သဲကန္တာရထဲက မြေအောက်မြို့တော်

Posted on

ဒီမြို့ရဲ့နာမည်က Coober Pedy ပါ။ ဒါပေမယ့် များပြားပြီး တန်ဖိုးရှိတဲ့ ကျောက်ကြောက်များစွာ ဟာ ဒီနေရာကမိုင်းတွင်းတွေမှာ ထွက်ရှိတာကြောင့် “ကမ္ဘာပေါ်က ကြောင်ကျောက်မြို့တော်” ဆိုပြီး လူသိများပါတယ်။ သြစတြေးလျတောင်ပိုင်း သဲကန္တာရထဲမှာတည်ရှိတဲ့မြို့ဖြစ်ပါတယ်။

ဒီနေရာဟာ မိုးအလွန်နည်းပြီး ပျမ်းမျှအပူချိန်ဟာ ၅၁ဒီဂရီဆဲစီးယပ်စ် ရှိတာကြောင့် မြို့မှာရှိတဲ့လူတွေဟာ အပူဒဏ်ကိုမခံနိုင်တဲ့အတွက် မြေအောက်အိမ်တွေဆောက်ပြီး နေထိုင်ကြပါတယ်။ လူဦးရေ ၂၀၀၀ ခန့်သာရှိတဲ့ ဒီမြို့ငယ်လေးဟာ မြေအောက်မြို့တော်အဖြစ်နာမည်ကြီးပါတယ်။

ပုံမှန် မြေအောက်လိုဏ်ဂူအိမ်တစ်ခုမှာ အိပ်ခန်း ၃ခန်းအပြင် ဧည့်ခန်း ၊ မီးဖိုချောင် နဲ့ ရေချိုးခန်းအိမ်သာတို့ပါ ပါဝင်ပါသေးတယ်။ သူတို့ရဲ့မြေအောက်အိမ်တွေကို Dugout လို့ခေါ်ပါတယ်။ မြေအောက်အိမ်တွေဆောက်ပြီး နေရတဲ့အကြောင်းကတော့ မြေပေါ်အိမ်တွေမှာနေထိုင်မယ်ဆိုရင် ဈေးကြီးလွန်းတဲ့ လေအေးပေးစနစ်တွေလိုအပ်ပြီး မြေအောက်အိမ်ကတော့ အပူချိန်ကို အလိုလိုလျှော့ချပေးတဲ့အတွက်ဖြစ်ပါတယ်။

Coober Pedy မြို့ကို ၁၉၁၅ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာပါ။ ဒီမြို့မှာ ကြောင်ကျောက်တူးဖော်တဲ့ကွင်း ၇၀ ခန့်ရှိပြီး ကမ္ဘာပ်ါမှာ ကြောင်ကျောက်အများဆုံး ထွက်ရှိတဲ့နေရာလည်းဖြစ်ပါတယ်။ ဒါပေမယ့် လူသိနည်းတဲ့မြို့တစ်မြို့သာဖြစ်ခဲ့ပြီး ၁၉၈၁ခုနှစ်မှာတော့ ကျောက်တောင်ဘေးကို ဖောက်ကာဆောက်လုပ်ခဲ့တဲ့ မြေအောက်အိမ်များကြောင့် ကမ္ဘာကသိလာခဲ့ပါတယ်။

ဒီမြို့သားတစ်ယောက်ဖြစ်တဲ့ Umbeto Coro ဆိုသူဟာ အကြံတစ်ခုရပြီး မြို့ရဲ့ပထမဆုံး မြေအောက်ဟိုတယ်တစ်လုံးကို တည်ဆောက်ခဲ့ပါတယ်။ သူ့ရဲ့အကြံကတော့ နာမည်ကြီးလာတဲ့ ဒီမြို့ကို ကမ္ဘာလှည့်ခရီးသွားတွေလာတဲ့အခါ တည်းနိုင်ဖို့ဖြစ်ပြီး အဲဒီကနေ ပိုက်ဆံရှာဖို့ဖြစ်ပါတယ်။ သူ့ရဲ့အကြံအစည်အောင်မြင်ခဲ့ပါတယ်။

ယနေ့အခါမှာတော့ သူ့ရဲ့ သဲကန္တာရလိုဏ်ဂူဟိုတယ်ဟာ ခရီးသွားတွေအဓိက တည်းခိုတဲ့နေရာတစ်ခုဖြစ်ပြီး အခြားတည်းခိုခန်းတွေ အငှားအိမ်တွေပါ ရှိလာပြီဖြစ်ပါတယ်။ မြေအောက်အခန်းတွေဖြစ်ပေမယ့် အေးမြပြီး ကျယ်ဝန်းတာကြောင့် ခရီးသွားတွေဟာ အလွန်သဘောကျကြပါတယ်။

လိုဏ်ဂူအိမ်တွေရဲ့အတွင်းဘက်အရောင်ကတော့ မူလကျောက်မြေရဲ့အရောင် နီညိုရောင်ဖြစ်ပါတယ်။ မြေအောက်အိမ်တွေကို လမ်းကြောင်းတွေနဲ့ ဆက်စပ်ထားပြီး မြေအောက်ထဲမှာပဲ စာအုပ်ဆိုင် ၊ ဈေးဆိုင် ၊ အရက်ဘား ၊ ပြတိုက် နဲ့ ဘုရားရှိခိုးကျောင်းတွေပါ ရှိနေပါသေးတယ်။

VIDEO

Leave a Reply