သင္းေခြခ်ပ္ တုိ႔အေၾကာင္း

Posted on

သင္းေခြခ်ပ္(Pangolin)သည္ အေၾကးခြံပါေသာ သတၱဝါတစ္မ်ိဳးျဖစ္သည္။ မ်ားေသာအားျဖင့္ သင္းေခြခ်ပ္မ်ား၏ ခႏၶာကိုယ္ကို မာေက်ာေသာအေၾကးခြံမ်ားျဖင့္ ဖုံးအုပ္ထားသည္။ ထိုအေၾကးခြံမ်ားသည္ တစ္ခုႏွင့္တစ္ခု ထိစပ္ေနၿပီး ခႏၶာကိုယ္ကို အျခားျပင္ပအႏၲရာယ္မ်ားမွ ကာကြယ္ႏိုင္ရန္ သံခ်ပ္ကာဝတ္စုံသဖြယ္ ဖန္တီးေပးထားသည္။ အႏၲရာယ္ႏွင့္ႀကဳံလာေသာအခါ သင္းေခြခ်ပ္မ်ားသည္ ေဘာလုံးသဖြယ္ ကိုယ္ကိုလုံးလိုက္ျခင္းအားျဖင့္ မာေက်ာေသာ အလုံးႀကီးျဖစ္သြားသည္။

သင္းေခြခ်ပ္တို႔သည္ ဤနည္းအားျဖင့္ အသက္ရွင္ရပ္တည္ေနၾကသည္။ အခ်ိဳ႕ေသာ သင္းေခြခ်ပ္မ်ားသည္ သစ္ပင္တက္တတ္ေသာ္လည္း အမ်ားစုမွာ မတက္တတ္ၾကေပ။ သင္းေခြခ်ပ္သည္ ႏႈတ္သီးရွည္၍ ပု႐ြက္ဆိတ္စားေကာင္ (Anteater)ႏွင့္ သဏၭာန္တူသည္။ ပု႐ြက္ဆိတ္စားေကာင္ (Anteater)သည္ အေၾကးခြံမပါပဲ အေမႊးမ်ားပါရွိသည္။

သင္းေခြခ်ပ္သည္ အေမရိကတိုက္တြင္ေတြ႕ရေသာ ေမ်ာက္ပ်င္း၊ ပု႐ြက္စားေကာင္ႏွင့္အာမာဒီလိုေကာင္တို႔ႏွင့္အတူ ေဖာ္လီဒိုးတားမ်ိဳးစဥ္ဝင္ သြားမရွိသည့္ ႏို႔တိုက္သတၱဝါ ခ်င္းတူေသာ္လည္းမ်ိဳးရင္းကားမတူေခ်။ သင္းေခြခ်ပ္သည္ မင္နီဒီးမ်ိဳးရင္းတြင္ပါဝင္၍ ပါဏေဗဒအလိုအရ ေမနစ္ကရပ္စီေကာ္ေဒးတား ဟုေခၚသည္။

သင္းေခြခ်ပ္မ်ားကိုျမန္မာႏိုင္ငံအပါအဝင္ အေရွ႕ေတာင္အာရွ၊ အေရွ႕အိႏၵိယကၽြန္းစုႏွင့္ အာဖရိကတိုက္ရွိ ဆဟားရားသဲကႏၲာရ ေတာင္ပိုင္းေဒသမ်ားတြင္ ေတြ႕ရသည္။ သင္းေခြခ်ပ္သည္ ဦးေခါင္းမွကိုယ္ထည္အထိ အၿမီးမပါဘဲ ႏွစ္ေပမွႏွစ္ေပခြဲ အထိရွည္၍ အၿမီးသပ္သပ္သည္ တစ္ေပခြဲရွည္သည္။

