သုညများကိုတန်ဖိုးရှိစေခဲ့သူ (သို့) ဂျက်စပဲရိုးမင်းသားကြီး

Posted on

ရေးသားသူ – Htet Wa Na

၁၂နှစ်သားအရွယ် ကောင်လေးတစ်ယောက်ကို ရပ်ကွက်ထဲဖွင့်ထားတဲ့ Mini Mart တစ်ခုက လုံခြုံရေးတွေကဖမ်းပြီး မြို့ နယ်ရဲစခန်းကိုပို့လိုက်တယ်ဆိုတဲ့ သတင်းဟာ ခဏလေးအတွင်းမှာပဲ ရပ်ကွက်ထဲပြန့် သွားခဲ့တယ်။ Sue တစ်ယောက် ဒီသတင်းကိုကြားပြီး ရင်ထိတ်နေတုန်းရှိသေး ရဲတချို့ ကသူမတို့ မိသားစုနေထိုင်တဲ့ အငှားတိုက်ခန်းလမ်းထဲကိုဝင်လာခဲ့တယ်။ သူမထင်ထားတဲ့အတိုင်းပဲ Johnတော့ပြသနာနောက်တစ်ခုထပ်ရှာလိုက်ပြီဆိုတာ……………

John …… ၉နှစ်သား မူလတန်းအရွယ်မှာ ကျောင်းပိုင်ငါးကန်ထဲ ပန်းခင်းသုံး ပိုးသတ်ဆေးကို ထည့်ခဲ့လို့တစ်ခါ ။ ၁၁နှစ်သားအရွယ်မှာ ကျောင်းဆရာတစ်ယောက်ကို ကတ်ကြေးနဲ့ ထိုးလို့တစ်ခါ ကျောင်းပြောင်းခဲ့ရပြီး မိဘတွေရွေ့ ပြောင်း နေထိုင်ခဲ့ရသမျှရပ်ကွက်ထဲ ပြသနာတစ်ခုမဟုတ်တစ်ခု အမြဲရှာတတ်သူ ၁၂နှစ်သားမှာတောင် ရဲလက်ကို ၃ကြိမ်ထိ အအပ်ခံရဖူးတဲ့ ခပ်ဆိုးဆိုးကလေးတစ်ယောက်ဖြစ်ပါတယ်။ ပစ္စည်းလုပြေးမူနဲ့ ရဲစခန်းကခေါ်ထားတဲ့ John ကို မိခင်ဖြစ်သူ Sue ကသွားခေါ်ခဲ့တယ်။ Sue သိလိုက်တာက သူ့ သားအငယ်ကောင် Johnဟာ တခြားသားသမီး၃ယောက်ထက် ပိုအထီးကျန်နေပြီ ဆိုးသွမ်းနေပြီဆိုတာကိုပါပဲ။

ဒီအသက်အရွယ်နဲ့ ဒီလိုဆိုးသွမ်း အလုပ်တွေလုပ်နေတဲ့သားဖြစ်သူကို မိခင်တို့ ထုံးစံအတိုင်း လိမ္မာအောင်သားကိုချော့ပြောရတာပေါ့။ နောက်တစ်နေ့ မှာတော့သားဖြစ်သူကို ငြိမ်အောင် Sue က ဂစ်တာအဟောင်းလေးတစ်လက်ဝယ်ပေးခဲ့တယ်။ ဒီလက်ဆောင်က ဒီကလေးရဲ့ ဘဝကို တဆစ်ချိုးပြောင်းလဲပေးနိုင်ခဲ့တယ် ဆိုတာကိုတော့ ထိုအချိန်က Sueမသိခဲ့ဘူး။

ဂစ်တာစရပြီး တဒေါင်ဒေါင်တဒင်ဒင်နဲ့ စတီးတတ်လာတဲ့ Johnဟာ ၁၃နှစ်သားအရွယ်မှာပဲ ဆေးလိပ်နဲ့ အရက်ကိုခိုးသောက်ခဲ့တဲ့အထိဆိုးလာခဲ့တယ်။ ပိုဆိုးတာက ဆိုးသွမ်းလူငယ်တစ်စုနဲ့ ကျောင်းပြေးပြီးလေတတ်လာသလို စာသင်ခန်းရဲ့အပြင်မှာ ပိုပျော်လာတဲ့ကလေးတစ်ဦးဖြစ်မှန်းမသိဖြစ်လာခဲ့တယ်။ ၁၄နှစ်သားလောက်မှာတော့ Johnဟာ Rock UG ပွဲသေးလေးတွေမှာဝင်ပါခဲ့ပြီး ဂီတသမားတစ်ဦးဘဝကို ရူးရူးမူးမူးဖြစ်လာခဲ့တယ်။ တဆက်တည်း ဒီလိုအချိန်မှာ မိဘတွေရဲ့ အိမ်ထောင်ရေးအဆင်မပြေမူကလည်း တစထက်တစကြီးလာခဲ့တယ်။

ကျောင်းခန်းထဲကလေးတစ်ယောက်ရဲ့ လက်ကိုဆွဲပြီး”ဆရာ ကျွန်မသားကိုကျောင်းပြန်အပ်ချင်လို့ လက်ခံပေးပါ။”ဆိုပြီး အမျိုးသမီးတစ်ယောက်ဝင်လာတယ်။ ဒါပေမယ့်သူမလက်ဆွဲလာတဲ့ ၁၅နှစ် အရွယ်ကောင်လေးကို ကျောင်းအုပ်က
“ခင်ဗျားသားက နာမည်ကြီးအဆိုတော်ဖြစ်မှာပဲ ကျောင်းတက်စရာမလိုပါဘူး”လို့ ထိုအမျိုးသမီးကိုခနဲ့တုန်းရှိသေး ထိုကောင်လေးကမပြောမဆိုနဲ့ ဒေါသဖြစ်ပြီး ကျောင်းအုပ်ကြီးကိုဘောင်းဘီချွတ်ပြကာ ဆဲပြီးကျောင်းကနေအပြီးထွက်ခဲ့တယ်။ ဒါဟာ Johnရဲ့ ကျောင်းသားဘဝနောက်ဆုံးနေ့ ဖြစ်ပြီး မိခင် Sue ကိုယ်တိုင်က သားဖြစ်သူရဲ့ အနာဂတ်ကို လက်လျှော့ခဲ့ရပါတော့တယ်။

ဒီအချိန်မှာပဲ မိဘတွေအိမ်ထောင်ရေးအဆင်မပြေလို့ ကွာရှင်းခဲ့ရာက Johnရဲ့ဘဝဟာ ပိုဆိုးဖို့ ဖက်ကိုစတင်လာခဲ့ပါတော့တယ်။နောက်အိမ်ထောင်ကိုယ်စီပြုခဲ့ကြတဲ့မိဘတွေကြောင့် Johnဟာ မိဘတွေရဲ့ထောက်ပံ့ကြေးနဲ့ နေထိုင်စားသောက်ဖို့ အဖေဘက်က အဒေါ်ဖြစ်သူအိမ်ကိုအပို့ခံခဲ့ရတယ်။ ဆယ်ကျော်သက်သာသာ ဒီကောင်လေးက Rocker ဖြစ်ချင်လို့ ဂစ်တာတစ်လုံးထမ်းပြီး ဟိုBand ပါ ဒီBandပါ နဲ့ ဘဝကိုမိမဆုံးမဖမဆုံးမဖြတ်သန်းခဲ့ပါတယ်။ လကုန်လို့ ထောက်ပံ့ကြေးရတဲ့ နေ့တိုင်းဆေးချအရက်သောက်ပြီး ဖြုန်းတတ်လို့ သူနေတဲ့အဒေါ်အိမ်က နှင်ချခံရပြီး ဘောပင် လက်ဆောင်ပစ္စည်းအသေးလေးတွေကို ယူပြီးရောင်းရတဲ့ အလုပ်နဲ့ စားဝတ်နေရေးအတွက်ဖြေရှင်းခဲ့ရပြန်တယ်။

