စစ္ဘုရင္ႀကီး ဂ်င္ဂ်စ္ခန္၏ ေျခရာနင္းသူ (သုိ႔) ေျမးေတာ္ ကူဗလုိင္ခန္ မင္းႀကီး

Posted on

ကူဗလိုင္ခန္ ( ၁၂၁၆- ၁၂၉၄ ) သည္ ကမၻာ့အေရွ႕ဘက္ တစ္လႊားတြင္ တန္ခိုးႀကီးမားခဲ့ေသာ မြန္ဂိုဘုရင္ ဂ်င္ဂစ္ခန္၏ ေျမးျဖစ္သည္။ ကူဗလိုင္ခန္မွာ တူလီ၏ ဒုတိယသားျဖစ္၍ ၁၂၁၆ ခုႏွစ္တြင္ ေမြးဖြားသည္။ ငယ္စဥ္ကပင္ ေနာင္ေတာ္ျဖစ္သူ မန္ဂူ၏ လက္ေအာက္တြင္ စစ္မႈထမ္းကာ တ႐ုတ္ႏိုင္ငံ အေနာက္ပိုင္းေဒသမ်ားကို တိုက္ခိုက္သိမ္းယူခဲ့သည္။ မန္ဂူဘုရင္ ကြယ္လြန္ေသာအခါ ၁၂၆၀ ျပည့္ႏွစ္တြင္ မြန္ဂိုမင္းေဆြမင္းမ်ိဳးတို႔၏ အစည္းအေဝးႀကီးက သူ႕အား ခန္မင္းႀကီးအျဖစ္ တင္ေျမႇာက္လိုက္ၾကသည္။

ခန္မင္းႀကီးမွာ လက္႐ုန္းရည္၊ ႏွလုံးရည္ႏွင့္ ျပည့္စုံသူျဖစ္၍ ဖိုးေတာ္ ဂ်င္ဂစ္ခန္၏ ရည္႐ြယ္ခ်က္အတိုင္း တ႐ုတ္ႏိုင္ငံတစ္ခုလုံးကို သိမ္းသြင္းလိုေသာ ဆႏၵျပင္းျပသည္။ ထို႔ေၾကာင့္ ဆြန္ဘုရင္တို႔ ပိုင္နက္ျဖစ္ေသာ တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္းကို တစ္စတစ္စ တိုက္ခိုက္သိမ္းသြင္းခဲ့ရာ ေနာက္ဆုံးတြင္ ကူဗလိုင္ခန္မွာ တ႐ုတ္ႏိုင္ငံ တစ္ခုလုံး၏ ဘုရင္ျဖစ္လာေတာ့သည္။

ခန္မင္းႀကီးသည္ မိမိ၏ ၿမိဳ႕ေတာ္ကို ကယ္ရာကိုးရမ္းမွ တ႐ုတ္ႏိုင္ငံတံတိုင္းႀကီးအတြင္း ယခု ပီကင္းၿမိဳ႕ ေနရာသို႔ ေျပာင္းေ႐ႊ႕ခဲ့သည္။ ထိုၿမိဳ႕ေတာ္သစ္မွာ ေလးေထာင့္ေျမကြက္ေပၚတြင္ တည္ရွိ၍ အဝန္း ၁၈ မိုင္ရွိသည္။ ၿမိဳ႕ေတာ္မွာ အလြန္ခမ္းနား ႀကီးက်ယ္လွသျဖင့္ ႏိုင္ငံျခားသားမ်ားကပင္ အထူးခ်ီးက်ဴး ေရးသားၾကသည္။ ထိုၿမိဳ႕ေတာ္ကို တိုင္တူးဟု သမုတ္၍ ‘႐ုံးေတာ္ႀကီး’ ဟု အဓိပၸာယ္ရသည္။ အေနာက္တိုင္းသားတို႔ကမူ ခန္ဗာလိ (ဝါ) ခန္မင္းႀကီး၏ ၿမိဳ႕ေတာ္ဟု ေခၚၾကသည္။ ဤၿမိဳ႕ေတာ္ႀကီး ခမ္းနားႀကီးက်ယ္ပုံကို ၁၇ ႏွစ္တိုင္တိုင္ ခန္မင္းႀကီးထံတြင္ အမႈထမ္းဖူးသူ ဗင္းနစ္ၿမိဳ႕သား မာကိုပိုလိုက မွတ္တမ္းတင္ထားခဲ့သည္။ ၁၈ ရာစုႏွစ္တြင္ အဂၤလိပ္ကဗ်ာဆရာႀကီး ကိုးလားရစ္က ၅၄ ေၾကာင္းေသာ ကဗ်ာျဖင့္ ခ်ီးက်ဴးေရးသား ျပန္ေသးသည္။

