အေလာင္းမင္းတရားၾကီး ဦးေအာင္ေဇယ် ၏ ရိုးရွင္းထိေရာက္ေသာ တီထြင္မႈမ်ား

Posted on

ေရးသားသူ – Min Htet Kyaw Swar

အေလာင္းမင္းတရားႀကီး၏..သန္လ်က္ေတာ္နွင့္သားျမီးယပ္ေတာ္ Photo : Myat Thinga Nga

ေအဒီ ၁၇၅၂ ခုႏွစ္တြင္ အဘက္ဘက္မွ ယိုယြင္းေနေသာ အင္း၀ေနျပည္ေတာ္ကို ဟံသာ၀တီတပ္မ်ားက ခ်ီတက္သိမ္းပိုက္ႏိုင္ခဲ့ျပီး ရွင္ဘုရင္၊မိဖုရားႏွင့္ တကြ အထူးထူးေသာ နန္းစဥ္ရတနာမ်ား၊ဆင္ျမင္းလူသူအမ်ားကို ဟံသာ၀တီသို႔ ေဆာင္ယူခဲ့ၾကသည္။

ထိုသို႕ အင္း၀ကို မြန္တို႕ လႊမ္းမိုးမိေသာအခါ အေလာင္းမင္းတရားၾကီး ဦးေအာင္ေဇယ်သည္ ဟံသာ၀တီသစၥာကို မခံယူဘဲ မိမိကိုယ္ေတာ္တိုင္သာ တစ္ထီးတစ္နန္းထူေထာင္ရန္အတြက္ ဧရာ၀တီ ႏွင့္ ခ်င္းတြင္း ျမစ္ႏွစ္သြယ္စပ္ၾကား ေဒသကို ေျခကုပ္ယူကာ မြန္တို႔ သိမ္းပိုက္ထားေသာ ဗမာပိုင္နယ္ေျမမ်ားကို ျပန္လည္သိမ္းယူရန္ ၾကိဳးပမ္းခဲ့သည္။

ၾကိဳးပမ္းရာတြင္ အခက္အခဲမ်ားစြာကို ၾကံဳေတြ႔ခဲ့ရသည္။ ထိုအခက္အခဲမ်ားကို ေက်ာ္လႊားရန္အေလာင္းမင္းတရားၾကီး သည္ ေအာက္ေဖာ္ျပပါ ရိုးရွင္း ထိေရာက္ေသာ တီထြင္မႈမ်ားကို အသံုးခ်ခဲ့ေလသည္။

(၁) သစ္ေစးသရိုးကိုင္ ခေမာက္ထူၾကီးမ်ား

သန္လ်င္ျမိဳ႕ကို သိမ္းပိုက္ရာတြင္ စတင္အသံုးခ်ခဲ့သည္။ သန္လ်င္ျမိဳ႕ရိုးေပၚ ေလွကားေထာင္၍တက္ေသာ မုဆိုးဖိုသားတို႕ အေပၚသို႕ ဟံသာ၀တီသားတို႕သည္ က်ိဳက္က်ိဳက္ဆူေအာင္ ပူေလာင္လွေသာ ပြဲလ်က္ရည္၊ ခဲရည္ တို႕ကို ေလာင္းခ်ရာ အေသအေပ်ာက္ လြန္စြာမ်ားခဲ့သည္။ ထိုအခါ အေလာင္းမင္းတရားၾကီးက ခေမာက္မ်ားကို နဂိုထက္ အရြယ္အစားပိုမိုၾကီးမားျပီး အပူဒဏ္ပိုမိုခံႏိုင္ ေအာင္ သစ္ေစးထူထူ သုတ္ေစကာ ရဲမက္ေတာ္တို႕ကို ေဆာင္းေစခဲ့သည္။ ထုိအခါတြင္ မုဆိုးဖိုသားတို႔ အလြယ္တကူ ျမိဳ႕ရိုးေပၚသို႕ ေရာက္ရွိကာ တုိက္ခိုက္ႏိုင္ခဲ့သည္။

