ကမ္ဘာ့အရေးပါဆုံး မြစ်ကြီး ၁၀ စင်း

Posted on

မြစ်တွေဟာ လူသားတွေရဲ့အသက်ရှင်နေထိုင်ရာဘဝတွေအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်ပါတယ်။ လူတွေအတွက်သောက်သုံးရန်၊ အစားအစာရရှိရန်၊ မြေသြဇာကောင်းမွန်စေရန်၊ကုန်ပစ္စည်းတွေတစ်နေရာမှတစ်နေရာ သယ်ဆောင်ရန် ၊လျှပ်စစ်ဓာတ်ထုတ်လုပ်ရန်အတွတ်အဓိကအရင်းအမြစ်ဟာမြစ်တွေဆီကပဲရရှိနေတာပါ။ ဒါ့အပြင် ငါးအပါအဝင် ရေသတ္တဝါအားလုံးအတွက် အားကိုးမှီတည်စရာ နေရာလည်းဖြစ်ပါတယ်။

မိုးသစ်တောတွေနဲ့ စွတ်စိုတဲ့ဒေသတွေရဲ့ပတ် ဝန်းကျင်အခြေအနေကိုပြုပြင်ထိန်းသိမ်းရာမှာ အရေးကြီးတဲ့နေရာကနေပါဝင်ပါတယ်။ မြစ်၊ချောင်းတွေဟာ ကမ္ဘာမြေကြီးကို တစ်ထောင့်တစ်နေရာကနေ အကျိုးပြုနေတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်တော့ ဧရာဝတီမြစ်ဟာ မရှိမဖြစ် အရေးပါတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒီနေရာမှာ ဖော်ပြပေးချင်တာကတော့ ကမ္ဘာပေါ်ကအရေးပါဆုံးသောမြစ်တွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။

(၁၀) Sepik River

ဒီမြစ်ဟာပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစုနိုင်ငံဖြစ်တဲ့ New Guinea နိုင်ငံရဲ့ အရှည်လျား ဆုံးသောမြစ်ဖြစ်ပါတယ်။ Sepik မြစ်ဟာ နယူးဂီနီနိုင်ငံရဲ့ အလယ်ပိုင်း တောင်တန်းဒေသမှာရှိတဲ့ Emanuel တောင်တန်းတွေမှ စတင်မြစ်ဖျားခံပါတယ်။ အမေဇုံမြစ်ကဲ့သို့ မြွေပုံသဏ္ဍာန်ရှိကာ Bismarck ပင်လယ်အတွင်းသို့စီးဝင်ပါတယ်။ အခြားမြစ်ကြီးတွေ နဲ့မတူတာကတော့ Sepik Riverမှာ မြစ်ဝကျွန်းပေါ်ဖြစ်ထွန်းခြင်းတော့ မရှိပဲ ပင်လယ်သမုဒ္ဒရာထဲကို တစ်ဖြောင့်တည်းစီးဝင်တာပါ။ ဒီမြစ်ဟာ မိုင်(၇၀၀)လောက် ရှည်လျားပြီး ရေသတ္တဝါတွေ အနှောက်အယှက်ကင်းကင်းနဲ့ ရှင်သန်နေထိုင်နိုင်တဲ့ ကမ္ဘာ့နောက်ဆုံးသော မြစ်အဖြစ် သတ်မှတ်ခြင်းကိုခံထားရတာပါ။

(၉) Mississippi River

Mississippi မြစ်ကိုတော့ မြောက်အမေရိကတိုက်မှာရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံးသော မြစ်အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပြီး ဒီမြစ်ဟာ ၂၃၂၀ မိုင်ရှည်လျားပါ တယ်။ ဒီမြစ်ဟာ Itasca ရေကန်မှစတင်မြစ်ဖျားခံလာပြီး မက္ကဆီကိုပင်လယ်ကွေ့ထဲ ကိုစီးဆင်းပါတယ်။ ၁၈၂၀ခုနှစ်လောက်ကတည်းက Mississippiမြစ်ထဲမှာ အဲဒီခေတ်က လူသိများထင်ရှားတဲ့ ရေနွေးငွေ့ အင်ဂျင်သုံး သဘောင်္တွေ ခုတ်မောင်းပြေးဆွဲနေခဲ့တာပါ။ ဒီသဘောင်္တွေဟာ ဆောက်လုပ်ရေးလုပ်ငန်းသုံးသစ်တွေ၊ အစားအစာတွေ၊ ဝါ၊ ချည်ထည် အပ်ထည်တွေကို သယ်ဆောင်ပြီး အမေရိကန်နိုင်ငံရဲ့ ကုန်စည်စီးဆင်းရေးကဏ္ဍ မှာအရေးပါဆုံးသော ပင်မအရင်းအမြစ်ဖြစ်လာခဲ့တာပါ။

