ကမ္ဘာ့အံဖွယ် ၂၁ ခု အကြောင်းသိကောင်းစရာ

Posted on

နှစ်ထောင်ပေါင်းများစွာ လူသားများသမိုင်းအတွင်းမှ လူတို့တည်ဆောက်ခဲ့ကြသော အရာများ နှင့် သဘာဝအတိုင်းအံ့မခန်းတည်ရှိနေသာ အရာများကို စုစည်းပြီး ကမ္ဘာ့အံဖွယ်များအဖြစ် စာရင်းအမျိုးမျိုးပြုစုခဲ့ကြခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ အများစု သိကြတာက ကမ္ဘာ့အံဖွယ် ၇ ခု လို့သာ သိကြပါတယ်။

ကမ္ဘာ့အံ့ဖွယ် ၇ခု ဆိုရာမှာ အမျိုးအစားများစွာ ရှိပါသေးတယ်။ ရှေးခေတ် ကမ္ဘာ့အံ့ဖွယ် ၇ခု ၊ အလယ်ခေတ် ကမ္ဘာ့အံဖွယ် ၇ခု ၊ အမေရိကန်မြို့ပြအင်ဂျင်နီယာအသင်း ကမ္ဘာ့အံ့ဖွယ် ၇ခု ၊ သဘာဝ ကမ္ဘာ့အံ့ဖွယ် ၇ခု ၊ ယူအက်စ်အေတူဒေး ကမ္ဘာ့အံဖွယ် ၇ ခု ၊ ခေတ်သစ် ကမ္ဘာ့အံ့ဖွယ် ၇ခု စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။

အခု ကျွန်တော်မျှဝေမှာကတော့ ရှေးခေတ်ကမ္ဘာ့အံ့ဖွယ် ၇ခု ၊ အလယ်ခေတ် ကမ္ဘာ့အံ့ဖွယ် ၇ ခု နဲ့ ခေတ်သစ်ကမ္ဘာ့ အံ့ဖွယ် ၇ခု တို့အကြောင်းပါ။ ဒါကြောင့် အားလုံးကိုစုပေါင်းပြီး ကမ္ဘာ့အံ့ဖွယ် ၂၁ခု လို့ခေါင်းစဉ်တပ်ထားတာပါ။ ဒါပေမယ့် ၂၁ခု တော့ရှိမှာမဟုတ်ပါဘူး။

မဟာရံတံတိုင်း ၊ ဂိုင်ဇာပိရမစ် နဲ့ ကိုလိုစီယမ်တို့လို ၂ခုစီထပ်နေတဲ့ နေရာတွေပါဝင်နေလို့ပါပဲ။ ၇ ဂဏန်းကို ရွေးချယ်ရခြင်းအကြောင်းကတော့ ဂရိလူမျိုးတို့ရဲ့ ထူးခြားဆန်းကြယ်သော ဂဏန်းအဖြစ် မှတ်ယူထားတာကြောင့်လို့ သိရပါတယ်။

ရှေးခေတ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါး

သမိုင်းပညာရှင် ဟီရိုဒိုးတပ်စ်(ဘီစီ ၄၈၄- ဘီစီ ၄၂၅) နှင့် အယ်လက်ဇန်းဒရီးယားပြတိုက်ရှိ ဆိုင်းရင်းန်မှပညာရှိ ကယ်လီမာချူး(scholar Callimachus of Cyrene) (ဘီစီ ၃၀၅ -ဘီစီ ၂၀၄) တို့သည် ကမ္ဘာ့အံဖွယ်ခုနစ်ပါးနှင့်ပတ်သက်သော အစောဆုံးစာရင်းကို ပြုစုခဲ့ကြပါတယ်။ သို့သော် သူတို့၏ရေးသားချက်မှာ ကိုးကားချက်မှအပ ကျန်ရစ်ခဲ့ခြင်းမရှိပေ။ ထိုအံဖွယ်များတွင် အောက်ပါအဆောက်အဦးတို့ ပါဝင်ပါတယ်။

၁။ ဂိုင်ဇာမဟာပိရမစ်ကြီး
၂။ ဘေဘီလုံရှိ မိုးပျံဥယျာဉ်
၃။ အိုလမ်ပီယာရှိ ဇုစ်နတ်မင်းကြီး၏ ရုပ်ထု
၎။ အာတီးမစ် ဘုရားကျောင်း

