ကမ္ဘာတလွှား ထူးထူးခြားခြား တည်ဆောက်ခဲ့သော မြို့များ

Posted on

ရေးသားသူ – ကောင်းစည်သူ (သုတအလင်း)

ထာဝရဘုရားသခင်က ကမ္ဘာကြီးကို ရေချိုးခန်းကြီးတစ်ခုဟု ခေါ်ဆိုခဲ့သည်ဟု ဆိုသည်။ ဤကမ္ဘာမြေပြင် ပေါ်တွင်ရှင်သန် လှုပ်ရှားနေကြ သည့် လူသားများကို ကမ္ဘာကြီးတွင်ပေါက်နေသည့် မှိုများနှင့် တူသည်ဟု ဆိုကြသည့်အတိုင်း ကမ္ဘာမြေပြင်ပေါ်တွင် အိုးအိမ်တိုက်တာ အဆောက် အအုံများကို မြေပြင်အနှံ့တွေ့ရှိနိုင်ကြသည်။ သို့သော် ကမ္ဘာပေါ်တွင် ထူးခြားစွာ တည်ဆောက်ထား သည့် အချို့အဆောက်အအုံ များသည် သုသာန်များ၊ကန္တာရ လိုဏ်ဂူများ၊ ဧရာမကျောက်တုံးကြီးများအောက် အဆောက်အအုံများ အဖြစ် မြင်တွေ့ကြရသည်။

ယင်းအဆောက်အအုံများ၊ မြို့ပြများသည် မိမိတို့ တွေးထင်ထားသည်ထက်ပိုမိုထူးခြားနေလေ့ရှိရာ အောက်တွင်ဖော်ပြမည့် နေရာများသည် လူသားများ အမှန်တကယ်နေထိုင်ကြသည့် ထူးခြားသော မြို့ပြများအဖြစ် ထင်ရှားလျက်ရှိသည်။

၆။ ငရဲမုခ်ဝ မြို့တော် (ရုရှားနိုင်ငံ) The Russian City With Its Own Portal to Hell

ရုရှားနိုင်ငံမှ ငရဲမုခ်ဝ မြို့တော်ဟု ထင်ရှားသည့် နေရာသည် ကျင်းနက်ကြီးတစ်ခုဖြစ်သော်လည်း ရှေးခေတ် တစ်ချိန်ချိန်က ဥက္ကာပျံ ကြွေကျ၍ ကမ္ဘာမြေပြင်နှင့် တိုက်ခိုက်မိခဲ့သော နေရာတစ်ခုကား မဟုတ်ချေ။ အမြင်အာရုံလွဲမှားမှု မဟုတ်သည့် ယင်းနေရာ သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးစိန်တွင်းဖြစ်သည့် Mir ရှိခဲ့သည့် နေရာဖြစ်သည်။

ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားရှိ မထင်ရှားသော Mirny မြို့ တွင်တည်ရှိကာ အသုံး မပြုဘဲ စွန့်ပစ်ထားခဲ့သည့် ဧရာမစိန်တွင်းဟောင်း ကြီးကို အာကာသ မှ မြင်နိုင်သည်ဟု တင်စားပြောဆိုခဲ့ကြသည်။ လူများက အဆိုပါ စိန်တွင်းဟောင်းကို လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာကပင် ကြည့်မြင်လိုခဲ့ကြသည်။ ရုရှားတို့သည် စိန်သတ္ထုသိုက်ကြီးကို ၁၉၅၀ ပြည့်နှစ်များတွင်တွေ့ရှိခဲ့ကာ အေးခဲနေသည့် ရေခဲပြင်ကိုဖောက်၍ စိန်များရှိ သည့် တွင်းကြီးကိုရှာဖွေခဲ့သည်။ဂျက်အင်ဂျင်များ၊ပေါက်ကွဲပစ္စည်းများသုံးကာ ရှာဖွေဖွင့်ဖောက်ခဲ့သည့် စိန်တွင်းကြီးကို နောက်ထပ် နှစ် ၄၀ ကြာ တူးဖော် ခဲ့ကြသည်။

