မှတ်သားစရာ စာတိုလေးများ – ၂

Posted on

လူတို့လိုက်နာရန်ခက်ခဲသည့် အချက် (၁၅) ချက်

၁။ မိမိက သူတစ်ပါးကို စော်ကားမိသော် မိမိအပြစ်အတွက် ၀န်ချတောင်းပန်ရန် ခက်ခဲသည်။

၂။ အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်ပြီးသော် မကောင်းသဖြင့် အစမှတစ်ဖန်ပြန်လုပ်ရန် ခက်ခဲသည်။

၃။ မိမိအမှားကို ၀န်ခံရန်ခက်ခဲသည်။

၎။ တစ်ကိုယ်ကောင်း မဆန်ဘဲ အများအကျိုးအတွက် စိတ်ထားရန် ခက်ခဲသည်။

၅။ သူတစ်ပါး၏ ဆုံးမခြင်း၊ အကြံပေးခြင်း၊ ကိုလက်ခံရန်ခက်ခဲသည်။

၆။ ရက်ရက်ရောရော လျူဒါန်းပေးကမ်းရန် ခက်ခဲသည်။

၇။ အမြဲမပြတ် ဇွဲကောင်းစွာဖြင့် ကြိုးစားလုပ်ကိုင်ရန်ခက်ခဲသည်။

၈။ သူတစ်ပါးအပေါ်၌ ကိုယ်ချင်းစာတရား ထားရန် ခက်ခဲသည်။

၉။ အမှားတစ်ခုကိုမြင်ပြီး အမှန်ပြင်နိုင်ရန် ခက်ခဲသည်။

၁၀။ သူတစ်ပါးအပြစ်ကို ခွင့်လွှတ်၍ အာဃာတ တရားမထားရန် ခက်ခဲသည်။

၁၁။ မိမိအပြစ်ကြောင့် သူတစ်ပါး၏အပြစ်တင်ခြင်းကို ခံယူရန် ခက်ခဲသည်။

၁၂။ အရာရာစဉ်းစား ချင့်ချိန်၍ ပြုလုပ်ရန် ခက်ခဲသည်။

၁၄။ လူတော် လူကောင်း ဖြစ်ရန် ခက်ခဲသည်။

၁၅။ လောကဓံတရား ရှစ်ပါးနှင့် ရင်ဆိုင်ရသောအခါ စိတ်ကိုတည်ငြိမ်စွာထားရန်ခက်ခဲသည်။

တက္ကသိုလ်ဆုမြိုင် (အောင်မြင်ရေးနည်းမှ)

ဂဏန်း ၊ ပုတ်သင် ၊ ၀ါးပင် ၊ လိပ်မျိုး ၊ နွားသိုး ၊ မြင်းကပ် ဤ ခြောက်ရပ် .. မှတ်အပ်.. မပြု ရာ… တဲ့။

ဂဏန်း

မြင်မြင်သမျှ လက်မထောင်ပြ တာ ဂဏန်းလေ..
အမြဲတမ်း ရန် လိုနေတာ..

ပုတ်သင်..

ပုတ်သင်ညို ဆိုတာ ဘယ်သူ ဘာလာပြောပြော ခေါင်းညိတ်ပြတာလေ..
သူများပြောတိုင်းလဲ မယုံရဘူး.. ကိုယ့်ဥာဏ် နဲ့ကိုယ် ချင့်ချိန် စဉ်းစားပြီးမှ ယုံ..ရမယ်နော်..

ဝါးပင်

တောင်ကလေတိုက်ရင်… မြောက်ကိုယိမ်း…မြောက်က လေတိုက်ရင်… တောင်ကိုယိမ်.. တယ်ဗျ..
ဟိုသူက ဟိုလိုပြောရင်… ဟိုဘက်ပါတယ်..ဒီသူက ဒီလိုပြောရင်.. ဒီဘက်ပါတယ်.. ဆိုတဲ့ လူမျိုး…

လိပ်….

ဒါကတော့ လူတိုင်း သိပါတယ်…ကိုယ့်ဘက် ကိုယ်ပဲ ယက် တတ်တဲ့ သူမျိုး

နွားသိုး

ဒေါသဖြစ်လာပြီဆိုရင်… ဘယ်သူမှ ထိန်းလို့ မရတော့ဘူးလေ..
အဲလို မျိုးလည်း မဖြစ်ရအောင် ကြိုးစား ကိုယ့်ဒေါသ ကိုယ် အချိန်မီ ပြန်ထိမ်းသိမ်း နိုင်ရမယ်..

