လူပေါင်း ၂၅၉ယောက်ကို သေဆုံးစေခဲ့သော လော့ကာဘီ လေယာဉ်ဗုံးခွဲလုပ်ကြံမူကြီး

Posted on

ရေးသားသူ – Ko Kyaw Min Aung

၁၉၈၈ခုနှစ်​ ခရစ်စမတ်​မတိုင်​မီ ရက်​အနည်းငယ်​အလိုတွင်ဖြစ်​သည်​။

တိတိကျကျ​ပြောရလျှင်​ ဒီဇင်​ဘာလ ၂၁ ရက်​​နေ့။ အမေရိကန် ပန်အမ်(Pan Am)​လေ​ကြောင်းလိုင်းပိုင်​ ဘိုးရင်း၇၄၇​လေယာဉ်​ကြီးသည်​ ​လေယာဉ်​ခရီးစဉ်​အမှတ်​ ပီအေ၁၀၃ ၏ လန်​ဒန်​-နယူး​ယောက်​ ခရီးစဉ်​အပိုင်းကိုပျံသန်းရန်​​ လန်​ဒန်​ဟိသရိုးလေဆိပ်မှ ညဦးပိုင်းမှောင်စပျိုးချိန်လောက်တွင် စတင်ထွက်​ခွာလာခဲ့သည်။ ပီအေ​၁၀၃ရဲ့ ခရီးစဉ်​အစက အနောက်ဂျာမနီနိုင်​ငံဖရန့်​ဖတ်​မြို့ဖြစ်​ပြီး အဆုံးက အ​မေရိကန်​နိုင်​ငံ ဒက်​ထရိုက်​မြို့ဖြစ်​သည်​။

ဖရန့်​ဖတ်​ကထွက်​လာတဲ့ ဘိုးအင်း၇၂၇​လေယာဉ်​က လန်​ဒန်​တွင်​နားပြီး ခရီးသည်​ နှင့်​ ပစ္စည်းများကို နယူး​ယောက်​သို့ဆက်​လက်​ထွက်​ခွာမည့် Clippe​r maid of the seas ဟုအမည်​​ပေးထား​သော ဘိုးရင်း၇၄၇​လေယာဉ်​​ပေါ်သို့​ ပြောင်းတင်​​ပေးခဲ့ခြင်းဖြစ်​သည်​။ အခု​လေယာဉ်​ကဘိုးရင်းက ထုတ်​လုပ်​ခဲ့သည့်​ ၇၄၇​မျိုးဆက်​​တွေရဲ့ ပထမဆုံးအသုတ်​မှာပါပြီး ၁၉၇၂ခုနှစ်​ကတည်းကပင် ပန်အမ်​ကုမ္ပဏီကို​ ရောက်​ရှိတာဝန်​ထမ်း​ဆောင်​ခဲ့ခြင်းဖြစ်​သည်​။ ပျံသန်းချိန် ​နာရီ ၇၅၀၀၀ရှိပြီ။ ၁၉၈၇ ခုနှစ်က ​လေယာဉ်တစီးလုံးကို ပြန်​လည်​စစ်​​ဆေး မွမ်းမံပြင်​ဆင်​မူ လုပ်​ထားသည်။

ဗုံး​ဖောက်​ခွဲခံလိုက်​ရသည့်​​လေယာဉ်​ကြီး

လေ​ယာဉ်​​ပေါ်တွင်​ ​ခရီးသည်​ ၂၄၃ဦး နဲ့​အတူ လေယာဉ်​အမူထမ်း ၁၆ဦး လိုက်​ပါလာကြသည်​။ ခရီးသည်​အများစုက အ​မေရိကန်​နဲ့ ဗြိတိန်နို​င်ငံ သားများဖြစ်ကြသည်။ လန်ဒန်က ​ဒေသ​ကောလိပ်​ပရဝုဏ်မှာ semester တခုတက်​ခဲ့ပြီး ခရစ်စမတ်အိမ်ပြန်​လာကြသည့်​ နယူး​ယောက်​ Syracuse တက္ကသိုလ်​​မှ ကျောင်းသားတသိုက်​လည်း ပါလာကြသည်​။

