Thutazone
Saturday, December 14, 2019
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

မြန်မာ့စစ်တုရင် ဆိုသည်မှာ

by Thutamm
August 1, 2019
1 min read
0
မြန်မာ့စစ်တုရင် ဆိုသည်မှာ
Share on FacebookShare on Twitter

စစ်တုရင်ကစားနည်းသည် တစ်ဖက်နှင့် တစ်ဖက် စစ်တိုက်သကဲ့သို့ လူ၏ ဦးနှောက် ဉာဏ်ရည်ဉာဏ်သွေးကို ပြိုင်ဆိုင်ရသော ကစားနည်း ဖြစ်သည်။ စစ်တုရင်ကစားနည်းကို အင်္ဂလိပ်လို (Chess) ဟုခေါ်သည်။ မြန်မာစစ်တုရင် ကစားနည်းသည် အပြည်ပြည်ဆိုင်ရာစစ်တုရင်ကစားနည်းနှင့်မတူ၊ ကွဲပြားခြားနားမှုရှိသည်။ မြန်မာ့ စစ်တုရင်ကစားနည်းတွင် ၆၄-ကွက်ပါသောကစားကွက်နှင့် တစ်ဖက်လျှင် ကစားရုပ် ၁၆-ရုပ်စီကို အသုံးပြုသော်လည်း ကစားခုံ အနေအထား ကစားရုပ်နေရာချပုံနှင့် ကစားရုပ်များ၏ ရွေ့လျားပုံတို့ မတူပေ။

မြန်မာ့ စစ်တုရင်ကစားနည်းသည် လွန်ခဲ့သောနှစ်ပေါင်း (၁၃၀၀)ကျော်ခန့်မှစ၍ အိန္ဒိယနိုင်ငံတွင် ခေတ်စားခဲ့သော ကစားနည်းဖြစ်သည်။ ထိုမှတစ်ဆင့် ကမ္ဘာ အရပ်ရပ်သို့ပြန့်နှံ့ခဲ့ကာ မြန်မာနိုင်ငံသို့ အေဒီ (၈)ရာစုတွင် ရောက်ရှိခဲ့သည်။ စစ်တုရင်ကစားနည်း၏ မူလအမည်မှာ “စတုရင်္ဂ” ဖြစ်ပြီး စစ်အင်္ဂါလေးပါး(ဆင်၊ မြင်း၊ ရထား၊ ခြေလျင်တပ်ဖွဲ့များ)ဖြင့် စစ်ထိုးသဏ္ဌာန်ပြု ကစားရသော ကစားနည်းဟု အဓိပ္ပါယ်ရသည်။ “စတုရင်္ဂ”မှ “စတုရင်”၊ “စစ်တုရင်”အဖြစ် ပြောင်းလဲသုံးနှုန်းခဲ့သည်။ စစ်တုရင်သည် ရှေးယခင်က မင်းညီမင်းသား၊ မှူးမတ်ဗိုလ်ပါ တို့ စစ်ဗျူဟာခင်းကျင်းတိုက်ခိုက်ရာတွင် ထက်မြက်ကျွမ်းကျင်ရန်နှင့် အပေါင်းအသင်းများအတွင်း ကိုယ်ရည်ကိုသွေးယှဉ်ပြိုင်ကာအပျင်းလည်းပြေရန် လေ့ကျင့် ကစားရသော တော်ဝင်ကစားနည်းဖြစ်သည်။

မြန်မာစစ်တုရင်ခုံတွင် အပြည်ပြည်ဆိုင်ရာစစ်တုရင်ခုံကဲ့သို့ အဖြူအမည်း အမှတ်အသားများ မရှိပေ။ စစ်တုရင်ခုံသည် စတုရန်းကွက် ၈ ကွက်စီပါရှိသော ဒေါင်လိုက် ၈ တန်း၊ အလျားလိုက် ၈ တန်း စုစုပေါင်း စတုရန်းကွက် ၆၄ ကွက်ပါရှိသည့် လေးထောင့်ကွက်ကြီး ဖြစ်သည်။ ဆေးရောင်ချယ်ထားခြင်း မရှိသော်လည်း ခေါင်ကြောင်း ထောင့်ဖြတ်မျဉ်း နှစ်ကြောင်းကို ကြက်ခြေခတ် ဖြတ်ရေးဆွဲထားသည်။ ၎င်းထောင့်ဖြတ်မျဉ်းများကို စစ်ကဲကြိုး (စစ်ကဲမျဉ်း) ဟုခေါ်သည်။ စကားခုံအရွယ်အစားမှာ အလျား ၂၄ လက်မ၊ အနံ ၂၄ လက်မ ရှိပြီး ကစားကွက်ကလေးများ၏ အရွယ်အစားမှာ ၃ လက်မ ပတ်လည်စီ ဖြစ်သည်။

