က်ေနာ္ ေလ့လာမိသမွ် သေရေခတၱရာျပည္ႀကီးရဲ႕ နိဒါန္း ႏွင့္ နိဂံုး

Posted on

ေရးသားသူ – Min Htet Kyaw Swar (ပဥၥမံေၾကာင္)

ျမန္မာအစ တေကာင္းက ဟူေသာ ဆိုရိုးစကားရွိသည့္အေလ်ာက္ တေကာင္းကို ျမန္မာတို႔၏ ပထမေခတ္ဦးဟု မွတ္ယူရမည္ဆိုလွ်င္ သေရေခတၱရာသည္ ထိုေခတ္ ျမန္မာျပည္သားတို႔ ဒုတိယေျမာက္ စုစည္းအေျခခ် ေနထိုင္ၾကသည့္ကာလ ျဖစ္ေပသည္။ သေရေခတၱရာအေၾကာင္း မေဖာ္ျပမီ တေကာင္းေခတ္အား အက်ဥ္းခ်ဳပ္ ေဖာ္ျပရလွ်င္ အိႏၵိယျပည္ဖြား သာကီဝင္မင္းမ်ိဳးမ်ား လာေရာက္အုပ္စိုးသည့္ကာလကို ေတြ႕ရွိရသည္။ ရာဇဝင္မ်ားအရ ထင္ရွားေသာ တေကာင္းဘုရင္မွာ သာကီဝင္ အဘိရာဇာမင္းျဖစ္သည္။

အဘိရာဇာနတ္႐ြာစံၿပီးေနာက္ သားေတာ္ႏွစ္ပါး (ကံရာဇာႀကီးႏွင့္ ကံရာဇာငယ္)က်န္ရစ္ၿပီး ထီးေမြဆက္ခံေရး မေက်မလည္ျဖစ္ၾကရာ မွဴးမတ္မ်ားက ကုသလယုဒၶ (ကုသိုလ္စစ္ထိုးျခင္း) ျပဳလုပ္ပါဟု ညႇိႏႈိင္းေပးသျဖင့္ ေစတီ ႏွစ္ဆူကို ညတြင္းခ်င္း အျပဳိင္တည္ၾကသည္။ အႀကီးျဖစ္သူ ကံရာဇာႀကီးက သမာသမတ္က်စြာ တည္သျဖင့္ အုတ္ျမစ္ပႏၷက္ပင္မၿပီး။ အငယ္ျဖစ္သူ ကံရာဇာငယ္က ဝါးလံုးေထာင္ ပိတ္ျဖဴပတ္ ရာဇမတ္ကာၿပီး အျဖစ္သေဘာ တည္သျဖင့္ ညတြင္းခ်င္းၿပီးေလသည္။

ကံရာဇာငယ္၏ ေစတီကို လာေရာက္ၾကည့္ရႈစဥ္ ကံရာဇာႀကီးက “ညီေတာ္ ဘုန္းကံကို မယွဥ္သာေခ်” ဟုဆိုကာ တေကာင္းျပည္မွ ရခိုင္ျပည္သို႔ ေနာက္လိုက္မ်ားျဖင့္ ထြက္သြား၍ သီးျခား အုပ္စုိးေလသည္။ (ကံရာဇာႀကီး၏ ေနရာမွ ၾကည့္လွ်င္ အညစ္ခံရျခင္းျဖစ္သည္။ သို႔ေသာ္ ထီးနန္းရေရးအတြက္ ဘုရားပင္ အျဖစ္သေဘာတည္ေသာ ကံရာဇာငယ္သည္ ေနာင္ေတာ္ကုိ လုပ္ႀကံရန္ ဝန္ေလးမည္ မဟုတ္ေခ်။ ကံရာဇာႀကီး လာၾကည့္စဥ္တြင္လည္း အသာတၾကည္ ထီးနန္းမလႊဲပါက ရန္သတၱရုျပဳရန္ ဓားလွံမ်ား အသင့္ျပင္ထားခဲ့ႏိုင္သည္။ ကံရာဇာႀကီးသည္ ထိုအေျခအေနမ်ားေၾကာင့္ ထီးနန္းကို ေအးေအးသာသာ လႊဲကာ ရခိုင္ဘက္ ထြက္သြားျခင္း ျဖစ္ႏိုင္သည္ဟု အခ်ိဳ႕က သံုးသပ္ၾကသည္။)

ကံရာဇာငယ္ အုပ္စိုးေသာ တေကာင္း ထီးနန္းသည္ အဘိရာဇာမွ စ၍ ေရေသာ္ မင္းဆက္ ၅၀ ေျမာက္ သတိုးမဟာရာဇာလက္ထက္တြင္ ျမန္မာႏိုင္ငံ အေရွ႕ေျမာက္ပိုင္းမွ ေမာတရုတ္မ်ား ဝင္ေရာက္ တိုက္ခုိက္လာသျဖင့္ ပ်က္သုဥ္းခဲ့သည္ဟုဆိုသည္။ တေကာင္းေနာက္ဆံုးမင္း သတိုးမဟာရာဇာတြင္ မဟာသမၻဝ ႏွင့္ စူဠသမၻဝ ဟူေသာ သားေတာ္ ႏွစ္ပါးရွိသည္။ သတိုးမဟာရာဇာ၏ ၾကင္ယာေတာ္ (ထိုသားေတာ္ႏွစ္ပါး၏ မိခင္ျဖစ္သူ) ဝါစဏၰီ မိဖုရားသည္ သတိုးမဟာရာဇာႏွင့္ လက္မဆက္မီက နဂါးတစ္ေကာင္ႏွင့္ ခ်စ္ႀကိဳက္ဖူးသည္ဟု ဆိုသည္။

