မူရင်းရေးသားသူ – ကိုနေ
မာကိုပိုလို၏ မှတ်တမ်း၌ ပါရှိသည့် မြန်မာတပ်နှင့် မွန်ဂိုတပ် စစ်ဖြစ်ရာ မာကိုပိုလို၏ အခေါ်အဝေါ် ဗိုချန်းလွင်ပြင်သည် ငဆောင်ချမ်းခံမြို့ မဟုတ်ပေ။ ငဆောင်ချမ်း ခံမြို့နှင့် မိုင်အနည်းငယ် ဝေးကွာသည့် ငဆောင်ချမ်း လွင်ပြင် သာဖြစ်၏။ တောအုပ်ပတ်လည်ဝိုင်းနေသည့် ၎င်း လွင်ပြင်သည် ၁ မိုင်ခန့်ရှိ၏။ မွန်ဂို စစ်တပ်ကြီးသည် တောအုပ်အတွင်း စခန်းချတပ်စွဲ ထားခြင်းဖြစ်၏။
မာကိုပိုလို၏ အဆိုအရ ကူဗလိုင်ခန်သည် ပုဂံကိုတိုက်ရန် အလွန်အင်အား ကြီးမားသည့် စစ်တပ်ကြီး ၂ တပ်ကို မြန်မာနယ်စပ် နယ်မြေများကို သိမ်းယူတပ်စွဲရန် စေလွှတ်ထားသည်။ မြန်မာတို့ဘက်ကမူ ဘုရင် နရသီဟပတေ့သည် ရာဇသြင်္ကန်၏ သား ၂ ယောက်ကို စစ်ဗိုလ်ချုပ်ခန့်ပြီး အင်အား ၄ သိန်းဖြင့် ငဆောင်ချမ်းကို ခံမြို့တည်ကာ ရှေ့ပြေးခုခံရန် စေလွှတ်ထား၏။ ထို့ပြင် နရသီဟပတေ့ သည် ပုဂံကို ကာကွယ်ရန်အတွက် ပလင်၊ ရွာသာ၊ သမထိချောင်း အရပ် ၃ ခု၌ ခံတပ်မြို့တည်ရန်စီစဉ်ရာ အုတ်ဖုတ်လျှင် အချိန်ကြာမည်စိုးသဖြင့် ဂူပုထိုး များစွာ ကို ဖျက်၍ ခံတပ်တည်ရန် လုပ်ဆောင်လေ၏။
ပြည်စား သီဟသူ၊ ဒလစား ကျော်စွာ၊ ပုသိမ်စား ဥဇနာ စသည့် သား ၃ ယောက်တို့ လည်း ရှိသည်ဖြစ်ရာ ငဆောင်ချမ်း ရှေ့ခံစစ်ကို စစ်ကူထောက်လှမ်းရန်နှင့် ပုဂံကို ကာကွယ်ရန် စစ်အင်အားလည်း အလုံအလောက် ရှိ၏။ မွန်တွင် ပုဂံက တိုက်ရိုက် ခန့်ထားသည့် အလိမ္မာ အမတ်လည်း ရှိ၏။ (နရသီဟပတေ့ လွန်သော် မွန်တို့ အလိမ္မာအမတ်ကိုသတ်၍ ဝါရီရူကို ဘုရင်မြှောက်ခါ တိုင်းပြည်ထူထောင်ခြားနား၏)ယိုးဒယား လင်ဇင်း ဇင်းမယ် စသည် အပြင် မာကိုပိုလို၏ မှတ်တမ်း အရ ဘင်္ဂလားကိုလည်းပိုင်သည်ဖြစ်ရာ စစ်အင်အားမှာ သန်းနှင့်ချီ၍ စုစည်းနိုင်သည့် အနေအထား တွင်ရှိ၏။
