်တဲ့ဆရာ ဆရာညိုက ဆိုက်ကားဆိုတဲ့ ဘေးတွဲ တပ်ပေးတယ်။ တပ်ခကလည်း သိပ်မများတော့ ငွေ ၁၀ဝကျပ် ၊ ၁၅ဝကျပ် နဲ့ ဆိုက်ကားတစ်စီး ဖြစ်လာတာပဲ။ ဒီလောက်ငွေက မြန်မာတွေတတ်နိုင်တဲ့ အရင်းအနှီးမျိုးဖြစ်လေတော့ ၊ ဆိုက်ကားအစီး ၁၀၀၀ လောက် နေ့ချင်းညချင်း မန္တလေးမှာ ပေါ်ပေါက်လာတော့တယ်။

အဲဒီဆိုက်ကားက ဈေးချိုက ၂ပြား ပေးစီးခဲ့ရင် ဓာတ်ရထားက ပို့ပေးတဲ့ ၂ပြား ခရီးမျိုးအပြင် ဓာတ်ရထားမရောက်တဲ့ လမ်းကြိုလမ်းကြား ဝင်းကြိုဝင်းကြားအထိ လိုက်ပို့ပေးတယ်လေ။

မန္တလေးမြို့ ဆိုတာကလည်း တချို့မြို့တွေလို ရွာကြီးက တဖြည်းဖြည်းနဲ့ မြို့ဖြစ်လာတာမျိုး မဟုတ်ဘူး။ မင်းတုန်းမင်းကြီးက မြို့သစ်တည်ဖို့ စိတ်တိုင်းကျတဲ့ မြေပြန့် မြေညီတစ်ကွက်ကို သေသေချာချာရွေးပြီးမှ အကွက်တွေချပြီး တည်ခဲ့တဲ့မြို့။ ဒါကြောင့် နန်းတော်ရှေ့ဆရာတင်က “စည်မျက်နှာကဲ့သို့ ညီညာပေသကို” လို့ မန္တလေးကို သူ့မြနန္ဒာ သီချင်းထဲမှာ ထည့်ဖွဲ့ထားတယ် မဟုတ်လား။

မန္တလေးမှာ လမ်းတွေက အတက်အဆင်း ၊ အနိမ့်အမြင့် အလွန်နည်းတယ်။ မြို့ကို အကွက်ချထားပြီး လမ်းတွေဖောက်တာ ၊ အကွက်တွေရဲ့အလယ်က ဝင်းတွေဖွဲ့တယ်။ ဝင်းထဲမှာ အရာရှိကြီးတွေ နေစေတယ်။ မန္တလေးမြို့ရဲ့လမ်းတွေက အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် တည့်တည့်တန်းတန်းရှိနေအောင် တမင်ဖော်ကထားတာ ၊ တစ်ပြ နဲ့ တစ်ပြ အကွာအဝေးညီတယ်။ ဝင်းကြို ဝင်းကြားပေါတယ်။

မန္တလေးမှာ ဗြိတိသျှအစိုးရက ကျောက်လမ်းမိုင် ၆၀ ခင်းပေးသတဲ့။ ဓာတ်ရထားသွားနိုင်တာက ၆မိုင်ထဲရှိတာ။ ဆိုက်ကားက မိုင် ၆၀ စလုံးကို သွားနိုင်တဲ့အပြင် လမ်းမရှိတဲ့ ဝင်းကြိုဝင်းကြားထဲလည်း ဝင်ပြီး ပို့ပေးလေတော့ ၊ မြို့သူမြို့သားတွေက ဆိုက်ကားပဲ စီးကြတာပေါ့။ အဲဒီမှာ ၁၅ဝကျပ်တန် ၊ ၂၀ဝကျပ်တန် ဆိုက်ကားတွေနဲ့ မယှဉ်နိုင် ၊ မယှဉ်ဝံ့လို့ ဓာတ်ရထားကြီး သိမ်းလိုက်ရတယ်ဆိုတာ ကြားကြားသမျှကတော့ မယုံနိုင်စရာကြီး ဖြစ်နေတာပေါ့။

ဒါပေမယ့် တစ်ကယ့်ဖြစ်ရပ်ပဲ။ ဓာတ်ရထားကြီးခဗျာမှာ လက်မှတ်တစ်စောင် တစ်နေ့လုံး စီးချင်ရာစီး ၃ပဲ ၊ စီးနိုင်ရင် တစ်နေ့လုံး ဓာတ်ရထားပေါ်က မဆင်းပဲနေချင်နေဆိုပြီး တစ်နေကုန်စီးလည်း ၃ပဲ လက်မှတ်တွေ ဘာတွေတောင် လုပ်ပြီးပြုတ်ခါနီးမှာ ထိန်းရှာပါသေးရဲ့။ မရပါဘူး။ တစ်ခါတည်း လုပ်ငန်းပိတ်လိုက်ရပါရော။

ဆရာမကြီး လူထုဒေါ်အမာ ရဲ့ ရတနာပုံမန္တလေး မန္တလေး ကျွန်မတို့မန္တလေး စာအုပ်မှ

Leave a Reply