၅။ ဟေလီကာနပ်ဆပ်ရှိ မော်ဆိုလော့စ်၏ ဂူသင်္ချိုင်း
၆။ ကိုလော့ဆပ်ရှိ ရုတ်ဒ်ရုပ်တု
၇။ အလက်ဇန်းဒရီးယားရှိ မီးပြတိုက်

၁။ ဂိုင်ဇာမဟာပိရမစ်ကြီး

ဂိုင်ဇာမဟာပိရမစ်ကြီး ကို ကူဖူးပိရမစ် ( သို့ )ချီရော့ပ်ပိရမစ် ဟုလည်းခေါ်ဆိုကြပြီး ဂိုင်ဇာဂူသင်္ချိုင်း ပိရမစ်များထဲမှ ရှေးအကျဆုံးနှင့် အကြီးဆုံး ပိရမစ် ဖြစ်သည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အစပ်တွင်တည်ရှိပြီး ရှေးခေတ်ကမ္ဘာ့အံဖွယ်ခုနစ်ပါးထဲမှ တစ်ခုတည်း ကြွင်းကျန်ရစ်သော အဆောက်အဦးဖြစ်သည်။

စတုတ္ထမြောက် အီဂျစ်မင်းဆက် ၏ ဖာရိုဘုရင် ကူဖူး(ဂရိဘာသာဖြင့် ချီရော့ပ်) ၏ ဂူသင်္ချိုင်းအဖြစ်ဆောက်လုပ်ခဲ့သည် ဟု ယုံကြည်ယူဆပြီး အနှစ် ၂၀ ကျော်ကြာဆောက်လုပ်ခဲ့ကာ ဘီစီ ၂၅၆၀ ခန့်တွင် ပြီးစီးခဲ့သည်။

မဟာပိရမစ်ကြီးမှာ လူတို့တည်ဆောက်သော အဆောက်အဦးများထဲတွင် အမြင့်ဆုံးအဆောက်အဦးအဖြစ် နှစ်ပေါင်း ၃၈၀၀ ကျော်မျှရပ်တည်ခဲ့သည်။

ယခုထက်တိုင် မြင်နိုင်သော ကြွင်းကျန်ရစ်သော အရာမှာ အထပ်ဆင့်ပိရမစ် (step-pyramid) ၏ အောက်ခံ အတွင်းပိုင်း ပုံပန်းသဏ္ဌန်သာဖြစ်သည်။

အပေါ်မှကာရံထားသော အကာအရံကျောက်တုံးများကို မဟာပိရမစ်ကြီး ၏အောက်ခြေတွင် ယနေ့ထက်တိုင်မြင်နိုင်သေးသည်။ ဒီပိရမစ်ကြီးကို မည်သို့မည်ပုံတည်ဆောက်ခဲ့သလဲ ဆိုတာကိုတော့ ယခုထက်တိုင် တိကျတဲ့အဖြေရှာမတွေ့သေးပါ။

၂။ ဘေဘီလုံရှိ မိုးပျံဥယျာဉ်

ဘေဘီလုံရှိ မိုးပျံဥယျာဉ်သည် မူလပထမ ကမ္ဘာ့အံ့ဖွယ်များ တွင် တစ်ခု အပါအဝင် ဖြစ်သည်။ ၎င်းကို ရှေးခေတ် မြို့ပြနိုင်ငံ တစ်ခု ဖြစ်သော ဘေဘီလုံ မြို့တွင် တည်ဆောက်ခဲ့ပြီး

ယခုခေတ် အီရတ်နိုင်ငံ ဘာဘေး ဒေသ (Babil ) ရှိ အယ်လ်ဟေလာ(Al Hillah)အနီးတွင် ရှိသည်။ တစ်ခါတရံတွင် ဒဏ္ဍာရီလာ ဘုရင်မ ဆယ်မီးရာမစ်စ် ကို အစွဲပြု၍ ဆယ်မီးရာမစ်စ် ၏ မိုးပျံဥယျာဉ်ဟုလည်း ခေါ်ကြသည်။

ဥယျာဉ်ကို ဘေဘီလုံဘုရင် နီဘူချတ်ဒ်နက်ဇာ ၂ က ဘီစီ ၆၀၀ ခန့်တွင် တည်ဆောက်ခဲ့သည်။ အိမ်ကို လွမ်းဆွတ်တသနေသည့် သူ၏ ဇနီး မီဒီယာ ဒေသသူ အမီတစ် ကို နှစ်သိမ့်ရန် အတွက် တည်ဆောက်ခဲ့သည်ဟု ဆိုသည်။