ထို႔ေၾကာင့္ သူမ၏ သားအိမ္သည္ နဂါးေငြ႕ေၾကာင့္ ပူျပင္းၿပီး သားေတာ္မ်ားကို ပဋိသေႏၶတည္သည့္အခါ ထုိအေငြ႕မ်ား ဟပ္သျဖင့္ ညီေနာင္ ႏွစ္ပါးစလံုး ေမြးရာပါ မ်က္စိ အလင္းမရၾကရွာေပ။ မိဖုရားသည္ မ်က္မျမင္ သားေတာ္မ်ားကို အ႐ြယ္ေရာက္သည္ထိ ေစာင့္ေရွာက္ခဲ့သည္။ သို႔ေသာ္ ခမည္းေတာ္ သတိုးမဟာရာဇာက နန္းတြင္း၌ က်က္သေရ မရွိ ဟုဆိုကာ မ်က္မျမင္ညီေနာင္ ႏွစ္ပါးအား မသိုးထမင္းမသိုးဟင္းမ်ားျဖင့္ ေဖာင္ေပၚတင္ကာ ဧရာဝတီျမစ္အတိုင္း ေမ်ွာလိုက္ေလ၏။

ညီေနာင္ ႏွစ္ပါး ျမစ္ေၾကာင္းအတိုင္း ေဖာင္ျဖင့္ ေမ်ာလာၾကရင္း စစ္ပင္ႀကီးတစ္ပင္ ကိုင္းေနေသာ ေနရာတြင္ ေဖာင္ၿငိေလ၏။ (အဆိုပါစစ္ပင္ႀကီးကိုင္းေသာ ေနရာကို စစ္ကိုင္းဟု ယေန႔တိုင္ တြင္ေလ၏) ထိုစစ္ပင္တြင္ ဘီလူးမတစ္ေကာင္ရွိရာ ထိုဘီလူးမသည္ မင္းညီေနာင္၏ မသိုးထမင္း၊ဟင္းမ်ားကို စားလိုသျဖင့္ ေဖာင္ေပၚလိုက္လာခဲ့သည္။ ေဖာင္လည္း ဆက္ေမ်ာလာရာ လမ္းခရီးတြင္ ထမင္းစားတိုင္း အကုန္ျမန္သျဖင့္ ေနာင္ေတာ္စားသေလာ၊ ညီေတာ္စားသေလာ အျငင္းပြားၾကေလ၏။

ထို႔ေနာက္ ထမင္းခိုးစားသူကို အမိဖမ္းရန္ ႀကံကာ စားေနစဥ္ ညီေနာင္ႏွစ္ပါးက မိမိတို႔အနီးရွိ လက္တစ္ဖက္ကို ကိုယ္စီဖမ္းဆြဲကာ မဟာသမၻဝက “ယခုလက္သည္ ညီေတာ့္လက္ေလာ” ဟုေမး၏။ စူဠသမၻဝကလည္း မဟုတ္ေၾကာင္း ျပန္ေျဖကာ သူမိထားေသာလက္လည္း ေနာင္ေတာ့္လက္ေလာ ဟုျပန္ေမးေလ၏။ မိမိတို႔လက္ မဟုတ္မွန္းသိရွိေသာအခါ ညီေနာင္ႏွစ္ပါးသည္ ဓားကိုယ္စီကိုင္ကာ ခိုးစားသူကို သတ္မည္ျပဳ၏။ ဘီလူးမသည္ မိမိအသက္ကို ခ်မ္းသာေပးရန္ေတာင္းပန္ၿပီး ညီေနာင္ႏွစ္ပါး၏ မ်က္စိအလင္းရေအာင္ ကုေပးမည္ဟု အာမခံေလ၏။

ဤတြင္ မင္းညီေနာင္ႏွစ္ပါးကို ဘီလူးမက မ်က္စိ စကုရာ ထိုအရပ္ကို ယေန႔တိုင္ “စကု” ဟုတြင္ေလ၏။ မင္းညီေနာင္ မ်က္စိ စလင္း (စျမင္)သည့္ ေနရာကို ယေန႔တိုင္ “စလင္း” ဟုတြင္ေလ၏။ မ်က္စိယခုမွ စျမင္ေသာ ညီေနာင္ ႏွစ္ပါးသည္ အစစအရာရာ ထူးဆန္းေနၾကေလ၏။ မဟာသမၻဝက ညီေတာ္အား “ေၾသာ္ မိုးေကာင္းကင္ကား အဖံုးသဖြယ္ အုပ္ထားေပသကိုး” ဟု ဆိုေသာအရပ္ကို “မိုးဖုံး”ဟု ယေန႔တိုင္ တြင္ေလ၏။ ထို႔ေနာက္ မိုးက အဖံုးသဖြယ္ အုပ္ထားသျဖင့္ ေျမကား အထဲ ေရာက္ေနသကိုးဟု ဆိုေသာအရပ္ကို “ေျမထဲ” ဟု ယေန႔တိုင္ တြင္ေလ၏။

မင္းညီေနာင္ႏွစ္ပါးသည္ ေက်းဇူးရွင္ ဘီလူးမအား ႏႈတ္ဆက္ရန္ ႀကံေသာ္လည္း ဘီလူးမသည္ မိမိအသက္ေဘးကို ေၾကာက္သျဖင့္ မ်က္စိမလင္းမီညကပင္ ထြက္ေျပးသြားခဲ့သည္။ (ထြက္ေျပးေသာ ဘီလူးမတြင္ ကိုယ္ဝန္ပါသြားခဲ့သည္။ ထိုကိုယ္ဝန္မွာ ေဖာင္ေပၚ၌ မဟာသမၻဝက ထမင္းခိုးစားသည့္လက္ဟု ဖမ္းဆြဲစဥ္က သာယာမိသျဖင့္ အဂၤနည္းျဖင့္ သေႏၶရသြားျခင္း ဟုဆိုသည္။ ထူးဆန္းေပ၏။ ထိုကိုယ္ဝန္မွ လေစ့ေသာအခါ ပန္ထြာမင္းသမီးကို ဖြားေလ၏။ သူမ အ႐ြယ္ေရာက္ေသာအခါ ဗိႆႏိုး အရွင္သခင္မျဖစ္လာသည္။)

