အိမ်ခြေယာမဲ့ဘ၀ မှ ဟားဗတ်တက္ကသိုလ်ဘွဲ့ရ စာရေးဆရာမ အဖြစ်သို့ တက်လှမ်းခဲ့သူလေး

Posted on

ရေးသားသူ – ဗန်းမော်သိန်းဖေ

အဖေက မူးယစ်ဆေးစွဲနေတယ်။ အမေကျတော့ မျက်မမြင်တယောက်ဖြစ်သလို အရက်လည်းစွဲနေတယ်။ နောက်တော့ AIDS ရောဂါပါ ရလာတယ်။ အမေက မျက်စိမမြင်လို့ အလုပ်မလုပ်နိုင်တာကြောင့် အစိုးရဆီက လစဉ်ထောက်ပံ့ကြေး ရနေတယ်။ ရတဲ့ထောက်ပံ့ကြေးကို အဖေနဲ့ အမေက လဆန်း ၄-၅ ရက်အတွင်းမှာပဲ အရက်နဲ့ မူးယစ်ဆေး ဝယ်သုံးလိုက်ကြတယ်။ ကလေးအရွယ်သမီး ၂ ယောက်ဟာ စားစရာမရှိလို့ ရေခဲတုံး၊ သွားတိုက်ဆေးတွေ ဝါးစားပြီး ဗိုက်အဆာပြေအောင် လုပ်ရတယ်။

အငယ်ကောင်မလေးဟာ အပျိုပေါက်အရွယ်မှာ ပထွေးရဲ့အိမ်ပေါ်ကဆင်းပြီး နေစရာမရှိလို့ လမ်းဘေး၊ ပန်းခြံ၊ ဘူတာရုံ၊ လှေခါးထစ်တွေမှာ ညအိပ်ရခဲ့တယ်။ ကျောင်းလဲ မနေဘူး။ သူမရဲ့ဘဝဟာ မျှော်လင့်ချက် ကင်းမဲ့နေပါတယ်။ ဒါပေမဲ့ သူမဟာ လက်ရှိအခြေအနေကို ပြောင်းလဲပစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တခုကြောင့် ဘဝကိုအရှုံးမပေးပဲ ကြိုးစားရင်း ကမ္ဘာကျော်ဟားဗတ်တက္ကသိုလ်ကို တက်ခွင့်ရတယ်။ ဘွဲ့ရပြီးတော့ နာမည်ကျော် စာရေးဆရာမတယောက် ဖြစ်လာခဲ့တယ်။ သူမရဲ့ နာမည်က လစ်ဇ်မာရေး (Liz Murray) ပါ။ သူမရဲ့ဘဝကို အရှုံးမပေးပဲ အောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့ အကြောင်းလေးဟာ သနားစရာ၊ အတုယူစရာ ကောင်းလွန်းလို့ ရေးပြလိုက်ပါတယ်။

မာရေးကတော့ မျက်စိမမြင်တဲ့ အမေကို ပြုစုရင်း အလယ်တန်းကျောင်းတက်တယ်။ ၈ တန်းနှစ်မှာ ဆမ် (Sam) ဆိုတဲ့ ကောင်မလေးတယောက်နဲ့ ခင်မင်ရင်းနှီးသွားတယ်။ သူတို့ ၂ ယောက်ဟာ မကြာခဏ ကျောင်းပြေးပြီး နယူးယောက်မြို့အနှံ့ လျှောက်လည်ကြတယ်။ ဆမ်ရဲ့အဖေကလဲ ဆမ်ကို နှိပ်စက်လေ့ရှိတယ်။ ဆမ်ဟာ အိမ်မပြန်ရဲတဲ့နေ့ဆိုရင် မာရေးအခန်းမှာ ညလာအိပ်တယ်။ တစ်ညမှာ အမေရဲ့ ရည်းစားဘရစ်က မာရေးအခန်းထဲမှာ ဆမ်ကို တွေ့သွားလို့ ဆမ်ကို သူ့အိမ်ပေါ်က ချက်ခြင်းဆင်းသွားဖို့ မောင်းထုတ်လိုက်တယ်။ မောင်းထုတ်လိုက်တဲ့ အချိန်က မနက်အစောကြီး ၃ နာရီမှာပါ။ ဒါကြောင့် မာရေးလဲ စိတ်ဆိုးပြီး ဆမ်နဲ့အတူ အဝတ်အိတ်ကိုဆွဲလို့ အိမ်ပေါ်က ဆင်းသွားတယ်။

