ရေးသားသူ – ဆုသစ္စာကို (Isabella Thitsa)
မဟာဓမ္မရာဇာသည် ဘုရင့်နောင်မင်းတရားကြီး နှင့် မိဖုရားခင်ပြည့်စုံတို့မှ ဖွားမြင်သော ညောင်ရမ်းမင်း ရှင်သစ္စာ ၏ သားတော်ကြီးဖြစ်သည်။ မြန်မာရာဇဝင်များထဲတွင်
”မဟာဓမ္မရာဇာမင်းကား ဘုန်းတန်ခိုးအာဏာကြီး၏။ မျက်နှာတော်ရယ်တိုင်း ရန်ခပ်သိမ်းအောင်ဖန်များ၏။ မိုးစွေသည်ကို ဓားပြလျှင် မိုးစဲ၏။ ဒီရေတက်သည်ကို ဓားပြလျှင်ဒီရေတန့်၏။ မဟာဓမ္မရာဇာကျွန် ဟု ရဲမက်တော်တို့ ကြိမ်းပလျှင် လူမဆိုထားဘိ၊ ဘီလူးတစ္ဆေသော်လည်း ပျောက်လွင့်၏။”ဟု မဟာဓမ္မရာဇာမင်း၏ ဘုန်းတန်ခိုးအား အထူးချီးမွမ်းထားသည်ကို တွေ့ရသည်။
မဟာဓမ္မရာဇာသည် ခမည်းတော် ညောင်ရမ်းမင်းနတ်ရွာစံအပြီး ကောဇာသက္ကရာဇ် ၉၆၈(AD 1606) အသက် ၂၈ တွင် အင်းဝထီးနန်းကို သိမ်းမြန်းစိုးစံခဲ့သည်။ ဘုရင့်နောင်၏ မြေးတော်များဖြစ်ကြသော မင်းကြီးစွာ၊ မင်းရဲကျော်စွာစုန်၊ မင်းကြီးနှောင်း၊ နတ်သျှင်နောင် စသူူတို့နဲ့လည်း ညီအစ်ကိုဝမ်းကွဲတော်စပ်သူဖြစ်သည်။
မင်းကြီးနန်းတက်အပြီးတွင် မော်လမြိုင် မုတ္တမ ဘက်သို့ ယိုးဒယားဘုရင် ဗြနရစ် ထိပါးသောကြောင့် ချီတက်နှိမ်နင်းပြီး ရေးမြို့အထိ သိမ်းပိုက်ခဲ့သည်။ ရေးမြို့စားအား အပါးတော်တွင်ခေါ်ယူထားပြီး ညီတော်စစ်ကိုင်းစားအား ရေးမြို့ကိုစားစေသည်။ ထို့နောက်မင်းတရားကြီးသည် ဟံသာဝတီနန်းမြို့တော်ဟောင်းအနီးမှာပင် ယာယီတဲနန်းတည်ဆောက်၍ တစ်မိုးတွင်းလုံးစံနေတော်မူသည်။
ထိုစဉ် ယိုးဒယားသားတို့ မြှောက်ထိုးပင့်ကော်မှုကြောင့် ထားဝယ်စားက ရေးမြို့အားတိုက်ခိုက်သိမ်းပိုက်ပြီး ရေးမြို့စားဖြစ်လာသည့် ညီတော်စစ်ကိုင်းစားအား ဖမ်းဆီးသွားကြောင်းသိလျှင် ချက်ချင်းချီတက်တိုက်ခိုက်၍ စစ်ကိုင်းစားအား ကယ်တင်ခဲ့သည်။ ထို့နောက် ရခိုင်အရေး ပြည်အရေး တို့ကိုဖြေရှင်းရပြန်သည်။ ဇင်းမယ်တွင်လည်း ထီးနန်းရှုပ်ထွေးမှုဖြစ်ပြန်သဖြင့် ကိုယ်တော်တိုင်ချီတက်နှိမ်နင်းရသည်။