မြင်းကပ်

ကပ်သီး ကပ်ဖဲ့ နိုင်တဲ့ မြင်း ကျတော့ ဘယ်လိုမှ ပြုပြင်လို့ မရဘူး..မြင်း ကပ်ပြီ ဆိုမှတော့ အသေခံပြီးတော့ကို ကပ်တာ..
ဘယ်လိုမှလဲ အသုံးချလို့ကို မရတော့ဘူး…

အဲ ဒီ ၆ မျိုးထဲက တစ်ခုခုနဲ့တူနေတယ်ဆိုရင် အချိန်မီ ပြုပြင် နိုင်ကြပါစေလို့ ။

သူငယ်ချင်းဆိုတာဒီလို

“ရားရာ” သုံးတန်းနှစ်… မနက်ခင်းတစ်ခုမှာ “ရားရာ” ရုတ်တရက် မူးလဲသွားခဲ့တယ်။ ဆေးရုံပို့ စစ်ဆေးကြည့်တော့ သွေးကင်ဆာလို့ သိလိုက်ရတယ်။

ရားရာတို့မိသားစုက ထိုင်ဝမ်ကျွန်း တောင်ပိုင်းမှာနေကြတယ်။ မိတ်ဆွေတွေပေးတဲ့ အကြံကြောင့် မြောက်ပိုင်း (ထိုင်ပေ) မှာ ဆေးလာကုခဲ့ကြတယ်။ ဆေးရုံ စတက်တဲ့နေ့ကစပြီး ရားရာ မျက်ရည်နဲ့ မပြတ်ခဲ့ဘူး။ အထူးသဖြင့် ခါးအထိရှည်တဲ့ သူ့ဆံပင်တွေ ဓာတ်ကင်လို့ ကျွတ်ကုန်ခဲ့တယ်။ ဆံပင်ကျွတ်ကုန်လို့ ရားရာ စိတ်ဆိုးပြီး တစ်ပတ်တိတိ ဘယ်သူနဲ့မှ စကားမပြောခဲ့ဘူး။ နပ်စ်တွေက ဘယ်လိုပဲ ချော့မော့နှစ်သိမ့်ခဲ့လည်း ရားရာ ငိုပဲငိုနေခဲ့တယ်။ ကျွေးတဲ့အစာတွေကိုလည်း ကုန်အောင်မစားခဲ့ဘူး။ အစာစားတိုင်း အစာတွေကို သူ မပစ်ထုတ်နိုင်အောင် နပ်စ်တွေက အနားမှာစောင့်ကြည့်ခဲ့ရတယ်။

တစ်ခုသော တနင်္ဂနွေနေ့မှာ ကျွန်တော်ဂျူတီကျခဲ့တယ်။ ရိုးတွင်းချဉ်ဆီ ပြောင်းရွေ့ကုသဆောင်ကလည်း ကလေးကင်ဆာဆောင်မှာပဲ ရှိနေတဲ့အတွက် အဲဒီနေ့က ပြောင်းရွေ့ကုသပြီး လူနာခန်းထဲက ကျွန်တော်ထွက်အလာ အခန်းရှေ့မှာ ဂတုံးတုံးထားတဲ့ ကလေးအယောက်(၂ဝ)ကို ရုတ်တရက် တွေ့လိုက်မိတယ်။

“ဒါ ဘယ်လိုဖြစ်ရတာပါလိမ့်? ” လူနာအသစ်တွေ ရောက်လာတယ်ထင်ပြီး ရုတ်တရက် ကျွန်တော် ထိတ်လန့်သွားမိတယ်။

ဒါပေမယ့် ဒီဂတုံးတွေ ကြည့်ရတာ သန်မာဖြတ်လတ်နေတယ်။ ဖျားနာတဲ့ ကလေးတွေနဲ့ တူမနေခဲ့ဘူး။ ယောက်ျားလေးတွေ သာမက မိန်းကလေးတွေပါ ဂတုံးတုံးထားတဲ့အတွက် နပ်စ်ကိုခေါ်ပြီး ကျွန်တော်မေးကြည့်လိုက်တယ်။ လက်စသတ်တော့ သူတို့က ရားရာရဲ့ အတန်းဖော်တွေဖြစ်ပြီး ကျောင်းအားရက်မှာ တောင်ပိုင်းကနေ တကူးတက ရားရာကို လာကြည့်ကြတာဖြစ်တယ်။

