သမုိင္းထဲက ရာဇဝင္တြင္ေသာ စီးခ်င္းထိုးပြဲမ်ား

Posted on

မူရင္းေရးသားသူ – Min Htet Kyaw Swar(ပဥၥမံေၾကာင္)

ေရွးျမန္မာတို႔သည္ တစ္ဖက္ႏွင့္တစ္ဖက္ စစ္မက္ ရင္ဆိုင္သည့္အခါ ေသနဂၤဗ်ဴဟာ ထိုးစစ္ ခံစစ္မ်ား သံုး၍ တိုက္ခိုက္ၾကသကဲ့သို႔ ႏွစ္ဖက္ ေခါင္းေဆာင္မ်ား (သိုု႔မဟုတ္) သူရဲေကာင္းမ်ား စီးခ်င္းေတြ႕ကာ တိုက္ပြဲကို အဆံုးအျဖတ္ ခံယူသည္လည္း ရွိသည္။

အဆိုပါ စီးခ်င္းပြဲမ်ားကို အက်ဥ္းခ်ဳပ္ ေဖာ္ျပရပါလွ်င္ –

၁။ အေနာ္ရထာ ႏွင့္ စုကၠေတး (ပုဂံေခတ္)

ေအဒီ ၁၀၄၄ ၾသဂုတ္လ ၁၈ ရက္ တြင္ အေနာ္ရထာသည္ မိမိမယ္ေတာ္အား သိမ္းပိုက္ေစာ္ကားသူ စုကၠေတးမင္းကို ျမင္းစီးခ်င္းထိုး ရင္ဆိုင္ခဲ့သည္။

စုကၠေတးက လွံကို အရင္ ထိုးခြင့္ရေသာ္လည္း အေနာ္ရထာကို မထိရွခဲ့ဘဲ အေနာ္ရထာ၏ လွံခ်က္ကမူ စုကၠေတး၏ ရင္ဘတ္ကို စူးနစ္စြာ ဝင္ေရာက္ခဲ့ၿပီး ျမင္းေရာ လူပါ ျမစ္ကမ္းပါးမွ က်ကာ ဆံုးပါးခဲ့သည္။ (ထို႔ေၾကာင့္ အဆိုပါ ေနရာကို ျမင္းကပါ ကမ္းပါးဟု ယေန႔တိုင္တြင္သည္။)

၂။ မင္းရဲေက်ာ္စြာႏွင့္ သိႏၷီေစာ္ဘြား (အင္းဝေခတ္)

အင္းဝတပ္မ်ား ဟံသာဝတီႏွင့္ စစ္ခင္းေနရစဥ္အတြင္း သိႏၷီေစာ္ဘြားသည္ အင္းဝၾသဇာသက္ေရာက္ရာ ေက်းစြန္နယ္ဖ်ားကို ထိပါးလာသည္။

မင္းရဲေက်ာ္စြာ ကိုယ္ေတာ္တိုင္ခ်ီ၍ သိႏၷီေစာ္ဘြားတပ္မ်ားႏွင့္ ရင္ဆိုင္သည္။ ေစာ္ဘြား အရက္လြန္စြာမူးယစ္ေနသည္ကို မင္းရဲေက်ာ္စြာ သိလွ်င္ ေစာ္ဘြားဆင္ေပၚသို႔ ခုန္တက္ကာ ေစာ္ဘြားႏွင့္တကြ ကုန္းလယ္စီး၊ ေနာက္ပဲ့စီး တို႔ကိုပါ မနားတမ္း ခုတ္ခ်ကာ အႏိုင္ယူခဲ့သည္။

၃။ ရာဇာဓိရာဇ္ႏွင့္ ဗ်ည္းႏြဲ႕ (ဟံသာဝတီေခတ္)

ဗညားႏြဲ႕က ရာဇာဓိရာဇ္ဘြဲ႕ျဖင့္ နန္းတက္သည့္အခါ ေျမာင္းျမစား ေလာက္ဖ်ားက သစၥာမခံဘဲ ေနသည္။ ထို႔ေနာက္ ရာဇာဓိရာဇ္က ပုသိမ္ႏွင့္ ေဒါင္းေပါင္လုလင္ကို သိမ္းယူႏိုင္သည့္အခါ ေလာက္ဖ်ားသည္ ရခိုင္သို႔ေျပးမည္ ျပဳသည္။

ထိုအခါ ေလာက္ဖ်ား၏ သားတစ္ဦးျဖစ္သူ ဗ်ည္းႏြဲ႕က မသြားရန္တားကာ ရာဇာဓိရာဇ္ကို စီးခ်င္းထိုးရန္ စိန္ေခၚသည္။ ရာဇာဓိရာဇ္ကလည္း ဗ်ည္းႏြဲ႕၏ စိန္ေခၚမႈကို လက္ခံသည္။

ဆင္တြင္းျမင္းတြင္း ဆူးေျငာင့္မခ်ထားေၾကာင္း ေသခ်ာေစရန္ ဝင္ၾကည့္ႏိုင္ေၾကာင္းလည္း ဗ်ည္းႏြဲ႕က ေလွ်ာက္သည္။