မာကိုပိုလို၏ မှတ်တမ်းအရ မြန်မာဘုရင်သည် အလွန်ချမ်းသာကြောင်း၊ အဖိုးတန်ရတနာပစ္စည်း မျိုးစုံ အများအပြား ပိုင်ဆိုင်ကြောင်း၊ ပိုင်နက်နယ်မြေ ကျယ်ပြန့် ကြောင်း၊ လူနေများပြားကြောင်း၊ ပြည်သူအများ ချမ်းသာကြကြောင်း၊ ကမ္ဘာအရပ်ရပ်က ကုန်ကူးသန်းရောင်းဝယ်ကြောင်း၊ မြန်မာဘုရင်သည် ခန်းဘုရင်မင်းကြီးအား မလေးစားကြောင်း များ ဖော်ပြထားသည်။ မွန်ဂိုစစ်အတွက် ပြင်ဆင်နေချိန်တွင် ငဆောင် ချမ်းတောအုပ်၏ လွင်ပြင်၌ မြန်မာရှေ့ပြေး တပ်နှင့် မွန်ဂိုတပ်တို့ စတင် တိုက်ပွဲ ဖြစ်ကြ၏။
မာကိုပိုလို၏ အဆိုအရ မြန်မာတပ်တွင် ဆင် ၂၀၀၀ ပါသည်ဆို၏။ ဆင်များပေါ်တွင် သစ်သားမျှော်စင်ကြီးများ တင်ထားပြီး ထိုမျှော်စင်များပေါ်၌ စစ်သား ၁၂ ယောက်မှ ၁၆ ယောက်အထိ လိုက်ပါသည်ဆို၏။ ချေလျင်နှင့် မြင်းစီးစစ်သားမှာ ၆၀၀၀၀ ဟု ဆို၏။ မွန်ဂိုတပ်ကြီး ၂ ခုကို ကူဗလိုင်ခန်၏ လက်ရုံးစစ်သူကြီး နက်စ်ကရာဒင်က ဦးစီးကွပ်ကဲပြီး ၎င်း အားအထားဆုံး တပ်မှာ ၎င်း၏ လက်ရုံးတပ်ဖြစ်သော မြင်းစီးလေးသည် တော် တပ်ဖြစ်သည်။ အင်အား ၁၂၀၀၀ ရှိပြီး အတွေ့အကြုံ အလွန်ရင့်ကျက်သည့် ပွဲတိုင်းနိုင် တပ်ဖြစ်သည်။
ဆင်၂၀၀၀ လူ ၆၀၀၀၀ ပါသော မြန်မာတပ်သည် မွန်ဂိုတပ်ကြီးနှင့် မျက်နှာချင်းဆိုင် တောအုပ်တွင် စခန်းချခဲ့သည်။ မနက်မိုးလင်းသော် စစ်ပွဲ စတင်ဖြစ်၏။ မွန်ဂိုစစ်သူကြီး၏ အားအထားရဆုံး အင်အား ၁၂၀၀၀ ရှိသည့် မြင်းစီးလေးသည်တော်တပ်ကို မြန်မာတို့က ဆင်တပ်ဖြင့် နင်းရာ တစ်စစီဆုတ်ဖြဲခံရသကဲ့သို့ မွန်ဂိုမြင်းတပ် ပျက်စီးခဲ့သည် ။ နောက်ပြန်ထွက်ပြေးသည့် မွန်ဂိုမြင်းတပ်နောက် မြန်မာတို့က ဆင်တပ်ဖြင့်လိုက်နင်းရာ မြန်မာဆင်တပ် သည် မွန်ဂိုမြင်းတပ်အပေါ်မှ ဖြတ်ကျော်တက်နင်းပြီး ရှေ့ဆက်လက် ချီတက်လာသည်။