တွင်းကြီးက အလွန်ကျယ်ဝန်းသဖြင့် ရဟတ်ယာဉ်များ ဖြတ်သန်း၍မပျံသန်းနိုင်ဟုဆိုကြသည်။  တွင်းပေါ်မှ ဖြတ်ကျော် ပျံသန်းသည့် ရဟတ်ယာဉ်များသည် တွင်းအတွင်းသို့ ဆွဲအားတစ်ခုကြောင့် ပျက်ကျလေ့ရှိကြောင်း ပြောဆိုခဲ့ ကြကာ အမျိုးအမည်မသိ ပျံသန်းသည့် ယာဉ်(UFO) အစီး ၃၀ ပျက်ကျခဲ့သည်ဟုလည်း ဆိုသည်။

အဆိုပါ ကြီးမားသောတွင်းကြီး ပတ်လည်တွင် ထူးခြားသော မြို့ကြီးတစ်ခုကို တည်ထားခဲ့ကြသည်။ ယင်းမြို့ကို တွင်းကြီးကို တူးဖော်နေစဉ် အလုပ်သမားများ အားနေရာချထားရန် တည်ထောင်ခဲ့သည်။ စိန်တွင်းမှ ထွက်ရှိခဲ့သည့် စိန်များ ကိုမော်စကိုမြို့သို့ တင်ပို့ရောင်းချခဲ့သည်။ သတ္ထုတွင်းကို ၂၀၀၄ ခုနှစ်တွင် ပိတ်သိမ်းခဲ့ရာ မြို့ကြီးက ဟောင်းလောင်းကျန်နေခဲ့သည်။ ယခုအခါတွင် Mir စိန်တွင်း ဟောင်း ကြီးကို စစ်အေးကာလလွန် သမိုင်းဝင် အမှတ်လက္ခဏာ တစ်ရပ်ဟု ခေါ်ဆိုကြသည်။

၅။ ချောက်ကမ်းပါးပေါ်မှ မြို့တော်များ (Cities Hanging From the Edge of Cliffs)

ယီမင်နိုင်ငံတွင် မြင်ရသူအား ခေါင်းမူးစေသည့် ချောက်ကမ်းပါးစောင်းတွင်တည်ထားသည့် ရွာများရှိခဲ့သည်။ ယင်းရွာများ တွင် တကျွီကျွီ အသံမြည်နေသည့် ခေါင်းလောင်းအိုတိုင်ကြီးများကို ရှေးခေတ်က တည်ဆောက်ခဲ့ကြရာ တည်ဆောက်ခဲ့သူများသည် ထိုအချိန်က မြေဆွဲငင်အားကဲ့သို့သော အယူအဆမျာကို ရှင်းလင်းစွာမသိရှိခဲ့ကြချေ။

စပိန်နိုင်ငံရှိ ရွန်ဒါ မြို့ကိုလည်း တောင်ကမ်းပါးနံရံပေါ်တွင် တည်ထားကာ မြို့တွင်နေထိုင်သည့် ဆယ်ကျော်သက် များ ကို ည အချိန်တွင် အိမ်ပြတင်းများမှ အပြင်သို့ မထွက်နိုင်ရန် တားမြစ်ထားသည့်နှယ်ဖြစ်နေသည်။ အိမ်များပေါ်သို့ တက်ရန် ခနော်နီ ခနော်နဲ့လှေကားတစ်စင်းရှိပြီး လက်ရမ်းများမပါရှိသည့် လျှောက်လမ်းတွင် ကလေးများ၏ အသက်အန္တရာယ်ကို အထူး သတိထား ကြရသည်။

