ကမ္ဘာကျော် ဥမင်လှိုဏ်ခေါင်းကြီး ၇ခု

Posted on

ရေးသားသူ – သမန်းကျား(ရတနာပုံနေ့စဉ်)

လူသားတို့ရဲ့ ဗိသုကာပညာနဲ့  သဘာဝအတားအဆီးတွေကို မရ၊ရတဲ့နည်းနဲ့  ဖြတ်သန်းကျော်လွှားကြပုံဟာ အားရစရာပဲ ဆိုတာကို ကမ္ဘာကျော်ဥမင်လိုဏ်ခေါင်းကြီးတွေက သက်သေပြနေပါတယ်။ ဥပမာ ၂၀၁၆ ဇွန် (၁) ရက်က စတင် ဖွင့်လှစ်ခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံ၊ အဲလ်ပ်စ်တောင်တန်းဥမင်လိုဏ်ခေါင်းဟာဆိုရင် ကမ္ဘာ့အရှည်ဆုံးနဲ့ အနက်ဆုံး ရထားသံလမ်း ဥမင် အဖြစ် စံချိန်တင်ခဲ့ပါတယ်။

Gotthard Base Tunnel

အဲဒါ Gotthard Base Tunnel ပေါ့။ အဲလ်ပ်စ်တောင်တန်းကိုဖြတ်ပြီး အရှည်(၅၇)ကီလိုမီတာတောင်ရှိတဲ့ ဥမင်ကြီး ပါ။ ဆွစ်ဇာလန်နိုင်ငံအတွက်တော့ (၂၁)ရာစုမှာ အထူးခြားဆုံးတည်ဆောက်မှုဖြစ်ခဲ့ပါတယ်။ ဒီဥမင်ကြီးကို အချိန် (၁၇)နှစ်ကြာ တည်ဆောင်ခဲ့ရပြီး ကုန်ကျမှု အမေရိကန်ဒေါ်လာ (၁၂)ဘီလီယံဖြစ်ပါတယ်။

ဒီဥမင်ကြီးရဲ့ ဖွင့်ပွဲကို ဂျာမန်နိုင်ငံရဲ့ အဓိပဓိ အိန်ဂျယ်လာမာကယ် နဲ့  ပြင်သစ်သမ္မတ ဖရန်ကိုဟော်လန် တို့ အပါအ၀င် ဥရောပနိုင်ငံ အတော်များများရဲ့  နိုင်ငံအကြီးအကဲတွေ တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။

အနက်ပေ (၇၅၄၇) ကနေတူးထားတဲ့ ဒီဥမင်ကြီးဟာ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့  အီတလီ နိုင်ငံတို့ ကိုဖြတ်သန်းသွားပြီး လမ်းပေါ်မောင်းချိန်ထက် အချိန် (၁) နာရီ သက်သာစေမှာ ဖြစ်ပါတယ်။ (၅၇) ကီလိုမီတာအကွာအဝေးကို တစ်နာရီ ၁၅၅ မိုင်နှုန်းမောင်းတဲ့ရထားတွေက မိနစ် (၂၀) နဲ့  ဖြတ်နိုင်ကြပါတယ်။

ဒီဇင်ဘာ (၁၁) မှာ ဒီ Gotthard Base Tunnel ကို ခရီးသည်တင်ရထားတွေ ပထမဆုံး စတင်ခုတ်မောင်းခဲ့ပါတယ်။ ဒီဥမင်ကြီးကိုတည်ဆောက်တဲ့အခါ ကြေးနီကေဘယ်ကြိုးကြီးတွေ အရှည် ၃၂၀၀ ကီလိုမီတာအထိ အသုံးပြုခဲ့ပါတယ်။

