လူခ်င္းတူၿပီး တန္ဖုိးကြာသြားရတဲ့အေၾကာင္း

Posted on

ေရးသားသူ – ဗန္းေဖာ္သိန္းေဖ

လက္မအရြယ္ရွိတဲ့ ေက်ာက္စရစ္ခဲေလးတလံုးနဲ႔ အရြယ္တူေရႊတံုးေလးတတံုးကို ေရာင္းရင္ ဘယ္ဟာကို ပိုက္ဆံေပးဝယ္ၾကမလဲ။ ေက်ာက္ခဲအစား ေရႊတံုးေလးကိုပဲ ဝယ္မယ္ဆိုတာ ေျပာျပစရာလိုမယ္ မထင္ပါဘူး။

ဒါျဖင့္ ေက်ာက္ခဲနဲ႔ေရႊတံုးဟာ အရြယ္တူ အေလးခ်ိန္သိပ္မကြာပဲ ဘာျဖစ္လို႔ ေရႊတံုးကိုက်ေတာ့ ပိုက္ဆံေပးဝယ္ၿပီး ေက်ာက္ခဲကိုက်ေတာ့ ပိုက္ဆံမေပးရတာလဲ။ အဲဒါ တန္ဖိုး(Value)ခ်င္းကြာေနလို႔ပါ။ တန္ဖိုးကို ဘာနဲ႔ဆံုးျဖတ္ၾကတာလဲ။ ေငြနဲ႔ဆံုးျဖတ္ၾကတာပါ။ ၿပီးေတာ့ ပစၥည္းရွားေလ တန္ဖိုးတက္ေလ ေစ်းႀကီးေလပါပဲ။

သက္မဲ့ပစၥည္းတိုင္းမွာ တန္ဖိုးအသီးသီးရွိၾကသလို လူမွာလဲ လူ႔တန္ဖိုးဆိုတာ ရွိပါတယ္။

လူ႔တန္ဖိုးအေၾကာင္းကို က်င့္ဝတ္သိကၡာပိုင္း ကိုယ္က်င့္တရားစတာေတြမေျပာလိုပါဘူး။ စီးပြားေရးရႈေထာင့္သက္သက္ကေနပဲ ေျပာပါရေစ။

လူ၂ေယာက္ရွိၾကတယ္။ ငယ္ငယ္က ေက်ာင္းေနဖက္ေတြ။ ဆယ္တန္းကို အတူတူေအာင္ၾကတယ္။ တကၠသိုလ္တက္ေတာ့လဲ ေမဂ်ာအတူတူနဲ႔တႏွစ္ထဲေအာင္ၾကတယ္။ ဘြဲ႕ရၿပီး စကၤာပူမွာ အလုပ္လာရွာရင္း ကုမၸဏီတခုမွာ ရာထူးအတူတူ လစာအတူတူ တရက္ထဲအလုပ္ဝင္ၾကတယ္။ (၁၀)ႏွစ္ၾကာေတာ့ အဲဒီကုမၸဏီမွာပဲ တေယာက္က ရာထူး၃-၄ဆင့္တိုးသြားတယ္။ ေနာက္တေယာက္ကေတာ အလုပ္စဝင္စရာထူးနဲ႔ပဲ ရပ္ေနတယ္။ ရာထူးအတိုးခံရတဲ့လူရဲ႕လစာဟာ သူ႔သူငယ္ခ်င္းရတဲ့လစာရဲ႕ ၂ဆျဖစ္သြားျပီ။

ဘာျဖစ္လို႔ သူတို႔၂ေယာက္ရဲ႕အေျခအေနခ်င္း ကြာသြားရတာလဲ။ ကံေၾကာင့္လား။ ကုမၸဏီသူေ႒းနဲ႔အမ်ိဳးေတာ္လို႔လား။ မဟုတ္ပါ။ သူတို႔၂ေယာက္ရဲ႕တန္ဖိုးခ်င္း(စီးပြားေရးအျမင္အရ)ကြာျခားသြားလို႔ပါ။ ဘယ္လို တန္ဖိုးခ်င္းကြာသြားရတာလဲဆိုတာ ရွင္းျပပါရေစ။

ပထမလူကေတာ့ အလုပ္ကျပန္လာရင္ ပင္ပန္းတယ္ဆိုၿပီး တေန႔တေန႔ဘီယာေလးေသာက္လိုက္ တီဗီေလးၾကည့္လိုက္နဲ႔ဇိမ္က်ေနတယ္။ အလုပ္နားရက္ဆိုလဲ သူငယ္ခ်င္းေတြနဲ႔ ေလပစ္ ေဟလားဝါးလားနဲ႔ အခိ်န္ေတြကို ေပ်ာ္ေပ်ာ္ပါးပါးႀကီး ဆယ္ႏွစ္တာအခ်ိန္ေတြ ကုန္လြန္ေစခဲ့တယ္။ အားရင္ ေဖ့ဘြတ္ကလဲ ပြတ္ရေသးတယ္။

