(၂၁)ကြိမ်မြောတ် ဖီဖာကမ္ဘာဖလားပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲအဖြစ် ပြင်သစ်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ဟာ ရုရှားနိုင်ငံမော်စကိုမြို့က လုဇီနီအားကစားကွင်းကြီးမှာ ယှဉ်ပြိုင်ကစားကြတော့မှာပဲ ဖြစ်ပါတယ်။ ဘောလုံးလောကရဲ့ အမြင့်ဆုံးသောပြိုင်ပွဲဖြစ်တဲ့ ကမ္ဘာဖလားပြိုင်ပွဲဟာ နောက်ဆုံးအဆင့်တွေရောက်လေ ပိုမိုခက်ခဲလာလေဖြစ်တာကြောင့် ဗိုလ်ဝင်ခံဖို့ဆိုတာ တော်ရုံကစားသမားစုဖွဲ့မှုနဲ့တော့မရပါဘူး။
ဘောလုံးအားကစားဆိုတာ တစ်ဦးတစ်ယောက်ကောင်းဆော့ပြီး အောင်မြင်နိုင်တဲ့ အားကစားမျိုးမဟုတ်တာကြောင့်လည်း အသင်းလိုက်စုစည်းမှုလည်းလိုအပ်ပါတယ်။ ဥပမာ ဒီပြိုင်ပွဲမှာဆို ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုကို ဆယ်စုနှစ်တစ်ခုကြာ အလှည့်ကျသိမ်းပိုတ်ခဲ့တဲ့ ခရစ်စီယာနိုရိုနယ်ဒိုနဲ့ မက်ဆီတို့ရဲ့ အနေအထားကိုကြည့်ရင် သိနိုင်ပါတယ်။
ကမ္ဘာဖလားသမိုင်းမှာ အချို့သောအားကစားသမားတွေဟာ နိုင်ငံအတွက် အကောင်းဆုံးပေးဆပ်ကစားခဲ့ပေမယ့် ထိုက်တန်တဲ့ချီးကျူးခံရခြင်းတော့မရရှိခဲ့ကြပါဘူး။ ဒါကလည်း အသင်းမှာရှိတဲ့အခြား icon ကစားသမားရဲ့ပုံရိပ်ကို မကျော်ဖြတ်နိုင်လို့လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အသင်းအောင်မြင်မှုကိုသွားတဲ့လမ်းကြောင်းမှာ သူတို့တွေက သာမန်ကစားသမားတစ်ယောက်ထက်ပိုတဲ့ စွမ်းဆောင်ရည်မျိုးတွေပြသနိုင်ခဲ့ကြလို့ ကမ္ဘာဖလားချန်ပီယံအသင်းတွေရဲ့ အမေ့လျော့ခံ သူရဲကောင်းအချို့အကြောင်းကိုမျှဝေပေးလိုက်ပါတယ်။
(၁)လောရင့်ဘရန့် (၁၉၉၈ ကမ္ဘာဖလားချန်ပီယံပြင်သစ်)
၁၉၉၈ ကမ္ဘာဖလားမှာပြင်သစ်အသင်းဗိုလ်စွဲတော့ ပရိတ်သတ်တွေရဲ့ နူတ်ဖျားမှာ ဇီဒန်း ရဲ့ခြေစွမ်းအပေါ်တစ်သသဖြစ်ကြရပါတယ်။ ပြင်သစ်နောက်တန်းရဲ့ မာကျောမှုတွေကိုမေ့လျော့သွားသလိုပါပဲ။ ပြင်သစ်နောက်တန်းဗဟိုကစားသမား လောရင့်ဘလန့် ရဲ့ခြေစွမ်းဟာ ဒီအောင်မြင်မှုရဲ့တစ်စိတ်တစ်ဒေသအဖြစ်ပါဝင်ခဲ့တာပါ။ သူရဲ့အသင်းပေါ် ပေါင်းစပ်မှုစွမ်းရည်ကြောင့် Le President လို့အမည်ပေးရတဲ့အထိ အသင်းသားတွေအပေါ်လွှမ်းမိုးမှုရှိခဲ့တာပါ။ နိုင်ငံအသင်းအတွက် ၉၇ ပွဲကစားပြီး ၁၆ ဂိုးအထိသွင်းယူပေးခဲ့တဲ့ဒီမန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်းဟာ ပြင်သစ်အသင်းနဲ့အတူ ၁၉၉၈ ကမ္ဘာဖလား၊ ယူရို ၂၀၀၀ ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့ပါသူပါ။
