ေတာင္အာဖရိကရဲ႕ အႀကီးဆုံးလူမ်ဳိးစု ဇူးလူးတုိ႔အေၾကာင္း

Posted on

ဇူးလူးလူမ်ိဳးတို႔သည္ အာဖရိကတိုက္ ေတာင္ပိုင္းရွိ ဇူးလူးလန္းနယ္၌ ေနထိုင္ၾကေသာ လူမ်ိဳးမ်ားျဖစ္သည္။ ေတာင္အာဖရိက၏ အႀကီးဆုံးလူမ်ဳိးစုလည္းျဖစ္သည္။ ယင္းတို႔ သည္ ဗန္တူအႏြယ္ဝင္ ကပၸလီမ်ားျဖစ္ၾက၏။ လြန္ခဲ့ေသာႏွစ္ေပါင္းေထာင္ခ်ီကာလတုန္းကေတာ့ ဇူးလူးလူမ်ဳိးတုိ႔၏ ဘုိးေဘးဘီဘင္မ်ားသည္ အာဖရိကအေရွ႕ကြ်န္းဆြယ္တြင္အေျခခ်ခဲ့ၾကသည္။ အာဖရိကေတာင္ပုိင္းသုိ႔ ေအဒီ ၉ရာစု၀န္းက်င္တြင္မွ ေရာက္ရွိလာခဲ့ျခင္းျဖစ္ၿပီး ဇူးလူးလူမ်ဳိးဟူ၍ စတင္ေခၚေ၀ၚခဲ့ၾကသည္။

ဇူလူးတုိ႔သည္ အရပ္ရွည္၍ ကိုယ္လုံးကိုယ္ထည္ ေတာင့္တင္းသည္။ သူတို႔သည္ ႐ြယ္ငယ္ မ်ားတည္၍ ေနထိုင္ၾကရာ၊ ႐ြာတစ္႐ြာတြင္ သူႀကီးတစ္ေယာက္ စီရွိ၏။ ထို႐ြာသူႀကီးမွာ ေတာင္အာဖရိကျပည္ေထာင္စုအစိုးရ အား တာဝန္ခံရသူျဖစ္သည္။  ၁၈၀၀ျပည့္ႏွစ္ အေစာပုိင္းကာလမ်ားတြင္ ဇူလူးသူရဲေကာင္းတစ္ေယာက္ျဖစ္သည့္ Shaka kaSenzangakhona က ဇူလူးရြာငယ္မ်ားကို စုစည္း၍ ႏုိင္ငံအျဖစ္ေျပာင္းလဲကာ အုပ္ခ်ဳပ္ခဲ့သည္။

ဇူးလူးဘုရင့္ႏုိင္ငံကိုတည္ေထာင္သူ Shaka kaSenzangakhona

ဇူးလူးလူမ်ိဳးတို႔သည္ တဲကေလး မ်ားျဖင့္ ေနထိုင္ၾက၏။ သူတို႔၏ တဲမွာ ပ်ားအုံသဏၭာန္ရွိ၍၊ သူတို႔ကိုယ္တိုင္ သက္ငယ္၊ ဝါး၊ သစ္ကိုင္းေျခာက္စသည္တို႔ ျဖင့္ ေဆာက္လုပ္ေနထိုင္ၾက၏။ ထိုတဲစုျဖင့္ တည္ထားေသာ ႐ြာဝိုင္းကေလးမ်ားကို ကရားဟုေခၚသည္ တဲဝင္ေပါက္မွာ အလြန္ပင္နိမ့္သျဖင့္ ကုန္း၍ဝင္ရသည္။ ဇူးလူးလူမ်ိဳးတို႔သည္ သူတို႔၏ ကြၽဲႏြားတိရစာၦန္မ်ားကို ထိုကရားေခၚ တဲစု႐ြာထဲ၌ပင္ ထားၾက၏။ လယ္ယာ စိုက္ပ်ိဳးျခင္းႏွင့္ ကြၽဲႏြားေမြးျမဴ ျခင္းမွာ ဇူးလူးလူမ်ိဳးတို႔၏ အဓိကလုပ္ငန္းျဖစ္သည္။

