ကမ္ဘာ့တလွှား အံ့ဖွယ် ဘုန်းတော်ကြီးကျောင်းများ

Posted on

မောင်သာ ( ရှေးဟောင်းသုတေသန)

ဘုန်းတော်ကြီးကျောင်းများ တည်ထောင်ထားရှိခြင်းသည် ဗုဒ္ဓဘာသာထူထောင်မှုနည်းများအနက် အခြေခံ အကျဆုံး စံနစ်တစ်ရပ်ပင်ဖြစ်သည်။ဘုန်းတော်ကြီးကျောင်းများတွင် သံဃာတော်များကဗုဒ္ဓ၏ တရားတော်များကို ထိန်းသိမ်းပြန့်ပွားရန်တာဝန်ယူကြရပြီး သီလရှင်ကျောင်းများတွင် သီလရှင်များက တာဝန်ယူကြသည်။ ထို့အတူပင် ဘုန်းတော်ကြီးကျောင်းများသည် ဗုဒ္ဓစာပေများကိုသင်ကြားပေးပြီး ဗုဒ္ဓဘာသာဝင်များအား လမ်းညွှန်မှုပေးရာနေရာများလည်းဖြစ်ကြပေသည်။ တောင်အာရှဒေသ၏ မိုးရာသီကာလများတွင်ဗုဒ္ဓဘာသာရဟန်းသံဃာနှင့်သီလရှင်များဝါဆိုရန် နေရာထိုင်ခင်းစီစဉ်ရာမှအစပြုရာမှဘုန်းတော်ကြီးကျောင်းများပေါ်ထွန်းလာရခြင်းဖြစ်သည်။

ဤသို့ဖြင့်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများသည်ပင်ဗုဒ္ဓဒေသနာတော်များဖွံ့ဖြိုးပြန့်ပွား၊ဆွေးနွေး၊ဟောပြောရာနေရာများအဖြစ်သို့တိုးတက် ရောက်ရှိလာခဲ့ရပေသည် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဗုဒ္ဓဘာသာကိုးကွယ်သည့်နိုင်ငံများနှင့် မကိုးကွယ်သောနိုင်ငံအချို့တွင်ပါ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများကိုတွေ့မြင်နိုင်ကြပါသည်။ယင်းတို့အနက်မှထင်ရှားသောကမ္ဘာ့အံ့ဖွယ်ဘုန်းတော်ကြီး ကျောင်း ၁၀ ကျောင်းကို တင်ပြလိုပါသည်။

၁၀၊ Yumbulagang ကျောင်း

ရှေး ဒဏ္ဍာရီ တစ်ခု အလိုအရ Yumbulagang သည် တိဘက်ဒေသမှ ပထမဆုံး အဆောက်အဦဖြစ်ပြီး၊ ပထမဆုံးသော တိဘက်ဘုရင် Nyatri Tsenpo ၏ နန်းတော်ဖြစ်ခဲ့သည်ဟု အဆိုရှိပါသည်။ Yumbulagang ဟူသော စကားလုံးသည် တိဘက်မှအမေနှင့်သား နန်းတော်ဟုအဓိပ္ပါယ်ရပြီး ပဉ္စမမြောက်ဒရိုင်းလားမား လက်ထက် တွင် တိဘက် ဘုရင့်နန်းတော်အဖြစ်မှ Gelugpa ဘုန်းတော်ကြီးစာသင်ကျောင်းတစ်ကျောင်း အဖြစ်ပြောင်းလဲခဲ့ သည်။

တရုတ်နိုင်ငံ၏ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း အကြီးအကျယ်ဖျက်ဆီးခြင်းခံခဲ့ရကာ ၁၉၈၃ ခုနှစ်တွင် ပြန်လည်တည်ဆောက်ခဲ့သည်။ ယခုအခါတွင် အဆိုပါဘုန်းကြီးကျောင်း ၁၀ ကျောင်းတို့သည် ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်တစားသွား ရောက်လည်ပတ်ရာနေရာများဖြစ်နေကြပြီးနိုင်ငံတကာမှဘာသာပေါင်းစုံ၊လူမျိုးပေါင်းစုံတို့အားသွားရောက်လည်ပတ် ရန်ဆွဲ ဆောင်မှုအရှိဆုံးနေရာများပင် ဖြစ်ပါတော့သည်။