မင္းညီေနာင္ ႏွစ္ပါးလည္း ျမစ္ေၾကာင္းအတိုင္း ဆက္လက္ထြက္ခြာလာရာ ေဗဒါရီ သတို႔သမီး ေရခပ္ေနသည္ကိုျမင္ေလ၏။ (ေဗဒါရီသည္ ထိုေတာတြင္ သီတင္းသံုးေနေသာ ရေသ့၏ ေမြးစားသမီး ျဖစ္ၿပီး ေက်ာင္းသခၤန္းႏွင့္မာတုကာမ မသင့္ေတာ္သျဖင့္ ေန႔စဥ္ ဘူးသီးေျခာက္ကုိ အပ္နဖားေပါက္ ပမာဏ အေပါက္ေဖာက္ကာ ေရခပ္ေစျခင္းျဖစ္သည္။) မင္းညီေနာင္ ႏွစ္ပါးက ေဗဒါရီ၏ ေရဗူးကို ဓားျဖင့္ အေပါက္ခ်ဲ့ ေပးၿပီးေနာက္ ရေသ့ႀကီး၏ ေက်ာင္းသခၤန္းသို႔ လိုက္လာေလ၏။ ရေသ့ႀကီးလည္း ေဗဒါရီအား မဟာသမၻဝႏွင့္ေပးစားကာ ထိုအရပ္ေဒသတြင္ ၿမိဳ႕တည္ေထာင္၍ မင္းျပဳေစ၏။ ဤကား သေရေခတၱရာ နိဒါန္းပင္ ျဖစ္ေလသည္။ (ရေသ့ႀကီးက ၿမိဳ႕တည္ေထာင္ေပးသည္ကို အစြဲျပဳ၍ သေရေခတၱရာျပည္ကို ရေသ့ျပည္ ဟုလည္း ေခၚၾကသည္။)

မဟာသမၻဝႏွင့္ေဗဒါရီတို႔ သင့္ျမတ္ရာ ဒြတၱေဘာင္မင္းကို ဖြားျမင္ေလ၏။ ဒြတၱေဘာင္မင္းသည္ မွတ္တမ္းမ်ားအရ အလြန္ ဘုန္းႀကီးေသာ မင္းျဖစ္ေလသည္။ နဖူးတြင္ မွဲ႔ရွင္ ပါသည္ ဟုလည္း သိရသည္။ထိုစဥ္က ျမန္မာႏိုင္ငံ အလယ္ပိုင္းတြင္ ပ်ဴလူမ်ိဳးမ်ား ပ်ံ့ႏွံ႔ေနထိုင္ၾကေသာ္လည္း သေရေခတၱရာျပည္တြင္ ပ်ဴလူမ်ိဳးမ်ား အမ်ားဆံုးေနထိုင္ၾကသည္ဟုဆိုသည္။ ဘာသာေရးအရ နတ္၊ နဂါးမ်ားကို ကိုးကြယ္ၾကေသာ္လည္း အိႏၵိယမွ ျဗဟၼဏဝါဒေရာက္လာေသာအခါ ထိုဝါဒကို ယံုၾကည္ၾကသည္။ ဗုဒၶဘာသာ ေရာက္ရွိလာသည့္အခါ သေရေခတၱရာ တစ္ျပည္လံုးကို လႊမ္းမိုးသြားခဲ့သည္။ သို႔ေသာ္ မိရိုးဖလာ နတ္ကိုးကြယ္မႈႏွင့္ ျဗဟၼဏဝါဒ အနည္းႏွင့္အမ်ား က်န္ရွိေနခဲ့ေသးသည္ဟု သံုးသပ္ၾကသည္။ ထိုေခတ္က တည္ေသာ ေဗာေဗာႀကီးဘုရား ၏ပံုမွာ အလြန္ေရွးက်လွၿပီး အျခားေစတီမ်ားႏွင့္မတူေခ်။

မဟာသမၻဝမင္းမွစ၍ ေရေသာ္ ၂၇ ဆက္ေျမာက္ သုပညာနာဂရဆိႏၷ မင္းလက္ထက္တြင္ သေရေခတၱရာျပည္ ပ်က္သုဥ္းသည္။ (ထိုမင္း၏ အမည္ရင္းမွာ သုပညာ ျဖစ္ေသာ္လည္း ထိုမင္းလက္ထက္ ၿမိဳ႕ပ်က္သျဖင့္ နာဂရ ဆိႏၷ ဟူ၍ ေနာက္ဆက္တြဲ သမုတ္ခံရျခင္းျဖစ္သည္။ နာဂရ = ၿမိဳ႕၊ ဆိႏၷ = ပ်က္သုဥ္းျခင္း။ ျမန္မာရာဇဝင္တစ္ေလွ်ာက္ ထိုသို႔ ေနာက္ဆံုးမင္းျဖစ္ေၾကာင္း သိသာေစသည့္ ဘြဲ႕အမည္ ပါရွိသည့္ ဘုရင္ဟူ၍ သုပညာနာဂရဆိႏၷတစ္ပါးတည္းသာ ေတြ႕ရသည္။) သုပညာနာဂရဆိႏၷမင္းသည္ ကမ္းယံျပည္ (ရခိုင္ျပည္ဘက္) မွ ထႂကြသျဖင့္ သြားေရာက္ ႏွိမ္နင္းရာ ထိုအရပ္တြင္ ၂၈ ေတာင္ (၄၂ ေပ) အျမင့္ရွိ ေ႐ႊဆင္းတုေတာ္ႀကီးကို ဖူးေျမာ္ရသျဖင့္ ၾကည္ညိဳစိတ္ ျပင္းစြာျဖစ္ကာ ထိုအရပ္၌ပင္ ေနေလ၏။