မာရေးက အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး
“အဲဒီတုန်းက ကျမက အသက် ၁၅ နှစ်၊ ဆမ်က ၁၄ နှစ်ပဲ ရှိကြသေးတယ်။ အိမ်ပေါ်ကဆင်းစ တစ်ရက်နှစ်ရက်မှာတော့ ကျမတို့ ၂ ယောက် အရမ်းပျော်ကြတာပေါ့။ စိတ်ဆင်းရဲပြီးနေရတဲ့ အိမ်နဲ့ လွတ်ပြီ၊ ကျွတ်ပြီဆိုပြီး နယူးယောက်မြို့အနှံ့ လျှောက်လည်ကြတယ်။ ညရောက်ရင် သူငယ်ချင်းတွေ အိမ်မှာ တလှည့်စီ သွားအိပ်ကြမယ်လို့ စိတ်ကူးထားကြတယ်။ ကျမတို့ရဲ့ ပျော်ရွှင်မှုဟာ မကြာခင်မှာပဲ ကွယ်ပျောက်သွားပါတယ်။ သူငယ်ချင်းတွေက သူတို့အိမ်မှာ တစ်ရက်ပဲ အိပ်ခွင့်ပေးပြီး နောက်ထပ်အိပ်ခွင့်မပြုတော့လို့ပါ” လို့ ပြောပြတယ်။ ဒါကြောင့် သူတို့ ၂ ယောက်ဟာ ညပိုင်းမှာ မြေအောက်ရထားဘူတာရုံ၊ ပန်းခြံထဲက ခုံတန်းပေါ်မှာ၊ အိမ်ခေါင်မိုးပေါ်မှာ၊ အိမ်လှေခါးထစ်မှာ ကြုံသလို အိပ်ကြရတယ်။ ကံကောင်းလွန်းတဲ့ ညမှာတော့ သူငယ်ချင်းတစ်ယောက်တလေရဲ့ အိမ်မှာ အိပ်ခွင့်ရကြတယ်။ အိမ်ယာမဲ့နေတဲ့ မြီးကောင်ပေါက်မလေး မာရေးရဲ့ အဖြစ်က ဆိုးလှပါတယ်။

သူမ ကျောင်းမတက်ရလို့ စိတ်ပျက်နေချိန်မှာ ကံကြမ္မာအလှည့်အပြောင်းတခုနဲ့ ကြုံတွေ့လိုက်တယ်။ တနေ့မှာ သူမဟာ အိပ်ကပ်ထဲမှာ ရှိတဲ့ ပိုက်ဆံကို ထုတ်ပြီး ရေတွက်ကြည့်မိတယ်။ တခြားနယ်မြေမှာရှိတဲ့ ကျောင်းတခုကိုသွားဖို့ ရထားလက်မှတ်ဝယ်ဖို့ လုံလောက်တယ်။ ရထားလက်မှတ်မဝယ်ရင် ပီဇာ pizza မုံ့တခုကို ဝယ်စားပြီး ဗိုက်ဖြည့်လို့ရတယ်။ ဗိုက်ကလဲ အရမ်းဆာနေတယ်။ ဒါပေမဲ့ ၂ ခုစလုံးတော့ မရနိုင်လို့ တခုခုကိုပဲ ရွေးချယ်ရမယ်ဆိုတာ သူမ နားလည်တယ်။ နောက်ဆုံး ရထားလက်မှတ်ကို ဝယ်လိုက်ပြီး ရထားစီးသွားတယ်။