ခန္မင္းႀကီးသည္ မဟာယန ဗုဒၶဝါဒီ တစ္ေယာက္ ျဖစ္ေသာ္လည္း တ႐ုတ္ယဥ္ေက်းမႈႏွင့္ ထုံးတမ္းစဥ္လာမ်ားကိုလည္း ေလးစားသည္။ အုပ္ခ်ဳပ္ေရးဌာနမ်ားတြင္ တ႐ုတ္လူမ်ိဳးမ်ားကို အမ်ားအျပား ခန္႔ထားသည္။ ၁၂၆၃ ခုႏွစ္တြင္ တ႐ုတ္လူမ်ိဳးမ်ား အေလးအျမတ္ထားေလ့ရွိေသာ ဖိုးဖြားဗိမာန္ေခၚ ေက်ာင္းေဆာင္ႀကီးကို ယန္ခ်င္ၿမိဳ႕တြင္ တည္ေဆာက္ေလသည္။ ၁၂၇၉ ခုႏွစ္တြင္ ၿမိဳ႕ေတာ္၏ အေရွ႕ေတာင္ဘက္တြင္ နကၡတ္တာရာမ်ား ၾကည့္႐ႈေလ့လာႏိုင္ရန္ နကၡတ္ေမၽွာ္စင္ႀကီး တစ္ခုကို ေဆာက္လုပ္ေပးခဲ့သည္။ ခန္မင္းႀကီးသည္ တ႐ုတ္လူမ်ိဳးတို႔ အထြတ္အျမတ္ထားသည့္ ကြန္ျဖဴးရွပ္ ေက်ာင္းေတာ္ႀကီးကို ၿမိဳ႕ေတာ္သစ္ႀကီးအတြင္းတြင္ ေဆာက္လုပ္ေပးခဲ့သည့္အျပင္ ကြန္ျဖဴးရွပ္ ေဆြေတာ္မ်ိဳးေတာ္မ်ားအတြက္ နယ္ ၂ နယ္ကိုလည္း လက္ေဆာင္အျဖစ္ ေပးအပ္ခဲ့သည္။ ထိုမွတပါး ယန္ခ်င္ၿမိဳ႕ႏွင့္ ပင္ယန္ၿမိဳ႕မ်ားရွိ တကၠသိုလ္ေက်ာင္းႀကီး ၂ ေက်ာင္းကိုလည္း ခိုင္ၿမဲတည္တံ့ေအာင္ ျပဳျပင္ကူညီခဲ့သည္။