ပေါင်မုန့် ဖိုမှာလည်းသန့် ရှင်းရေးဝင်လုပ်ခဲ့ဖူးတယ်။ Barမှာအရက်စပ်ပေးတဲ့သူလုပ်တယ်။ ရတဲ့ငွေဆေးချအရက်သောက်ရင်း လူငယ်ဘဝကို နာကျင်စရာတွေနဲ့ ဖြတ်သန်းခဲ့ရတယ်။ နေစရာမရှိလို့ တစ်ဝိုင်းတည်းအတူတီးတဲ့ ဘော်ဒါအိမ်လိုက်နေခဲ့တယ်။ မကြာဘူး ဘော်ဒါနဲ့ သူ့ ဇနီးဖြစ်သူကနှင်ချလို့ ဆင်းခဲ့ရပြန်တယ်။ ငယ်စဉ်ကတည်းက နာကျင်စရာတွေကြုံတိုင်း လက်နဲ့ပေါင်ကို ဓါးနဲ့ မွှန်းတတ်ခဲ့တဲ့ ဒီကောင်လေးဟာ သူ့ အသက် ၁၂နှစ်အရွယ်မှာ လည်း စိတ်ကစဉ်ကလျားဖြစ်မှုကြောင့် စိတ်ကျန်းမာရေးဆေးရုံပြခဲ့ရဖူးတယ်။ ၁၃နှစ်သားအရွယ်မှာ အရက်သောက်ဖို့ အဝေးပြေးကားဝန်းထဲ ခါးပိုက်နှိုက်လုပ်ခဲ့ဖူးသလို လူရိုက်မူကြောင့် ခံဝန်ပါထိုးခဲ့ဖူးတယ်။ မိဘတွေမကွာရှင်းမှီ ၁၅နှစ်သားအရွယ်ထိ နေ့ စဉ်နဲ့ အမျှစိတ်ဒဏ်ရာတွေ မိုက်ရူးရဲဆန်မှုတွေကို ကြုံခဲ့ရတဲ့ ဒီကောင်လေးဟာ မိဘတွေကွာရှင်းအပြီးမှာ ပိုမိုဆိုးရွှားတဲ့ လောကကြီးထဲ ကျရောက်ခဲ့ပါတော့တယ်။

အသက်၁၉နှစ်အရွယ်နဲ့ ထောင်၈ခါကျဖူးတဲ့ ထောင်ထွက်ဆိုးသွမ်းလူငယ်။ ဂီတသမားလိုလို လူမိုက်လိုလိုနဲ့ ဖြစ်နေရင်း အသက်ငယ်ငယ်နဲ့ချစ်သူတစ်ယောက်ရတယ်။ ချစ်သူရပြီး မကြာဘူး အလုပ်မရှိအကိုင်မရှိကောင်ဆိုပြီး ချစ်သူရဲ့ ပစ်သွားခြင်းခံရတယ်။ တပူပေါ်နှစ်ပူဆင့်ဆိုသလို အသက်၂၀ကျော်သည်အထိ ဘာမှရေရေရာရာမရှိတဲ့ အချိန် ဘဝကိုရေစုန်မျောလိုက်နေခဲ့တယ်။ လူစဖြစ်လာစကနေ အသက်၂၀ကျော်အရွယ်ထိ ဘဝတလျှောက် ထောင်ကျဖူးသူ ကိုယ့်ကိုယ်ကို သတ်သေဖို့ ၂ကြိမ်ကြိုးစားဖူးတယ်။ ခါးပိုက်နှိုက်ဆေးသမား အရက်သမား လမ်းဘေးဈေးသည် အစုံလုပ်ခဲ့ဖူးတယ်။ စားရမဲ့သောက်ရမဲ့ဖြစ်နေလို့ သူငယ်ချင်းအိမ်တက်နေရာက သူငယ်ချင်းလင်မယားနှင်ချတာပါခံရဖူးတယ်။ အရက်သောက်လို့တီးနေတဲ့ Bandကနေအထုတ်ခံရပြီး ဘယ်Bar ကမှ လက်မခံပဲ နှင်ထုတ်ခံရတဲ့ အပေအတေဖြစ်ခဲ့ဖူးတယ်။ သူကတော့ တခြားသူမဟုတ်ပါဘူး။ ကျွန်တော်တို့ အားလုံးရဲ့ ရင်ထဲမှာထိန်ချန်ထားလို့ မရတဲ့ ရုပ်ရှင်တချို့ ထဲက ကမ္ဘာကျော်မင်းသားကြီး Johnny Depp ပါပဲ။

” သင် မမြင်မတွေ့ ချင်တဲ့အရာတွေအတွက် သင့်မျက်လုံးကိုပိတ်ထားလို့ ရပေမယ့် သင်မခံစားချင်တဲ့အရာတွေအတွက်တော့ သင့်နှလုံးသားကို ပိတ်ထားလို့ မရဘူး။ “
Johnny Depp

ကျွန်တော့်အတွေး

ခင်ဗျားဟာ ၁၀တန်းကျပြီးဆက်မဖြေတော့ပဲ ရရာအလုပ်ကိုလုပ်နေရင်း လက်ရှိမှာအသက်ကြီးလာလို့ ဖြစ်စေ သာမာန်ဘွဲ့ လေးတစ်ခုရပြီး အိမ်ကထည့်ပေးတဲ့ဘဲဥချဉ်ဟင်း ငါးကြော်လေးနဲ့ ထမင်းချိုင့်ဆွဲအလုပ်ဆင်းနေရလို့ ဖြစ်စေ ဝါသနာပါရာကိုမလုပ်နိုင်ပဲ စားဝတ်နေရေးအတွက် ရုန်းကန်နေရလို့ ဖြစ်စေ ခင်ဗျားဘဝကိုအထင်မသေးလိုက်ပါနဲ့  “ဟာ ဟိုအဆိုတော်ကတော့မိဘကထောက်ပံ့လို့ နာမည်ကြီးနေပြီ ” “ဟိုကောင်လေးကတော့ ငယ်ငယ်လေးနဲ့ ထူးချွန်လိုက်တာ ငါသာသူ့ အရွယ်ကကြိုးစားခဲ့ရင် အခုနေ……”ဆိုတဲ့ အတွေးအမြင်တွေဟာ ခင်ဗျားဘဝကိုအထင်သေးတဲ့အယူအဆတွေပါ။ လက်ရှိကမ္ဘာပေါ်ကလူတွေသိကြတဲ့ အထင်ကရအနုပညာရှင်တွေ သူဌေးတွေ လူပုဂ္ဂိုလ်တွေဟာ ငယ်စဉ်ကမိဘက ငွေထုတ်ပိုက်ပြီး နောက်ကလိုက်ထောက်ပံ့လို့ ဖြစ်လာကြသူတွေမဟုတ်သလို မိဘအရှိန်အဝါနဲ့ အသက်ရှူကြတဲ့ လူတွေဟာလည်း ဘာအထင်ကရလူသားမှဖြစ်မလာကြပါဘူး။

အသက်အရွယ် .……… ကြိုးစားမူနဲ့ အရှုံးမပေးမူမှာ အသက်အရွယ်မရှိသလို အောင်မြင်မှုမှာလည်း အသက်အရွယ်မရှိပါဘူး။ ကမ္ဘာ့ပထမဆုံး အမျိုးသမီးအာကာသလေယာဉ်မှူး Valentina ဟာဘွဲ့ ရတစ်ဦးမဟုတ်ခဲ့သလို သာမာန်တောရွာက စာအုပ်တွေကို သိပ်ချစ်တတ်တဲ့ ကလေးမလေးတစ်ဦးပါ။ ယနေ့ ကျွန်တော်တို့ နေရာတိုင်းမှာမြင်နေရတဲ့ KFC ကြက်ကြော်ဆိုင်တွေရဲ့တည်ထောင်သူ Colonel Harland David Sanders ဟာလည်းငယ်စဉ် ထဲက ကြိုးစားပြီး KFC Company ကြီးထောင်ခဲ့တာမဟုတ်ပဲ သေခါနီးမှ မဆုတ်မနှစ်ကြိုးစားခဲ့လို့ သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာခဲ့သူပါ။ ဒီလိုပဲ ရရာအလုပ်လုပ်ပြီး တောကြိုအုံကြားကနေ ကိုယ့်ဘဝကိုယ်အရှုံးမပေး ရေလိုက်ငါးလိုက်မနေခဲ့ပဲရုန်းကန်ခဲ့လို့  ယနေ့ အချိန်မှာဒေါ်လာသန်းရာချီပိုင်ဆိုင်ပြီး ကမ္ဘာသိမင်းသားတွေဖြစ်နေတဲ့ ဂျက်ကီချမ်း၊ ဂျက်လီ ၊ စတားလုံး စတီဗင်ချောင်စတဲ့ မင်းသားတွေသက်သေရှိနေပါတယ်။ ဒီအချက်တွေကိုကြည့်ရင် ခင်ဗျားရဲ့ လက်ရှိဘဝဟာသူတို့ လောက် မကြမ်းလောက်သေးသလို သူတို့ လောက်လည်း အသက်မကြီးသေးပါဘူး။