ဇူးလူးတို႔သည္ ေခါင္းေဆာင္’ခ်ာက’၏ ႀကိဳးပမ္းမႈေၾကာင့္ ၁၉ ရာစုေခတ္ဦးေလာက္ကစ၍ ေတာင္အာဖရိကတိုက္ ဇန္ဇီဗါ ႏွင့္ ဂြတ္ဒဟုပ္အငူတြင္ တန္ခိုးႀကီးမားလာၾကေလသည္။ ၁၈၇၉ ခုႏွစ္တြင္ ဥလန္ဒီ နယ္၌ ဇူးလူးဘုရင္ ‘စက္တီေဝးယို’ ေခါင္းေဆာင္၍ ၿဗိတိသွ်တို႔ႏွင့္ တိုက္ခိုက္ခဲ့သည္။ သို႔ရာတြင္ အေရးနိမ့္ခဲ့ၿပီး ၁၈၈၄ခုႏွစ္တြင္ ဘုရင္ စက္တီေ၀းယုိေသးဆုံးခဲ့ကာ အင္အားေလ်ာ့နည္းသြားရသည္။ ထုိ႔ေၾကာင့္ ၁၈၈၇ ခုႏွစ္တြင္ ၿဗိတိသွ်တို႔က ဇူးလူးလန္း ကို သိမ္းပိုက္လိုက္ၿပီးေနာက္ ဘုရင္ႏုိင္ငံကို နယ္ေျမ ၃ခုအျဖစ္ ပုိင္းျခားပစ္လုိက္သည္။

၁ဝ ႏွစ္မွ် ၾကာေသာအခါ ထို နယ္သည္ ၿဗိတိသွ်ကိုလိုနီျဖစ္ေသာ နာတဲနယ္ နာတဲျပည္နယ္တြင္ တစ္စိတ္ တစ္ေဒသ ပါဝင္လာေလ၏။ ၁၉ဝ၆ ခုႏွစ္တြင္ ဇူးလူးတို႔သည္ ဥေရာပလူျဖဴမ်ားကို ခုခံပုန္ကန္ၾက ျပန္၏။ သို႔ေသာ္လည္း မေအာင္ျမင္ေခ်။ ထိုအခ်ိန္မွစ၍ ဇူးလူး တို႔သည္ ၿငိမ္ဝပ္ပိျပားစြာ ေနထိုင္ၾကေလသည္။ ဇူးလူးလူမ်ိဳးမ်ား ၏ လက္ရွိအႀကီးအကဲမွာ စက္တီေဝးယို၏ျမစ္ Zwelithini kaBhekuzulu ျဖစ္၍ သူသည္ ၁၉၆၈ ခုႏွစ္ကစ၍ ဘုရင္အျဖစ္ စိုးစံခဲ့သူျဖစ္သည္။

ဇူးလူးလန္းနယ္

ဇူးလူးလန္းနယ္သည္ ေတာင္အာဖရိကတိုက္ ျပည္ေထာင္စု တြင္ပါဝင္ေသာ နာတဲျပည္နယ္၏ အေရွ႕ေျမာက္ပိုင္းကမ္းေျမာင္ ေဒသျဖစ္သည္။ ထိုကမ္းေျမာင္ေဒသ၏ အေရွ႕ဘက္ႏွင့္ ေတာင္ ဘက္ ကမ္းရိုးတန္းတို႔သည္ အိႏၵိယသမုဒၵရာေရျပင္ႏွင့္ ဆက္ စပ္လ်က္တည္ေနသည္။ အက်ယ္အဝန္းမွာ စတုရန္း မိုင္ေပါင္း ၁ဝ၃၆၂ မိုင္ျဖစ္၏။

