ဟႏုမန္ (သို႔မဟုတ္) ရာဇ၀င္ထဲက အာဇာနည္ေမ်ာက္သူရဲေကာင္း အေၾကာင္း

Posted on

ေရွးအခါက ျမန္မာမင္း၏ စစ္မႈထမ္းမ်ားသည္ ဓား႐ုိးမ်ားတြင္ ေမ်ာက္႐ုပ္ကို ဆင္စြယ္ ကၽြဲခ်ဳိ အ႐ုိးမ်ားတြင္ ထြင္းထု၍ တပ္ဆင္ေလ့ ရွိၾကပါသည္။ ယင္းသို႔ တပ္ဆင္ျခင္းအေၾကာင္းကို ရွာေဖြေလ့လာၾကည့္ရာ ရာမာယန၏ ၾသဇာလႊမ္းမိုးမႈေၾကာင့္ ျဖစ္ေၾကာင္း သိလုိက္ရပါသည္။ ထိုအေၾကာင္းကို ကၽြန္ေတာ္ေလ့လာမိသမွ် ႀကိဳးစား၍ တင္ျပပါမည္။ သေဘာထားမတိုက္ဆိုင္ပါက သည္းခံၾကပါကုန္။

နီေပါႏိုင္ငံတြင္ ဗိႆွ်ႏူး၊ သွ်ီ၀၊ ဂန္ေန႔ခ်္(မဟာပိႏၷဲ)၊ ရာမ၊ ဟႏုမန္၊ ဆီတာ(သီတာ) စသည္ျဖင့္ ကိုးကြယ္သည့္ ဘုရားေပါင္း နတ္ေပါင္း ေျမာက္မ်ားစြာ ရွိသည့္အနက္ ဟႏုမန္လည္း အပါအ၀င္ ျဖစ္ပါသည္။ နီေပါႏိုင္ငံ၊ လုမၺိနီေဒသတြင္ ေဂါတမဘုရားအေလာင္းေတာ္ ဖြားျမင္ေတာ္မူ႐ုံသာမက အေရွ႕ေတာင္အာရွတြင္ ထင္ထင္ရွားရွား လူႀကိဳက္မ်ားလွေသာ ရာမာယနထဲမွ ရာမ၊ လကၡဏ၊ သီတာတို႔သည္လည္း နီေပါႏိုင္ငံ ဟိမ၀ႏၲာအနီးတြင္ ဖြားျမင္ခဲ့သည္ဟု နီေပါသားတို႔ ယုံၾကည္ယူဆၾကပါသည္။ ထို႔ေၾကာင့္လည္း နီေပါႏိုင္ငံ၏ အဓိကကိုးကြယ္မႈအရာတြင္ သူတို႔သည္ ဘုရားႏွင့္အၿပိဳင္ ယေန႔တိုင္ ေနရာယူႏိုင္ဆဲျဖစ္ေနသည္ကို ေတြ႕ရပါသည္။

ဟႏုမန္ဆိုလွ်င္ ျမန္မာတိုင္းလိုလို သိဖူးၾက ၾကားဖူးၾကပါသည္။ ဟာႏုမန္ဟုလည္း သိၾကပါသည္။ ဟႏုမန္ႏွင့္အတူ သီတာ ရာမ လကၡဏတို႔ကိုပါ သတိရၾကမည္ ထင္ပါသည္။ သီတာေဒ၀ီကို ဒႆဂီရိဘီလူးက သိန္းဃိုျပည္ (သီဟိုဠ္ကၽြန္း)သို႔ ခိုးယူသြားသည့္အခါ ဟႏုမန္၏အစြမ္းျဖင့္ ျပန္လည္ကယ္တင္သည့္အေၾကာင္း အိပ္ယာ၀င္ပုံျပင္အျဖစ္လည္း နားဆင္ခဲ့ၾကရမည္ ထင္ပါသည္။ ဟႏုမန္သည္ ျမန္မာတို႔၏ အိပ္ယာ၀င္ပုံျပင္မ်ားထဲမွ ေမ်ာက္သူရဲေကာင္းတစ္ေကာင္ပင္ ျဖစ္ပါသည္။ နီေပါႏိုင္ငံရွိ ဟိႏၵဴဘာသာ၀င္တို႔ ယုံၾကည္ၾကေသာ ဟႏုမန္ ဒ႑ာရီ အေၾကာင္းကား ဤသို႔တည္း။

