သရဖူမေဆာင္းခဲ့ေသာ ျမန္မာျပည္၏ ရွင္ဘုရင္ (သုိ႔) သမၼတဦးခ်စ္လႈိင္

Posted on

ျမန္မာႏိုင္ငံေရးသမိုင္းတြင္ ထင္ရွားေသာ ေခါင္းေဆာင္ႀကီး တစ္ဦးျဖစ္ခဲ့သည့္ ဦးခ်စ္လႈိင္သည္ ေမာ္လၿမိဳင္ၿမိဳ႕သစ္ကုန္သည္ သူေဌး ဦးသာၫွင္း ေဒၚရင္တို႔၏ ဒုတိယသား ျဖစ္၍ ၁၂၄၁ ခုႏွစ္ နယုန္လျပည့္ေက်ာ္ ၆ ရက္ တနလၤာေန႔တြင္ ဖြားျမင္ခဲ့ေလသည္။

ဦးခ်စ္လႈိင္သည္ အသက္ ၂ဝ အ႐ြယ္တြင္ အဂၤလန္သို႔ သြား၍ ဝတ္လုံပညာကို သင္ၾကားေအာင္ျမင္လာခဲ့သည္။ ျမန္မာျပည္သို႔ ျပန္ေရာက္ေသာအခါမွစ၍ ဝိုင္၊ အမ္၊ ဘီ၊ ေအ၊ ဗုဒၶဘာသာ ကလ်ာဏယုဝအသင္းကို ေငြအား လူအားျဖင့္ ကူညီခဲ့သည္။ ခရစ္ ၁၉၁၇ ခုႏွစ္မွစ၍ ေမာ္လၿမိဳင္ၿမိဳ႕ ဝိုင္၊ အမ္၊ ဘီ၊ ေအ၊ အသင္း၏ ဥကၠ႒အျဖစ္ျဖင့္ ေဆာင္႐ြက္၏။ ၁၉၁၉ ခုႏွစ္တြင္ ပုသိမ္ၿမိဳ႕၌ က်င္းပေသာ ျမန္မာႏိုင္ငံလုံး ဆိုင္ရာ ဝိုင္၊ အမ္၊ ဘီ၊ ေအ၊ ႏွင့္ အလားတူ အသင္းမ်ား အစည္းအေဝးပြဲ၌ ဦးခ်စ္လႈိင္အား ဥကၠ႒အျဖစ္ တင္ေျမႇာက္ခဲ့သည္။

ေနာက္ႏွစ္တြင္ ျပည္ၿမိဳ႕၌က်င္းပေသာ အစည္းအေဝး က ဆုံးျဖတ္ခဲ့သည့္အတိုင္း ဂ်ီ၊ စီ၊ ဘီ၊ ေအ၊ ေခၚ ျမန္မာ အသင္းခ်ဳပ္ ေပၚေပါက္လာရာ ဦးခ်စ္လႈိင္ပင္ ဥကၠ႒အျဖစ္ တင္ေျမႇာက္ျခင္းခံခဲ့ရသည္။ ဦးခ်စ္လႈိင္သည္ မိမိစီးပြားဥစၥာမ်ားကို အနစ္နာခံလ်က္ ျမန္မာႏိုင္ငံေရးတြင္ ရဲဝံ့စြာ ေခါင္းေဆာင္မႈ ေပးခဲ့သည္။

ေနာင္အခါ အ႒မအက္ဒြပ္ဘုရင္ျဖစ္လာေသာ အဂၤလိပ္ ေဝလမင္းသားသည္ ၁၉၂၁ ခု၌ တိုင္းခမ္းလွည့္လည္ရာ၊ ရန္ကုန္သို႔ မေရာက္မီတြင္ အဂၤလိပ္အစိုးရက ဦးခ်စ္လႈိင္အား အျခားျမန္မာေခါင္းေဆာင္အခ်ိဳ႕ႏွင့္အတူ ဖမ္းဆီး၍ အက်ယ္ခ်ဳပ္ ထားခဲ့ေလသည္။ ႏိုင္ငံေရးကို ေဆာင္႐ြက္ရာ၌ ျပည္သူ ျပည္သားမ်ား၏ ၾကည္ၫိုေလးစားျခင္းကို ခံရသျဖင့္ ၁၉၂၂ ခုႏွစ္ႏွင့္ ၁၉၂၄ ခုႏွစ္တြင္ သရက္၊ ေပါင္းတည္ၿမိဳ႕မ်ား၌ က်င္းပေသာ ျပည္လုံးကၽြတ္ညီလာခံႀကီးက သမၼတဥကၠ႒ဘြဲ႕ကို အပ္ႏွင္းၾက၏။ ယင္းအခါမွ အစျပဳ၍ ‘သမၼတဦးခ်စ္လႈိင္’ဟု တြင္သည္။