(၂) ေကာက္ရိုး ျခင္းလံုးၾကီးမ်ား

ျပည္ျမိဳ႕ကို သိမ္းပိုက္ရာတြင္ စတင္ အသံုးခ်ခဲ့သည္။ ျပည္ ေရႊဆံေတာ္ဘုရားအနီးတြင္ မြန္တို႕ ခံတပ္အခိုင္အမာစြဲ၍ ခုခံခဲ့သည္။ ခံတပ္သည္ အုတ္ျမိဳ႕ျဖစ္သည့္ အျပင္ အေ၀းပစ္လက္နက္မ်ားျဖစ္သည့္ အေျမာက္၊ စိန္ေျပာင္း မွသည္ မီးေပါက္ေသနတ္၊ ေလးျမား တို႕အထိ စံုလင္စြာ စီမံထား၍ ရဲမက္ေတာ္မ်ား အထိအရွမ်ားခဲ့သည္။ ( ပထမတိုက္ပြဲတြင္ မိဖုရားေခါင္ၾကီး၏ ေမာင္ေတာ္အရင္း အပါအ၀င္ ဗိုလ္ ငါးဦး မွာ ပြဲခ်င္းျပီး က်ဆံုးခဲ့သည္ဆို၏)။ ထိုအခါ အေလာင္းမင္းတရားၾကီးက အ၀ ေျခာက္ေပ၊ အလ်ားေပႏွစ္ဆယ္ေက်ာ္ သံုးဆယ္ရွိေသာ ျခင္းလံုးၾကီးမ်ား ရက္ျပီးလွ်င္ ေကာက္ရိုးအျပည့္ထည့္ေစ၏။ ထို႕ေနာက္ ရဲမက္တို႕အား ျခင္းလံုးၾကီးမ်ားကို အကာအကြယ္ယူေစကာ ျမိဳ႕ရိုးအနီးသို႕ လွိမ့္၍ သြားေစ၏။ မီးေပါက္က်ည္ဆံ၊ အေျမာက္ဆံ ႏွင့္ ျမားတံ တို႕သည္ ျခင္းလံုးၾကီးမ်ားႏွင့္အေတြ႕တြင္မူ မည္သို႕မွ် သံုးမရေတာ့ေခ်။

(၃) ငရုတ္သီးမႈိင္း

ျပည္ျမိဳ႕ေတာင္မ်က္ႏွာ ကိုတိုက္စဥ္က ျဖစ္သည္။ မြန္တို႕သည္ ျမိဳ႕ရိုးေပၚမွပင္ ျမဲျမဲရပ္တည္ကာ ခုခံေနၾကသည္။ ပစ္စရာ ျမားတံ၊ က်ည္ဆံမ်ားကုန္သည့္အခါတြင္လည္း ျပန္မဆင္းဘဲ ဓါးမ်ားလွံမ်ားကို ကိုင္စြဲကာ မုဆိုးဖိုသားတို႕ တက္လွ်င္ ခုတ္ခ်ရန္ အသင့္ေစာင့္ေနၾကသည္။ ထိုအခါ ဦးေအာင္ေဇယ်က ၀ါးလံုး ကိုးေတာင္ ဆယ္ေတာင္ခန္႔ကို ထိပ္တြင္ ရႈးမီးတင္ကာ ယမ္းႏွင့္ ငရုတ္ေျခာက္ကို ညက္ေအာင္ေထာင္း၍ ထိုရႈးမီးထဲသို႕ထည့္ေစ၏။ ထို႕ေနာက္ ျမိဳ႕ရိုးေပၚမွ မြန္တို႕ထံ ထိုရႈးမီးမ်ားကို ေအာက္မွ ထိုး၍ မႈိင္းတိုက္သည္တြင္ မရပ္မတည္ႏိုင္ဘဲ ေျပးဆင္းၾကရေလသည္။ ( ကုန္းေဘာင္စတိုင္ ဓာတ္ေငြ႔လက္နက္ ဟုဆိုရေပမည္။ 😛 )

(၄) လွည္းရထားၾကီးမ်ား

ေရႊေညာင္ပင္ခံတပ္ကို တိုက္စဥ္က အသံုးျပဳခဲ့သည္ဆို၏။ ထု လက္ကိုးသစ္ခန္႔ထူေသာ ပ်ဥ္ျပားၾကီးမ်ားကို ဆက္စပ္၍ ခံတပ္လွည္းရထားၾကီးမ်ား တည္လုပ္ေစျခင္းပင္ျဖစ္သည္။ ရထားမွာ ေျပာင္းေသနတ္မ်ား ပစ္ရန္ အေပါက္ကို ၀ဲ ယာ ေရွ႕ တို႕တြင္ေဖာက္ကာ ရထားတြင္းတြင္ ဗိုလ္မႈး၊သူရဲသူခက္မ်ား လိုက္ပါရ၏။ တစ္စီးလွ်င္ အေျမာက္ သံုးလက္၊ သံကရနက္ တစ္ဆယ္၊ ရႈးမီး တစ္ဆယ္၊ ရဲတင္း၊ပုဆိန္ တစ္ဆယ့္ႏွစ္၊ နားပန္ေစာင့္ေသနတ္ ႏွစ္ဆယ္ ႏွင့္ ရထား တြန္းရသူ ငါးဆယ္စီ ရွိသည္ဟု မွတ္တမ္းမ်ားက ဆိုသည္။