မႏၷတ္အမည္ရွိေသာ နတ္တစ္ပါး ေသလြန္ေသာ္ ေမ်ာက္မတစ္ေကာင္၏၀မ္းတြင္ ပဋိသေႏၶ စြဲတည္ေနပါသည္။ ထိုပဋိသေႏၶမွ ေပါက္ဖြားလာေသာ ေမ်ာက္ကား ဟႏုမန္ပင္ ျဖစ္ပါသည္။ ေရွးနတ္သားဘ၀က မန္ဟူေသာ အမည္ႏွင့္ ေမ်ာက္ = ဟႏု ဤအမည္ႏွစ္ရပ္ကို ေပါင္းစပ္၍ ဟႏုမန္ဟုေခၚေၾကာင္း မွတ္သားရပါသည္။ သူ၏အျပဳအမူ လုပ္ေဆာင္ခ်က္မ်ားကို လိုက္၍ “အာဂ်ာေနယ၊ ဘဂ်ရန္၊ ဘာလီ၊ အက္ရွတိုတရန္၊ မဟာေ၀ရယ´´ စသည္ျဖင့္ အမည္ေပါင္း ၁၀၈-မ်ဳိးရွိပါသည္။

ဤေမ်ာက္၏ အရပ္အေမာင္းမွာ ၁၃-မိုင္ခြဲ ရွိၿပီး(သူ႔ဒ႑ာရီအတုိင္းေနာ္) လ်င္ျမန္ေပါ့ပါးျခင္းႏွင့္လည္း ျပည့္စုံသည့္အတြက္ တခဏအတြင္းမွာပင္ ေကာင္းကင္ဆိုင္လွ်င္ အာကာဘုံဖ်ားတိုင္ ခုန္ပ်ံႏိုင္ကာ ေရျပင္တြင္လည္း မိုင္ ၃၀၀-မွ် အေျပာက်ယ္သည့္ ပင္လယ္ေရျပင္ကိုပါ ေက်ာ္ျဖတ္ႏိုင္စြမ္း ရွိေပသည္။ ခႏၶာကိုယ္ကိုလည္း သာမန္ေမ်ာက္တို႔၏ ကိုယ္ေနကိုယ္ထား အခ်ဳိးအစားအတိုင္း က်ဳံ႕ယူေျပာင္းလဲႏိုင္စြမ္း ရွိပါသည္။ မည္သည့္ေတာင္ကို မဆို အစိပ္စိပ္ကြဲသည္အထိ ေခ်ႏိုင္ၿပီး တစ္ေနရာမွ တစ္ေနရာသို႔လည္း ေရႊ႕ပစ္ႏိုင္ပါသည္။ ဟႏုမန္၏ ထာ၀စဥ္မေသမေပ်ာက္ဘဲ ေနႏိုင္သည့္ အစြမ္းသတၱိကို ရာမမင္းမွတပါး မည္သူမွ် ေခ်ဖ်က္ႏိုင္စြမ္း မရွိေပ။

ဟႏုမန္သည္ လူစကားကိုလည္း နားလည္သည္။ ျပန္လည္း ေျပာႏိုင္ပါသည္။ တစ္ေန႔တြင္ ေနကိုပင္ သစ္သီးထင္ၿပီး စားခ်င္ေဇာႏွင့္ ခူးဆြတ္မိသည္ဟု ဆို၏။ ဤမွ်ရဲတင္းသည့္အတြက္ ေနနတ္မင္းက ေဒါသထြက္ကာ ဟႏုမန္အား စြမ္းအားမ်ားမရွိေတာ့သည့္ သာမန္ေမ်ာက္ဘ၀သို႔ ေျပာင္းလဲပစ္လိုက္၏။ သူ႔ကို ရာမမင္းလာ၍ မကယ္မခ်င္း ဤအတိုင္းျဖစ္ေနေစရန္ က်ိန္ဆိုထားလိုက္၏။ ထို႔ေၾကာင့္ သူ၏ မူလတန္ခိုးမ်ားျပန္လည္ရရွိရန္မွာ သူ၏ေက်ာကို ရာမမင္းက သုံးႀကိမ္သပ္မွ ျပန္လည္ရႏိုင္ေတာ့မည္ ျဖစ္ပါသည္။