လေယာဉ်​မှာ ပျံတက်​ပြီးမိနစ်​အနည်းငယ်​အကြာတွင်​ လိုအပ်​​သောအမြင့်​သို့​ရောက်​သည်​နှင့်​ ရေပြင်​ညီအတိုင်း ဦးတည်​ရာသို့ ပုံမှန်​အမြန်​နူန်းဖြင့်​သာ​ သွား​နေခဲ့သည်​။ ခရီးသည်​​အားလုံးသည်​ ခရီးရှည်​ပျံသန်းရမှာဖြစ်​သည့်​အတွက်​ ​အေး​အေးလူလူ သက်​​တောင့်​သက်​သာရှိ​နေကြပါသည်​။ ခရစ်​စမတ်​ပိတ်​ရက်​မှာ မိသားစုနှင့်​ ပြန်​လည်​စုံစည်းဖို့အ​ရေး​တွေးပြီး စိတ်​ထဲမှာ ကြည်​နူး​နေကြ​ပေမည်​။

သူတို့အားလုံး​ ကြမ္မာဆိုးကြီးတစ်ခုနဲ့ မကြာမီ ကြုံ​တွေ့ရ​တော့မယ်​ဆိုတာသာသိခဲ့လျှင်​… 

လေယာဉ်​မှာ လန်​ဒန်​ဟိသရိုး​လေဆိပ်​က​နေပျံတက်​ပြီး ၃၈မိနစ်​အကြာမှာ စ​ကော့တလန်​နိုင်​ငံ​ လော့ကာဘီ​မြို့အထက်​ ​ကောင်းကင်​ယံသို့​ရောက်​ရှိလာခဲ့သည်​။ အမြင့်ပေက​ ၃၁၀၀၀။ ရာသီဥတုကလည်းသာသာယာယာပင်​။ မကြာခင်​ ကုန်း​မြေနယ်​နမိတ်​ကို​ကျော်​ပြီး အတ္တလန္တိတ်​သမုဒ္ဒရာ​ရေပြင်​အစပ်​ကို​ရောက်​​တော့မည်​။

ထိုအချိန်​မှာပင် ​မ​မျှော်​လင့်​ပဲ ​ပေါက်​ကွဲမူတစ်ခု ​လေယာဉ်​​ပေါ်မှာဖြစ်​ပွားခဲ့ပြီး စက္ကန့်​ပိုင်းအတွင်းမှာ လေယာဉ်​ကိုယ်​ထည်​တခုလုံး တစစီကျိုးပဲ့​ထွက်​သွားခဲ့သည်။ ​လေယာဉ်​အပျက်​အစီး၊ အပိုင်းအစ​​တွေက ​လော့ကာဘီမြို့ဝန်းကျင်​တဝိုက်​​မြေပြင်​​ပေါ်ကျဆင်းကုန်​သည်​။ ၆မိုင်​အမြင့်​မှ အတားအဆီးမဲ့ ပြုတ်​ကျသွားကြသည့်​ ခရီးသည်​​တွေအဖြစ်​မှာ ​တွေးဝံ့စရာမရှိ​တော့။