ဒါအပြင် ၁၉၉၈ ကမ္ဘာဖလားချန်ပီယံပြင်သစ်အသင်းဟာ ပါရာဂွေးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၁၆သင်းအဆင့် ရူံးထွက်ပြိုင်ပွဲမှာ သူဟာအသင်းအတွက် ရွှေဂိုးသွင်းယူကာ ကွာတားအဆင့်ကို ပို့ဆောင်ပေးခဲ့ပါတယ်။ (ရွှေဂိုးစနစ်ဟာ မိနစ် ၉၀ ပြည့်လို့အချိန်ပိုမှာဂိုးစသွင်းတဲ့အသင်းကအနိုင်ရတဲ့စနစ်ပါ) ပြင်သစ်က ဘရာဇီးအ သင်းကို ၃-၀ နဲ့ အနိုင်ယူခဲ့တဲ့ နောက်ဆုံးဗိုလ်လုပွဲမှာတော့ သူဟာခရိုအေးရှားအသင်းနဲ့ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်မှာအသင်းအတွက် ကြိုးစားကစားပေးရင်း အနီကဒ်ထိခဲ့လို့ပါဝင်ကစားခွင့်မရခဲ့ပါဘူး။ သူဟာ ကလပ်အသင်းများစွာအတွက် ကစားပေးခဲ့ပြီး ဆုဖလားများစွာလည်းရရှိခဲ့သူပါ။ သူဟာကစားသမားဘဝကအနားယူပြီး နည်းပြအဖြစ်အနေနဲ့လည်း အောင်မြင်ခဲ့သူဖြစ်ကာ ၂၀၁၀ တောင်အာဖရိက ကမ္ဘာဖလားမှာ ပြင်သစ်အသင်းကိုကွာတားဖိုင်နယ်အထိ ပို့ဆောင်ပေးခဲ့ပါတယ်။
(၂) ရီဗယ်ဒို(၂၀၀၂ ကမ္ဘာဖလားချန်ပီယံဘရာဇီး)
ဖရီးကစ်၊ ဘိုင်စကယ်ကစ်၊ အလွန်ပြင်းထန်တဲ့ အဝေးကန်ချက်တွေနဲ့ ဂိုးရယူပေးတတ်တဲ့ရီဗယ်ဒိုဟာ ၁၉၉၉ ခုနှစ်အတွက် ကမ္ဘာအကောင်းဆုံးအားကစားသမားဆု(ယခု Ballon d’or)ဆုကို ရရှိခဲ့တဲ့အထိ ခြေစွမ်းထက်ခဲ့သူပါ။ သူဟာဂိုးသွင်းကောင်းရုံသာမက ဂိုးဖန်တီးမှုလည်းကျွမ်းကျင်တဲ့ ကစားသမားတစ်ယောက်ပါ။ ဘရာဇီးလက်ရွေးစင်အသင်းအတွက်၇၄ ပွဲကစား ၃၅ ဂိုးအထိသွင်းယူခဲ့တဲ့ ရီဗယ်ဒိုဟာ ဘရာဇီးရဲ့ သတ္တမမြောတ် ဂိုးသွင်းအများဆုံးကစားသမားတစ်ယောက်ဖြစ်ပါတယ်။
သူဟာဘရာဇီးအသင်းနဲ့အတူ ၁၉၉၈ ကမ္ဘာဖလားဖိုင်နယ်အဆင့်၊ ၁၉၉၉ ကိုပါအမေရိက ဖလားတွေမှာဗိုလ်စွဲနိုင်အောင် အကူအညီပေးနိုင်ခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်ကပူးတွဲကျင်းပတဲ့ ၂၀၀၂ ကမ္ဘာဖလားမှာတော့ သူဟာ တိုက်စစ်မှူး နေရာကနေ အသင်းရဲ့ အကျိုးကိုကြည့်ပြီး ရိုနယ်ဒို (ဒိုကြီး)ရဲ့နောက် နောက်ချန်တိုက်စစ်မှူးအနေနဲ့ကစားပေးခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ဘရာဇီးအသင်းဗိုလ်စွဲခဲ့ပြီး ရိုနယ်ဒိုက ရွှေဖိနပ်ဆုအထိရယူကာ သူရဲကောင်းဖြစ်ခဲ့တာပါ။ ရီဗယ်ဒိုကတော့သာမန်သာချီးကျူးခံခဲ့ရလို့ မျှတမှုမရှိဘူးလို့ ဥရောပဘောလုံးဝေဖန်သူအချို့က ဝေဖန်ခဲ့ကြပါသေးတယ်။