မဟာဓမ္မရာဇာသည် စစ်ချည်းပတ်တိုက်နေရသော်လည်း အခြားဆောင်ရွက်ဖွယ် ရှိသည့် သာသနာရေးတာဝန်များကိုလည်း မလစ်ဟင်းစေရပေ။ ပဲခူးမော်ဓောဆံတော်ရှင်နှင့် ဒဂုံဆံတော်ရှင်တို့ကို လုံးတော်ပြည့် ပြုပြင်မွမ်းမံသည်။ အခြားဘုရားကျောင်းကန်တို့ကိုလည်း ဆောက်လုပ်လှူဒါန်းသည်။
တောင်ငူကို ချီတက်သိမ်းပိုက်သောအခါ သူ့လိုပင် စစ်ပညာတတ်ကျွမ်းသော ညီအစ်ကိုတော် ရတုထိပ်ခေါင် နတ်သျှင်နောင်နှင့် ထိပ်တိုက်တွေ့ရပြန်သည်။ သို့သော် နတ်သျှင်နောင်၏တောင်ငူတပ်များသည် မဟာဓမ္မရာဇာ၏ အင်းဝတပ်များကို ကြာရှည်မရင်ဆိုင်နိုင်ခဲ့သလို နတ်သျှင်နောင်ကိုယ်တိုင်လည်း မဟာဓမ္မရာဇာနှင့် စီးချင်းမထိုးနိုင်ခဲ့ပေ။ ထို့ကြောင့် အင်းဝတပ်များသည် တောင်ငူကို လက်ရသိမ်းပိုက်နိုင်ခဲ့သည်။
နတ်သျှင်နောင်က “တင်ပါးတွင် သွေးစုနာပေါက်နေသဖြင့် မြင်းပေါ်တွင် မထိုင်နိုင်၍သာ စစ်ရှုံးရသည်မှတ်ပါ” ဟု မခန့်မရည်း ပြောသည်ကို သည်းခံတော်မူသည်။ တောင်ငူနန်းကို မှန်ကင်းချ၍ နတ်သျှင်နောင်ကိုပင် သစ္စာပေးကာ ဆက်လက်အုပ်စိုးစေသည်။ မှန်ကင်းချခံလိုက်ရသဖြင့် ထီးပြိုင်နန်းပြိုင်ဘုရင်တစ်ပါးမဟုတ်တော့ဘဲ တောင်ငူမြို့စားအဆင့်သာဖြစ်သွားသည့် နတ်သျှင်နောင်သည် သွေးနီးရာ မချိုနိုင်တော့ဘဲ သန်လျင်ရှိ ပေါ်တူဂီ ဒီဘရစ်တို(ခ) ငဇင်ကာ နှင့် ပူးပေါင်းတော့သည်။
အဆိုပါ ပေါ်တူဂီ ငဇင်ကာသည် နန္ဒဘုရင်လက်ထက် တောင်ငူဘုရင် မင်းရဲသီဟသူနှင့် သူ၏သားတော်နတ်သျှင်နောင်တို့ ရခိုင်ဘုရင်မင်းရာဇာကြီးနှင့်ပေါင်း၍ ဟံသာဝတီကိုတိုက်ခိုက်သောအခါ ရခိုင်ဘုရင့်စစ်တပ်တွင် အမှုထမ်းအဖြစ်လိုက်ပါလာသော ကြေးစားစစ်သားဖြစ်သည်။ မင်းရာဇာကြီး အပြန်တွင် သန်လျင်တွင်ဆောက်လုပ်နေသော အကောက်ခွန်ရုံးတွင် ဦးစီးအရာရှိအဖြစ်ခန့်ထားပေးပါရန်တောင်းဆိုသဖြင့် ရခိုင်ဘုရင်က တောင်ငူမင်းနှင့် တိုင်ပင်၍ ထားခဲ့ခြင်းဖြစ်သည်။