ဒီလိုပဲ Johnny Depp လို့ ယနေ့ အချိန်မှာကျွန်တော်တို့ သိနေတဲ့ လူတစ်ယောက်ဟာ ဒီလိုကမ်းမမြင်လမ်းမမြင် ဘဝကမှာ နေခဲ့ရသူဖြစ်ပါတယ်။ အသက်၂၀ အရွယ်မှာ ထောင်၈ခါကျဖူးတယ် ရရာအလုပ်လုပ်ခဲ့ရတယ်။ သတ်သေဖို့ ၂ခါထိကြိုးစားခဲ့ဖူးတယ်။ ဆော်ကပစ်သွားတယ်။ ဘော်ဒါအိမ်ကပ်နေရာက နှင်ချခံရတယ်။ တော်တော်သောက်ကျိုးနည်းတဲ့ဘဝပါ။ ဒီလိုကောင်သတ်သေသွားတောင် အသုဘမှာ လူ၁၀ယောက်ငိုမှာ မဟုတ်ပေမယ့် ယနေ့ အချိန်မှာ Johnny Deppဆိုတဲ့မင်းသား ကွယ်လွန်တဲ့ သတင်းကြားရင်တော့ ကမ္ဘာအနှံ့ ငိုချင်းချကြမှာဝက်ဝက်ကွဲပါပဲ။ ဒါဟာအောင်မြင်မှု နဲ့ ကျရှုံးမှုကြားက လူ၂ယောက်ရဲ့ တန်ဖိုးဖြစ်ပါတယ်။ သူဘယ်လို အောင်မြင်အောင်ရုန်းကန်ခဲ့ရသလဲ?

“တခြားသူရဲ့ ထင်မြင်ချက်မှာ ခင်ဗျားရဲ့ အနာဂတ်ကိုမစီရင်ပါနဲ့ ”
Johnny Depp

Johnny Deppကို ၁၉၆၃ ခုနှစ် ဇွန်လ ၆ရက်နေ့ အမေရိကန်နိုင်ငံ Kentucky မှာ ဆောက်လုပ်ရေး အငယ်တန်းအင်ဂျင်နီယာဖခင် နဲ့ စားပွဲထိုးမိခင်တို့ မှမွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် Depp ဟာအမေရိကန်သားမဟုတ်ပဲ အိုင်းရစ်ရှ် ဂျာမာန်အစပ်ဖြစ်ပြီးအမ၂ယေက် အကို၁ယောက် ရှိကာ သားသမီး၎ဦး အနက် အဆိုးဆုံးကလေးဖြစ်ပါတယ်။ ငယ်စဉ်တည်းကဖခင်ရဲ့ အလုပ်ကြောင့် ဟိုပြောင်းနေရ ဒီပြောင်းနေရဖြစ်ခဲ့ပြီး မိဘတွေအဆင်မပြေမူတွေကြောင့်လည်း Deppကို ဆိုဆုံးမမူနည်းခဲ့ကာ ဆိုးသွမ်းကလေးတစ်ဦးဖြစ်ခဲ့ရပါတယ်။ မိဘတွေကွာရှင်းအပြီးမှာတော့ သူ့ ဘဝကိုပိုမိုကြမ်းတမ်းစေခဲ့ရပြီး ထောက်ပံ့ကြေးနဲ့ နေခဲ့ရပါတယ်။ ၁၄နှစ်သားမှာ Rock Guitarသမား တစ်ယောက်ဖြစ်ခဲ့ပြီး ၁၅နှစ်သားမှာကျောင်းထွက်ခဲ့ကာ Underground Band တွေမှာ လိုက်လံပါဝင်ခဲ့ပါတယ်။ အသက်၂၀ မပြည့်ခင်အထိ မူးယစ်ဆေးရောင်းမူ လူရိုက်မူ ကားခိုးမူ ခါးပိုက်နှိုက်မူ ပစ္စည်းလုမှုနဲ့ စုစုပေါင်း ထောင်၈ခါကျဖူးပြီး အဆိုးဝါးဆုံးအမှုဟာ သူ့ အသက်၁၇နှစ်မှာ ပစ္စည်းလုမူဖြစ်ပြီး ထောင်၆လကျခဲ့တာဖြစ်ပါတယ်။( JohnnyDeppရဲ့ အံ့သြစရာအကောင်းဆုံးအချက် ၁၀၀ ထဲမှာ သူထောင် ၆လ ကျစဉ်ကာလဟာ သူ့ ဘဝရဲ့မိတ်ဆွေစစ်တွေရခဲ့တဲ့ ကာလလို့ ဆိုထားပြီး ထိုအထဲ Manson ,Cavarlay, Jim Dason တို့ လိုအနုပညာဖက်က ဂွကျကျလူတချို့ နဲ့ ဆုံခဲ့ဖူးတာပါပဲ။ ) အသက်၂၀အရွယ်မှာတော့သူ့ Band ဖြစ်တဲ့ The Kids မှာGuitar သမားဖြစ်ခဲ့ပြီး ထိုBandကPlayerတစ်ဦးရဲ့ ညီမဖြစ်သူ Hollywoodက SFXအဖွဲ့ တစ်ခုမှအကူ Anne Allison နဲ့ ဆုံခဲ့ကာ လက်ထပ်ခဲ့ကြပါတယ်။

“အချစ်က နာကျင်စေတယ်။ ဒါပေမယ့် မချစ်တတ်ဖို့ ကြိုးစားတာက ပိုနာကျင်စေတယ်။ ဒါကြောင့် နာကျင်ရမှန်းသိလည်း ကျွန်တော်
သူ့ ကိုချစ်ခဲ့တယ်။ “
Johnny Depp

အသက်၂၀မှာအိမ်ထောင်ကျခဲ့ပေမယ့် ဘာမယ်မယ်ရရဝင်ငွေမှမရှိလှပဲ အောင်မြင်မလိုနဲ့ အရာမထင်တဲ့ Guitarသမားဘဝနဲ့ လည်နေချိန် Band ပါ ပျက်ခဲ့မူကြောင့် ယောင်လည်လည်ဖြစ်ခဲ့ရပြန်တယ်။ (Depp ပါဝင်ခဲ့တဲ့ Band ၆Band ထိရှိပြီး Deppဟာ Bandတချို့ကိုလည်းသီချင်း ၁၂ပုဒ်ထိ ရေးပေးခဲ့ဖူးသူဖြစ်ပါတယ်။ ) ဒီလိုဖြစ်နေချိန် မိန်းမဖြစ်သူနောက်လိုက်ရင်း အမှတ်မထင် မိန်းမဖြစ်သူ Allison မိတ်ဆက်ပေးလိုက်တဲ့လူကြောင့် ရုပ်ရှင်လောကဆိုတာကြီးကိုမအူမလည်နဲ့ ရောက်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ Allison မိတ်ဆက်ပေးလိုက်တဲ့လူကတော့ ကမ္ဘာကျော် Action မင်းသားကြီး Nicolas Cage ပါပဲ။ ဒါပေမယ့် Depp ဟာသရုပ်ဆောင်လုပ်ဖို့ ထိုအချိန်ကငြင်းဆန်ခဲ့သူပါ။