၁၈၈၀ ခုနှစ် နောက်ပိုင်းမှာတော့ မီးရထားလမ်းကြောင်းတွေပေါ်ပေါက်လာတာကြောင့် ရေနွေးငွေ့သင်္ဘောတွေရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ တဖြည်းဖြည်းမှေးမှိန်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ၁၉၂၀ခုနှစ် လောက်အထိ တော့ ရေနွေးငွေ့သင်္ဘောတွေဟာ Mississippi မြစ်ထဲမှာ မြင်ခဲ့ရပါသေး တယ်။ ယနေ့ခေတ်အထိလည်း Delta Queen ကဲ့သို့သော ရေနွေးငွေ့သဘောင်္အနည်းငယ်ကို အမှတ်တရ အထိန်းအမှတ်အနေနဲ့ Mississippi မြစ်အတွင်း သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းတွေမှာ ထည့်သွင်းအသုံးပြုလျက် ရှိနေသေးတာပါ။

(၈) Volga River

ဥရောပတိုက်မှာရှိတဲ့၊ ရုရှားနိုင်ငံအတွက် ဒီမြစ်ဟာအရှည်လျားဆုံးနဲ့ အရေးပါဆုံးသော မြစ်အဖြစ် သတ်မှတ်ခြင်းခံထားရတာပါ။ ရုရှားနိုင်ငံရဲ့အကြီးဆုံးမြို့ (၂၀)ရှိတဲ့အနက် မြို့တော် မော်စကိုအပါအဝင် အခြားမြို့ကြီး (၁၁)မြို့ဟာ Volga မြစ်ဝှမ်း အတွင်းတည်ရှိနေတာပါ။ Volga Riverမြစ်ဟာမော်စကိုမြို့ရဲ့ အနောက်မြောက်ဘက်ပိုင်း မှာရှိတဲ့ ပင်လယ်ရေမျက်နှာပြင်ထက် (၇၄၀)ပေမြင့်တဲ့ Valday တောင်ကုန်းဒေသက နေစတင်မြစ်ဖျားခံလာပြီး နောက်ထပ်(၂၂၆၆)မိုင် ခရီးသွားကာ Caspian ပင်လယ်ထဲကို စီးဝင်ပါတယ်။

ဒီမြစ်ဟာ နှစ်စဉ် (၃)လလောက်ရေခဲတဲ့အခြေအနေဖြစ်ပေါ်နေတာတောင် ရုရှားနိုင်ငံရဲ့ပြည်တွင်းကုန်စည်သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အရေးကြီးတဲ့ နေရာမှာပါဝင်နေပါတယ်။ ကမ္ဘာပေါ်က အကြီးဆုံးသော ရေလှောင်ကန်များကို ဗော်လ်ဂါမြစ် တလျှောက်တွင် တွေ့နိုင်ပါတယ်။ ဗော်လ်ဂါမြစ်ဟာ ရုရှားယဉ်ကျေးမှုတွင် ပြယုဂ်တစ်ခု အဖြစ် တည်ရှိပြီး ရုရှားစာပေနှင့် ဒဏ္ဍာရီများတွင် မိခင်ဗော်လ်ဂါ ဟု ရည်ညွှန်းလေ့ ရှိကြပါတယ်။

(၇) Zambezi River

Zambeziမြစ်ဟာ ၁၆၀၀မိုင် အရှည်ရှိပြီး အာဖရိကတိုက်ရဲ့ စတုတ္ထမြောက် အရှည်ဆုံးမြစ်ဖြစ်ပါတယ်။ ဒီမြစ်ဟာ ဇမ်ဘီယာနိုင်ငံရဲ့ အနောက်မြောက်ဘက်က ရွံနွံထူထပ်တဲ့ စိမ့်ဒေသတစ်ခုဖြစ်တဲ့ ဇမ်ဘီယာအမျိုးသားသစ်တော ကနေစတင်မြစ်ဖျားခံလာပြီး အန်ဂိုလာနိုင်ငံ၊ ဘော့ဝါနာနိုင်ငံ၊ နမ်ဘီးယားနိုင်ငံ၊ ဇင်ဘာ တွေနိုင်ငံ၊ တွေကိုဖြတ်သန်းစီးဆင်းပြီး ဇမ်ဘီယာနိုင်ငံရဲ့ Mozambique ကျွန်းစုကနေ အိန္ဒိယ သမုဒ္ဒရာထဲကိုစီးဝင်ပါတယ်။