အမွန္တကယ္ စီးခ်င္းသည့္ေန႔တြင္ ဗ်ည္းႏြဲ႕က ၿမိဳ႕တံခါးအကြယ္တြင္ ေစာင့္ေနသည္။ ရာဇာဓိရာဇ္၏ ဆင္ ဝင္လာသည့္အခါ အလစ္ဝင္တိုက္သည္။

ရာဇာဓိရာဇ္ အငိုက္မိခ်ိန္တြင္ ဗ်ည္းႏြဲ႕က ဓားျဖင့္ ခုတ္မည္ျပဳသည္။ (သို႔ေသာ္ ဓားအိမ္မွ ဓားမကြၽတ္ေပ။ စီးခ်င္းမထိုးမီ ရာဇာဓိရာဇ္က သာသနာေစာင့္နတ္မ်ားကို တိုင္တည္ခဲ့ေသာေၾကာင့္ဟု ေရွးလူမ်ားက ယံုၾကည္ၾကသည္။)

ဓားမကြၽတ္သည့္အခါ ခြၽန္းသီးျဖင့္ ရိုက္သည္။ ရာဇာဓိရာဇ္ နဖူးကြဲကာ ၿမိဳ႕ျပင္သို႔ ျပန္ဆုတ္သည္။

ဒုတိယအခ်ီတြင္ ဆင္ကို ခြၽန္းကုန္ဖြင့္၍ တံခါးကို တစ္ဟုန္ထိုး ျဖတ္သည္။ ထိုအခ်ီတြင္ ရာဇာဓိရာဇ္ လက္ဦးမႈရခဲ့ၿပီး ဗ်ည္းႏြဲ႕ကို ဓားျဖင့္ ခုတ္ႏိုင္ေသာ္လည္း ခြၽန္းသီးျဖင့္ပင္ ျပန္ရိုက္ကာ အႏိုင္ယူခဲ့သည္။

၄။ ပထမသမိန္ဗရမ္းႏွင့္ တရုတ္ဗိုလ္ ဂါမဏိ (အင္းဝေခတ္)

မင္းရဲေက်ာ္စြာ ဟံသာဝတီကို သြားေရာက္တိုက္ခိုက္ေနစဥ္ ေမာ္တံုေမာ္ကယ္ ေစာ္ဘြားသည္ အင္းဝမင္းထံ ႏိုင္ငံေရးခိုလႈံခြင့္ ေတာင္းခံလာသည္။ ေစာ္ဘြားကို မေက်နပ္သူ တရုတ္မင္းသည္ စစ္သည္ဗိုလ္ပါတို႔ျဖင့္ အင္းဝကို ဝန္းရံသည္။ ထို႔ေနာက္ ႏွစ္ဖက္ သူရဲေကာင္းခ်င္း စီးခ်င္းထိုးရန္ သေဘာတူၾကသည္။ (အင္းဝရွံုးေသာ္ ေစာ္ဘြားကို တရုတ္မင္းထံ အပ္ရမည္။ တရုတ္ရံႈးေသာ္ ဝန္းရံထားသမွ် တပ္ေခါက္ျပန္ရမည္။)

ထိုစဥ္က ျမန္မာသူရဲေကာင္းမ်ားမွာ ေအာက္ျပည္သို႔ ေရာက္ေနၾကရာ သံု႔ပန္းအျဖစ္ အက်ဥ္းက်ေနေသာ မြန္သူရဲေကာင္း သမိန္ဗရမ္းက “အင္းဝသည္ ဟံသာဝတီ၏ တံခါးေပါက္ ျဖစ္သည္။ အင္းဝပ်က္ေသာ္ ဟံသာဝတီလည္း တရုတ္စစ္ေရာက္ႏိုင္သည္။ စစ္ကို မစုန္ေစရာ” ဟုေတြးကာ စီးခ်င္းထိုးရန္ ဆံုးျဖတ္သည္။

သမိန္ဗရမ္းႏွင့္ တရုတ္ဗိုလ္ ဂါမဏိတို႔ စီးခ်င္းထိုးၾကရာ တရုတ္ဗိုလ္၏ သံခ်ပ္အက်ီ ခ်ိဳင္းၾကားကို သမိန္ဗရမ္းက လွံျဖင့္ထိုးကာ အေလာင္းေျမမက်မီ ေခါင္းကို ျဖတ္၍ ပြဲသိမ္းခဲ့သည္။

၅။ မင္းညီတံုး (ဒုတိယသမိန္ဗရမ္း) ႏွင့္ တရုတ္ဗိုလ္ ဇလံုေက်ာ္ေခါင္ (အင္းဝေခတ္)

တရုတ္ဗိုလ္ကာမဏိ စီးခ်င္းပြဲရွံုးၿပီးေနာက္ ႏွစ္ေျခာက္ဆယ္ ခန္႔အၾကာ ဟံသာဝတီ ဓမၼေစတီမင္းလက္ထက္ သူရဲေကာင္း မင္းညီတံုး (ဒုတိယသမိန္ဗရမ္း)သည္ တရုတ္ျမန္မာ နယ္စပ္တြင္ သံတိုင္ စိုက္သည္။ ထိုသို႔ စိုက္ၿပီး ျပန္လာရာ အင္းဝမင္းက ရမည္းသင္းတြင္ ပိတ္ဆို႔၍ ဖမ္းသည္။