လေယာဉ်​​ပေါ်ပါလာတဲ့ ၂၅၉ဦးစလုံး အသက်​ဆုံးရူံးခဲ့ရသည်​။ ​လေယာဉ်​​ပေါ်ကပြုတ်​ကျလာတဲ့ အစိတ်​အပိုင်းကြီးတစ်ခုက ရွာထဲကလူ​နေအိမ်​​ပေါ်တည့်​တည့်​ကျသည်​။ မီး​ဘောလုံးကြီး ဝုန်းကနဲထလာပြီး အနီးအနားအိမ်​​တွေပါဝါးမြိုသွားသည်​။ ရွာထဲကလူ ၁၁ဦးပါ ​သေသည့်​အထဲ အဆစ်​ပါသွားသည်​။ ​လေယာဉ်​မှအပိုင်းအစကြီးကျပြီး မီး​လောင်​ခဲ့သည့်​​နေရာ၌ ​ပေ ၁၅၀ ကျယ်​သည့်​ ချိုင့်ကြီးဖြစ်ကျန်​​ခဲ့သည်​။

လေယာဉ်​ပျက်​ကျပြီး ​နေ့ချင်းညချင်း စ​ကော့တလန်​​ဒေသခံရဲတပ်​ဖွဲ့ဝင်​များ ဗြိတိသျှ လေကြောင်းမ​တော်​တဆမူ စုံစမ်းစစ်​​ဆေး​ရေးအဖွဲ့ဝင်​များ​ အခင်းဖြစ်​ပွားရာ​နေရာသို့ ​ရောက်​လာကြသည်​။ တစ်ရက်​နှစ်​ရက်​အတွင်း အ​မေရိကန်​ပြည်​​ထောင်​စု စုံစမ်းစစ်​​ဆေး​ရေးဗျူရို အက်​ဖ်​ဘီအိုင်မှ​စုံ​ထောက်​များ၊ မူခင်းပညာရှင်​များ၊ ဗုံးကျွမ်းကျင်​သူများလည်း ရောက်​လာကြသည်​။ ​မြေပြင်​၌ရှာ​ဖွေ​ရေးအဖွဲ့များခွဲပြီး ​လေယာဉ်​​ပေါ်ပါသမျှအားလုံး၏ အကြွင်းအကျန်​များ၊​ လေယာဉ်​ပျက်​အစိတ်​အပိုင်းများကို မိုင်​သုံးဆယ်​ ပတ်​လည်​အတွင်းပိုက်​စိပ်​တိုက်​လိုက်​ရှာကြသည်​။

၂၄နာရီ အတွင်းမှာပင် လေယာဉ်အမြီးပိုင်း၌ တပ်ဆင်ထားသော ​လေယာဉ်​​မောင်းခန်း အသံဖမ်းစက်​(cockpit voice recorder) နှင့်​ ပျံသန်းမူ အချက်​အလက်​မှတ်​တမ်းတင်​ကိရိယာ(flight data recorder ) တို့ကို လယ်ကွင်းတစ်ခုအတွင်းမှ ရှာတွေ့ခဲ့သည်​။ ထိုရီ​ကော်​ဒါကိုစစ်ဆေးချက်အရ လေယာဉ်မှူးများ အနေနှင့် အရေးပေါ်အခြေအနေတွင် လုပ်ရမည့် လုပ်ငန်းစဉ်များနှင့် ဘေးဒုက္ခရင်ဆိုင်နေရကြောင်း အချက်ပြမူ တစုံတရာမလုပ်ဆောင်နိုင်ခဲ့ကြောင်းသိရသည်။ ​ပေါက်​ကွဲမူက ​လေယာဉ်​၏ထိန်းချုပ်​မူနှင့်​ ဆက်​သွယ်​​ရေးစနစ်​ကို တမုဟုတ်​ချင်း ဖျက်​ဆီးပစ်​လိုက်​​ကြောင်းသုံးသပ်​မိသည်​။

