ရေးသားသူ – ကောင်းစည်သူ(သုတစွယ်စုံ)
၁။ ရေနံကို ခေါ်ဆိုသော petroleum ဟူသည့်စကားလုံးသည် ကျောက်မှထွက်သောဆီ ဟုအဓိပ္ပာယ်ရသည်။ ယင်းစကားလုံးသည် ဂရိ ဝေါဟာရ petra (ကျောက်တောင်) နှင့် လက်တင်ဝေါဟာရ oleum (ဆီ) တို့ပေါင်းစပ် ဆင်းသက်လာသည်။
၂။ ရေနံကို ထုတ်ကုန်ပစ္စည်းများအားလုံး၏ မိခင်ဟု တင်စားခေါ်ဝေါ်ကြသည်။ ဓာတ်ဆီ၊ ဓာတုချည်မျှင်၊ပလတ်စတစ် နှင့် အိမ်သုံး ဆေးဝါးအချို့အပါအဝင်များစွာသော ထုတ်ကုန်ပစ္စည်းများ ကို ရေနံမှ ထုတ်လုပ်ရသောကြောင့်ဖြစ်သည်။
၃။ အမေရိကန်နိုင်ငံတွင်သုံးစွဲနေသည့် ရေနံအားလုံး၏ တစ်ဝက်ကို သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင်သုံးစွဲသည်။
၄။ အမေရိကန်နိုင်ငံတွင် ပြည်တွင်းရေနံချက်စက်ရုံများအရေအတွက်တစ်ဝက်ကျော်သည် တက္ကဆက်စ်၊ လူဝီးစ်ရှားနား နှင့် ကာလီဖိုနီး ယားပြည်နယ်များတွင်ရှိသည်။
၅။ တက္ကဆက်စ်ပြည်နယ်သည် အရံရေနံစည် ငါးဘီလံကျော်ရှိသဖြင့် အမေရိကန်နိုင်ငံ၏ ရေနံစိမ်းထုတ်လုပ်မှုတွင် ဦးဆောင်နေသည့် ပြည်နယ်ဖြစ်သည်။
၆။ မက္ကဆီကိုပင်လယ်ကွေ့နှင့် ကာလီဖိုနီးယား ကမ်းလွန်ရှိ ရေနံတွင်းတူးစင်များသည် အမေရိကန်နိုင်ငံ၏ ပြည်တွင်းရေနံစိမ်း ထုတ်လုပ်မှု၏ ၂၅ ရာခိုင်နှုန်းကို ထုတ်ပေးနေသည်။
၇။ ရေနံစိမ်းကို စည်ဖြင့် တိုင်းတာကာ ရေနံစိမ်းတစ်စည်သည် အမေရိကန်နိုင်ငံသုံး ယူနစ် ၄၂ ဂါလံ နှင့် တူညီသည်။
၈။ ရေနံစိမ်းတစ်စည်မှ ဓာတ်ဆီ ၁၉ ဒသမ ၁၅ ဂါလံ၊ ဒီဇယ် ၉ ဒသမ ၂၁ ဂါလံ၊ လောင်စာဆီ ၃ ဒသမ ၈၂ ဂါလံ၊ မီးထိုးဆီ ၁ ဒသမ ၇၅ ဂါလံ၊ ကတ္တရာစေး အပါအဝင် အခြားရေနံဓာတုပစ္စည်း ၇ ဒသမ ၃ ဂါလံ ရရှိသည်။
၉။ ဓာတ်မြေသြဇာ၊ ပလတ်စတစ်၊ ကားတာယာ၊ အမိုးနီးယား၊ ရေမွှေး၊ ပီကေများသည် ရေနံစိမ်းကို ချက်လုပ်ရာမှ ထွက်ရှိသော ရေနံ ထွက်ပစ္စည်းများကို ဓာတုဗေဒနည်းများသုံးကာ ပြုလုပ်သည်။
၁၀။ ရေနံသည် အရည်နှင့် အစိုင်အခဲ ဖြစ်လုနီးပါးအခြေနေကြားတွင် ရှိသဖြင့် ပြစ်ချွဲနေသည်။
၁၁။ နယူးယောက်မြို့သည် လူတစ်ဦးချင်း စွမ်းအင်သုံးစွဲမှုတွင် အနိမ့်ဆုံးဖြစ်သည်။
၁၂။ NYMEX ရေနံစိမ်းများ ဝယ်ယူရန်ချုပ်ဆိုထားသော ကန်ထရိုက်စာချုပ်များအတွက် အိုကလာဟိုးမားရှိ ကုရှင် မြို့သည် ရေနံစိမ်း များပေးပို့မည့် အဓိက နေရာဖြစ်သည်။