တရုတ္တုိ႔ကလည္း သံတိုင္စိုက္သည္ကို မေက်နပ္၍ တိုင္ကို ႏုတ္ပစ္ကာ အင္းဝကို ခ်ီလာသည္။ ပထမ တိုက္ပြဲအတိုင္း စီးခ်င္းထိုးၾကရာ ျမန္မာဘက္မွ မင္းညီတံုး ထြက္၍ တရုတ္ဘက္မွ ဇလံုေက်ာ္ေခါင္ ထြက္သည္။

ထိုစီးခ်င္းပြဲတြင္ မင္းညီတံုးက အသာစီးရကာ ဇလံုေက်ာ္ေခါင္၏ လည္ကို ျဖတ္၍ ပြဲသိမ္းႏိုင္ခဲ့သည္။

၆။ မင္းႀကီးညိဳ ႏွင့္ ေၾကာင္ျပာၿမိဳ႕စား သိုတိုင္ဘြား (ေတာင္ငူေခတ္)

အင္းဝႏွင့္ဟံသာဝတီ အႏွစ္ေလးဆယ္ စစ္ျဖစ္ပြားေနစဥ္ စစ္ေဘးဒဏ္မွ ကင္းေဝးေသာ ေတာင္ငူသည္ အင္အားတိုးတက္လာခဲ့သည္။ မင္းႀကီးညိဳသည္ အင္းဝ၏ ၾသဇာကို အံတုကာ တစ္ထီးတစ္နန္း ထူေထာင္ရန္ ႀကိဳးပမ္းခဲ့သည္။

မိမိ၏ ၾသဇာအာဏာ ပ်ံ႕ႏွံ႔ေရးအတြက္ အနီးအပါးၿမိဳ႕မ်ားကို တိုက္ခိုက္ရာ ကတ္ေၾကးေၾကာင္ျပာၿမိဳ႕ကို တိုက္ခိုက္စဥ္ ေစာ္ဘြားသိုတိုင္ဘြားႏွင့္ ဆင္စီးခ်င္းရင္ဆိုင္မိသည္။

ထိုသို႔တိုက္ေနရင္း မင္းႀကီးညိဳသည္ အားမလို အားမရျဖစ္လာကာ ေစာ္ဘြားဆင္ေပၚ ခုန္ကူး၍ ေစာ္ဘြားႏွင့္တကြ ကုန္းလယ္၊ ပဲ့ခ်ိတ္တို႔ကိုပါ ဆင့္ကာ ဆင့္ကာ ခုတ္ခ်၍ အႏိုင္ယူခဲ့သည္။ (မင္းရဲေက်ာ္စြာႏွင့္ သိႏၷီေစာ္ဘြား ကဲ့သုိ႔ပင္ ျဖစ္သည္။)

၇။ ဘုရင့္ေနာင္ႏွင့္ သမိန္ေထာရာမ (ေတာင္ငူေခတ္)

တပင္ေ႐ႊထီးကို စစ္ေတာင္းစား သမိန္ေစာထြတ္က လုပ္ႀကံၿပီးေနာက္ ႏိုင္ငံတစ္ဝွမ္း ဝါးအစည္းေျပသကဲ့သို႔ သူတစ္လူ ငါတစ္မင္း ျဖစ္သြားခဲ့သည္။ ထိုအခါ ဗညားရံမင္း၏ သား သမိန္ေထာရာမသည္ ရဟန္းဝတ္ရာမွ လူထြက္ကာ ဟံသာဝတီကို သိမ္းယူသည္။ (ထိုစဥ္က ဘုရင့္ေနာင္သည္ စစ္ေရးတာဝန္ျဖင့္ ဒလသို႔ေရာက္ေနခ်ိန္ ျဖစ္သည္)

ဘုရင့္ေနာင္သည္ သမိန္ေထာရာမ လက္မွ ဟံသာဝတီကို သိမ္းယူရန္ တပ္မ်ားျဖင့္ ခ်ီတက္ခဲ့ရာ ဟံသာဝတီၿမိဳ႕ အနီး (ယခု ဘုရားႀကီးအရပ္တြင္) ဆင္စီးခ်င္းထိုးၾကသည္။

စီးခ်င္းမထိုးမီ ဘုရင့္ေနာင္သည္ ဆင္ေပၚ၌ အဓိဌာန္ျပဳ၍ ေ႐ႊကရားျဖင့္ ေရသြန္းရာ ကရားလြတ္၍ ေျမေပၚက်သည္။ စိတ္ေတာ္ၿငိဳျငင္၍ မ်က္ႏွာပ်က္သည္ကို အနားရွိ မြန္အမတ္ သမိန္မရူက “ယခုပင္တိုက္ပါ၊ သမိန္ေထာကို ႏိုင္၍ ေရႏွင့္ ေျမကို အစိုးရမည္” ဟု ေလွ်ာက္သည္။

ဘုရင့္ေနာင္သည္ ဥေပါသထ ဟူေသာ ဆင္ကို စီး၍တိုက္သည္။ သမိန္ေထာသည္ ခ်စ္ခ်င္း ဟူေသာ ဆင္ကုိ စီး၍တိုက္သည္။ ဘုရင့္ေနာင္၏ ဥေပါသထဆင္ အစြယ္က်ိဳးသြားၿပီး သမိန္ေထာမွာ ေက်ာတြင္ ဒဏ္ရာႀကီး ရရွိကာ ခုန္ခ်ထြက္ေျပးသြားသည္။ (ဘုရင့္ေနာင္ နန္းတက္ၿပီးေနာက္ ထြက္ေျပးသြားေသာ သမိန္ေထာကို ကရင္႐ြာသူႀကီးက ဖမ္း၍ ဆက္သျဖင့္ ကြပ္မ်က္ခံရသည္။)