ဒုတိယလူက်ေတာ့ အလုပ္ကျပန္လာတာနဲ႔ ေရခ်ိဳး ထမင္းစားၿပီး စာဖတ္တယ္။ အလုပ္ခြင္က စာေတြဖတ္သလို ျပင္ပဗဟုသုတရေစမယ့္ စာေတြဖတ္တယ္။ ကြန္ျပဴတာကေန အင္တာနက္မွာ ဗဟုသုတေတြရွာေဖြတယ္။ ညနက္အထိ ေန႔တိုင္းလုပ္တယ္။ အလုပ္နားရက္မွာ အဂၤလိပ္စကားေျပာကို တိပ္ေခြနားေထာင္ၿပီး ေလ့က်င့္တယ္။ သူကိုယ္တိုးတက္ေအာင္ အၿမဲလုပ္ေနတယ္။ အခိ်န္ကို အကိ်ဳးရွိေအာင္ သံုးေနတယ္။

တျဖည္းျဖည္းနဲ႔ ဒုတိယလူရဲ႕အရည္အခ်င္း တေျဖးေျဖးတက္လာလို႔ သူ႔ရဲ႕တန္ဖိုးဟာလဲ တျဖည္းျဖည္းတက္လာခဲ့တယ္။ သူ႔တန္ဖိုးတက္လာတာကိုသိတဲ့ကုမၸဏီပိုင္ရွင္က သူ႔ကိုလစာ ရာထူးေတြတိုးေပးလာတယ္။ သူ႔လို အရည္အခ်င္းရွိသူတေယာက္ကို ကုမၸဏီက လက္လႊတ္ဆံုးရႈံးမခံႏိုင္လို႔ပါ။

ရာထူး လစာမတိုးတဲ့ ပထမလူက ေျပာတယ္။ သူလဲ လုပ္သက္(၁၀)ႏွစ္ရွိတာပဲ။ သူက်ေတာ့ ဘာလို႔ရာထူးမတိုးတာလဲတဲ့။ ဟုတ္တယ္ သူအလုပ္ေနတာ (၁၀)ႏွစ္ၾကာလာတာမွန္တယ္။ ဒါေပမဲ့ သူ႔ရဲ႕တန္ဖိုးက အလုပ္စဝင္ကေန တက္မွမလာတာကိုး။

ဒါဆိုရင္ မိမိတန္ဖိုးတက္ေအာင္ ဘယ္လိုလုပ္ရမလဲ။ စာဖတ္ပါ။ အသိပညာဗဟုသုတရွာပါ။ ေလ့လာပါ။ မိမိအရည္အခ်င္းကိုျမင့္တက္လာေအာင္ ႀကိဳးစားပါ။ အခ်ိန္ကို တန္ဖိုးရွိရွိ အသံုးခ်ပါ။ ဒါဆိုရင္ တန္ဖိုးတက္လာမယ္။ အဲဒီတန္ဖိုးကို ကုမၸဏီေတြက အၿပိဳင္အဆိုင္ ေစ်းႀကီးေပးဝယ္ၾကပါလိမ့္မယ္။ လခေကာင္းေကာင္း ခံစားခြင့္ေတြေပးလိမ့္မယ္။

တခ်ိဳ႕က ေျပာၾကတယ္။ သူတို႔ဟာ တစ္နာရီကို ဆယ္ေဒၚလာရတယ္တဲ့။ အမွန္က သူ႔တို႔ကို အခ်ိန္အတြက္ ပိုက္ဆံေပးေနတာမဟုတ္ပါဘူး။ အခိ်န္အတြက္ ပိုက္ဆံေပးတယ္ဆိုရင္ (၁၀)နာရီအိပ္ေနရင္လဲ (၁၀)နာရီစာ ပိုက္ဆံေပးေနမွာေပါ့။ တနာရီအတြင္း လုပ္ေပးလိုက္တဲ့လုပ္အားခတန္ဖိုးအတြက္ ေပးတာပါ။ လူေတြရဲ႕တန္ဖိုးခ်င္းမတူၾကတာေၾကာင့္ သူတို႔ရတဲ့ လစာႏူန္းထားေတြ ကြာတာေပါ့။