ထို့နောက်တွင်မူ ငဇင်ကာသည် သန်လျင်ကို ခံတပ်အသွင်ဆောက်လုပ်၍ ဂိုအာရှိ ပေါ်တူဂီဘုရင်ခံထံတွင် ပေါ်တူဂီကိုလိုနီအဖြစ် အပ်နှင်းသည်။ ပေါ်တူဂီဘုရင်ခံကလည်း တူူမတော်သူ ဒေါင်နာလွီဇာနှင့်ပေးစား၍ လူသူလက်နက် ဖြည့်တင်းပေးသည်။ သန်လျင်တွင် သူတို့ထားခဲ့သော ပေါ်တူဂီကျွန်ပျက်က ပုန်ကန်ပြီကို သိလိုက်ရသောအခါ တောင်ငူဘုရင်နှင့် ရခိုင်ဘုရင်တို့များစွာ အသည်းယားသွားပြီး ချီတက်တိုက်ခိုက်ကြရာ ရခိုင်အိမ်ရှေ့မင်းသား မင်းခမောင်း အဖမ်းခံရသည်။
ပြန်လွှတ်ပေးရန်ညှိနှိုင်းသောအခါ ငဇင်ကာက သူ့ကို ငွေဒင်္ဂါး ငါးသောင်းပေးရန်၊ သူ့ကို မလေးမစား ကျွန်ဟု မခေါ်ရန်၊ နောက်တစ်ကြိမ်လာရောက်မတိုက်ခိုက်ရန် ကတိတောင်းပြီးမှ ပြန်လွှတ်ပေးသည်။ မြန်မာမင်းညီနောင်များအချင်းချင်း စိတ်ဝမ်းကွဲကြရာ နောက်ဆုံး လူမျိုးခြားပေါ်တူဂီကြေးစား၏ အနိုင်အထက်ဆက်ဆံခြင်းကိုပါ ခံံကြရလေတော့သည်။
ကျွန်ပျက် ငဇင်ကာငယ်သည် သူ့ကိုပြောမည့်ဆိုမည့်သူ မရှိတော့သည့်အခါ စေတီပုထိုးများမှ ခေါင်းလောင်းများ ကြေးဆင်းတုများကို အရည်ကျိုရန် သယ်ယူသည်။ သန်လျင်သားတို့ကိုလည်း မတရားသဖြင့် အခွန်အတုတ်များကောက်ခံ နှိပ်စက်ညှင်းဆဲရာ ပြည်သူတို့ ကိုယ်စိတ်နှလုံးကြိမ်မီးအုံးသို့ ဖြစ်ကြရသည်။
အောက်မြန်မာပြည်မှ ဘုရင်တို့ ကိုယ်မွေးသည့်မျောက် ကိုယ်မနိုင်တော့သော ထိုအခြေအနေကို အထက်မြန်မာပြည်မှ အင်းဝဘုရင် မဟာဓမ္မရာဇာ ကြားသိသောအခါ သန်လျင်ကို တိုက်ခိုက်ရန် စစ်အင်္ဂါလေးပါး ခင်းကျင်းပြီး ဆင်းချလာသည်။ သန်လျင်သည် မြစ်ဝနားတွင်ရှိနေသဖြင့် ဒီရေအတက်အကျရှိပြီး ခရာဆူးချုံများလည်းထူထပ်ရာ ထိုသဘာဝပထဝီဝင် အနေအထားနှင့် မရင်းနှီးသော အညာသားစစ်သည်တို့ အခက်အခဲလျော့နည်းအောင် မိုးကုန်မှ အမြော်အမြင်ကြီးစွာ ချီတက်လာခြင်း ဖြစ်သည်။
သန်လျင်ကို စနစ်တကျဝန်းရံံ၍ လုပ်ကြံကြသောအခါ သန်လျင်ဘက်မှလည်း မြို့စီးပြစီး ထူူထူတင်၍ အမြောက် စိန်ပြောင်းတို့ဖြင့် ပစ်ခတ်ခုခံကြရာ အင်းဝစစ်သည်တို့ အထိအရှများခဲ့သည်။ ပေါ်တူဂီတို့က မြို့ရိုးပေါ်တက်လာသော အင်းဝစစ်သည်တို့ကို ငရုတ်ရည် ပွဲလျက်ရည် ရေနွေးကျိုက်ကျိုက်ဆူတို့ဖြင့် လောင်းချကြသည်။ သို့သော် အင်းဝဘုရင်သည် နည်းနည်းလေးမျှ နောက်မဆုတ်ဘဲ မလျှော့သောဇွဲ မဆုတ်မနစ်သောလုံ့လတို့ဖြင့် ဆက်လက်ဝန်းရံတိုက်ခိုက်ခဲ့သည်။