၁၃။ အမေရိကန်နိုင်ငံသည် ၂၀၀၉ ခုနှစ်တွင် တစ်နှစ်တာသုံးစွဲခဲ့သော ရေနံ ၅၁ ရာခိုင်နှုန်းကို ပြည်ပမှ ဝယ်ယူခဲ့သည်။
၁၄။ အိုပက်နိုင်ငံများတွင် ကမ္ဘာ့အရံ ရေနံစိမ်း သုံးပုံ နှစ်ပုံကျော်ကို သိုလှောင်ထားပြီး သိုလှောင်ထားမှုသည် ဆက်လက် မြင့်တက်လျက်ရှိသည်။
၁၅။ အမေရိကန်နိုင်ငံ၏ နယ်စပ်များတွင်သွယ်တန်းထားသော ရေနံပိုက်လိုင်းများသည် မိုင် ၂၀၀၀၀၀ ကျော် ရှည်လျားသည်။
၁၆။ ဆော်ဒီအာရေဗီးယားနိုင်ငံ၊ ဂါဝါရေနံတွင်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံးရေနံတွင်းဖြစ်ပြီး ရေနံစည်ပေါင်း ၈၅ ဘီလျံရှိသည်။
၁၇။ ရေနံသည် နှစ်သန်းပေါင်းများစွာ ပြင်းထန်သော အပူနှင့် ဖိအားများကြောင့် အောဂဲနစ်ပစ္စည်းများ ဖွဲ့စည်းမှုပြောင်းလဲရာမှ
ဖြစ်ပေါ်လာသည်။
၁၈။ သမိုင်းတစ်လျောက် အကြီးဆုံးရေနံယိုစိမ့်မှုသည် ၂၀၁၀ ပြည့်နှစ်တွင် မက္ကဆီကိုပင်လယ်ကွေ့အတွင်းသို့ Deepwater Horizon မှ ရေနံစည် နှစ်သန်းယိုဖိတ်မှုဖြစ်သည်။
၁၉။ ရေနံယိုဖိတ်မှုများ၏ ၈၀ ရာခိုင်နှုန်းသည် လူများ၏ မှားယွင်းမှုကြောင့် ဖြစ်ပွားခဲ့ရသည်။
၂၀။ လူသားများသည် ရေနံကို လွန်ခဲ့သော နှစ် ငါးထောင်မှ စတင်အသုံးပြုခဲ့ကြကာ တစ်ချိန်က ရေနံကို ဂေါက်ရောဂါနှင့် နှင်းကိုက် နာကြောင့်နာကျင်ကိုက်ခဲမှုများကို သက်သာပျောက်ကင်းစေရန် ဆေးအဖြစ်သုံးစွဲခဲ့ကြသည်။
၂၁။ ယနေ့အချိန်တွင် ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ရေနံသိုလှောင်မှု အများဆုံးနိုင်ငံဖြစ်ပြီး အရံရေနံ စည်ပေါင်း ၂၆၇ ဘီလျံ ပိုင်ဆိုင်ထားသည်။
၂၂။ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရေနံ အသုံးစွံဲဆုံးနိုင်ငံဖြစ်ကာ နေ့စဉ် ရေနံစည် ၁၉ ဒသမ ၅ သန်းကျော် သုံးစွဲလျက် ရှိသည်။
၂၃။ ရေနံ အရံသိုလှောင်ထားမှု မြင့်တက်လာမှုနှင့် အစိုးရများ၏ စီမံဆောင်ရွက်မှုများကြောင့် ၂၀၁၀ ပြည့်နှစ် ၊ ဒီဇင်ဘာလတွင်
ဗင်နီဇွဲလားနိုင်ငံ ကာရာကတ်စ် ဓာတ်ငွေ့ဈေးနှုန်းသည် အမေရိကန်စံတစ်ဂါလံလျှင် ၁၂ ဆင့် သာ ဈေးနှုန်းရှိခဲ့သည်။
၂၄။ အမေရိကန်နိုင်ငံသည် အရံရေနံစည်ပေါင်း၂၁ ဘီလျံသိုလှောင်ထားကာ ကမ္ဘာတွင် အမျိုးသားအဆင့်အရံရေနံ သိုလှောင်ထားမှု အဆင့် (၁၁) နေရာ၌ ရှိနေသည်။
၂၅။ အမေရိကန်နိုင်ငံသည် ကမ္ဘာ့လူဦးရေ၏လေးရာခိုင်နှုန်းသာ နေထိုင်လျက်ရှိသော်လည်း ကမ္ဘာ့ရေနံထွက်ရှိမှု၏ ၂၅ ရာခိုင်နှုန်း ကိုသုံးစွဲသည့် နိုင်ငံဖြစ်သည်။