သွားမယ့်မြို့ရောက်တော့ လူသားချင်း စာနာထောက်ထားဖို့ ဖွင့်ထားတဲ့ Humanities Preparatory Academy ကျောင်း ကိုသွားလိုက်ပြီး ကျောင်းအုပ်ကြီးပယ်ရီဝိန်းနားကို တွေ့ပြီး ကျောင်းနေချင်ကြောင်း ပြောပြတယ်။ ပယ်ရီက သူမရဲ့ အဖြစ်အပျက်ကို နားထောင်ပြီး သူ့ကျောင်းမှာ ကျောင်းတက်ခွင့်ပေးလိုက်တယ်။ သူမမှာ နေစရာအိမ်မရှိဘူးဆိုတာ ပယ်ရီ မသိပါဘူး။ မာရေးကလဲ မပြောပြဘူး။ အဲဒီမှာ အထက်တန်းအဆင့်ကနေ စတက်ရတယ်။ နေ့ခင်းပိုင်းမှာ ကျောင်းတက်ပြီး ညပိုင်းမှာ လမ်းဘေးမှာ၊ တခါတလေ သူငယ်ချင်းအိမ်မှာ အိပ်ရတယ်။ ဒါပေမဲ့ မာရေးဟာ မနက်ဆိုရင် ကျောင်းကို အမြဲတမ်းအချိန်မှန်ရောက်တယ်။ ဘဝနာခဲ့တဲ့ မာရေးဟာ ရတဲ့အခွင့်အရေးကို လက်လွှတ်မခံတော့ပဲ စာကို အရမ်းကြိုးစားတယ်။ ၄ နှစ် သင်ရမဲ့ သင်ခန်းစာတွေကို ၂ နှစ်နဲ့ ဖြေဆို အောင်မြင်ခဲ့တယ်။ စာမေးပွဲမှာ အတန်းတစ်ခုလုံးရဲ့ ထိပ်ဆုံးအဆင့် ၅ ယောက်ထဲမှာ ပါခဲ့တယ်။

ကျောင်းအုပ်ကြီးပယ်ရီက မာရေးအပါအဝင် စာမေးပွဲမှာ ထိပ်ဆုံးအဆင့်ရကြတဲ့ ကျောင်းသူကျောင်းသား ၁၀ ယောက်ကို ဘောစတွန်မြို့ကို လေ့လာရေးစေလွှတ်လိုက်တယ်။ မာရေးတို့အဖွဲ့ဟာ အဲဒီမြို့ရောက်တော့ နာမည်ကျော်ဟားဗတ်တက္ကသိုလ်ကို သွားကြည့်ကြတယ်။ တက္ကသိုလ်ဝန်းကြီးထဲက ခမ်းနားကြီးကျယ်လှပတဲ့ ကျောင်းအဆောက်အဦးကြီးနဲ့ မြက်ခင်းပြင်ပေါ်မှာ အေးအေးလူလူ စကားပြော၊ စာဖတ်နေကြတဲ့ ကျောင်းသူကျောင်းသားတွေရဲ့မြင်ကွင်းဟာ သူမရဲ့စိတ်ကို ညို့ယူဖမ်းစားလိုက်တယ်။ ဟားဗတ်တက္ကသိုလ်ကို အရမ်းတက်ချင်စိတ် ဖြစ်ပေါ်လာတယ်။ ဘွဲ့ရပညာတတ်တယောက် ဖြစ်ချင်လာတယ်။

 