Channel Tunnel

နောက်တစ်ခုက Channel Tunnel ပါ။ UK နဲ့  ဥရောပတိုက်ငယ်ကို ဆက်သွယ်ပေးထားတဲ့ ဒီဥမင်လှိုဏ်ခေါင်းဟာ ကမ္ဘာပေါ်မှာ ဒုတိယ အရှည်ဆုံး ပင်လယ်ရေအောက်ဥမင်လှိုဏ်ခေါင်း ဖြစ်ပါတယ်။ ပင်လယ်ရေအောက်အပိုင်းကိုက ၂၃.၅ မိုင် ရှိပါတယ်။ တစ်ကယ်တော့ ပြင်သစ်အင်ဂျင်နီယာ Albert Mathieu ဆိုသူဟာ ၁၈၀၂ ခုနှစ်ကတည်းက အင်္ဂလိပ် ရေလက်ကြားကိုဖြတ်ပြီး ရေအောက်ဥမင်လှိုဏ်ခေါင်း တည်ဆောက်ဖို့  အဆိုတင်သွင်းခဲ့ပါတယ်။

သူ့ ရဲ့ အဆိုထဲမှာ ရေလက်ကြားအလယ်လောက်မှာ ကျွန်းအတုဖန်တီးတည်ဆောက်ပြီး ရထားတွေကို ပြုပြင်ဖို့ လိုအပ်လာရင် မြင်းဆွဲ လှည်းတွေနဲ့  သွားရောက်နိုင်ဖို့  ပါရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းကမဆောက်ဖြစ်ခဲ့ဘဲ ၁၉၈၈ မှာမှ စတင်တည် ဆောက်နိုင်ခဲ့ပြီး ၁၉၉၄ မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အရှည် (၃၁)မိုင်ရှိတဲ့ ဒီဥမင်လှိုဏ်ခေါင်းကြီးကို အင်္ဂလိပ်နဲ့  ပြင်သစ် တို့ က တစ်ပိုင်းစီ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။

Laerdal Tunnel

နော်ဝေနိုင်ငံ က Laerdal Tunnel ဥမင်လှိုဏ်ခေါင်းကြီးလည်း ကမ္ဘာကျော်ပါပဲ။ နော်ဝေနိုင်ငံ အနောက်ပိုင်းမှာရှိပြီး ကမ္ဘာ့အရှည်ဆုံး ကားလမ်းသုံးဥမင်လှိုဏ်ခေါင်းကြီးဖြစ်ပါတယ်။ ဒီဥမင်ကြီးရဲ့ အရှည်က ၁၅.၂ မိုင် ရှိပြီး အမေရိကန် ဒေါ်လာ ၁၅၃ သန်း အကုန်အကျခံပြီး တည်ဆောက်ခဲ့တာပါ။

ရှည်လွန်းတဲ့အတွက် အလုံပိတ်ခြင်းကိုကြောက်သူ တွေ အထိတ်တလန့် မဖြစ်အောင်၊ မူးဝေတတ်သူတွေ မူးဝေခြင်းမဖြစ်အောင် အင်ဂျင်နီယာများက ပညာအမျိုးမျိုး သုံးခဲ့ရပါတယ်။ လူသားအမှုအကျင့်သိပ္ပံနဲ့  ယာဉ်မောင်းစိတ်ပညာ နှစ်ရပ်ကို ပေါင်းစပ်တွက်ချက်ပြီး အဲဒီဥမင် လှိုဏ်ခေါင်းကြီးထဲမှာ ယာဉ်မောင်းတွေနဲ့  ယာဉ်ပေါ်လိုက်ပါလာသူတွေကို တစ်စုံတစ်ရာမထိခိုက်စေဖို့  ကြိုးစား ခဲ့ကြပါတယ်။