ယင်းမြို့ငယ်သည် နှစ် ၂၀၀ သက်တမ်းရှိပြီဖြစ်သည့် တံတား တစ်စင်းဖြင့် ဆက်သွယ်ထားသည့် မတ်စောက်သော ချောက် ကမ်းပါးနှစ်ခုပေါ်တွင် တည်ရှိနေသည်။တံတားက အိုမင်းနေသော်လည်း ထိန်းသိမ်းပြုပြင်မှုများ ဆောင်ရွက်ထားသဖြင့် စိတ်ပူရန် မလိုသည့်အပြင် လွန်ခဲ့သည့် နှစ်က မြို့ လမ်းများကိုလည်း ပြန်လည် ဆေးသုတ်ခဲ့သည်။

ဒဏ္ဍာရီများ၏ အလိုအရ ရွန်ဒါမြို့ကို နတ်ဘုရား ဟာကျူလီက တည်ထားခဲ့ပြီး ဟာကျူလီသည် Tropea ကို သူ၏ ဆိပ်ကမ်းနေရာအဖြစ် တည်ဆောက်ခဲ့သည်။ မျက်မှောက်ခေတ်တွင် Tropea သည် ကမ္ဘာလှည့်ခရီးသွားများစိတ်ဝင်စားကြသည့် ကမ်း ခြေ တစ်ခုအဖြစ်တည်ရှိနေကာ Tropea သို့ ရောက်ရှိလာသူများသည် တောင်ကမ်းပါးယံမှ ခုန်ချရသည့် အရသာကို ခံစား နိုင်ကြ သည်။ရွန်ဒါရှိ အိမ်များတွင် အောက်သို့ ခုန်ချနိုင်ရန် ဒိုင်ဗင် ဘုတ်ပြားများကို အိမ်အပြင်ဘက်၌ ပြုလုပ်ထားကြသည်။

၎။ နော်ဝေ တောင်ကြား မြို့(The Town Squeezed Into a Narrow Valley)

နော်ဝေနိုင်ငံ၊ စိန့်ဟယ်လီနာရှိ ဂျိမ်းစ်တောင်းမှ မြို့သူမြို့သားများသည် မြေနိမ့်အောက်ပိုင်းတွင် နေထိုင်ကြသဖြင့် အထူး ကောင်းမွန်သော ရာသီဥတုကို ရရှိကြသည်ဟု ဆိုသည်။ စိန့် ဟယ်လီနာသည် တစ်ရောင်တည်းဖြင့် အသွေးစုံလင်သည့် မီးတောင်ချော်တုံးများစုပုံတည်ရှိနေသည့် နေရာဖြစ်ကာ ယင်းချော်တုံးများ၏ အလယ်၌ လူပေါင်း ၄၂၀၀ ကျော်နေထိုင်လျက်ရှိသည်။ ယင်းနေရာသည် သေးငယ်သော ကျွန်းတစ်ခုဖြစ်ပြီး ကမ္ဘာမြေပြင်ကို ဥက္ကာခဲများ ၀င်တိုက်ခဲ့သည့်နေရာတစ်ခုလည်းဖြစ်သည်။

ဂျိမ်းစ်တောင်းသည် စိန့် ဟယ်လီနာကျွန်း၏ မြို့တော်ဖြစ် ကာ အခြားမြို့တော်များကဲ့သို့ပင် နေထိုင်သူများသည် အရာရာအဆင်ပြေ ချောမွေ့လျက်ရှိသည်။သို့သော် လက်ကိုင်ဖုန်း ပြော ၍ မရသကဲ့သို့ ခရက်ဒစ်ကဒ်များလည်း သုံး၍ မရသေးပါချေ။ မြို့၏ ပတ်လည်ကို ကျောက်သားနံရံများက ပိတ်ဆီးထားသဖြင့် ကြီး မား သော မြင်ကွင်းများလည်းမရှိချေ။ သို့သော် စိန့် ဟယ်လီနာ သို့ရောက်ရှိသေူတစ်ဦးသည်မျက်စိသာ မှေးထားလျှင် လကမ္ဘာပေါ်သို့ ရောက်နေသည်ဟု ခံစားနိုင်သည့် နေရာ ဖြစ်ပေသည်။

