ရေးသားသူ – Kyaw Zwar Lynn
ခြေလေးချောင်းသတ္တဝါများထဲတွင် ဆင်ကလွဲလျှင် ရေမြင်း နှင့် ကြံ့တို့က အကြီးဆုံးဖြစ်ပါတယ်။ ပျမ်းမျှကြံ့တစ်ကောင်ရဲ့အရွယ်အစားဟာ အလျား ၁၃ ပေခန့်ရှိ၍ ပခုံးအထိ အမြင့်မှာ ၆ ပေခွဲခန့် မြင့်ပါတယ်။ အလေးချိန်ကတော့ ၃ တန်မျှ ရှိပါတယ်။ ကမ္ဘာပေါ်မှာ ကြံ့တိရစ္ဆာန်တွေဟာ မျိုးစိတ် ငါးခုလောက် မျိုးကွဲတည်ရှိပါတယ်။ သုံးမျိုးကို အာရှတိုက်၌ တွေ့ရ၍ ကျန်နှစ်မျိုးကို အာဖရိကတိုက်၌ တွေ့ရလေ့ရှိပါတယ်။ ဒါပေမယ့် လူတွေက သူတို့ရဲ့ ဦးချိုကို တပ်မက်တဲ့အတွက် မျိုးစိတ်အားလုံးနီးပါးဟာ တိမ်ကောလု နီးပါး ဖြစ်နေပါတယ်။
ဦးချိုတွေဟာ သွေးလိုက်ရင် ကြည်လင်တောင်ပတဲ့ အရောင်အဆင်းရှိပြီး ဆေးဖက်ဝင်တယ်လို့ ဆိုရိုးရှိတဲ့အတွက် ရာစုနှစ်ပေါင်းများစွာ တန်ဖိုးထားခဲ့ကြ ပါတယ်။ယီမင်နိုင်ငံမှာဆိုရင် အသက်၁၂နှစ်ပြည့်တဲ့ ယောက်ျားလေးတွေကို အရွယ်ရောက်တဲ့ အထိမ်းအမှတ်နဲ့ ကြံ့ချိုလက်ကိုင်နဲ့ ပြုလုပ်ထားတဲ့ ဓားမြှောင် လက်ဆောင်ပေးလေ့ရှိတယ်။ ၁၉၈၂ခုနှစ်မှာ အစိုးရက ကြံ့ချိုတင်သွင်းခွင့် တားမြစ်ခဲ့ပေမယ့် ခိုးသွင်းနေကြတုန်းပဲ။ တရုတ်ပြည်မှာဆိုရင် ကြံ့ချိုကို အဆောင်အယောင်အဖြစ် သုံးစွဲတာ အနည်းဆုံး ၇ရာစုအေဒီ တုန်းကတည်းကပါ။ ရာစုနှစ်ပေါင်းများစွာ ပွဲတောင်သုံးခွက်၊ ကြယ်သီး၊ စက္ကူဖိ အနေနဲ့ ထုထွင်းသုံးစွဲခဲ့ကြတယ်။
ကြံ့ချိုကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သုံးတဲ့နေရာကတော့ ဆေးဖက်ဝင်ပစ္စည်းအနေနဲ့ပါ။ အာရှနိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ တောင်ကိုရီးယားကနေ အိန္ဒိယနဲ့ တရုတ်ပြည်တွေ အထိ ပါဝင်ပါတယ်။ တရုတ်တိုင်းရင်းဆေးနည်းမှာ ဆိုရင် ဦးချိုကို နွှာပြီး သို့မဟုတ် အမှုန့်ကြိတ်ပြီး ရေနွေးနဲ့ ဖျော်တိုက်ပါတယ်။ အဖျား၊ လေးဖက်နာ၊ ဂေါက် အစရှိတဲ့ ဝေဒနာအမျိုးမျိုး အတွက်သုံးစွဲပါတယ်။ ၁၆ရာစု ဆေးဆရာ လီရှီချန်း (Li Shi Chen) ရဲ့အဆိုအရ မြွေကိုက်ခြင်း၊ ထင်ယောင် ထင်မှားဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အူရောင်ငန်းဖျား၊ အနာပဆုတ်၊ အန်ခြင်း၊ အစာအဆိပ်သင့်ခြင်းနဲ့ ဖုတ်သရဲဝင်ခြင်းတွေ အတွက်ပါ အသုံးပြုနိုင်ပါတယ်။သမိုင်းဝင် မှတ်တမ်းများအရ ကြံ့ဦးချိုသုံးစွဲမှုက နှစ်ထောင်ချီပြီးရှိနိုင်တယ်။