ေျခလ်င္တပ္မ်ားသည္ ထိုရထားၾကီးမ်ား ေနာက္ကကြယ္၍ လိုက္ရသည္ဆို၏။ မတိုက္ခိုက္မီ စစ္ေရးျပသေဘာမ်ိဳးျဖင့္ မင္းတရားၾကီးေရွ႕တြင္ ရထားတပ္ၾကီးခ်ီတက္ျပရာ တပ္အလယ္မွ ရထားအေပၚတြင္ ေခါင္းေပါင္းေပါင္းကာ ဟန္ပါပါ လိုက္ပါလာေသာ လူတစ္ေယာက္ကို ျမင္သျဖင့္ ေမးေတာ္မူရာ ” ကၽြန္းဆံုျမိဳ႕သူၾကီး ရန္ေအာင္ေက်ာ္သူပါ ဘုရား” ဟုေလွ်ာက္ထားေလလွ်င္ “မာတလိနႏၵ”ဟူေသာဘြဲ႔ကို ေပးသနားေတာ္မူေလ၏။ ထိုရထားၾကီးမ်ားကို တည္ေဆာက္ရသည္မွာ ခဲယဥ္းဟန္တူသည္။ ေနာက္ပိုင္းတိုက္ပြဲမ်ားတြင္ အသံုးခ်သည္ကို မေတြ႔ရေတာ့ေပ။

( ဤသည္တို႕မွာ အေလာင္းမင္းတရားၾကီး၏ လြယ္လြယ္ကူကူႏွင့္ ထိေရာက္ေသာ တီထြင္မႈမ်ားသာျဖစ္သည္။ ထိုသို႕ ဥာဏ္ေျပးေတာ္မူေသာေၾကာင့္သာ ၀ါးရင္းတုတ္ႏွင့္ ထန္းလံုးခံတပ္ မွသည္ ကုန္းေဘာင္ဧကရာဇ္ႏိုင္ငံေတာ္ၾကီးကို တည္ေထာင္ႏိုင္ခဲ့ျခင္း ျဖစ္ေပမည္ ဟု ထင္မိပါေၾကာင္း) =(^_^)=

( ပံုကိုက်ေနာ့စာအုပ္မ်ားမွယူကာ Photowonder ျဖင့္ ဖန္တီးထားျခင္းျဖစ္ျပီး စာစီသူမွာလည္း က်ေနာ္ကိုယ္တုိင္သာ ျဖစ္ပါေၾကာင္း )

ပဥၥမံေၾကာင္(မင္းထက္ေက်ာ္စြာ)


အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ၏ ရိုးရှင်းထိရောက်သော တီထွင်မှုများ (unicode)

ရေးသားသူ – Min Htet Kyaw Swar

အေဒီ ၁၇၅၂ ခုနှစ်တွင် အဘက်ဘက်မှ ယိုယွင်းနေသော အင်း၀နေပြည်တော်ကို ဟံသာဝတီတပ်များက ချီတက်သိမ်းပိုက်နိုင်ခဲ့ပြီး ရှင်ဘုရင်၊မိဖုရားနှင့် တကွ အထူးထူးသော နန်းစဉ်ရတနာများ၊ဆင်မြင်းလူသူအများကို ဟံသာဝတီသို့ ဆောင်ယူခဲ့ကြသည်။

ထိုသို့ အင်းဝကို မွန်တို့ လွှမ်းမိုးမိသောအခါ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် ဟံသာဝတီသစ္စာကို မခံယူဘဲ မိမိကိုယ်တော်တိုင်သာ တစ်ထီးတစ်နန်းထူထောင်ရန်အတွက် ဧရာဝတီ နှင့် ချင်းတွင်း မြစ်နှစ်သွယ်စပ်ကြား ဒေသကို ခြေကုပ်ယူကာ မွန်တို့ သိမ်းပိုက်ထားသော ဗမာပိုင်နယ်မြေများကို ပြန်လည်သိမ်းယူရန် ကြိုးပမ်းခဲ့သည်။