ရက်​အနည်းငယ်​အတွင်း ​ဖောက်​ခွဲပစ္စည်း အစအနများ ရှာ​တွေ့လာရသဖြင့်​ ဗုံးသံသယက ပိုမိုခိုင်​မာလာခဲ့သည်​။ နာဆာမှ လွှတ်​တင်​ထား​သော​ ထောက်​လှမ်း​ရေးဂြိုလ်​တုက ​လေယာဉ်​ပျက်​ကျသည့် ​နေရာတဝိုက်​ကို အသေးစိတ်ရိုက်ထားသောဓာတ်ပုံများအား ရှာ​ဖွေ​ရေးအဖွဲ့များထံပို့​ပေးသည်​။ ထိုဓာတ်​ပုံများမှတဆင့်​ အပျက်​အစီး​အပိုင်း အစများကျ​ရောက်​​နေ​သော​နေရာများကို သိရပြီး ​မြေပြင်​အဖွဲ့များက လွယ်​လွယ်​ကူကူရှာ​တွေ့နိုင်​ကြသည်​။

စ​ကော့တလန်​စစ်​တပ်​နှင့်​ ရဲဖက်​မှရဟတ်​ယာဉ်​များဖြင့်​ ​ကောင်းကင်​မှရှာ​ဖွေသည်​။ ​မြေပြင်​​ပေါ်ရှိ ​လေယာဉ်​ပျက်​မှ​တွေ့ရသည့်​ ပစ္စည်းမှန်​သမျှကို တခုချင်းပလပ်​စတစ်​အိတ်​ဖြင့်​ထုပ်​ပိုး၊ အညွှန်းစာ ​ရေးထိုးပြီး ယာယီပစ္စည်း စု​ဆောင်း သို​လှောင်​​စစ်​​ဆေး​ရေးစခန်း လုပ်​ထား​သော​​ လော့ကာဘီရှိ​ ကျောင်း အားကစားရုံသို့ ပို့သည်​။

ထို​နေရာ၌ ပညာရှင်​များက ပစ္စည်းတခုချင်းကို X ray ရိုက်​အ​သေးစိတ်​စစ်​​ဆေးပြီး သဲလွန်​စရှာ​ဖွေကြသည်​။ စုစု​ပေါင်းပစ္စည်း အပိုင်းအစ​ပေါင်း​လေးသန်း​ကျော်​ကိုစစ်​​ဆေးခဲ့ရသည်​။ ​တွေ့ရှိ​သော ​လေယာဉ်​အစိတ်​အပိုင်းအပျက်​အစီး​မှန်​သမျှကို အင်္ဂလန်​နိုင်​ငံ Farnborough ​လေယာဉ်ကွင်း​သို့ပို့သည်​။ ထို​နေရာ၌ ရလာသည့်​အစိတ်​အပိုင်း​တွေကို တစစီဆက်​ပြီး နဂို​လေယာဉ်​ကိုယ်​ထည်​ပုံစံရလာ​အောင် ​ပြန်​တည်​​ဆောက်​ယူသည်​။

ထိုသို့တည်​​ဆောက်​ကြည့်​သည့်​အခါ ​လေယာဉ်​​ရှေ့ပိုင်းကြမ်းခင်းဝဲဖက်​၌ လက်​မ၂၀ခန့့်​ကျယ်​သည့်​အ​ပေါက် ​ဖြစ်​​နေတာကို သွား​တွေ့သည်​။ အ​ပေါက်​ပုံစံကို ကြည့်​ခြင်းဖြင့်​ ကြမ်းခင်းအ​ပေါ်ရှိ ခရီး​ဆောင်​​သေတ္တာများထား​သော​ ကွန်​တိန်​နာအခန်းမှလာ​သော​ ပေါက်​ကွဲမူ​ကြောင့်​ဖြစ်​​ကြောင်း​ ကောက်​ချက်​ချနိုင်​ခဲ့သည်။