၉၊ Erdene Zuu ဘုန်းတော်ကြီးကျောင်း

မွန်ဂိုလီယားဒေသ၏ ရှေးအကျဆုံး ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်သည့် Erdene Zuu ဘုန်းတော်ကြီး ကျောင်းကို ၁၅၈၅ ခုနှစ်တွင် တိဘက်ဒေသမှ မွန်ဂိုလီယားသို့ ဗုဒ္ဓဘာသာကို အစပျိုးပေးသည့် အထိမ်းအမှတ် အဖြစ် Abtai Sain Khan ကတည်ဆောက်ခဲ့သည်။Karakorum ကျောင်းပျက် မှ ကျောက်တုံးများကို အသုံးပြုခဲ့ပြီး စေတီအဆူ ၁၀၀ ပါသည့် တံတိုင်းတစ်ခုဖြင့် ပတ်ရံထားသည်။ ကွန်မြူနစ်တို့ ကြီးစိုးစဉ်ကာလက Erdene Zuu ဘုန်းတော်ကြီးကျောင်းကို ပြတိုက်တစ်ခုအဖြစ်သာ ဖွင့်ခွင့်ပြုခဲ့သော်လည်း၁၉၉၀ခုနှစ်တွင်မွန်ဂိုလီယားတွင် ကွန်မြူ နစ်ဝါဒကျဆုံးပြီးနောက်ပိုင်းဝယ် လားမားဘုန်းတော်ကြီးများအား လွှဲပြောင်းပေးပြီးသည့်နောက်တွင် Erdene Zuu ဘုန်းတော်ကြီးကျောင်း သည် အများပြည်သူတို့ ၀တ်ပြုရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။

ဂ၊ ဂန်ဒန်ကျောင်း

ဂန်ဒန်ကျောင်းသည် တိဘက်ဒေသရှိ သံဃာ့မဟာတက္ကသိုလ်ကြီးသုံးခုအနက်မှတစ်ခုဖြစ်သည်။ စေရ (Sera)၊ ဒရေပန်(Drepan)နှင့်ဂန်ဒန်(Gamden)ဟူသောသံဃာ့တက္ကသိုလ်ကြီးသုံးကျောင်းအနက် ဂန်ဒန်ကျောင်းတော် ကို ၀န်ဘာတောင်တန်း၊အမြင့်၄၃၀၀ မီတာ(၁၄၁၀၇ ပေ) အမြင့်တွင်တည်ဆောက်ထားသည်။ တက္ကသိုလ်သုံးခု အနက် ဂန်ဒန်သည် တိဘက်နိုင်ငံ၏ မြို့တော်လာဆာမှအဝေးဆုံးကျောင်းဖြစ်ပြီး၂၀ရာစုစောစောပိုင်းတွင်သံဃာခြောက် ထောင်ကျော်မျှ သီတင်းသုံးနေထိုင်ခဲ့ကြသည်။ ၁၉၅၉ ခုနှစ်တွင် တရုတ်တပ်နီများက ကျောင်းတော်ကြီးအား ဖျက် ဆီးခဲ့ကြပြီး ဂန်ဒန်တက္ကသိုလ်ကြီးကို မူလတည်ထောင်ခဲ့သူ Tsongkhapa ၏ ဆေးစိမ်ထားသော ရုပ်အလောင်း ကိုပါ မီးရှို့ဖျောက်ဖျက်ခဲ့ကြသည်။ ၁၉၈၀နှောင်းပိုင်းမှစတင်ကာကျောင်းတော်ကြီးကိုဖြည်းဖြည်းချင်းပြန်လည် ပြုပြင် တည်ဆောက်ခဲ့ရပါသည်။

၇၊ ကီးဂမ်ပ ကျောင်း

အိန္ဒိယနိုင်ငံ၊စပီတိ မြစ်ဝှမ်းဒေသမှ ၄၁၆၆ မီတာ ( ၁၃၆၆၈ ပေ ) အမြင့်ရှိသော တောင်ကုန်းပေါ်တွင် ကီးဂမ်ပ ခေါ် ကီး ဘုန်းကြီးကျောင်းကို လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်က တည်ဆောက်ထားခဲ့သည်။ကျောင်း၏ အောက်ဘက်တွင်တည်ရှိသော ကိဘားရွာကို အိန္ဒိယနိုင်ငံ ၏ အမြင့်ဆုံးသောကျေးရွာဟု ဆိုကြသည်။ ရှည်လျား သောသမိုင်းတစ်လျောက်တွင် ကီးဘုန်းတော်ကြီးကျောင်းသည် မွန်ဂိုများနှင့် အခြားသောစစ်တပ်များ၏ အကြိမ်ကြိမ် တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီးမီးဘေး၊ ငလျင်ဘေးတို့ကြောင့်လည်းပျက်စီးခဲ့ရသည်။