ကြိုးပမ်းရာတွင် အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသည်။ ထိုအခက်အခဲများကို ကျော်လွှားရန်အလောင်းမင်းတရားကြီး သည် အောက်ဖော်ပြပါ ရိုးရှင်း ထိရောက်သော တီထွင်မှုများကို အသုံးချခဲ့လေသည်။

(၁) သစ်စေးသရိုးကိုင် ခမောက်ထူကြီးများ

သန်လျင်မြို့ကို သိမ်းပိုက်ရာတွင် စတင်အသုံးချခဲ့သည်။ သန်လျင်မြို့ရိုးပေါ် လှေကားထောင်၍တက်သော မုဆိုးဖိုသားတို့ အပေါ်သို့ ဟံသာဝတီသားတို့သည် ကျိုက်ကျိုက်ဆူအောင် ပူလောင်လှသော ပွဲလျက်ရည်၊ ခဲရည် တို့ကို လောင်းချရာ အသေအပျောက် လွန်စွာများခဲ့သည်။ ထိုအခါ အလောင်းမင်းတရားကြီးက ခမောက်များကို နဂိုထက် အရွယ်အစားပိုမိုကြီးမားပြီး အပူဒဏ်ပိုမိုခံနိုင် အောင် သစ်စေးထူထူ သုတ်စေကာ ရဲမက်တော်တို့ကို ဆောင်းစေခဲ့သည်။ ထိုအခါတွင် မုဆိုးဖိုသားတို့ အလွယ်တကူ မြို့ရိုးပေါ်သို့ ရောက်ရှိကာ တိုက်ခိုက်နိုင်ခဲ့သည်။

(၂) ကောက်ရိုး ခြင်းလုံးကြီးများ

ပြည်မြို့ကို သိမ်းပိုက်ရာတွင် စတင် အသုံးချခဲ့သည်။ ပြည် ရွှေဆံတော်ဘုရားအနီးတွင် မွန်တို့ ခံတပ်အခိုင်အမာစွဲ၍ ခုခံခဲ့သည်။ ခံတပ်သည် အုတ်မြို့ဖြစ်သည့် အပြင် အဝေးပစ်လက်နက်များဖြစ်သည့် အမြောက်၊ စိန်ပြောင်း မှသည် မီးပေါက်သေနတ်၊ လေးမြား တို့အထိ စုံလင်စွာ စီမံထား၍ ရဲမက်တော်များ အထိအရှများခဲ့သည်။ ( ပထမတိုက်ပွဲတွင် မိဖုရားခေါင်ကြီး၏ မောင်တော်အရင်း အပါအဝင် ဗိုလ် ငါးဦး မှာ ပွဲချင်းပြီး ကျဆုံးခဲ့သည်ဆို၏)။ ထိုအခါ အလောင်းမင်းတရားကြီးက အဝ ခြောက်ပေ၊ အလျားပေနှစ်ဆယ်ကျော် သုံးဆယ်ရှိသော ခြင်းလုံးကြီးများ ရက်ပြီးလျှင် ကောက်ရိုးအပြည့်ထည့်စေ၏။ ထို့နောက် ရဲမက်တို့အား ခြင်းလုံးကြီးများကို အကာအကွယ်ယူစေကာ မြို့ရိုးအနီးသို့ လှိမ့်၍ သွားစေ၏။ မီးပေါက်ကျည်ဆံ၊ အမြောက်ဆံ နှင့် မြားတံ တို့သည် ခြင်းလုံးကြီးများနှင့်အတွေ့တွင်မူ မည်သို့မျှ သုံးမရတော့ချေ။