ယင်းနေရာကို လွန်ခဲ့သော နှစ် ၅၀၀ က ပေါ်တူဂီ စွန့်စားသူ တစ်ဦးက တွေ့ရှိခဲ့သည်။ပေါ်တူဂီတိုသည် စိန့် ဟယ်လီနာ ကို ဗြိတိသျှတို့ မသိမ်းယူမီအချိန်ကပင် ယင်းတို့ပိုင်နယ်မြေဟု ကြေညာခဲ့သည်။ယင်းနေရာသို့ သွားရောက်လိုသူများသည် တစ် လလျှင် တစ်ကြိမ် ထွက်သည့် စာပို့ သင်္ဘောဖြင့်သာ သွားရောက်နိုင်ကြကာ လေယာဉ်ဖြင့် သွား၍ မရပါချေ။တစ်ချိန်က ယင်းမြို့ လေးသို့ နပိုလီယံအား နယ်နှင်ခဲ့ရာ နပိုလီယံနေထိုင်ခဲ့သည့် အိမ်ကို ယခုတိုင် ကောင်းစွာ ထိန်းသိမ်းထားသည်။

၃။ ရေမျောမြို့တော် Holland’s Floating Neighborhoods

နယ်သာလန်နိုင်ငံမြို့တော် အမ်စတာဒမ်အနီးရှိ IJburg မြို့သည် ရေကန်တစ်ခုအတွင်းတည်ရှိနေကာ ရေပေါ်အိမ်များ ဆောက်လုပ်ထားသည့် မြို့ဖြစ်သည်။ ယင်းမြို့သည် အုတ်ကျောက်များဖြင့် တည်ဆောက်ရန် စီမံကိန်းချခဲ့သည့် မြို့မဟုတ်ခဲ့ချေ။ ရေကြောင်းနှင့် ဆက်နွယ်သည့် လူမှု အသိုက်အ၀န်းများ တိုးတက်လာချိန်တွင် မြေပြင်ပေါ်တွင် အဆောက်အအုံများပြည့်ကျပ် လာမှုကို လျှော့ချရန်နှင့် ရေပေါ်ကမ္ဘာငယ်များ ဖန်တီးရန် ကြံရွယ်ခဲ့ကြသည်။

သမရိုးကျ လှေအိမ်များနှင့် မတူညီဘဲ ရေပေါ်အိမ်များကို ကြီးမားသော ကွန်ကရစ်ပြားများပေါ်တွင်တည်ဆောက်ကာ ရေမြှုပ်များကို ရေတွင်မြုပ်နေသည့် တိုင်များတွင် ကွင်းများနှင့် တွဲဆက်ခဲ့ကြသည်။ ထို့ကြောင့် ယင်းအိမ်များသည် ရေအတက် အကျနှင့်အတူ ရွေ့လျားနိုင်ကာ ပြိုလဲမည်ကိုလည်း စိုးရိမ်ရန် မလိုပါချေ။ ရေပေါ်အိမ်များသည် ရေလှိုင်းဒဏ်ကို ခံနိုင်ကြကာ ရေ၀င်ပေါက်မရှိသဖြင့် နစ်မြုပ်ရန်လည်းမရှိချေ။