သူမသည် သူမဒေသရှိ သစ်ပင်များနှင့် ရနံ့မွေးသော ပန်းပင်များကို လွမ်းဆွတ်နေသည့် အတွက်ကြောင့် ဖြစ်သည်။ ဥယျာဉ်သည် ဘီစီ ၂ရာစု နောက်ပိုင်း မြေငလျင် အချို့ကြောင့် ပျက်စီးခဲ့ရသည်။

စိမ်းလန်းစိုပြေနေသော ဥယျာဉ်အကြောင်းကို ဂရိ သမိုင်းပညာရှင်များ ဖြစ်သည့် စထရာဘိုနှင့် ဒိုင်အိုဒိုးရပ်စ် စီးကူးလပ်စ်တို့က အသေးစိတ် မှတ်တမ်းတင်ခဲ့ကြသည်။

၃။ အိုလမ်ပီယာရှိ ဇုစ်နတ်မင်းကြီး၏ ရုပ်ထု

ဘီစီ ၄၃၅ ခုနှစ်တွင် ဂရိ ပန်းပုပညာရှင် ဖီးဒီးယက်က ဂရိနိုင်ငံ အိုလံပီယာ တောင်ထိပ်ရှိ ဇုစ်နတ်ကွန်းတွင် တည်ဆောက်ထုဆစ်ခဲ့သော ဇုစ် နတ်ဘုရား၏ ရုပ်တုသည်ကမ္ဘာ့ရှေးဟောင်း အံ့ဖွယ် (၇)ပါးတွင် တပါး အပါအဝင်ဖြစ်ခဲ့သည်။

ဇုစ်နတ်ဘုရား၏ ရုပ်တုသည် ၁၃ မီတာ (၄၃)ပေ အမြင့်ရှိပြီး ရွှေချထားပြီး၊ ကျောက်မျက်ရတနာများ စီချယ်ထားသော သစ်ကတိုး ပလ္လင်ထက်တွင် ထိုင်နေသည့်ပုံကို ထုဆစ်ထားခြင်းဖြစ်သည်။

လက်ထဲတွင် မိုးကြိုးလက်နက်ကို စွဲကိုင်ထားပြီးရှေ့ကို တူရှူ စိုက်ကြည့်နေသည့် မျက်လုံးမှာ အသက်ပါလှသည်ဟုဆိုသည် ။

ဂရိတို့သည် တရားစီရင်ရေးပြုလုပ်ရာတွင် တရားသူကြီး တရားခံ တရားလိုများ အားလုံးသည် အဆိုပါ ရုပ်တုရှေ့တွင် ဝတ်ပြုကာ ဇုစ်၏ မျက်လုံး ကိုစိုက်ကြည့်ပြီး ကျမ်းသစ္စာကျိန်ဆိုရသည်ဟုဆိုသည် ။

ဇုစ်၏ရုပ်တုမှာ ကြီးမားပြီး အသက်ဝင်လှသည့်အတွက် အဲဒီခေတ်ကာလက ဂရိကို ရောက်ဖူးသူတိုင်း၏ ပါးစပ်ဖျား၌ နာမည်ကျော်ခဲ့သည် ။

သို့ရာတွင် အေဒီ ၅ ရာစုခန့်တွင် မွန်ဂို အင်ပါယာ၏ လက်အောက်ခံ ပါရှန်တို့၏ ဖျက်ဆီးခြင်း ကိုခံခဲ့ရပြီး နောက်ပျောက်ကွယ်ခဲ့ရလေသည် ။

ယခုအခါတွင် အဆိုပါရုပ်ထု၏ အထောက်အထားအနေဖြင့် ၁၈၈၉ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့သော ဂရိနိုင်ငံသုံး ငွေဒင်္ဂါးပေါ်မှ ရုပ်ပုံမျှသာကျန်ရှိတော့သည်။

၎။ အာတီးမစ် ဘုရားကျောင်း

ဂရိယဉ်ကျေးမှု့ဟာ မြေထဲပင်လယ်ဒေသ ကို လွှမ်းမိုးစဉ်အခါက အဆိုပါ အာတီးမစ် ဘုရားကျောင်းကို အီးဖီးဆပ် အရပ် (ယခု တူရကီနိုင်ငံ ဆယ်လ်ကပ်) အနီးတွင် တည်ဆောက်ခဲ့ကြသည်။ အဆိုပါကျောင်းဆောင်ကို Temple of Diana ဟုလည်း ခေါ်ကြသည်။