ဂရိဒဏ္ဍာရီမှာဆိုရင် ဦးချိုဟာ ရေကို သန့်စင်စေနိုင်တဲ့ ဂုဏ်သတ္တိ ရှိတယ်လို့ ယုံကြည်ကြတယ်။ ၅ရာစု ဘီစီတုန်းက ပါရှားလူမျိုးတွေက ကြံ့ချိုနဲ့ လုပ်ထားတဲ့ ခွက်တွေက အဆိပ်ထည့်ထားရင် ပူစီပေါင်းတွေ ပေါ်လာတယ်လို့ ယုံကြည်ကြသေးတယ်။ ဒီပါရှန်ယုံကြည်မှုက ၁၈ရာစုနဲ့ ၁၉ရာစု ဥရောပ နန်းတွင်းအသိုင်းအဝိုင်းအထိကို ကျန်ရစ်နေဆဲပါ။အခုအချိန်မှာ ကြံ့ချိုနဲ့ ဆက်နွယ်နေတဲ့ လျှို့ဝှက်ချက်တွေနဲ့ ပုံပြင်ဇာတ်လမ်းတွေကို ခွဲထုတ်ဖို့ သိပ္ပံရှုထောင့်ကနေ ဆွေးနွေးကြည့်ရအောင်ပါ။ကြံ့ချိုက အဆိပ်ကို သိနိုင်တယ်ဆိုတာရဲ့ နောက်ကွယ်မှာ အမှန်တစ်ခုရှိနိုင်တယ်။ ကြံ့ချိုက ကယ်ရာတင် (Keratin) လို့ခေါ်တဲ့ ပရိုတင်း တစ်မျိုးနဲ့ ပြုလုပ်ထားပါတယ်။
ကယ်ရာတင်က ကျွန်တော်တို့ လက်သည်းတွေ၊ ဆံပင်တွေ၊ ပြီးတော့ တိရစ္ဆာန်ခွာတွေမှာလည်း အဓိကဓာတ်ပစ္စည်း ဖြစ်တယ်။ အဆိပ်အများစုဟာ အက်ဆစ်ပြင်း သို့မဟုတ် အယ်လကာလီပြင်း တွေဖြစ်လေ့ရှိတယ်။ ဒီတော့ ကယ်ရာတင်နဲ့ ဓာတ်ပြုလွယ်ပြီး ပူပေါင်းတွေထွက်လာတာ ဖြစ်နိုင်တယ်။ကြံ့ချိုက တခြားတိရစ္ဆာန်တွေရဲ့ ဦးချိုနဲ့ မတူပါဘူး။
တခြားတိရစ္ဆာန်ချိုတွေရဲ့ အလယ်အူတိုင်မှာ အရိုးတစ်ရှုးရှိတယ်။ အရိုးအပေါ်ကနေ ကယ်ရာတင် အလွှာပါးပါး အုပ်ထားတာပါ။ ကြံ့ချိုမှာတော့ အရိုးအူတိုင် မပါပဲ ကယ်ရာတင်နဲ့ပဲ အတွင်းအပြင် အားလုံးတည်ဆောက်ထားတာဖြစ်ပါတယ်။ သို့ပေမယ့် ကြံ့စားတဲ့ အစားအသောက်နဲ့ နေရာဒေသကို မူတည်ပြီး ကယ်ရာတင်ရဲ့ ဓာတုပါဝင်နှုန်း ကွာခြားပါတယ်။
ကြံ့ချိုတွေကို အဲဒီ့ဓာတုကွာခြားမှုတွေအရ စမ်းသပ်ပြီး ဘယ်နေရာကနေ ပစ်ချလာသလဲ ဆိုတာကို စုံစမ်းရင်း ကြံ့ခိုးပစ်တဲ့သူတွေကို ထိန်းသိမ်းဖမ်းဆီးရတာပါ။ကြံ့ချိုတွေက အရင်တုန်းက ထင်ခဲ့သလိုမျိုး အထူးအသွင်ပြောင်းလဲထားပြီး ကျစ်လျစ်စွာ စုကပ်နေတဲ့ ဆံပင်မွေးတွေနဲ့ လုပ်ထားတာ မဟုတ်ပါဘူး။ CT Scan ရိုက်ကြည့်တဲ့အခါ ကြံ့ချိုတွေက မြင်းခွာ ဒါမှမဟုတ် ပင်လယ်လိပ်နှုတ်သီးရဲ့ တည်ဆောက်ပုံမျိုးပါပဲ။