မာရေးဟာ အကယ်ဒမီကျောင်းကို ပြန်ရောက်တော့ ကျောင်းအုပ်ကြီးပယ်ရီကို ဟားဗတ်တက္ကသိုလ် တက်ချင်ကြောင်း ပြောပြတယ်။ ပယ်ရီက ဟားဗတ်မှာ ကိုယ်တိုင်သွားလျှောက်ရင် ဝင်ခွင့်ရနိုင်တယ်၊ လျှောက်ကြည့်ဖို့ တိုက်တွန်းအားပေးတယ်။ ဒါပေမယ့် တက္ကသိုလ်တက်ခွင့်ရရင် ကျောင်းလခ၊ စာအုပ်ဖိုး၊ အဆောင်နေခတွေပေးဖို့ သူမမှာ ပိုက်ဆံမရှိဘူး။ ထောက်ပံ့ပေးမဲ့ ဆွေမျိုးတယောက်မှမရှိဘူး။ ပိုက်ဆံချေးငှားစရာ အပေါင်းအသင်းလဲ တယောက်မှမရှိဘူး။ ဘဏ်က ငွေချေးဖို့ကျပြန်တော့လဲ အပေါင်ထားစရာ အိမ်လဲမရှိဘူး။ ဒါကြောင့် ဟားဗတ်တက္ကသိုလ်ဝင်ခွင့်ကို မလျှောက်ဖြစ်တော့ဘူး။ ဒါပေမဲ့ တကယ်ပြောင်းလဲချင်စိတ် ပြင်းပြနေသူကို ကံတရားက ပစ်ပယ်မထားပါဘူး။ မာရေးကို အခွင့်အလမ်းတခု ပေးလာပါတယ်။ ဒီအခွင့်အလမ်းကို မာရေးက အမိအရ ဖမ်းယူလိုက်ပါတယ်။

မာရေးဟာ အမေရိကန်က နာမည်ကြီး သတင်းစာဖြစ်တဲ့ New York Times မှာ ကြော်ငြာတခုကို တွေ့လိုက်တယ်။ အဲဒါက ဆောင်းပါးရေးပြိုင်ပွဲအကြောင်းပါ။ အကောင်းဆုံးဆောင်းပါးကို ရေးနိုင်တဲ့ ကျောင်းသား ၅ ယောက်ကို ဟားဗတ်တက္ကသိုလ်မှာ ပညာသင်ကြားဖို့ စကောလားရှစ်ပညာသင်ဆုအဖြစ် နှစ်စဉ် ဒေါ်လာ ၁၂,၀၀၀ ထောက်ပံ့ပေးမယ်တဲ့။ ရေးရမယ့် ဆောင်းပါးအကြောင်းအရာက သူတို့ရဲ့ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ အကြောင်းပါ။ အထက်တန်းအောင်ပြီးတဲ့ ကျောင်းသူကျောင်းသား မည်သူမဆို ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရှိတယ်တဲ့။

ဒီတော့ မာရေးဟာ သူမရဲ့ဘဝတလျှောက်မှာ ကြုံတွေ့ခဲ့ရသမျှ ဒုက္ခဆင်းရဲတွေကို ခံစားချက်အပြည့်ထည့်ရေးပြီး သတင်းစာတိုက်ကြီးကို ပို့လိုက်တယ်။ ပြိုင်ပွဲဝင်သူ ကျောင်းသူကျောင်းသား စုစုပေါင်း ၃,၀၀၀ လောက် ရှိတာမို့ မာရေးဟာ အရွေးခံရမယ်လို့ သိပ်မျှော်လင့်ချက်မထားဘူး။ သူမက “လျှောက်ထားသူပေါင်း ၃,၀၀၀ ရှိတယ်ဆိုတာကို ကျမ အစက မသိခဲ့ဘူး။ အစကသာ သိခဲ့ရင် လျှောက်ဖြစ်ချင်မှ လျှောက်ဖြစ်မှာပါ။ အရွေးခံဖို့ chance အလားအလာက အရမ်းနည်းတယ်လေ”လို့ နောင်ကျတော့ ပြန်ပြောပြပါတယ်။