ထိုစဥ္က ဦးခ်စ္လႈိင္အား သရဖူမေဆာင္းရေသာ ျမန္မာျပည္၏ ရွင္ဘုရင္ဟုပင္ ေခၚၾကသည္။ ႏိုင္ငံေရးတရားမ်ားကို လွည့္လည္ေဟာေျပာစဥ္ ေရာက္ေလရာအရပ္တိုင္း၌ အမ်ိဳးသားမ်ားက ေ႐ႊထီးမ်ား ထီးျဖဴမ်ားမိုးေပးျခင္း၊ အမ်ိဳး သမီးမ်ားက ဆံပင္ကို ျဖန္႔၍ လမ္းခင္းေပျခင္း၊ ကရဝိက္ေဖာင္မ်ားျဖင့္ ႀကိဳဆိုျခင္းမ်ားကို ျပဳလုပ္ၾကသည္။

ခရစ္ ၁၉၂၂ ခုႏွစ္၌ ၿဗိတိသၽွအစိုးရက ျမန္မာျပည္အား ဒိုင္အာခီအုပ္ခ်ဳပ္ေရး ေပးေသာအခါ၊ လက္ခံသင့္ မခံသင့္ အေရးႏွင့္ စပ္လ်ဥ္း၍ ၁၉၂၃ ခုႏွစ္တြင္ ဂ်ီ၊ စီ၊ ဘီ၊ ေအ ႏွစ္ျခမ္းကြဲသြားသည္။ ဦးခ်စ္လႈိင္သည္ သပိတ္ေမွာက္ဝံသာႏု ဂ်ီ၊ စီ၊ ဘီ၊ ေအ၊ ကို ေခါင္းေဆာင္သည္။ ဦးခ်စ္လႈိင္သည္ ျမန္မာျပည္၏ ေရွ႕ေရးႏွင့္သက္ဆိုင္၍ က်င္းပေသာ ဗိလတ္မ်က္ႏွာစုံညီ အစည္းအေဝးမ်ားကို ၁၉၃၁ ခုႏွစ္ ႏိုဝင္ဘာလတြင္ တစ္ႀကိမ္၊ ၁၉၃၃ ခုႏွစ္ ေအာက္တိုဘာလတြင္တစ္ႀကိမ္၊ ၂ ႀကိမ္တိုင္တိုင္ တက္ေရာက္ခဲ့သည္။

၁၉၃၅ ခုႏွစ္ ေ႐ြးေကာက္ပြဲ၌ အိႏၵိယျပည္ႏွင့္ ခြဲေရး တြဲေရးျပႆနာ ေပၚေပါက္ခဲ့ရာ တြဲေရးဖက္မွ အေ႐ြးခံရသည္။ ၿဗိတိသၽွေခတ္ ဥပေဒျပဳေကာင္စီဥကၠ႒အျဖစ္ျဖင့္ ၁၉၃၂ ခုႏွစ္၌ တစ္ႀကိမ္၊ ၁၉၃၅ ခုႏွစ္၌ တစ္ႀကိမ္ ေပါင္း ၂ ႀကိမ္တိုင္တိုင္ ေ႐ြးေကာက္တင္ေျမႇာက္ျခင္းလည္း ခံရသည္။ ၁၉၃၇ ခုႏွစ္တြင္ ေအာက္လႊတ္ေတာ္ ဥကၠ႒အျဖစ္ တင္ေျမာက္ျခင္း ခံရသည္။ အဂၤလန္ျပည္ လန္ဒန္ၿမိဳ႕တြင္က်င္းပေသာ ဆ႒မေဂ်ာ့ဘုရင္ နန္းတက္ပြဲသို႔ ၁၉၃၇ ခုႏွစ္၌ တက္ေရာက္ခဲ့သည္။