ဇမ်ဗီဇီမြစ်ဝကျွန်းပေါ် ဒေသဟာ စတုရန်းမိုင် ၂၅ဝဝ ခန့်ကျယ်ဝန်းပါတယ်။ ဒီမြစ်ဟာ အထက်ပိုင်းတွင် ညီညာသော ကုန်းမြေပြင်ကို ဖြတ်သန်းလာ၍၊ ဝိတိုရိယရေတံခွန်မှာတော့ မြေနိမ့်သို့ စီးဆင်းလေသည်။ ဇမ်ဘီယာနိုင်ငံမှာတည်ရှိတဲ့ ၀ိတိုရိယရေတံခွန်ဟာ ကမ္ဘာပေါ်မှာအံ့သြစရာအကောင်းဆုံးရေတံခွန်(၁၀)ခုစာရင်းမှာ ပါဝင်ပါတယ်။ ဇမ်ဗီဇီမြစ်မှာ နှစ်စဉ်ရေလွှမ်းမိုးခြင်းကြောင့် မြစ်ကမ်းနှစ်ဘက်တို့တွင် ရွံ့ညွန်များဖုံးလွှမ်းမိုးပြီး မြေဩဇာကောင်းမွန်ပါတယ်။

(၆) Mekhong River

ကမ္ဘာပေါ်မှာ (၁၂)ခုမြောက် အရှည်ဆုံး ၊ အာရှမှာ ၇ခုမြောက်အရှည်ဆုံး ဖြစ်တဲ့ မဲခေါင်မြစ်ဟာ အာရှတိုက်မှာတည်ရှိပြီး (၂၇၀၃)မိုင်ရှည်လျားပါတယ်။ ဒီမြစ်ဟာ တရုတ်နိုင်ငံ၊ ချင်ဟိုင်းပြည်နယ်မှာရှိတဲ့ တိဗတ်ကုန်းပြင်မြင့်ကနေစတင်စီးဆင်းပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ်နိုင်ငံတို့ကိုဖြတ်လျက် တောင်တရုတ်ပင်လယ်အတွင်းကို စီးပါတယ်။ မဲခေါင်မြစ်ရဲ့ ရာသီအလိုက် ပြင်းထန်တဲ့ရေစီးကြောင်းပြောင်းလဲမှုနဲ့ ရေစီးသန်တဲ့ ရေတံခွန်တွေ အများအပြားရှိမှုတို့ကြောင့် မဲခေါင်မြစ်ဟာ လှေ၊ သင်္ဘောများ သွားလာရန် ခက်ခဲပါတယ်။

တန်ဖိုးရှိ ရေအောက်သယံဇာတတွေဖြစ်တဲ့ အပင်မျိုးစိတ်၊ တိရိစ္ဆာန်မျိုးစိတ် ပေါများကြွယ်ဝမှုမှာ မဲခေါင်မြစ်ဝှမ်းထက်ပို များတာဆိုလို့ တောင်အမေရိက တိုက်ကအမေဇုံမြစ်တစ်မြစ်သာ ရှိပါတယ်။ ဒါကြောင့် မဲခေါင်လင်းပိုင် အပါအဝင် အခြားများစွာသော ရေနေသတ္တဝါအများစုဟာ မွေးဖွားချိန်ကစပြီး အဆင့်ဆင့်ကြီးထွားလာတဲ့ အထိ မဲခေါင်မြစ်တစ်လျောတ်မှာ အန္တရာယ်ကင်းကင်းနဲ့ ရှင်သန်နေထိုင်နိုင်ကြ တာပါ။