နောက်ဆုံးတွင် ဥမင်တူး၍ မြို့ရိုးအခြေမှတိုင်များကို ဖြိုဖျက်ကာ သန်လျင်ကို သိမ်းပိုက်ပြီး နတ်သျှင်နောင်နှင့် ငဇင်ကာတို့ကို လက်ရဖမ်းမိသည်။ ယင်းတို့ကို အင်းဝဘုရင် မဟာဓမ္မရာဇာ ကိုယ်တိုင် စစ်ဆေး၍ နတ်သျှင်နောင်အား အမျိုးသားရေးကို သစ္စာဖောက်မှုဖြင့် မြို့လယ်တွင် ရင်ခွဲသတ်စေသည်။ ငဇင်ကာအား အမျိုးဘာသာ သာသနာကို ထိပါးဖျက်ဆီးသူအဖြစ် တံကျင်လျှို၍သတ်စေသည်။
အင်းဝဘုရင် မဟာဓမ္မရာဇာသည် ခမည်းတော်ညောင်ရမ်းမင်း အစပျိုးခဲ့သည့် နိုင်ငံတော်ပြန်လည်စည်းရုံးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို နန်းတက်ပြီး ၁၀နှစ်ကျော်ကြာသည်အထိ မနားမနေဆောင်ရွက်ခဲ့ရသည်။ သူ၏လက်ထက်တွင် မြန်မာနိုင်ငံသည် တောင်ဘက်တွင်ထားဝယ်၊ မြောက်ဘက်တွင်ဗန်းမော်၊ အရှေ့ဘက်တွင် ဆစ်ဆောင်ပန္နားနဲ့ ဇင်းမယ်၊ အနောက်ဘက်တွင် ရခိုင်ရိုးမတောင်တန်းအထိ ကျယ်ပြန့်ခဲ့သည်။ ထူထောင်ရေးကာလအပြီးတွင် ဘင်္ဂလား အာချင် ဂေါ်ကွန်ဒါး ဂိုအာ မြို့များမှ သံတမန်များစေလွှတ်လာသည်ကို လက်ခံတွေ့ဆုံခဲ့သဖြင့် နိုင်ငံခြားဆက်ဆံရေးလည်း တိုးတက်ခဲ့သည်။
မင်းကြီး၏ဘဝနိဂံုံးမှာမူကြေကွဲဖွယ်ကောင်းလှသည်။
-“ရာဇဝတ်ကိုကျူးလွန်၍ကျင့်ဘိသည်။ နင့်ကို သံအိုးကင်းနှင့်ကြော်မည်”
ပြောသူက အင်းဝဘုရင် မဟာဓမ္မရာဇာ၊
အပြောခံရသူက သားတော်အရင်း မင်းရဲဒိဗ္ဗ။
နောက်ခံဖြစ်ရပ်မှာ သားတော်မင်းရဲဒိဗ္ဗသည် ကျိုင်းတုံစော်ဘွားကြီး၏သမီး ဘုရင့်ကိုယ်လုပ်တော် ‘နှင်းခမ်းပေါ’နှင့် ရည်ငံကြသည်။ မဖုံးနိုင်မဖိနိုင်အခြေအနေကို မိန်းမစိုးတို့သိ၍ မင်းကြီးထံ လျှောက်သောအခါ မဟာဓမ္မရာဇာက နှင်းခမ်းပေါကို ခေါ်၍ အကြောင်းစုံမေးရာ သေမည့်အတူတူ မထူးတော့ပြီမို့ ”မင်းရဲဒိဗ္ဗ မင်းသားပေးသောသန္ဓေ ပါ”ဟု ဖြေလိုက်သည်တွင် အင်းဝဘုရင် မဟာဓမ္မရာဇာက (အမျက်တော်မရှိသော်လည်း) ခြိမ်းခြောက်စကားဆိုလိုက်သည်။