ေလေဗာင္းဗိုးေတာင္တန္းႀကီးသည္ ေတာင္ႏွင့္ေျမာက္ တန္းကာ ဇူးလူးလန္း နယ္ကို ၂ ပိုင္း ပိုင္းလ်က္တည္ရွိသည္။ ယင္းေတာင္တန္းႏွင့္ ပင္လယ္စပ္ ၾကားရွိ အပိုင္းသည္ ေျမဩဇာေကာင္းမြန္၍၊ ကြၽဲႏြားမ်ားေမြး ျမဴရာ ေဒသျဖစ္သည္။ အတြင္းဖက္ေဒသမွာ ေတာင္ကုန္း ျမင့္မ်ားႏွင့္ ျပည့္ႏွက္ေနသည္။ အခ်ိဳ႕ကုန္းျမင့္မ်ားသည္ ေပ ၅ဝဝဝ အထိျမင့္မား၏။

ဇူးလူးလန္းနယ္တြင္ ဇူးလူးလူမ်ိဳးမ်ားေနထိုင္သည္။ ယင္း တို႔သည္ ဗန္တူႏြယ္ဝင္ နီးဂရိုးမ်ားျဖစ္ၾကသည္။ ဇူးလူးလန္း နယ္၌ ၁၉၃၆ ခုႏွစ္ သန္ေကာင္စာရင္းအရ လူဦးေရ ၃၆ဝဝဝဝ ေယာက္ခန႔္ရွိရာ၊ မ်က္ႏွာျဖဴ လူမ်ိဳးေပါင္း ၆ဝဝဝ ခန႔္ပါဝင္သည္။ လယ္ယာစိုက္ပ်ိဳးျခင္းႏွင့္ ကြၽဲႏြားေမြးျမဴျခင္း အလုပ္အကိုင္မ်ားသည္ ဇူးလူးလန္းနယ္၏ အဓိကလုပ္ငန္း မ်ားျဖစ္သည္။ ပင္လယ္ကမ္းရိုးတန္းႏွင့္နီးေသာ ေဒသမ်ားတြင္ ႀကံပင္မ်ား ကိုစိုက္ပ်ိဳးၾကသည္။ ႀကံခင္းမ်ားစြာတို႔ကို အေနာက္ တိုင္းသားမ်ားက ပိုင္ဆိုင္ၾက၏။

ဇူးလူးလန္းနယ္၏ ႐ုံးစိုက္ရာၿမိဳ႕မွာ အက္ရွိုေဝၿမိဳ႕ျဖစ္ သည္။ ထိုၿမိဳ႕၏ေျမာက္ဘက္ ၁၅ မိုင္ခန႔္အကြာတြင္ ေဂၚမိတ္ ေက်ာက္ကို တူးေဖာ္ရရွိသည္။ ဇူးလူးလန္းနယ္မွ ေ႐ႊ၊ ေငြ၊ ခဲ၊ ေၾကးနီႏွင့္ ဒန္ျဖဴတို႔လည္း အသင့္အတင့္ထြက္သည္။ ဇူးလူးတို႔ သည္ အရပ္အေမာင္းထြားက်ိဳင္း၍၊ က်န္းမာသန္စြမ္း၏။ စစ္ တိုက္ ဝါသနာပါၾက၏။ သူတို႔၏အိမ္မ်ားမွာ ပ်ားအုံသဏၭာန္ တဲဝိုင္းမ်ားျဖစ္သည္။ ႐ြာမ်ားမွာလည္း ႐ြာဝိုင္းႀကီးမ်ားျဖစ္ သည္။ ႐ြာအလယ္၌ ကြၽဲႏြားမ်ားကို ထားတတ္ၾကသည္။ ဇူးလူးလူမ်ိဳးတို႔၌ တစ္လင္တစ္မယားစနစ္ မရွိေခ်။

