မူရင်းရေးသားသူ – Academy Page
ယူဂိုဆလပ် စစ်ပွဲ ဆိုသည်မှာ ၁၉၉၀နှစ်များအချိန်က ယခင် ယူဂိုဆလပ် နိင်ငံတွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခဖြစ်သည် ။ ထိုအချိန်က ယူဂိုဆလပ် ပြည်ထောင်စုတွင် ဖက်ဒရယ် ပြည်နယ် ၆ -ခု ပါဝင်သည် ။ ထိုဖက်ဒရယ်ပြည်နယ်များသည် ( ၁၉၉၁ – ၉၂ ) – ခုနှစ်တွင် ခွဲထွက်ကာ လွတ်လပ်ရေးကြေငြာရာမှ ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည် ။
ပထမ ၊ ဒုတိယ ၊ တတိယ စစ်ပွဲ ၃ -ပွဲ မှာ ၁၉၉၁ မှ ၁၉၉၅ အချိန်အတွင်းဖြစ်ပွားပြီး စတုတ္ထစစ်ပွဲမှာ ၁၉၉၉ – ခုနှစ်တွင်ဖြစ်ပွားခဲ့သည် ။ သမိုင်းပညာရှင်များမှ ထို စစ်ပွဲ ၄ – ပွဲကို ယူဂိုဆလပ် စစ်ပွဲဟုခေါ်သည် ။ ထိုစစ်ပွဲသည် ကမ္ဘာ့သမိုင်း၏ ထင်ရှား သည့် စစ်ပွဲများထဲတွင် တခုအပါအဝင်ဖြစ်သည် ။ ထိုစစ်ပွဲပြီးနောက် ယူဂိုဆလပ် ပြည်ထောင်စုကွဲသွားခဲ့ပြီး ဆလိုဗေးနီးယား ၊ ခရိုအေးရှား ၊ ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနား ၊ မက်ဆီဒိုးနီးယား (ယ္ခင် ယူဂိုဆလပ် ပြည်ထောင်စု ) မွန်တီနီဂရိုး ၊ ဆာဗီးယား နှင့် နိင်ငံသစ် ၆ -နိင်ငံ ပေါ်ထွက်လာခဲ့သည် ။
နောက်ခံသမိုင်း
ဥရောပ အရှေ့တောင်ဖက်ဒေသ သည် ဘီစီ ၃၃၀ – အချိန်က မက်ဆီဒိုးနီးယားဘုရင် Alexander the Great ကြီးစိုးခဲ့ရာဒေသဖြစ်သည် ။ အေဒီ ၄၀၀ – ခန့်မှစ၍ ရောမအင်ပါယာဒေသ ၊ အေဒီ ၁၃၇၁ မှ ၁၉၁၂ အချိန်အထိ အော်တိုမင် အင်ပါယာဒေသဖြစ်ခဲ့သည် ။ ပထမကမ္ဘာစစ်တွင် အော်တိုမင်များ သည် ဂျာမန် များ ဖက်မှဝင်ရောက်တိုက်ခဲ့ကြသည် ။ ပထမ ကမ္ဘာစစ်တွင် ဂျာမန်များစစ်ရှုံးပြီးနောက် အော်တိုမင် အင်ပါယာ ပျောက်ကွယ်ခဲ့သည်။
ယူဂိုဆလပ်နိုင်ငံမှာ ပထမကမ္ဘာစစ် ( ၁၉၁၄ -၁၈ ) အပြီးပေါ် ထွန်းလာသည့် ဘုရင့်နိင်ငံဖြစ်သည် ။ ယူဂိုဆလပ် ၏ အဓိပ္ပါယ်မှာ “land of the South Slavs,” ဟု ဆိုလိုသည် ။ ထိုနိင်ငံအား ဒုတိယကမ္ဘာစစ် ( ၁၉၃၉ -၄၅ ) အချိန်က ဂျာမန် တို့၏ ဝင်ရိုးတန်း နိင်ငံများအဖွဲ့မှ ဝင်ရောက်ဖျက်ဆီးခဲ့ကြသည် ။ ဒုတိယကမ ္ဘာစစ်အပြီး နိင်ငံအား ယူဂိုဆလပ် ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင် Josip Broz Tito မှ ဆိုဗီယက်ပုံစံ ကွန်မြူနစ်စနစ်ဖြင့် ၁၉၄၅ – ခုနှစ်အချိန်မှ စတင်ကာ သူသေဆုံးချိန် ၁၉၈၀ -ခုနှစ်အထိ အုပ်ချုပ်ခဲ့ သည် ။ ယူဂိုဆလပ်နိုင်ငံသည် လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံ ၊ ရိုးရာအစဉ်အလာ ပေါင်းစုံ နှင့် ဘာသာ စကား များစွာပြောဆိုကြသည့်နိုင်ငံဖြစ်သည် ။