မွန်ဂိုမြင်းတပ် စိစိကျေသဖြင့် မွန်ဂိုစစ်သူကြီးက တောအုပ်အတွင်း ဝင်ပြေးရန်အမိန့်ပေးသည်ဟူ၏။ ထို့နောက် ၎င်း တို့၏ လေးအကြီးစားများကို ပြင်ဆင်ကြသည်။ မြန်မာတပ်သည် ပထမအကြိမ် မွန်ဂိုမြင်းတပ်ကို ဆင်တပ်ဖြင့်နင်းပြီး နောက် စခန်းချရာ တောအုပ်ဘက် ဆင်တပ်ပြန်လှည့်၏။ ထိုစဉ် တောအုပ်အတွင်းမှ မွန်ဂိုတို့ မြန်မာဆင်တပ်အပေါ် မြားမိုးရွာလေရာ မြန်မာတို့ ဆင်တပ်ပြန်လှည့်၍ ကမ္ဘာပျက်မတတ်အော်ဟစ်ရင်း တောအုပ်အတွင်း အတင်းဝင်ရောက်သည်ဟု မာကိုပိုလို၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
ထိုသည်မှာ မြန်မာတို့၏ တခဏတာ စိတ်လွတ်သွားသည့် အမှားဖြစ်လေသည်။ ဆင်ပေါ်တွင်တင်ထားသည့် လူလိုက်ပါသည့် ကြီးမားသည့် သစ်သားမျှော်စင်ကြီးများကြောင့် ဆင်တို့သည် သစ်ပင်များ အကြား ကန့်လန့်ခံ ညပ်နေရာ ရှေ့တိုးမရ နောက်ဆုတ်မရ ဖြစ်ပြီး တောအုပ်အတွင်းမှ မွန်ဂိုတို့က လေးဖြင့် ပစ်သဖြင့် မြန်မာဆင်တပ်ပျက်ခဲ့ရခြင်းဖြစ်သည်။ မြန်မာဆင်တပ် ပျက်ပြီး နောက် ငဆောင်ချမ်းလွင်ပြင်တွင် မြန်မာတပ်နှင့် မွန်ဂို တပ်တို့ တစ်နေကုန်ဆက်လက်တိုက်ပွဲဝင်ကြရာ ခြေပြတ် လက်ပြတ် ဦးခေါင်းပြတ်များ လူသေကောင်များ ဖွေးဖွေးလှုပ်နေသည်ဆို၏။

ထိုညမှောင်သော် စစ်ပွဲရပ် နား၍ မနက်မိုးလင်းတွင် စစ်ပွဲပြန်လည်စတင်၏။ မရပ်မနား ထိုးခုတ် တိုက်ခိုက် သတ်ဖြတ်ကြရာ နေ့မွန်း လွဲတိုင်အောင်ဖြစ်သည်ဆို၏။ နောက်ဆုံးတွင် ဆင်တပ် ပျက်သွားသည့် မြန်မာတို့သည် အင်အားအဆမတန် ကြီးမားသည့် မွန်ဂိုမြင်းတပ်ကို ခုခံရန် မတတ်နိုင်သည့် အလျောက် ငဆောင်ချမ်း ခံမြို့အတွင်းသို့ ပြန်လည် ဆုတ်ခွာ ဝင်ရောက်လိုက်ကြသည်။ မြန်မာဆင်တပ်မှ ဆင်အကောင် ၂၀၀ ကို မွန်ဂိုတို့ ဖမ်းမိသော်လည်း မြန်မာတို့ကဲ့သို့ ဆင်ခိုင်းသည့် အတတ်ပညာမရှိသဖြင့် မည်သို့မျှ အသုံးမဝင်ခဲ့ပါ။