အဲဒီအချိန်မှာ မာရေးနဲ့ အမလီဆာတို့ဟာ အတူနေကြဖို့ အခန်းတခန်းငှားလိုက်တယ်။ အငှားစာချုပ်ကို လက်မှတ်ထိုးပြီး နောက်တနေ့မှာ လီဆာဟာ အလုပ်က လူလျှော့တဲ့အထဲမှာ ပါသွားတယ်။ ညီအစ်မမှာ အိမ်လခပေးစရာ ပိုက်ဆံမရှိကြဘူး။ လကုန်လို့ အိမ်လခ မပေးနိုင်ရင် အိမ်ခန်းက ဖယ်ပေးရတော့မယ်။ ဒီအချိန်မှာ အားရှိစရာ သတင်းတခုကြားရတယ်။ မာရေးဟာ ပြိုင်ပွဲရဲ့ နောက်ဆုံးစကာတင် ကျောင်းသား ၂၀ စာရင်းမှာပါနေလို့ လူတွေ့အင်တာဗျူးသွားတွေ့ရမယ်တဲ့။ ဒါပေမဲ့ အင်တာဗျူးချိန်းတဲ့နေ့နဲ့ သူမ လူမှုဖူလုံရေး welfare ရုံးကို သွားပြီး အိမ်လခပေးနိုင်ဖို့ ပိုက်ဆံအကူအညီသွား တောင်းမယ့်နေ့ဟာ တိုက်နေတယ်။

အဲဒီနေ့မှာ လူမှုဖူလုံရေးရုံးကို အရင်သွားတယ်။ ရုံးထဲဝင်လိုက်တော့ လူတွေ အများကြီးတန်းစီနေတာကို တွေ့လိုက်ရတယ်။ မာရေးက စားပွဲကဝန်ထမ်းကို သွားပြောတယ်။ သွားစရာ အရေးကြီးကိစ္စရှိနေလို့ သူမကို ဦးစားပေးပြီး အရာရှိနဲ့ တွေ့ခွင့်ပြုပေးပါလို့ တောင်းပန်ပြောတယ်။ ဒါပေမဲ့ မရပါဘူး။ ဝန်ထမ်းက မာရေးကို အများနည်းတူပဲ တန်းစီပါလို့ ပြောတယ်။ အခု မာရေးမှာ ရွေးချယ်စရာ ၂ ခု ရှိနေပြီ။ တန်းစီပြီး ဆက်စောင့်ရင် လိုချင်တဲ့ အကူအညီပိုက်ဆံရနိုင်လို့ လကုန်ရင် အိမ်ပေါ်က ဆင်းပေးစရာ မလိုတော့ဘူး။ ဒါပေမယ့် သတင်းစာတိုက်က ခေါ်ထားတဲ့ အင်တာဗျူးကိုတော့ အချိန်မှီရောက်မှာ မဟုတ်ဘူး။ အင်တာဗျူးကို သွားပြန်ရင်လဲ အကူအညီပိုက်ဆံမရလို့ လကုန်ရင် အိမ်ခန်းက ဖယ်ပေးရမယ်။ နေစရာရှိမှာ မဟုတ်ဘူး။

တစ်ခုခုကို ရွေးချယ်ဆုံးဖြတ်ရတော့မယ်။ မာရေးဟာ အရင်ကဒီလိုရွေးချယ်စရာ ၂ ခုနဲ့ ကြုံခဲ့ဖူးတယ်ဆိုတာ မှတ်မိကြမှာပါ။ လက်ထဲရှိတဲ့ ပိုက်ဆံလေးနဲ့ ကျောင်းလျှောက်ဖို့ အဝေးမြို့ကိုသွားဖို့ ရထားလက်မှတ်ဝယ်မလား။ ဗိုက်ဖြည့်ဖို့ Pizza ဝယ်စားမလား ဆိုတာလေ။ အဲဒီတုံးက ရွေးချယ်စရာ ၂ ခုထဲက မှန်ကန်တဲ့ ရွေးချယ်မှုကို ဆုံးဖြတ်နိုင်ခဲ့တယ်။ အခု တခေါက်ရော မာရေးဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ပါ့မလား။ ဆုံဖြတ်ချက်ချဖို့လဲ အချိန်သိပ်မရှိဘူး။ ချက်ခြင်းပဲ ဆုံးဖြတ်ရတော့မယ်။