၁၉၄၇ -ခုနှစ်တွင် ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ယူဂိုဆလပ် ပြည်ထောင်စုထဲတွင် ဖက်ဒရယ် ပြည်နယ် ၆ -ခု ပါဝင်သည် ။ ထိုပြည်နယ်များမှာ – ဆလိုဗေးနီးယား ၊ ခရိုအေးရှား ၊ ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနား ၊ မက်ဆီဒိုးနီးယား ၊ မွန်တီနီဂရိုး ၊ ဆာဗီးယား ၊ တို့ဖြစ်သည် ။ ဘာလင်ဂရက် မြို့မှာ ဖက်ဒရယ်ပြည်ထောင်စုမြို့တော်ဖြစ်ပြီး ဆာဗီးယား ပြည်နယ်၏မြို့တော်လည်းဖြစ်သည် ။ ထိုပြည်နယ်များတွင် တချို့ပြည်နယ်များမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရပြည်နယ်ဖြစ်ပြီး ၊ တချို့မှာ တပိုင်းတစ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်များ ဖြစ်ကြသည် ။
ပြည်နယ် ၆ – ခုထဲမှာ ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနား ပြည်နယ်မှာ အဓိက လူမျိုးမရှိဘဲ Serb ၊ ခရိုအေးရှား နှင့် မူဆလင် Slavs လူမျိုးများ ပေါင်းစည်းနေထိုင်ကြသည် ။ ထို့အတူ ဆာဗီးယားပြည်နယ်၏ ကိုဆိုဗိုဒေသ တွင် လည်း အလ်ဘေးနီးယား နှင့် Vojvodina လူမျိုးများ နေထိုင်ကြသည် ။
၁၉၈၀ – ခုနှစ်တွင် Josip Broz Tito သေဆုံးပြီးနောက် နိုင်ငံအတွင်း စီးပွားရေး အကြပ်အတည်း ပြသနာ ပေါ်လာခဲ့သည် ။ Josip Broz Tito နေရာကို ဆက်ခံသူများမှာ လည်း ဖက်ဒရယ်ပြည်နယ်များ၏ နိင်ငံရေးပြသနာကို ပြေလည်အောင်မဖြေရှင်းနိင်ခဲ့ကြပေ ။ ထိုကဲ့သို့အကြပ်အတည်း ကြုံတွေ့လာသောအခါ နိုင်ရေးသမားများသည် ပြည်နယ်တစ်ခုမှ တစ်ခုအား အပြစ်တင်လာခဲ့ကြသည် ။
၁၉၈၉ -ခုနှစ်တွင် ဆာဗီးယားကွန်မြူနစ်ပါတီ ဥက္ကဌ Slobodan Milošević ( မီလိုဆီဗစ် ) ဆာဗီးယားပြည်နယ် သမ္မတဖြစ်လာခဲ့သည် ။ ထို့နောက်သူသည် ယူဂိုဆလပ် ဗဟိုအစိုးရ တွင် Serb လူမျိုးများ ကြီးစိုးရေးကို လုပ်ဆောင် လာခဲ့သည် ။ Vojvodina ၊ မွန်တီနီဂရိုးဒေသ မှ အစိုးရ နှင့် ပါတီခေါင်းဆောင်များကို ထိန်းချုပ် လာခဲ့သည် ။ ကိုဆိုဗို နှင့် Vojvodina ဒေသမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်များကို ကန့်သတ်လာခဲ့သည် ။ ကိုဆိုဗို အလ်ဘေးနီးယား ဒေသမှ Serb သူပုန်ထကြွမှုများကို အကူအညီပေးလာခဲ့သည် ။
၁၉၉၀ – အချိန် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲမှု နှင့်အတူ အရှေ့ဥရောပဒေသ တွင် ကွန်မြူနစ်စနစ် ယိမ်းယိုင်လာခဲ့သည် ။ ယူဂိုဆလပ် နိုင်ငံတွင်လည်း ပြည်သူများ၏ တွန်းအားကြောင့် ဖက်ဒရယ်ပြည်နယ် ၆ -ခုလုံးတွင် ပါတီစုံရွေးကောက်ပွဲ ကျင်းပရန် သဘောတူခဲ့ကြရသည် ။