(၃) ငရုတ်သီးမှိုင်း

ပြည်မြို့တောင်မျက်နှာ ကိုတိုက်စဉ်က ဖြစ်သည်။ မွန်တို့သည် မြို့ရိုးပေါ်မှပင် မြဲမြဲရပ်တည်ကာ ခုခံနေကြသည်။ ပစ်စရာ မြားတံ၊ ကျည်ဆံများကုန်သည့်အခါတွင်လည်း ပြန်မဆင်းဘဲ ဓါးများလှံများကို ကိုင်စွဲကာ မုဆိုးဖိုသားတို့ တက်လျှင် ခုတ်ချရန် အသင့်စောင့်နေကြသည်။ ထိုအခါ ဦးအောင်ဇေယျက ဝါးလုံး ကိုးတောင် ဆယ်တောင်ခန့်ကို ထိပ်တွင် ရှုးမီးတင်ကာ ယမ်းနှင့် ငရုတ်ခြောက်ကို ညက်အောင်ထောင်း၍ ထိုရှုးမီးထဲသို့ထည့်စေ၏။ ထို့နောက် မြို့ရိုးပေါ်မှ မွန်တို့ထံ ထိုရှုးမီးများကို အောက်မှ ထိုး၍ မှိုင်းတိုက်သည်တွင် မရပ်မတည်နိုင်ဘဲ ပြေးဆင်းကြရလေသည်။ ( ကုန်းဘောင်စတိုင် ဓာတ်ငွေ့လက်နက် ဟုဆိုရပေမည်။ 😛 )

(၄) လှည်းရထားကြီးများ

ရွှေညောင်ပင်ခံတပ်ကို တိုက်စဉ်က အသုံးပြုခဲ့သည်ဆို၏။ ထု လက်ကိုးသစ်ခန့်ထူသော ပျဉ်ပြားကြီးများကို ဆက်စပ်၍ ခံတပ်လှည်းရထားကြီးများ တည်လုပ်စေခြင်းပင်ဖြစ်သည်။ ရထားမှာ ပြောင်းသေနတ်များ ပစ်ရန် အပေါက်ကို ဝဲ ယာ ရှေ့ တို့တွင်ဖောက်ကာ ရထားတွင်းတွင် ဗိုလ်မှုး၊သူရဲသူခက်များ လိုက်ပါရ၏။ တစ်စီးလျှင် အမြောက် သုံးလက်၊ သံကရနက် တစ်ဆယ်၊ ရှုးမီး တစ်ဆယ်၊ ရဲတင်း၊ပုဆိန် တစ်ဆယ့်နှစ်၊ နားပန်စောင့်သေနတ် နှစ်ဆယ် နှင့် ရထား တွန်းရသူ ငါးဆယ်စီ ရှိသည်ဟု မှတ်တမ်းများက ဆိုသည်။

ခြေလျင်တပ်များသည် ထိုရထားကြီးများ နောက်ကကွယ်၍ လိုက်ရသည်ဆို၏။ မတိုက်ခိုက်မီ စစ်ရေးပြသဘောမျိုးဖြင့် မင်းတရားကြီးရှေ့တွင် ရထားတပ်ကြီးချီတက်ပြရာ တပ်အလယ်မှ ရထားအပေါ်တွင် ခေါင်းပေါင်းပေါင်းကာ ဟန်ပါပါ လိုက်ပါလာသော လူတစ်ယောက်ကို မြင်သဖြင့် မေးတော်မူရာ ” ကျွန်းဆုံမြို့သူကြီး ရန်အောင်ကျော်သူပါ ဘုရား” ဟုလျှောက်ထားလေလျှင် “မာတလိနန္ဒ”ဟူသောဘွဲ့ကို ပေးသနားတော်မူလေ၏။ ထိုရထားကြီးများကို တည်ဆောက်ရသည်မှာ ခဲယဉ်းဟန်တူသည်။ နောက်ပိုင်းတိုက်ပွဲများတွင် အသုံးချသည်ကို မတွေ့ရတော့ပေ။

( ဤသည်တို့မှာ အလောင်းမင်းတရားကြီး၏ လွယ်လွယ်ကူကူနှင့် ထိရောက်သော တီထွင်မှုများသာဖြစ်သည်။ ထိုသို့ ဥာဏ်ပြေးတော်မူသောကြောင့်သာ ဝါးရင်းတုတ်နှင့် ထန်းလုံးခံတပ် မှသည် ကုန်းဘောင်ဧကရာဇ်နိုင်ငံတော်ကြီးကို တည်ထောင်နိုင်ခဲ့ခြင်း ဖြစ်ပေမည် ဟု ထင်မိပါကြောင်း) =(^_^)=

( ပုံကိုကျနော့စာအုပ်များမှယူကာ Photowonder ဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး စာစီသူမှာလည်း ကျနော်ကိုယ်တိုင်သာ ဖြစ်ပါကြောင်း )

ပဥ္စမံကြောင်(မင်းထက်ကျော်စွာ)

Leave a Reply