(၃) မာတာရာဇီ(၂၀၀၆ ကမ္ဘာဖလားချန်ပီယံအီတလီ)
စီးရီးအေမှာကစားခဲ့တဲ့ ကမ္ဘာဘောလုံးလူဆိုးတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ ဒီအင်တာမီလန်နောက်ခံလူဟောင်းဟာ နိုင်ငံအသင်း အီတလီအတွက်တော့ တာဝန်ကျေခဲ့ပါတယ်။ သူဟာ အီတလီအသင်းအတွက် (၄၁)ပွဲအထိ ပါဝင်ကစားပေးခဲ့တာပါ။ သူရဲ့ ကစားသမားသက်တမ်းတစ်လျောက်မှာ အဝါကဒ်(၆၀) အနီကဒ်(၂၅)ကဒ်အထိအပြခံခဲ့ရလို့ မှတ်တမ်းမကောင်းဘူးလို့သတ်မှတ်ရမှာပါ။ နောက်ခံကစားသမားတစ်ယောက်အတွက် ခပ်ကြမ်းကြမ်းဆော့တာအပြစ်မဟုတ်ပေမဲ့ သူကတော့အနည်းငယ်ထူးခြားနေခဲ့တာပါ။ သူရဲ့ကမ္ဘာကျော်ဖြစ်ရပ်ကတော့ ပြင်သစ်ဘောလုံးစတား ဇီဒန်းနဲ့ ၂၀၀၆ ကမ္ဘာဖလားက ရင်ဆိုင်တွေ့ခဲ့တဲ့ဖြစ်ရပ်ကလေးပါ။ ပြစ်ဒဏ်ကျူးလွန်ခံရတာတော့ သူဖြစ်ပြီး ဇီဒန်းရဲ့ခေါင်းနဲ့တိုက်ခြင်းကိုခံခဲ့ရတာပါ။
ဒါအပြင်ဒီဗိုလ်လုပွဲမှာ အီတလီအတွက်အရေးပါတဲ့ ချေပဂိုးကို သူကပဲသွင်းပေးခဲ့တာပါ။ နာမည်ကြီးနောက်ခံလူ နက်စတာ ရဲ့ဒဏ်ရာကြောင့် သူဟာ ရှုံးထွက်ပွဲတွေကစပြီး ကာနယ်ဗာရိုးနဲ့အတူပွဲထွက်ခွင့်ရခဲ့တာပါ။ ၂၀၀၆ ကမ္ဘာဖလားမှာပြင်သစ်အသင်းရဲ့ ဦးဆောင်မှုကိုသူသွင်းဂိုးနဲ့အတူ အီတလီပြန်လာနိုင်ခဲ့ပြီး ပိုင်နယ်တီအဆုံးအဖြတ်နဲ့ ပြင်သစ်ကိုဖြတ်ကျော်ဗိုလ်စွဲရာမှာလည်း သူဟာပိုင်နယ်တီတစ်လုံးကို အီတလီအတွက်ကန်သွင်းပေးခဲ့ပါသေးတယ်။ ကမ္ဘာကျော် Time မဂ္ဂဇင်းကဖော်ပြတဲ့ ဘောလုံးလောကရဲ့လူဆိုး (၅၀)စာရင်းမှာ နံပါတ် (၄၅)အထိချိတ်တဲ့ဘောလုံးလူဆိုးကြီးဟာ ၂၀၀၆ ကမ္ဘာဖလားဗိုလ်လုပွဲရဲ့ အပေါ်လွင်ဆုံးကစားသမားဖြစ်ပေမဲ့ သူအတွက် လက်ခုပ်သံတွေဟာ နည်းလွန်းပါတယ်။
(၄) ကားလက်ပူယိုး(၂၀၁၀ ကမ္ဘာဖလားချန်ပီယံစပိန်)