ႏိုင္ငံေတာ္အတြင္း ကူးသန္းေရာင္းဝယ္မႈ လြယ္ကူေစရန္ ျမင္းေပါင္း ၂၀၀,၀၀၀ ပါဝင္ေသာ စာပို႔စနစ္ကိုလည္းေကာင္း၊ တည္းခိုရန္ စခန္းေပါင္း ၁၀,၀၀၀ ကိုလည္းေကာင္း တီထြင္ဖြင့္လွစ္ခဲ့သည္။ ၿမိဳ႕ေတာ္ႏွင့္ ေရလမ္းဆက္သြယ္မႈ လြယ္ကူေစရန္ တူးေျမာင္းမဟာႀကီးကိုလည္း အသစ္ထပ္မံ ေဖာက္လုပ္ခဲ့သည္။ ေဖာက္ကားေရာင္းဝယ္မႈတြင္ အခက္အခဲ မရွိေစရန္ ေငြစကၠဴမ်ား ထုတ္ခဲ့သည္။ ကူးသန္းေရာင္းဝယ္မႈမ်ားကို အထူးအားေပး ခ်ီးေျမႇာက္ခဲ့သည္။ ပိုးထည္လုပ္ငန္းႏွင့္ ေ႐ႊေတာင့္လုပ္ငန္းမ်ားမွာ မ်ားစြာတိုးတက္ေကာင္းမြန္လာသည္။ မင္းႀကီးသည္ စာေပပညာမ်ားကိုလည္း အားေပးခဲ့သည္။ တိဗက္လူမ်ိဳး လာမားဘုန္းႀကီး မတီဒဝတ္ရွားဆိုသူ ပုဂၢိဳလ္အား စာေပအကၡရာ အသစ္တီထြင္ေစခဲ့သည္။

ပါရွင္းလူမ်ိဳး ဂ်ာမားအာလာဒင္ဆိုသူအား ေခတ္မွီျပကၡဒိန္ ျပဳလုပ္ရန္ တာဝန္ေပးအပ္ခဲ့သည္။ အျခားပညာရွင္မ်ားအားလည္း မြန္ဂိုတို႔၏ သမိုင္းကို ေရးသားေစခဲ့သည္။ ၁၂၆၉ ခုႏွစ္တြင္ ဝီးဝူးဝါး စာလုံးမ်ားျဖင့္ စာေရးနည္းကို ပယ္ဖ်က္၍ စနစ္သစ္ကို ေပးအပ္ခဲ့သည္။ မဟာယန ဗုဒၶဝါဒကိုလည္း ႏိုင္ငံေတာ္ ဘာသာအျဖစ္ အသိအမွတ္ျပဳခဲ့သည္။

ကူဗလိုင္ခန္ လက္ထက္တြင္ အေနာက္ႏိုင္ငံမွ သာသာနာျပဳပုဂၢိဳလ္ ၂ ဦး ေရာက္ရွိလာသည္။ တစ္ဦးမွာ မြန္တီေကာ္ဗီအရပ္မွ ဂၽြန္ဆိုသူျဖစ္၍ က်န္တစ္ဦးမွာ ေပၚဒႏိုနီအရပ္မွ အိုဒိုရစ္ဆိုသူ ျဖစ္သည္။ မင္းႀကီးသည္ ထိုပုဂၢိဳလ္ႏွစ္ဦးအား ေလးေလးစားစားထား၍ ခရစ္ယာန္ သာသနာျပဳခြင့္ ေပးသည့္အျပင္ ဂၽြန္အား ပီကင္းၿမိဳ႕၏ ပထမဆုံး ဂိုဏ္းခ်ဳပ္အျဖစ္ ခ်ီးျမႇင့္ေလသည္။ တိဗက္နယ္တြင္မူ ဘုန္းႀကီးဘုရင္စနစ္ကို တီထြင္ေပးခဲ့ရာ ယခုတိုင္ ဒလိုင္းလားမားေခၚ တိဗက္ သာသနာပိုင္မ်ားမွာ တန္ခိုးထြားလ်က္ရွိၾကသည္။

