လွတ်လပ်ရေးခေါင်းလောင်း (သို့) လေဘာတီခေါင်းလောင်းကြီး အကြောင်း

Posted on

အမေရိကန်ရဲ့ လေဘာတီရုပ်တုကတော့ အားလုံးသိပြီးကြတဲ့အတိုင်း ကမ္ဘာကျော်ရုပ်တုဖြစ်ပါတယ်။ လေဘာတီရုပ်တုလောက် နာမည်မကြီးပေမယ့် လေဘာတီခေါင်းလောင်းဟာလည်း အမေရိကရဲ့ အထင်ကရ အမှတ်အသားတစ်ခုဖြစ်ပါတယ်။

သိပ်မကြီးတဲ့ ခေါင်းလောင်းလေးဖြစ်ပေမယ့် အမေရိကန်ကို လာတဲ့ခရီးသွား ထောင်ချီပြီး ဒီခေါင်းလောင်းလေးကို တကူးတကလာကြည့်ကြလေ့ရှိပါတယ်။ အမေရိကန်လွတ်လပ်ရေး အတွက် သင်္ကေတတစ်ခုဖြစ်ပြီး သမိုင်းဝင်ပစ္စည်းတစ်ခုဖြစ်လို့ပါပဲ။ ဒီခေါင်းလောင်းလေးရဲ့ အကြောင်းကို သုတဇုန်မိတ်ဆွေများထံ ဗဟုသုတ အနေနဲ့ မျှဝေလိုက်ပါတယ်။

၁၆၈၂ခုနှစ်လောက်ကတည်းက အမေရိကန် Pennsylvania ပြည်နယ် Philadelphia မြို့အုပ်ချုပ်သူတွေဟာ မြို့သူမြို့သားတွေအတွက် အစည်းအဝေးတွေလုပ်တဲ့အခါ နဲ့ အရေးပေါ်အခြေအနေတွေကြုံတဲ့အခါ အသိပေးနိုင်ဖို့ ခေါင်းလောင်းတစ်လုံးကို ပြုလုပ်လိုခဲ့ပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာတိုင်အောင် ဒီအစီအစဉ်ကို အကောင်အထည်မဖော်နိုင်ခဲ့ပဲ ၁၇၅၁ခုနှစ်မှာမှ ပထမဆုံးခေါင်းလောင်းကို ပြည်နယ်အိမ်တော် (ယခုလွတ်လပ်ရေးခန်းမ) ရဲ့နောက်ဘက်က သစ်ပင်တစ်ပင်မှာ ချိတ်ဆွဲနိုင်ခဲ့ပါတယ်။

အဲဒီနောက်တော့ ခေါင်းလောင်းတာဝါတစ်ခုကို ဆောက်ခဲ့ပါတယ်။ charter of privileges နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ်အဖြစ် ဒီတာဝါမှာ ထားဖို့အတွက် ခေါင်းလောင်းကောင်းကောင်းတစ်လုံးကို ရှာဖွေခဲ့ကြပြီး ပြည်တွင်းမှာမတွေ့တဲ့အတွက် ခေါင်းလောင်းပြုလုပ်ရာမှာနာမည်ကြီးတဲ့ အင်္ဂလန်နိုင်ငံကနေ မှာယူခဲ့ရပါတယ်။

ဒါကြောင့် ၁၇၅၂ခုနှစ်မှာ အင်္ဂလန် လန်ဒန်မှာရှိတဲ့ Lester & pack ကုမ္ပဏီက ခေါင်းလောင်းတစ်လုံးကို အမေရိကန်အတွက် သွန်းလုပ်ပေးခဲ့ပါတယ်။ ခေါင်းလောင်းဟာ အရှည် ၃ပေသာရှိပြီး အ၀အကျုယ်(စက်ဝန်းမျဉ်း) ကတော့ ၁၂ပေ ရှိကာ ပေါင် ၂၀၈၀ လေးပါတယ်။ ခေါင်းလောင်းကို သံဖြူ ၂၅% ၊ကြေးနီ ၇၀% နဲ့ ကျန် ၅%မှာတော့ ရွှေ ၊ ငွေ ၊ အာဆင်းနစ် ၊ သွပ် ၊ ခဲ တို့ကိုရောစပ်သွန်းလုပ်ထားပါတယ်။ သယ်ယူပို့ဆောင်ခပါ အပါအ၀င်ခေါင်းလောင်းရဲ့တန်ဖိုးဟာ ပေါင်စတာလင် ၁၅၀၁၃ ဖြစ်ပါတယ်။

ခေါင်းလောင်းပေါ်မှာတော့ အောက်ပါစာကိုရေးထိုးထားပါတယ်။
“Proclaim LIBERTY throughout all the land unto all the inhabitants thereof.”
အဓိပ္ပါယ်ကတော့ ‘ဒေသတိုင်းက နေထိုင်သူ လူသားများအား လွတ်လပ်ခြင်းတရားကို ကြေညာကြလော့’ ဆိုတဲ့အဓိပ္ပါယ်ပါ။ မှန်ပါတယ် ၊ ဒီစာသားဟာ ဟီးဘရူးကျမ်းစာထဲက စာသားဖြစ်ပါတယ်။