ရှာ​ဖွေ​တွေ့ရှိရ​သော တိုရှီဘာကက်​ဆက်​မှ ဆားကစ်​ဘုတ်​ပြားနှင့်​ Timer ၌ Semtex ဓာတုပစ္စည်း သဲလွန်​စ​တွေ့ရသဖြင့်​ ဗုံး​ပေါက်​ကွဲမူဖြစ်​​ကြောင်း​သေချာသွားသည်​။ ကွန်​တိန်​နာထဲ၌ ​ဗုံးပါ​သောခရီး​ဆောင်​​ သေ​တ္တာ၏ တည်​​နေရာကို အကြိမ်​ကြိမ်​စမ်းသပ်​မူများလုပ်​ခြင်းဖြင့်​ မှန်​ကန်​စွာခန့်​မှန်းနိုင်​ခဲ့ရုံမက ခရီး​ဆောင်​​သေတ္တာ၏ အ​ရောင်​၊ အမှတ်​တံဆိပ်​၊​ မော်​ဒယ်​တို့ကိုပါ ​သိရှိနိုင်​ခဲ့သည်​။

ပေါက်​ကွဲ​စေသည့်​ symtex ဓာတုပစ္စည်း အစအနများတွယ်​ကပ်​​နေသည့်​အ​နေအထား၊​ အနီးကပ်​ဗုံး​ပေါက်​ကွဲ​လောင်​ကျွမ်းထားမူပုံစံတို့ကို စစ်​​ဆေး၍ ဗုံးပါသည့်​ လက်​ဆွဲ​သေတ္တာအတွင်းရှိ အဝတ်​အစားတို့ကိုလည်း ခွဲခြား​ဖော်​ထုတ်​နိုင်​ခဲ့သည်​။ ​နောက်ဆုံးတွင် တိုရှီဘာ​အမျိုးအစား​ ရေဒီယိုကက်​ဆက်​ထဲ အချိန်​ကိုက်​ကိရိယာတပ်​ထား​သော ပလပ်​စတစ်​ဗုံးကို လျို့ဝှက်​ထည့်ထားပြီး အဝတ်​အစားများနှင့့်​ဖုံးအုပ်​ကာ Samsonite ခရီး​ဆောင်​​သေတ္တာဖြင့်​ သယ်​ယူခဲ့ခြင်းဖြစ်​​ကြောင်း ​ကောက်​ချက်​ချနိုင်​ခဲ့သည်​။

စုံစမ်းစစ်​​ဆေးမူများ တစ်နှစ်​ခွဲခန့်​ ပြုလုပ်​ပြီး​နောက်​ ၁၉၉၀ ဇူလိုင်​လတွင်​ ဗြိတိန်​​လေ​ကြောင်း အာဏာပိုင်​အဖွဲ့ စုံစမ်းစစ်​​ဆေး​ရေးဗျူရိုက​ Pan AM ၁၀၃​ လေယာဉ်​သည်​ ဗုံး​ဖောက်​ခွဲခံရခြင်းဖြစ်​​ကြောင်း ​ကြေညာနိုင်​ခဲ့သည်​။ ခရီး​ဆောင်​​သေတ္တာ၏လာရာလမ်း​ကြောင်း​အစမှာ​ မော်​တာ(Malta) ဖြစ်​ပြီး ခရီးသည်​မပါပဲ ဖရန်းဖတ်​​လေဆိပ်​သို့​ Air Malta ​လေ​ကြောင်းမှတဆင့်​ပို့လိုက်​ခြင်းဖြစ်​​ကြောင်း ထိုမှတဆင့်​ PA 103 ​လေယာဉ်​ခရီးစဉ်​သို့လွှဲ ​ပြောင်း​ပေးလိုက်​​ကြောင်းကို ​လေဆိပ်​ကုန်​​သေတ္တာတာဝန်​ခံများမှ စုံစမ်းသိရှိခဲ့ရသည်​။