(၅) Ganges River

Ganges မြစ်(သို့) မြတ်ဗုဒ္ဓရဲ့ဖြစ်စဉ်တွေမှာ ပါဝင်လေ့ရှိတဲ့ ဂင်္ဂါမြစ်ဟာ အိန္ဒိယနိုင်ငံရှိ အရှေဘက် Himalayas တောင်တန်းတွေက အမြင့်ပေ ၁၀၄၀၀ကျော်ရှိတဲ့ဒေသကနေစတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ Sudernanban မြစ်ဝကျွန်းပေါ်ဒေသအထိ စီးဆင်းကာ sagar ကျွန်းစုနားကနေ ဘင်္ဂလားပင်လယ်အော်ထဲကို စီးဝင်တာပါ။ ဟိန္ဒူဘာသာဝင်တွေအတွက် ဒီမြစ်ဟာ သူတို့ရဲ့နတ်ဘုရား Ganga ရဲ့အမှတ်အသားအဖြစ်လေးလေးစားစား သတ်မှတ်ထားကြ တာပါ။

အရှည်အားဖြင့်တော့ မိုင်ပေါင်း ၁၆၅၀ ရှည်လျားပါတယ်။ သမိုင်းဆိုင်ရာ အချက်အလက်တွေအရတော့ ရှေးခေတ်ကထင်ရှားခဲ့တဲ့ အိန္ဒိယအင်ပါယာတွေရဲ့ မြို့တော်တွေဟာ ဒီဂဂါင်္မြစ်ရဲ့ကမ်းနဖူး မှာတည်ထားခဲ့တယ်လို့ ဖော်ပြကြပါတယ်။ မြန်မာကလေးငယ်တွေရဲ့ အိပ်ရာဝင်ပုံပြင်တွေထဲမှာ အသုံးများဆုံးဖြစ်ခဲ့တဲ့ ဗာရာဏသီမြို့တော်ဟာလည်း ဂင်္ဂါမြစ်ရဲ့ကမ်းနဖူးမှာသာ တည်ရှိခဲ့တာဖြစ်ပြီး ဟိန္ဒူတွေ ရဲ့သမိုင်းမှာလည်း ဒီမြို့တော်ဟာ အရေးပါတဲ့နေရာမှာပါဝင်နေတာပါ။

ဒါအပြင် ပါတလိပုတ်ဟု တွင်ခဲ့တဲ့ ပတ္တနာမြို့နှင့် ကွန်ပိုမြို့ကြီးများလည်း ဒီမြစ်ကမ်းဘေးမှာပဲ ရှိနေပါတယ်။ ဟိန္ဒူလူမျိုးတွေရဲ့ အယူအရတော့ ဂင်္ဂါမြစ်ရေနဲ့ရေချိုးခဲ့ဖူးခြင်းမရှိရင်တော့ ဘဝဟာမပြည့်စုံဘူးလို့ခံယူထား ကြတာပါ။ ဒါအပြင် သူတို့မျိုးနွယ်တွေ သေဆုံးသွားတဲ့အခါ မီးသဂြိုလ်ပြီး ကျန်ခဲ့တဲ့ ပြာတွေကို ဒီမြစ်ထဲကို ကြဲဖြန့်ပြီး ဆုတောင်းမေတ္တာပို့သလေ့ရှိကြတာပါ။

ဒါကြောင့်ဟိန္ဒူ မျိုးနွယ်စု အများအပြားနေထိုင်တဲ့ အိန္ဒိယနိုင်ငံအတွက် ဂဂါင်္မြစ်ဟာ အလွန်အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်လာတာပါ။ ဂင်္ဂါမြစ်နှင့် လက်တက်များဟာ မိုးတွင်းမှာ ပတ်ဝန်းကျင်ဒေသများကို ရေလွှမ်းမိုးလျက် နုန်းမြေများကို တင်စေသဖြင့် ထိုအရပ်များ၌ မြေဩဇာ အလွန်ထက်သန် ကောင်းမွန်ပြီးလျှင် သန်းပေါင်းများစွာသော လူတို့၏ နေထိုင်စားသောက်မှုကို လွယ်ကူစေပါတယ်။

(၄) Danube River

Danube(Donau)မြစ်ဟာ ဥရောပတိုက်အတွက် အလွန်အရေးပါတဲ့မြစ်ဖြစ်တဲ့အပြင် Volgaမြစ်ပြီးရင် ဒုတိယမြောက် အရှည်ဆုံးမြစ်ဖြစ်ပါတယ်။ Danubeမြစ်ဟာ ကမ္ဘာသမိုင်းမှာအချိန်အကြာကြီးရပ်တည်လာခဲ့တဲ့ရောမအင်ပါယာရဲ့နယ်နိမိတ်အဆုံး သတ်မျဉ်းလည်းဖြစ်ပါတယ်လို့ သမိုင်းပညာရှင်တွေကယူဆကြတာပါ။ ယခုအချိန်မှာ တော့Danubeမြစ်ဟာ ဥရောပ(၁၀)နိုင်ငံရဲ့ နယ်နိမိတ်မျဉ်းအမှတ်အသားအဖြစ်တည်ရှိနေပါတယ်။