ဘီစီ ၇ ရာစုခန့်ကတည်းက တည်ဆောက်ခဲ့သော အာတီးမီး ဘုရားကျောင်းသည် အကြိမ်ကြိမ် ဖျက်ဆီးခြင်းကို ခံခဲ့ရသော်လည်း အေဒီ ၄၀၁ခုနှစ် တိုင်အောင် အကြိမ်ကြိမ် ပြန်လည် ပြုပြင်တည်ဆောက်ခဲ့ကြသည် ။

ပထမဦးဆုံးတည်ဆောက်စဉ်အခါက ဂရိရှိ ဗိသုကာပညာရှင်များ ပူးပေါင်းပြီး ဒီဇိုင်းထုတ်ကာ ဖြူလွှသော မာဘယ်ကျောက်သားများ ကိုသာ သုံးပြီး လှပခမ်းနားစွာ တည်ဆောက်ခဲ့ကြခြင်းဖြစ်သည် ။

ထို့နောက် ဂရိနိုင်ငံ တဝှမ်းလုံးက အတော်ဆုံးကျောက်ဆစ်သမားများက ရင်သပ်ရှုမောဖွယ်ရာ လက်ရာမြောက်သော ကျောက်ခက်နွယ်များ၊ ရုပ်ပုံများ၊ရုပ်တုများကို တန်ဆာဆင် ထုလုပ်ခဲ့ကြသည် ။

ထို့နောက် ဆေးသုတ်သမားများကို အဆိုပါ ကျောက်ဆစ် ရုပ်ကြွ ၊ ရုပ်ပုံများကို လှပစွာဆေးရောက်ခြယ်လိုက်သော အခါ အာမီးတီးစ် ဘုရားကျောင်းဟာ မြေထဲပင်လယ်ဒေသ တဝိုက် တွင် အခမ်းနားဆုံး၊ အလှပဆုံး နတ်ဘုရားကျောင်း အဖြစ် နာမည်ကျော်ကြားလာတော့သည် ။

သို့ပါသော်လည်း မူလဘုရားကျောင်း၏ တည်ရှိမှု့မှာ ကြာရှည်တည်တံ့မှု မရှိခဲ့ပဲ ၊ မက်စီဒိုးနီးယာန်းများ၊ ဆီးရီးယန်းများ၊ ပါရှမ်းများ၊ ရိုမန်များ နှင့် မွန်ဂိုများ၏ အကြိမ်ကြိမ် ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ဂရိလူမျိုးများက သူတို့၏ ဘုရားကျောင်းဆောင်ကို အမြတ်တနိုး အကြိမ်ကြိမ် ပြန်လည်တည်ဆောက်ခဲ့ကြသည် ။

ယခုအခါတွင် မူရင်းလက်ရာ အတိုင်း ကျန်ရှိမနေတော့ပဲ အဆိုပါကျောင်းဆောင်နေရာတွင် ခေတ်သစ်လက်ရာ အဖြစ်သာ ကျန်ရှိတော့သည်။

၅။ ဟေလီကာနပ်ဆပ်ရှိ မော်ဆိုလော့စ် ဂူသင်္ချိုင်း

BC 351 ခုနှစ်က ယခင် ဟေလီကာနပ်ဆပ် ( ယခုတူရကီနိုင်ငံ တွင်တည်ရှိခဲ့သော မော်ဆိုလော့စ် ၏ ဂူဗိမာန်သည် ရှေးခေတ်ကမ္ဘာ့ အံဖွယ် (၇) ပါးတွင် တစ်ခု အပါအဝင်ဖြစ်ခဲ့သည် ။

ယခုအခါတွင် ယိုယွင်းပျက်စီးနေသာ အုတ်ပုံမျှသာ ကျန်ရှိနေသော်ငြားလည်း ရှေးခေတ်အခါကတွင်မူ မျက်မှောက်ခေတ်၏ ကမ္ဘာ့ အံ့ဖွယ် တစ်ခု ဖြစ်နေသော တခ်ျမဟာ ဂူဗိမာန်ကဲ့သို့ပင် ခမ်းနားထည်ဝါလွန်းခဲ့ပါသည် ။