ခန္မင္းႀကီးမွာ ေရွးဘိုးေလာင္းေတာ္၊ ေဘးေလာင္းေတာ္မ်ားနည္းတူ စစ္တိုက္ခိုက္မႈ၊ ႏိုင္ငံသိမ္းသြင္းမႈမ်ားကို လိုလားသည္။ ထိုေၾကာင့္ တိဗက္ႏိုင္ငံ၊ တာကီစတန္ႏိုင္ငံ၊ ျမန္မာႏိုင္ငံ၊ ကိုခ်င္ခ်ိဳင္းနားႏိုင္ငံ၊ ဂ်ာဗားကၽြန္းမ်ားသို႔ စစ္ခ်ီတက္တိုက္ခိုက္ခဲ့ရာ ေအာင္ျမင္သည္သာ မ်ားခဲ့သည္။ ဂ်ပန္ကၽြန္းကိုမူ ေရတပ္ျဖင့္ အႀကိမ္ႀကိမ္တိုက္ခိုက္ခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေခ်။ ကူဗလိုင္ခန္၏ ႏိုင္ငံေတာ္မွာ ဘုရင္တစ္ဦးတည္းပိုင္ ႏိုင္ငံမ်ားအနက္ အက်ယ္အဝန္းဆုံး ႏိုင္ငံေတာ္ျဖစ္၍ အေရွ႕ဘက္တြင္ ပစိဖိတ္ သမုဒၵရာမွ အေနာက္ဘက္တြင္ ပင္လယ္နက္ ေက်ာ္သည္အထိ က်ယ္ျပန္႔သည့္ အင္ပါယာႀကီး တစ္ခုျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ တ႐ုတ္ေျပးမင္းေခၚ နရသီဟပေတ့မင္းလက္ထက္ ကူဗလိုင္ခန္၏ စစ္သည္ေတာ္မ်ား ျမန္မာႏိုင္ငံသို႔ ဝင္ေရာက္တိုက္ခိုက္သျဖင့္ နရသီဟပေတ့မင္းမွာ ပုဂံမွျပည္ၿမိဳ႕သို႔ ထြက္ေျပးတိမ္းေရွာင္ရေလသည္။ နရသီဟပေတ့မင္းသည္ သၽွင္ဒိသာပါေမာကၡ ရဟန္းေတာ္အား သဝဏ္လႊာႏွင့္ ပီကင္းၿမိဳ႕ ကူဗလိုင္ခန္ဘုရင္ထံ ေစလႊတ္ေစ့စပ္ခဲ့ရေၾကာင္း၊ မဂၤလာေစတီေက်ာက္စာတြင္ ေတြ႕ရွိရသည္။ ထိုေက်ာက္စာတြင္ ကူဗလိုင္ခန္၏ ေနျပည္ေတာ္ကို တယ္တူ (တိုင္တူး) ဟု ေဖာ္ျပထားသည္။

ကူဗလိုင္ခန္ဘုရင္မွာ အေရွ႕ဘက္ ႏိုင္ငံမ်ားတြင္သာမက အေနာက္ဥေရာပ ႏိုင္ငံမ်ားအထိ တန္ခိုးပ်ံ႕ႏွံ႔ခဲ့ေသာ မြန္ဂိုဘုရင္ ျဖစ္သည္။ တ႐ုတ္ႏိုင္ငံတြင္ ယြန္မင္းဆက္ကို စတင္တည္ေထာင္ခဲ့ေသာ မင္းလည္း ျဖစ္သည္။ ၁၂၉၄ ခုႏွစ္တြင္ ကံကုန္ေတာ္မူသည္။

 

Myanmar Wikipedia


စစ်ဘုရင်ကြီး ဂျင်ဂျစ်ခန်၏ ခြေရာနင်းသူ (သို့) မြေးတော် ကူဗလိုင်ခန် မင်းကြီး (unicode)

ကူဗလိုင်ခန် ( ၁၂၁၆- ၁၂၉၄ ) သည် ကမ္ဘာ့အရှေ့ဘက် တစ်လွှားတွင် တန်ခိုးကြီးမားခဲ့သော မွန်ဂိုဘုရင် ဂျင်ဂစ်ခန်၏ မြေးဖြစ်သည်။ ကူဗလိုင်ခန်မှာ တူလီ၏ ဒုတိယသားဖြစ်၍ ၁၂၁၆ ခုနှစ်တွင် မွေးဖွားသည်။ ငယ်စဉ်ကပင် နောင်တော်ဖြစ်သူ မန်ဂူ၏ လက်အောက်တွင် စစ်မှုထမ်းကာ တရုတ်နိုင်ငံ အနောက်ပိုင်းဒေသများကို တိုက်ခိုက်သိမ်းယူခဲ့သည်။ မန်ဂူဘုရင် ကွယ်လွန်သောအခါ ၁၂၆၀ ပြည့်နှစ်တွင် မွန်ဂိုမင်းဆွေမင်းမျိုးတို့၏ အစည်းအဝေးကြီးက သူ့အား ခန်မင်းကြီးအဖြစ် တင်မြှောက်လိုက်ကြသည်။