ဦးခ်စ္လႈိင္သည္ ႏိုင္ငံေရးကို ေဆာင္႐ြက္ရာတြင္ ဦးပု၊ ဦးထြန္း ေအာင္ေက်ာ္၊တို႔ႏွင့္အတူ ‘လႈိင္၊ ပု၊ ေက်ာ္ပါတီ’ကို၎၊ ဦးျမတ္သာထြန္း၊ ဆာေပၚထြန္း ႏွင့္အတူ ‘လႈိင္း၊ ျမတ္၊ ေပၚ ပါတီ’ကို၎ ဖြဲ႕စည္းတည္ေထာင္ခဲ့ဘူးသည္။ ထို႔ျပင္ ဦးခ်စ္လႈိင္သည္ စစ္အတြင္း လြတ္လပ္ ေသာေခတ္ ၁၉၄၃ ခုႏွစ္ ဩဂုတ္လ ၅ ရက္ေန႔၌ အဓိပတိ၏ အတိုင္ပင္ခံအမတ္တစ္ဦးအျဖစ္ ခန္႔အပ္ျခင္း ခံခဲ့ရဘူးသည္။

စစ္ၿပီး လြတ္လပ္ေသာ ျပည္ေထာင္စုျမန္မာႏိုင္ငံေခတ္၌ လည္း ဦးခ်စ္လႈိင္သည္ ႏိုင္ငံေရးကိုပင္ ဆက္လက္ေဆာင္႐ြက္ ျပန္သည္။ ေမာ္လၿမိဳင္ၿမိဳ႕နယ္မွ ေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္၍ အေ႐ြးခံ အႏိုင္ရခဲ့သည္။ ပါလီမန္ ျပည္သူ႕လႊတ္ေတာ္၌ အတိုက္အခံေခါင္းေဆာင္တစ္ဦးအျဖစ္ ေဆာင္႐ြက္ခဲ့သည္။ မကြယ္လြန္မီ ၁၉၅၂ ခုႏွစ္ ဗတ္ဂ်က္အစည္း အေဝးအထိ ပါလီမန္လႊတ္ေတာ္သို႔ တက္ေရာက္ခဲ့၏။

ထိုသို႔ ႏိုင္ငံေရးကို ေဆာင္႐ြက္ယင္း ဦးခ်စ္လႈိင္သည္ ၁၉၅၂ ခုႏွစ္ ေအာက္တိုဘာလ ၃၁ ရက္ေန႔ (၁၃၁၄ ခုႏွစ္ တန္ေဆာင္မုန္းလဆန္း ၁၄ ရက္ေန႔) နံနက္ ၆ နာရီခြဲအခ်ိန္ တြင္ ရန္ကုန္ၿမိဳ႕ ေဘာင္ဒရီလမ္း (အမွတ္ ၁၈၅) ေနအိမ္၌ ကြယ္လြန္အနိစၥေရာက္သည္။ ဦးခ်စ္လႈိင္၌ ေျဖာင့္မွန္႐ိုးသား ေသာ စိတ္ဓာတ္ႏွင့္ အလႉေပးရက္ေရာေသာ ေစတနာမ်ား ရွိသည္။ ကြယ္လြန္သြားေသာခါတြင္ ဇနီးေဒၚအိႏွင့္ သမီး ၂ ေယာက္ က်န္ရစ္ခဲ့သည္။

ကိုးကား
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၂)


သရဖူမဆောင်းခဲ့သော မြန်မာပြည်၏ ရှင်ဘုရင် (သို့) သမ္မတဦးချစ်လှိုင် (unicode)

မြန်မာနိုင်ငံရေးသမိုင်းတွင် ထင်ရှားသော ခေါင်းဆောင်ကြီး တစ်ဦးဖြစ်ခဲ့သည့် ဦးချစ်လှိုင်သည် မော်လမြိုင်မြို့သစ်ကုန်သည် သူဌေး ဦးသာညှင်း ဒေါ်ရင်တို့၏ ဒုတိယသား ဖြစ်၍ ၁၂၄၁ ခုနှစ် နယုန်လပြည့်ကျော် ၆ ရက် တနင်္လာနေ့တွင် ဖွားမြင်ခဲ့လေသည်။