ခရစ်တော်မပေါ်မှီ နှစ်၃၀၀ ခန့်က အာရှမိုင်းနားတဝိုက်တွင် အင်အားကြီးမားခဲ့သောပါရှန်းအင်ပါယာ၏ ဘုရင်ဖြစ်သူ Artaxerxes ၃ က သူ၏ ခမ်းနားကြွယ်ဝမှုနှင့် ဘုန်းတန်ခိုးကြီးမှုကို ထင်ဟပ်စေရန် အတွက် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က ထင်ရှားကျော်ကြားခဲ့ကြသော ပါရှန်းအင်ပါယာ လက်အောက်ခံ ဂရိဗိသုကာ ပညာရှင်များကို အသုံးပြုကာ ပါရှန်းတို့၏ ယဉ်ကျေးမှုကို ဂရိတို့၏ အံ့မခန်း ဗိသုကာပညာနှင့်ပေါင်းစပ်ပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည် ။

လှပခမ်းနားသော အနုစိတ်ဗိသုကာ လက်ရာများကြောင့် ဗိမာန်ကြီးမှာ ကြီးမားလှပပြီး လက်ရာအလွန်မြောက်ခဲ့သည် ။ ထိုခေတ်အခါက ပါရှန်းအင်ပါယာ၏ ဘုန်းတန်ခိုးကြီးမားမှု နှင့် ယဉ်ကျေးမှု အဆင့်အတန်းကို ထင်ဟပ်စေခဲ့သည်။

သို့ရာတွင် ၁၂ ရာစုနှင့် ၁၅ ရာစုက တူရကီနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ယခုအခါတွင် အုတ်ပုံရာမျှသာ ကျန်ရှိနေတော့သည် ။

၆။ ကိုလော့ဆပ်ရှိ ရုတ်ဒ်ရုပ်တု

ကမ္ဘာ့ ရှေးခေတ်အံ့ဖွယ်ထဲတွင် အပါဝင်ဖြစ်သော ကိုလော့ဆပ်ရှိ ရုတ်ဒ် ရုပ်ထုမှာ ရှေးခေတ်ဂရိတို့၏ နေနတ်ဘုရားဖြစ်သော ဟီးလီးရပ်၏ ရုပ်ပုံကို ရည်စူးပြီး တည်ဆောက်ထားခြင်းဖြစ်သည် ။

ဘီစီ၂၈၀ တွင် ဂရိ နာမည်ကျော် ပန်းပုဆရာ Chares of Lindos က ဂရိနိုင်ငံတွင်းရှိ ကျွန်းလေးတစ်ခုဖြစ်သော ရုတ်ဒ်ကျွန်း ပေါ်တွင် စစ်ပွဲအောင်နိုင်မှု အထိမ်းအမှတ်အနေဖြင့် မြို့တည်သည့်အခါတွင် မြို့ဝင်ပေါက်ဖြစ်သောဆိပ်ကမ်း ရေတံခါး ကမ်းနဖူးပေါ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည် ။

မီတာ (၃၀) ခန့်မြင့်မားသော ဟီးလီးရပ် နတ်ဘုရား ရုပ်ထုသည် ရုဒ်မြို့၏ အဝင်ဆိပ်ကမ်းနဖူးပေါ် တွင် ကြွားကြွားဝံ့ဝံ့တည်ရှိနေသော ကြောင့် ရုတ်ဒ် မြို့ကို လာသည့်သင်္ဘောတွေ သည် မြို့သို့မရောက်ခင် ပင်လယ်ထဲမှပင် အဆိုပါ ရုပ်ထု ကို လှမ်းမြင်နေရသည်ဟု ဆိုသည် ။

နောင်တချိန်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဆိပ်ကမ်းတွင် တည်ဆောက်မည့် လေဘာတီရုပ်ထု သည် ကိုလော့ဆပ်ရှိ ရုတ်ဒ်ရုပ်တု၏ ပုံစံကို ယူထားခြင်းဖြစ်သည်ဟု ဆိုသည် ။

ရှေးခေတ်က ရုတ်ဒ်ရုပ်ထုသည် ကမ္ဘာ့ အကြီးဆုံး ရုပ်ထုအဖြစ်မှတ်တမ်းဝင်ခဲ့သော်လည်း တည်ဆောက်ပြီး ၅၄ နှစ်အကြာ ဘီစီ ၂၂၄ ခုနှစ်တွင်တွင် မြေငလျင်ဒဏ်ကြောင့် ကျိုးကျကာ ပျက်စီးခဲ့ရလေသည် ။