ခန်မင်းကြီးမှာ လက်ရုန်းရည်၊ နှလုံးရည်နှင့် ပြည့်စုံသူဖြစ်၍ ဖိုးတော် ဂျင်ဂစ်ခန်၏ ရည်ရွယ်ချက်အတိုင်း တရုတ်နိုင်ငံတစ်ခုလုံးကို သိမ်းသွင်းလိုသော ဆန္ဒပြင်းပြသည်။ ထို့ကြောင့် ဆွန်ဘုရင်တို့ ပိုင်နက်ဖြစ်သော တရုတ်နိုင်ငံ တောင်ပိုင်းကို တစ်စတစ်စ တိုက်ခိုက်သိမ်းသွင်းခဲ့ရာ နောက်ဆုံးတွင် ကူဗလိုင်ခန်မှာ တရုတ်နိုင်ငံ တစ်ခုလုံး၏ ဘုရင်ဖြစ်လာတော့သည်။

ခန်မင်းကြီးသည် မိမိ၏ မြို့တော်ကို ကယ်ရာကိုးရမ်းမှ တရုတ်နိုင်ငံတံတိုင်းကြီးအတွင်း ယခု ပီကင်းမြို့ နေရာသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုမြို့တော်သစ်မှာ လေးထောင့်မြေကွက်ပေါ်တွင် တည်ရှိ၍ အဝန်း ၁၈ မိုင်ရှိသည်။ မြို့တော်မှာ အလွန်ခမ်းနား ကြီးကျယ်လှသဖြင့် နိုင်ငံခြားသားများကပင် အထူးချီးကျူး ရေးသားကြသည်။ ထိုမြို့တော်ကို တိုင်တူးဟု သမုတ်၍ ‘ရုံးတော်ကြီး’ ဟု အဓိပ္ပာယ်ရသည်။ အနောက်တိုင်းသားတို့ကမူ ခန်ဗာလိ (ဝါ) ခန်မင်းကြီး၏ မြို့တော်ဟု ခေါ်ကြသည်။ ဤမြို့တော်ကြီး ခမ်းနားကြီးကျယ်ပုံကို ၁၇ နှစ်တိုင်တိုင် ခန်မင်းကြီးထံတွင် အမှုထမ်းဖူးသူ ဗင်းနစ်မြို့သား မာကိုပိုလိုက မှတ်တမ်းတင်ထားခဲ့သည်။ ၁၈ ရာစုနှစ်တွင် အင်္ဂလိပ်ကဗျာဆရာကြီး ကိုးလားရစ်က ၅၄ ကြောင်းသော ကဗျာဖြင့် ချီးကျူးရေးသား ပြန်သေးသည်။