ဘာစီလိုနာတစ်သင်းမှာပဲ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝ ကုန်ဆုံးခဲ့တဲ့ ပူယိုးဟာ ဘောလုံးလောကရဲ့ လေးစားစရာ စံပြကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ကာတာလန်ဒေသခံတစ်ဦးဖြစ်ပြီး မျိုးချစ်စိတ်ကြီးမားသူအဖြစ်နာမည်ကျော်ပါတယ်။ စပိန်အသင်းအတွက်ပွဲပေါင်း ၁၀၀ ကစားပေးထားပြီး စပိန်ဘောလုံးသမိုင်းတစ်လျောတ်အကောင်းဆုံး နောက်ခံလူအဖြစ်သတ်မှတ်ခြင်းကိုခံခဲ့ရသူပါ။ သူဟာ ယူရို ၂၀၀၈နဲ့၂၀၁၀ ကမ္ဘာဖလားတွေမှာဗိုလ်စွဲခဲ့တဲ့ စပိန်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။
၂၀၁၀ ကမ္ဘာဖလားမှာလည်း စပိန်ရဲ့အဓိကပြိုင်ဘက်ဂျာမနီကို သူရဲ့ခေါင်းတိုက်ဂိုး နဲ့အနိုင်ယူပြီး စပိန်ကိုဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့တာပါ။ မောက်မာထောင်လွှားမှုကင်းမဲ့တဲ့ ဘာစီလိုနာအသင်းခေါင်းဆောင်ဟာ ၂၀၁၀ ကမ္ဘာဖလားမှာ စပိန်အသင်းဗိုလ်စွဲနိုင်အောင ်အဓိကနေရာက အသုံးတော်ခံနိုင်ခဲ့ပေမဲ့ နာမည်ကြီးကစားသမားတွေအများကြီးပါဝင်နေတဲ့ စပိန်အသင်းမှာတော့ သာမန်အနေအထားတစ်ခုအနေနဲ့ပဲ သတ်မှတ်ခြင်းခံခဲ့ရတာဟာ သူ့အတွက်တော့ မမျှတခဲ့ပါဘူး။
(၅) မာရီယိုဂေါ့ဇီ(၂၀၁၄ ကမ္ဘာဖလားချန်ပီယံဂျာမနီ)
အာစင်နယ်ကစားသမားအိုဇေးပြီးတဲ့နောက် ဒုတိယမြောတ်ဈေးအကြီးဆုံးကစားသမားဖြစ်တဲ့သူဟာ ၂၀၁၃ မှာဒေါ့မွန်ကနေ ဘိုင်ယန်ကိုရောက်တဲ့အချိန်ကစလို့ ခြေစွမ်းကျဆင်းသွားခဲ့ပြီး ယခု ၂၀၁၈ ကမ္ဘာဖလားမှာ ချန်လှပ်ခံရတဲ့အထိ အနေအထားဆိုးရွားခဲ့သူပါ။ နည်းပြယာကန်ကလော့(ယခုလီပါဖူးနည်းပြ)ဦးဆောင်မှုနဲ့ ဂျာမန်ပြည်တွင်းမှာသာမက ဥရောပထိပ်သီးအသင်းတွေကိုတောင်ခြိမ်းခြောက်ခဲ့တဲ့ ဒေါ့မွန်အသင်းမှာ သူပြသခဲ့တဲ့ခြေစွမ်းအရ ဂျာမန်ရဲ့အထွန်းတောက်ဆုံးလူငယ်အဖြစ် သတ်မှတ်ခြင်းကိုခံခဲ့ရပေမဲ့သူဟာ အများထင်သလိုတော့ဖြစ်မလာခဲ့ပါဘူး။
ဂျာမနီလက်ရွေးစင်အသင်းအတွက် ၆၃ ပွဲကစားပြီး ၁၇ ဂိုးအထိသွင်းယူပေးနိုင်ခဲ့တဲ့သူဟာ၂၀၁၄ ကမ္ဘာဖလားမှာဂျာမနီအသင်းနဲ့အတူပါဝင်ခဲ့ပါတယ်။ ပုံမှန်ပွဲထွက်ခွင့်မရခဲ့ပေမဲ့ အာဂျင်တီးနားနဲ့ကစားတဲ့နောက် ဆုံးဗိုလ်လုပွဲမှာ အချိန်ပိုမှာလူစားဝင် ကစားသမားအဖြစ်နဲ့ ဂျာမနီအသင်းဗိုလ်စွဲစေတဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကို ရယူပေးနိုင်ခဲ့တာပါ။ အဆုံးအဖြတ်သွင်းဂိုးကို ရယူပေးနိုင် ခဲ့ပေမဲ့ ထူးထူးခြားခြားချီးမြှောက်ခြင်းကိုတော့ မခံခဲ့ရပါဘူး။
သုတဇုန်
Discussion about this post