ေယာက်ာ္းမ်ားက မိန္မတစ္ဦးထက္ပို၍ လက္ထပ္ယူေလ့ ရွိၾကသည္။ ဇူးလူးေယာက်ာ္းကေလးႏွင့္ မိန္းကေလးတို႔ ခ်စ္ေရးဆို ၾကသည့္အခါ၌ ေယာက်ာ္းကေလးက မိန္းကေလးအား ကြၽဲႏြား အစရွိေသာ တိရစာၦန္မ်ားကို လက္ေဆာင္ေပးေလ့ရွိ၏။ လက္ထပ္မဂၤလာပြဲ က်င္းပသည့္အခါ၌ကား သတို႔သား သတို႔သမီး ႏွစ္ဦးစလုံးတို႔က ထိုလက္ေဆာင္မ်ိဳးကိုပင္ အျပန္အလွန္ ေပးကမ္းၾကသည္။

ဇူးလူးမ်ားသည္ ၁၉ ရာစုအစပိုင္း၌ အာဖရိကတိုက္ ေတာင္ပိုင္းတြင္ တန္ခိုးအႀကီးမားဆုံး လူမ်ိဳးျဖစ္ခဲ့သည္။ ၁၇၈၃ ခုႏွစ္မွ ၁၈၂၈ ခုႏွစ္အတြင္း ‘ခ်ာက’ဆိုေသာ ေခါင္းေဆာင္ႀကီး ၏ ေရွ႕ေဆာင္မႈျဖင့္ ဇူးလူးတို႔ တန္ခိုးႀကီးခဲ့ရာ၊ ဇမ္ဗီဇီျမစ္မွ ဂြတ္ဒဟုပ္ အငူအထိ အာဏာစက္ ပ်ံ့ခဲ့သည္။

ဇူးလူးဘုရင္ စက္တီေဝးယို လက္ထက္၌ အဂၤလိပ္တို႔ႏွင့္ အခ်င္းမ်ားခဲ့သည္။ ဇူးလူးတို႔ အေရးရႈံးနိမ့္သျဖင့္ ၁၈၈၇ ခုႏွစ္တြင္ ဇူးလူးလန္းကို ၿဗိတိသွ်တို႔က သိမ္းယူလိုက္၍၊ ၁၈၉၇ ခုႏွစ္သို႔ေရာက္ေသာ္၊ နာတဲနယ္ထဲသို႔ သြတ္သြင္းခဲ့ ေလသည္။

အဂၤလိပ္ – ဇူးလူးစစ္ပြဲ

၁၉ဝ၆ ခုႏွစ္တြင္ ဇူးလူးတို႔ အနည္းငယ္ ဆူပူလႈပ္ရွားခဲ့ေသးသည္။ သို႔ရာတြင္ အလြယ္တကူျဖင့္ ထိုဆူပူမႈကို နိမ္နင္းလိုက္သည္။ ထိုေနာက္၌ကား ဆူပူမႈမ်ားမရွိေတာ့ေခ်။ ၁၉၁၀ ခုႏွစ္မွစ၍ ဇူလူးလန္းနယ္သည္ ေတာင္အာဖရိကႏုိင္ငံထဲတြင္ ပါ၀င္လာခဲ့ၿပီး လက္ရွိအခ်ိန္တြင္ KwaZulu-Natal ျပည္နယ္ဟုေခၚသည္။

ကိုးကား
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၄)
Wikipedia

——————

တောင်အာဖရိကရဲ့ အကြီးဆုံးလူမျိုးစု ဇူးလူးတို့အကြောင်း (unicode)

ဇူးလူးလူမျိုးတို့သည် အာဖရိကတိုက် တောင်ပိုင်းရှိ ဇူးလူးလန်းနယ်၌ နေထိုင်ကြသော လူမျိုးများဖြစ်သည်။ တောင်အာဖရိက၏ အကြီးဆုံးလူမျိုးစုလည်းဖြစ်သည်။ ယင်းတို့ သည် ဗန်တူအနွယ်ဝင် ကပ္ပလီများဖြစ်ကြ၏။ လွန်ခဲ့သောနှစ်ပေါင်းထောင်ချီကာလတုန်းကတော့ ဇူးလူးလူမျိုးတို့၏ ဘိုးဘေးဘီဘင်များသည် အာဖရိကအရှေ့ကျွန်းဆွယ်တွင်အခြေချခဲ့ကြသည်။ အာဖရိကတောင်ပိုင်းသို့ အေဒီ ၉ရာစုဝန်းကျင်တွင်မှ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဇူးလူးလူမျိုးဟူ၍ စတင်ခေါ်ဝေါ်ခဲ့ကြသည်။