ဖက်ဒရယ်ပြည်နယ်များတွင် ရွေးကောက်ပွဲ ကျင်းပသောအခါ ပြည်နယ်တိုင်း ပြည်နယ်တိုင်းတွင် အနိုင်ရပါတီများမှာ လူမျိုးကို အခြေခံထားသည့် အမျိုးသားရေးပါတီ များဖြစ်လာခဲ့သည် ။ ထိုအခါ ယူဂိုဆလပ် ဗဟိုအစိုးရ ဖွဲ့စည်းရေးတွင် ရှုပ်ထွေးလာခဲ့ကာ ဖက်ဒရယ်ပြည်နယ်များ ခွဲထွက်ရာမှ ပြည်တွင်းစစ်ဖြစ်လာခဲ့သည် ။ နောက်ဆုံး ၁၉၉၁ – ခုနှစ်တွင် ဆလိုဗေးနီးယား ၊ မက်ဆီဒိုးနီးယား နှင့် ခရိုအေးရှားတို့မှ လည်ကောင်း ၊ ၁၉၉၂ – ခုနှစ်တွင် ဘော့စနီးယား နှင့် ဟာဇီဂိုဗီးယား တို့မှ လည်ကောင်း လွတ်လပ်ရေးကြေငြာကာ ခွဲထွက်သွားခဲ့သည် ။
၁၉၉၇ – ခုနှစ်တွင်( မီလိုဆီဗစ် ) မှာ ယူဂိုဆလပ်ပြည်ထောင်စု၏ သမ္မတ ဖြစ်လာခဲ့ပြီး ၂၀၀၀ – ခုနှစ် အောက်တိုဘာလ တွင် လူထု ဆန္ဒပြပွဲကြောင့် ရာထူးမှဖြုတ်ချခံခဲ့ရသည် ။ ၂၀၀၁ – ခုနှစ်တွင် နိုင်ငံတကာ၏ ဖိအားများကြောင့် ( မီလိုဆဗစ် ) အားဖမ်းဆီးပြီး တရားရင်ဆိုင် စေခဲ့သည် ။ ကျန်သည့် ဆာဗီးယား နှင့် မွန်တီနီဂရိုးတို့မှ Federal Republic of Yugoslavia (FRY) အဖြစ် ၂၀၀၃ – ခုနှစ်တွင် တဖန် ပူးပေါင်းခဲ့ကြသည် ။ ၂၀၀၆ – ခုနှစ်တွင် ထိုနှစ်နိင်ငံ မှာလည်း ကွဲထွက်သွားခဲ့ပြီး ဆာဗီးယားနိုင်ငံ နှင့် မွန်တီနီဂရိုး နိင်ငံဖြစ်လာခဲ့သည် ။
စစ်ပွဲများ
ပထမ စစ်ပွဲ မှာ ၁၉၉၁ – ဇွန်လ နှင့် ဇူလိုင်လ အချိန်က ဆလိုဗေးနီးယားဒေသ တွင်ဖြစ်ပွားခဲ့သည့် ဆလိုဘေးနီးယား စစ်ပွဲ ဖြစ်သည်။
ဒုတိယ စစ်ပွဲ မှာ ခရိုအေးရှားဒေသ တွင် ၁၉၉၁ -ဒီဇင်ဘာလ နှင့် ၁၉၉၅ – ခုနှစ် နွေရာသီ တွင် ဖြစ်ပွားခဲ့သည့် ခရိုအေးရှားစစ်ပွဲ ဖြစ်သည်။
တတိယ စစ်ပွဲမှာ ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနားဒေသတွင် ၁၉၉၂ မှ ၁၉၉၅ – ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနားစစ်ပွဲ ဖြစ်သည်။
ဒုတိယ နှင့် တတိယစစ်ပွဲ တွင် ပျက်စီးဆုံးရှုံးမှုများခဲ့ပြီး အရပ်သားအများစု အပါအဝင် လူဦးရေ သိန်းချီသေဆုံးခဲ့ကာ ၊ ဒုက္ခသည်ပေါင်း ၂.၅ -သန်း အထိ အခြားဒေသများသို့ထွက်ပြေးခိုလှုံ ခဲ့ကြရသည် ။ စတုတ္ထစစ်ပွဲကို ကိုဆိုဗိုစစ်ပွဲဟုခေါ်ပြီး ၁၉၉၉ – မတ်လမှ ဇွန်လအထိ ကြာမြင့်ခဲ့သည် ။
ဆလိုဘေးနီးယား စစ်ပွဲ