ရာမမင္းသည္ အင္အားႀကီးရန္သူမ်ားႏွင့္ စစ္ၿပိဳင္လု ဆဲဆဲတြင္ ဟႏုမန္ကို ရွာရာ ဟႏုမန္အေပၚ ေနနတ္မင္း၏ က်ိန္စာႏွင့္ေဟာကိန္းကို သိလွ်င္ခ်က္ခ်င္းဆင့္ေခၚ၍ ေက်ာကို သုံးႀကိမ္သပ္ေပးလိုက္၏။ ထိုအခါ ဟႏုမန္လည္း ယခင္အခ်ဳိးအစားအတိုင္း ျပန္လည္ႀကီးထြားလာၿပီး စြမ္းအားမ်ားလည္း ျပန္လည္ရရွိေလေတာ့သည္။ ရာမမင္းသည္ ဘီလူးတို႔ႏွင့္ ခင္းသည့္ စစ္ပြဲတြင္ ဟႏုမန္ကို ခက္ခဲသည့္ေနရာ ၾကမ္းတမ္းသည့္ေနရာမ်ားတြင္ အသုံးျပဳကာ ဘီလူးတို႔လက္မွ သီတာေဒ၀ီကို ျပန္လည္ကယ္တင္ႏိုင္ခဲ့ေလသည္။

ဤအျဖစ္အပ်က္ကို ယုံၾကည္စြာျဖင့္ ျမန္မာမင္းမ်ားလက္ထက္အခါက မင္းမႈထမ္းမ်ားသည္ ကၽြဲခ်ဳိ၊ ဆင္စြယ္ႏွင့္ အျခားအ႐ိုးမ်ားတြင္ ဟႏုမန္အ႐ုပ္ကို ထုလုပ္ၿပီး ဓားလက္ကိုင္႐ုိးတြင္ တပ္ဆင္ၾကျခင္း ျဖစ္သည္။ ဤအေဆာင္ျဖင့္ မည္သည့္ အခက္အခဲ အဟန္႔အတားကိုမဆို ေက်ာ္လြန္ႏိုင္႐ုံမက ရန္သူမ်ား၏ လက္နက္ကိုပင္ ခုခံတြန္းလွန္ႏိုင္စြမ္း ရွိသည္ဟု ယုံၾကည္ကာ သုံးစြဲၾကျခင္း ျဖစ္ေတာ့သည္။

ယဥ္ေက်းမႈတို႔သည္ တစ္ေနရာႏွင့္ တစ္ေနရာ စီးေမ်ာ၍ေနၾကရာ ဗုဒၶဘာသာ အယူအဆ၊ ယုံၾကည္ခ်က္မ်ားတြင္ မပါ၀င္ခဲ့ေသာ္လည္း ဟႏုမန္သည္ ျမန္မာတို႔၏ စိတ္ႏွလုံး၀ယ္ သူရဲေကာင္းအျဖစ္ ေနရာယူခဲ့သည္မွာကား ထင္ရွားလွပါေတာ့သည္။

မွတ္ခ်က္ – ႐ုိးရာယဥ္ေက်းမႈတစ္ရပ္အျဖစ္ တင္ျပျခင္းသာ ျဖစ္ပါသည္။ ကၽြန္ေတာ္ကိုယ္တိုင္၏ ယုံၾကည္ခ်က္ ထင္ျမင္ခ်က္မ်ား တစ္ခုမွ်မပါ၀င္ပါေၾကာင္း။

Myanmar Literature Note Blog


ဟနုမန် (သို့မဟုတ်) ရာဇဝင်ထဲက အာဇာနည်မျောက်သူရဲကောင်း အကြောင်း (unicode)

ရှေးအခါက မြန်မာမင်း၏ စစ်မှုထမ်းများသည် ဓားရိုးများတွင် မျောက်ရုပ်ကို ဆင်စွယ် ကျွဲချို အရိုးများတွင် ထွင်းထု၍ တပ်ဆင်လေ့ ရှိကြပါသည်။ ယင်းသို့ တပ်ဆင်ခြင်းအကြောင်းကို ရှာဖွေလေ့လာကြည့်ရာ ရာမာယန၏ ဩဇာလွှမ်းမိုးမှုကြောင့် ဖြစ်ကြောင်း သိလိုက်ရပါသည်။ ထိုအကြောင်းကို ကျွန်တော်လေ့လာမိသမျှ ကြိုးစား၍ တင်ပြပါမည်။ သဘောထားမတိုက်ဆိုင်ပါက သည်းခံကြပါကုန်။