စစ်တုရင် ကစားရုပ်များမှာ စုစုပေါင်း (၃၂)ရုပ်ဖြစ်ပြီးအမျိုးအစား(၆)မျိုး ဖြစ်သည်။ အရောင်အားဖြင့် အနီနှင့် အနက် ခွဲထားသည်။ တစ်ဖက်လျင် –

မင်းကြီးရုပ် ၁ ခု
စစ်ကဲရုပ် ၁ ခု
ဆင်ရုပ် ၂ ခု

မြင်းရုပ် ၂ ခု
ရထားရုပ် ၂ ခု
နယ်ရုပ် ၈ ခု စီပါဝင်သည်။

အနီရောင်ရုပ်ရသောသူက စတင် ရွှေ့ရသည်။ ကစားရုပ်များကို ထုလုပ်ရာတွင် ပုံသဏ္ဌာန် နှစ်မျိုးထုလုပ်ကြသည်။ တစ်မျိုးမှာ ရာမမင်းသားနှင့် သူ၏ဘက်တော်သား မျောက်များမှတစ်ဘက်၊ ဒသဂီရိဘီလူးနှင့် သူ၏ဘက်တော်သား ဘီလူးများမှ တစ်ဘက် သရုပ်ဖော်ထုလုပ်ထားသည့် ကစားရုပ်များဖြစ်သည်။ ၎င်းတွင် အနက်မင်းကြီးသည် ရာမမင်း၏ ပုံဖြစ်သည်။ အနီမင်းကြီးကား ဒသဂီရိ၏ ပုံဖြစ်သည်။ နောက်တစ်မျိုးမှာ မင်းမြောက်တန်ဆာငါးပါး ဝတ်ဆင်ထားသည့်မြန်မာဘုရင်နှင့် အမှုတော်ထမ်းတို့၏ ပုံဖြင့် သရုပ်ဖော်ထုလုပ်ထားသော ကစားရုပ်များဖြစ်သည်။

ကစားရုပ်များ၏ ရွေ့လျားပုံ

မင်းကြီး၏ လှုပ်ရှားမှု

မင်းကြီးသည် ၎င်းတည်ရှိရာမှ အရပ်ရှစ်မျက်နှာသို့ တစ်ကြိမ်လျှင် တစ်ကွက် ရှေ့နိုင်သည်။ စစ်တုရင်၌ ပြိုင်ဘက်မင်းကြီးကို အမိဖမ်းရန်စီမံဆောင်ရွက်နိုင်လျှင် အနိုင်ရကာပွဲပြီးဆုံးသည်။ မင်းကြီးသည် ဘေးလိုင်းနှင့် ထောင့်ကွက်များမှအပ မည်သည့် နေရာတွင် တည်ရှိသည် ဖြစ်စေ၊ အတားအစီးမရှိပါက ၈ ကွက်အထိ စိုးမိုးထားနိုင်သည်။ အပြည်ပြည်ဆိုင်ရာ စစ်တုရင် နှင့် အလားတူပင်ဖြစ်သည်။