အဲဒီကြိုးစားမှုရဲ့ ရလာဒ်ကတော့ ၆ ကီလိုမီတာပြည့်တိုင်း ရောင်စုံမီးတွေထွန်းညှိထားပြီး ထူးထူးဆန်း ဆန်း လေးတွေလုပ်ထားတဲ့ လှိုဏ်ဂူတွေ ထပ်မံထွက်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ အလုံပိတ်နေရာမဟုတ်ပါ လား ဆိုပြီး လူရဲ့ စိတ်ကို ပြန်လည်လှည့်စားလိုက်တာပေါ့။ ဥမင်လှိုဏ်ဂူကြီးကို တစ်ဆက်တည်းမဖောက်ဘဲ အပိုင်း ပိုင်း ခွဲလိုက်ပါတယ်။ ၆ ကီလိုမီတာပြည့်တိုင်း လှိုဏ်ခေါင်းငယ်တွေ ထပ်ရှိပြီး အဲဒီမှာ ကားကိုရပ်နားလို့ ရပါတယ်။ မင်္ဂလာတောင်ဆောင်လို့ ရပါတယ်။ ဆောင်လည်းဆောင်ကြပါတယ်။

Tokyo Bay Aqua-Line

ဂျပန်နိုင်ငံရဲ့  Aqua Line ဥမင်ကြီးကိုလည်း ချန်ထားလို့ မရပါဘူး။ ကြည့်လိုက်ရင် တံတားကြီးနဲ့ တူပါတယ်။ ကုန်းပေါ်မှာ အရှည် ၄.၄ ကီလိုမီတာ၊ ရေအောက်မှာ အရှည် ၉.၆ ကီလိုမီတာ ဖြစ်ပါတယ်။ Aqua Line ဟာ တိုကျို ပင်လယ်အော်ကိုဖြတ်သန်းပြီး ကာဝါစာကီ နဲ့  ကီဆာရာဇူ မြို့ တို့ ကို ဆက်သွယ်ပေးပါတယ်။ ဥမင်မရှိခင်က ဒီမြို့  နှစ်မြို့ ကို အချိန် မိနစ် ၉၀ ကြာအောင် မောင်းခဲ့ရပေမယ့် ရထားတွေက အခုဆိုရင် ၁၅ မိနစ်ထဲနဲ့  အရောက်ပို့  ဆောင်နိုင်ကြပါပြီ။

Eisenhower Tunnel

အဲဒါတွေပြီးရင်တော့ အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်က Eisenhower Tunnel ပေါ့။ သူ့ ကိုတော့ ကမ္ဘာ့အမြင့်ဆုံးဥမင်လို့ ပြောရပါလိမ့်မယ်။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၁၁၅၈ ပေ မှာ ရှိပြီး အရှည် ၁.၇ မိုင် ဖြစ်ပါတယ်။ နော်ဝေနိုင်ငံ၊ Drammen မြို့ က Piralen Tunnel ဥမင် ကလည်း ၅၄၁၃ ပေ ရှည်ပါတယ်။

Guoliang Tunnel

တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ်ခွဲက Guoliang Tunnel ကလည်း ထူခြားပါတယ်။ ၁၉၇၂ မှာ ရွာသား ၁၃ ရောက်က စတူးတာပါ။ ဥမင်တူးနေစဉ်ကာလမှာ ၃ ဦးသေဆုံးခဲ့ပေမယ့် အရှည် ၁.၂ ကီလိုမီတာဥမင်ကို ပြီးအောင် ဖောက် လုပ်နိုင်ခဲ့ပါတယ်။ နောက် ပိုင်းမှာ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်လာခဲ့ ပါတယ်။

Smart Tunnel

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူက Smart ဥမင်လှိုဏ်ခေါင်းကတော့ ထူးခြားပါတယ်။ ရေကြီးရင် ရေနူတ်မြောင်း၊ ရေပြန်ကျသွားရင် ကားလမ်းကြောင်း ဖြစ်ပါတယ်။ ကွာလာလမ်ပူကို ရေမမြုပ်အောင် အဲဒီဥမင်ကြီးနဲ့  လုပ်ထားတာပါ။ အရှည် ၆.၀၂ မိုင် ရှိပါတယ်။

ကမ္ဘာပေါ်က ထူးခြားတဲ့ ဥမင်လှိုဏ်ခေါင်းတွေအကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

သမန်းကျား
ရတနာပုံနေ့စဉ် သတင်းစာ

Leave a Reply