ယင်းရေပေါ်လူနေအိမ်များကို ဒတ်ခ်ျ သင်္ဘောကျင်းများတွင် တည်ဆောက်ခဲ့ကာ တွန်းသင်္ဘောများဖြင့် သတ်မှတ်ထား သည့် နေရာသို့ ယူဆောင်လာကြပြီး ဆိပ်ခံတံတားများ တွင် တွဲဆက်ချည်နှောင်ကြရသည်။ သို့သော် ခေတ်ရှေ့ပြေး ရေပေါ် အိမ် များသည် ဒတ်ခ်ျကျေးရွာများတွင်သာ ဖွံ့ဖြိုးခဲ့သည်။ မြို့ကို တည်ထားသည့် တူးမြောင်းများကို ၁၄ ရာစုတွင် မြေဆွေးစိုင်များ သယ်ယူရန် တူးဖော်ခဲ့ကြသည်။ ယခုအခါတွင် ယင်းမြေဆွေးစိုင်များပေါ်တွင် စက်ဘီးစီးခြင်း၊စကိတ်စီးခြင်း များကို ပြုလုပ်နိုင်ကြသည်။ မြို့အတွင်း တစ်နေရာမှ တစ်နေရာသို့ တံတားများဖြင့် ဆက်သွယ်ထားသကဲ့သို့ လျှပ်စစ်မော်တော် ဘုတ်များဖြင့်လည်း သွားလာနိုင်ကြသည်။

၂။ ကန္တာရ မြို့တော် The California Desert City Straight Out of Mad Max

အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးလီးယားရှိ Slab မြို့သည် နှစ်ပေါင်း ၅၀ ကြာ ရောင်စုံ ကျူးကျော်အိမ်များဖြင့် ပြည့်နေ ခဲ့သည်။ အကျဉ်းသားများနှင့် စိတ်လွတ်လက်လွတ်နေကြသူများ အတွက် Slab သည် မွေ့လျော်ဖွယ် အိမ်နေရာ တစ်ခု ဖြစ်ခဲ့သည်။ ယင်းမြို့တွင် ရယ်စရာကောင်းသည့် ကားများကလည်း စုဝေးနေကြသည်။ ဟစ်ပီတို့၏ နိဗ္ဗာန်ဘုံဖြစ်ခဲ့သည့် Slab တွင် ၁၉၄၂ ခုနှစ် က မရိန်းတပ် လေ့ကျင့်ရေး စစ်စခန်းတစ်ခုဖွင့်လှစ်ခဲ့ကာ နာဇီများကို တိုက်ရန် စစ်သားများကို လေ့ကျင့် ပေးခဲ့သည့် နေရာဖြစ်ပေ သည်။

နောက်ပိုင်းတွင် စခန်းကို ဖျက်သိမ်းခဲ့ချိန်၌ ကွန်ကရစ် ပန္နက်ရာများ ကျန်ရှိနေခဲ့သည်။ ယင်းကွန်ကရစ် ပြားများ(slab)ကို အစွဲပြု၍ Slab မြို့ဟု အမည်တွင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်များတွင် အပမ်းဖြေခရီးထွက်လာကြသည့် ယာဉ်များ(RV) သည် ကော်လိုရာဒို ကန္တာရအတွင်း ဖြတ် သန်း ခဲ့ကြစဉ် Slab ကို ညအိပ်ရပ်နားနိုင်သည့် နေရာတစ်ခုအဖြစ်တွေ့ရှိခဲ့ကြသည်။

ယာဉ်ပိုင်ရှင်များသည် ကားရပ်နားကြေး ပေးဆောင် ရန် မလိုသည့် ကန္တာရအတွင်း စိတ်ပါ လက်ပါ အခြေချခဲ့ကြရာမှ လူဦးရေ ၅၀၀၀ အထိရှိလာခဲ့သည်။ သို့သော် လျှပ်စစ်ဓာတ်အား၊ သန့်ရှင်ေးရးနှင့် ရေသွယ်စနစ်များမရရှိသေးဘဲ ခေတ်မီအဆောက်အအုံများအဖြစ် စာကြည့် တိုက်၊ အင်တာနက်ကဖေး၊ ဂေါက်ကွင်း နှင့် ခရစ်ယာန် ဘုရားကျောင်းတို့ကို မြင်တွေ့နိုင်ကြသည်။