ဒီလိုနဲ့ တစ်ရက်မှာ ဇနီးဖြစ်သူနဲ့ ထုံးစံအတိုင်းလိုက်ရင်း The Crack ဆိုတဲ့ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှာပေါ့။ မင်းသားတစ်ယောက်သရုပ်ဆောင်နေစဉ် Depp က “Stupid Action”ဆိုပြီး အဲ့ဒီိမင်းသားကို သရော်မိရာကပြသနာစဖြစ်ကြတယ်။ ဇနီးဖြစ်သူကလည်း အရှက်ရခဲ့ပြီး ရိုက်ကွင်းကလူတွေကိုတောင်းပန်ပြီး မင်းသားကိုပါတောင်းပန်ခဲ့ရပါတယ်။ ရိုက်ကွင်းကလူတွေကတော့ ဒီဘဲဘာနားလည်လို့ လဲဆိုတဲ့ပုံစံနဲ့ သာ ခွင့်လွှတ်ပေးခဲ့ကြတယ်။ ဒါပေမယ့်အဲ့ဒီနေ့ စပြီး Depp ဟာရုပ်ရှင်လောကကိုစတင်ခြေချပြဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ဒါကြောင့်ပဲ Cageရဲ့အကူအညီနဲ့ ရိုက်ကွင်းတချို့ ကိုလိုက်ကြည့်ခဲ့ပြီး ဒါရိုက်တာ Jay Smith ကိုယ်တိုင် ထိုအချိန်ကDeppကို မှတ်ချက်တချို့ ပေးခဲ့ပါတယ်။

” နှစ်သိမ့်မူတွေမရှိပဲ ရလာတဲ့အောင်မြင်မူဟာ ကျရှုံးသွားလည်းသိပ်မခံစားရဘူး။ ဒါကြောင့် အထီးကျန်မူတွေကနေ သင်ယူတတ်အောင်ပဲလုပ်ပါ။ “
Johnny Depp

Depp ရုပ်ရှင်လောကထဲ ပထမဆုံးစဝင်ခဲ့တာက စားဝတ်နေရေးအတွက်ဖြစ်ပြီးသူ့ ပထမဆုံးအရံအဖြစ်ပါရတဲ့ ရုပ်ရှင်ကားA Nightmareon Elm Street မှာအနုပညာကြေး ဒေါ်လာ ၃သောင်းကြောင့်ပါပဲ။ ငယ်စဉ်တည်းကဘယ်အရာကိုမဆို စူးစမ်းချင်တဲ့ Deppဟာ ရုပ်ရှင်လောကထဲကို စဝင်လာချိန်မှာလည်း သူများတွေနဲ့ မတူခဲ့ပါဘူး။ ဒေါ်လာ၃သောင်းဆိုတဲ့ပမာဏဟာ ထိုကာလက မနည်းလှပါဘူး။ Cage ရဲ့ထောက်ခံမူကြောင့် ဒါရိုက်တာ Wes Craven ကDepp ကို ထည့်သုံးခဲ့ရာက မထင်မှတ်ပဲA Nightmare on Elm Street Horror ကားဟာ ၁သန်းကျော်ရင်းပြီး အမြတ် ဒေါ်လာ၂၅သန်း၅သိန်း ရလိုက်ပါတော့တယ်။

* (သင်သိပါသလား – Johnny Deppဟာ သူပထမဆုံးစပါတဲ့ ရုပ်ရှင်ကားကနေ ယနေ့ ထိ ဘယ်ကားကိုမှ dialouge အသေမကျက်တတ်ပဲဇာတ်ကောင်အပေါ် ခံစားသက်ဝင်မူနောက်သာ အမြဲလိုက်တတ်တဲ့မင်းသားဖြစ်ပါတယ်။ )

A Nightmare on Elm Street မှာ လူတွေသတိထားမိသွားတာက ဥရောပရုပ်ခံနဲ့ သရုပ်ဆောင်ပါရမီအပြည့်အဝရှိတဲ့ လူငယ်လေးDeppပါပဲ။ ဒါပေမယ့် ဒင်းကသူများတွေလို မင်းသားဖြစ်ချင်လို့ စပါခဲ့တာမဟုတ်ပဲ မွေးရာပါဗီဇဖြစ်တဲ့ စူးစမ်းချင်စိတ်နဲ့ ငွေရမယ်ဆိုလို့ ဝင်ပါခဲ့သူပါ။ သိပ်မကြာဘူး မိန်းမနဲ့ ကွဲတယ်။ မိန်းမကပစ်သွား တယ်လို့ ပြောရင်ပိုမှန်တယ်။ မိန်းမနဲ့ ကွဲပြီးလေနေတဲ့ Deppကို ထပ်ပြီးရုပ်ရှင်လောကထဲထပ်သွင်းဖို့ လိုက်ရှာနေသူက စာရေးဆရာ ဒါရိုက်တာ Oliver Stone ပါပဲ။ သူရိုက်မယ့်စစ်ကားဖြစ်တဲ့ Platoon မှာ Deppကိုပါဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ Deppဟာသရုပ်ဆောင်ဆိုတဲ့ အလုပ်ကိုငွေထက် စိန်ခေါ်မှုတစ်ခုအနေနဲ့ လုပ်ဖို့ ပြင်ဆင်ခဲ့တယ်။ Platoon မှာ ဇာတ်ရံနေရာက ပါလာတဲ့အသက်၂၃နှစ်ကျော် ကောင်လေး Depp ကိုအားလုံးသတိထားမိခဲ့ကြပါလိမ့်မယ်။ Tom Berenger လိုမင်းသားနဲ့ တွဲပါခဲ့ရတဲ့ရုပ်ရှင်ဖြစ်ပြီး ဒေါ်လာ၆သန်းလေးသာရင်းတဲ့ ဒီရုပ်ရှင်ဟာ ရုံတင်ဝင်ငွေ ဒေါ်လာ သန်း၁၄၀နီးပါး ပြန်ရခဲ့ပြီး Oscarဆုတွေအပြင် ဆုပေါင်း၄၀ကျော်ရရှိကာ အမေရိကန်ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးရုပ်ရှင် ကား၁၀၀မှာ ထည့်သွင်းခြင်းခံခဲ့ရပါတယ်။

Depp ရဲ့ ရုပ်ရှင်လောကအစမှာတင် ဒီလိုဒိတ်ဒိတ်ကြဲဖြစ် ခဲ့ပါတယ်။ ၂ကားပဲ ပါဖူးသေးတဲ့ ဒီဘဲလေးကတယ်လာဘ်ကောင်းပါလား ဆိုပြီး မူခင်းTVSeries တစ်ခုဖြစ်တဲ့ 21 Jump Street မှာ ခေါင်းဆောင်မင်းသားအနေနဲ့ တင်လိုက်ရာမှာတော့ Johnny Deppဆိုတဲ့ ဂွကျကျလူငယ်တစ်ယောက်ကို တစ်ကမ္ဘာလုံးသတိထားမိစေဖို့ ဖြစ်လာခဲ့ပါတော့တယ်။

” သင်မဖြစ်ချင်တဲ့အရာတွေရှိတဲ့ဘဝမှာ ဆက်နေ နေခြင်းက သင့်ကိုယ်သင်လူညံ့တစ်ဦးလို့ လက်ခံထားလိုက်ခြင်းပါပဲ။ “
Johnny Depp

Edward_Scissorhands

Johnny Deppရဲ့ အမာခံပရိတ်သတ်တွေ အထူးတလည်ကြိုက်ခဲ့ကြတဲ့ကားဖြစ်ပြီး ဒီကားပြသစဉ်က ကျွန်တော်တောင်မမွေးသေးပါ
ဘူး။ Johnny Deppဆိုပြီးဖြစ်လာဖို့ အရေးပါတဲ့ ကနဦးရုပ်ရှင်ကားဆိုလည်းမှန်တယ်။ မအူမလည်နဲ့ ရုပ်ရှင်လောကထဲကိုရောက်လာခဲ့ပေမယ့် သူ့ ပါရမီအရဘယ်အလုပ်မဆို လုပ်ပြီဆိုတာနဲ့ စိတ်ကို အသုံးချကာလုပ်တတ်မူ အလုပ်အပေါ်လေးစားတတ်မူတွေကြောင့် Deppဟာ Characterမျိုးစုံရ ထိပ်တန်းမင်းသားအဖြစ် ယနေ့ အချိန်မှာမြင်နေကြရတာဖြစ်ပါတယ်။ Edward Scissorhands ဟာကမ္ဘာ့ရုပ်ရှင်သမိုင်းမှာအကောင်းဆုံး SFXလက်ရာ ၁၀ခုထဲက တစ်ခုအဖြစ်သမိုင်းဝင်ခဲ့ပြီး ဒီရုပ်ရှင်ရဲ့ Makeup ပိုင်းကို SFX ပညာရှင်ကြီးဖြစ်တဲ့ Stan Winston ကတာဝန်ယူခဲ့တာဖြစ်ကာ ဆံပင်ပုံစံအတွက်ပြင်ဆင်မူကို အချိန်၅နာရီအထိကြာခဲ့ပါတယ်။