သွန်းလုပ်ပြီးတဲ့ခေါင်းလောင်းကို အမေရိကန် ကိုပို့ဆောင်ခဲ့ပြီးတဲ့နောက် Philadelphia က နယ်မြေအိမ်တော်မှာ ခေါင်းလောင်းကို ချိတ်ဆွဲခဲ့ပါတယ်။ ခေါင်းလောင်းကို ပထမစမ်းသပ်တီးတဲ့အချိန်မှာပဲ အက်ကွဲရာပေါ်ခဲ့ပါတယ်။

ဒါကြောင့် ပညာရှင်နှစ်ယောက်ဖြစ်တဲ့ John Pass နဲ့ John Stow တို့က နှစ်ကြိမ်ပြန်လည်ပြုပြင်ခဲ့ကြပါတယ်။ ဒါကြောင့် ခေါင်းလောင်းပေါ်မှာ သူတို့နှစ်ယောက်နာမည်နောက်ဆုံးစာလုံးဖြစ်တဲ့ Pass Stow ကိုတွေ့ရတာဖြစ်ပါတယ်။ ခေါင်းလောင်းပေါ်မှာ အမှားအယွင်းတစ်ခုရှိပါသေးတယ်။ ဒါကတော့ ပြည်နယ်ရဲ့နာမည် Pennsylvania လို့ရေးရမှာ n တစ်လုံးကျန်ခဲ့ပြီး Pensylvania လို့ပဲရေးထားခြင်းပါ။

အစပထမတုန်းက ဒီခေါင်းလောင်းရဲ့နာမည်ဟာ နယ်မြေအိမ်တော်မှာထားတဲ့အတွက် နယ်မြေအိမ်တော်ခေါင်းလောင်းလို့ပဲ ခေါ်ကြပါတယ်။ အချက်ပေးခေါင်းလောင်းအဖြစ်အသုံးပြုခဲ့ပါတယ်။ ဒီခေါင်းလောင်းတီးပြီဆိုတာနဲ့ မြို့နေပြည်သူတွေဟာ အရေးကြီးကိစ္စတစ်ခုခုရှိပြီ (သို့) အစည်းအဝေးပွဲစပြီလို့ နားလည်ကြပါတယ်။

ဗြိတိသျှတွေ Pensylvania ကိုဝင်ရောက်ပြီး ခေါင်းလောင်းတွေသိမ်း ကျည်ဆန်တွေလုပ်တဲ့အချိန်မှာ ဒီခေါင်းလောင်းကို ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာ ၁၀လကြာ ၀ှက်ထားခဲ့ရပါသေးတယ်။ ၁၇၇၆ခုနှစ် ဇူလိုင်မှာတော့ အမေရိကန်ဟာ လွတ်လပ်ရေးရခဲ့ပါတယ်။

အမေရိကန်ပြည်တွင်းစစ်ကာလအတွင်းမှာ အမေရိကန်ရဲ့ အမှတ်အသားသင်္ကေတအရာနှစ်ခုရှိပါတယ်။ တစ်ခုက အလံဖြစ်ပြီး တစ်ခုကတော့ ဒီခေါင်းလောင်းဖြစ်ပါတယ်။ ဒီခေါင်းလောင်းကြီးဟာ အမေရိကန်လွတ်လပ်ရေးကြေငြာစာတမ်းဖတ်တဲ့နေ့မှာ ထိုးခဲ့ပြီးအသံမြည်ခဲ့တယ် ဆိုတာကို စာရေးဆရာတစ်ယောက်က စရေးလိုက်ရာကနေ စပြီးနာမည်ကြီးသွားခဲ့ပါတယ်။

(သမိုင်းပညာရှင်တွေကတော့ အဲဒီနေ့မှာ ဒီခေါင်းလောင်းကြီးကို တကယ်မထိုးခဲ့ဘူးလို့ ဆိုပါတယ်)။ ဒါပေမယ့် အများစုကတော့ တကယ်ထိုးခဲ့တယ်ဆိုတာကိုပဲယုံကြည်ကြပြီး ကျွန်စနစ် လွတ်မြောက်ရေးအသင်းအဖွဲ့တွေက ခေါင်းလောင်းကြီးကို လွတ်လပ်ရေးခေါင်းလောင်း (Liberty Bell) လို့ပြောင်းလဲ အမည်ပေးခဲ့ပါတယ်။