သံုးႏွစ္ခန္႔ၾကာေသာအခါ စစ္သည္ဗိုလ္ပါမ်ားက အိမ္ျပန္ခ်င္သျဖင့္ ဆင္းတုေတာ္ႀကီးကို အေျခမွ ၿပိဳလဲေစ၏။ မင္းႀကီးျမင္လွ်င္ ထိတ္လန္႔ကာ အေၾကာင္းကုိ ေမးေလ၏။ မွဴးမတ္မ်ားက ဘုရားရွင္ ပရိနိဗၺာန္ျပဳပါသည္ ဟုေလွ်ာက္၏။ မင္းႀကီးလည္း မအပ္မရာကို ႀကံစည္ၾကသည့္ မွဴးမတ္မ်ားကို စိတ္ပ်က္ကာ ဆိတ္ဆိတ္ေနေလ၏။ ဤတြင္ မွဴးမတ္မ်ားက မင္းႀကီးေက်နပ္ေစရန္ ဆင္းတုေတာ္ႀကီးကို မီးတိုက္၍ ရေသာ ေ႐ႊစင္ေ႐ႊသားမ်ားျဖင့္ ဆင္းတုငယ္မ်ားသြန္းကာ ဆက္သ၏။ ေ႐ႊမ်ားမွာ မ်ားလြန္းလွသျဖင့္ ဆင္းတုသြန္းၿပီးေနာက္တြင္ပင္ အမ်ားအျပား ပိုလွ်ံေလရာ မွဴးမတ္မ်ား ခြဲယူၾကေလ၏။

ထို႔ေနာက္ သေရေခတၱရာျပည္သို႔ ျပန္ေရာက္ၾကရာ ထိုေ႐ႊမ်ားျဖင့္ ေရာင္းဝယ္ေဖာက္ကားသျဖင့္ ေငြေၾကးေဖာင္းပြကာ စီးပြားေရး ယိုယြင္းလာေတာ့သည္။ (မသံုးေဆာင္သင့္ေသာ ဘုရားေ႐ႊကို သံုးၾကသျဖင့္ ကပ္ဆိုက္ျခင္းဟု အခ်ိဳ႕က သံုးသပ္ၾကသည္။) ကမ္းယံျပည္ကလည္း မိမိတို႔ဆင္းတုေတာ္ကို ဖ်က္ဆီးရသေလာဟုဆိုကာ ယခင္ကထက္ ပိုမိုေသာင္းက်န္းေလ၏။ အေရွ႕ေတာင္ဘက္ဆီမွ တလိုင္းတို႔ကလည္း သေရေခတၱရာျပည္ဘက္သို႔ အင္အားႀကီးစြာ တိုးဝင္လာေလ၏။

ထိုအေျခအေနတြင္ သုပညာနာဂရဆိႏၷမင္းသည္ နာမက်န္းျဖစ္ကာ အိပ္ရာထဲ၌ ဘုန္းဘုန္းလဲေလ၏။ မွဴးမတ္တို႔အား တိုင္းေရးျပည္ရာ ဆိုး႐ြားလွသျဖင့္ နိမိတ္ဖတ္ေစရာ “ငစေကာ ဖ်က္မွ ျပည္ပ်က္မည္” ဟူေသာ တေဘာင္ကို ေလွ်ာက္ေလ၏။ မွဴးမတ္စစ္သည္အမ်ားလည္း ထိုတေဘာင္ကို သိရသည့္အခါ လႈပ္လႈပ္ရွားရွား ျဖစ္ၾကေလ၏။ တစ္ဆင့္စကား တစ္ဆင့္နားျဖင့္ ျပည္သူမ်ားထံ ေပါက္ၾကားသြားေလ၏။ တစ္ျပည္လံုး မၿငိမ္မသက္ ရွိေလ၏။ သို႔ရာတြင္ ကမ္းယံဘက္၌လည္းေကာင္း၊ အေရွ႕ေတာင္ဘက္မွ တလိုင္းအင္အားစု၌လည္းေကာင္း ငစေကာ အမည္ရွိသူ မရွိေခ်။ ဤတြင္ မင္းႀကီး စိတ္ေအးေလ၏။

ထိုသို႔ စိတ္ေအးလက္သာ ရွိေနစဥ္မွာပင္ မိန္းမတစ္ေယာက္သည္ မိမိ၏ စေကာတစ္ခ်ပ္ ေလတိုက္၍ လြင့္သည္ကို “ငါ့စေကာ ငါ့စေကာ”ဟုေအာ္ဟစ္၍ ထဘီမႏိုင္ ပဝါမႏိုင္ ေျပး၍ လိုက္သည္တြင္ တေဘာင္အတိုင္း ငစေကာ စစ္လာသည္ဟု အထင္ေရာက္လွ်က္ တစ္ျပည္လံုး ထိန္းမႏိုင္ သိမ္းမရ ထြက္ေျပးၾကေလ၏။ ဤတြင္ နန္းေတာ္ထက္မွ သုပညာနာဂရဆိႏၷမင္းႀကီးလည္း ထိုအသံဗလံမ်ားႏွင့္ ငစေကာ ဟူေသာ အသံၾကားလွ်င္ အိပ္ရာေပၚ လဲေလ်ာင္းလ်က္က အသက္ထြက္သြားရွာေလ၏။

သေရေခတၱရာ တည္သည့္ႏွစ္မွာ သာသနာႏွစ္ ၆၀ ျဖစ္ၿပီး ပ်က္သည့္ႏွစ္မွာ သာသနာႏွစ္ ၆၃၈ (ေအဒီ ၉၄) ျဖစ္သည္ ဟု ဦးဖိုးက်ား၏ ေခတ္မီရာဇဝင္အက်ဥ္းတြင္ တြက္ခ်က္ေဖာ္ျပထားသည္ကိုေတြ႕ရွိသျဖင့္ ၿမိဳ႕သက္အားျဖင့္ ၅၇၈ ႏွစ္ ၾကာျမင့္ခဲ့ေပသည္။