၁၉၉၁ – ဇွန်လ ၂၅ တွင် ဆလိုဗေးနီးယား ဒေသ မှ လွတ်လပ်ရေး ကြေငြာကာ ခွဲထွက်သွားခဲ့သည် ။ နောက် ၂ – ရက်အကြာတွင် ယူဂိုဆလားဗီးယား ဖက်ဒရယ်အစိုးရမှ စစ်တပ်စေလွှတ်ပြီး ယူဂိုဆလပ် နယ်နမိတ် အား ထိန်းသိမ်းရန် ကြိုးစားခဲ့ သည် ။ သို့သော်လည်း စွမ်းရည်ပြည့်ဝသည့် ဆလိုဗေးနီးယား စစ်သည်များမှ ယူဂိုဆလပ် စစ်တပ်ကို မောင်းထုတ် နိင်ခဲ့ ကြသည် ။ ထိုစစ်ပွဲသည် ၁၀ -ရက်ခန့်သာ ကြာမြင့်ခဲ့သည် ။
၁၉၉၁ – ဇူလိုင်လ အစောပိုင်းမှာပင် ယူဂိုဆလပ် ပြည်ထောင်စုမှ ဆလိုဗေးနီးယား နိင်ငံခွဲထွက်သွားခဲ့သည် ။ ၁၉၉၂ – ဇွန်နဝါရီလ အချိန်တွင် ဆလိုဗေးနီးယားနိင်ငံ လွတ်လပ်ရေးအား ဥရောပသမဂ္ဂမှ အသိအမှတ်ပြုခဲ့ကြပြီး မကြာမီမှာပင် အမေရိကန်ပြည်ထောင်စုမှ အသိအမှတ်ပြုခဲ့သည် ။
ခရိုအေးရှားစစ်ပွဲ
ခရိုအေးရှားဒေသ သည် ဒုတိယကမ္ဘာစစ်အချိန်က puppet state ( ရုပ်သေးအစိုးရအုပ်ချုပ်) သည့် ပြည်နယ် ဖြစ်ပြီး ဂျာမနီ၏ မဟာမိတ်ပြည်နယ်ဖြစ်ခဲ့သည် ။ ဒုတိယကမ ္ဘာစစ်အချိန်က Ustaše ဥိးဆောင်သည့် ခရိုအေးရှားစစ်တပ်ကြောင့် Serbs လူမျိုး သိန်းချီသေ ဆုံးခဲ့ဖူးသည် ။
ခရိုအေးရှားပြသနာ မှာ ၁၉၉၀ – အချိန်မှ စတင်ခဲ့သည် ။ ၁၉၉၀ – မေလ ရွေးကောက်ပွဲတွင် Croatian Democratic Union ပါတီမှ အနိင်ရရှိခဲ့သည် ။ ၁၉၉၁ – ဇွန်လ အချိန်တွင် ခရိုအေးရှားပါလီမန်၏ ဆုံးဖြတ်ချက် နှင့်အတူ ခရိုအေးရှားလွတ်လပ်ရေး ကြေငြာခဲ့ကြသည် ။ ၁၉၉၁ -နိုဝင်ဘာလ တွင် ခရိုအေးရှား၏လွတ်လပ်ရေးအား အမေရိကန် နှင့် ဥရောပနိင်ငံများမှ အသိအမှတ်ပြုခဲ့ကြသည် ။ သို့သော်လည်း ခရိုအေးရှား၏ Krajina’s ဒေသ တွင် နေထိုင်ကြသည့် Serb များသည် ခရိုအေးရှားမှခွဲထွက်ကာ ဆာဗီးယား နှင့်ပူးပေါင်းလိုကြသည် ။ ထိုအခါ ယူဂိုဆလားဗီးယားစစ်တပ်မှ Krajina’s ဒေသရှိ Serb များ ကို ဝင်ရောက်ကူညီရာမှ ခရိုအေးရှား စစ်ပွဲဖြစ်ပွားလာခဲ့ရသည် ။
ကုလသမဂ္ဂ နှင့် နိင်ငံတကာမှ ဝင်ရောက်ဖြေရှင်းပေးမှု နှင့်အတူ ၁၉၉၂ – ဇွန်နဝါရီလ တွင် စစ်ပွဲကို ရပ်ဆိုင်းနိင်ခဲ့ပြီး ယူဂိုဆလပ် စစ်တပ်မှ ဆုတ်ခွာပေးခဲ့သည် ။ ထိုနေရာတွင် ကုလငြိမ်းချမ်းရေးတပ် ၁၄၀၀၀ -ကို ချထားပြီး တည်ငြိမ်အောင် ထိန်းချုပ်ခဲ့ကြသည် ။ သို့သော်လည်း ၁၉၉၅ – ခုနှစ်မေလ တွင် တဖန် ခရိုအေးရှားတပ်များသည် Krajina ဒေသ ရှိ Serbs များကို မောင်းထုတ်ခဲ့သဖြင့် စစ်ပွဲတဖန်ဖြစ်ပွားခဲ့ပြန်သည် ။ နိုင်ငံတကာ၏ ဝင်ရောက်ဖြန်ဖြေမှုကြောင့် စစ်ပွဲပြီးဆုံးခဲ့သော်လဲ Krajina ဒေသ မှ Serbs လူမျိုးအများအပြားသည် တခြားဒေသ သို့ဆုတ်ခွာထွက်ပြေး သွားခဲ့ကြသည် ။ ဤစစ်ပွဲကို သမိုင်းတွင် လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုစစ်ပွဲအဖြစ် မှတ်တမ်းတင်ထားခဲ့ကြသည် ။
ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနားစစ်ပွဲ
ဤဒေသ ကိုအများအားဖြင့် ဘော့စနီးယားဟုခေါ ကြသည် ။ တချိန်က Serbs နှင့် ခရိုအေးရှား လူမျိုးများစု အများဆုံး နေထိုင်ရာဒေသဖြစ်သည် ။ ၁၉၉၀ – အချိန်တွင် ဘော့စနီးယားဒေသ၌ ( Bosniaks ) ခေါ ် မူဆလင် Slavs လူမျိုး ၄၄% ( ၄.၄ – သန်း ) ၊ Serbs လူမျိုး ၃၁ % ၊ ခရိုအေးရှားလူမျိုး ၁၇% ခန့်အထိရှိလာခဲ့သည် ။
၁၉၉၀ – တွင် ဘော့စနီးယား ဒေသ ၌ ပါတီစုံ ရွေး ကောက်ပွဲ စတင် ကျင်းပရာ မူဆလင် Slavs လူမျိုး များကြီးစိုးသည့် PDA ပါတီမှ အနိင်ရရှိခဲ့သည် ။ ၁၉၉၁ – အချိန်တွင် ခရိုအေးရှား နှင့် ဆလိုဗေးနီးယားတို့ လွတ်လပ်ရေး ရရှိလာသောအခါ ဘော့စနီးယား မှလည်း ခွဲထွက်ရန်ကြိုးစားလာခဲ့သည် ။ ၁၉၉၁ – မတ်လ အချိန်တွင် ဘော့စနီးယား ပါလီမန်၌ ယူဂိုဆလားဗီးယားမှ ခွဲထွက်ရေး မဲခွဲဆုံးဖြတ်ပြီး လွတ်လပ်ရေးကြေငြာခဲ့ကြသည် ။ သို့သော်လည်း ထိုကြေငြာချက်ကို Serbs လူမျိုး နှင့် ခရိုအေးရှားလူမျိုး များ ပေါင်းစည်းထားသည့် SDA ပါတီမှ သပိတ်မှောက် ကန့်ကွက်ခဲ့ကြသည် ။ ထိုအချိန်မှစ၍ ဘောစနီးယားဒေသ တွင် ပဋိပက္ခ စတင်လာခဲ့သည် ။
၁၉၉၂ – ခုနှစ်ဧပြီလ အချိန်တွင် မေရိကန် နှင့် ဥရောပ သမဂ္ဂမှ ဘော့စနီးယားလွတ်လပ်ရေးကို အသိအမှတ်ပြုလိုက်သောအခါ ပြသနာမှာ ပို၍ရှုပ်ထွေးလာခဲ့သည် ။ ထိုအခါ ယူဂိုဆလပ် စစ်တပ်မှ ဘော့စနီးယားနယ်မြေထဲသို့ Serb တပ်ဖွဲ့ကိုစေလွှတ်ခဲ့သည် ။ Serb စစ်တပ်မှ မူဆလင်ကျေးရွာများကို ဝင်ရောက်ဖျက်ဆီးရာမှ အစုလိုက်သတ်ဖြတ်မှုများပေါ်ပေါက် လာခဲ့သည် ။ ထိုအခါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဖြင့် ကုလငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်သား ၇၀၀၀ -ကို ဘော့စနီးယား သို့ စေလွှတ်ခဲ့ရသည် ။
၁၉၉၃ – အချိန်တွင် ခရိုအေးရှားတပ်များမှလည်း ဘော့စနီးယားအလယ်ပိုင်း မူဆလင် ကျေးရွာများကို ထိန်းချုပ်လာခဲ့သည် ။ ၁၉၉၄ – အချိန်တွင် ကုလငြိမ်းချမ်းမှုတပ်အင်အားမှာလည်း ၂၄၀၀၀ – အထိရှိလာခဲ့သည် ။ နိုင်ငံတကာမှ ငြိမ်းချမ်းရေးအတွက်ဝင်ရောက် ကြိုးစားခဲ့ကြသော်လဲ ဘောစနီးယားရှိ လူမျိုးစု ၃ – စု ၏ ပြသနာမှာ ၁၉၉၅ – အချိန် အထိ ပြီးဆုံးခြင်းမရှိခဲ့ပေ ။