Slab တွင်ရှိခဲ့သည့် လူဦးရေ ၅၀၀၀ အနက် အမြဲ အခြေချနေထိုင်သူမှာ ဦးရေ ၂၀၀ သာရှိပေသည်။ ဆောင်းရာသီကာလသည် Slab တွင် လူအစည်ကားဆုံးဖြစ်ကာ ဧည့်သည်များ အများအပြားလာရောက်လေ့ရှိကြသည်။
Slab ကိုကာကွယ်စောင့်ရှောက်ပေးနေကြသူများသည် ဒေသခံများသာဖြစ်ကြပြီး ဒေသခံ မဟုတ်သူများသည် Slab ကို အမှိုက်ပုံ တစ်ခုနှယ်သဘောထားကြကာ စွန့်ပစ်ပစ္စည်းများကို စုပုံခဲ့ကြလေ့ရှိရာ ကားဟောင်းများပင် ပါဝင်ခဲ့သည်။

၁။ တွင်းထဲမှ မြို့ Nordlingen

ဂျာမနီနိုင်ငံ၊ ဗာဘာရီယာပြည်နယ်ရှိ နော့ဒလင်ဂန် မြို့သည် လွန်ခဲ့သည့် နှစ် ၁၄ ဒသမ ၅ သန်းက ကမ္ဘာမြေပြင်ကို ဥက္ကာ ပျံတစ်ခုက ၀င်တိုက်ရာမှ ကျန်နေရစ်ခဲ့သည့် ကျင်းကြီးအတွင်းတည်ဆောက်ထားသည့် မြို့ဟု ဆိုသည်။ဥရောပ အလယ် ခေတ်တွင် တည်ထောင်ခဲ့သည့် ယင်းမြို့တွင် လူဦးရေ ၁၉၀၀၀ ၀န်းကျင်နေထိုင်လျက်ရှိသည်။

နော့ဒလင်ဂန် ၏ ဘူမိအနေအထားကို လွန်ခဲ့သော နှစ်၅၀ က သုတေသန ပြုရာမှ ဥက္ကာပျံကြောင့်ဖြစ်ပေါ်ခဲ့သည့် ကျင်းကြီး တစ်ခုဖြစ်ကြောင်းတွေ့ရှိခဲ့ကြသည်။မူလက မီးတောင်သေ တစ်ခုဟု ယူဆထားခဲ့သည့် နော့ဒလင်ဂန် မြို့၏ တည်နေရာကို ၁၉၆၁ ခုနှစ်တွင် အမေရိကန်သိပ္ပံပညာရှင် ယူဂျင်းရူမိတ်ကာနှင့် အက်ဒွပ်ချောင်တို့က ဥက္ကာပျံတိုက်ခဲ့သည့် နေရာတစ်ခု ဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည်။၁၉၉၈ ခုနှစ်တွင် နော့ဒလင်ဂန်မြို့ နှစ် ၁၁၀၀ ပြည့် အခမ်းအနားကို ကျင်းပခဲ့သည်။

လူသားများနေထိုင်ရာ အိမ်ရာများစုစည်းနေသည့် အစုအဝေးကို မြို့ရွာများဟု ခေါ်တွင်ကြ ရာ အခက်အခဲမျိုးစုံကို ရင်ဆိုင် အံတုလေ့ရှိသည့် လူသားများ၏ သဘာဝအတိုင်း ထူးခြားစွာတည်ဆောက်ခဲ့သည့် မြို့ရွာများသည် လူသားများ၏ တီထွင်မှုမှတ်တမ်း များအဖြစ် ထင်ရှားလျက်ရှိနေပေသည်။

မောင်သာ (ရှေးဟောင်းသုတေသန)
၂၀၁၈ ခုနှစ်မေလထုတ် သုတအလင်းမဂ္ဂဇင်းမှ

Leave a Reply