ပြည်တွင်းစစ်ကာလအတွင်း လွတ်မြောက်ရေးရဲ့ သင်္ကေတအဖြစ် ပြည်သူတွေကို စိတ်ဓာတ်တက်ကြွစေဖို့ ဒီခေါင်းလောင်းကြီးကို မြို့ပေါင်းများစွာထံ ပို့ဆောင်ပြသခဲ့ပါတယ်။ ၁၈၄၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ရက်နေ့မှာ သမ္မတဂျော့ဂ်ျဝါရှင်တန်ရဲ့ ၁၁၄နှစ်မြောက် မွေးနေ့အခမ်းအနားပွဲကျင်းပစဉ်မှာ ဒီခေါင်းလောင်းကြီးကို နောက်ဆုံးအကြိမ်အဖြစ် တီးခဲ့ပါတယ်။

အဲဒီနောက်ပိုင်းကစပြီးတော့ ခေါင်းလောင်းသံမမြည်တော့ပါဘူး။ နောက်ဆုံးအကြိမ်ဖြစ်တီးစဉ်မှာ ကြီးမားတဲ့အက်ကွဲကြောင်းကြီး ဖြစ်သွားခဲ့လို့ပါ။ အက်ကွဲကြောင်းကြီးဟာ၂၄.၅လက်မခန့် ရှည်ကာ ၀.၅လက်မအကျယ်လောက်ထိရှိပါတယ်။

ဒီခေါင်းလောင်းကြီးဟာ ၁၉၆၀ ကစလို့ ဆန္ဒပြသူတွေ အဓိကစုဝေးရာ နေရာတစ်ခုဖြစ်ခဲ့ပါတယ်။ စစ်အေးကာလအတွင်းမှာလည်း အမေရိကန်ရဲ့ အမှတ်အသားဖြစ်တဲ့ ဒီခေါင်းလောင်းကြီးရဲ့ပုံရိပ်တွေကို တံဆိပ်ခေါင်းတွေ နဲ့ ငွေဒင်္ဂါးပြားတွေမှာအသုံးပြုခဲ့ကြပါတယ်။

၁၉၉၆ခုနှစ် ဧပြီ ၁ရက်နေ့မှာ ခေါင်းလောင်းကြီးကို Taco Bell လို့ပြောင်းတဲ့ သတင်းတစ်ပုဒ်ထွက်လာတာကြောင့် ပြည်သူပေါင်းများစွာဟာ ကန့်ကွက်ခဲ့ပြီး ခေါင်းလောင်းစောင့်ရှောက်ရေးအဖွဲ့ကို ပြသနာရှာခဲ့ကြပါသေးတယ်။ ဒါပေမယ့် ဒါဟာ ဧပရယ်ဖူး သတင်းသာဖြစ်ပြီး စောင့်ရှောက်ရေးအဖွဲ့ဟာ ပြသနာကို မနည်းရှင်းခဲ့ရပါသေးတယ်။

လေဘာတီခေါင်းလောင်းကြီးကို ပြည်နယ်အိမ်တော်မှာ ၁၇၅၃ခုနှစ်ကနေ ၁၉၇၆ခုနှစ်အထိ ထားခဲ့ပြီးနောက် လေဘာတီခေါင်းလောင်းပွဲကြည့်စဉ်ကို ပြောင်းပြီး ၁၈၇၆ခုနှစ်ကနေ ၂၀၀၃ခုနှစ် အထိထားခဲ့ပါတယ်။ ၂၀၀၃ခုနှစ်မှာတော့ လောဘာတီခေါင်းလောင်းစင်တာကို တည်ဆောက်ဖွင့်လှစ်ပြီး အဲဒီမှာ ယနေ့ထက်တိုင် ထားရှိပြသထားပါတယ်။

လေဘာတီခေါင်းလောင်းစင်တာကို တစ်နှစ်မှာ ၃၆၄ရက်ဖွင့်လှစ်ပြသပါတယ်။ ပိတ်တဲ့တစ်ရက်တော့ ခရစ်စမတ်နေ့ဖြစ်ပါတယ်။ လေဘာတီခေါင်းလောင်းစင်တာမှာ ဒီခေါင်းလောင်းကြီးရဲ့အကြောင်းကို ဒတ်ခ်ျ ၊ ဟင်ဒီ ၊ ဂျပန်ဘာသာအပါအ၀င် ဘာသာပေါင်း ၁၂ဘာသာနဲ့ ရေးသားရှင်းပြထားပါတယ်။

နှစ်စဉ် လူပေါင်း ၁သန်းကျော်ဟာ လေဘာတီခေါင်းလောင်းကို လာရောက်ကြည့်ရှု့ကြပါတယ်။ ၁၉၇၆ခုနှစ်ကတော့ စံချိန်တင်နှစ်ဖြစ်ခဲ့ပြီး လူပေါင်း ၃.၂သန်းဟာ လေဘာတီသမိုင်းဝင်ခေါင်းလောင်းကြီးကို လာရောက်ကြည့်ရှု့ခဲ့ကြပါတယ်။

VIDEO

သုတဇုန်

Leave a Reply