ရောမမြို့ကြီး မီးလောင်နေတာတောင် တယောထိုးမပျက်တဲ့ နီးရိုးဘုရင်ဆိုတဲ့ စကားကိုကြားဖူးကြမှာပါ။ တကယ်တော့ နီရိုးဘုရင်တယောမထိုးခဲ့ပါ ၊ စောင်းတီးနေသော သူ၏ ရံရွှေတော်များနှင့်အတူ သီချင်းများ အော်ဟစ်သီဆိုခဲ့ခြင်းသာ ဖြစ်ပါတယ်။ မီးလောင်နေတဲ့ မြို့ကြီးထဲ ပြည်သူများ ကြောက်လန့်တကြားပြေးလွှားနေတဲ့ မြင်ကွင်းကို အရသာခံကြည့်နိုင်လောက်တဲ့အထိ ကြောက်စရာကောင်းတဲ့စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရောမပြည်ကြီးကို ပျက်စီးစေခဲ့သော မင်းဆိုးမင်းညစ်အဖြစ် သမိုင်းမှာထင်ရှားခဲ့သူဖြစ်ပါတယ်။
ရောမအင်ပါယာကြီးဟာ နှစ်ပေါင်းငါးရာကျော်ကြာအောင် တည်တံ့ခဲ့ပါတယ်။ ရောမအင်ပါယာရဲ့ တန်ခိုးအဏာစက် အထက်မြက်ဆုံး.. အကြီးကျယ်ဆုံးအချိန်မှာ အဘက်ဘက်သို့ အာဏာစက် ဖြန့်ကျက် ပျံ့နှံ့ခဲ့ပါတယ်။ တောင်ဖက်မှာဆိုရင် အီဂျစ်ပြည်ထိ၊ မြောက်ဘက်မှာဆိုရင်ဗြိတိသျှကျွန်းစုထိ အနောက်ဘက်မှာဆို စပိန်နိုင်ငံ၊ အရှေ့ဘက်မှာဆိုရင် ကက်စပီယံပင်လယ်ထိ သြဇာအာဏာဖြန့်ကျက် သက်ရောက်ခဲ့ပါတယ်။ တစ်ခါတစ်ရံ အဲဒီအင်ပါယာကြီးကို ဆီးနိတ် လွှတ်တော်က အုပ်ချုပ်တယ်။
တစ်ခါတစ်ရံမှာတော့ စစ်ဗိုလ်ချုပ်ကြီးတွေက အုပ်ချုပ်တယ်။ ပထမဦးဆုံး ဧကရာဇ် ဘုရင် အဖြစ် အမည်ခံပြီး အုပ်ချုပ်ခဲ့သူကတော့ သြဂတ်စတပ်ဆီဇာ ဖြစ်ပါတယ်။ သူက ရောမမြို့တော်ကို ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး မြို့တော်ကြီး ဖြစ်အောင် ပြုလုပ်ခဲ့တယ်။ အနယ်နယ် အရပ်ရပ်မှာရှိတဲ့ လက်အောက်ခံ နိုင်ငံတွေကနေ ရောမမြို့တော်သို့ လမ်းမကြီးတွေ ဖောက်လုပ်ဆက်သွယ်စေတဲ့ စနစ်တစ်ခုကိုချမှတ်ခဲ့တယ်။ သူ(သေသွားပြီး)နောက်ပိုင်းသူ့အရိုက်အရာကိုဆက်ခံတဲ့ ဧကရာဇ်တိုင်းကတော့ သူ့လောက် ကြီးကျယ်မြင့်မြတ်မှု ကောင်းမြတ်မှုမရှိကြဘူး။ အဲဒီအထဲမှာ အလွန်ဆိုးတဲ့ တစ်ယောက်ကတော့ နီးရိုး ဘုရင် ပါပဲ။
နီရိုးဘုရင်ကို အေဒီ ၃၇တုန်းက ရောမမြို့ အနီး Anzio မြို့မှာမွေးဖွားခဲ့ပါတယ်။ နီရိုးအသက် ၁၇နှစ်အရွယ်မှာပင် ပထွေးတော်ကလောဒီးယပ်စ်ရဲ့ထီးနန်းကို ဆက်ခံခဲ့ပါတယ်။ အဲဒီအချိန်ကရောမအင်ပါယာရဲ့ အင်အားဟာ တဖြည်းဖြည်းအားလျော့လာတဲ့အချိန်ဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ် နဲ့ ဘုရင်ဖြစ်လာတဲ့ နီရိုးဟာ အလွန်ဆိုးသွမ်းရက်စက်ခဲ့သူဖြစ်ပါတယ်။ မကောင်းတဲ့အရာမှန် သမျှ သူလုပ်ဖူးတယ် ၊ မိန်းမကိစ္စအလွန်ပွေသူဖြစ်တယ် ။ မိခင်အရင်းကိုတောင် ကြင်ယာတော်မြှောက်ခဲ့သည် အထိ ဆိုးခဲ့သူပါ။ လက်အောက်ငယ်သားတွေကိုလည်း ကြက်ကလေး ငှက်ကလေးလို အလွတ်တကူသတ်ဖြတ်ပစ်တတ်သူလည်း ဖြစ်ပါတယ်။
တချို့ကမူ နီရိုးဘုရင်အား တိရစ္ဆာန်စိတ်ပေါက်နေသူဟု ဆိုကြပါတယ်။ ခြင်္သေ့ ၊ ဝံပလွေရေများကို ခြုံကာ လှောင်အိမ်ထဲတွင်နေတတ်သလို လှောင်အိမ်မှ ထွက်သည့်အခါတွင်လည်း လက်ပြန်ကြိုးတုပ်ထားတဲ့ ကျွန်ငယ်များကို ဓားဖြင့် အစိတ်စိတ်အမွှာမွှာ ခုတ်ထစ်သတ်ဖြတ်တတ်သူဖြစ်ပါတယ်။ သူ့ကိုသူ အလွန်ထူးချွန် ထက်မြက်သူဟု အထင်ကြီးလေ့ရှိပါတယ်။ လက်အောက်အမှုထမ်းတွေနဲ့ ရထားပြိုင်တာလုပ်တဲ့အခါ သူ့ကိုအမြဲအနိုင်ပေးရပါတယ်။ တခါတရံကဗျာရေးတယ် ၊ တေးသီချင်းတွေစပ်တတ်တယ် ၊ မည်သူမျှသူ့အား အနုပညာရှင်ဟု မသတ်မှတ်ပေမယ့် သူ့ကိုယ်သူတော့ ပညာရှင်ကြီးသဖွယ်ထင်ခဲ့သူပါ။
မိဖုရားတွေအများကြီးယူတယ် ။ မိဖုရားကြီးပဲ သုံးယောက်ရှိတယ်။ နောက်ဆုံးမိဖုရားက သူ့အမေအရင်းပါ။ မိဖုရားတွေကိုလည်း ချစ်သည်ဟူ၍မရှိ စိတ်မကျေနပ်လျှင်ချက်ချင်းသတ်ဖြတ်တတ်ကာ နောက်ဆုံးမိခင်အရင်းကိုပင် အဆုံးစီရင်ခဲ့သူဖြစ်ပါတယ်။ တခါက ဇာတ်ရုံထဲမှာ သူသီချင်းဆိုပြီး ပြည်သူတွေက ရုံပြည့်တဲ့အထိ ကြည့်ရှု့ရပါတယ် ၊ အဲဒီအချိန်မှာ ငလျှင်လှုပ်တာကြောင့် ပြည်သူတွေခမျာ ဇာတ်ရုံအပြင်ဘက်ထွက်ပြေးချင်ကြပေမယ့် သူ့ကိုကြောက်လို့ မည်သူမျှမလှုပ်ရဲကြပါဘူး။ သူသီချင်းအဆုံး အားလုံးထွက်ပြေးတဲ့အချိန်ကြမှ ဇာတ်ရုံက ပြိုကျသွားတဲ့အတွက် အသက်ဘေးက လွတ်ခဲ့ကြပါတယ်။ အမတ်တွေကတော့ ဘုရင်ကြီးရဲ့ဘုန်းတန်ခိုးကြောင့်လို့ မြှောက်ပင့်ပြောဆိုတာကို အကျေနပ်ကြီးနပ်နေသူပါ။
တိုင်းပြည်အုပ်ချုပ်နေတဲ့ ဘုရင်ဖြစ်သော်လည်း တိုင်းပြည်တိုးတက်ရေးကိုအနည်းငယ်မျှ မစီမံပဲ သုံးဖြုန်းပစ်နေတာကြောင့် သူ့ရဲ့ဘဏ္ဍာတိုက်ဟာ တဖြည်းဖြည်းလျော့ပြီး နောက်ဆုံးကုန်လုနီးပါး အဆင့်ကိုရောက်ခဲ့ပါတယ်။ ကောင်းတဲ့နေရာမှာသာ အကြံမရှိတဲ့ နီရိုးဟာ ဉာဏ်နီဉာဏ်နက်တော့ အလွန်များပါတယ်။ ချမ်းသာကြွယ်ဝတဲ့ သူဌေးများကို သူ့လက်ပါးစေတွေက ရာဇဝတ်သင့်အောင်ဖန်တီးစေပြီး အဲဒီသူဌေးတွေရဲ့ ပစ္စည်း ဥစ္စာတွေကို သိမ်းပစ်ပါတယ်။ ရောမမြို့ကြီးကို ပြုပြင်ရန်ဆိုပြီး ပြည်သူတွေအပေါ် အခွန်တွေ အဆမတန်တိုးမြှင့်ကောက်ခဲ့ပေမယ့် သူ့ရဲ့သုံးဖြုန်းမှုအား မကာမိပါဘူး။ ပြည်သူတွေကလည်း နီရိုးဘုရင်ကို အမုန်းကြီးမုန်းနေပါပြီ။