ပျက်စီးလိုက်၊ပြန်လည်တည်ဆောက်လိုက်ဖြင့်ကာလကြာရှည်သည့်အချိန်တွင် ဘုန်းတော်ကြီးကျောင်းကသေတ္တာတစ်လုံးနှင့် ပြုလုပ်ထားသကဲ့သို့ဖြစ်နေ တော့သည်။ တစ်ကျောင်းပေါ်တစ်ကျောင်းဆင့်ကာ၊ ဆင့်ကာတည်ဆောက်ထားမှုကြောင့် ခံတပ်တစ်ခုနှင့်လည်း အသွင်တူနေတော့ပေသည်။

 

၆၊ လားမားကျောင်းတော်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ပီကင်းမြို့တော်၏ အရှေ့မြောက်ဘက်တွင်တည်ရှိသောလာမားကျောင်းတော်သည် ငြိမ်းချမ်းရေး နှင့် ညီညွတ်ရေး နန်းတော် တစ်ခုဖြစ်ပြီး ယွန်ဟေ ကျောင်းဟု အမည်တွင်သည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးသောတိဘက်ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ကျောင်းလည်းဖြစ်ပေသည်။ လားမားဘုန်းတော်ကြီး ကျောင်း ကို တရုတ် ဘုရင်များက တည်ဆောက်ခဲ့ခြင်းဖြစ်ကာ တိဘက်နှင့် မွန်ဂိုလီးယား သံဃာများနေထိုင် သီတင်းသုံးကြ ပြီး နှစ်ပေါင်းများစွာတိုင် ဗုဒ္ဓစာပေများ သင်ကြားပို့ချခဲ့ကြသည်။

ယနေ့ထက်တိုင်အောင်လည်းထိုကျောင်း တော်တွင် သံဃာများသီတင်းသုံးလျက်ရှိနေကြပေသည်။လားမားကျောင်းတော်အတွင်းတွင် တစ်ဖြောင့်တည်းသော သစ်မွှေးတုံးကြီးတစ်တုံးကို ထုလုပ်ထားသည့် ဥာဏ်တော် ၂၆ မီတာ (၈၅ ပေ) ရှိသည့် အရိမေတ္တေယျ မြတ်စွာဘုရားလောင်းရုပ်ပွားတော်မြတ်ကိုလည်း ဖူးတွေ့နိုင်ကြပေသည်။

၅၊ သိက်စဲ ဘုန်းတော်ကြီးကျောင်း ( Thikse Monastery )

လာဆာဒေသမှ ပိုတလာ နန်းတော်နှင့် ဆင်တူပြီး တိဘက်နိုင်ငံမှ အ၀ါရောင်ဦးဆောင်းဗုဒ္ဓဘာသာဂိုဏ်း၏ ကျောင်းတော်တစ်ခုဖြစ်ပြီးအိန္ဒိယနိုင်ငံအိန္ဒုမြစ်ဝှမ်းဒေသတွင်တည်ရှိပြီး မီတာ ၃၆၀၀( ပေ ၁၁၈၀၀) အထက်တွင် တည်ဆောက်ထားသည်။အထပ်ပေါင်း ၁၂ ထပ်မြင့်ပြီးဗုဒ္ဓဘာသာဆိုင်ရာစေတီပုထိုးများ၊ဆင်းတုတော်များ၊ နံရံ ပန်းချီကားများဖြင့်မွမ်းမံဆောက်လုပ်ထားသည်။သိက်စဲ ကျောင်းတော်မှ ဆွဲဆောင်မှုအရှိဆုံးအဆောက်အဦများ အနက်တစ်ခုမှာ ၁၉၇၀ ခုနှစ်ခန့်က ၁၄ ဆက်မြောက် ဒရိုင်းလာမား လာရောက်လည်ပတ်သည့် အထိမ်းအမှတ် အဖြစ် တည်ထားသော အရေမေတ္တယျ ပုထိုးတော်ကြီးပင်ဖြစ်ပါသည်။

၎၊ ပုနခ ဘုန်းတော်ကြီးကျောင်း(Punakha Dzong)