ဗုံးပါသည့်​​ခရီး​ဆောင်​သတ္တာအတွင်းက ဟု ယူဆရသည့်​အဝတ်​အစားအပိုင်းအစ၌​ တွေ့ရသည့်​ brand နှင့်​ အမှတ်​အသားများအရ ထိုအဝတ်​အစားများကို​ မော်​လ်တာ၌ချုပ်​လုပ် ခြင်းဖြစ်​​ကြောင်း​တွေ့ရပြန်​သည်​။ ထို​တွေ့ရှိရသည့်​အချက်​အလက်​များအရ ​ မော်​လ်တာသို့ သွား​ရောက်​စုံစမ်းရာ လစ်​ဗျားလူမျိုးနှစ်​ဦးက ထိုအဝတ်​အထည်​များကို ဗုံးမကွဲမီတပတ်​အလို​လောက်​က ဝယ်​သွားခဲ့​ကြောင်း မှတ်​မိသည့်​ ဆိုင်​ရှင်​ကစုံ​ထောက်​များကို​ပြောပြသည်​။ ဗုံး၌တပ်​ဆင်​သည့်​ MST13 Timer ကို ထုတ်​လုပ်​သည့် မူရင်း​နေရာကိုလိုက်​ စုံစမ်းရာဆွစ်​ဇာလန်​ရှိကုမ္ပဏီတခုဖြစ်​​နေသည်​။ထိုကုမ္ပဏီကိုသွား​ရောက်​စုံစမ်း​မေးမြန်​ရာ လစ်​ဗျား​ထောက်​လှမ်း​ရေးအရာရှိ ဗိုလ်​မှူး Magrahi က ​အော်​ဒါမှာသည့်​အတွက်​ ထိုကိရိယာကိုထုတ်​လုပ်​​ပေးခဲ့​ကြောင်း ​စုံစမ်းသိရှိခဲ့ရသည်​။

သုံးနှစ်​တာကာလအတွင်း အမူနှင့်​ပတ်​သက်​၍ ပစ္စည်း​အမျိုးပေါင်း​ လေး​သောင်း​ကျော်​ကို စစ်​​ဆေးခဲ့ရပြီး လူ​ပေါင်းတ​သောင်း​ခွဲ​ကျော်​ကို​ တွေ့ဆုံ​၊ မေးမြန်း၊စစ်​​ကြောခဲ့ရသည်​။ ထို​မေးမြန်းစစ်​​ဆေးခံရသူများ​တွင်​ ​သေဆုံးသူတို့၏မိသားစုဝင်​များလည်း ပါဝင်​သည်​။ တချို့မှာကွန်​ကရက်​​ရှေ့​မှောက်​အထိ သွား​ရောက်​အစစ်​ခံကြရသည်​။ Pan Am​လေ​ကြောင်းကုမ္ပဏီမှာလည်း ဤ​​လေယောဉ်​​ပေါက်​ကွဲမူဖြစ်​ပြီး အ​တော်​လေးအထိနာခဲ့ရသည်​။ တရားစွဲဆိုမူ များစွာနှင့့်​ရင်​ဆိုင်​ရသည်​။ ​လေ​ကြောင်းလုံခြုံ​ရေးဥပ​ဒေချိုး​ဖောက်​မူဖြင့်​ ပြည်​​ထောင်​စုအစိုးရသို့ ဒဏ်​​ကြေး ​ဒေါ်လာ၆သိန်းခွဲ​ဆောင်​ရသည်​။ ၁၉၉၁ခုနှစ်​တွင်​ ​လေယာဉ်​​ပြေးဆွဲမူအားလုံး ရပ်​နားလိုက်​ပြီးကုမ္ပဏီမှာ​ ဒေဝါလီခံခဲ့ရသည်​။