ဒီေလာက္ဆိုရင္ လူ႔တန္ဖိုးအေၾကာင္းနဲ႔ တန္ဖိုးတက္ေအာင္ဘာလုပ္ရမလဲဆိုတာ နားလည္သေဘာေပါက္ၾကမယ္လို႔ ထင္ပါတယ္။

ဗန္းေမာ္သိန္းေဖ

—————

လူချင်းတူပြီး တန်ဖိုးကွာသွားရတဲ့အကြောင်း (unicode)

ရေးသားသူ – ဗန်းဖော်သိန်းဖေ
လက်မအရွယ်ရှိတဲ့ ကျောက်စရစ်ခဲလေးတလုံးနဲ့ အရွယ်တူရွှေတုံးလေးတတုံးကို ရောင်းရင် ဘယ်ဟာကို ပိုက်ဆံပေးဝယ်ကြမလဲ။ ကျောက်ခဲအစား ရွှေတုံးလေးကိုပဲ ဝယ်မယ်ဆိုတာ ပြောပြစရာလိုမယ် မထင်ပါဘူး။

ဒါဖြင့် ကျောက်ခဲနဲ့ရွှေတုံးဟာ အရွယ်တူ အလေးချိန်သိပ်မကွာပဲ ဘာဖြစ်လို့ ရွှေတုံးကိုကျတော့ ပိုက်ဆံပေးဝယ်ပြီး ကျောက်ခဲကိုကျတော့ ပိုက်ဆံမပေးရတာလဲ။ အဲဒါ တန်ဖိုး(Value)ချင်းကွာနေလို့ပါ။ တန်ဖိုးကို ဘာနဲ့ဆုံးဖြတ်ကြတာလဲ။ ငွေနဲ့ဆုံးဖြတ်ကြတာပါ။ ပြီးတော့ ပစ္စည်းရှားလေ တန်ဖိုးတက်လေ ဈေးကြီးလေပါပဲ။

သက်မဲ့ပစ္စည်းတိုင်းမှာ တန်ဖိုးအသီးသီးရှိကြသလို လူမှာလဲ လူ့တန်ဖိုးဆိုတာ ရှိပါတယ်။

လူ့တန်ဖိုးအကြောင်းကို ကျင့်ဝတ်သိက္ခာပိုင်း ကိုယ်ကျင့်တရားစတာတွေမပြောလိုပါဘူး။ စီးပွားရေးရှုထောင့်သက်သက်ကနေပဲ ပြောပါရစေ။

လူ၂ယောက်ရှိကြတယ်။ ငယ်ငယ်က ကျောင်းနေဖက်တွေ။ ဆယ်တန်းကို အတူတူအောင်ကြတယ်။ တက္ကသိုလ်တက်တော့လဲ မေဂျာအတူတူနဲ့တနှစ်ထဲအောင်ကြတယ်။ ဘွဲ့ရပြီး စင်္ကာပူမှာ အလုပ်လာရှာရင်း ကုမ္ပဏီတခုမှာ ရာထူးအတူတူ လစာအတူတူ တရက်ထဲအလုပ်ဝင်ကြတယ်။ (၁၀)နှစ်ကြာတော့ အဲဒီကုမ္ပဏီမှာပဲ တယောက်က ရာထူး၃-၄ဆင့်တိုးသွားတယ်။ နောက်တယောက်ကတော အလုပ်စဝင်စရာထူးနဲ့ပဲ ရပ်နေတယ်။ ရာထူးအတိုးခံရတဲ့လူရဲ့လစာဟာ သူ့သူငယ်ချင်းရတဲ့လစာရဲ့ ၂ဆဖြစ်သွားပြီ။

ဘာဖြစ်လို့ သူတို့၂ယောက်ရဲ့အခြေအနေချင်း ကွာသွားရတာလဲ။ ကံကြောင့်လား။ ကုမ္ပဏီသူဋ္ဌေးနဲ့အမျိုးတော်လို့လား။ မဟုတ်ပါ။ သူတို့၂ယောက်ရဲ့တန်ဖိုးချင်း(စီးပွားရေးအမြင်အရ)ကွာခြားသွားလို့ပါ။ ဘယ်လို တန်ဖိုးချင်းကွာသွားရတာလဲဆိုတာ ရှင်းပြပါရစေ။

ပထမလူကတော့ အလုပ်ကပြန်လာရင် ပင်ပန်းတယ်ဆိုပြီး တနေ့တနေ့ဘီယာလေးသောက်လိုက် တီဗီလေးကြည့်လိုက်နဲ့ဇိမ်ကျနေတယ်။ အလုပ်နားရက်ဆိုလဲ သူငယ်ချင်းတွေနဲ့ လေပစ် ဟေလားဝါးလားနဲ့ အချိန်တွေကို ပျော်ပျော်ပါးပါးကြီး ဆယ်နှစ်တာအချိန်တွေ ကုန်လွန်စေခဲ့တယ်။ အားရင် ဖေ့ဘွတ်ကလဲ ပွတ်ရသေးတယ်။