စစ်ကဲ၏ လှုပ်ရှားမှု

စစ်ကဲသည် ၎င်းတည်ရှိရာ ထောင့်ဖြတ် အကွက်များသို့ တစ်ကြိမ်လျှင် တစ်ကွက်ရွေ့နိုင်သည်။ စစ်ကဲသည် ဘေးလိုင်းနှင့် ထောင့်ကွက်များရောက်ရှိနေခြင်းမှအပ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ၊ ယင်းတည်ရှိရာနှင့်ထိဆက်နေသောထောင့်ဖြတ် ၄ ကွက်အား စိုးမိုးထားနိုင်သည်။ အပြည်ပြည်ဆိုင်ရာ စစ်တုရင်ရှိ ဘုရင်မရုပ်တာဝန်မျိုးယူရသော်လဲ စွမ်းဆောင်ရည်နှင့် ရွေ့ကွက်ပုံပန်းမှာ အလွန်ကွာခြားပါသည်။ စစ်ကဲသည် ဘေးတိုက်ထက်အောက် ရွှေ့နိုင်စွမ်းမရှိပဲ ရွှေ့နည်းရွှေ့ဟန်တွင် ဘိရှော့နှင့် နည်းစပ်သည်။

ဆင်၏ လှုပ်ရှားမှု

ဆင်သည် ၎င်းတည်ရှိရာမှ ထောင့်ဖြတ် အကွက်များနှင့် ရှေ့တည့်တည့် အကွက်သို့ တစ်ကြိမ်လျှင် တစ်ကွက်ရွေ့နိုင်သည်။ စစ်ကဲထက် ရှေ့တည့်တည့် အကွက်ပို ရွေ့နိုင်ခြင်းသည်ထူးခြားချက်ဖြစ်သည်။ ။ အဘယ်ကြောင့်ဆိုသော် အပြည်ပြည်ဆိုင်ရာစစ်တုရင်ကစားနည်းတွင်ပါရှိသော ဘိရှော့နှင့် မြန်မာစစ်ဘုရင်ရှိစစ်ကဲတို့မှာ မိမိနှင့်ထောင့်ဖြတ်လိုင်း မတူသော နေရာများသို့လုံးဝ သွားရောက်နိုင်ခြင်းတိုက်ခိုက်နိုင်ခြင်းစွမ်းရည်များမရှိပဲ ဆင်မှာ ရှေ့တစ်ကွက်တက်လိုက်သည်နှင့် မိမိ၏ထောင့်ဖြတ်တည်နေရာကိုပြောင်းလဲနိုင်စွမ်းသောကြောင့်ဖြစ်သည်။ (အပြည်ပြည်ဆိုင်ရာစစ်တုရင်တွင် ထောင့်ဖြတ်ရောင်တူ ဘိရှော့နှစ်ရုပ်နှင့်ဘုရင်သာကျန်ရှိတော့လျှင် ရှောင်တိမ်းတတ်သောပြိုင်ဘက် ဘုရင်တစ်ရုပ်တည်းကို အမိမဖမ်းနိုင်သော်လည်း ဆင်နှင့်စစ်ကဲနှစ်ကောင်သာကျန်သူက ပြိုင်ဘက်၏ဘုရင်ထည်းတည်းကိုအမိဖမ်းနိုင်ပါသည်။

မြင်း၏ လှုပ်ရှားမှု


အပြည်ပြည်ဆိုင်ရာ စစ်တုရင်မှာ ကဲ့သို့ပင် L ပုံသဏ္ဌာန် ရွေ့လျားရသည်။ မြင်းသည် ရွေ့လျားနိုင်သောအကွက်များတွင် အတားအဆီး မရှိပါက ၈ ကွက်အထိ စိုးမိုးထားနိုင်သည်။ မြင်းသည် ယင်းတည်ရှိရာနေရာ၏ထက်အောက်ဘယ်ညာအကွက်တို့နှင့် ထောင့်ဖြတ်ကျပြီးမူလတည်ရှိရာနှင့် ဝေးရာအကွက်များသို့ ကျော်လွှားကာ စိုးမိုးရွေ့လျားနိုင်ခြင်းဖြစ်ရာ တစ်ကြိမ်ရွှေ့တိုင်း ထောင့်ဖြတ်နေရာတည်ရှိမှုအနေအထားအမြဲပြောင်းလဲနေပါသည်။

ရထား၏ လှုပ်ရှားမှု

အပြည်ပြည်ဆိုင်ရာ စစ်တုရင်နှင့် အတူတူပင်ဖြစ်ပါသည်။ လမ်း၌အတားအဆီးမရှိပါက ၁၄ ကွက်အထိစိုးမိုးထားနိုင်ပါသည်။ တစ်ခုမှတ်သားရမည်က မြန်မာစစ်တုရင်တွင် အပြည်ပြည်ဆိုင်ရာ စစ်တုရင်နှင့် ကွာခြားသည်က ဘုရင်နှင့် ရဲတိုက် တစ်ပြိုင်နက် နေရာရွေ့ပြောင်းနိုင်သည့် ကတ်စ်လင်း (ရထားပြောင်း) ရွှေ့ကွက် မျိုးမရှိပါ။

