ထင်ရှားကျော်ကြား ကမ္ဘာတစ်လွှားက ရေတံခွန်ကြီးများအကြောင်း

Posted on

၅။ အိန်ဂျယ်လ်ရေတံခွန် (ကမ္ဘာ့အမြင့်ဆုံးရေတံခွန် )

အိန်ဂျယ်လ်ရေတံခွန် ( Angel Falls) သည် ဗင်နီဇွဲလားနိုင်ငံ Bolívar ပြည်နယ်၊ Gran Sabana ဒေသအတွင်းရှိ ယူနက်စကို ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်သော Canaima National Park အတွင်းရှိ Auyantepuiတောင်ပေါ်မှ စီးဆင်းနေသောရေတံခွန်ဖြစ်သည်။ ကမ္ဘာ့အမြင့်ဆုံး ရေတံခွန် ဖြစ်ပြီး စုစုပေါင်းအမြင့်မှာ ၉၂၉ မီတာ (၃၂၁၂ ပေ) ရှိသည်။ အထက်တွင် ဖော်ပြခဲ့သော ၉၂၉ မီတာ (၃၂၁၂ ပေ) တွင် ရေတံခွန်၏ အဓိက ရေစတင်စီးဆင်းရာမှ အောက်သို့ အမြင့်၊ နိမ့်ဆင်းသွားသော ရေတံခွန်ငယ်၏ အမြင့် ၄၀၀ မီတာ (၀.၂၅ မိုင်) ခန့်နှင့် ရေတံခွန်၏အောက် စမ်းချောင်းအဖြစ် စီးဆင်းသွားသော အမြင့် ၃၀ မီတာ (၉၈ ပေ) တို့ကိုပါ ထည့်သွင်းထားခြင်း ဖြစ်သည်။ ရေများသည် Rio Kerepacupai မြစ်ဆုံတစ်လျောက် စီးဆင်းကြပြီး Carrao River မြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော Churun River အတွင်းသို့ စီးဝင်သည်။ ရေတံခွန်အောက်ခြေအကျယ်မှာမူ ၁၅၀မီတာခန့်ရှိသည်။

၂၀ ရာစုအလယ်ပိုင်းကတည်းက အိန်ဂျယ်လ်ရေတံခွန်ဟု လူသိများခဲ့သည်။ ၎င်းမှာ ဂျင်မီအိန်ဂျယ်လ်(Jimmie Angel) ကိုအစွဲပြု၍ ပေးထားခြင်းဖြစ်သည်။ Jimmie Angel သည် အမေရိကန် လေယာဉ်မှူးတစ်ဦးလည်းဖြစ်သည်။ ရေတံခွန်များအထက်တွင် ပျံသန်းသော ပထမဆုံးသူလည်း ဖြစ်သည်။ ၁၉၆၀ ခုနှစ်၊ ဇူလိုင်လ၊ ၂ ရက်နေ့တွင် အိန်ဂျယ်လ်၏ အရိုးပြာများကို ရေတံခွန်ထဲသို့ ကြဲဖြန့်ခဲ့သည်။

အိန်ဂျယ်လ်ရေတံခွန်သည် ဗင်နီဇွဲလားနိုင်ငံအတွက် ခရီးသွားများကို အဓိက ဆွဲဆောင်သော နေရာများထဲမှ တစ်ခုဖြစ်သည်။ သို့သော်လည်း ရေတံခွန်သို့သွားသော ခရီးမှာ ပုံမှန်ခရီးသွားတို့အတွက် ခက်ခဲသော ခရီးတစ်ခုဖြစ်သည်။ ရေတံခွန်သည် သီးခြားဖြစ်၍ ထူထပ်သော တောကြီးတွင်တည်ရှိသည်။ အိန်ဂျယ်ရေတံခွန်သည် Disney ၏ နာမည်ကြီးလူကြိုက်များသော UP ရုပ်ရှင်ကားတွင် အဓိကနေရာတစ်ခုအဖြစ်ပါဝင်ခဲ့သည်။ ထိုရုပ်ရှင်တွင် Angel-Falls အစား Paradise Falls ဟု ခေါ်ဝေါ်ခဲ့သည်။