၈။ ဟံသာဝတီဥပရာဇာႏွင့္ ယိုးဒယားမင္းျဗနရစ္ (ေတာင္ငူေခတ္)

ဘုရင့္ေနာင္ နတ္႐ြာစံၿပီးေနာက္ လက္ေအာက္ခံ ယိုးဒယားတို႔က လြတ္လပ္ေရးေၾကညာကာ ျခားနား ပုန္ကန္ခဲ့သည္။ ဘုရင့္ေနာင္ကို ဆက္ခံသူ နႏၵဘုရင္သည္ ယိုးဒယားသုိ႔ ငါးႀကိမ္တိုင္တိုင္ ႏွိမ္နင္းေစခဲ့သည္။

ေလးႀကိမ္စလံုး အေရးမသာသျဖင့္ ေနာက္ဆံုးအႀကိမ္တြင္ ဥပရာဇာကို ဆင္လံုးျမင္းရင္းျဖင့္ ေစလႊတ္ကာ အယုဒၶယကို တိုက္ေစသည္။

ယိုးဒယားမင္းျဗနရစ္သည္ ျဗလပံုဟူေသာ ဆင္ကိုစီးကာ မဟာဥပရာဇာကို စီးခ်င္းတိုက္ရန္ ျပင္ဆင္သည္။ ထိုအခ်ိန္တြင္ ဥပရာဇာ အနီးရွိ တိုက္ဆင္ တစ္ေကာင္သည္ မုန္ယိုကာ ျဗနရစ္ဆင္ကို မေဝွ႔ဘဲ ဥပရာဇာ၏ ဆင္ေတာ္ကို ေဝွ႔သည္။

ျမန္မာတပ္မ်ား ဝရုန္းသုန္းကား ျဖစ္ေနစဥ္ ယိုးဒယားဘက္မွ ေခ်ာင္းေျမာင္းပစ္ခတ္ေသာ စိန္ေျပာင္းက်ည္သင့္ကာ ဥပရာဇာ နတ္႐ြာစံသည္။ (ေၾကာင္အမ္းအမ္း ျဖစ္ေနေသာ ယိုးဒယားမင္းကို ဥပရာဇာ၏ လက္ဝဲဘက္မွ နတ္သွ်င္ေနာင္က တိုက္သျဖင့္ အယုဒၶယၿမိဳ႕တြင္းသို႔ ဝင္ေျပး လြတ္ေျမာက္သြားသည္။)

က်ည္သင့္၍ နတ္႐ြာစံေသာ ဥပရာဇာ၏ အေလာင္းကို မပုပ္မသိုးေအာင္ ျပဒါးသြပ္၍ သရက္သားအေခါင္းျဖင့္ ထည့္ကာ ဟံသာဝတီသို႔ ယူေဆာင္ခဲ့သည္။ (ျမန္မာ့သမိုင္း၌ ျပည္ပတြင္ က်ဆံုးခဲ့သည့္ တစ္ပါးတည္းေသာ အိမ္ေရွ႕မင္း ျဖစ္သည္။)

စီးခ်င္းထိုးပြဲမ်ားကို ကုန္းေဘာင္ေခတ္တြင္ က်ယ္က်ယ္ျပန္႔ျပန္႔ မေတြ႕ရေတာ့ေပ။ အေျမာက္မီးေပါက္ ေသနတ္မ်ားကို တြင္က်ယ္စြာ အသံုးခ်လာျခင္းေၾကာင့္ ျဖစ္ႏိုင္သည္ဟု ေယဘုယ်အားျဖင့္ သံုးသပ္မိပါသည္။ သို႔တိုင္ေအာင္
-“၁၈၈၃ ခုႏွစ္ သီေပါမင္းလက္ထက္ မိုးေကာင္းေဒသမွ မိုးညႇင္းဗိုလ္ဝ ႏွင့္ ေဟာ္ဆိုင္းေ႐ႊလည္တို႔ ပုန္ကန္ၾကရာ ဧရာဝတီႏွင့္ မဲဇာျမစ္ေၾကာင္း တစ္ေလွ်ာက္ ၿမိဳ႕႐ြာမ်ားကို မီးရွို႔ၾကသည္။

မိုးညႇင္းမင္းတရားႀကီးဟု မိမိကုိယ္မိမိေၾကညာထားေသာ ဗိုလ္ဝသည္ ဝန္းသိုေစာ္ဘြားႀကီး ဦးေအာင္ျမတ္ႏွင့္ စီးခ်င္းထိုးၾကရာ ဦးေအာင္ျမတ္က ဗိုလ္ဝကို အႏိုင္ရခဲ့သည္။” ဟူေသာမွတ္တမ္းကို ယေန႔(၂၄-၂-၂၀၁၇)ထုတ္ ျမန္မာ့အလင္းသတင္းစာပါ ေဆာင္းပါးတစ္ပုဒ္တြင္ ေတြ႕ရွိရသည္။