နယ်၏ လှုပ်ရှားမှု

နယ်ရုပ်သည် ရှေ့သို့တစ်ကွက် မျှတက်နိုင်သည်။ နယ်ရုပ်သည် ၎င်း၏ ညာဘက်နှင့် ဘယ်ဘက်ထောင့်ဖြတ် အကွက်ရှိ ဆန့်ကျင်ဘက် ကစားသမား၏ အရုပ်ကို စားပိုင်ခွင့် ရှိသည်။ အကယ်၍ စစ်ကဲ ကျဆုံးသွားပါက နယ်ရုပ်သည် စစ်ကဲ ကြိုးသို့လာရောက်ပြီး စစ်ကဲအဖြစ် ပြောင်းလဲနိုင်သည်။ ယေဘူယအားဖြင့် အပြည်ပြည်ဆိုင်ရာ စစ်တုရင်နှင့် အလားသဏ္ဌာန်တူသောလည်း အပြည်ပြည်ဆိုင်ရာ စစ်တုရင်ကဲ့သို့ ပထမဆုံး ရွေ့ကွက်တွင် ၂ ကွက် တက်ရောက်နိုင်ခွင့် မရှိခြင်း မှာ ကွာခြားသည်။ စစ်ကဲတိုးမြှင့်ပြီးပြီးခြင်း စစ်ကဲစွမ်းရည်မရသေးပဲ နောက်ရွှေ့လှည့်မှရခြင်းစသော အသေးစိတ်စည်းကမ်းများလိုက်နာရသေးသည်။

စွမ်းအင်ကွာခြားချက်
စစ်ကဲ = နယ် ၂ ခု
ရထား = ဆင် ၁ ခု + နယ် ၂ ခု (သို့) မြင်း ၁ ခု + နယ် ၂ ခု
ဆင် = မြင်း ၁ ခု (သို့) နယ် ၃ ခု

မြင်း = ဆင် ၁ ခု (သို့) နယ် ၃ ခု
မင်းကြီး = နယ် ၄ ခု (အဆုံးသတ်ပိုင်း အဆင့်တွင်သာဖြစ်သည်။)
တစ်နည်းအားဖြင့် –

စစ်ကဲ =နယ် ၂ခု
ရထား =နယ် ၅ခု
ဆင် =နယ် ၃ခု
မြင်း =နယ် ၃ခု

မင်းကြီး= နယ် ၄ခု (အဆုံးသတ်ပိုင်း အဆင့်တွင်သာဖြစ်သည်။)
သို့သော် တစ်ခါတစ်ရံ ကစားကွက် အနေအထားကို လိုက်၍ စွမ်းအင်သတ်မှတ်ချက်များမှာ အပြောင်းအလဲ ရှိတက်သည်။ ဥပမာ-အနေအထားကောင်းမှန် ခိုင်ခန့်လျက်ရှိသော စစ်ကဲသည် တစ်ခါတစ်ရံ ဆင်၊ မြင်း၊ ရထားတို့ထက် တန်ဖိုးရှိနေ တတ်သည်။ ကစားရုပ်များအပြား ရှိနေစဉ်တွင် မြင်းသည် ဆင်ထက် တန်ဖိုးရှိသည်ဟု ယေဘုယျ မှတ်ယူနိုင်သည်။