အေဒီ ၆၄မှာတော့ ရောမမြို့ကြီး မီးအကြီးအကျယ်လောင်ခဲ့ပါတယ်။ Great Fire of Rome လို့နာမည်ကြီးတဲ့ ဒီမီးလောင်မှုကြီးဟာ ၆ရက်ကြာမြင့်ခဲ့ပြီး ရောမမြိုရဲ့အဆောက်အအုံပေါင်းများစွာကို ပျက်စီးစေခဲ့ပါတယ်။ ဒီမီးလောင်ရခြင်းမှာ နီရိုးဘုရင်ကိုယ်တိုင်ရှို့ခြင်းဖြစ်ပြီး ပြည်သူတွေရဲ့ အဖိုးတန်ပစ္စည်းတွေကို လုယက်ချင်တာကြောင့်လို့ ဆိုကြပါတယ်။ နီရိုးဘုရင်ကတော့ ဒါဟာ ခရစ်ယာန်တွေကြောင့်လို့ အပြစ်ပုံချပြီး ပြည်သူတွေနဲ့ ခရစ်ယာန်တွေကို ရန်တိုက်ပေးခဲ့တယ်။ ခရစ်ယာန်အမြောက်အများကို ဖမ်းဆီးပြီး တောရိုင်းတိရစ္ဆာန်တွေထည့်ထားတဲ့ ရောမလူသတ်ကွင်းထဲ လွှတ်ပေးလိုက်တယ်။ ထွက်ပေါက်မရှိတဲ့အတွက် ခြင်္သေ့တွေ ကျားတွေရဲ့သတ်ဖြတ်မှုကြောင့် လူပေါင်းများစွာ သေဆုံးခဲ့တယ်လို့ ဆိုတယ်။
အေဒီ ၆၈ မှာတော့ ဆီးနိတ်ကနေ ထောက်ခံတဲ့အတွက် စစ်ဗိုလ်ချုပ်တွေကပေါင်းပြီး နန်းချလိုက်တယ်။ တစ်ညမှာတော့ နီရိုးဘုရင်နိုးလာတဲ့အချိန် သူအနားမှာ ကိုယ်ရံတော်တစ်ယောက်မှမရှိတော့တာ သိတဲ့အတွက် ကြောက်လန့်တကြားနဲ့ တောထဲကို ထွက်ပြေးခဲ့ပါတယ်။သူ့လက်အောက်က စစ်ဗိုလ် အမတ်တွေကို သူ့ကိုပြည်လည်ပုန်ကန်ဖို့ လူစုနေတဲ့အချိန်ဖြစ်ပါတယ်။ တောထဲမှာပဲနေထိုင်ခဲ့ပြီး မြို့ကိုပြန်လာလျှင် သူ့ကိုညှင်းပမ်းသတ်ဖြတ်မှာကို သိတဲ့အတွက် နောက်ဆုံးမှာတော့ သူ့လည်ပင်းသူ ဓားဖြင့်ထိုးကာ သတ်သေသွားခဲ့ပါတော့တယ်။ အဲဒီအချိန်က သူ့အသက်က ၃၁နှစ်ပဲရှိပြီး ထီးနန်းကို ၁၃နှစ်သာ ခံစားလိုက်ရပါတယ်။
အချို့သမိုင်းပညာရှင်တွေကတော့ နီးရိုးဘုရင်ဟာ သူ့ကို လူတွေက ပြောဆိုစွပ်စွဲသလောက်ကြီး ဆိုးတာ မဟုတ်ပါဘူးလို့ လျှောက်လဲ ပြောကြားရေးသားကြပေမယ့် အများစုကတော့ နီရိုးဘုရင်ကို အဆိုးဆုံး အယုတ်ဆုံး ရောမဘုရင်အဖြစ် အသိအမှတ်ပြုကြပါတယ်။
ဦးသိန်းလွင်ရေး ထူးခြားထင်ရှားပုဂ္ဂိုလ်များ
En Wikipedia
Discussion about this post