ေနာက္ဆက္တြဲ

စေကာတစ္ခ်ပ္ ေလအလြင့္တြင္ ပ်က္သုဥ္းသြားေသာ သေရေခတၲရာျပည္မွ ပ်ဴ၊ ကမ္းယံ၊ သက္ ဟူေသာ လူမ်ိဳးႀကီး သံုးစုသည္ အစုစုကြဲလ်က္ ၿမိဳ႕ပ်က္ႀကီးကို စြန္႔ခြာသြားခဲ့သည္။ ထုိ႔ေနာက္ ၁၂ ႏွစ္ခန္႔အၾကာ ေအဒီ ၁၀၆ ခန္႔တြင္ သုပညာနာဂရဆိႏၷမင္း၏ တူေတာ္ျဖစ္သူ သမုဒၵရာဇ္မင္းက ျမန္မာျပည္အလယ္ပိုင္း ယုန္လႊတ္ကြၽန္းေဒသအနီးရွိ ႐ြာ ၁၉ ႐ြာကို စုစည္းကာ ၿမိဳ႕တည္ေလသည္။ ဤကား ပုဂံေနျပည္ေတာ္၏ နိဒါန္းပင္ျဖစ္ေလသည္။

(က်ေနာ္ေလ့လာမိသမွ် သေရေခတၱရာရဲ႕ နိဒါန္းႏွင့္ နိဂံုးကို အတိုခ်ဳပ္ ေရးသားျခင္း ျဖစ္ပါတယ္။ က်မ္းကိုးအေနနဲ႔ တြင္းသင္းရာဇဝင္ ပထမတြဲ၊ ေခတ္မီရာဇဝင္(ဦးဖိုးက်ား) တို႔ကို မွီျငမ္းေရးသားပါတယ္။)

Min Htet Kyaw Swar (ပဥၥမံေၾကာင္)

———————

ကျနော် လေ့လာမိသမျှ သရေခေတ္တရာပြည်ကြီးရဲ့ နိဒါန်း နှင့် နိဂုံး (unicode)

ရေးသားသူ – Min Htet Kyaw Swar (ပဥ္စမံကြောင်)

မြန်မာအစ တကောင်းက ဟူသော ဆိုရိုးစကားရှိသည့်အလျောက် တကောင်းကို မြန်မာတို့၏ ပထမခေတ်ဦးဟု မှတ်ယူရမည်ဆိုလျှင် သရေခေတ္တရာသည် ထိုခေတ် မြန်မာပြည်သားတို့ ဒုတိယမြောက် စုစည်းအခြေချ နေထိုင်ကြသည့်ကာလ ဖြစ်ပေသည်။ သရေခေတ္တရာအကြောင်း မဖော်ပြမီ တကောင်းခေတ်အား အကျဉ်းချုပ် ဖော်ပြရလျှင် အိန္ဒိယပြည်ဖွား သာကီဝင်မင်းမျိုးများ လာရောက်အုပ်စိုးသည့်ကာလကို တွေ့ရှိရသည်။ ရာဇဝင်များအရ ထင်ရှားသော တကောင်းဘုရင်မှာ သာကီဝင် အဘိရာဇာမင်းဖြစ်သည်။

အဘိရာဇာနတ်ရွာစံပြီးနောက် သားတော်နှစ်ပါး (ကံရာဇာကြီးနှင့် ကံရာဇာငယ်)ကျန်ရစ်ပြီး ထီးမွေဆက်ခံရေး မကျေမလည်ဖြစ်ကြရာ မှူးမတ်များက ကုသလယုဒ္ဓ (ကုသိုလ်စစ်ထိုးခြင်း) ပြုလုပ်ပါဟု ညှိနှိုင်းပေးသဖြင့် စေတီ နှစ်ဆူကို ညတွင်းချင်း အပြိုင်တည်ကြသည်။ အကြီးဖြစ်သူ ကံရာဇာကြီးက သမာသမတ်ကျစွာ တည်သဖြင့် အုတ်မြစ်ပန္နက်ပင်မပြီး။ အငယ်ဖြစ်သူ ကံရာဇာငယ်က ဝါးလုံးထောင် ပိတ်ဖြူပတ် ရာဇမတ်ကာပြီး အဖြစ်သဘော တည်သဖြင့် ညတွင်းချင်းပြီးလေသည်။

ကံရာဇာငယ်၏ စေတီကို လာရောက်ကြည့်ရှုစဉ် ကံရာဇာကြီးက “ညီတော် ဘုန်းကံကို မယှဉ်သာချေ” ဟုဆိုကာ တကောင်းပြည်မှ ရခိုင်ပြည်သို့ နောက်လိုက်များဖြင့် ထွက်သွား၍ သီးခြား အုပ်စိုးလေသည်။ (ကံရာဇာကြီး၏ နေရာမှ ကြည့်လျှင် အညစ်ခံရခြင်းဖြစ်သည်။ သို့သော် ထီးနန်းရရေးအတွက် ဘုရားပင် အဖြစ်သဘောတည်သော ကံရာဇာငယ်သည် နောင်တော်ကို လုပ်ကြံရန် ဝန်လေးမည် မဟုတ်ချေ။ ကံရာဇာကြီး လာကြည့်စဉ်တွင်လည်း အသာတကြည် ထီးနန်းမလွှဲပါက ရန်သတ္တရုပြုရန် ဓားလှံများ အသင့်ပြင်ထားခဲ့နိုင်သည်။ ကံရာဇာကြီးသည် ထိုအခြေအနေများကြောင့် ထီးနန်းကို အေးအေးသာသာ လွှဲကာ ရခိုင်ဘက် ထွက်သွားခြင်း ဖြစ်နိုင်သည်ဟု အချို့က သုံးသပ်ကြသည်။)

ကံရာဇာငယ် အုပ်စိုးသော တကောင်း ထီးနန်းသည် အဘိရာဇာမှ စ၍ ရေသော် မင်းဆက် ၅၀ မြောက် သတိုးမဟာရာဇာလက်ထက်တွင် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှ မောတရုတ်များ ဝင်ရောက် တိုက်ခိုက်လာသဖြင့် ပျက်သုဉ်းခဲ့သည်ဟုဆိုသည်။ တကောင်းနောက်ဆုံးမင်း သတိုးမဟာရာဇာတွင် မဟာသမ္ဘဝ နှင့် စူဠသမ္ဘဝ ဟူသော သားတော် နှစ်ပါးရှိသည်။ သတိုးမဟာရာဇာ၏ ကြင်ယာတော် (ထိုသားတော်နှစ်ပါး၏ မိခင်ဖြစ်သူ) ဝါစဏ္ဏီ မိဖုရားသည် သတိုးမဟာရာဇာနှင့် လက်မဆက်မီက နဂါးတစ်ကောင်နှင့် ချစ်ကြိုက်ဖူးသည်ဟု ဆိုသည်။