စီးခ်င္းထိုးသည့္အေလ့သည္ အလယ္ေခတ္ဥေရာပ တြင္လည္း ထြန္းကားခဲ့ၿပီး ထိုသို႔ စီးခ်င္းထိုးသူမ်ားကို Knight ဟုေခၚသည္။ စီးခ်င္း ထိုးျခင္းသည္ လက္ရံုးရည္ ႏွင့္ သူရသတၱိကို ေပါင္းစပ္ကာ တစ္ဖက္ရန္သူ၏ ဟာကြက္ကို သတိခ်ပ္ ၾကည့္ရႈရင္း အႏိုင္ရရန္ ႀကိဳးပမ္းရသည့္ အေလ့အထ အျဖစ္ သံုးသပ္မိပါသည္။

(မိမိ လက္လွမ္းမီသမွ် ေလ့လာမိသေလာက္ စုစည္း ေရးသားထားျခင္းသာ ျဖစ္ပါသည္။ ပံုကို http://www.pantip.com မွယူ၍ စာစီသူမွာ က်ေနာ္ကိုယ္တိုင္သာ ျဖစ္ပါေၾကာင္း)

Min Htet Kyaw Swar(ပဥၥမံေၾကာင္)


သမိုင်းထဲက ရာဇဝင်တွင်သော စီးချင်းထိုးပွဲများ (unicode)

မူရင်းရေးသားသူ – Min Htet Kyaw Swar(ပဥ္စမံကြောင်)

ရှေးမြန်မာတို့သည် တစ်ဖက်နှင့်တစ်ဖက် စစ်မက် ရင်ဆိုင်သည့်အခါ သေနင်္ဂဗျူဟာ ထိုးစစ် ခံစစ်များ သုံး၍ တိုက်ခိုက်ကြသကဲ့သို့ နှစ်ဖက် ခေါင်းဆောင်များ (သို့မဟုတ်) သူရဲကောင်းများ စီးချင်းတွေ့ကာ တိုက်ပွဲကို အဆုံးအဖြတ် ခံယူသည်လည်း ရှိသည်။

အဆိုပါ စီးချင်းပွဲများကို အကျဉ်းချုပ် ဖော်ပြရပါလျှင် –

အနော်ရထာ နှင့် စုက္ကတေး (ပုဂံခေတ်)

အေဒီ ၁၀၄၄ ဩဂုတ်လ ၁၈ ရက် တွင် အနော်ရထာသည် မိမိမယ်တော်အား သိမ်းပိုက်စော်ကားသူ စုက္ကတေးမင်းကို မြင်းစီးချင်းထိုး ရင်ဆိုင်ခဲ့သည်။
စုက္ကတေးက လှံကို အရင် ထိုးခွင့်ရသော်လည်း အနော်ရထာကို မထိရှခဲ့ဘဲ အနော်ရထာ၏ လှံချက်ကမူ စုက္ကတေး၏ ရင်ဘတ်ကို စူးနစ်စွာ ဝင်ရောက်ခဲ့ပြီး မြင်းရော လူပါ မြစ်ကမ်းပါးမှ ကျကာ ဆုံးပါးခဲ့သည်။ (ထို့ကြောင့် အဆိုပါ နေရာကို မြင်းကပါ ကမ်းပါးဟု ယနေ့တိုင်တွင်သည်။)

မင်းရဲကျော်စွာနှင့် သိန္နီစော်ဘွား (အင်းဝခေတ်)

အင်းဝတပ်များ ဟံသာဝတီနှင့် စစ်ခင်းနေရစဉ်အတွင်း သိန္နီစော်ဘွားသည် အင်းဝဩဇာသက်ရောက်ရာ ကျေးစွန်နယ်ဖျားကို ထိပါးလာသည်။
မင်းရဲကျော်စွာ ကိုယ်တော်တိုင်ချီ၍ သိန္နီစော်ဘွားတပ်များနှင့် ရင်ဆိုင်သည်။ စော်ဘွား အရက်လွန်စွာမူးယစ်နေသည်ကို မင်းရဲကျော်စွာ သိလျှင် စော်ဘွားဆင်ပေါ်သို့ ခုန်တက်ကာ စော်ဘွားနှင့်တကွ ကုန်းလယ်စီး၊ နောက်ပဲ့စီး တို့ကိုပါ မနားတမ်း ခုတ်ချကာ အနိုင်ယူခဲ့သည်။

ရာဇာဓိရာဇ်နှင့် ဗျည်းနွဲ့ (ဟံသာဝတီခေတ်)

ဗညားနွဲ့က ရာဇာဓိရာဇ်ဘွဲ့ဖြင့် နန်းတက်သည့်အခါ မြောင်းမြစား လောက်ဖျားက သစ္စာမခံဘဲ နေသည်။ ထို့နောက် ရာဇာဓိရာဇ်က ပုသိမ်နှင့် ဒေါင်းပေါင်လုလင်ကို သိမ်းယူနိုင်သည့်အခါ လောက်ဖျားသည် ရခိုင်သို့ပြေးမည် ပြုသည်။