၎။ ဒက်တီဖော့ရေတံခွန် ( ဥရောပရဲ့ ရေစီးအားအပြင်းဆုံးရေတံခွန်)

Dettifoss ရေတံခွန်ဟာ အိုက်စလန်နိုင်ငံရဲ့ အရှေ့မြောက်ဘက်က Vatnajökull အမျိုးသားဥယျာဉ်နယ်မြေထဲမှာ တည်ရှိပြီး ဥရောပရဲ့ရေစီးအားအပြင်းဆုံးရေတံခွန်အဖြစ် နာမည်ကျော်ပါတယ်။  Dettifoss ရဲ့အဓိပ္ပါယ်က ပူပေါင်းထနေသော လို့အဓိပ္ပါယ်ရပြီး ဒီရေတံခွန်ကို ဥရောပရဲ့ နိုင်ဂါရာရေတံခွန်လို့လည်းခေါ်ကြပါသေးတယ်။ ပျမ်းမျှအားဖြင့် တစ်စက္ကန့်ကို ၁၉၃ကုဗမီတာ ရေစီးအားရှိပြီး ရာသီဥတုပြင်းထန်တဲ့အခါ နဲ့ မီးတောင်ပေါက်ကွဲမှုတွေရှိတဲ့ အခါတွေမှာတော့ ၅၀၀ ကုဗမီတာခန့်အထိ ရှိတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ ရေတံခွန်ဝန်းကျင်က ကျောက်ဆောင်တွေဟာ ပြင်းထန်စွာတုန်ခါနေလေ့ရှိပါတယ်။

ဒီရေတံခွန်ဟာ Vatnajökull ရေခဲတောင်ကနေ စီးဆင်းနေတဲ့ Jökulsá á Fjöllum မြစ်မှာတည်ရှိတာဖြစ်ပြီး အကျယ်အားဖြင့် မီတာ ၁၀၀ အနက်အားဖြင့် ၄၅မီတာ ရှိပါတယ်။ ရေတံခွန်က ရေတွေဟာ Jökulsárgljúfur ချောက်ထဲကို အဆက်မပြတ်စီးဆင်းနေပါတယ်။ ဒီရေတံခွန်မှာ ဒုတိယရေတံခွန်နှစ်ခုရှိနေပါသေးတယ်။ ဒီရေတံခွန်တွေကတော့ တောင်ဘက်ကီလိုမီတာ အနည်းငယ်မှာရှိနေတဲ့ Selfoss ရေတံခွန် နဲ့ မြောက်ဘက် ကီလိုမီတာ အနည်းငယ်မှာရှိနေတဲ့ Hafragilsfoss ရေတံခွန်တွေဖြစ်ပါတယ်။

ရေတံခွန်က စီးကျနေတဲ့ရေအရောင်ဟာ ပုံမှန် အိုင်စလန်မြစ်တွေကရေအရောင်နဲ့ မတူပဲ ညိုညစ်ညစ်ဖြစ်နေတာကိုတွေ့ရမှာပါ။
ကမ္ဘာလှည့်ခရီးသွားတွေဟာ ဒီရေတံခွန်ရဲ့ မျက်နှာခြင်းဆိုင်ကမ်းပါးပေါ်ကနေ ရေတံခွန်ကိုကြည့်ရင်း ဆူညံနေတဲ့ရေစီးကျသံတွေကို နားထောင်ရတဲ့ အရသာကို အလွန်နှစ်သက်ကြပါတယ်။

၃။ နိုင်အာဂရာ ရေတံခွန် (ကမ္ဘာ့ရေစီးအားအပြင်းဆုံး ရေတံခွန်)