ထို့ကြောင့် သူမ၏ သားအိမ်သည် နဂါးငွေ့ကြောင့် ပူပြင်းပြီး သားတော်များကို ပဋိသန္ဓေတည်သည့်အခါ ထိုအငွေ့များ ဟပ်သဖြင့် ညီနောင် နှစ်ပါးစလုံး မွေးရာပါ မျက်စိ အလင်းမရကြရှာပေ။ မိဖုရားသည် မျက်မမြင် သားတော်များကို အရွယ်ရောက်သည်ထိ စောင့်ရှောက်ခဲ့သည်။ သို့သော် ခမည်းတော် သတိုးမဟာရာဇာက နန်းတွင်း၌ ကျက်သရေ မရှိ ဟုဆိုကာ မျက်မမြင်ညီနောင် နှစ်ပါးအား မသိုးထမင်းမသိုးဟင်းများဖြင့် ဖောင်ပေါ်တင်ကာ ဧရာဝတီမြစ်အတိုင်း မျှောလိုက်လေ၏။

ညီနောင် နှစ်ပါး မြစ်ကြောင်းအတိုင်း ဖောင်ဖြင့် မျောလာကြရင်း စစ်ပင်ကြီးတစ်ပင် ကိုင်းနေသော နေရာတွင် ဖောင်ငြိလေ၏။ (အဆိုပါစစ်ပင်ကြီးကိုင်းသော နေရာကို စစ်ကိုင်းဟု ယနေ့တိုင် တွင်လေ၏) ထိုစစ်ပင်တွင် ဘီလူးမတစ်ကောင်ရှိရာ ထိုဘီလူးမသည် မင်းညီနောင်၏ မသိုးထမင်း၊ဟင်းများကို စားလိုသဖြင့် ဖောင်ပေါ်လိုက်လာခဲ့သည်။ ဖောင်လည်း ဆက်မျောလာရာ လမ်းခရီးတွင် ထမင်းစားတိုင်း အကုန်မြန်သဖြင့် နောင်တော်စားသလော၊ ညီတော်စားသလော အငြင်းပွားကြလေ၏။

ထို့နောက် ထမင်းခိုးစားသူကို အမိဖမ်းရန် ကြံကာ စားနေစဉ် ညီနောင်နှစ်ပါးက မိမိတို့အနီးရှိ လက်တစ်ဖက်ကို ကိုယ်စီဖမ်းဆွဲကာ မဟာသမ္ဘဝက “ယခုလက်သည် ညီတော့်လက်လော” ဟုမေး၏။ စူဠသမ္ဘဝကလည်း မဟုတ်ကြောင်း ပြန်ဖြေကာ သူမိထားသောလက်လည်း နောင်တော့်လက်လော ဟုပြန်မေးလေ၏။ မိမိတို့လက် မဟုတ်မှန်းသိရှိသောအခါ ညီနောင်နှစ်ပါးသည် ဓားကိုယ်စီကိုင်ကာ ခိုးစားသူကို သတ်မည်ပြု၏။ ဘီလူးမသည် မိမိအသက်ကို ချမ်းသာပေးရန်တောင်းပန်ပြီး ညီနောင်နှစ်ပါး၏ မျက်စိအလင်းရအောင် ကုပေးမည်ဟု အာမခံလေ၏။

ဤတွင် မင်းညီနောင်နှစ်ပါးကို ဘီလူးမက မျက်စိ စကုရာ ထိုအရပ်ကို ယနေ့တိုင် “စကု” ဟုတွင်လေ၏။ မင်းညီနောင် မျက်စိ စလင်း (စမြင်)သည့် နေရာကို ယနေ့တိုင် “စလင်း” ဟုတွင်လေ၏။ မျက်စိယခုမှ စမြင်သော ညီနောင် နှစ်ပါးသည် အစစအရာရာ ထူးဆန်းနေကြလေ၏။ မဟာသမ္ဘဝက ညီတော်အား “ဪ မိုးကောင်းကင်ကား အဖုံးသဖွယ် အုပ်ထားပေသကိုး” ဟု ဆိုသောအရပ်ကို “မိုးဖုံး”ဟု ယနေ့တိုင် တွင်လေ၏။ ထို့နောက် မိုးက အဖုံးသဖွယ် အုပ်ထားသဖြင့် မြေကား အထဲ ရောက်နေသကိုးဟု ဆိုသောအရပ်ကို “မြေထဲ” ဟု ယနေ့တိုင် တွင်လေ၏။

မင်းညီနောင်နှစ်ပါးသည် ကျေးဇူးရှင် ဘီလူးမအား နှုတ်ဆက်ရန် ကြံသော်လည်း ဘီလူးမသည် မိမိအသက်ဘေးကို ကြောက်သဖြင့် မျက်စိမလင်းမီညကပင် ထွက်ပြေးသွားခဲ့သည်။ (ထွက်ပြေးသော ဘီလူးမတွင် ကိုယ်ဝန်ပါသွားခဲ့သည်။ ထိုကိုယ်ဝန်မှာ ဖောင်ပေါ်၌ မဟာသမ္ဘဝက ထမင်းခိုးစားသည့်လက်ဟု ဖမ်းဆွဲစဉ်က သာယာမိသဖြင့် အင်္ဂနည်းဖြင့် သန္ဓေရသွားခြင်း ဟုဆိုသည်။ ထူးဆန်းပေ၏။ ထိုကိုယ်ဝန်မှ လစေ့သောအခါ ပန်ထွာမင်းသမီးကို ဖွားလေ၏။ သူမ အရွယ်ရောက်သောအခါ ဗိဿနိုး အရှင်သခင်မဖြစ်လာသည်။)