မာကိုပိုလို၏ မှတ်တမ်းမှာ ဤ နေရာအထိသာ ဖြစ်၏။ သို့ဖြစ်ရာ မာကိုပိုလိုသည် ငဆောင်ချမ်းလွင်ပြင်တွင် ဖြစ်ပွားသော ရှေ့ပြေးစစ်ပွဲ ကိုသာ မှတ်တမ်းတင်ပြီး ကုဗလိုင်ခန်ရှိရာ ဒါဒူး(ခေါ်)ပီကင်း(ခေါ်)ပဲ့ကျင်(ခေါ်) ဘေဂျင်း နေပြည်တော်သို့ ပြန်လည်ထွက်ခွာသွားပုံ ရလေသည်။ ထို အချိန်အထိ ငဆောင်ချမ်း မပျက်သေးပေ။ မြန်မာတို့နောက် လိုက်လာသည့် ကူဗလိုင်ခန်၏ မွန်ဂို + တရုတ် (တာရက်တာရုတ်) တပ်ကြီးသည် ငဆောင်ချမ်း ခံမြို့ကို ဝိုင်းရံတိုက်ခိုက်ရာ မြန်မာတို့ ၃ လတိုင်တိုင် ဆင်ကျွေး မြင်းကျွေးကအစ ဓားလက်မလွှတ်ရဘဲ ခုတ်ရသည်ဟူ၏။ ကူဗလိုင်ခန်၏ စစ်တပ်သည် ၁ သိန်းကုန်သော် ၂ သိန်းလာ၏။ ၂ သိန်းကုန်သော် ၃ သိန်းလာ၏။ ၃ သိန်းကုန်သော် ၄ သိန်းလာသည် ဆို၏။
ထိုအချိန်တွင် နရသီဟပတေ့ဘုရင်သည် စစ်ကူ အကြီး အကျယ်လွှတ်ရန်သင့်ပါသော်လည်း မည်သည့် အကြောင်း ကြောင့် စစ်ကူ မလွှတ်သည်ကို ရှာဖွေမတွေ့ရှိသေးသလို ဆက်စပ်စဉ်းစားစရာ အကြောင်းလည်း မတွေ့ရှိသေးပေ။ ၎င်း အချိန်က ပုဂံအင်ပါယာ၏ ပိုင်နက်နယ်ပယ်အရ အလွန်ကျယ်ပြန့်လှသည်ဖြစ်ရာ ရှမ်း၊ ယိုးဒယား၊ ဇင်းမယ်၊ လင်းဇင်း၊ မွန်၊ ထားဝယ်၊ ပုသိမ်၊ ဒလ၊ စသည်တို့မှ စစ်အင်အား အများအပြားလည်း ရနိုင်သည် ဖြစ်ပါလျက် ငဆောင်ချမ်းခံမြို့သို့ စစ်ကူမပို့ဘဲ ခံမြို့ ၃ ခု တည်ရန် လုပ်ဆောင်နေ၏။
ခံမြို့တည်သည်မှာ လုပ်သင့် လုပ်ထိုက် သည်ဖြစ်သော်လည်း သားတော် ၃ ပါးကိုလည်း အနားတွင် ခေါ်မထားချေ။ ငဆောင်ချမ်းတွင် တိုက်ခိုက်နေရသည့် မြန်မာတို့ ဓားတုံးလွန်းလှသဖြင့် လက်ပမ်းကျခါ နောက်ဆုံး ၌ ငဆောင်ချမ်း ခံမြို့အား စွန့်ခွာလိုက်ရလေသည်။ ထို အခါမှ ငဆောင်ချမ်း ပျက်လေ၏။ ငဆောင်ချမ်းပျက်ရာ မလည်အောက် မရိုးတောင်မှ ခံ၏။ ထိုမှလည်း ထပ်၍ပျက်ပြန်သည်။ ငဆောင်ချမ်းပျက်သည်ကိုကြားကတည်းက ဒူးတုန်နေ သည့် နရသီဟပတေ့သည် ကောင်းမွန်စွာ စီမံခန့်ခွဲရန် မစဉ်းစားနိုင်တော့ဘဲ မလည်ပျက်သည်တွင် အပြင်းအထန်ကြောက်ရွံ့စွာဖြင့် သားတော်အကြီး ဥဇ္ဇနာ ရှိရာ ပုသိမ်သို့ စုန်ဆင်းလေ၏။