၁၉၉၅ – မေလ အချိန်တွင် Serb တပ်များမှ ဆာရာဂျေဗိုမြို့ကို ဗုံးကြဲ တိုက်ခိုက်ပြန်ရာနေတိုးတပ်ဖွဲ့မှ Serb တပ်စခန်းကိုပြန်လည်ဗုံးကြဲခဲ့ကြသည် ။ အချိန် ၃ -ပတ်ကြာမျှ ဆွေးနွေးပြီးနောက် ၊ ၁၉၉၅ – နိုဝင်ဘာလတွင် ဘော့စနီးယားအစိုးရ နှင့် Serb စစ်တပ် တို့အကြားငြိမ်းချမ်းရေးလက်မှတ်ထိုးနိုင်ခဲ့ကြသည် ။ သို့သော်လည်း ကုလငြိမ်းချမ်းရေးတပ်အင်အား ၆၀၀၀၀ – အထိ ထားရှိကာ တည်ငြိမ်မှုကို ထိန်းချုပ်ခဲ့ရသည် ။ ဘောစနီးယားစစ်ပွဲ ၃ – နှစ်တာ အချိန်အတွင်း လူ ၁ – သိန်းခန့်သေ ဆုံး လိမ့်မည်ဟု ခန့်မှန်းကြပြီး လူမျိုးစု တစု နှင့်တစုအကြား လူမျိုးတုန်းသတ်ဖြတ်မှု အဖြစ် သမိုင်းတွင်ကျန်ရစ်ခဲ့သည့် စစ်ပွဲတပွဲဖြစ်သည် ။
ကိုဆိုဗိုစစ်ပွဲ
ကိုဆိုဗိုဒေသ သည် ဆာဗီးယားပြည်နယ် အနောက်တောင်ဖက်တွင် တည်ရှိသည် ။ တချိန်က Serbs လူမျိုးအများစုနေထိုင်ခဲ့ကြသော်လည်း ၂၀ – ရာစုအချိန်တွင်အများစု ၈၀% ခန့်မှာ အလ်ဘေးနီးယား လူမျိုးများဖြစ်ကြသည် ။
ကိုဆိုဗိုဒေသ မှ အလ်ဘေးနီးယား လူမျိုးတချို့သည် ယူဂိုဆလပ် နိင်ငံ ထူထောင်ချိန်မှစ၍ ဆာဗီးယားပြည်နယ်တွင် ပုံကန် နေခဲ့ကြသည် ။ သူတို့၏ရည်ရွယ်ချက်မှာ ဆာဗီးယားဒေသမှခွဲထွက်ပြီး အနီးရှိ အလ်ဘေးနီးယားနိုင်ငံ နှင့် ပူးပေါင်းလိုခြင်းဖြစ်သည် ။ ၁၉၆၈ – အချိန်မှစ၍ ယူဂိုဆလပ် ကွန်မြူနစ်ပါတီခေါင်းဆောင် Tito မှ ကိုဆိုဗိုဒေသ ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးခဲ့ကာ နောင်တွင် ကိုဆိုဗို အလ်ဘေးနီးယားပြည်နယ်အဖြစ် ခွဲထွက် ရပ်တည်ရန် ရည်ရွယ်ခဲ့သည် ။
Tito သေဆုံးပြီးနောက် ၁၉၈၁ – ခုနှစ်တွင် ကိုဆိုဗို အလ်ဘေးနီးယား တို့သည် ယူဂိုဆလပ်နိင်ငံတွင် သီးခြားလွတ်လပ်သည့် ပြည်နယ်တောင်းဆိုလာကြသည် ။ ၁၉၈၉ – ခုနှစ်တွင် ဆာဗီးယားတွင် Miloševic အာဏာရရှိလာသောအခါ ကိုဆိုဗိုပြသနာမှာပို၍ ရှုပ်ထွေးလာခဲ့သည် ။ Serbs လူမျိုးများ နှင့် ( မီလိုဆဗစ် ) တို့မှ ကိုဆိုဗိုလွတ်လပ်ရေးလှုပ်ရှားမှုများကို မနှစ်သက်ကြပေ ။ နောက်ပိုင်း ကိုဆိုဗိုဒေသ ၊ အလ်ဘေးနီးယား လူမျိုး မြေအောက်လှုပ်ရှားသူများ မှ ကိုဆိုဗို လွတ်မြောက်ရေး စစ်တပ် (KLA ) ကို ဖွဲ့စည်းကာ တောင်ကုန်းဒေသတွင် တပ်စွဲ လာခဲ့ကြသည် ။ ၁၉၉၇ – ၉၈ -ခုနှစ်တွင် (KLA ) တပ်ဖွဲ့များမှ ဆာဗီးယားရဲစခန်းများကို ဝင်ရောက်တိုက်ခိုက် လာခဲ့ကြသည် ။