သားတော် မင်းရဲဒိဗ္ဗသည် လွန်စွာထိတ်လန့်သွားပြီး အမှန်တကယ်ပင် သံအိုးကင်းနဲ့ အကြော်ခံ ရတော့မည်ဟု ထင်မြင်သွားခဲ့သည်။ အပြစ်ကျူးလွန်ထားသူပီပီ သေဘေးကို ကြောက်လန့်ကာ ညအခါ မင်းကြီး အနောက်နန်းတွင်စံတော်မူနေစဉ် ဝင်ရောက် လုပ်ကြံသတ်ဖြတ်ခဲ့တော့သည်။ (ထို့ကြောင့် မဟာဓမ္မရာဇာမင်းကြီးကို အနောက်ဘက်လွန်မင်းဟုလည်း မှတ်တမ်းတင်ကြသည်။)
မဟာဓမ္မရာဇာမင်းကြီး အနိစ္စရောက်ချိန်တွင် သက်တော် ၅၁ နှစ်သာရှိသေးသည် ဖြစ်ရာ ညောင်ရမ်းခေတ်အစောပိုင်း ပြန်လည်ထူထောင်ကာစ မြန်မာနိုင်ငံတော်အတွက် များစွာ နစ်နာခဲ့သည် ဟုလည်းဆိုနိုင်သည်။
နိဂုံးချုပ်အားဖြင့် သုံးသပ်ရသော် အင်းဝဘုရင် မဟာဓမ္မရာဇာမင်းကြီးသည် သမိုင်းအပေါ် အလွန်တာဝန်ကျေခဲ့သောမင်းဖြစ်သည်။ ထိုခေတ် ထိုအခါက လွန်စွာခြေရှုပ်နေသော ပေါ်တူဂီရန်စရန်ကြွေးကို သူ့ခေတ်သူ့အခါမှာပင် အပြီးတိုင်ချေမှုန်းသုတ်သင်ပေးခဲ့သူဖြစ်သည်။ ပေါ်တူဂီတို့သည် ဂိုအာကို ရှေးမွန်မဆွကပင် သိမ်းပိုက်ထားခဲ့ရာ ၁၉၆၅ရောက်မှ အိန္ဒိယ ဝန်ကြီးချုပ် အိန္ဒီယာဂန္ဒီ၏အမိန့်ဖြင့် ပြန်လည်ရယူခဲ့ရသည်။ တရုတ်ပြည်တွင်လည်း ပေါ်တူဂီတို့သည် မန်ချူးဧကရာဇ်က မကာအိုတွင် အခြေချနေထိုင်ခွင့် ပေးခဲ့သည်ကို သူတို့အား အပိုင်ပေးခဲ့သယောင် အရူးကွက်နင်းခဲ့ကြသူများဖြစ်သည်။
တရုတ်ပြည်သည် ပထမဘိန်းစစ်ပွဲအပြီးတွင် အင်္ဂလိပ်တို့ကို စစ်ရှုံးခဲ့သည်ဖြစ်ရာ ဟောင်ကောင်ကျွန်းကို လက်လွှတ်ခဲ့ရသည်။ ဤတွင် ပေါ်တူဂီတို့ကလည်း မကာအိုကို သူတို့အပိုင်လုပ်လိုက်ကြသည်။ ဟောင်ကောင်ကျွန်းကို ပြန်ရသောအခါတွင်မှ မကာအိုလည်း တရုတ်အပိုင်ပြန်ဖြစ်ရသည်။ မြန်မာနိုင်ငံတွင်မူ အင်းဝဘုရင် မဟာဓမ္မရာဇာ၏ကျေးဇူးကြောင့် လွတ်လပ်ရေးရပြီးချိန်တွင် ပေါ်တူဂီတို့၏ဒုက္ခပေးမှုနှင့် ရန်စရန်ကြွေးကို အထူးဖြေရှင်းရန်မလိုတော့ချေ။
ဆုသစ္စာကို (Isabella Thitsa)
Discussion about this post