ကူဗလိုင်ခန်တပ်သည် လည်း အတားအဆီးမရှိ ပုဂံသို့ ဝင်ရောက်တိုက်ခိုက် လုယက်ဖျက်ဆီး မီးရှို့ကြကုန်၏။ နရသီဟပတေ့နောက်သို့ လိုက်သည့် ကူဗလိုင်ခန်၏ တပ်အား စစ်သူကြီး မြင်စိုင်း မင်းညီနောင် ၃ ယောက် အပြင်းအထန်ခုခံရာ အသေအကျေများလှသဖြင့် မလိုက်ဝံ့တော့ဘဲ တရုတ်တို့ မော်ကြည့်ပြီး ပြန်သည့် အရပ်ကို တရုတ်မော်ဟု ယခုတိုင်ခေါ်၏။ ကူဗလိုင်ခန်၏ တပ်လည်း ပုဂံတွင် စစ်ရပ်နားနေရာ ရှင်ဒိသာပါမောက် ဦးဆောင်သည့် စစ်ပြေငြိမ်းရေးအဖွဲ့ ပီကင်းအထိသွား၍ ကုဗလိုင်ခန်အား စစ်ပြေငြိမ်းစကား ပြောသည်မှ ကူဗလိုင်ခန်သည်လည်း အေဒီ ၁၂၈၃ခုနှစ် ၌ ပုဂံတွင်တပ်စွဲထားသည့် ၎င်း၏ စစ်တပ်ကို ပြန်လည် ရုတ်သိမ်းခေါ်ဆောင်လိုက်လေ၏။
နရသီဟပတေ့လည်း တရုတ်တို့ပြန်သည်၌ ပုဂံသို့ ပြန်ဆန်တက်လာရာ ပြည်စား သားတော်သီဟသူ ဓားမိုး၍ အဆိပ်ခတ်သောစားတော် အား စားခိုင်းသည်ကို မိဖုရားဖွားစော တရားချ၍ မျက်ရည်ကျခါ စားရင်း “နောင်ဘဝ သားယောျာ်းလေး မမွေးရခလို” ဟု ဆုတောင်းကာ အနိစ္စရောက်လေ၏။ ထိုမှ စ၍ ပုဂံအင်ပါယာကြီး ပျက်စီးကာ တိုင်းပြည်အသီးသီး ထူထောင်ပုန်ကန်ခြားနား၍ သူတလူ ငါတမင်း ဘုရင်လုပ်ကြပြီး ပထမမြန်မာနိုင်တော် ကြီး ပြိုကွဲပျက်စီးရလေတော့သတည်း။
နရသီဟပတေ့သည် မင်္ဂလာစေတီကို ရွှေစည်းခုံနှင့် တစ်ပုံစံထဲ တူအောင်တည်၏။ စေတီအတွင်း ရှေ့က ပုဂံမင်း ရွှေရုပ်တုများ ကိုပါ ဌာပနာထည့်ထားပြီး နန်းတွင်းသူ နန်းတွင်းသားတို့က လက်ဝတ်လက်စားများ ချွတ်လှူသည်များလည်းရှိသည် ဆို၏။ နောက်မှ သီဟိုဠ်က ရောက်လာသည့် ဗုဒ္ဓ၏ ဓာတ်တော်ကို “ပုထိုးသာ”ဟူသည့် ဘွဲ့အမည်ရှိသည့် ပုထိုးတော်တစ်ဆူတည်၍ ဌာပနာကြောင်း တွင်းသင်း ရာဇဝင်တွင် ဖော်ပြထားလေရာ ယခု ဖော်ပြထားသည့် ပုံပါ ” တရုတ်ပြေးဘုရား” ၏ ဘွဲ့အမည်မှာ “ပုထိုးသာ” ဖြစ်မည်လားဟု ဆင်ခြင်မိတော့သည်သာ။
ကိုနေ
Discussion about this post