ထိုအရုပ် ကြီးသည်ပြိုလဲသွားရာ နှစ်ပေါင်းတစ်ထောင်ခန့် ကြာသောအခါ တွင် ထိုအရုပ်ကြီးမှ အပျက်အစီးများကို စုဆောင်း၍ သတ္တု ဟောင်းအဖြစ်ဖြင့် ရောင်းချလိုက်ကြ၏။

၇ ။ အလက်ဇန်းဒီယားမီးပြတိုက်

အီဂျစ်ဘုရင် ဒုတိယတော်လမီမင်း ဘီစီ ၂၈၀-၂၄၇ လက်ထက်၌ ထို နိုင်းမြစ်ဝ ဆိပ်ကမ်းမြို့ဖြစ်သော အလက်ဇန်းဒီးယားမြို့၏ ကျောက်ဆောင်ပေါ်တွင် ကျောက်တုံးကြီးများဖြင့် ပေ ၅ဝဝ ခန့်မြင့်သော မီးပြတိုက်ကြီးကို တည်ဆောက်လေသည်။

ထို အဆောက်အအုံကြီးကို ဘီစီ ၂၆ဝ ပြည့်နှစ်တွင် ပြီးစီးရာ၊ အယ်လက်ဇန္ဒြီးယားမြို့၏ ဖေးရော့မီးပြတိုက်ဟု ခေါ်တွင်၏။ အလက်ဇန်းဒီးယားမြို့ကို ညပိုင်းတွင် ဆိုက်ကပ်လာမည့် လှေသဘောင်္ များကို လမ်းပြရန်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ပုံသဏ္ဍာန်မှာ အောက်ခြေက စတုရန်းပုံ၊ အလယ်တွင် အဋ္ဌမဂံပုံ ရှိပြီး အပေါ်ဆုံးပိုင်းကတော့ အဝိုင်းပုံဖြစ်သည်။ ကျောက်တုံးများဖြင့်ဆင့်ကာ အခိုင်အမာတည်ဆောက်ထားခြင်းဖြစ်သည်။

မီးပြတိုက်ထိပ်တွင် အချင်း ၂ မီတာခန့်ရှိသော ကြေးမုံ မှန်၎ ချပ်ကို အရပ်လေးမျက်နှာ ဘက်အလင်းပြန်နိုင်အောင် ထားပြီး အလယ်တွင် ဝေလငါးဆီကို မီးရှို့ပြီး အလင်းရအောင် ပြုလုပ်မည့် မီးတိုင်ရှိသည် ။

ထိုမီးပြတိုက်မှအလင်းသည် ပင်လယ်ပြင်နှင့် မြစ်ဝထဲသို့ ၄၇ ကီလိုမီတာခန့်အထိ ရောက်နိုင်ပြီး ပင်လယ်ကူးသင်္ဘောများ အနေဖြင့် အလက်ဇန်းဒီးယားမြို့ဆိပ်ကမ်းဆီသို့ အလွယ်တကူ ကမ်းကပ်နိုင်အောင် လမ်းပြပေးနိုင်သည် ။

ထိုခေတ်အခါက ပေါ်ထွန်းခဲ့သော မီးပြတိုက်များတွင် အလက်ဇန်းဒီးယားမီးပြတိုက်မှာ အစောဆုံြး ဖစ်ခဲ့သည်ဟုဆိုသည်။ အေဒီ၉၅၆ နှင့် ၁၃၂၃ ခုနှစ်များတွင် ငလျင်ကြောင့် ပြိုကျခဲ့သော်လည်း အီဂျစ်တို့က ပြန်လည် တည်ဆောက်ခဲ့ကြသည်။

ယခုအခါတွင် ပြိုကျပျက်စီးနေပြီဖြစ်သော်လည်း ထိုမီးပြတိုက်၏အစိတ်အပိုင်းများမှာ အခုထက်ထိ တည်ရှိနေပါသေးသည်။

အထက်ပါတို့ကား ရှေးဟောင်းကမ္ဘာ၏ အံ့ဖွယ်ခုနစ်သွယ် ဖြစ်လေသည်။ ယခုအခါတွင်ကား ထိုအံ့ဖွယ်များမှာ အီဂျစ် နိုင်ငံရှိ ပိရမစ်များမှတစ်ပါး ပျက်စီးယိုယွင်းကုန်ချေပြီ။

အလယ်ခေတ် ကမ္ဘာ့အံ့ဖွယ် ၇ခု ကို နောက်ပိုစ့်မှာ ဆက်ပြီးမျှဝေပါမယ်။

Leave a Reply