Johnny Depp ကိုယ်တိုင်ခက်ခက်ခဲခဲစိတ်ကသိက အောက်ဖြစ်ရတဲ့ကြားက သရုပ်ဆောင်နိုင်ခဲ့ပြီး မျက်နှာပေါ်ကအမာရွတ်တွေအတွက်ကြိုးတချို့ကို သုံးခဲ့တယ်လို့လည်းသိရပါတယ်။ Appliance ပိုင်းအသုံးပြုပုံဟာ သာမာန်ကားတွေလိုပဲဖြစ်ပေမယ့် ဒီ Edward Scissorhands ကားရဲ့Makeupပိုင်းဟာ Johnny Depp ကိုသိသိ သာသာပြောင်းလဲစေခဲ့ပါတယ်။ Academy Awards, British Academy Film Awardsတွေ ရရှိခဲ့သလို ကမ္ဘာ့အကောင်းဆုံး Makeupကားတွေထဲပါဝင်ခဲ့ပါတယ်။ ဒါတင်မက ပါဘူး E.S ဟာ Deppနဲ့ Tim Burtonတို့ ဆရာတပည့် ၂ယောက်ကိုကံစပ်စေခဲ့ပြီး ရုံတင်ငွေဒေါ်လာ ၈၆သန်းနဲ့ အတူ Oscar ဇကာတင်မှာ တောင်ပါခဲ့ပါတယ်။Tim Burton နဲ့ Cage သာမရှိခဲ့ရင် Johnny Deppဆိုတဲ့လူသားကို ကျွန်တော်တို့ အခုနေသိနိုင်မယ်တောင်မထင်ပါဘူး။ Tim Burtonဟာ Depp ကို ထိပ်တန်းမင်းသားတစ်ဦးဖြစ်ဖို့ များစွာကူညီပေးခဲ့သူဖြစ်ပါတယ်။

Edward Scissorhandsအပြီးမှာတော့ ဒီခပ်မိုက်မိုက်ကမ်းကမ်းလူငယ်ဟာ Hollywood မှာ တစ်ကားပြီးတစ်ကားဆိုသလိုထွက်လာပြီး ကမ္ဘာကျော်ရုပ်ရှင်များစွာကို ချပြလာခဲ့ပါတော့တယ်။Johnny Deppရဲ့ရုပ်ရှင်တွေနဲ့ ပတ်သက်ရင် ကား၅၀ကျော် ၆၀နီးပါးရှိပြီး ချရေးသင့်တဲ့ရုပ်ရှင်ချည်းမနည်းလှပါဘူး။ ဒီတော့Johnny Deppရဲ့ ရုပ်ရှင်တွေထက် Johnny Depp ရဲ့အကြောင်းကိုသာဆက်ပါရစေ။

” အောင်မြင်မူဆိုတာ တစ်ကြိမ်တည်းစမ်းလုပ်ကြည့်လို့ ရနိုင်တဲ့အရာမဟုတ်ဘူး။ ဒါကြောင့်ကျရှုံးတိုင်း နောက်တစ်ကြိမ် ထပ်ကြိုးစားဖို့ အမြဲတွေးကြည့်ပါ။ “
Johnny Depp

Edward Scissorhands မှာ ပါခဲ့ပြီး နာမည်ပိုရလာခဲ့ပေမယ့် ထိုအချိန်ကDepp ဟာသိပ်နာမည်ကြီးလှတဲ့ မင်းသားစာရင်းမှာတော့ မပါခဲ့
သေးပါဘူး။ Deppရဲ့စရိုက်တချို့ နဲ့ အမူအကျင့်တွေကြောင့် နာမည်ကြီးဒါရိုက်တာတချို့နဲ့ ထုတ်လုပ်ရေးတွေက Deppကိုမင်းသားတင်ဖို့ နည်းနည်းရှောင်ဖယ်တတ်ခဲ့ကြပါတယ်။ အကြောင်းရင်းကတော့ Deppဟာရိုက်ကွင်တချို့ မှာအရက်သောက်ပြီးသရုပ်ဆောင်ရမယ်ဆို တကယ်မူးရူးနေအောင်သောက်ပြီးသရုပ်ဆောင်တတ်မူ ဇာတ်ဝင်ခန်းတွေကိုမကြိုက်မချင်းပြန်ရိုက်တတ်မူ နဲ့ ဇာတ်ရုပ်ကိုပီပြင်ရုံထက် ပိုရူးသွပ်စွာလုပ်တတ်ပြင်ဆင်တတ်လွန်းတဲ့အကျင့်တွေကြောင့်ပါပဲ။ တော်ရုံဒါရိုက်တာက သူနဲ့ မရိုက်ချင်သလိုသိပ်လည်းမဆက်ဆံချင်ကြဘူး။

ဒီလိုနဲ့ ၁၀နှစ်ကျော်ကြာဖြတ်သန်းရင်း တစ်ကားပြီးတစ်ကားအောင်မြင်လာတဲ့ ဒီလူ့ ဂွစာဟာ Johnny Deppဆိုတဲ့ နာမည်တောင်ပျောက်ပြီး သူ့ ကို Character တစ်ခုနာမည်နဲ့ ကမ္ဘာအနှံ့က လူကြီးလူငယ်တွေတွဲမြင်လာဖို့ ရုပ်ရှင်ကားတစ်ကားကိုစတင်လာခဲ့ပါတော့တယ်။

Jack_Sparrow ဖြစ်လာတဲ့ Depp

HOLLYWOOD ဒါရိုက်တာကြီး Gore Verbinski ကသူပြင်ဆင်နေတဲ့ Pirates of the Caribbean ပထမဆုံးရုပ်ရှင်အတွက်မင်း သားစရှာနေချိန် အဓိကဇာတ်ကောင်နေရာဖြစ်တဲ့ Jack Sparrow နေရာကိုမင်းသား၎ဦးအထိ စီစစ်ပြီး နောက်ဆုံးမှာ Jack Sparrowနေရာလို ဟာသရောခေါင်းတည်တစ်ဦးမှာရှိရမယ့် တည်ကြည်မူ ထင်သာမြင်သာရှိစေမူ တဲ့စရိုက်လက္ခဏာတွေကို လုပ်ပြနိုင်မယ့် Jim Carrey ကိုရွေးခဲ့ပါတယ်။ ဒါပေမယ့် Carreyဟာ သူ့ ရဲ့တခြားရုပ်ရှင်ရိုက်ရက်တွေကြောင့် ငြင်းခဲ့ရာက Board အဖွဲ့ ကDepp ကိုရွေးခဲ့ကြပါတယ်။ Jack Sparrow ဟာ ယခုဆယ်စုနှစ်တစ်စုကျော်အတွင်း ဒေါ်လာသန်းထောင်ချီ ရထားတဲ့ Pirates of the Caribbean ရုပ်ရှင်တိုင်းရဲ့ အဓိကပဲ့ကိုင်ဆို မှားမယ်မထင်ဘူး။ ဇာတ်ကောင်တစ်ခုကို ဆယ်စုနှစ်တစ်စုကျော်ကြာအထင်ကရဖြစ်အောင် လုပ်ဖို့ ရာလွယ်လှတဲ့အရာမဟုတ်ပါဘူး။