ထိုအခါ လောက်ဖျား၏ သားတစ်ဦးဖြစ်သူ ဗျည်းနွဲ့က မသွားရန်တားကာ ရာဇာဓိရာဇ်ကို စီးချင်းထိုးရန် စိန်ခေါ်သည်။
ရာဇာဓိရာဇ်ကလည်း ဗျည်းနွဲ့၏ စိန်ခေါ်မှုကို လက်ခံသည်။

ဆင်တွင်းမြင်းတွင်း ဆူးငြောင့်မချထားကြောင်း သေချာစေရန် ဝင်ကြည့်နိုင်ကြောင်းလည်း ဗျည်းနွဲ့က လျှောက်သည်။

အမှန်တကယ် စီးချင်းသည့်နေ့တွင် ဗျည်းနွဲ့က မြို့တံခါးအကွယ်တွင် စောင့်နေသည်။ ရာဇာဓိရာဇ်၏ ဆင် ဝင်လာသည့်အခါ အလစ်ဝင်တိုက်သည်။

ရာဇာဓိရာဇ် အငိုက်မိချိန်တွင် ဗျည်းနွဲ့က ဓားဖြင့် ခုတ်မည်ပြုသည်။ (သို့သော် ဓားအိမ်မှ ဓားမကျွတ်ပေ။ စီးချင်းမထိုးမီ ရာဇာဓိရာဇ်က သာသနာစောင့်နတ်များကို တိုင်တည်ခဲ့သောကြောင့်ဟု ရှေးလူများက ယုံကြည်ကြသည်။)

ဓားမကျွတ်သည့်အခါ ချွန်းသီးဖြင့် ရိုက်သည်။ ရာဇာဓိရာဇ် နဖူးကွဲကာ မြို့ပြင်သို့ ပြန်ဆုတ်သည်။

ဒုတိယအချီတွင် ဆင်ကို ချွန်းကုန်ဖွင့်၍ တံခါးကို တစ်ဟုန်ထိုး ဖြတ်သည်။ ထိုအချီတွင် ရာဇာဓိရာဇ် လက်ဦးမှုရခဲ့ပြီး ဗျည်းနွဲ့ကို ဓားဖြင့် ခုတ်နိုင်သော်လည်း ချွန်းသီးဖြင့်ပင် ပြန်ရိုက်ကာ အနိုင်ယူခဲ့သည်။

ပထမသမိန်ဗရမ်းနှင့် တရုတ်ဗိုလ် ဂါမဏိ (အင်းဝခေတ်)

မင်းရဲကျော်စွာ ဟံသာဝတီကို သွားရောက်တိုက်ခိုက်နေစဉ် မော်တုံမော်ကယ် စော်ဘွားသည် အင်းဝမင်းထံ နိုင်ငံရေးခိုလှုံခွင့် တောင်းခံလာသည်။ စော်ဘွားကို မကျေနပ်သူ တရုတ်မင်းသည် စစ်သည်ဗိုလ်ပါတို့ဖြင့် အင်းဝကို ဝန်းရံသည်။ ထို့နောက် နှစ်ဖက် သူရဲကောင်းချင်း စီးချင်းထိုးရန် သဘောတူကြသည်။ (အင်းဝရှုံးသော် စော်ဘွားကို တရုတ်မင်းထံ အပ်ရမည်။ တရုတ်ရှုံးသော် ဝန်းရံထားသမျှ တပ်ခေါက်ပြန်ရမည်။)

ထိုစဉ်က မြန်မာသူရဲကောင်းများမှာ အောက်ပြည်သို့ ရောက်နေကြရာ သုံ့ပန်းအဖြစ် အကျဉ်းကျနေသော မွန်သူရဲကောင်း သမိန်ဗရမ်းက “အင်းဝသည် ဟံသာဝတီ၏ တံခါးပေါက် ဖြစ်သည်။ အင်းဝပျက်သော် ဟံသာဝတီလည်း တရုတ်စစ်ရောက်နိုင်သည်။ စစ်ကို မစုန်စေရာ” ဟုတွေးကာ စီးချင်းထိုးရန် ဆုံးဖြတ်သည်။

သမိန်ဗရမ်းနှင့် တရုတ်ဗိုလ် ဂါမဏိတို့ စီးချင်းထိုးကြရာ တရုတ်ဗိုလ်၏ သံချပ်အကျီ ချိုင်းကြားကို သမိန်ဗရမ်းက လှံဖြင့်ထိုးကာ အလောင်းမြေမကျမီ ခေါင်းကို ဖြတ်၍ ပွဲသိမ်းခဲ့သည်။

မင်းညီတုံး (ဒုတိယသမိန်ဗရမ်း) နှင့် တရုတ်ဗိုလ် ဇလုံကျော်ခေါင် (အင်းဝခေတ်)

တရုတ်ဗိုလ်ကာမဏိ စီးချင်းပွဲရှုံးပြီးနောက် နှစ်ခြောက်ဆယ် ခန့်အကြာ ဟံသာဝတီ ဓမ္မစေတီမင်းလက်ထက် သူရဲကောင်း မင်းညီတုံး (ဒုတိယသမိန်ဗရမ်း)သည် တရုတ်မြန်မာ နယ်စပ်တွင် သံတိုင် စိုက်သည်။ ထိုသို့ စိုက်ပြီး ပြန်လာရာ အင်းဝမင်းက ရမည်းသင်းတွင် ပိတ်ဆို့၍ ဖမ်းသည်။