မာရေးဟာ အတော်ကြာအောင် စဉ်းစားနေပြီး ဆုံးဖြတ်ချက်ချဖို့ တုံ့ဆိုင်းနေတယ်။ နောက်ဆုံး သူ့ခေါင်းထဲမှာပေါ်လာတဲ့ အတွေ့က လကုန်တဲ့အခါ အိမ်လခမပေးနိုင်လို့ အိမ်ခန်းက ဖယ်ပေးရလဲ လမ်းဘေးပြန်အိပ်ရုံပေါ့။ ဘာများထူးဆန်းလို့လဲ။ အရင်ကလည်း လမ်းဘေးမှာ အကြာကြီးအိပ်ခဲ့ဖူးတာပဲ။ ဒါကြောင့် သူဟာ လူမှုဖူလုံရေးရုံးက ခပ်သုတ်သုတ်ထွက်လိုက်ပြီး သတင်းစာတိုက်ကို ဘတ်စ်ကားနဲ့ သွားလိုက်တယ်။ ဟိုရောက်တော့ အင်တာဗျူးမှာ မေးတာတွေကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ဖြေခဲ့တယ်။ သူ့မှာ စိုးရိမ်ပြာယာခတ်စရာ အကြောင်းမရှိဘူးလေ။ သူ့တစ်သက်တာ ကြုံတွေ့ခဲ့ရတာတွေကို ရင်ထဲက ခံစားချက်အတိုင်း အသေးစိတ် ပြန်ပြောပြလိုက်တာပဲ။ သူ့အနေနဲ့ ဆိုးဝါးလှတဲ့ အခြေအနေတွေကို တစ်သက်မေ့စရာ အကြောင်းမှ မရှိတာပဲ။ အခန်းထဲက မထွင်ခင် အာတာဗျူးမေးတဲ့လူတွေကို နောက်ဆုံးပြောခဲ့တဲ့ စကားတစ်ခွန်းကတော့-
“လူကြီးမင်းတို့ ဒီပညာသင်ဆုဟာ ကျွန်မဘ၀အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်”တဲ့။

တစ်ပတ်လောက်ကြာတော့ မာရေးဟာ ပညာသင်ဆုချီးမြှင့်ခံရတယ်ဆိုတာ သိလိုက်ရတယ်။ New York Times သတင်းစာကြီးက ပညာသင်ဆု ချီးမြှင့်ခံရတဲ့ ကျောင်းသား ၅ယောက်ကို နာမည်နဲ့ ကိုယ်ရေးရာဇ၀င်တွေအပြင် သူတို့ရေးခဲ့တဲ့ဆောင်းပါးတွေကိုလည်း ဖော်ပြပေးတယ်။ သတင်းစာမှာပါတဲ့ မာရေးရဲ့ဆောင်းပါးကို ဖတ်ရပြီး လူတွေဟာ သူ့ကို အရမ်းသနားသွားကြတယ်။ အိမ်ခန်းငှားဖို့ ပိုက်ဆံပို့ပေးကြလို့ မာရေးတို့ညီအစ်မဟာ အိပ်ခန်းကနေ ဖယ်ပေးစရာ မလိုတော့ဘူး။ ဒါတင်မကသေးဘူး။ စားစရာ ၊ အ၀တ်အထည်အသစ်တွေပါ ပို့ပေးကြတယ်။ ဒါ့အပြင် မာရေးရဲ့ဆောင်းပါးကြောင့် လူတွေဟာ New York Times သတင်းစာတိုက်ကို နောက်ထပ် စကောလားရှစ် ပညာသင်ဆုတွေပေးနိုင်ဖို့ ငွေတွေလှူဒါန်းကြတယ်။ အလှူငွေစုစုပေါင်း ဒေါ်လာ ၂သိန်းနီးပါး ရလိုက်တယ်။