ဦးချစ်လှိုင်သည် အသက် ၂ဝ အရွယ်တွင် အင်္ဂလန်သို့ သွား၍ ဝတ်လုံပညာကို သင်ကြားအောင်မြင်လာခဲ့သည်။ မြန်မာပြည်သို့ ပြန်ရောက်သောအခါမှစ၍ ဝိုင်၊ အမ်၊ ဘီ၊ အေ၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကို ငွေအား လူအားဖြင့် ကူညီခဲ့သည်။ ခရစ် ၁၉၁၇ ခုနှစ်မှစ၍ မော်လမြိုင်မြို့ ဝိုင်၊ အမ်၊ ဘီ၊ အေ၊ အသင်း၏ ဥက္ကဋ္ဌအဖြစ်ဖြင့် ဆောင်ရွက်၏။ ၁၉၁၉ ခုနှစ်တွင် ပုသိမ်မြို့၌ ကျင်းပသော မြန်မာနိုင်ငံလုံး ဆိုင်ရာ ဝိုင်၊ အမ်၊ ဘီ၊ အေ၊ နှင့် အလားတူ အသင်းများ အစည်းအဝေးပွဲ၌ ဦးချစ်လှိုင်အား ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။

နောက်နှစ်တွင် ပြည်မြို့၌ကျင်းပသော အစည်းအဝေး က ဆုံးဖြတ်ခဲ့သည့်အတိုင်း ဂျီ၊ စီ၊ ဘီ၊ အေ၊ ခေါ် မြန်မာ အသင်းချုပ် ပေါ်ပေါက်လာရာ ဦးချစ်လှိုင်ပင် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံခဲ့ရသည်။ ဦးချစ်လှိုင်သည် မိမိစီးပွားဥစ္စာများကို အနစ်နာခံလျက် မြန်မာနိုင်ငံရေးတွင် ရဲဝံ့စွာ ခေါင်းဆောင်မှု ပေးခဲ့သည်။

နောင်အခါ အဋ္ဌမအက်ဒွပ်ဘုရင်ဖြစ်လာသော အင်္ဂလိပ် ဝေလမင်းသားသည် ၁၉၂၁ ခု၌ တိုင်းခမ်းလှည့်လည်ရာ၊ ရန်ကုန်သို့ မရောက်မီတွင် အင်္ဂလိပ်အစိုးရက ဦးချစ်လှိုင်အား အခြားမြန်မာခေါင်းဆောင်အချို့နှင့်အတူ ဖမ်းဆီး၍ အကျယ်ချုပ် ထားခဲ့လေသည်။ နိုင်ငံရေးကို ဆောင်ရွက်ရာ၌ ပြည်သူ ပြည်သားများ၏ ကြည်ညိုလေးစားခြင်းကို ခံရသဖြင့် ၁၉၂၂ ခုနှစ်နှင့် ၁၉၂၄ ခုနှစ်တွင် သရက်၊ ပေါင်းတည်မြို့များ၌ ကျင်းပသော ပြည်လုံးကျွတ်ညီလာခံကြီးက သမ္မတဥက္ကဋ္ဌဘွဲ့ကို အပ်နှင်းကြ၏။ ယင်းအခါမှ အစပြု၍ ‘သမ္မတဦးချစ်လှိုင်’ဟု တွင်သည်။

ထိုစဉ်က ဦးချစ်လှိုင်အား သရဖူမဆောင်းရသော မြန်မာပြည်၏ ရှင်ဘုရင်ဟုပင် ခေါ်ကြသည်။ နိုင်ငံရေးတရားများကို လှည့်လည်ဟောပြောစဉ် ရောက်လေရာအရပ်တိုင်း၌ အမျိုးသားများက ရွှေထီးများ ထီးဖြူများမိုးပေးခြင်း၊ အမျိုး သမီးများက ဆံပင်ကို ဖြန့်၍ လမ်းခင်းပေခြင်း၊ ကရဝိက်ဖောင်များဖြင့် ကြိုဆိုခြင်းများကို ပြုလုပ်ကြသည်။

ခရစ် ၁၉၂၂ ခုနှစ်၌ ဗြိတိသျှအစိုးရက မြန်မာပြည်အား ဒိုင်အာခီအုပ်ချုပ်ရေး ပေးသောအခါ၊ လက်ခံသင့် မခံသင့် အရေးနှင့် စပ်လျဉ်း၍ ၁၉၂၃ ခုနှစ်တွင် ဂျီ၊ စီ၊ ဘီ၊ အေ နှစ်ခြမ်းကွဲသွားသည်။ ဦးချစ်လှိုင်သည် သပိတ်မှောက်ဝံသာနု ဂျီ၊ စီ၊ ဘီ၊ အေ၊ ကို ခေါင်းဆောင်သည်။ ဦးချစ်လှိုင်သည် မြန်မာပြည်၏ ရှေ့ရေးနှင့်သက်ဆိုင်၍ ကျင်းပသော ဗိလတ်မျက်နှာစုံညီ အစည်းအဝေးများကို ၁၉၃၁ ခုနှစ် နိုဝင်ဘာလတွင် တစ်ကြိမ်၊ ၁၉၃၃ ခုနှစ် အောက်တိုဘာလတွင်တစ်ကြိမ်၊ ၂ ကြိမ်တိုင်တိုင် တက်ရောက်ခဲ့သည်။