သင္းေခြခ်ပ္အမ်ိဳးမ်ိဳးရွိရာ အၿမီးသည္ အခ်ိဳ႕အမ်ိဳးတြင္ ကိုယ္ထည္တစ္ခုလုံးထက္တို၍ အခ်ိဳ႕အမ်ိဳးတြင္ႏွစ္ဆမၽွ ရွည္သည္လည္းရွိတတ္သည္။ သင္းေခြခ်ပ္၏ ဝမ္းပိုက္ပိုင္းမွတစ္ပါး အျခားကိုယ္ထည္တစ္ခုလုံးသည္ အိမ္အမိုးတြင္အုတ္ႂကြပ္ျပားမ်ား မိုးထားသကဲ့သို႔ မာေက်ာေသာအေၾကးခြံႀကီးမ်ားျဖင့္ တစ္ခုႏွင့္တစ္ခု အနားခ်င္းထပ္ကာ ဖုံးအုပ္လ်က္ရွိေနေလသည္။ အေရာင္မွာ အၫိုရင့္ေရာင္ျဖစ္သည္။ ႏွာတံရွည္၍ခၽြန္သည္။ အျပင္သို႔ထုတ္ႏိုင္ေသာရွည္၍ ေစးကပ္သည့္လၽွာလည္း ရွိသည္။ ေျခလက္တိုသည္။

သင္းေခြခ်ပ္သည္မိမိကိုယ္ကိုမိမိခုခံကာကြယ္သည့္အခါ တစ္ကိုယ္လုံးကို ေဘာလုံးကဲ့သို႔လုံးေန ေအာင္ေကြးလိုက္ရာ ေတာ္႐ုံတန္႐ုံအားျဖင့္ျပန္၍ မဆန္႔ႏိုင္ေခ်။ အေၾကးခြံမ်ားသည္ အကာအကြယ္လက္နက္ သဖြယ္ႀကံ႕ႀကံ႕ခံႏိုင္ေလသည္။ ဝမ္းပိုက္ပိုင္းတြင္ အေမႊးၾကမ္းမ်ား က်ိဳးတိုးက်ဲတဲေပါက္၍ အေၾကးခြံမ်ား ၾကားတြင္လည္း အနည္းငယ္စီရွိၾကသည္။

သင္းေခြခ်ပ္မ်ားသည္မ်ားေသာအားျဖင့္ ေျမတြင္းေအာင္း၍ေနၾကၿပီးလၽွင္ ျခႏွင့္ပ႐ြက္ဆိပ္ ေတာင္ပို႔မ်ားကိုတူးကာ ျခ၊ ပ႐ြက္ဆိပ္ႏွင့္ယင္းတို႔၏ဥမ်ားကိုသာ အဓိကထား၍ စားေသာက္ၾကသည္။ ဤသို႔ေတာင္ပို႔မ်ားကိုတူးႏိုင္ရန္ရွည္၍ အနည္းငယ္ေကာက္ေနေသာ လက္သည္းေျခသည္းမ်ားရွိသည္။ ေျမတူးရာ၌ေရွ႕လက္ႏွင့္တူးေသာေၾကာင့္ ေရွ႕လက္သည္းမ်ားသည္ ေနာက္ေျခသည္းမ်ားထက္ ရွည္သည္။

ျခေတာင္ပို႔တစ္ခုကိုေတြ႕သည့္အခါ ေရွ႕လက္ရွိသန္မာေသာ လက္သည္းမ်ားႏွင့္ၿပိဳေအာင္ၿဖိဳၿပီးလၽွင္ ျခအုံ ရွိရာတြင္းထဲသို႔ ခၽြန္ေနေသာႏွာတံကိုထိုးသြင္း၍ ေစးကပ္လ်က္ရွိေသာ လၽွာရွည္ျဖင့္ လ်က္ကာလ်က္ကာ ျခမ်ားကိုမ်ိဳသြင္းေလသည္။ လမ္းေလၽွာက္သည့္အခါသင္းေခြခ်ပ္သည္ ခါးကို အနည္းငယ္ ကုံးထားၿပီးလၽွင္အၿမီးကိုေထာင္ ထားတတ္သည္။ ေနာက္ေျခမ်ားျဖင့္ ပတပ္ရပ္၍ အဘက္ဘက္သို႔ၾကည့္ႏိုင္သည္။

သင္းေခြခ်ပ္သည္ေျမ ႀကီးေပၚ၌က်က္စားေလ့ရွိေသာ္လည္း သစ္ပင္ေပၚသို႔လည္း အလြယ္တကူတက္ႏိုင္သည္။ သစ္ပင္ေပၚ၌လည္း ပု႐ြက္ဆိတ္မ်ားကို လိုက္လံစားသည္။ သစ္ပင္တက္ရာ၌ ဝက္ဝံကဲ့သို႔ေရွ႕လက္သည္းမ်ားႏွင့္ကုပ္ တြယ္၍ ဖက္တက္သည့္အျပင္အၿမီးျဖင့္လည္းသစ္ကိုင္းတြင္လိမ္ထားေသးသည္။ သင္းေခြခ်ပ္၏မ်က္စိ မ်ားသည္ငယ္၍ နား႐ြက္မွာမရွိသေလာက္ျဖစ္သျဖင့္ အျမင္မသန္သည့္အျပင္ ေကာင္းေကာင္းလည္း မၾကားေခ်။