Depp ဟာ Jack Sparrow အစThe Curse of the Black Pearl စတည်တည်းကပင်ပန်းမူ ညမအိပ်ရမူ ထိခိုက်ဒဏ်ရာပေါင်းများစွာရင်းခဲ့ရသူပါ။ဒါတင်မကပါဘူး Jack Sparrowရဲ့ မူလ ဦးတည်ခဲ့တဲ့ပုံစံဟာ ယခုမြင်နေကြတဲ့ Depp သရုပ်ဆောင်တဲ့ပုံစံမဟုတ်ပဲ မူရင်းPirates of the Caribbean(Walt Disney)ထဲကလိုလူစွမ်းကောင်း အနည်းငယ်ဆန်တဲ့ ပုံစံဖြစ်ပါတယ်။ ဒါပေမယ့် Deppရဲ့ Jack Sparrowဟာအပြစ်အနာ အဆာကင်းပြီး ထောက်ပြစရာ ဟာကွာတောင် မရွေးနိုင်တဲ့ တကယ့်အထင်ကရဇာတ်ကောင်တစ်ခုပါပဲ။ Pirates of the Caribbeanရုပ်ရှင် တွေကိုကြည့်ပြီး Jack Sparrowကိုမကြိုက်ဘူး ဆိုသူမရှိသလောက်ပါပဲ။ ရိုက်ကူးနေရင်းရခဲ့တဲ့ ဒဏ်ရာတွေဟာလည်း မနည်းမနောပါပဲ။ Dead Men Tell No Talesမှာ ဆိုရင် လက်ပါကျိုး ပြီးခွဲစိတ်ခဲ့ရသလို Pirates of the Caribbean ရုပ်ရှင်ကားတွေမှာ Depp ထိခိုက်ခဲ့တဲ့အကြိမ်ရေဟာ စုစုပေါင်း၁၉ကြိမ်ထိရှိခဲ့ပါ တယ်။

Pirates of the Caribbean: The Curse of the Black Pearl မှာတင် ဒေါ်လာသန်း ၁၄၀လောက်ရင်းပြီး ပြန်ရတဲ့ငွေဟာ ဒေါ်လာသန်း ၆၅၀ ကျော်ခဲ့ပြီး အထင်ကရဆုတွေပါရခဲ့ပါတယ်။လက်ရှိပြသပြီးသည်အထိ Pirates of the Caribbean ရုပ်ရှင်၅ကား ဟာ ရုံတင်ဝင်ငွေ အမေရိကန်ဒေါ်လာသန်းပေါင်း ၄၅၀၀ကျော်ရထားကာ Jack Sparrowအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Deppဟာ ဒီဆယ်စုနှစ်အတွင်း ကမ္ဘာ့ အနုပညာကြေးအရဆုံး မင်းသား၁၀ဦးစာရင်း ၀င်ထားခဲ့ပါတယ်။ ဒါတင်မကသေးပါ ဘူး Johnny Depp ဟာရုပ်ရှင်သမိုင်းမှာအနေအထားမသေးတဲ့ဆုတစ်ခုဖြစ်တဲ့ Makeup ပညာရှင်ကြီးတွေကစီစစ်ရွေးချယ်ပေးကြတဲ့ Distinguished Artisan Award ကိုလည်း ရရှိထားသူဖြစ်ပါတယ်။ ဒီဆုဟာ SFXဆုတွေထက်ပိုကြီးကျယ်ပြီး မင်းသားမင်းသမီးတွေကို သူတို့ ရုပ်ရှင်တွေမှာCharacterအတွက်အပြောင်းအလဲအလုပ်နိုင်ဆုံးလူကိုသာ ပေးတဲ့ဆုဖြစ်ပါတယ်။ တစ်ကားကောင်းနဲ့ မရသလိုတော်ရုံမင်းသားလည်းမရဖူးပါဘူး။

နောက်ပိုင်း Dark Shadows တို့  Lone Ranger တို့ Black Mass တို့ မှာလည်းတစ်ကားနဲ့ တစ်ကားပြင်ဆင် မူကလက်လန်ရမယ့် မင်းသားဖြစ်ပြီး ဂျိုလီနဲ့ ကားThe Tourist မှာဆို အထာကျလွန်းတဲ့သက်ကြီးပိုင်းအမျိုးသားပုံစံကိုမြင်ခဲ့ကြမှာပါ။ ဒါတင်မပဲ Deppရဲ့နောက်ထပ် Talent တစ်ခုဟာအသံပါပဲ။ Deppပါဝင်အသံသရုပ်ဆောင်ပေးခဲ့တာတွေထဲ Rango ကာတွန်းမှာအတော်အံ့သြမဆုံးဖြစ်မိ တယ်။ ကာတွန်းကားပေမယ့် ဒီပုတ်သင်ညိုကားဟာ ရသအတော်စုံလင်အောင်ရလိုက်တဲ့ကားပါပဲ။ Depp အင်ဒီးယန်းလူရိုင်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ The Lone Ranger ဟာလည်း ဒေါ်လာသန်း ၂၆၀ကျော်အထိရရှိခဲ့ပြန်ရခဲ့တဲ့ရုပ်ရှင်ကားကောင်းပါပဲ။ တဆက်တည်းမှာDeppဟာ ဟာ သူရေးသားတဲ့သီချင်းတချို့ထွက်ခဲ့ပြီး အရင်က သူ့အိမ်မက်ဖြစ်တဲ့ ဂစ်တာသမားဘဝကို အကောင်အထည်ဖော်ဖို့  Hollywood Vampires ဆိုတဲ့ Bandကို ၂၀၁၅ ခုနှစ်မှာ တည်ထောင်လိုက်ကာ Hollywood Vampires ဆိုတဲ့Albumကိုထွက်ရှိထားခဲ့ဖူးပါတယ်။

ဒါတင်မပါဘူး Deppဟာ ဂန္တဝင်လူဆိုးကြီး အမေရိကန်ရဲ့ဂွစာကြီး Mansonနဲ့ လည်း သူငယ်ချင်းတွေဖြစ်ပြီး အတူတူ Showတွေ ဆိုခဲ့တာအားလုံးသိကြမှာပေါ့။ The Beautiful People သီချင်းကြီးကို၂ယောက်ဗြင်းတာကြည့်ပြီး သူတို့၂ယောက်ဟာဘယ်လောက်ထိ ချစ်ခင်ကြလဲဆိုတာတန်းသိနိုင်ပါတယ်။ Deppဟာသူ လိုပဲ Hollywoodက မိုက်မိုက်ကမ်းကမ်းမင်းသားကြီး Hugh Jackmanနဲ့ လည်းအတော်ခင်ကြသူတွေဖြစ်ပြီး ကျေးဇူးရှင်ဖြစ်သူ Cageအပေါ်လည်း ကျေးဇူးမမေ့ခဲ့ပဲ အကြွေးသန်းပေါင်းများစွာကို ကူဆပ်ပေးခဲ့သူဖြစ်ပါတယ်။ ဒါကတော့ Deppရဲ့ အနုပညာနဲ့ ပတ်သက်သလောက် အနည်းအကျဉ်းဖြစ်ပါတယ်။

“ကမ္ဘာကြီးမှာ အယောင်ဆောင်မျက်နှာဖုံး နဲ့ လူတွေများတယ်။ ဒါကြောင့် သင်မအောင်မြင်ခင်မှာ မိတ်ဆွေစစ်တွေကိုလက်မလွှတ်ပါနဲ့ ”
Johnny Depp

တစ်ချိန်ကထောင်ထွက် လောကကြီးအတွက် မလိုအပ်တဲ့သူဖြစ်ခဲ့ပေမယ့် လက်ရှိမှာ Deppဟာ Oscar ဇကာတင်၃ခါ Golden Globe Awards ၁ဆု People’s Choice Awards ၁၄ဆု အပြင်Hollywood Walk of Fame မှာလည်းမှတ်တမ်းတင်ခံထားရသူဖြစ်နေပါပြီ။ ဒါတင်မကပါဘူး ၂၀၀၄ခုနှစ်တည်းက Depp ထောင်ခဲ့တဲ့ ရုပ်ရှက်ထုတ်လုပ်ရေးInfinitum Nihil ဟာလည်း The Rum Diary , Hugo, Dark Shadows, The Lone Ranger, Mortdecai တို့ လိုကားတွေကိုထုတ်လုပ်ခဲ့ပြီး အောင်မြင်တဲ့ထုတ်လုပ်ရေးတစ်ခုဖြစ်ပါတယ်။ ဂီတဖက်မှာလည်း ဝါသနာအရလုပ်ခဲ့ပေမယ့် Aerosmith လိုRockနဲ့ Metalဂီတမှာ သြဇာကြီးတဲ့Bandကြီး Marilyn Mansonလို ပုဂ္ဂိုလ်မျိုး တခြားRock ဂီတ နယ်ပယ်မှ ဝါရင့်ဂီတသမားတွေနဲ့ လည်းပွဲတွေဆိုဖူး ခင်ကြတဲ့သူဖြစ်ပါတယ်။ Deppပါဝင်ခဲ့တဲ့ Alternative RockBand “P ” , Glam Metal Bandကြီး RockCity Angels , Deppရဲ့ ကိုယ်ပိုင် Band Hollywood Vampires တို့ ဟာလည်းဂီတ သမိုင်းမှာလူသိများလှပါတယ်။