မြန်မာစစ်တုရင်ပြိုင်ပွဲများတွင် ပွဲမစမီအချိန်၌ ကစားခုံကို ကန့်လန့်ဖြတ် အဝတ်ဖြင့် ကာရံထားပြီး ကစားသမားနှစ်ယောက်မှာ ကန်လန့်ကာ၏ နောက်ကွယ်၌ ကစားရုပ်များကို မိမိတို့စိတ်ကြိုက် နေရာချနိုင်သည်။ မြန်မာစစ်တုရင်တွင် အပြည်ပြည်ဆိုင်ရာစစ်တုရင်ကဲ့သို့ ပုံသေစစ်တည်ရခြင်းမျိုးမရှိပေ။ မြန်မာစစ်တုရင်၌ စစ်တည်ခြင်းညံ့ဖျင်းပါက ဆက်ရွေ့ရန်ပင်မလိုပဲ ရှုံးလိမ်မည်ဖြစ်ကြောင်း ပြောဆိုနိုင်သူများရှိသည်။ ထို့ကြောင့် ရှေးက စစ်တည်နည်းများကို တစ်ဦးနှင့်တစ်ဦး မတွေ့ရှိမသိမြင်စေရန် ကစားကွက်ခုံအလယ်၌ ကန့်လန့်ကာ ကာထားပြီး စစ်တည်လေ့ရှိသည်။ အပြည်ပြည်ဆိုင်ရာစစ်တုရင်၌ စစ်တည်ခြင်းနှင့် အဖွင့်ပိုင်း နည်းဗျူဟာများသည် သီးခြားစီဖြစ်သော်လည်း မြန်မာစစ်တုရင်၌ စစ်တည်ခြင်းသည်ပင် အဖွင့်ပိုင်း နည်းဗျူဟာများဖြစ်သည်။ စစ်တည်ခြင်းပြီးသည်နှင့် နယ်တက်ဖျက်ခြင်း နှစ်လှည့်သုံးလှည့်ခန့်အတွင်း အလယ်ပိုင်းအဆင့်သို့ ကူးပြောင်းကစားသွားနိုင်သည်။

သရေပွဲ

ကစားသူတစ်ဦးသည် ၎င်း၏ရွေ့လှည့်တွင် အခြားသော နည်းလမ်းတကျရွေ့ကွက်များ မရှိတော့သည့်အပြင် ၎င်း၏မင်းကြီးသည်လည်း အခွေခံရခြင်းမဟုတ်ဘဲ ထွက်စရာလမ်းမရှိ ပိတ်မိနေလျှင် (အပ်ကွက်)။
သရေပွဲအဖြစ် နှစ်ဦးသဘောတူသတ်မှတ်လျှင်။
ပြိုင်ဘက်တွင် မင်းကြီးရုပ်တစ်ခုထဲကျန်ရှိစဉ်-

မင်းကြီး+ရထားဖြင့် ဖမ်းရက (၁၆)ကွက်နှင့် အမိဖမ်းခြင်း (ခွေသေ) မပြုလုပ်နိုင်လျှင်။
မင်းကြီး+ရထား+စစ်ကဲဖြင့် ဖမ်းရက (၁၂)ကွက်နှင့် အမိမဖမ်းနိုင်လျှင်။
မင်းကြီး+ဆင်+စစ်ကဲဖြင့် ဖမ်းရက (၄၄)ကွက်နှင့် အမိမဖမ်းနိုင်လျှင်။
မင်းကြီး+မြင်း+စစ်ကဲဖြင့် ဖမ်းရက (၆၄)ကွက်နှင့် အမိမဖမ်းနိုင်လျှင်။

ဖမ်းကွက်ကို ပြေးသောမင်းကြီးအလှည့်မှ စတင်ရေတွက်သည်။ ဖမ်းသောသူအလှည့်ပြီးမှ (၁)ကွက်ပြီးမြောက်သည်။ ပြေးသောမင်းကြီးသည် လေးကွက်တွင်း ၅ ခုရှိအကွက်များမှ စတင်ပြေးရလျှင် ဖမ်းကွက်အရေအတွက်ကို အမှတ်စဉ် ၄ မှစတင်ရေတွက်ရသည်။ ပြိုင်ပွဲများတွင် သရေတောင်းဆိုလိုပါက ပြိုင်ပွဲကြီးကြပ်သူကို ကြိုတင် အသိပေးရမည်။

(၃)တစ်ဘက်နှင့်တစ်ဘက် အောက်ပါအရုပ်များကျန်ရှိပြီး အကွက် ၅၀ တိုင်အောင် တစ်ဖက်သူ၏မင်းကြီးကို အမိမဖမ်းနိုင်လျှင် သရေတောင်းဆိုနိုင်သည်။