ဘူတန်နိုင်ငံ မှ ဖိုချု နှင့် မိုချု မြစ်နှစ်စင်းတို့ ဆုံစည်းရာနေရာကျွန်းပေါ်တွင်ထူးခြားစွာ တည်ရှိနေသော Punakha Dzong ဘုန်းတော်ကြီးကျောင်းသည် အလွန်လှပသော ဓာတ်ပုံများကို ရိုက်ကူးနိုင်သော အံ့ဖွယ် ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းတစ်ခုဖြစ်သည်။ဘူတန်ဝေါဟာရ Dzong သည် ဘုန်းတော်ကြီးကျောင်းနှင့်ခံတပ် ကိုရောပြွမ်းဆောက်ထားသောအဆောက်အဦဟုအဓိပ္ပါယ်ရပါသည်။သည်။ဘူတန်နိုင်ငံ၏ခရိုင်တိုင်းတွင်ဤသို့သောခံတပ်တစ်ပိုင်း ဘုန်းကြီးကျောင်းများကို တွေ့မြင်နိုင်သည်။

Punakha Dzong ကို အခြားသော ဘူတန်နိုင်ငံမှ ဘုန်းတော်ကြီးကျောင်းများကဲ့သို့ပင် ဒေသကိုကာကွယ် စောင့်ရှောက်ရန်၊ဒေသအာဏာပိုင်တို့ အုပ်ချုပ်ရေးရာလုပ်ငန်းများစီမံနိုင်ရန်၊ဆောင်းရာသီတွင်ခိုလှုနိုင်ရန်စသော ရည်ရွယ်ချက်များစွာဖြင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ပင်မကျွန်းသို့ သစ်သားခုံးတံတားတစ်စင်းဖြင့် ဆက်သွယ်ထား ပြီးသမိုင်းခေတ်အဆက်ဆက်ယင်းဖြစ်ဝှမ်းဒေသကိုအုပ်ချုပ်ခဲ့ကြသော ဘုရင်တို့လှူဒါန်းခဲ့သည့်မွေတော် ဓာတ်တော် များစွာလည်းရှိသည့် ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်းလည်းဖြစ်ပါသည်။

 

 

၃။ ပုပ္ပါးတောင်ကလပ်

ကမ္ဘာပေါ်တွင် အထင်ရှားဆုံးသော ဘုန်းတော်ကြီးကျောင်းများအနက် မြန်မာနိုင်ငံ၊ ကျောက်ပန်းတောင်းမြို့ နယ်၊ ပုပ္ပါးဒေသတွင်ရှိသော ပုပ္ပါးတောင်ကလပ်သည်လည်း တစ်ခု အပါအ၀င်ဖြစ်သည်။ ပုပ္ပါးမီးတောင်ဟောင်း၏ထိပ်တွင်တည်ထားသော တောင်ကလပ်ဗုဒ္ဓဘာသာတုန်းတော်ကြီးကျောင်းသည် မြန်မာနိုင်ငံ၏ရင်သပ်ရှုမောဖွယ်နေရာတစ်ခုပင်ဖြစ်ပါသည်။တောင်ထိပ်ရှိဘုန်းကြီးကျောင်းသို့ရောက်ရှိရန် လှေကား ထစ်ပေါင်း ၇၇၇ ထစ်ကိုလမ်းလျှောက်ကာတက်ရောက်နိုင်ကြပါသည်။

တောင်တက်ရာလမ်းတစ်လျောက် တွင်အစာ တောင်းနေကြသည့် မျောက်များကို အများအပြား တွေ့မြင်နိုင်ပါသည်။တောင်ကလပ်ထိပ်မှ မြင်ကွင်းကျယ် ရှုမျှော်ခင်းကို ကြည့်ရှုနိုင်သည့်အပြင် ရှေးဟောင်း ပုဂံမြို့ကိုလည်းလှမ်းမြင်နိုင်ပါသေးသည်။ ကန်တော့ပုံသဏ္ဍာန် ထီးထီးမားမားရပ်တည်နေသော ပုပ္ပါးတောင်မြေသားထုသည် မီးတောင်ပေါက်ကွဲခဲ့ ရာမှ ထွက်ပေါ်လာခဲ့သော ချော်ခဲများကြောင့်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပေသည်။

၂၊ ဘူတန် သင်္ကေတ ဘုန်းကြီးကျောင်း (Taktsang Monastery)

ဘူတန်နိုင်ငံမှ တက်ဆန်ဘုန်းကြီးကျောင်း(Taktsang Monastery)သည် မီတာကိုးရာ(ပေ ၃၀၀၀) အမြင့် ရှိချောက်ကမ်းပါးအစွန်းတစ်ခု၏ထိပ်ဝယ်တည်ရှိသည်။ ကျားသားရဲတွင်း ဟုလည်းခေါ်ကြပြီး ဘူတန်နိုင်ငံ၏ သင်္ကေတ တစ်ခုအဖြစ်ပြောစမှတ်ရှိကြသည်။ Taktsang ဘုန်းကြီးကျောင်းသို့ရောက်ရှိရန် တောင်ခြေကားရပ်နား စခန်းမှ နှစ်နာရီကျော်သုံးနာရီမျှ တောင်ပေါ်သို့တက်ကြရသည်။