နီပေါနိုင်ငံတွင် ဗိဿျှနူး၊ သျှီ၀၊ ဂန်နေ့ခ်ျ(မဟာပိန္နဲ)၊ ရာမ၊ ဟနုမန်၊ ဆီတာ(သီတာ) စသည်ဖြင့် ကိုးကွယ်သည့် ဘုရားပေါင်း နတ်ပေါင်း မြောက်များစွာ ရှိသည့်အနက် ဟနုမန်လည်း အပါအဝင် ဖြစ်ပါသည်။ နီပေါနိုင်ငံ၊ လုမ္ဗိနီဒေသတွင် ဂေါတမဘုရားအလောင်းတော် ဖွားမြင်တော်မူရုံသာမက အရှေ့တောင်အာရှတွင် ထင်ထင်ရှားရှား လူကြိုက်များလှသော ရာမာယနထဲမှ ရာမ၊ လက္ခဏ၊ သီတာတို့သည်လည်း နီပေါနိုင်ငံ ဟိမဝန္တာအနီးတွင် ဖွားမြင်ခဲ့သည်ဟု နီပေါသားတို့ ယုံကြည်ယူဆကြပါသည်။ ထို့ကြောင့်လည်း နီပေါနိုင်ငံ၏ အဓိကကိုးကွယ်မှုအရာတွင် သူတို့သည် ဘုရားနှင့်အပြိုင် ယနေ့တိုင် နေရာယူနိုင်ဆဲဖြစ်နေသည်ကို တွေ့ရပါသည်။

ဟနုမန်ဆိုလျှင် မြန်မာတိုင်းလိုလို သိဖူးကြ ကြားဖူးကြပါသည်။ ဟာနုမန်ဟုလည်း သိကြပါသည်။ ဟနုမန်နှင့်အတူ သီတာ ရာမ လက္ခဏတို့ကိုပါ သတိရကြမည် ထင်ပါသည်။ သီတာဒေဝီကို ဒဿဂီရိဘီလူးက သိန်းဃိုပြည် (သီဟိုဠ်ကျွန်း)သို့ ခိုးယူသွားသည့်အခါ ဟနုမန်၏အစွမ်းဖြင့် ပြန်လည်ကယ်တင်သည့်အကြောင်း အိပ်ယာဝင်ပုံပြင်အဖြစ်လည်း နားဆင်ခဲ့ကြရမည် ထင်ပါသည်။ ဟနုမန်သည် မြန်မာတို့၏ အိပ်ယာဝင်ပုံပြင်များထဲမှ မျောက်သူရဲကောင်းတစ်ကောင်ပင် ဖြစ်ပါသည်။ နီပေါနိုင်ငံရှိ ဟိန္ဒူဘာသာဝင်တို့ ယုံကြည်ကြသော ဟနုမန်အကြောင်းကား ဤသို့တည်း။

မန္နတ်အမည်ရှိသော နတ်တစ်ပါး သေလွန်သော် မျောက်မတစ်ကောင်၏ဝမ်းတွင် ပဋိသန္ဓေ စွဲတည်နေပါသည်။ ထိုပဋိသန္ဓေမှ ပေါက်ဖွားလာသော မျောက်ကား ဟနုမန်ပင် ဖြစ်ပါသည်။ ရှေးနတ်သားဘဝက မန်ဟူသော အမည်နှင့် မျောက် = ဟနု ဤအမည်နှစ်ရပ်ကို ပေါင်းစပ်၍ ဟနုမန်ဟုခေါ်ကြောင်း မှတ်သားရပါသည်။ သူ၏အပြုအမူ လုပ်ဆောင်ချက်များကို လိုက်၍ “အာဂျာနေယ၊ ဘဂျရန်၊ ဘာလီ၊ အက်ရှတိုတရန်၊ မဟာဝေရယ´´ စသည်ဖြင့် အမည်ပေါင်း ၁၀၈-မျိုးရှိပါသည်။

ဤမျောက်၏ အရပ်အမောင်းမှာ ၁၃-မိုင်ခွဲ ရှိပြီး လျင်မြန်ပေါ့ပါးခြင်းနှင့်လည်း ပြည့်စုံသည့်အတွက် တခဏအတွင်းမှာပင် ကောင်းကင်ဆိုင်လျှင် အာကာဘုံဖျားတိုင် ခုန်ပျံနိုင်ကာ ရေပြင်တွင်လည်း မိုင် ၃၀၀-မျှ အပြောကျယ်သည့် ပင်လယ်ရေပြင်ကိုပါ ကျော်ဖြတ်နိုင်စွမ်း ရှိပေသည်။ ခန္ဓာကိုယ်ကိုလည်း သာမန်မျောက်တို့၏ ကိုယ်နေကိုယ်ထား အချိုးအစားအတိုင်း ကျုံ့ယူပြောင်းလဲနိုင်စွမ်း ရှိပါသည်။ မည်သည့်တောင်ကို မဆို အစိပ်စိပ်ကွဲသည်အထိ ချေနိုင်ပြီး တစ်နေရာမှ တစ်နေရာသို့လည်း ရွှေ့ပစ်နိုင်ပါသည်။ ဟနုမန်၏ ထာဝစဉ်မသေမပျောက်ဘဲ နေနိုင်သည့် အစွမ်းသတ္တိကို ရာမမင်းမှတပါး မည်သူမျှ ချေဖျက်နိုင်စွမ်း မရှိပေ။