မင်းကြီး+ရထား နှင့် မင်းကြီး+မြင်း
မင်းကြီး+ရထား+မြင်း နှင့် မင်းကြီး+ရထား
မင်းကြီး+ရထား+ဆင် နှင့် မင်းကြီး+ရထား

မင်းကြီး+ဆင်+စစ်ကဲ နှင့် မင်းကြီး+စစ်ကဲ
မင်းကြီး+ဆင်+စစ်ကဲ နှင့် မင်းကြီး+ဆင်
(၄)ကစားပွဲတစ်ခုတွင် တူညီသောကစားကွက်အနေအထား ၃ကြိမ်ဖြစ်ပေါ်ခဲ့လျှင် ကစားသူတစ်ဦးဦးက သရေတောင်းဆိုနိုင်သည်။

စာကိုး

မောင်မောင်အေး(ဆပ်သွားကုန်း)၏ `မြန်မာ့ရိုးရာစစ်တုရင်´
မေမြို့မိုးကြည် ၏ မြန်မာ့ စစ်ပညာ
ကြေးမုံသတင်းစာ
Myanmar Wikipedia

Tags: myanmar knowledge
Next Post
အလီဘာဘာပိုင်ရှင် ဂျက်မားရဲ့ဘဝဇာတ်ကြောင်း

အလီဘာဘာပိုင်ရှင် ဂျက်မားရဲ့ဘဝဇာတ်ကြောင်း

Discussion about this post

Trending

ခရစ်စမတ်ပွဲတော်အတွက် စစ်ပွဲကို ခေတ္တရပ်နားခဲ့တဲ့ လွန်ခဲ့တဲ့နှစ်(၁၀၀) ကျော်ကဖြစ်ရပ်
History

ခရစ်စမတ်ပွဲတော်အတွက် စစ်ပွဲကို ခေတ္တရပ်နားခဲ့တဲ့ လွန်ခဲ့တဲ့နှစ်(၁၀၀) ကျော်ကဖြစ်ရပ်

by Thutamm
December 13, 2019
ဂမ်ဘီယာနိုင်ငံ အကြောင်း သိကောင်းစရာ 
Knowledge

ဂမ်ဘီယာနိုင်ငံ အကြောင်း သိကောင်းစရာ 

by Thutamm
December 11, 2019
မြန်မာပြည်ကို ရောက်ခဲ့ဖူးတဲ့ အီသီယိုးပီးယားဘုရင်
Knowledge

မြန်မာပြည်ကို ရောက်ခဲ့ဖူးတဲ့ အီသီယိုးပီးယားဘုရင်

by Thutamm
December 11, 2019
ဆာယာယေဗိုမြို့က ရိုမီယို နဲ့ ဂျူးလိယက် 
Amazing

ဆာယာယေဗိုမြို့က ရိုမီယို နဲ့ ဂျူးလိယက် 

by Thutamm
December 11, 2019
ရန်ကုန် တက္ကသိုလ်၏ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနား 
History

ရန်ကုန် တက္ကသိုလ်၏ ပထမဆုံး ဘွဲ့နှင်းသဘင် အခမ်းအနား 

by Thutamm
December 9, 2019

သုတဇုန် ဆိုတာ

သုတဇုန်စာမျက်နှာသည် ထူးထူးဆန်းဆန်းအကြောင်းများ ၊ သုတရသ ဗဟုသုတများ ၊ ရှေးဟောင်းနှောင်းဖြစ်သမိုင်းများ ၊ အသုံးဝင်အချက်အလက်များ ၊ စိတ်ခွန်အားပေးစာစုများ စသည့်အကြောင်းအရာများကို သီးသန့် တင်ဆက်ပေးနေသော စာမျက်နှာဖြစ်ပါတယ်။ ဗဟုသုတအကြောင်းအရာများကို အလွယ်တကူ သိချင် ဖတ်ချင်သူမိတ်ဆွေများအတွက် ကြိုးစားတင်ဆက်ပေးနေပါတယ်။

Tags

amazing ancient knowledge animals buddhism buddhism monk chemistry cities countries facts feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places plants rivers science science knowledge Sport Sport people story successful tech thinking tips to know world actors world actress world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • no
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook
  • About Us
  • Contact Us
  • Home
  • Privacy Policy

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Login to your account below

Forgotten Password?

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

 

Null