ဒီမြစ်ဟာဂျာမနီနိုင်ငံ Black Forest ကနေ စတင်စီးဆင်းပြီး အရှေဘက်စူးစူး (၁၇၇၁)မိုင်အထိ စီးဆင်းကာ သြစတီးယား၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ခရိုအေးရှား၊ ဆားဘီးယား ၊ရိုမေနီးယား၊ ဘူဂေးရီးယား ၊မော်ဒိုဗာ၊ ယူကရိန်းနိုင်ငံတွေရဲ့ နယ်နိမိတ်မျဉ်းတွေကို ဖြတ်သန်းစီးဆင်းကာ ပင်လယ်နက်(BlackSea)ထဲကို စီးဆင်းပါတယ်။ ၁၉၉၂ခုနှစ် မှာတော့ ဂျာမနီနိုင်ငံက Rhine.Main.Danube(or)Europa တူးမြောင်း ကို ဆောက်လုပ်ပြီးသွားချိန်မှာတော့ Black Sea ကနေ မြောက်ဘက်ပင် လယ်မှာရှိတဲ့ နယ်သာလန်နိုင်ငံ ရိုသာဟန် မြို့အထိသွားရောက်နိုင်တဲ့ ဥရောပ ရေကြောင်းဆက်သွယ်သွားလာရေး လမ်းကြောင်းမှာ အရေးပါတဲ့နေရာကနေ ပါဝင်နေတာပါ။

(၃) Yangtze River

တရုတ်နိုင်ငံအတွင်း မှာပဲစီးဆင်းတဲ့ Yangtze မြစ်ဟာ ကမ္ဘာရဲ့တတိယမြောက် အရှည်ဆုံးမြစ်ဖြစ်ပြီး (၃၉၅၀)မိုင်ရှည်လျားပါတယ်။ အာရှတိုက်မှာတော့အရှည်ဆုံး မြစ်ဖြစ်ပြီး တိဗက်ကုန်းပြင်မြင့်ရဲ့ အရှေဘက်ပိုင်း Jari တောင်ကြားကနေ စတင်မြစ်ဖျားခံပြီး ယင်းမြစ်ကို အခြေပြုတည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်ဓာက်ခွဲရုံတွေကို ကျော်ဖြတ်ကာ တရုတ်အရှေ့ပိုင်းပင်လယ်ထဲကို စီးဝင်ပါတယ်။

ဒီမြစ်ကို အခြေပြုတည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်စက်ရုံ(၃)ရုံရှိပြီး ဒီစက်ရုံတွေဟာ ကမ္ဘာပေါ်မှာအားကြီးဆုံး ရေအားလျှပ်စစ်စွမ်းအင်ထုတ်ပေးနိုင်တဲ့ နေရာတွေဖြစ်ပါတယ်။ ဒီမြစ်ရဲ့စီးဆင်းနေတဲ့ဧရိယာဟာ တရုတ်နိုင်ငံစုစုပေါင်းရဲ့ ငါးပုံတစ်ပုံ အထိပါဝင်နေပါတယ်။ ဒါအပြင်တရုတ်နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံဟာ ဒီမြစ်ဝှမ်း အနီးမှာနေထိုင်ကြတာပါ။ တရုတ်လူမျိုးတွေကတော့ ဒီမြစ်ကို ချန်ကျန်း (ရှည်လျားသောမြစ်) လို့ခေါ်ကြပါတယ်။