မင်းညီနောင် နှစ်ပါးလည်း မြစ်ကြောင်းအတိုင်း ဆက်လက်ထွက်ခွာလာရာ ဗေဒါရီ သတို့သမီး ရေခပ်နေသည်ကိုမြင်လေ၏။ (ဗေဒါရီသည် ထိုတောတွင် သီတင်းသုံးနေသော ရသေ့၏ မွေးစားသမီး ဖြစ်ပြီး ကျောင်းသင်္ခန်းနှင့်မာတုကာမ မသင့်တော်သဖြင့် နေ့စဉ် ဘူးသီးခြောက်ကို အပ်နဖားပေါက် ပမာဏ အပေါက်ဖောက်ကာ ရေခပ်စေခြင်းဖြစ်သည်။) မင်းညီနောင် နှစ်ပါးက ဗေဒါရီ၏ ရေဗူးကို ဓားဖြင့် အပေါက်ချဲ့ ပေးပြီးနောက် ရသေ့ကြီး၏ ကျောင်းသင်္ခန်းသို့ လိုက်လာလေ၏။ ရသေ့ကြီးလည်း ဗေဒါရီအား မဟာသမ္ဘဝနှင့်ပေးစားကာ ထိုအရပ်ဒေသတွင် မြို့တည်ထောင်၍ မင်းပြုစေ၏။ ဤကား သရေခေတ္တရာ နိဒါန်းပင် ဖြစ်လေသည်။ (ရသေ့ကြီးက မြို့တည်ထောင်ပေးသည်ကို အစွဲပြု၍ သရေခေတ္တရာပြည်ကို ရသေ့ပြည် ဟုလည်း ခေါ်ကြသည်။)

မဟာသမ္ဘဝနှင့်ဗေဒါရီတို့ သင့်မြတ်ရာ ဒွတ္တဘောင်မင်းကို ဖွားမြင်လေ၏။ ဒွတ္တဘောင်မင်းသည် မှတ်တမ်းများအရ အလွန် ဘုန်းကြီးသော မင်းဖြစ်လေသည်။ နဖူးတွင် မှဲ့ရှင် ပါသည် ဟုလည်း သိရသည်။ထိုစဉ်က မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ပျူလူမျိုးများ ပျံ့နှံ့နေထိုင်ကြသော်လည်း သရေခေတ္တရာပြည်တွင် ပျူလူမျိုးများ အများဆုံးနေထိုင်ကြသည်ဟုဆိုသည်။ ဘာသာရေးအရ နတ်၊ နဂါးများကို ကိုးကွယ်ကြသော်လည်း အိန္ဒိယမှ ဗြဟ္မဏဝါဒရောက်လာသောအခါ ထိုဝါဒကို ယုံကြည်ကြသည်။ ဗုဒ္ဓဘာသာ ရောက်ရှိလာသည့်အခါ သရေခေတ္တရာ တစ်ပြည်လုံးကို လွှမ်းမိုးသွားခဲ့သည်။ သို့သော် မိရိုးဖလာ နတ်ကိုးကွယ်မှုနှင့် ဗြဟ္မဏဝါဒ အနည်းနှင့်အများ ကျန်ရှိနေခဲ့သေးသည်ဟု သုံးသပ်ကြသည်။ ထိုခေတ်က တည်သော ဗောဗောကြီးဘုရား ၏ပုံမှာ အလွန်ရှေးကျလှပြီး အခြားစေတီများနှင့်မတူချေ။

မဟာသမ္ဘဝမင်းမှစ၍ ရေသော် ၂၇ ဆက်မြောက် သုပညာနာဂရဆိန္န မင်းလက်ထက်တွင် သရေခေတ္တရာပြည် ပျက်သုဉ်းသည်။ (ထိုမင်း၏ အမည်ရင်းမှာ သုပညာ ဖြစ်သော်လည်း ထိုမင်းလက်ထက် မြို့ပျက်သဖြင့် နာဂရ ဆိန္န ဟူ၍ နောက်ဆက်တွဲ သမုတ်ခံရခြင်းဖြစ်သည်။ နာဂရ = မြို့၊ ဆိန္န = ပျက်သုဉ်းခြင်း။ မြန်မာရာဇဝင်တစ်လျှောက် ထိုသို့ နောက်ဆုံးမင်းဖြစ်ကြောင်း သိသာစေသည့် ဘွဲ့အမည် ပါရှိသည့် ဘုရင်ဟူ၍ သုပညာနာဂရဆိန္နတစ်ပါးတည်းသာ တွေ့ရသည်။) သုပညာနာဂရဆိန္နမင်းသည် ကမ်းယံပြည် (ရခိုင်ပြည်ဘက်) မှ ထကြွသဖြင့် သွားရောက် နှိမ်နင်းရာ ထိုအရပ်တွင် ၂၈ တောင် (၄၂ ပေ) အမြင့်ရှိ ရွှေဆင်းတုတော်ကြီးကို ဖူးမြော်ရသဖြင့် ကြည်ညိုစိတ် ပြင်းစွာဖြစ်ကာ ထိုအရပ်၌ပင် နေလေ၏။

သုံးနှစ်ခန့်ကြာသောအခါ စစ်သည်ဗိုလ်ပါများက အိမ်ပြန်ချင်သဖြင့် ဆင်းတုတော်ကြီးကို အခြေမှ ပြိုလဲစေ၏။ မင်းကြီးမြင်လျှင် ထိတ်လန့်ကာ အကြောင်းကို မေးလေ၏။ မှူးမတ်များက ဘုရားရှင် ပရိနိဗ္ဗာန်ပြုပါသည် ဟုလျှောက်၏။ မင်းကြီးလည်း မအပ်မရာကို ကြံစည်ကြသည့် မှူးမတ်များကို စိတ်ပျက်ကာ ဆိတ်ဆိတ်နေလေ၏။ ဤတွင် မှူးမတ်များက မင်းကြီးကျေနပ်စေရန် ဆင်းတုတော်ကြီးကို မီးတိုက်၍ ရသော ရွှေစင်ရွှေသားများဖြင့် ဆင်းတုငယ်များသွန်းကာ ဆက်သ၏။ ရွှေများမှာ များလွန်းလှသဖြင့် ဆင်းတုသွန်းပြီးနောက်တွင်ပင် အများအပြား ပိုလျှံလေရာ မှူးမတ်များ ခွဲယူကြလေ၏။