တချိန်တည်းမှာပဲ ဟားဗတ်တက္ကသိုလ်က မာရေးကို ဆက်သွယ်ဖို့ အကြိမ်ကြိမ်ကြိုးစားနေတယ်။ နောက်ဆုံး အဆက်အသွယ်ရတော့ သူ့ရဲ့အိမ်ကို စာတစ်စောင် ပို့လိုက်တယ်။ မာရေးရဲ့ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားတာကို လက်ခံလိုက်တဲ့ အကြောင်းကြားစာပါ။
“ကျွန်မ စာကို ဖွင့်ဖတ်လိုက်တဲ့အခါ ဟားဗတ်တက္ကသိုလ်က ကျွန်မကို ကျောင်းတက်ဖို့ လက်ခံလိုက်တယ်ဆိုတဲ့ စာကြောင်းလေးကို မြင်လိုက်တာနဲ့ ကျွန်မဟာ တောင်ပံနှစ်ဖက်ပေါက်ပြီး လေထဲဝဲပျံသွားသလို ခံစားလိုက်ရတယ်။ ကျွန်မဘ၀ကို ပြောင်းလဲနိုင်ခဲ့ပြီ ဆိုပြီးပျော်လွန်းလို့ပါ” လို့ပြောပြတယ်။ သူ ဟားဗတ်မှာ ၂နှစ်တက်ပြီး ဘွဲ့ရတယ်။ ဘွဲ့ရပြီးတာနဲ့ လူငယ်တွေကို စိတ်ဓာတ်ခွန်အားတက်စေဖို့ ဟောပြောပွဲတွေမှာ လိုက်လံဟောပြောပေးတယ်။

၂၀၀၃ ခုနှစ်မှာ Lifetime တီဗီရိုက်ကူးရေးကုမ္ပဏီကြီးက သူ့ဘ၀အကြောင်းကို “Homeless to Harvard: The Liz Murray Story” နာမည်နဲ့ ရုပ်ရှင်ရိုက်ကူးလိုက်တယ်။ ရုပ်ရှင်ကားအောင်မြင်ခဲ့ပြီး Emmy Award ဆုပေးပွဲ နောက်ဆုံးစကာတင်အဆင့်ထိ ၀င်ခဲ့တယ်။ ၂၀၁၀ ခုနှစ်မှာ မာရေးဟာ သူ့အဖြစ်အပျက်ကို Breaking Nights ဆိုတဲ့ စာအုပ်တစ်အုပ်ရေးလိုက်တယ်။ စာအုပ်ထွက်လာပြီး တစ်ပတ်အကြာမှာ အမေရိကန်နိုင်ငံရဲ့ အရောင်းရဆုံး စာအုပ်စာရင်းဝင်သွားပြီး မာရေးလည်း နေ့ချင်းညချင်း နာမည်ကျော်စာရေးဆရာမတစ်ယောက် ဖြစ်လာခဲ့တယ်။ အမေရိကန် သမ္မတ အိမ်ဖြူတော်က ချီးမြှင့်တဲ့ဆုအပြင် အခြားဆုပေါင်းများစွာကိုလည်း လက်ခံရရှိခဲ့ပါတယ်။ သူဟာ အခုလူငယ်တွေကို စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် ဟောပြောပွဲတွေမှာ လိုက်လံဟောပြောရင်း နဲ့ သူ့ဘ၀ကိုသူ ကျေနပ်ပြီး ပျော်ရွှင်စွာ နေထိုင်လျှက်ရှိပါတယ်။