Hollywood Vampires မှာဆိုရင် Alice Cooper တို့ Aerosmith ရဲ့တေးရေးကြီးJoe Perryတို့ ပါတဲ့အတွက် အမိုက်စားအဘတွေBand လို့ တောင်ခေါ်လို့ ရပါတယ်။ ဒါ့အပြင် Deppဟာ အနုပညာကြေးအမြင့်ဆုံးရမင်းသားအဖြစ် ဒေါ် လာ ၇၅သန်းရရှိခဲ့လို့ ဂရင်းနစ်စံချိန်တစ်ခုကိုပါ ၂၀၁၂ခုနှစ်ကတင်ထားခဲ့တဲ့မင်းသားဖြစ်ပါတယ်။ JCDF ပရဟိတအဖွဲ့ ကိုလည်းတည်ထောင်ခဲ့သူဖြစ်ပြီး Deppရဲ့အနုပညာသက်တမ်းတလျှောက် ပရဟိတလှူတန်းငွေဟာ ဒေါ်လာသန်း၄၀ကျော်ထိရှိခဲ့ပါတယ်။ လက်ရှိမှာတော့ Johnny Depp ဆိုတဲ့မင်းသားဟာ ကမ္ဘာ့အချမ်းသာဆုံးမင်းသား များထဲမှတစ်ဦးဖြစ်ခါ Hollywoodရဲ့ ပြသနာအရှာဆုံးမင်းသားလည်းဖြစ်ပါတယ်။ ဒါပေမယ့်သူ့ နဲ့ Tom Hanks ကို တန်းတူလေးစားတဲ့အချက်တစ်ခုကတော့ ပရိတ်သတ်အပေါ်အရမ်းရင်းနှီးစွာ ဆက်ဆံတတ်မူပါပဲ။

” အရှုံးတွေများလိမ့်မယ်။ ဒါပေမယ့်ဆက်သွားပါ။ ကြယ်တွေကိုမော့ကြည့်နေရုံနဲ့ ကောင်းကင်တစ်ခုလုံးကိုမမြင်ရပါဘူး။ “
Johnny Depp

Fact_Sheet

လူရယ်လို့ ဖြစ်လာရင်လူတိုင်းဟာ အောင်မြင်ချင်ကြတယ် မပင်ပန်းချင်ကြဘူး စိတ်ဓာတ်ကျစရာတွေမကြုံချင်ကြဘူး။ ဒါပေမယ့်လူစဖြစ်လာတည်းက ဒုက္ခဆိုတာကပ်ပါလာတဲ့ လက်ဆောင်ပါ။ ဥပမာ – ခင်ဗျားဟာ၁၀တန်း ၃ခါကျလို့ ဆက်မဖြေတော့ပဲ ရရာအလုပ်ကိုလုပ်ခဲ့ရသူဖြစ်စေ ၁၀တန်းအောင်ပြီးတက္ကသိုလ်မှာအချိန်ပေးဖို့ အိမ်ကအဆင်ပြေလို့ အဝေးသင်ယူခဲ့ပြီးအလုပ်ပါ တွဲလုပ်နေရလို့ ဖြစ်စေ Dayတက်ပြီးဘွဲ့ ရလို့ ဖြစ်စေ ဒီ၃ဦးတည်းဘယ်သူကနောင်တချိန်မှာအောင်မြင်တဲ့လူဖြစ်မယ်မဖြစ်ဘူးဆိုတာ တံဆိပ်မကပ်ထားပါဘူး။ BEဘွဲ့ ရပြီးတစ်လ သုံးလေးသိန်းနဲ့ လကုန်မှတစ်ခါ ရည်းစားနဲ့ လျှောက်လည် အင်္ကျီဘောင်းဘီအသစ်ဝယ် ဘော်ဒါတွေနဲ့ မြန်မာဘီယာကို ကန်စွန်းပလိန်း ငါးအပိန်ကင်လေးနဲ့ မြည်းနေရတဲ့ လူတွေရှိသလို Day တက်ပြီးတစ်ပတ်တခါလောက်သာ KFC ဆိုင်ကိုသွား အရိုးပါမကျန်ကိုက်နေရပြီး ဘဝထင်နေသူတွေမနည်းမနောပါ။ ၁၀တန်းမအောင်ပေမယ့် လက်ရှိမှာ ၅နှစ် ၆နှစ်အတွင်း ကိုယ်ပိုင်စီးပွားရေးနဲ့ ဖြစ်စေ ကိုယ့်ဝါသနာပါရာတစ်ခုခုကိုဇောက်ချခဲ့လို့ အောင်မြင်စပြုနေပြီဖြစ်တဲ့လူတွေဖြစ်စေ အများကြီးပါပဲ။ ဒါဟာကိုယ်ရရှိတဲ့ဘဝမှာကြုံလာသမျှ ကျရှုံးခဲ့သမျှကို အားမငယ်ပဲကောင်းဆုံးပြန်လည်ကြိုးစားတတ်သူတွေနဲ့  မနက်ဖြန်အတွက်ဘာလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တောင်မရှိ ရေလိုက်ငါးလိုက်နဲ့ ဘဝကိုဖြတ်သန်းတတ်သူ ၂ခုကြားကကွာခြားမူတွေပါပဲ။

” သန်မာတဲ့ခန္တာကိုယ်ထက် ခိုင်မာတဲ့ စိတ်ကသာ ခင်ဗျားရဲ့ရန်သူတွေကိုနိုင်လိမ့်မယ်။”
JohnnyDepp

တွေးကြည့်ရင် ကျွန်တော်တို့ မအောင်မြင်တာမဟုတ်ပဲ အောင်မြင်အောင်လုပ်ရမှာကို ကြောက်နေတတ်တာပါ။ ဥပမာ – စာမေးပွဲတစ်ခုကို နီးမှစာကျက်တတ်တဲ့လူနဲ့ နှစ်စတည်းကပုံမှန်စာလုပ်လာသူ တစ်နှစ်ဆိုတဲ့ အချိန်ရတာချင်းအတူတူ ဘာကြောင့်အဆင့်(၁)က တစ်ယောက်ပဲရတတ်သလဲ? ဒီသဘောပါပဲ လူတိုင်းကိုဘဝကို အောင်မြင်အောင်လုပ်ဖို့ လုံလောက်တဲ့အချိန်ပေးထားပြီးသားပါ။ (မှတ်ချက် – ကျွန်တော်တက်ကျမ်းရေးခြင်းမဟုတ် သဘောတရားသာပြောခြင်းပါ။ ) Johnny Deppဘာကြောင့်အောင်မြင်တဲ့လူ တစ်ယောက်ဖြစ်လာသလဲလို့ မေးရင် ကံကောင်းလို့ မဟုတ်ပါ။ (Hollywood ဟာမြန်မာမှာလိုမိဘကထုတ်လုပ်ရေးထောင်ရင် မင်းသားဖြစ်နိုင်တဲ့ နေရာမဟုတ်ပါ။ ) ကုန်းကောက်စရာမရှိတဲ့ဘဝကနေ သူရွေးချယ်လိုက်တဲ့ အလုပ်အပေါ်ဘဝနဲ့ ပါရင်းပြီး ကြိုးစားတတ် စနစ်တကျပြင်ဆင်တတ်ခဲ့လို့ပါ။ တချိန်က ဘောပင်ရောင်း ပေါင်မုန့်ဖိုထဲလုပ်ဘော်ဒါအိမ်ခိုကပ်နေ နှင်ချခံရ မိန်းမနဲ့ ကွဲတဲ့ ရှက်ကီသမားကနေ ယနေ့ မှာဒေါ်လာသန်းပေါင်း ၂၀၀ကျော်ကို ပိုင်ဆိုင်ထားတဲ့ မီလျံနာမင်းသားဂီတသမား ထုတ်လုပ်သူ ဖြစ်လာခြင်းဟာ ကံကိုယုံပြီး ထိုင်ဆုတောင်းနေလို့ မဟုတ်ပါဘူး။