ဘုန်းတော်ကြီးကျောင်းဒဏ္ဍာရီများအလိုအရ ဂုရု ရင်ပိုချေ (Rinpoche) သည် တိဘက်မှဘူတန်ရှိ လက်ရှိဘုန်းတော်ကြီးကျောင်းနေရာသို့ ကျားမတစ်ကောင်ကို စီးကာ ပျံသန်းရောက်ရှိခဲ့ပြီး တက်ဆန်တွင် အဆိုပါ မိစ္ဆာကျားမကို ယဉ်ပါးအောင်သွန်သင်ပေးခဲ့သည် ဟုဆိုပါသည်။ မူလကကျောင်းမရှိဘဲ ၁၆၉၂ ခုနှစ်တွင်ပထမဆုံးသောဘုန်းတော်ကြီးကျောင်းကို တည်ဆောက်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် မူလကျောင်းတော်ကြီး အဆောက်အဦအများအပြား မီးလောင်ကျွမ်းခံခဲ့ရသော်လည်း နောက်ပိုင်း တွင်ဘူတန်တို့၏ မူလဂုဏ်ကျက်သရေအတိုင်း တက်ဆန်ဘုန်းကြီးကျောင်း ကို ဆက်လက် ထိန်းသိမ်းထားရှိနိုင်ခဲ့ သည်။

၁၊ လေထဲမှ ဘုန်းကြီးကျောင်း ( Hanging Monastery )

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်တည်ရှိသော မြေပြင်မှ ၇၅ မီတာ( ၂၄၆ ပေ) အမြင့်ရှိ ကျောက်ကမ်းပါးနံရံ တွင် လေထဲ သို့ တစ်ဝက်ထွက်ကာတည်ဆောက်ထားသောဘုန်းတော်ကြီးကျောင်းသည် ကမ္ဘာပေါ်တွင်အထင်ရှား ဆုံးဖြစ်ပြီး တရုတ်နိုင်ငံ၏ ထူးခြားသော အမှတ်အသားတစ်ခုလည်းဖြစ်ပေသည်။ ပြုတ်ကျလုဆဲဆဲ စင်္ကြံလမ်းများ ပေါ် တွင်ဆရာတော်များက တရားဟောကြရသည့် ဤလေထဲမှကျောင်းတွင် အခန်းတွဲပေါင်း ၄၀ ခန့်ပါရှိပြီးတစ်ခန်း နှင့် တစ်ခန်းကို လေထဲတွင်တွဲလဲဖြစ်နေသောစင်္ကြန်များ၊ လျှောက်လမ်းများဖြင့် ဆက်သွယ်ထားရာ မတ်စောက်နေ သောချောက်ကမ်းပါးတွင်ကော်နှင့်ကပ်ထားသည်သို့ပင်ထင်မှတ်ရပေသည်။

အဆိုပါဘုန်းကြီးကျောင်းကိုကျောက် သားနံရံတွင်ထွင်းထုပြုလုပ်ထားခြင်းမဟုတ်ဘဲ ကုလားမခြေထောက်ကဲ့သို့သောဒေါက်တိုင်များဖြင့်တည်ဆောက် ထားသဖြင့် လေထဲတွင်တွဲလဲဖြစ်နေသောကျောင်း( Hanging Monastery ) ဟု အမည်တွင်ထင်ရှားလက်ရှိနေပေ သည်။ Hanging Monastery ကို အေဒီ ၅ ရာစုက တည်ဆောက်ခဲ့ပြီးလေထဲတွင် တွဲလဲဖြစ်နေသည်မှာ နှစ်ပေါင်း ၁၅၀၀ ကျော်ခဲ့ပြီဖြစ်ပါသည်။ နှစ်ပေါင်း ၁၅၀၀ အတွင်း ယခုအနေအထားရောက်ရှိအောင် ကျောင်းအားပြင်ဆင် တိုးချဲ့မှုများကိုများစွာ ပြုလုပ်ခဲ့ရသည်။

မောင်သာ ( ရှေးဟောင်းသုတေသန)
( ဂမ္ဘီရဆန်းကြယ် မဂ္ဂဇင်း)

Leave a Reply