တရုတ်တို့ကလည်း သံတိုင်စိုက်သည်ကို မကျေနပ်၍ တိုင်ကို နုတ်ပစ်ကာ အင်းဝကို ချီလာသည်။ ပထမ တိုက်ပွဲအတိုင်း စီးချင်းထိုးကြရာ မြန်မာဘက်မှ မင်းညီတုံး ထွက်၍ တရုတ်ဘက်မှ ဇလုံကျော်ခေါင် ထွက်သည်။

ထိုစီးချင်းပွဲတွင် မင်းညီတုံးက အသာစီးရကာ ဇလုံကျော်ခေါင်၏ လည်ကို ဖြတ်၍ ပွဲသိမ်းနိုင်ခဲ့သည်။

မင်းကြီးညို နှင့် ကြောင်ပြာမြို့စား သိုတိုင်ဘွား (တောင်ငူခေတ်)

အင်းဝနှင့်ဟံသာဝတီ အနှစ်လေးဆယ် စစ်ဖြစ်ပွားနေစဉ် စစ်ဘေးဒဏ်မှ ကင်းဝေးသော တောင်ငူသည် အင်အားတိုးတက်လာခဲ့သည်။ မင်းကြီးညိုသည် အင်းဝ၏ ဩဇာကို အံတုကာ တစ်ထီးတစ်နန်း ထူထောင်ရန် ကြိုးပမ်းခဲ့သည်။

မိမိ၏ ဩဇာအာဏာ ပျံ့နှံ့ရေးအတွက် အနီးအပါးမြို့များကို တိုက်ခိုက်ရာ ကတ်ကြေးကြောင်ပြာမြို့ကို တိုက်ခိုက်စဉ် စော်ဘွားသိုတိုင်ဘွားနှင့် ဆင်စီးချင်းရင်ဆိုင်မိသည်။

ထိုသို့တိုက်နေရင်း မင်းကြီးညိုသည် အားမလို အားမရဖြစ်လာကာ စော်ဘွားဆင်ပေါ် ခုန်ကူး၍ စော်ဘွားနှင့်တကွ ကုန်းလယ်၊ ပဲ့ချိတ်တို့ကိုပါ ဆင့်ကာ ဆင့်ကာ ခုတ်ချ၍ အနိုင်ယူခဲ့သည်။ (မင်းရဲကျော်စွာနှင့် သိန္နီစော်ဘွား ကဲ့သို့ပင် ဖြစ်သည်။)

ဘုရင့်နောင်နှင့် သမိန်ထောရာမ (တောင်ငူခေတ်)

တပင်ရွှေထီးကို စစ်တောင်းစား သမိန်စောထွတ်က လုပ်ကြံပြီးနောက် နိုင်ငံတစ်ဝှမ်း ဝါးအစည်းပြေသကဲ့သို့ သူတစ်လူ ငါတစ်မင်း ဖြစ်သွားခဲ့သည်။ ထိုအခါ ဗညားရံမင်း၏ သား သမိန်ထောရာမသည် ရဟန်းဝတ်ရာမှ လူထွက်ကာ ဟံသာဝတီကို သိမ်းယူသည်။ (ထိုစဉ်က ဘုရင့်နောင်သည် စစ်ရေးတာဝန်ဖြင့် ဒလသို့ရောက်နေချိန် ဖြစ်သည်)

ဘုရင့်နောင်သည် သမိန်ထောရာမ လက်မှ ဟံသာဝတီကို သိမ်းယူရန် တပ်များဖြင့် ချီတက်ခဲ့ရာ ဟံသာဝတီမြို့ အနီး (ယခု ဘုရားကြီးအရပ်တွင်) ဆင်စီးချင်းထိုးကြသည်။

စီးချင်းမထိုးမီ ဘုရင့်နောင်သည် ဆင်ပေါ်၌ အဓိဌာန်ပြု၍ ရွှေကရားဖြင့် ရေသွန်းရာ ကရားလွတ်၍ မြေပေါ်ကျသည်။ စိတ်တော်ငြိုငြင်၍ မျက်နှာပျက်သည်ကို အနားရှိ မွန်အမတ် သမိန်မရူက “ယခုပင်တိုက်ပါ၊ သမိန်ထောကို နိုင်၍ ရေနှင့် မြေကို အစိုးရမည်” ဟု လျှောက်သည်။

ဘုရင့်နောင်သည် ဥပေါသထ ဟူသော ဆင်ကို စီး၍တိုက်သည်။ သမိန်ထောသည် ချစ်ချင်း ဟူသော ဆင်ကို စီး၍တိုက်သည်။ ဘုရင့်နောင်၏ ဥပေါသထဆင် အစွယ်ကျိုးသွားပြီး သမိန်ထောမှာ ကျောတွင် ဒဏ်ရာကြီး ရရှိကာ ခုန်ချထွက်ပြေးသွားသည်။ (ဘုရင့်နောင် နန်းတက်ပြီးနောက် ထွက်ပြေးသွားသော သမိန်ထောကို ကရင်ရွာသူကြီးက ဖမ်း၍ ဆက်သဖြင့် ကွပ်မျက်ခံရသည်။)