ခန်မင်းကြီးသည် မဟာယန ဗုဒ္ဓဝါဒီ တစ်ယောက် ဖြစ်သော်လည်း တရုတ်ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာများကိုလည်း လေးစားသည်။ အုပ်ချုပ်ရေးဌာနများတွင် တရုတ်လူမျိုးများကို အများအပြား ခန့်ထားသည်။ ၁၂၆၃ ခုနှစ်တွင် တရုတ်လူမျိုးများ အလေးအမြတ်ထားလေ့ရှိသော ဖိုးဖွားဗိမာန်ခေါ် ကျောင်းဆောင်ကြီးကို ယန်ချင်မြို့တွင် တည်ဆောက်လေသည်။ ၁၂၇၉ ခုနှစ်တွင် မြို့တော်၏ အရှေ့တောင်ဘက်တွင် နက္ခတ်တာရာများ ကြည့်ရှုလေ့လာနိုင်ရန် နက္ခတ်မျှော်စင်ကြီး တစ်ခုကို ဆောက်လုပ်ပေးခဲ့သည်။ ခန်မင်းကြီးသည် တရုတ်လူမျိုးတို့ အထွတ်အမြတ်ထားသည့် ကွန်ဖြူးရှပ် ကျောင်းတော်ကြီးကို မြို့တော်သစ်ကြီးအတွင်းတွင် ဆောက်လုပ်ပေးခဲ့သည့်အပြင် ကွန်ဖြူးရှပ် ဆွေတော်မျိုးတော်များအတွက် နယ် ၂ နယ်ကိုလည်း လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ထိုမှတပါး ယန်ချင်မြို့နှင့် ပင်ယန်မြို့များရှိ တက္ကသိုလ်ကျောင်းကြီး ၂ ကျောင်းကိုလည်း ခိုင်မြဲတည်တံ့အောင် ပြုပြင်ကူညီခဲ့သည်။

နိုင်ငံတော်အတွင်း ကူးသန်းရောင်းဝယ်မှု လွယ်ကူစေရန် မြင်းပေါင်း ၂၀၀,၀၀၀ ပါဝင်သော စာပို့စနစ်ကိုလည်းကောင်း၊ တည်းခိုရန် စခန်းပေါင်း ၁၀,၀၀၀ ကိုလည်းကောင်း တီထွင်ဖွင့်လှစ်ခဲ့သည်။ မြို့တော်နှင့် ရေလမ်းဆက်သွယ်မှု လွယ်ကူစေရန် တူးမြောင်းမဟာကြီးကိုလည်း အသစ်ထပ်မံ ဖောက်လုပ်ခဲ့သည်။ ဖောက်ကားရောင်းဝယ်မှုတွင် အခက်အခဲ မရှိစေရန် ငွေစက္ကူများ ထုတ်ခဲ့သည်။ ကူးသန်းရောင်းဝယ်မှုများကို အထူးအားပေး ချီးမြှောက်ခဲ့သည်။ ပိုးထည်လုပ်ငန်းနှင့် ရွှေတောင့်လုပ်ငန်းများမှာ များစွာတိုးတက်ကောင်းမွန်လာသည်။ မင်းကြီးသည် စာပေပညာများကိုလည်း အားပေးခဲ့သည်။ တိဗက်လူမျိုး လာမားဘုန်းကြီး မတီဒဝတ်ရှားဆိုသူ ပုဂ္ဂိုလ်အား စာပေအက္ခရာ အသစ်တီထွင်စေခဲ့သည်။

ပါရှင်းလူမျိုး ဂျာမားအာလာဒင်ဆိုသူအား ခေတ်မှီပြက္ခဒိန် ပြုလုပ်ရန် တာဝန်ပေးအပ်ခဲ့သည်။ အခြားပညာရှင်များအားလည်း မွန်ဂိုတို့၏ သမိုင်းကို ရေးသားစေခဲ့သည်။ ၁၂၆၉ ခုနှစ်တွင် ဝီးဝူးဝါး စာလုံးများဖြင့် စာရေးနည်းကို ပယ်ဖျက်၍ စနစ်သစ်ကို ပေးအပ်ခဲ့သည်။ မဟာယန ဗုဒ္ဓဝါဒကိုလည်း နိုင်ငံတော် ဘာသာအဖြစ် အသိအမှတ်ပြုခဲ့သည်။