ဟနုမန်သည် လူစကားကိုလည်း နားလည်သည်။ ပြန်လည်း ပြောနိုင်ပါသည်။ တစ်နေ့တွင် နေကိုပင် သစ်သီးထင်ပြီး စားချင်ဇောနှင့် ခူးဆွတ်မိသည်ဟု ဆို၏။ ဤမျှရဲတင်းသည့်အတွက် နေနတ်မင်းက ဒေါသထွက်ကာ ဟနုမန်အား စွမ်းအားများမရှိတော့သည့် သာမန်မျောက်ဘဝသို့ ပြောင်းလဲပစ်လိုက်၏။ သူ့ကို ရာမမင်းလာ၍ မကယ်မချင်း ဤအတိုင်းဖြစ်နေစေရန် ကျိန်ဆိုထားလိုက်၏။ ထို့ကြောင့် သူ၏ မူလတန်ခိုးများပြန်လည်ရရှိရန်မှာ သူ၏ကျောကို ရာမမင်းက သုံးကြိမ်သပ်မှ ပြန်လည်ရနိုင်တော့မည် ဖြစ်ပါသည်။

ရာမမင်းသည် အင်အားကြီးရန်သူများနှင့် စစ်ပြိုင်လု ဆဲဆဲတွင် ဟနုမန်ကို ရှာရာ ဟနုမန်အပေါ် နေနတ်မင်း၏ ကျိန်စာနှင့်ဟောကိန်းကို သိလျှင်ချက်ချင်းဆင့်ခေါ်၍ ကျောကို သုံးကြိမ်သပ်ပေးလိုက်၏။ ထိုအခါ ဟနုမန်လည်း ယခင်အချိုးအစားအတိုင်း ပြန်လည်ကြီးထွားလာပြီး စွမ်းအားများလည်း ပြန်လည်ရရှိလေတော့သည်။ ရာမမင်းသည် ဘီလူးတို့နှင့် ခင်းသည့် စစ်ပွဲတွင် ဟနုမန်ကို ခက်ခဲသည့်နေရာ ကြမ်းတမ်းသည့်နေရာများတွင် အသုံးပြုကာ ဘီလူးတို့လက်မှ သီတာဒေဝီကို ပြန်လည်ကယ်တင်နိုင်ခဲ့လေသည်။

ဤအဖြစ်အပျက်ကို ယုံကြည်စွာဖြင့် မြန်မာမင်းများလက်ထက်အခါက မင်းမှုထမ်းများသည် ကျွဲချို၊ ဆင်စွယ်နှင့် အခြားအရိုးများတွင် ဟနုမန်အရုပ်ကို ထုလုပ်ပြီး ဓားလက်ကိုင်ရိုးတွင် တပ်ဆင်ကြခြင်း ဖြစ်သည်။ ဤအဆောင်ဖြင့် မည်သည့် အခက်အခဲ အဟန့်အတားကိုမဆို ကျော်လွန်နိုင်ရုံမက ရန်သူများ၏ လက်နက်ကိုပင် ခုခံတွန်းလှန်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ကာ သုံးစွဲကြခြင်း ဖြစ်တော့သည်။

ယဉ်ကျေးမှုတို့သည် တစ်နေရာနှင့် တစ်နေရာ စီးမျော၍နေကြရာ ဗုဒ္ဓဘာသာ အယူအဆ၊ ယုံကြည်ချက်များတွင် မပါဝင်ခဲ့သော်လည်း ဟနုမန်သည် မြန်မာသူရဲကောင်းတို့၏ စိတ်နှလုံးဝယ် သူရဲကောင်းအဖြစ် နေရာယူခဲ့သည်မှာကား ထင်ရှားလှပါတော့သည်။
မှတ်ချက် – ရိုးရာယဉ်ကျေးမှုတစ်ရပ်အဖြစ် တင်ပြခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင်၏ ယုံကြည်ချက် ထင်မြင်ချက်များ တစ်ခုမျှမပါဝင်ပါကြောင်း။

Myanmar Literature Note Blog

Leave a Reply