မာရေးဟာ အိုမင်းပြီး ကျန်းမာရေးမကောင်းတဲ့ အဖေကို အိမ်မှာပြန်ခေါ်ထားပြီး ကွယ်လွန်တဲ့အချိန်အထိ ဂရုတစိုက်ပြုစုစောင့်ရှောက်ခဲ့တယ်။ အံသြစရာကောင်းတာက သူငယ်စဉ်က ဆင်းရဲဒုက္ခရောက်ခဲ့ရတာတွေနဲ့ ပတ်သတ်ပြီး အဖေနဲ့ အမေကို တစ်ချက်ကလေးမှ အပြစ်မပြောဘူး။ မာရေးက
“ကျွန်မ အဲဒီလို အဖေ နဲ့ အမေကို အပြစ်မပြောတာကို လူတွေ နားမလည်ကြဘူး။ သူတို့ မသိတာတွေ ရှိပါတယ်။ ကျွန်မခေါင်းမှာ သန်းတွေရှိသလို ကျွန်မရဲ့ အ၀တ်အစားတွေမှာလည်း အပေါက်အပြဲတွေနဲ့ပါ။ ဒါပေမယ့် အဖေနဲ့ အမေမှာ ဒီထက်ဆိုးတဲ့ ရောဂါတွေ ရှိနေကြတယ်။ ကျွန်မတခါတလေ ၂ရက်လောက် စားစရာမရှိဘူး။ ဒါပေမယ့် အဖေ နဲ့ အမေဟာ ၃-၄ရက်လောက် စားစရာ မရှိရှာကြပါဘူး။ ကျွန်မ သူတို့ကို စိတ်နာဖို့ထက် သနားမိတ်တဲ့စိတ်ပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မာရေးဟာ လောကကြီးမှာ မိမိရဲ့ လက်ရှိဘ၀ကို မကျေနပ်ရင် မကြိုက်ရင် ချက်ချင်းပြောင်းလဲပစ်လို့ရတယ်ဆိုတာကို လက်တွေ့ပြခဲ့တဲ့ ကောင်မလေးတစ်ယောက်ပါ။ သူ့ရဲ့လူငယ်တွေကို မကြာခဏပြောလေ့ရှိတဲ့စကား တစ်ခွန်းကတော့-
“လောကမျာ လိုချင်တာ ၊ ဖြစ်ချင်တာကို ရအောင်လုပ်နိုင်တဲ့ စွမ်းအား လူတိုင်းမှာ ရှိတယ်ဆိုတာကို မမေ့ကြပါနဲ့။ ရည်မှန်းချက် ပန်းတိုင်ထားပါ။ ပြီးတော့ မိမိလက်ရှိဘ၀ နဲ့ ရည်မှန်းချက်ပန်းတိုင်ကြားမှာရှိတဲ့ အခက်အခဲ အဟန့်အတားတွေကို အာရုံစိုက် ဖြေရှင်းသွားရင် လိုချင်တာ ရကို ရမှာပါ” တဲ့။

လစ်ဇ်မာရေးရဲ့ မှတ်မှတ်သားသားစကားများ

– ကျွန်မဘ၀မှာ ရွေးချယ်စရာ လမ်းဆုံလမ်းခွတွေ နဲ့ ကြုံရတိုင်း မှန်ကန်တဲ့ လမ်းခွဲကို ရွေးချယ်နိုင်ခဲ့လို့သာ အခုလိုအောင်မြင်လာခဲ့တာပါ။

– လုပ်သင့်တာကိုမလုပ်ပဲ ရှောင်ကွင်းလိုက်တာကို အခက်အခဲကျော်လိုက်ပြီလို့ ထင်နေကြတယ်။ အဲဒါ လုံးဝမှားပါတယ်။

– အမေက “အချိန်ကျရင် ပြင်မှာပါ” ဆိုတဲ့ စကား ကျွန်မကို အမြဲပြောလေ့ရှိတယ်။ ဒါပေမယ့် အမေဆုံးသွားတဲ့အချိန်အထိ အချိန်ရရင်ပြင်မှာပါ ဆိုတဲ့စကားကို အကောင်အထည် မဖော်သွားနိုင်ခဲ့ဘူး။ ကျွန်မကတော့ ပြင်ဖို့ အချိန်ကျအောင် လုပ်ယူလိုက်ပါတယ်။

– ဘယ်အချိန်မှာ ကလေးဘ၀ကုန်ဆုံးလို့ လူကြီးဖြစ်ရမယ်ဆိုတာ ကျွန်မ မသိပါဘူး။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် တာဝန်ယူရတဲ့ အချိန်ဟာ လူကြီးဖြစ်နေပြီလို့ပြောရင်တော့ ကျွန်မ ၁၅နှစ် သမီးအရွယ်မှာပဲ လူကြီးတစ်ယောက် ဖြစ်နေပါပြီ။

ဗန်းမော်သိန်းဖေ

(ဆရာဗန်းမော်သိန်းဖေ ရေးတဲ့ “ဆင်းရဲနွံမှ ချမ်းသာဘုံသို့ “ စာအုပ်မှ)

Leave a Reply