နိုင်အာဂရာ ရေတံခွန်သည် နိုင်အာဂရာမြစ်ပေါ်တွင် တည်ရှိသော ထုထည်ကြီးမားသည့် ရေတံခွန်ကြီး တစ်ခု ဖြစ်သည်။ ကနေဒါနိုင်ငံ အွန်တေရီအို ဒေသနှင့် အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်တို့အကြားတွင် နိုင်ငံတကာ နယ်နိမိတ် အဖြစ် တည်ရှိသည်။ ရေတံခွန်သည် နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့၏ အနောက်မြောက်ဘက် ၁၇မိုင် (၂၇ ကီလိုမီတာ) အကွာနှင့် ကနေဒါနိုင်ငံ အွန်တေရီအိုမြို့၏ အရှေ့တောင်ဘက် ၇၅ မိုင် (၁၂၁ ကီလိုမီတာ အကွာတွင် တည်ရှိပြီး အမြွှာမြို့နှစ်မြို့ဖြစ်သော နိုင်အာဂရာဖောလ်မြို့ အွန်တေရီအို နှင့် နိုင်အာဂရာဖောလ်မြို့ နယူးယောက် တို့၏ကြားတွင် တည်ရှိသည်။

နိုင်အာဂရာ ရေတံခွန် တွင် ဂုတ်ကျွန်းဖြင့် ခွဲခြားထားသော အဓိက အစိတ်အပိုင်း နှစ်ခုရှိသည်။ ပထမတစ်ခုမှာ ဟော့စ်ရှူး (မြင်းခွာ) ရေတံခွန် ဖြစ်ပြီး ယနေ့တွင် ကနေဒါ နိုင်ငံဘက်တွင် တည်ရှိကာ အမေရိကန် ဘက်တွင် အမေရိကန်ဖောလ် ဟူ၍ ရှိသည်။ အသေးစား ရေတံခွန် ဖြစ်သော ဘရိုက်ဒယ်ဘေးလ်ဖောလ် (သတို့သမီး မျက်နှာဖုံး ရေတံခွန်) သည်လည်း အမေရိကန်ဘက် အခြမ်းတွင် တည်ရှိပြီး ပင်မရေတံခွန်မှ လူနာကျွန်းဖြင့် ခွဲခြားထားသည်။

နိုင်အာဂရာ ရေတံခွန်သည် အလွန်အမင်း မြင့်မားခြင်းမရှိသော်လည်း အလွန်ကျယ်ဝန်းသည်။ ရေတံခွန်အစပ်မှ မိနစ်တိုင်းတွင် ရေထုထည် ၆သန်း စတုရန်းပေ (၁၆၈,၀၀၀ စတုရန်းမီတာ) ခန့် စီးကျလျှက် ရှိပြီး ပျမ်းမျှအားဖြင့် စတုရန်းပေ ၄ သန်း (၁၁၀,၀၀၀ စတုရန်းမီတာ) ခန့် ရှိသည်။ မြောက်အမေရိကတွင် အင်အားအကြီးဆုံးသော ရေတံခွန်ပင် ဖြစ်သည်။

နိုင်အာဂရာ ရေတံခွန်သည် ၎င်း၏ အလှအပ နှင့် ရေအားလျှပ်စစ်အတွက် အရေးပါသော ရင်းမြစ်ဖြစ်သောကြောင့် ထင်ရှားကျော်ကြားသည်။ ရေတံခွန်ကို ထိန်းသိမ်းစောင့်ရှောက်သူများ အနေနှင့် အပန်းဖြေရေး၊ စီးပွားရေး၊ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ အကြား ဘက်မျှအောင် ကြိုးပမ်းရခြင်းသည် စိန်ခေါ်မှု တရပ်အဖြစ် တည်ရှိခဲ့သည် မှာ ၁၉ ရာစု ကတည်းကပင် ဖြစ်သည်။

၂။ ဝိတိုရိယရေတံခွန် (အကျော်ကြားဆုံးရေတံခွန်)