ယန်ဆီမြစ် နဲ့ တကွ ၎င်း၏ မြစ်လက်တက်များတို့ ဖြတ်သန်းစီးဆင်း သော မြစ်ဝှမ်းဒေသမှာ စတုရန်းမိုင်ပေါင်း ၇ဝဝဝဝဝ နီးပါး မျှ ရှိပါတယ်။ Yangtze မြစ်ဟာ ကမ္ဘာပေါ်မှာ ရေကြောင်းဆက်သွယ်ရေးလမ်းကြောင်းအများဆုံးမြစ်ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ဒေသတွင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေမှာ အလွန်အရေးပါပါတယ်။  ဒါ့အပြင် Yangtze မြစ်ဟာ တရုတ်နိုင်ငံရဲ့ယဉ်ကျေးမှု အနုပညာ၊ သမိုင်း အမွေအနှစ် နဲ့ စီးပွားရေးကဏ္ဍတွေမှာ အရေးပါတဲ့နေရာမှာ ပါဝင်နေပါသေးတယ်။ ယန်ဆီမြစ်တစ်လျှောက်ရှိ ထင်ရှားသောမြို့များမှာ ရှန်ဟိုင်းမြို့၊ နန်းကင်းမြို့၊ ကျူကျန်မြို့၊ အန်ကင်းမြို့၊ ဟန်ကောင်မြို့၊ ဝူချန်မြို့၊ အီချန်မြို့နှင့် ချုန်ကင်းမြို့များ ဖြစ်ကြပါတယ်။

(၂) Nile

ကမ္ဘာပေါ်မှာ အရှည်လျားဆုံးသော မြစ်ဖြစ်တဲ့ Nile မြစ်ဟာ အာဖရိကတိုက်အရှေပိုင်း ကနေ Mediterranean ပင်လယ်ထဲကိုစီးဝင်တာပါ။ ဒီမြစ်ဟာမိုင်ပေါင်း (၄၂၅၈)မိုင်အ ရှည်ရှိပြီး Blue Nile နဲ့ White Nile အမည်ရတဲ့ မြစ်ခွဲနှစ်ခုကနေ ပူးပေါင်းစီးဆင်းမှုကနေဖြစ်ပေါ်လာတာပါ။ Blue Nile အီသီယိုးပီးယားနိုင်ငံမှာရှိတဲ့ Tana ရေကန်မှစတင်မြစ်ဖျားခံစီးဆင်းပြီး White Nile ကတော့ အာဖရိကတိုက်အ လယ်ပိုင်းဒေသမှာရှိတဲ့ Great ရေကန်တွေကနေမြစ်ဖျားခံစီးဆင်းလာတာပါ။ သမိုင်းဆရာတွေရဲ့အဆိုအရတော့ Nile မြစ်ဟာ ကမ္ဘာ့စဦးယဉ်ကျေးမှုလို့ဆိုရမယ့် အီဂျစ်နိုင်ငံရဲ့ ယဉ်ကျေးမှုအနုပညာရပ်တွေ ပေါက်ပွား ရှင်သန်ရာမှာ မရှိမဖြစ်အရေးပါတဲ့နေရာကနေပါဝင်တယ်လို့ဆိုကြပါတယ်။

Nile မြစ်ရေနှစ်စဉ်လွှမ်းမိုးခြင်းခံရတဲ့ဒေသတွေရဲ့ မြေဟာ ဒီမြစ်ကပို့ချတဲ့အနည်တွေ ကြောင့်မြေသြဇာကောင်းမွန်လာပြီး ဂျုံ အပါအဝင် ကောက်ပဲသီးနှံများ အများအပြား ကိုစိုက်ပျိုးအောင်မြင်နိုင်ပါတယ်။ ရှေးခေတ် အီဂျစ်တွေကတော့ Nileမြစ်ဟာသူတို့ လူမျိုးရဲ့ ယုံကြည်ကိုးကွယ်မှုမှာ အရေးပါတဲ့မြစ်အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။အီဂျစ် နိုင်ငံကို အုပ်စိုးခဲ့တဲ့ ဖာရိုးဘုရင်တွေကတော့ Nile မြစ်ရဲ့နှစ်စဉ်ရေလွှမ်းမိုးမှုတွေကို အဓိက ချုပ်ကိုင်ဖန်တီးနေသူက သူတို့ရဲ့ နတ်ဘုရားအဖြစ်ယုံကြည်ကိုးကွယ်ခဲ့ကြတဲ့ Hapy နတ်ဘုရားဖြစ်တယ်လို့ သမိုင်းတစ်လျောတ် ယူဆလက်ခံလာခဲ့ကြတာပါ။

(ဘရာဇီး သိပ္ပံပညာရှင်တစ်စုရဲ့ တိုင်းတာချက်အရ အမေဇုန်ဟာ နိုင်းမြစ်ထက် မိုင်အနည်းငယ်ပိုရှည်တယ်လို့ သိရပေမယ့် တချို့ကသာလက်ခံပြီး ပညာရှင်အများစုကတော့ ဒါကို လက်မခံကြပါဘူး။ Wikipedia မှာတော့ အမေဇုန်မြစ်ကို အရှည်ဆုံးအဖြစ်ဖော်ပြထားပါတယ်)