ကြံ့ချိုရဲ့ အလယ်အူတိုင်မှာ ကယ်လဆီယမ် (ထုံးဓာတ်)နဲ့ မယ်လာနင် (Melanin) ပရိုတင်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ မယ်လာနင်က အရေပြားပေါ်က အညိုရောင် သို့မဟုတ် အမဲရောင်ဖြစ်စေတဲ့ ပရိုတင်းပါ။ မှဲ့မှာဆိုရင် မယ်လာနင်များစွာ ပါဝင်ပါတယ်။ မယ်လာနင်က ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူပြီး အရေပြားကို နေလောင်ခြင်းကနေ ကာကွယ်ပေးပါတယ်။
ကယ်လဆီယမ်က ဦးချိုရဲ့ အတွင်းသားကို ကြံ့ခိုင်စေတယ်။ မယ်လာနင်က ဦးချိုအတွင်းသားကို နေလောင်ပြီး ကြွေလွင့်ကုန်မှာကို ကာကွယ်ပေးထားတယ်။ ဒါကြောင့် အလယ် အူတိုင်က အပြင်က ကယ်ရာတင် သက်သက်ထက် ပိုခံနိုင်ရည်ရှိပါတယ်။ ဦးချိုချင်း ခတ်တဲ့အခါ၊ သို့မဟုတ် မြေပြင်နဲ့ သစ်ပင်နဲ့ ပွတ်တိုက်တဲ့အခါ အပြင်အလွှာက နွှာချသလို ဖြစ်သွားတယ်။ တင်စားပြောရရင် ခဲတံချွန်ရသလိုပဲ။ အလယ်အူတိုင်က ဦးချိုထိပ်ပိုင်းမှာ အပြင်အလွှာကို ဖောက်ထွက်နေပါတယ်။ ဦးချိုအခြေဖက်မှာတော့ အပြင်အလွှာကို ထူထဲစွာ တွေ့နိုင်တယ်။ဦးချိုတွေရဲ့ဆေးဖက်ဝင်မှုနဲ့ ပတ်သက်ရင်တော့ လက်တွေ့ အထောက်အထားမရှိလှပါ။
၁၉၉ဝတုန်းက ဟောင်ကောင်က သိပ္ပံပညာရှင်တွေက ဦးချိုက စစ်ထုတ်ထားတဲ့ ဆေးရည် ပမာဏ အမြောက်အများသုံးပြီး ကြွက်တွေကိုစမ်းသပ်ကြည့်တော့ အဖျားအနည်းငယ် ကျစေနိုင်ကြောင်း တွေ့ရတယ်။ ဒါပေမယ့် ချေ ဦးချိုနဲ့ ကျွဲချိုတွေမှာလည်း တူညီတဲ့ ဂုဏ်သတ္တိ ရှိတာ တွေ့ရပါတယ်။ တရုတ်တိုင်းရင်းဆေးမှာ သုံးတဲ့ဦးချို ဆေးရည်ပြင်းအားက အခုစမ်းသပ်ချက်နဲ့ ယှဉ်ရင် အရမ်းနည်းပါတယ်။ အတိုချုပ် ပြောရရင်တော့ ကြံ့ဦးချိုကို ဈေးကြီးကြီး နဲ့ ဝယ်သွေးပြီး သောက်မယ့်အစား ကိုယ့်လက်သည်းကို ကိုက်နေတာကမှ အကျိုးရှိပါဦးမယ်တဲ့။
Kyaw Zwar Lynn
Discussion about this post