ဝိတိုရိယရေတံခွန်သည် အာဖရိက တိုက်တောင်ပိုင်း ဇင်ဘာဘွေနိုင်ငံနှင့် ဇမ်ဗီယာနိုင်ငံတို့၏ နယ်ခြား ဇစ်ဗီဇီမြစ်ပေါ်တွင် တည်ရှိသည်။ ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးရေတံခွန်လည်းဖြစ်သည်။ ၁၈၅၅ ခုနှစ်၌ စကော့လူမျိုး စူးစမ်းရှာဖွေသူ ဒေါက်တာဒေးဗစ်လစ်ဗင်းစတုန်း( Doctor David Livingstone) သည် ထိုရေတံခွန်သို့ ရောက်ရှိသည်တွင် ဝိတိုရိယဘုရင်မကို အစွဲပြု၍ ဝိတိုရိယ ရေတံခွန်ဟု အမည်ပေးခဲ့သည်။ ဇမ်ဗီဇီမြစ်သည် အာဖရိကတိုက်အလယ်ပိုင်း ကုန်းမြင့်တစ်လျှောက် စီးဆင်းလာပြီးနောက် ဝိတိုရိယရေတံခွန်နေရာသို့ ရောက်သော် ရုတ်တရက်အောက်ခြေရှိ ချောက်ထဲသို့ အဟုန်ပြင်းစွာ ထိုး ဆင်းလေသည်။

ကျဆင်းသည့် ရေတံခွန်အမြင့်သည် ပေ ၃၆ဝ ခန့်ဖြစ်၍ အကျယ်မှာ တစ်မိုင်ကျော်(၅၆၀၄ပေ) ဖြစ်သည်။ ချောက်ကမ်းပါးထိပ်တွင် ရေသည် တစ်ပြင်တည်းကျဆင်းလာသည်မဟုတ်၊ ကျွန်းကလေးများက ကြားခံလျက်ရှိ သဖြင့် ရေကြောင်းလေးကြောင်းခွဲ၍ ကျဆင်းသည်။ အလယ်တွင်ရှိကြသည့် ရေတံခွန်မကြီးနှင့် သက်တံရေတံခွန်တို့သည် အကျယ်ဆုံးရေပြင် နှစ်ပိုင်း ဖြစ်သည်။ ရေတံခွန်အောက်ဘက်မှ ရေ၏ အနက်မှာ ၂၃၀ပေ ဖြစ်သည်။

ကျဆင်းသောရေအဟုန်ကြောင့် ထွက်ပေါ်လာသည့် အခိုးအငွေ့ကို ၁ဝ မိုင်ခန့်ဝေးသော နေရာကပင် မြင်နိုင်သည်။ ရေကျဆင်းသံသည်လည်း အဆက်မပြတ် မိုးခြိမ်းသံကဲ့သို့ပင် ပြင်းထန်သည်။ ထို့ကြောင့် တိုင်းရင်း သားတို့က ထိုရေတံခွန်ကြီးကို မိုးကြိုးမီးခိုး ဟု အမည်ပေးထားကြ သည်။ ၁၉ဝ၅ ခုနှစ်တွင် ထိုချောက်ကြီး၏ ကမ်းအစွန်းနှစ်ဖက်ကို ပေါင်းကူးတံတားဆောက်လုပ်၍ ဆက်သွယ်ထားရာ ကိပ္ပတောင်းမြို့မှ ကိုင်ရို မြို့သို့သွားသော မီးရထားသည် ထိုတံတားဖြင့် မြစ်ကိုဖြတ်ကျော်ရလေသည်။ ၁၉၃၈ ခုနှစ်တွင် ဝိတိုရိယရေတံခွန်၌ ရေအားသုံးလျှပ်စစ်ထုတ်လုပ်ရေး စခန်းကို ဖွင့်လှစ်ခဲ့ကြသည်။

၁။ Iguazu ရေတံခွန် ( ကမ္ဘာ့အလှဆုံး နဲ့ အကြီးဆုံးရေတံခွန်)