ဇူလူးတို့သည် အရပ်ရှည်၍ ကိုယ်လုံးကိုယ်ထည် တောင့်တင်းသည်။ သူတို့သည် ရွယ်ငယ် များတည်၍ နေထိုင်ကြရာ၊ ရွာတစ်ရွာတွင် သူကြီးတစ်ယောက် စီရှိ၏။ ထိုရွာသူကြီးမှာ တောင်အာဖရိကပြည်ထောင်စုအစိုးရ အား တာဝန်ခံရသူဖြစ်သည်။  ၁၈၀၀ပြည့်နှစ် အစောပိုင်းကာလများတွင် ဇူလူးသူရဲကောင်းတစ်ယောက်ဖြစ်သည့် Shaka kaSenzangakhona က ဇူလူးရွာငယ်များကို စုစည်း၍ နိုင်ငံအဖြစ်ပြောင်းလဲကာ အုပ်ချုပ်ခဲ့သည်။

ဇူးလူးလူမျိုးတို့သည် တဲကလေး များဖြင့် နေထိုင်ကြ၏။ သူတို့၏ တဲမှာ ပျားအုံသဏ္ဌာန်ရှိ၍၊ သူတို့ကိုယ်တိုင် သက်ငယ်၊ ဝါး၊ သစ်ကိုင်းခြောက်စသည်တို့ ဖြင့် ဆောက်လုပ်နေထိုင်ကြ၏။ ထိုတဲစုဖြင့် တည်ထားသော ရွာဝိုင်းကလေးများကို ကရားဟုခေါ်သည် တဲဝင်ပေါက်မှာ အလွန်ပင်နိမ့်သဖြင့် ကုန်း၍ဝင်ရသည်။ ဇူးလူးလူမျိုးတို့သည် သူတို့၏ ကျွဲနွားတိရစ္ဆာန်များကို ထိုကရားခေါ် တဲစုရွာထဲ၌ပင် ထားကြ၏။ လယ်ယာ စိုက်ပျိုးခြင်းနှင့် ကျွဲနွားမွေးမြူ ခြင်းမှာ ဇူးလူးလူမျိုးတို့၏ အဓိကလုပ်ငန်းဖြစ်သည်။

ဇူးလူးတို့သည် ခေါင်းဆောင်’ချာက’၏ ကြိုးပမ်းမှုကြောင့် ၁၉ ရာစုခေတ်ဦးလောက်ကစ၍ တောင်အာဖရိကတိုက် ဇန်ဇီဗါ နှင့် ဂွတ်ဒဟုပ်အငူတွင် တန်ခိုးကြီးမားလာကြလေသည်။ ၁၈၇၉ ခုနှစ်တွင် ဥလန်ဒီ နယ်၌ ဇူးလူးဘုရင် ‘စက်တီဝေးယို’ ခေါင်းဆောင်၍ ဗြိတိသျှတို့နှင့် တိုက်ခိုက်ခဲ့သည်။ သို့ရာတွင် အရေးနိမ့်ခဲ့ပြီး ၁၈၈၄ခုနှစ်တွင် ဘုရင် စက်တီဝေးယိုသေးဆုံးခဲ့ကာ အင်အားလျော့နည်းသွားရသည်။ ထို့ကြောင့် ၁၈၈၇ ခုနှစ်တွင် ဗြိတိသျှတို့က ဇူးလူးလန်း ကို သိမ်းပိုက်လိုက်ပြီးနောက် ဘုရင်နိုင်ငံကို နယ်မြေ ၃ခုအဖြစ် ပိုင်းခြားပစ်လိုက်သည်။ ၁ဝ နှစ်မျှ ကြာသောအခါ ထို နယ်သည် ဗြိတိသျှကိုလိုနီဖြစ်သော နာတဲနယ် နာတဲပြည်နယ်တွင် တစ်စိတ် တစ်ဒေသ ပါဝင်လာလေ၏။