၂၆။ အမေရိကန်နိုင်ငံတွင် ယာဉ်များမောင်းနှင်ရာတွင်သုံးစွဲနေရသည့် ရေနံသည် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ပေါင်းတွင်ရှိနေသည့် မော်တော်ယာဉ်များသုံးစွဲသည့် ရေနံပမာဏ၏ နှစ်ဆဖြစ်သည်။
၂၇။ အမေရိကန်နိုင်ငံသည် တစ်ရက်လျှင် ရေနံစည် ၅ ဒသမ ၃၆ သန်း ထုတ်လုပ်လျက်ရှိပြီး နေ့စဉ် ရေနံစည် ၉ သန်းကို ပြည်ပမှ တင်သွင်းနေရသည်။ ကနေဒါနိုင်ငံတစ်ခုတည်းက က အမေရိကန်သို့နေ့စဉ် ၁ ဒသမ ၉ သန်းပေးပို့ နေရသည်။
၂၈။ အမေရိကန်နိုင်ငံသည် ရေနံအပြင် ဓာတ်ငွေ့ဂါလံ ၃၈၇ သန်းကို နေ့စဉ်သုံးစွဲလျက်ရှိသည်။
၂၉။ ဆော်ဒီအာရေးဗီးယားသည် တစ်ရက်လျှင် ရေနံ စည်ပေါင်း ၈ ဒသမ ၁ သန်း ထုတ်လုပ်သည်။
၃၀။ ရေနံယိုဖိတ်မှုများ၏ ငါးရာခိုင်နှုန်းသည် ပင်လယ်ပြင်များအတွင်းသို့ စီးဆင်းသွားသောရေနံများဖြစ်ပြီး အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့၏ ခန့်မှန်းချက်အရ မိလ္လာရေဆိုးစက်ရုံများမှ စွန့်ထုတ်သည့်ရေများသည် ရေနံတင်သင်္ဘောများမှ နှစ်စဉ်ယိုဖိတ်သော ရေနံများ၏ နှစ်ဆဖြစ်သည်။

၃၁။ အမေရိကန်နိုင်ငံ၊ ပင်နီဆာဗေးနီးယားတွင် ၁၈၅၉ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံး ရေနံတူးဖော်မှု အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။
၃၂။ လွန်ခဲ့သော နှစ် ၂၅၀၀ က တရုတ်နိုင်ငံ၊ စီချွမ်တွင် မြေအောက်မှ ရေနံစိမ်းကို ပထမဆုံးပန့်ဖြင့် စုတ်ယူနိုင်ခဲ့သည်။
၃၃။ ပထမဆုံးသော ကမ်းလွန်ရေနံတွင်းများကို ၁၉၅၀ ပြည့်နှစ်တွင် လူဆီယားနားပြည်နယ်တွင် တူးဖော်ခဲ့သည်။
၃၄။ ခေတ်မီစက်မှုလုပ်ငန်းများဖြင့်ရေနံစိမ်းထုတ်လှုပ်မှုသည် တက္ကဆက်ပြည်နယ်တွင် ရေနံလုပ်ငန်းတစ်ဟုန်ထိုးကြီးထွားလာပြီး နောက် စပင်ဒယ်တော့ရှိ ရေနံများအလျှံပယ်ထွက်နေသည့် တွင်းများနှင့် အတူ ၁၉၀၁ ခုနှစ် ဇန်နဝါရီ လ ၁၀ ရက်တွင်စတင်ခဲ့ သည်။
၃၅။ သွားတိုက်ဆေးအပါအဝင် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် သုံးစွဲရသည့် ဂရစ်ဆလင်းသည် ရေနံမှ အဓိက ထုတ်လုပ်သည့် ရေနံဓာတုပစ္စည်းတစ်မျိုး ဖြစ်သည်။
၃၆။ ထို့အတူပင် ဓာတုချည်မျှင်များ၊ ဗီနိုင်းများ၊ နိုင်လွန်၊ ပိုလီစတားတို့ကိုရေနံစိမ်းမှ ထုတ်လုပ်သည်။