၁၉၉၈ – မတ်လတွင် ယူဂိုဆလပ် စစ်တပ်သည် ဆာဗီးယားရဲ တပ်ဖွဲ့များ နှင့်ပူးပေါင်းကာ KLA တပ်ဖွဲ့ များ သာမက သူတို့နှင့် ပူးပေါင်းသူများ အားလဲ ချေမှုန်းခဲ့ရာ လူရာပေါင်းများစွာသေဆုံးခဲ့ရသည် ။ ကိုဆိုဗို အလ်ဘေးနီးယား ၂ -သိန်းခန့်မှာ နေအိမ်များမှ မောင်းထုတ်ခံခဲ့ရသည် ။ ထိုမောင်းထုတ်ခံရသည့်သူများမှာလည်း KLA တပ်ဖွဲ့များ နှင့်ပူးပေါင်းကာ ယူဂိုဆလပ် စစ်တပ်ကို တန်ပြန်ခုခံရာမှ ပြသနာပိုမိုကြီးထွားလာခဲ့သည် ။ သာမန်အရပ်သားများမှာလည်း လူမျိုးရေးကို အကြောင်း ပြုကာ ဓါးစာခံဖြစ်လာခဲ့သည် ။
နောက်ဆုံးတွင် စစ်ပွဲထဲသို့နေတိုးတပ်ဖွဲ့မှ ပါဝင်လာခဲ့သည် ။ ၁၉၉၈ – အောက်တိုဘာလတွင် နေတိုးတပ်ဖွဲ့မှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီး ယူဂိုဆလပ် တပ်များအား ဆုတ်ခွာစေကာ ( မီလိုဆဗစ် ) အား ကိုဆိုဗို အလ်ဘေးနီးယား ခေါင်းဆောင်များ နှင့် စေ့စပ်ဆွေးနွေးမှု ပြုလုပ်စေခဲ့သည် ။ သို့သော်လည်း KLA တပ်များသည် အင်အားပြန်စုကာ ဆာဗီယားတပ်များကို ပြန်လည်ထိုးစစ်ဆင်ရာ ဆာဗီးယားတပ်များသည် အလ်ဘေးနီးယားကျေးရွာများကို ခံတပ်လုပ်ပြီး အရပ်သားများကို လူမျိုးတုံးသတ်ဖြတ်ခဲ့ကြသည် ။
ကိုဆိုဗိုဒေသ တွင် အလ်ဘေးနီးယားလူမျိုး ၁.၅ သန်းခန့် သေဆုံးခဲ့လိမ့်မည်ဟု နိင်ငံတကာမှခန့် မှန်းခဲ့ကြသည် ။ ၁၉၉၉ – ဖေဖေါ်ဝါရီ နှင့် မတ် လတွင် ပြင်သစ်နိင်ငံ၌ ( မီလိုဆဗစ် ) အစိုးရ နှင့် KLA ခေါင်းဆောင်များ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ ။ နောက်ဆုံး နေတိုးအဖွဲ့၏ လေကြောင်းတိုက်ခိုက်မှု နှင့်အတူ မြေပြင်တပ်များ ကိုဆိုဗိုသို့ရောက်ရှိလာခဲ့ကြသည် ။
၁၉၉၉ -ဇွန်လတွင် ( မီလိုဆဗစ် ) မှ ငြိမ်းချမ်းရေး အစီအမံကို လက်ခံခဲ့သော်လည်း ကိုဆိုဗိုဒေသ အား ယခင်ယူဂိုဆလပ် ပြည်ထောင်စုထဲတွင် ထားရှိကာ နေတိုး နှင့် ကုလသမဂ္ဂ မှ ကာကွယ် စောင့်ရှောက်ရန် တောင်းဆိုခဲ့သည် ။ ထို့နောက်နေတိုးတပ်ဖွဲ့မှဆုတ်ခွာကာ ကုလငြိမ်းချမ်းရေးတပ်များကို ချထားခဲ့ကြသည် ။ ကုလငြိမ်းချမ်ရေးတပ်များချထားစဉ်မှာပင် KLA တိုက်ခိုက်ရေးသမားများသည် ကိုဆိုဗိုဒေသတွင်ကျန်ရှိနေသည့် Serbs လူမျိုးများ ၊ ရော်မန်များ ၊ မူဆလင် Slavs နှင့် တာကီ များ စသည့် အလ်ဘေးနီးယား လူမျိုးမဟုတ်သည့်သူများကို ပြန်လည်မောင်းထုတ်ရာမှ ဒုတိယ အကြိမ် လူမျိုးတုန်းသတ်ဖြတ်မှု ပေါ်ပေါက်လာခဲ့ပြန်သည် ။