၁၉ဝ၆ ခုနှစ်တွင် ဇူးလူးတို့သည် ဥရောပလူဖြူများကို ခုခံပုန်ကန်ကြ ပြန်၏။ သို့သော်လည်း မအောင်မြင်ချေ။ ထိုအချိန်မှစ၍ ဇူးလူး တို့သည် ငြိမ်ဝပ်ပိပြားစွာ နေထိုင်ကြလေသည်။ ဇူးလူးလူမျိုးများ ၏ လက်ရှိအကြီးအကဲမှာ စက်တီဝေးယို၏မြစ် Zwelithini kaBhekuzulu ဖြစ်၍ သူသည် ၁၉၆၈ ခုနှစ်ကစ၍ ဘုရင်အဖြစ် စိုးစံခဲ့သူဖြစ်သည်။

ဇူးလူးလန်းနယ်

ဇူးလူးလန်းနယ်သည် တောင်အာဖရိကတိုက် ပြည်ထောင်စု တွင်ပါဝင်သော နာတဲပြည်နယ်၏ အရှေ့မြောက်ပိုင်းကမ်းမြောင် ဒေသဖြစ်သည်။ ထိုကမ်းမြောင်ဒေသ၏ အရှေ့ဘက်နှင့် တောင် ဘက် ကမ်းရိုးတန်းတို့သည် အိန္ဒိယသမုဒ္ဒရာရေပြင်နှင့် ဆက် စပ်လျက်တည်နေသည်။ အကျယ်အဝန်းမှာ စတုရန်း မိုင်ပေါင်း ၁ဝ၃၆၂ မိုင်ဖြစ်၏။

လေဗောင်းဗိုးတောင်တန်းကြီးသည် တောင်နှင့်မြောက် တန်းကာ ဇူးလူးလန်း နယ်ကို ၂ ပိုင်း ပိုင်းလျက်တည်ရှိသည်။ ယင်းတောင်တန်းနှင့် ပင်လယ်စပ် ကြားရှိ အပိုင်းသည် မြေဩဇာကောင်းမွန်၍၊ ကျွဲနွားများမွေး မြူရာ ဒေသဖြစ်သည်။ အတွင်းဖက်ဒေသမှာ တောင်ကုန်း မြင့်များနှင့် ပြည့်နှက်နေသည်။ အချို့ကုန်းမြင့်များသည် ပေ ၅ဝဝဝ အထိမြင့်မား၏။

ဇူးလူးလန်းနယ်တွင် ဇူးလူးလူမျိုးများနေထိုင်သည်။ ယင်း တို့သည် ဗန်တူနွယ်ဝင် နီးဂရိုးများဖြစ်ကြသည်။ ဇူးလူးလန်း နယ်၌ ၁၉၃၆ ခုနှစ် သန်ကောင်စာရင်းအရ လူဦးရေ ၃၆ဝဝဝဝ ယောက်ခန့်ရှိရာ၊ မျက်နှာဖြူ လူမျိုးပေါင်း ၆ဝဝဝ ခန့်ပါဝင်သည်။ လယ်ယာစိုက်ပျိုးခြင်းနှင့် ကျွဲနွားမွေးမြူခြင်း အလုပ်အကိုင်များသည် ဇူးလူးလန်းနယ်၏ အဓိကလုပ်ငန်း များဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်းနှင့်နီးသော ဒေသများတွင် ကြံပင်များ ကိုစိုက်ပျိုးကြသည်။ ကြံခင်းများစွာတို့ကို အနောက် တိုင်းသားများက ပိုင်ဆိုင်ကြ၏။