(၁) Amazon River

တောင်အမေရိကတိုက်မှာရှိတဲ့ Amazon မြစ်ဟာ (၄၁၃၂)မိုင် ရှည်လျားပြီး ထုထည်အရဆိုရင်တော့ကမ္ဘာပေါ်မှာအကြီးဆုံးမြစ်ဖြစ်ပါတယ်။ ဒီမြစ်မှာရှိတဲ့ရေသယံဇာတအရင်းအမြစ်တွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ မြစ်တွေအားလုံးထက် သာလွန်နေပါတယ်။ ဒါအပြင် ကမ္ဘာပေါ်မှာရှိတဲ့ ရေချိုသယံဇာတရဲ့ ငါးပုံတစ်ပုံဟာ ဒီမြစ်ထဲမှာစီးဆင်းနေတာပါ။

အမေဇုံမြစ်ဟာမာရာနွန်မြစ်နှင့် အူးကာယားလီမြစ် တို့ ပေါင်းဆုံရာမှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်ပြီး သူရဲ့မြစ်ခွဲတွေဟာ ဘိုလစ်ဗီးယား၊ ပီရူး၊ ဗင်နီဇွဲလား၊ ဘရာဇီး အီကွေဒေါနိုင်ငံတွေကိုဖြတ်သန်းစီးဆင်းပြီး နောက်ဆုံးမှာတော့ အတ္တလနိတ်သမုဒ္ဒ ရာထဲကိုစီးဝင်တာပါ။  အမေဇုံမြစ်ထဲမှာငါးမျိုးစိတ်ပေါင်း ၃၀၀၀ ကျော်ခန့်ရှိပြီး အခြား မျိုးစိတ်တွေလည်းကျန်ရှိနိုင်သေးတဲ့အတွက် စူးစမ်းရှာဖွေမှုတွေပြုလုပ်လျက်ရှိနေတုန်းပါပဲ။

Orinoco မြစ်ဟာ အမေဇုံမြစ်ရဲ့မူလ မြစ်ခွဲတစ်ခုဖြစ်ြ်ပီး အမေဇုံလင်းပိုင်တွေအတွက် ကျယ်ပြန့်တဲ့ ကျင်လည်ကျက်စားစရာနေရာဖြစ်ပါတယ်။ ဒီလင်းပိုင်တွေဟာ ၈.၅ပေ လောက်အထိခုန်နိုင်ကြပါတယ်။ အမေဇုံမြစ်ရဲ့အထက်ပိုင်း မိုင် ၂၅၀၀ လောက်ကိုသွား ရင်တော့ Bull Shark အမျိုးအစား ငါးမန်းတွေကို မှတ်တမ်းတင်နိုင်မှာပါ။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Piranha (သတ္တဝါများကိုအရှင်လတ်လတ်ဝိုင်းအုံကိုတ်ဖြတ်တတ်တဲ့အ သားစား ငါးအသေးမျိုး)များလည်း အမေဇုံမြစ်ထဲမှာတွေ့ရတတ်ပြီး ဒီငါးတွေကလည်း မျိုးစိတ်များစွာရှိပြီး အနည်းငယ်သောမျိုးစိတ်တွေကသာ လူတွေကို အန္တရာယ်ပေးလေ့ ရှိတာပါ။

အမေဇုံဟုခေါ်သော စစ်တိုက်ကောင်းလှသူ သူရဲကောင်းအမျိုးသမီးများကို အစွဲပြု၍ အမျိုးသမီးစစ်သည်ကောင်းများထွက်ပေါ်ရာဒေသဖြစ်သော ထိုမြစ်ဝှမ်းကို အမေဇုံမြစ်ဝှမ်းဟု ခေါ်ဝေါ်ခဲ့ခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်က လူသားတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အောက်ဆီဂျင်စုစုပေါင်းရဲ့ ၂၀%ကို ထုတ်လွှတ်ပေးရာ အမေဇုန်မိုးသစ်တောကြီးရှိတဲ့ အမေဇုန်မြစ်ဟာ ကမ္ဘာကြီးရဲ့ အရေးပါဆုံးမြစ်အဖြစ် သတ်မှတ်ထားခြင်း ခံရပါတယ်။

သုတဇုန်

Leave a Reply