ဒီရေတံခွန်ဟာ ဘရာဇီးနဲ့ အာဂျင်တီးနားနယ်စပ်က Iguazu မြစ်မှာ ရှိတဲ့ ရေတံခွန်ဖြစ်ပါတယ်။ ဘရာဇီးနဲ့ အာဂျင်တီးနားကို ပိုင်းခြားထားတဲ့ ရေတံခွန်လည်းဖြစ်ပါတယ်။ Iguazú ရဲ့ အဓိပ္ပါယ်ကတော့ ဂါရန်နီဘာသာစကားနဲ့ ရေ+ကြီးမားသော= ကြီးမားတဲ့ရေတံခွန်လို့ အဓိပ္ပါယ်ရပါတယ်။ Iguazu မြစ်ကို ဘရာဇီး ၊ အာဂျင်တီးနား နဲ့ ပါရာဂွေး သုံးနိုင်ငံစလုံးက လာရောက်ခွင့်ရှိပါတယ်။ ဒီရေတံခွန်မှာ အထက်ရေတံခွန် နဲ့ အောက်ရေတံခွန်ဆိုပြီး ခွဲထားပါတယ်။ ရေတံခွန်ခွဲပေါင်း ၂၇၅ခုပါဝင်ပါတယ်။ Iguazu ရေတံခွန်ဟာ မီးတောင်တွေပေါက်ကွဲမှုကြောင့် ဖြစ်လာတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ဒီရေတံခွန်ကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့တဲ့ ဥရောပတိုက်သားကတော့ စပိန်လူမျိုး Álvar Núñez Cabeza de Vaca ဖြစ်ပြီး ၁၅၄၁ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာပါ။ ဒါပေမယ့်အဲဒီတုန်းက လူသိပ်မသိသေးပဲ ၁၉ရာစု ၀န်းကျင်မှ လူသိများလာကြတာ ဖြစ်ပါတယ်။ ဒီရေတံခွန်ရဲ့ အနိမ့်ဆုံးနေရာဟာ ၁၉၇ပေ ၊ အမြင့်ဆုံးနေရာဟာ ၂၆၉ပေမြင့်ပြီး အကျယ် ၁.၇မိုင်ရှိတာကြောင့် အကျယ်ဆုံးရေတံခွန်လည်းဖြစ်ပါတယ်။ကမ္ဘာ့ရေစီးမှုလမ်းကြောင်းအများဆုံး ရေတံခွန်လည်း ဖြစ်ပါတယ်။ သဘာဝအတိုင်းဖြစ်ပေါ်တဲ့ ကမ္ဘာ့အံ့ဖွယ် ၇ခုအပါအ၀င်ဖြစ်ပြီး UNESCO ကလည်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် အသိအမှတ်ပြုထားပါတယ်။

ပတ်ပတ်လည်မှာတော့ ဖြာပြီးကျနေတဲ့ သာယာလှတဲ့ ရေတံခွန် ရဲ့အလှအပတွေကို အနီးကပ်ခံစားနိုင်ရန်အတွက် လျှောက်လမ်း တံတားထိုးပေးထားတာကြောင့် သွားရောက်လည်ပတ်သူတွေအကြိုက်တွေ့ကြပါတယ်။ မိုးသစ်တောက၀န်းရံထားတဲ့ ဒီရေတံခွန်ကြီးကို နှစ်စဉ် ခရီးသွားပေါင်း ၁သန်းခန့်လာရောက်လည်ပတ်လေ့ရှိပါတယ်။ ဒီရေတံခွန်ကို အမေရိကန်သမ္မတ ရုစဗဲ့ကတော် အယ်လီနာရုစဗဲ့ လာတုန်းက သနားဖို့ကောင်းတဲ့ နိုင်အာဂရာ လို့ပြောခဲ့ဖူးပါတယ်။ သူတို့အမေရိကန်က နိုင်အာဂရာ ရေတံခွန်ကြီးဟာ Iguazu ရေတံခွန်ကြီးနဲ့ ယှဉ်ကြည့်တော့ မှေးမှိန်သွားတယ်လို့ ဆိုလိုတာပါ။

Leave a Reply