ဇူးလူးလန်းနယ်၏ ရုံးစိုက်ရာမြို့မှာ အက်ရှိုဝေမြို့ဖြစ် သည်။ ထိုမြို့၏မြောက်ဘက် ၁၅ မိုင်ခန့်အကွာတွင် ဂေါ်မိတ် ကျောက်ကို တူးဖော်ရရှိသည်။ ဇူးလူးလန်းနယ်မှ ရွှေ၊ ငွေ၊ ခဲ၊ ကြေးနီနှင့် ဒန်ဖြူတို့လည်း အသင့်အတင့်ထွက်သည်။ ဇူးလူးတို့ သည် အရပ်အမောင်းထွားကျိုင်း၍၊ ကျန်းမာသန်စွမ်း၏။ စစ် တိုက် ဝါသနာပါကြ၏။ သူတို့၏အိမ်များမှာ ပျားအုံသဏ္ဌာန် တဲဝိုင်းများဖြစ်သည်။ ရွာများမှာလည်း ရွာဝိုင်းကြီးများဖြစ် သည်။ ရွာအလယ်၌ ကျွဲနွားများကို ထားတတ်ကြသည်။ ဇူးလူးလူမျိုးတို့၌ တစ်လင်တစ်မယားစနစ် မရှိချေ။

ယောက်ျားများက မိန်မတစ်ဦးထက်ပို၍ လက်ထပ်ယူလေ့ ရှိကြသည်။ ဇူးလူးယောက်ျားကလေးနှင့် မိန်းကလေးတို့ ချစ်ရေးဆို ကြသည့်အခါ၌ ယောက်ျားကလေးက မိန်းကလေးအား ကျွဲနွား အစရှိသော တိရစ္ဆာန်များကို လက်ဆောင်ပေးလေ့ရှိ၏။ လက်ထပ်မင်္ဂလာပွဲ ကျင်းပသည့်အခါ၌ကား သတို့သား သတို့သမီး နှစ်ဦးစလုံးတို့က ထိုလက်ဆောင်မျိုးကိုပင် အပြန်အလှန် ပေးကမ်းကြသည်။

ဇူးလူးများသည် ၁၉ ရာစုအစပိုင်း၌ အာဖရိကတိုက် တောင်ပိုင်းတွင် တန်ခိုးအကြီးမားဆုံး လူမျိုးဖြစ်ခဲ့သည်။ ၁၇၈၃ ခုနှစ်မှ ၁၈၂၈ ခုနှစ်အတွင်း ‘ချာက’ဆိုသော ခေါင်းဆောင်ကြီး ၏ ရှေ့ဆောင်မှုဖြင့် ဇူးလူးတို့ တန်ခိုးကြီးခဲ့ရာ၊ ဇမ်ဗီဇီမြစ်မှ ဂွတ်ဒဟုပ် အငူအထိ အာဏာစက် ပျံ့ခဲ့သည်။

ဇူးလူးဘုရင် စက်တီဝေးယို လက်ထက်၌ အင်္ဂလိပ်တို့နှင့် အချင်းများခဲ့သည်။ ဇူးလူးတို့ အရေးရှုံးနိမ့်သဖြင့် ၁၈၈၇ ခုနှစ်တွင် ဇူးလူးလန်းကို ဗြိတိသျှတို့က သိမ်းယူလိုက်၍၊ ၁၈၉၇ ခုနှစ်သို့ရောက်သော်၊ နာတဲနယ်ထဲသို့ သွတ်သွင်းခဲ့ လေသည်။

၁၉ဝ၆ ခုနှစ်တွင် ဇူးလူးတို့ အနည်းငယ် ဆူပူလှုပ်ရှားခဲ့သေးသည်။ သို့ရာတွင် အလွယ်တကူဖြင့် ထိုဆူပူမှုကို နိမ်နင်းလိုက်သည်။ ထိုနောက်၌ကား ဆူပူမှုများမရှိတော့ချေ။ ၁၉၁၀ ခုနှစ်မှစ၍ ဇူလူးလန်းနယ်သည် တောင်အာဖရိကနိုင်ငံထဲတွင် ပါဝင်လာခဲ့ပြီး လက်ရှိအချိန်တွင် KwaZulu-Natal ပြည်နယ်ဟုခေါ်သည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
Wikipedia

Leave a Reply