ဟံသာဝတီဥပရာဇာနှင့် ယိုးဒယားမင်းဗြနရစ် (တောင်ငူခေတ်)

ဘုရင့်နောင် နတ်ရွာစံပြီးနောက် လက်အောက်ခံ ယိုးဒယားတို့က လွတ်လပ်ရေးကြေညာကာ ခြားနား ပုန်ကန်ခဲ့သည်။ ဘုရင့်နောင်ကို ဆက်ခံသူ နန္ဒဘုရင်သည် ယိုးဒယားသို့ ငါးကြိမ်တိုင်တိုင် နှိမ်နင်းစေခဲ့သည်။

လေးကြိမ်စလုံး အရေးမသာသဖြင့် နောက်ဆုံးအကြိမ်တွင် ဥပရာဇာကို ဆင်လုံးမြင်းရင်းဖြင့် စေလွှတ်ကာ အယုဒ္ဓယကို တိုက်စေသည်။

ယိုးဒယားမင်းဗြနရစ်သည် ဗြလပုံဟူသော ဆင်ကိုစီးကာ မဟာဥပရာဇာကို စီးချင်းတိုက်ရန် ပြင်ဆင်သည်။ ထိုအချိန်တွင် ဥပရာဇာ အနီးရှိ တိုက်ဆင် တစ်ကောင်သည် မုန်ယိုကာ ဗြနရစ်ဆင်ကို မဝှေ့ဘဲ ဥပရာဇာ၏ ဆင်တော်ကို ဝှေ့သည်။

မြန်မာတပ်များ ဝရုန်းသုန်းကား ဖြစ်နေစဉ် ယိုးဒယားဘက်မှ ချောင်းမြောင်းပစ်ခတ်သော စိန်ပြောင်းကျည်သင့်ကာ ဥပရာဇာ နတ်ရွာစံသည်။ (ကြောင်အမ်းအမ်း ဖြစ်နေသော ယိုးဒယားမင်းကို ဥပရာဇာ၏ လက်ဝဲဘက်မှ နတ်သျှင်နောင်က တိုက်သဖြင့် အယုဒ္ဓယမြို့တွင်းသို့ ဝင်ပြေး လွတ်မြောက်သွားသည်။)

ကျည်သင့်၍ နတ်ရွာစံသော ဥပရာဇာ၏ အလောင်းကို မပုပ်မသိုးအောင် ပြဒါးသွပ်၍ သရက်သားအခေါင်းဖြင့် ထည့်ကာ ဟံသာဝတီသို့ ယူဆောင်ခဲ့သည်။ (မြန်မာ့သမိုင်း၌ ပြည်ပတွင် ကျဆုံးခဲ့သည့် တစ်ပါးတည်းသော အိမ်ရှေ့မင်း ဖြစ်သည်။)

စီးချင်းထိုးပွဲများကို ကုန်းဘောင်ခေတ်တွင် ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရတော့ပေ။ အမြောက်မီးပေါက် သေနတ်များကို တွင်ကျယ်စွာ အသုံးချလာခြင်းကြောင့် ဖြစ်နိုင်သည်ဟု ယေဘုယျအားဖြင့် သုံးသပ်မိပါသည်။ သို့တိုင်အောင်
-“၁၈၈၃ ခုနှစ် သီပေါမင်းလက်ထက် မိုးကောင်းဒေသမှ မိုးညှင်းဗိုလ်ဝ နှင့် ဟော်ဆိုင်းရွှေလည်တို့ ပုန်ကန်ကြရာ ဧရာဝတီနှင့် မဲဇာမြစ်ကြောင်း တစ်လျှောက် မြို့ရွာများကို မီးရှို့ကြသည်။

မိုးညှင်းမင်းတရားကြီးဟု မိမိကိုယ်မိမိကြေညာထားသော ဗိုလ်ဝသည် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်နှင့် စီးချင်းထိုးကြရာ ဦးအောင်မြတ်က ဗိုလ်ဝကို အနိုင်ရခဲ့သည်။” ဟူသောမှတ်တမ်းကို ယနေ့(၂၄-၂-၂၀၁၇)ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးတစ်ပုဒ်တွင် တွေ့ရှိရသည်။

စီးချင်းထိုးသည့်အလေ့သည် အလယ်ခေတ်ဥရောပ တွင်လည်း ထွန်းကားခဲ့ပြီး ထိုသို့ စီးချင်းထိုးသူများကို Knight ဟုခေါ်သည်။ စီးချင်း ထိုးခြင်းသည် လက်ရုံးရည် နှင့် သူရသတ္တိကို ပေါင်းစပ်ကာ တစ်ဖက်ရန်သူ၏ ဟာကွက်ကို သတိချပ် ကြည့်ရှုရင်း အနိုင်ရရန် ကြိုးပမ်းရသည့် အလေ့အထ အဖြစ် သုံးသပ်မိပါသည်။

(မိမိ လက်လှမ်းမီသမျှ လေ့လာမိသလောက် စုစည်း ရေးသားထားခြင်းသာ ဖြစ်ပါသည်။ ပုံကို http://www.pantip.com မှယူ၍ စာစီသူမှာ ကျနော်ကိုယ်တိုင်သာ ဖြစ်ပါကြောင်း)

Min Htet Kyaw Swar(ပဥ္စမံကြောင်)

Leave a Reply