အေရွ႕ေတာင္အာရွတိုင္းျပည္မ်ားတြင္ ေတြ႕ရေသာ သင္းေခြခ်ပ္မ်ားသည္ ညဥ့္အခါမွသာတြင္းမွ ထြက္၍သြားလာ က်က္စားတတ္ေသာေၾကာင့္ ေန႔တြင္ေတြ႕ရခဲသည္။ ေန႔အခ်ိန္၌ကား ေျမတြင္းထဲ၌ျဖစ္ ေစ၊ ေက်ာက္တုံးေက်ာက္ေဆာင္မ်ားၾကားတြင္ျဖစ္ေစ ေကြး၍ေနတတ္ၾကသည္။ အိပ္သည့္အခါ ဦးေခါင္းကိုလုံးေနေအာင္ ေကြးထားသည့္ေရွ႕ေျခႏွင့္အၿမီးၾကားတြင္ထား၍အိပ္သည္။

ေမြးခါစသင္းေခြခ်ပ္ကေလးမ်ားသည္အႀကီးျမန္၍ အေၾကးခြံကေလးမ်ားမွာ ေပ်ာ့ေနသည္။ ၁၈ လက္မခန္႔ ရွည္ေသာသင္းေခြခ်ပ္သားငယ္ကေလးသည္ အမိႏို႔ရည္ကိုစို႔ရင္း ေလးလအတြင္း အေလးခ်ိန္ႏွစ္ဆအထိ တိုးလာေလသည္။ မိခင္သင္းေခြခ်ပ္သည္ သားကေလးအား အၿမီးေပၚတင္၍ သြားရာသို႔သယ္ေဆာင္သြားေလ့ရွိသည္။ သားငယ္ကလည္းမိခင္၏ အၿမီးတြင္ကန္႔လန္႔ျဖတ္ထိုင္၍လက္သည္းမ်ားျဖင့္ကုပ္တြယ္ထားသည္။

အေၾကာင္းတစ္ခုခုေၾကာင့္ ထိတ္ထိတ္လန္႔လန္႔ ျဖစ္ခဲ့ေသာ္ မိခင္ သည္လုံးေနေအာင္ ေကြးလိုက္ၿပီးလၽွင္သားငယ္ကို ရင္ခြင္တြင္ထား၍ ကာကြယ္ေစာင့္ေရွာက္တတ္သည္။ သင္းေခြခ်ပ္အသားသည္ အလြန္ေကာင္းသည္ဆိုကာ အခ်ိဳ႕လူမ်ားႀကိဳက္ႏွစ္သက္ၾကသည္။

The Best Ever Book of Questions & Answers.
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၃)


သင်းခွေချပ် တို့အကြောင်း (unicode)

သင်းခွေချပ်(Pangolin)သည် အကြေးခွံပါသော သတ္တဝါတစ်မျိုးဖြစ်သည်။ များသောအားဖြင့် သင်းခွေချပ်များ၏ ခန္ဓာကိုယ်ကို မာကျောသောအကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ထိုအကြေးခွံများသည် တစ်ခုနှင့်တစ်ခု ထိစပ်နေပြီး ခန္ဓာကိုယ်ကို အခြားပြင်ပအန္တရာယ်များမှ ကာကွယ်နိုင်ရန် သံချပ်ကာဝတ်စုံသဖွယ် ဖန်တီးပေးထားသည်။ အန္တရာယ်နှင့်ကြုံလာသောအခါ သင်းခွေချပ်များသည် ဘောလုံးသဖွယ် ကိုယ်ကိုလုံးလိုက်ခြင်းအားဖြင့် မာကျောသော အလုံးကြီးဖြစ်သွားသည်။