သုံးနှစ်​ကြာ စုံစမ်းစစ်​​ဆေးမူများ လုပ်​ပြီး​နောက်​- ​နောက်​ဆုံးတွင်​​ စုံစမ်းထောက်​လှမ်း​ရေးအဖွဲ့က ဤသို့​ကောက်​ချက်​ချခဲ့သည်​။ လစ်​ဗျား​ထောက်​လှမ်း​ရေးအရာရှိ မက်​ဂဒါဟီ (Abdel Baset Ali Mohmed Megrahi ) နှင့်​ သူ့လက်​​ထောက်​ ခါလီဖာ ဖီ​မာ (Al Amin Khalifah Fhimah) က တိုရှီဘာအမျိုးအစားကက်​ဆက်​အတွင်း အချိန်​မှတ်​ကိရိယာ timer ပါသည့်​ လပ်​စတစ်​ဗုံးတပ်​ဆင်သည်​။ ထိုကက်​ဆက်​ကို ​မော်​​တာမှဝယ်​သည့်​ အဝတ်​အစားများထဲ​ရော​နှောကွယ်​ဝှက်​ပြီး Samsomite ခရီး​ဆောင်​​သေတ္တာဖြင့်​​ထည့့်​ကာ​​ မော်​တာ​မှ ဖရန့်​ဖတ်​သို့ ပို့လိုက်​သည်​။ ထိုမှတဆင့်​ ပီ​အေ ၁၀၃​လေယာဉ်​​ခရီးစဉ်​ပေါ်သို့တင်​​ပေးလိုက်​ပြီး လန်​ဒန်​-နယူး​ရောက်​​ခရီးစဉ်​အတွင်း၌​လေယာဉ်​ကို အချိန်​ကိုက်​၍ ဗုံးခွဲခဲ့ခြင်းဖြစ်​သည်။

၁၉၉၁ခုနှစ်​နိုဝင်​ဘာလတွင်​ အ​မေရိကန်​အက်ဖ်​ဘီအိုင်နှင့် စကော့တလန်ရဲတပ်ဖွဲ့​က ဗုံးခွဲတရားခံလစ်​ဗျားနိုင်​ငံသား နှစ်​ဦးကို ရုံးတင်​တရားစွဲရန်​ ဖမ်းဝရမ်းထုတ်​သည်​။ အ​မေရိကန်​အစိုးရက လစ်​ဗျား​ခေါင်း​ဆောင်​ကဒါဖီကို အ​မေရိကန်​ သို့မဟုတ်​ ဗြိတိန်​သို့ ဗုံးခွဲတရားခံနှစ်​ဦးလွှဲ​​ပေးရန်​​ တောင်းဆိုသည်​။ ကဒါဖီကလွှဲ​ပေးရန်​ငြင်းဆန်​သည်​။ ထို့ကြောင်အ​မေရိကန်၏ တိုက်​တွန်းချက်​ဖြင့်​​ လစ်ဗျားနိုင်ငံအပေါ် ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်​စီက ၁၉၉၂ခုနှစ်​တွင်​စီးပွား​ရေးပိတ်​ဆို့မူချမှတ်​သည်​။

၁၉၉၈ခုနှစ်​တွင်​ ကဒါဖီက ကြား​နေနိုင်​ငံတခုခု၌တရားစစ်​​ဆေးဖို့ညှိနိုင်းလာသည်​။ သူ့အဆိုပြုချက်​ကို အ​မေရိကန် ​နှင့်​ဗြိတိန်​တို့က လက်​ခံခဲ့ပြီး နယ်​သာလန်​နိုင်​ငံ Utrecht ပြည်နယ်ရှိ ယခင်​အ​မေရိကန်​စစ်​စခန်း​ဟောင်းဖြစ်​​သော Camp Zeist ၌ စကော့တလန်တရားရုံးဖွင့်ပြီး အမူကို စ​ကော့တလန်​တရားဥပ​ဒေနှင့်​အညီ စစ်ဆေးခဲ့ကြသည်​။ တရားခံလွှဲ​ပြောင်း​ပေးခဲ့သဖြင့်​ လစ်​ဗျားနိုင်​ငံအ​ပေါ်ချမှတ်​ခဲ့သည့်​ စီးပွား​ရေး ပိတ်​ဆို့မူကို ရပ်​ဆိုင်း​ပေးခဲ့သည်​။