ထို့နောက် သရေခေတ္တရာပြည်သို့ ပြန်ရောက်ကြရာ ထိုရွှေများဖြင့် ရောင်းဝယ်ဖောက်ကားသဖြင့် ငွေကြေးဖောင်းပွကာ စီးပွားရေး ယိုယွင်းလာတော့သည်။ (မသုံးဆောင်သင့်သော ဘုရားရွှေကို သုံးကြသဖြင့် ကပ်ဆိုက်ခြင်းဟု အချို့က သုံးသပ်ကြသည်။) ကမ်းယံပြည်ကလည်း မိမိတို့ဆင်းတုတော်ကို ဖျက်ဆီးရသလောဟုဆိုကာ ယခင်ကထက် ပိုမိုသောင်းကျန်းလေ၏။ အရှေ့တောင်ဘက်ဆီမှ တလိုင်းတို့ကလည်း သရေခေတ္တရာပြည်ဘက်သို့ အင်အားကြီးစွာ တိုးဝင်လာလေ၏။

ထိုအခြေအနေတွင် သုပညာနာဂရဆိန္နမင်းသည် နာမကျန်းဖြစ်ကာ အိပ်ရာထဲ၌ ဘုန်းဘုန်းလဲလေ၏။ မှူးမတ်တို့အား တိုင်းရေးပြည်ရာ ဆိုးရွားလှသဖြင့် နိမိတ်ဖတ်စေရာ “ငစကော ဖျက်မှ ပြည်ပျက်မည်” ဟူသော တဘောင်ကို လျှောက်လေ၏။ မှူးမတ်စစ်သည်အများလည်း ထိုတဘောင်ကို သိရသည့်အခါ လှုပ်လှုပ်ရှားရှား ဖြစ်ကြလေ၏။ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ပြည်သူများထံ ပေါက်ကြားသွားလေ၏။ တစ်ပြည်လုံး မငြိမ်မသက် ရှိလေ၏။ သို့ရာတွင် ကမ်းယံဘက်၌လည်းကောင်း၊ အရှေ့တောင်ဘက်မှ တလိုင်းအင်အားစု၌လည်းကောင်း ငစကော အမည်ရှိသူ မရှိချေ။ ဤတွင် မင်းကြီး စိတ်အေးလေ၏။

ထိုသို့ စိတ်အေးလက်သာ ရှိနေစဉ်မှာပင် မိန်းမတစ်ယောက်သည် မိမိ၏ စကောတစ်ချပ် လေတိုက်၍ လွင့်သည်ကို “ငါ့စကော ငါ့စကော”ဟုအော်ဟစ်၍ ထဘီမနိုင် ပဝါမနိုင် ပြေး၍ လိုက်သည်တွင် တဘောင်အတိုင်း ငစကော စစ်လာသည်ဟု အထင်ရောက်လျှက် တစ်ပြည်လုံး ထိန်းမနိုင် သိမ်းမရ ထွက်ပြေးကြလေ၏။ ဤတွင် နန်းတော်ထက်မှ သုပညာနာဂရဆိန္နမင်းကြီးလည်း ထိုအသံဗလံများနှင့် ငစကော ဟူသော အသံကြားလျှင် အိပ်ရာပေါ် လဲလျောင်းလျက်က အသက်ထွက်သွားရှာလေ၏။

သရေခေတ္တရာ တည်သည့်နှစ်မှာ သာသနာနှစ် ၆၀ ဖြစ်ပြီး ပျက်သည့်နှစ်မှာ သာသနာနှစ် ၆၃၈ (အေဒီ ၉၄) ဖြစ်သည် ဟု ဦးဖိုးကျား၏ ခေတ်မီရာဇဝင်အကျဉ်းတွင် တွက်ချက်ဖော်ပြထားသည်ကိုတွေ့ရှိသဖြင့် မြို့သက်အားဖြင့် ၅၇၈ နှစ် ကြာမြင့်ခဲ့ပေသည်။

နောက်ဆက်တွဲ

စကောတစ်ချပ် လေအလွင့်တွင် ပျက်သုဉ်းသွားသော သရေခေတ္တရာပြည်မှ ပျူ၊ ကမ်းယံ၊ သက် ဟူသော လူမျိုးကြီး သုံးစုသည် အစုစုကွဲလျက် မြို့ပျက်ကြီးကို စွန့်ခွာသွားခဲ့သည်။ ထို့နောက် ၁၂ နှစ်ခန့်အကြာ အေဒီ ၁၀၆ ခန့်တွင် သုပညာနာဂရဆိန္နမင်း၏ တူတော်ဖြစ်သူ သမုဒ္ဒရာဇ်မင်းက မြန်မာပြည်အလယ်ပိုင်း ယုန်လွှတ်ကျွန်းဒေသအနီးရှိ ရွာ ၁၉ ရွာကို စုစည်းကာ မြို့တည်လေသည်။ ဤကား ပုဂံနေပြည်တော်၏ နိဒါန်းပင်ဖြစ်လေသည်။

(ကျနော်လေ့လာမိသမျှ သရေခေတ္တရာရဲ့ နိဒါန်းနှင့် နိဂုံးကို အတိုချုပ် ရေးသားခြင်း ဖြစ်ပါတယ်။ ကျမ်းကိုးအနေနဲ့ တွင်းသင်းရာဇဝင် ပထမတွဲ၊ ခေတ်မီရာဇဝင်(ဦးဖိုးကျား) တို့ကို မှီငြမ်းရေးသားပါတယ်။)

Min Htet Kyaw Swar (ပဥ္စမံကြောင်)

Leave a Reply