၂၀၀၀ -ခုနှစ်အောက်တိုဘာတွင် ကုလသမဂ္ဂမှဦးဆောင်ပြီး ကိုဆိုဗိုဒေသ တွင် ရွေးကောက်ပွဲကျင်းပခဲ့ရာ အလ်ဘေးနီးယား လူမျိုးကြီးစိုးသည့်ပါတီမှ အနိင်ရရှိခဲ့သည် ။ ၂၀၀၅ – ခုနှစ်တွင် ကိုဆိုဗိုဒေသမှ ကုလငြိမ်းချမ်းရေးတပ်အား အင်အား ၅ -သိန်းမှ ၁၇၀၀၀ အထိလျော့ချခဲ့ကြသည် ။ ကိုဆိုဗိုစစ်ပွဲပြီးနောက် ၂၀၀၆ -ခုနှစ်တွင် ယူဂိုဆလပ် ပြည်ထောင်စုမှ ဆာဗီးယားနိင်ငံ နှင့် မွန်တီနီဂရိုး နိင်ငံဟု နှစ်နိင်ငံကွဲကွာသွားခဲ့သည် ။ သို့သော်လည်း ကိုဆိုဗို ဒေသ မှာ မည်သည့်အချိန်တွင် ဆာဗီးယား ( သို့ ) ယူဂိုဆလားဗီယား နိင်ငံ မှ ခွဲထွက်မည် ( သို့ ) ပူးပေါင်းမည်ကို မဆုံးဖြတ်သေးဟု ဆိုသည် ။
စစ်ပွဲ၏အကျိုးဆက်
စစ်ပွဲကြောင့် ယူဂိုဆလပ်ဗီးယားပြည်ထောင်စု ပြိုကွဲခဲ့ရပြီး လွတ်လပ်သည့် နိင်ငံ ၆ -နိင်ငံပေါ်ထွက် လာခဲ့သည် ။ ၎င်းတို့မှာ ဆလိုဗေးနီးယား ၊ ခရိုအေးရှား ၊ မက်ဆီဒိုးနီးယား ( ယ္ခင်ယူဂိုဆလပ်ဗီးယား ) ၊ ဘောစနီးယား နှင့် ဟာဇီကိုဗီးနား ၊ ဆာဗီးယား ၊ မွန်တီနီဂရိုးနိုင်ငံ တို့ ဖြစ်ကြသည် ။ ထို့အတူ ဆာဗီးယား၏ အစိတ်အပိုင်းဖြစ်သည့် ကိုဆိုဗိုဒေသ မှာ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်မှ စောင့်ရှောက်သည့် ဒေသဖြစ်လာခဲ့သည် ။
အထူးသဖြင့် ခရိုအေးရှား ဒေသ နှင့် ဘော့စနီးယားဒေသ တွင် လူမျိုးတုံးသတ်ဖြတ်မှုများ ပေါ်ပေါက်ခဲ့ပြီး ယနေ့အချိန်အထိ နေရပ်စွန့်ခွာသူအနည်းငယ်မျှ သာပြန်လာခဲ့ကြသည် ။ ဆလိုဗေးနီးယား ဒေသမှလွဲ၍ ကျန်ဒေသ များတွင် စစ်ပွဲကြောင့် ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး စီးပွားရေး ၊ လူမှုရေးကြောင့် ပြန်လည်ထူထောင်ရေးမှာ အချိန်များစွာကြာမြင့်ခဲ့ရသည် ။ ကိုဆိုဗို ဒေသ နှင့် ဘော့စနီးယားဒေသများတွင် ဖြေရှင်းမရသည့်ပြသနာများစွာ ကျန်ရှိနေခဲ့ကာ နယ်မြေတည်ငြိမ်မှုမရှိဘဲ လက်နက်ကိုင် ပဋိပက္ခ အသစ်များ ပေါ်ပါက်လာခဲ့သည် ။
၁၉၉၉ – အချိန် ရောက်မှ ခရိုအေးရှားဒေသ တွင် လူမျိုးရေးကို အခြေခံသည့်နိင်ငံရေးမှ ဒီမိုကရက်ကို အခြေခံသည့် နိင်ငံရေးစနစ် ဖြစ်ပေါ်လာခဲ့သည် ။ ယူဂိုဆလပ် စစ်ခေါင်းဆောင်များသည် စစ်ပွဲအတွင်း စစ်ရာဇဝပ်မှု များစွာကိုကျူးလွန်ခဲ့ကြသည် ။ ကုလသမဂ္ဂ လုံချုံရေးကောင်စီ၏ ဆုံးဖြတ်ချက်နှင့်အတူ ၁၉၉၈ – ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝါတ်ခုံရုံး (ICC) အား နယ်သာလန်နိင်ငံ Hague မြို့တွင် ထူထောင်ခဲ့ကြသည် ။
၂၀၀၂ – ခုနှစ်တွင် ယခင် ဆာဗီးယားသမ္မတဟောင်း ( မီလိုဆဗစ် ) အား စစ်ရာဇဝတ်မှု ဖြင့်ခုံရုံးတင် စစ်ဆေးခဲ့ကြသည် ။ ၂၀၀၆ – ခုနှစ်တွင် ကျန်းမာရေးချို့ယွင်းမှုကြောင့် ( မီလိုဆဗစ် ) ကွယ်လွန်သွားခဲ့ပြီးနောက် စစ်ခုံရုံးတရားစီရင်မှုမှာလည်း ပြီးဆုံးသွားခဲ့ရသည် ။
Academy Page
Discussion about this post