၁၉၃၅ ခုနှစ် ရွေးကောက်ပွဲ၌ အိန္ဒိယပြည်နှင့် ခွဲရေး တွဲရေးပြဿနာ ပေါ်ပေါက်ခဲ့ရာ တွဲရေးဖက်မှ အရွေးခံရသည်။ ဗြိတိသျှခေတ် ဥပဒေပြုကောင်စီဥက္ကဋ္ဌအဖြစ်ဖြင့် ၁၉၃၂ ခုနှစ်၌ တစ်ကြိမ်၊ ၁၉၃၅ ခုနှစ်၌ တစ်ကြိမ် ပေါင်း ၂ ကြိမ်တိုင်တိုင် ရွေးကောက်တင်မြှောက်ခြင်းလည်း ခံရသည်။ ၁၉၃၇ ခုနှစ်တွင် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တင်မြောက်ခြင်း ခံရသည်။ အင်္ဂလန်ပြည် လန်ဒန်မြို့တွင်ကျင်းပသော ဆဋ္ဌမဂျော့ဘုရင် နန်းတက်ပွဲသို့ ၁၉၃၇ ခုနှစ်၌ တက်ရောက်ခဲ့သည်။ ဦးချစ်လှိုင်သည် နိုင်ငံရေးကို ဆောင်ရွက်ရာတွင် ဦးပု၊ ဦးထွန်း အောင်ကျော်၊တို့နှင့်အတူ ‘လှိုင်၊ ပု၊ ကျော်ပါတီ’ကို၎င်း၊ ဦးမြတ်သာထွန်း၊ ဆာပေါ်ထွန်း နှင့်အတူ ‘လှိုင်း၊ မြတ်၊ ပေါ် ပါတီ’ကို၎င်း ဖွဲ့စည်းတည်ထောင်ခဲ့ဘူးသည်။ ထို့ပြင် ဦးချစ်လှိုင်သည် စစ်အတွင်း လွတ်လပ် သောခေတ် ၁၉၄၃ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့၌ အဓိပတိ၏ အတိုင်ပင်ခံအမတ်တစ်ဦးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရဘူးသည်။

စစ်ပြီး လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံခေတ်၌ လည်း ဦးချစ်လှိုင်သည် နိုင်ငံရေးကိုပင် ဆက်လက်ဆောင်ရွက် ပြန်သည်။ မော်လမြိုင်မြို့နယ်မှ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်၍ အရွေးခံ အနိုင်ရခဲ့သည်။ ပါလီမန် ပြည်သူ့လွှတ်တော်၌ အတိုက်အခံခေါင်းဆောင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ မကွယ်လွန်မီ ၁၉၅၂ ခုနှစ် ဗတ်ဂျက်အစည်း အဝေးအထိ ပါလီမန်လွှတ်တော်သို့ တက်ရောက်ခဲ့၏။

ထိုသို့ နိုင်ငံရေးကို ဆောင်ရွက်ယင်း ဦးချစ်လှိုင်သည် ၁၉၅၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ (၁၃၁၄ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့) နံနက် ၆ နာရီခွဲအချိန် တွင် ရန်ကုန်မြို့ ဘောင်ဒရီလမ်း (အမှတ် ၁၈၅) နေအိမ်၌ ကွယ်လွန်အနိစ္စရောက်သည်။ ဦးချစ်လှိုင်၌ ဖြောင့်မှန်ရိုးသား သော စိတ်ဓာတ်နှင့် အလှူပေးရက်ရောသော စေတနာများ ရှိသည်။ ကွယ်လွန်သွားသောခါတွင် ဇနီးဒေါ်အိနှင့် သမီး ၂ ယောက် ကျန်ရစ်ခဲ့သည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)

Leave a Reply