” ခင်ဗျားဟာ တပြိုင်တည်း လူ၂ယောက်ကို ချစ်မိနေပြီဆို ဒုတိယတစ်ယောက်ကိုပဲရွေးပါ။ ဘာကြောင့်လဲဆို ခင်ဗျားသာပထမတစ်ယောက်ကိုတကယ်ချစ်မိခဲ့ရင် ဒုတိယဆိုတဲ့တစ်ယောက်ပေါ်လာစရာအကြောင်းမရှိလို့ ပါ။ “
Johnny Depp

(*သင်သိပါသလား Johnny Deppနဲ့ ရိုက်မယ်ဆို ဘယ်ထုတ်လုပ်ရေးကမှ ရိုက်ရက်အတိအကျသတ်မှတ်လို့ မရဘူးဆိုတာ)

ဒီအချက်ကတော့ မြန်မာကထုတ်လုပ် သူတွေနဲ့ မကိုက်လှဘူး။ ဒါကြောင့်လည်း Deppက မြန်မာကထုတ်လုပ်ရေးတွေ အခုထိခေါ်မသုံး
သေးပုံရတာဖြစ်မှာ 🙂 ။ Dark Shadows ရိုက်တုန်းက Deppဟာ Plot တစ်ခုတည်းက ၆ရက်ကြာတဲ့အထိ မကျေနပ်လို့ ထပ်တလဲလဲရိုက်ခဲ့ဖူးသလို ဂျက်ကီချမ်း ၉ရက် – Tom Cruise ၇ရက်ပြီးရင် တတိယဂွအကျဆုံးမင်းသားပါပဲ။ ဒါ့အပြင် Depp ဟာ ဇာတ်ညွှန်းကျက်ရတာခက်ခဲတတ်တဲ့ မင်းသားဖြစ်လို့ တချို့ ရိုက်ကွင်းတွေမှာ earphone နဲ့  Sound Engineer ပါငှားပြီးရိုက်ခဲ့ရသူပါ။ ဒါတင်မကပါဘူး ဇာတ်ကားတစ်ကားပြင်ဆင်တိုင်း Costume Designer တွေခေါင်းစားရသလို ဇာတ်ကောင်ရဲ့အဝတ်အစားအပေါ် အရမ်းအလေးထားပြင်ဆင်တတ်ပြီး Designerတွေကိုတောင်ပြန်ပြင်ခိုင်းတတ်လို့ ဇီဇာကြောင်တဲ့ မင်းသားလို့ သတင်းကြီးလှသူပါ။

Sleepy Hollow ရုပ်ရှင်တုန်းက Deppရဲ့ အဝတ်အစားပြင်အဆင်ဟာ ဒေါ်လာ၁သိန်းခွဲထိရှိခဲ့ပြီး ဝတ်စုံတစ်စုံတည်း ကို ၉ခါထိပြန်ပြင်ခိုင်းခဲ့တဲ့ဂွစာပါ။ ဒါ့အပြင် Depp ဟာ Jack Sparrow ၀တ်စုံအတွက် သူကိုယ် တိုင် ဒါရိုက်တာ Designerတွေနဲ့ ၂ပတ်တိတိအချိန်ယူဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒီလိုဂွကျလို့ လည်း သူ့ ရုပ်ရှင်ကားတွေဟာဒိတ်ဒိတ်ကြဲပေါက် တာလို့ ဆိုရင်မမှားလောက်ဘူး။ ဒါ့အပြင်Depp ဟာ Colourophobia ရောဂါရှိသူဖြစ်လို့ သူရိုက်ခဲ့တဲ့တချို့ ရုပ်ရှင်တွေမှာ မင်းသမီးတွေအ တွက်ပြင်ဆင်ထားတဲ့မူလအင်္ကျီတွေကို အသစ်ပြန်ချုပ်ခဲ့ရပါတယ်။ ဒါတွေကတော့ Deppနဲ့ ပတ်သက်တဲ့အမှတ်တရအတိုအစလေးတွေပေါ့။ ဒါ့အပြင် Deppဟာ ကျေးဇူးမမေ့တတ်သူ အချစ်ကြီးသူဖြစ်ပါတယ်။ သူ့ ကိုယ်ကတက်တူးတွေထဲ သူ့ ရဲ့ကျေးဇူးရှင် အကိုလိုခင်တဲ့ ဒါရိုက်တာ Timကိုလေးစားလို့ တက်တူးထိုးထားသလို Cageရဲ့ crazy တက်တူးကိုလည်း ထိုးထားပြီး သူ့ အချစ်ဆုံးကြီး Winona နာမည်ကိုလည်း တက်တူးထိုးထားသလို သူ့ သမီးနဲ့ သားနာမည်ကိုလည်းတက်တူးထိုးထားသူဖြစ်ပါတယ်။

စိတ်ဓာတ်ကျမူတွေ နာကျင်ခံစားစရာတွေ ကျရှုံးမူတွေ အချစ်ရေးအဆင်မပြေမူတွေ မိုက်ရူးရဲဆန်ခဲ့မူတွေကြားကနေ အခုတော့ဂျက်စပဲရိုးကြီးလို့ ကမ္ဘာအနှ့ံသိကြတဲ့Deppဟာရုပ်ရှင်သမိုင်းမှာ နာမည်ကျန်ရစ်စေသူဖြစ်ခဲ့ပါပြီ။ ရတဲ့ငွေကလည်းကြောက်စရာ လှူလိုက်ရင်လည်းသန်းဂဏန်းတွေချည်း အခုထိလည်းဆိုးတုန်း ပရိတ်သတ်တွေအပေါ်လည်းမာနမကြီးတုန်းပါပဲ။

” သင်ဘယ်လိုခံစားခဲ့ရလဲ သူတပါးကို မပြောပါနဲ့ ။ သင်ကလွဲရင် ဘယ်သူကမှ သင့်ခံစားချက်ကို အပြည့်အဝအလေးထားပေးနိုင်မှာမဟုတ်ဘူး။ “

JohnnyDepp

မိဘတွေအဆင်မပြေလို့ ဘဝကိုဖြစ်သလိုဖြတ်သန်းခဲ့ရသူ / ဂီတကိုချစ်လို့ ကျောင်းထွက်ခဲ့သူ/ မထင်မှတ်ပဲရုပ်ရှင်လောကထဲဝင်ခဲ့ရာက ဘဝပါရင်းပြီး ရုန်းကန်ခဲ့သူ / ဘယ်တုန်းကမှကျေးဇူးရှင် ချစ်သူခင်သူတွေကိုမမေ့တတ်ခဲ့သူ / ပရိတ်သတ်အပေါ် မလေးမစားမလုပ်ဖူး မာနမကြီးခဲ့သူ/ဘဝမမေ့သူ / သားသမီးတွေအပေါ်အချစ်ကြီးတဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်ခဲ့သူ / အလုပ်အပေါ်အပြည့်အဝလေးစားတတ်သူ ……အခုချိန် သူနားသွားရင်တောင် Johnny Deppဆိုတဲ့ နာမည်ဟာ ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာအထင်ကရကျန်နေဦးမှာဖြစ်ပါတယ်။

(Johnny Depp အကြောင်းကိုဒီလောက်နဲ့  မပြည့်စုံပါဘူး။ TomHanks ပြီးရင် Hollywood မှာ အလေးစားဆုံးမင်းသားဖြစ်လို့ လေ့လာမိသလောက်ရေးမိရုံပါ။ သူ့ အမာခံfanများ ဆယ်စုနှစ် ၃စုစာသူ့ ကားတွေနဲ့ ဖြတ်သန်းခဲ့ဖူးတဲ့ အကိုဦးလေးအဒေါ်များကပိုသိပါလိမ့်မယ်။ ဒါကြောင့်အမှားပါရင် ခွင့်လွှတ်ပေးစေချင်ပါတယ်။)

Ref; JohnnyDepp(WorldCatcatalog )
JohnnyDepp(UniverseBlog)

ထက်ဝန

Leave a Reply