ရားရာက ဓာတ်ကင်ထားတဲ့အတွက် ဆံပင်တွေကျွတ်ပြီး စိတ်ထိခိုက်နေမှာ စိုးတဲ့အတွက် အတန်းဖော်အားလုံးကပါ ဂတုံးတုံးပြီး ရားရာကို လာအားပေးကြတာဖြစ်တယ်။

အဲဒီနေ့က ရားရာ ဓာတ်ကင်ပြီးစဖြစ်တဲ့အတွက် သွေးဖြူဥတွေက သာမန်အခြေအနေမှာပဲ ရှိသေးတာကြောင့် ကလေးတွေနဲ့ လက်ခံစကားပြောခွင့်ရခဲ့တယ်။ ဂတုံးအယောက်(၂ဝ)လုံး ရားရာရဲ့ အခန်းထဲမှာ စုပြုံလို့.. ဂတုံးအောက်မှာ ပြုံးရွှင်တဲ့မျက်နှာလေးတွေနဲ့ ရားရာပါ ပြုံးပျော်ရွှင်နေခဲ့တယ်။ ဆေးရုံစတက်ချိန်ကနေ ဒီနေ့အထိ ရားရာဒီလိုပျော်ရွှင်တာကို ကျွန်တော်တို့ မတွေ့ခဲ့ဖူးကြဘူး။

ဂတုံးလေးတွေ နေ့လယ်စာ ထမင်းအတူစားကြတယ်။ အခန်းနဲ့တောင် မဆန့်အောင်ပါဘဲ။ အဲဒီနေ့က ရားရာ အစာတွေ တော်တော်စားဖြစ်ခဲ့တယ်။ ဂတုံးလေးတွေ မပြန်ခင် အုပ်စုလိုက် ဓာတ်ပုံရိုက်ခဲ့ကြတယ်။ ဂတုံးတိုင်း ပြုံးရီလို့.. ဒါ ဒီတစ်သက် ကျွန်တော်တွေ့ဖူးသမျှ ဓာတ်ပုံတွေထဲက အလှဆုံးဓာတ်ပုံဖြစ်တယ်။ အဲဒီပုံထဲကနေ မေတ္တာစစ်တစ်ခုကို ကျွန်တော်တွေ့ခဲ့ရလို့ပါပဲ.. အဲဒီမေတ္တာစစ်ကို “သူငယ်ချင်း” လို့ ခေါ်ခဲ့တယ်။

လုပ်ငန်းခွင်ဝင်နေသူတွေအတွက် (၁၅) ချက်

၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေ သူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။

၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။

၎) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

၅) ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ
မယုတ်လျော့သွားစေနဲ့။

၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။ သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျှော့သွားမှာ မဟုတ်ဘူး။

၇) အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ အခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ

၈) သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။ ကိုယ့်အယူအဆကို ထုတ်ပြောဖို့ မလောပါနဲ့။

၉) ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေထည့်ရမှာလဲ?
ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ ထည့်ရမှာလဲ?

၁ဝ) ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

၁၁) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊ ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

၁၂) လောကမှာ ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်း အချီးကျူးခံနေရသူလည်း မရှိဘူး။ကိုယ်စကားများရင် အပြစ်ပြောမယ်၊ ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ ဆိတ်ဆိတ်နေရင်လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ မပြောမခံရတဲ့လူဆိုတာ မရှိဘူး။

၁၃) ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့် သတင်းတွေအတွက် အကောင်းဆုံး အဖြေဖြစ်တယ်။

၁၄) လူတွေက ကိုယ့်ကိုကြောက်တယ် ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။ လူတွေက ကိုယ့်ကိုနှိမ်တယ် ဒါ ရှက်စရာမဟုတ်ဘူး။

၁၅) တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ ကိုယ့်ကတစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာ။

စာရိုက်တင်ပေးသူ – နွေဦး

Leave a Reply