၃၇။ တက္ကဆတ်ပြည်နယ်၊ ဘေးတောင်းရှိ ExxonMobil ရေနံချက်စက်ရုံသည် အမေရိကန်နိုင်ငံတွင် ရေနံစိမ်းချက်လုပ်မှု စွမ်းရည် အမြင့်ဆုံးဖြစ်ပြီး နေ့စဉ်ရေနံစိမ်း ၅၆၀၆၄၀ စည် ချက်လုပ်ပေးနေသည်။
၃၈။ တစ်ကမ္ဘာလုံးတွင် ပျမ်းမျှနေ့စဉ်သုံးစွဲနေသည့် ရေနံ စုစုပေါင်း သည် ၈၄၂၄၉၀၀၀ စည်ဖြစ်သည်။

၃၉။ အမေရိကန်နိုင်ငံသည် အရံရေနံစည်ပေါင်း၂၁ ဘီလျံသိုလှောင်ထားသဖြင့် ယခုလက်ရှိ သုံးစွဲနှုန်းဖြင့် တွက်ချက်ပါက ရှစ်နှစ်စာ လုံလောက်မှုရှိသည်။
၄၀။ ၂၀၀၆ ခုနှစ်တွင် ဒီဇယ်ချက်လုပ်သည့်လုပ်ငန်းများတွင် ဆာလဖာ(ကန့်)ပါဝင်မှုကို ၉၇ ရာခိုင်နှုန်းအထိ လျော့ချရန် သတ်မှတ်ခဲ့သည်။ ဆာလဖာသည် လေထုညစ်ညမ်းမှု၏ အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်သည်။
၄၁။ ဒီဇယ်ဆီသည် ဓာတ်ဆီထက် စွမ်းအင် ၁၁ ရာခိုင်နှုန်း ပိုမိုထွက်ရှိပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်ရှိမှုသည်လည်း ဓာတ်ဆီ ထက် လျော့ပါးသည်။
၄၂။ ပင်လယ်ပြင်များမှ ထွက်ရှိသော ရေနံများသည် သဘာဝအလျောက် ပင်လယ်ကြမ်းပြင်မှ စိမ့်ထွက်နေကြခြင်းဖြစ်သည်။
၄၃။ ရော့ဖဲလားသည် ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစု အစောပိုင်းတွင် ရေနံလုပ်ငန်းကို ကြီးစိုးခဲ့ပြီး သူကွယ်လွန်ချိန်တွင် လက်ရှိ ကာလတန်ဖိုးအရ ဒေါ်လာ ၄၀၀ဘီလျံပိုင်ဆိုင်ခဲ့သည်။
၄၄။ အမေရိကန်နိုင်ငံသို့ ဟာရီကိန်းမုန်တိုင်း ကက်ထရီနာ( Hurricane Katrina) ဝင်ရောက်ခဲ့စဉ်က ပင်လယ်ကွေ့ကမ်းခြေများရှိ ရေနံတွင်များ ပျက်စီးခဲ့သဖြင့် အရံရေနံများထဲမှ စည်ပေါင်း ၁ ဒသမ ၁ သန်းပို သုံးစွဲခဲ့ရသည်။
၄၅။ အမေရိကန်နိုင်ငံ၏ အကြီးဆုံးရေနံတွင်းသည် အလာစကာပြည်နယ်၊ ပရုဒ်ဟိုး ပင်လယ်အော်ရေနံတွင်းဖြစ်ပြီး ၂၁၃၄၅၃ ဧက ကျယ်ဝန်းလျက် စတင်မတူးဖော်မီအချိန်တွင် ရေနံစည်ပေါင်း ၂၅ ဘီလျံ ရှိနေသည်။
၄၆။ ကမ္ဘာပေါ်တွင် ရေနံထုတ်လုပ်မှု အများဆုံးနိုင်ငံမှာ ရုရှားဖြစ်သည်။ ၂၀၁၆ခုနှစ် စာရင်းအရ ရုရှားနိုင်ငံ၏ နေ့စဉ် ပျမ်းမျှရေနံအထွက်နှုန်းမှာ ရေနံစည် ၁၀.၅၅သန်း ဖြစ်သည်။ ရုရှား၏ နောက်မှ ဆော်ဒီက ၁၀.၄၆ သန်းဖြင့် ဒုတိယ ၊ အမေရိကန်က ၈.၈၆သန်းဖြင့် တတိယယ လိုက်လျှက်ရှိသည်။
မောင်သာ (ရှေးဟောင်း သုတေသန)
၂၀၁၆ ခုနှစ် ဇူလိုင်လထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ
Discussion about this post