သင်းခွေချပ်တို့သည် ဤနည်းအားဖြင့် အသက်ရှင်ရပ်တည်နေကြသည်။ အချို့သော သင်းခွေချပ်များသည် သစ်ပင်တက်တတ်သော်လည်း အများစုမှာ မတက်တတ်ကြပေ။ သင်းခွေချပ်သည် နှုတ်သီးရှည်၍ ပုရွက်ဆိတ်စားကောင် (Anteater)နှင့် သဏ္ဌာန်တူသည်။ ပုရွက်ဆိတ်စားကောင် (Anteater)သည် အကြေးခွံမပါပဲ အမွှေးများပါရှိသည်။

သင်းခွေချပ်သည် အမေရိကတိုက်တွင်တွေ့ရသော မျောက်ပျင်း၊ ပုရွက်စားကောင်နှင့်အာမာဒီလိုကောင်တို့နှင့်အတူ ဖော်လီဒိုးတားမျိုးစဉ်ဝင် သွားမရှိသည့် နို့တိုက်သတ္တဝါ ချင်းတူသော်လည်းမျိုးရင်းကားမတူချေ။ သင်းခွေချပ်သည် မင်နီဒီးမျိုးရင်းတွင်ပါဝင်၍ ပါဏဗေဒအလိုအရ မေနစ်ကရပ်စီကော်ဒေးတား ဟုခေါ်သည်။

သင်းခွေချပ်များကိုမြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ၊ အရှေ့အိန္ဒိယကျွန်းစုနှင့် အာဖရိကတိုက်ရှိ ဆဟားရားသဲကန္တာရ တောင်ပိုင်းဒေသများတွင် တွေ့ရသည်။ သင်းခွေချပ်သည် ဦးခေါင်းမှကိုယ်ထည်အထိ အမြီးမပါဘဲ နှစ်ပေမှနှစ်ပေခွဲ အထိရှည်၍ အမြီးသပ်သပ်သည် တစ်ပေခွဲရှည်သည်။

သင်းခွေချပ်အမျိုးမျိုးရှိရာ အမြီးသည် အချို့အမျိုးတွင် ကိုယ်ထည်တစ်ခုလုံးထက်တို၍ အချို့အမျိုးတွင်နှစ်ဆမျှ ရှည်သည်လည်းရှိတတ်သည်။ သင်းခွေချပ်၏ ဝမ်းပိုက်ပိုင်းမှတစ်ပါး အခြားကိုယ်ထည်တစ်ခုလုံးသည် အိမ်အမိုးတွင်အုတ်ကြွပ်ပြားများ မိုးထားသကဲ့သို့ မာကျောသောအကြေးခွံကြီးများဖြင့် တစ်ခုနှင့်တစ်ခု အနားချင်းထပ်ကာ ဖုံးအုပ်လျက်ရှိနေလေသည်။ အရောင်မှာ အညိုရင့်ရောင်ဖြစ်သည်။ နှာတံရှည်၍ချွန်သည်။ အပြင်သို့ထုတ်နိုင်သောရှည်၍ စေးကပ်သည့်လျှာလည်း ရှိသည်။ ခြေလက်တိုသည်။

သင်းခွေချပ်သည်မိမိကိုယ်ကိုမိမိခုခံကာကွယ်သည့်အခါ တစ်ကိုယ်လုံးကို ဘောလုံးကဲ့သို့လုံးနေ အောင်ကွေးလိုက်ရာ တော်ရုံတန်ရုံအားဖြင့်ပြန်၍ မဆန့်နိုင်ချေ။ အကြေးခွံများသည် အကာအကွယ်လက်နက် သဖွယ်ကြံ့ကြံ့ခံနိုင်လေသည်။ ဝမ်းပိုက်ပိုင်းတွင် အမွှေးကြမ်းများ ကျိုးတိုးကျဲတဲပေါက်၍ အကြေးခွံများ ကြားတွင်လည်း အနည်းငယ်စီရှိကြသည်။

သင်းခွေချပ်များသည်များသောအားဖြင့် မြေတွင်းအောင်း၍နေကြပြီးလျှင် ခြနှင့်ပရွက်ဆိပ် တောင်ပို့များကိုတူးကာ ခြ၊ ပရွက်ဆိပ်နှင့်ယင်းတို့၏ဥများကိုသာ အဓိကထား၍ စားသောက်ကြသည်။ ဤသို့တောင်ပို့များကိုတူးနိုင်ရန်ရှည်၍ အနည်းငယ်ကောက်နေသော လက်သည်းခြေသည်းများရှိသည်။ မြေတူးရာ၌ရှေ့လက်နှင့်တူးသောကြောင့် ရှေ့လက်သည်းများသည် နောက်ခြေသည်းများထက် ရှည်သည်။