ကူဗလိုင်ခန် လက်ထက်တွင် အနောက်နိုင်ငံမှ သာသာနာပြုပုဂ္ဂိုလ် ၂ ဦး ရောက်ရှိလာသည်။ တစ်ဦးမှာ မွန်တီကော်ဗီအရပ်မှ ဂျွန်ဆိုသူဖြစ်၍ ကျန်တစ်ဦးမှာ ပေါ်ဒနိုနီအရပ်မှ အိုဒိုရစ်ဆိုသူ ဖြစ်သည်။ မင်းကြီးသည် ထိုပုဂ္ဂိုလ်နှစ်ဦးအား လေးလေးစားစားထား၍ ခရစ်ယာန် သာသနာပြုခွင့် ပေးသည့်အပြင် ဂျွန်အား ပီကင်းမြို့၏ ပထမဆုံး ဂိုဏ်းချုပ်အဖြစ် ချီးမြှင့်လေသည်။ တိဗက်နယ်တွင်မူ ဘုန်းကြီးဘုရင်စနစ်ကို တီထွင်ပေးခဲ့ရာ ယခုတိုင် ဒလိုင်းလားမားခေါ် တိဗက် သာသနာပိုင်များမှာ တန်ခိုးထွားလျက်ရှိကြသည်။

ခန်မင်းကြီးမှာ ရှေးဘိုးလောင်းတော်၊ ဘေးလောင်းတော်များနည်းတူ စစ်တိုက်ခိုက်မှု၊ နိုင်ငံသိမ်းသွင်းမှုများကို လိုလားသည်။ ထိုကြောင့် တိဗက်နိုင်ငံ၊ တာကီစတန်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ကိုချင်ချိုင်းနားနိုင်ငံ၊ ဂျာဗားကျွန်းများသို့ စစ်ချီတက်တိုက်ခိုက်ခဲ့ရာ အောင်မြင်သည်သာ များခဲ့သည်။ ဂျပန်ကျွန်းကိုမူ ရေတပ်ဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ကူဗလိုင်ခန်၏ နိုင်ငံတော်မှာ ဘုရင်တစ်ဦးတည်းပိုင် နိုင်ငံများအနက် အကျယ်အဝန်းဆုံး နိုင်ငံတော်ဖြစ်၍ အရှေ့ဘက်တွင် ပစိဖိတ် သမုဒ္ဒရာမှ အနောက်ဘက်တွင် ပင်လယ်နက် ကျော်သည်အထိ ကျယ်ပြန့်သည့် အင်ပါယာကြီး တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် တရုတ်ပြေးမင်းခေါ် နရသီဟပတေ့မင်းလက်ထက် ကူဗလိုင်ခန်၏ စစ်သည်တော်များ မြန်မာနိုင်ငံသို့ ဝင်ရောက်တိုက်ခိုက်သဖြင့် နရသီဟပတေ့မင်းမှာ ပုဂံမှပြည်မြို့သို့ ထွက်ပြေးတိမ်းရှောင်ရလေသည်။ နရသီဟပတေ့မင်းသည် သျှင်ဒိသာပါမောက္ခ ရဟန်းတော်အား သဝဏ်လွှာနှင့် ပီကင်းမြို့ ကူဗလိုင်ခန်ဘုရင်ထံ စေလွှတ်စေ့စပ်ခဲ့ရကြောင်း၊ မင်္ဂလာစေတီကျောက်စာတွင် တွေ့ရှိရသည်။ ထိုကျောက်စာတွင် ကူဗလိုင်ခန်၏ နေပြည်တော်ကို တယ်တူ (တိုင်တူး) ဟု ဖော်ပြထားသည်။

ကူဗလိုင်ခန်ဘုရင်မှာ အရှေ့ဘက် နိုင်ငံများတွင်သာမက အနောက်ဥရောပ နိုင်ငံများအထိ တန်ခိုးပျံ့နှံ့ခဲ့သော မွန်ဂိုဘုရင် ဖြစ်သည်။ တရုတ်နိုင်ငံတွင် ယွန်မင်းဆက်ကို စတင်တည်ထောင်ခဲ့သော မင်းလည်း ဖြစ်သည်။ ၁၂၉၄ ခုနှစ်တွင် ကံကုန်တော်မူသည်။

Myanmar Wikipedia

Leave a Reply