၂၀၀၁ ခုနှစ်​တွင်​ တရားခွင်​စစ်​​ဆေးကြားနာမူများပြီးဆုံး၍ စီရင်​ချက်​ချမှတ်​သည်​။ မက်​ဂဒါဟီကို​ အမြင့်​ဆုံးပြစ်​ဒဏ်​၂၇နှစ်​ချမှတ်​ခဲ့ပြီး ဖီမာ ကို အပြစ်​မရှိ၍ ပြန်​လွှတ်​​ပေးခဲ့သည်​။ (စ​ကော့တလန်​၌ ​သေဒဏ်​မရှိ​ပေ) ၂၀၀၃ခုနှစ်​တွင်​ ကဒါဖီက ​​လေယာဉ်​ဗုံးခွဲမူအတွက်​တာဝန်​ရှိ​ကြောင်း ဝန်​ခံခဲ့ပြီး​သေဆုံးခဲ့သည့်​ ခရီးသည်​မိသားစုများကို​ လျော်​​ကြေး​ဒေါ်လာ၂.၇ဘီလီယံ​ပေးရန်​ သ​ဘောတူခဲ့သည်​။ သို့​သော်​ဗုံးခွဲမူကို သူအမိန့်​​ပေးခဲ့​ကြောင်း​တော့ မည်​သည့်​အခါမှ ဝန်​မခံခဲ့ပါ။

မက်​ဂဒါဟီ သည်​ စ​ကော့တလန်​အကျဉ်း​ထောင်​၌​​ ထောင်​ဒဏ်​ကျခံ​နေရစဉ်​အတွင်း ပ​ရော့စတိတ်​ကင်​ဆာ​​ဝေဒေနာကို ခံစားလာခဲ့ရသည်​။ ၂၀၀၉ခုနှစ်​ သြဂုတ်​လတွင်​ ကင်​ဆာ​နောက်​ဆုံးအဆင့်​​သို့ ​ရောက်​​​နေပြီဖြစ်​၍ ​သေခါနီး​နောက်​ဆုံးအချိန်​ကို မိသားစုနှင့့်​အတူတကွ​နေနိုင်​ရန်​ စ​ကော့တလန်​အစိုးရကပြန်​လွှတ်​​ပေးခဲ့သည်​။ လစ်​ဗျားသို့ပြန်​လာသည့်​သူ့ကို ကဒါဖီနှင့်​ ပြည်​သူများက သူရဲ​ကောင်း တဦးပမာ​သောင်း​သောင်းဖြဖြကြိုဆိုခဲ့ကြသည်​။ ထရီပိုလီမြို့ရှိ အ​ကောင်းဆုံး​ဆေးရုံ၌ ​ဆေးကု​ပေးသည်​။

သူ့ကိုသုံးလ​လောက်​သာအသက်​ရှင်​မည်​ ထင်​ပြီး လွှတ်​​ပေးခဲ့သော်လည်း ​တော်​​တော်​နဲ့ မ​သေနိုင်​ပဲ သုံးနှစ်လောက်နေသွားခဲ့ရပြီး ၂၀၁၂ခုနှစ်​​မေလမှ​ သေဆုံးသွားခဲ့ပါသည်​။ သူမ​သေမီ သူ့ကို ရိုက်​တာသတင်းဌာနက အင်​တာဗျူးလုပ်​ခဲ့ပါ​သေးသည်​။ ထိုရုပ်​သံအင်​တာဗျူးတွင်​ သူ့မှာအပြစ်​မရှိ​ကြောင်း၊တချိန်​မှာ အ​ထောက်​အထားအသစ်​​တွေ​ တွေ့လာပြီး သူ့ရဲ့အပြစ်​ကင်းစင်​မူကို သက်​​သေထူနိုင်​မှာဖြစ်​ကြောင်းပြောဆိုသွားခဲ့သည်​။

Written by Kyawmin Aung

Leave a Reply