ဒုတိယလူကျတော့ အလုပ်ကပြန်လာတာနဲ့ ရေချိုး ထမင်းစားပြီး စာဖတ်တယ်။ အလုပ်ခွင်က စာတွေဖတ်သလို ပြင်ပဗဟုသုတရစေမယ့် စာတွေဖတ်တယ်။ ကွန်ပြူတာကနေ အင်တာနက်မှာ ဗဟုသုတတွေရှာဖွေတယ်။ ညနက်အထိ နေ့တိုင်းလုပ်တယ်။ အလုပ်နားရက်မှာ အင်္ဂလိပ်စကားပြောကို တိပ်ခွေနားထောင်ပြီး လေ့ကျင့်တယ်။ သူကိုယ်တိုးတက်အောင် အမြဲလုပ်နေတယ်။ အချိန်ကို အကျိုးရှိအောင် သုံးနေတယ်။

တဖြည်းဖြည်းနဲ့ ဒုတိယလူရဲ့အရည်အချင်း တဖြေးဖြေးတက်လာလို့ သူ့ရဲ့တန်ဖိုးဟာလဲ တဖြည်းဖြည်းတက်လာခဲ့တယ်။ သူ့တန်ဖိုးတက်လာတာကိုသိတဲ့ကုမ္ပဏီပိုင်ရှင်က သူ့ကိုလစာ ရာထူးတွေတိုးပေးလာတယ်။ သူ့လို အရည်အချင်းရှိသူတယောက်ကို ကုမ္ပဏီက လက်လွှတ်ဆုံးရှုံးမခံနိုင်လို့ပါ။

ရာထူး လစာမတိုးတဲ့ ပထမလူက ပြောတယ်။ သူလဲ လုပ်သက်(၁၀)နှစ်ရှိတာပဲ။ သူကျတော့ ဘာလို့ရာထူးမတိုးတာလဲတဲ့။ ဟုတ်တယ် သူအလုပ်နေတာ (၁၀)နှစ်ကြာလာတာမှန်တယ်။ ဒါပေမဲ့ သူ့ရဲ့တန်ဖိုးက အလုပ်စဝင်ကနေ တက်မှမလာတာကိုး။

ဒါဆိုရင် မိမိတန်ဖိုးတက်အောင် ဘယ်လိုလုပ်ရမလဲ။ စာဖတ်ပါ။ အသိပညာဗဟုသုတရှာပါ။ လေ့လာပါ။ မိမိအရည်အချင်းကိုမြင့်တက်လာအောင် ကြိုးစားပါ။ အချိန်ကို တန်ဖိုးရှိရှိ အသုံးချပါ။ ဒါဆိုရင် တန်ဖိုးတက်လာမယ်။ အဲဒီတန်ဖိုးကို ကုမ္ပဏီတွေက အပြိုင်အဆိုင် ဈေးကြီးပေးဝယ်ကြပါလိမ့်မယ်။ လခကောင်းကောင်း ခံစားခွင့်တွေပေးလိမ့်မယ်။

တချို့က ပြောကြတယ်။ သူတို့ဟာ တစ်နာရီကို ဆယ်ဒေါ်လာရတယ်တဲ့။ အမှန်က သူ့တို့ကို အချိန်အတွက် ပိုက်ဆံပေးနေတာမဟုတ်ပါဘူး။ အချိန်အတွက် ပိုက်ဆံပေးတယ်ဆိုရင် (၁၀)နာရီအိပ်နေရင်လဲ (၁၀)နာရီစာ ပိုက်ဆံပေးနေမှာပေါ့။ တနာရီအတွင်း လုပ်ပေးလိုက်တဲ့လုပ်အားခတန်ဖိုးအတွက် ပေးတာပါ။ လူတွေရဲ့တန်ဖိုးချင်းမတူကြတာကြောင့် သူတို့ရတဲ့ လစာနူန်းထားတွေ ကွာတာပေါ့။

ဒီလောက်ဆိုရင် လူ့တန်ဖိုးအကြောင်းနဲ့ တန်ဖိုးတက်အောင်ဘာလုပ်ရမလဲဆိုတာ နားလည်သဘောပေါက်ကြမယ်လို့ ထင်ပါတယ်။

ဗန်းမော်သိန်းဖေ

Leave a Reply