ခြတောင်ပို့တစ်ခုကိုတွေ့သည့်အခါ ရှေ့လက်ရှိသန်မာသော လက်သည်းများနှင့်ပြိုအောင်ဖြိုပြီးလျှင် ခြအုံ ရှိရာတွင်းထဲသို့ ချွန်နေသောနှာတံကိုထိုးသွင်း၍ စေးကပ်လျက်ရှိသော လျှာရှည်ဖြင့် လျက်ကာလျက်ကာ ခြများကိုမျိုသွင်းလေသည်။ လမ်းလျှောက်သည့်အခါသင်းခွေချပ်သည် ခါးကို အနည်းငယ် ကုံးထားပြီးလျှင်အမြီးကိုထောင် ထားတတ်သည်။ နောက်ခြေများဖြင့် ပတပ်ရပ်၍ အဘက်ဘက်သို့ကြည့်နိုင်သည်။

သင်းခွေချပ်သည်မြေ ကြီးပေါ်၌ကျက်စားလေ့ရှိသော်လည်း သစ်ပင်ပေါ်သို့လည်း အလွယ်တကူတက်နိုင်သည်။ သစ်ပင်ပေါ်၌လည်း ပုရွက်ဆိတ်များကို လိုက်လံစားသည်။ သစ်ပင်တက်ရာ၌ ဝက်ဝံကဲ့သို့ရှေ့လက်သည်းများနှင့်ကုပ် တွယ်၍ ဖက်တက်သည့်အပြင်အမြီးဖြင့်လည်းသစ်ကိုင်းတွင်လိမ်ထားသေးသည်။ သင်းခွေချပ်၏မျက်စိ များသည်ငယ်၍ နားရွက်မှာမရှိသလောက်ဖြစ်သဖြင့် အမြင်မသန်သည့်အပြင် ကောင်းကောင်းလည်း မကြားချေ။

အရှေ့တောင်အာရှတိုင်းပြည်များတွင် တွေ့ရသော သင်းခွေချပ်များသည် ညဉ့်အခါမှသာတွင်းမှ ထွက်၍သွားလာ ကျက်စားတတ်သောကြောင့် နေ့တွင်တွေ့ရခဲသည်။ နေ့အချိန်၌ကား မြေတွင်းထဲ၌ဖြစ် စေ၊ ကျောက်တုံးကျောက်ဆောင်များကြားတွင်ဖြစ်စေ ကွေး၍နေတတ်ကြသည်။ အိပ်သည့်အခါ ဦးခေါင်းကိုလုံးနေအောင် ကွေးထားသည့်ရှေ့ခြေနှင့်အမြီးကြားတွင်ထား၍အိပ်သည်။

မွေးခါစသင်းခွေချပ်ကလေးများသည်အကြီးမြန်၍ အကြေးခွံကလေးများမှာ ပျော့နေသည်။ ၁၈ လက်မခန့် ရှည်သောသင်းခွေချပ်သားငယ်ကလေးသည် အမိနို့ရည်ကိုစို့ရင်း လေးလအတွင်း အလေးချိန်နှစ်ဆအထိ တိုးလာလေသည်။ မိခင်သင်းခွေချပ်သည် သားကလေးအား အမြီးပေါ်တင်၍ သွားရာသို့သယ်ဆောင်သွားလေ့ရှိသည်။ သားငယ်ကလည်းမိခင်၏ အမြီးတွင်ကန့်လန့်ဖြတ်ထိုင်၍လက်သည်းများဖြင့်ကုပ်တွယ်ထားသည်။

အကြောင်းတစ်ခုခုကြောင့် ထိတ်ထိတ်လန့်လန့် ဖြစ်ခဲ့သော် မိခင် သည်လုံးနေအောင် ကွေးလိုက်ပြီးလျှင်သားငယ်ကို ရင်ခွင်တွင်ထား၍ ကာကွယ်စောင့်ရှောက်တတ်သည်။ သင်းခွေချပ်အသားသည် အလွန်ကောင်းသည်ဆိုကာ အချို့လူများကြိုက်နှစ်သက်ကြသည်။

The Best Ever Book of Questions & Answers.
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)

Leave a Reply