ဟစ်တလာရဲ့ နာဇီစီမံကိန်းထဲက အကြီးဆုံးစစ်လက်နက်ကြီး Schwerer Gustav

Posted on

The Schwerer Gustav ဆိုတဲ့ ဒီလက်နက်ကြီးဟာ နာဇီတို့တည်ဆောက်ခဲ့သမျှထဲက အကြီးဆုံး အစွမ်းအထက်ဆုံး အမြှောက်လက်နက်ကြီးဖြစ်ပါတယ်။ ဒီလက်နက်ကြီး ၁၉၃၀ ပြည့်နှစ်ဝန်းကျင်က ကမ္ဘာကျော်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ Krupp က ပိုလန်နိုင်ငံ  Darłowo မြို့မှာတည်ဆောက်ခဲ့တာဖြစ်ပြီး တန်ဖိုးကတော့ အဲဒီအချိန်က ဂျာမန်ငွေ ၇သန်း(အမေရိကန်ဒေါ်လာ ၁.၆သန်းခန့်) ကုန်ကျခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြင်သစ်နိုင်ငံရဲ့ အခိုင်မာဆုံး အတောင့်တင်းဆုံးဆိုတဲ့ Maginot Line က ခံတပ်ကြီးတွေကိုဖျက်စီးပစ်ဖို့ ဖြစ်ပါတယ်။

ဒီလက်နက်ကြီးရဲ့အရွယ်အစားကတော့ အလျား ၁၅၅ပေ ၂လက်မ ၊ အနံ ၂၃ပေ ၄လက်မ ၊ အမြင့် ၃၈ပေ ၁လက်မ ဖြစ်ပြီး အလေးချိန်ကတော့  ၁၃၅၀တန် ရှိပါတယ်။ အမြှောက်ဆံတွေကတော့ ၈၀၀မီလီမီတာ ဧရာမအမြှောက်ဆန်ကြီးတွေဖြစ်ပြီး ၇တန်ခန့်လေးပါတယ်။

ဒီလက်နက်ကြီးကိုတပ်ဆင်ဖို့အတွက် အချိန် ၃ရက်ယူရမှာဖြစ်ပြီးလိုအပ်တဲ့ လူအင်အားကတော့ ၂၅၀ ဖြစ်ပါတယ်။ နောက်ထပ်လိုအပ်တဲ့အင်အားကတော့ လက်နက်ကြီးအတွက်သံလမ်းဖောက်ဖို့ နဲ့ ခံတပ်တူးဖော်ပေးဖို့ လူ ၂၅၀၀ အပြင် လေကြောင်းတပ်ရင်း ၂ခုလည်း လိုအပ်ပါတယ်။  လေကြောင်းတပ်ရင်းကတော့ လက်နက်ကြီးကို ရန်သူလေယာဉ်များမှ ပစ်ခတ်ဖျက်စီးတာကို ကာကွယ်ပေးဖို့ဖြစ်ပါတယ်။

ပစ်ခတ်နိုင်တဲ့အကွာအဝေးကတော့ ၂၉မိုင်ဖြစ်ပြီး နာရီဝက်ကို လောင်ချာ ၁စင်းပစ်နိုင်ကာ ၁ရက်ကို ၁၄ကြိမ်ပစ်နိုင်စွမ်းရှိပါတယ်။ ဒီလက်နက်ပစ်လိုက်လို့ ထိတဲ့မြေပြင်ဟာ အကျယ် ပေ၃၀ ပတ်လည် နဲ့ အနက်ပေ ၃၀ ရှိတဲ့တွင်းပေါက်ကြီးကိုဖြစ်စေတဲ့အထိပြင်းထန်မှာဖြစ်ပြီး ကွန်ကရစ်အထပ်ပေါင်းများစွာနဲ့ ဆောက်ထားတဲ့ခံတပ်တွေကိုလည်း အလွယ်တကူ ထိုးဖောက်နိုင်စွမ်းရှိပါတယ်။

အားနည်းချက်ကတော့ ဒီလက်နက်ကြီးဟာ ကြီးမားလွန်းတာကြောင့် ရန်သူတွေဟာ အလွယ်တကူမြင်တွေ့နိုင်တာပါပဲ။ ဒီလက်နက်ကြီးမျိုး နှစ်ခုရှိပြီးနောက်တစ်ခုကိုတော့ အင်ဂျင်နီယာချုပ်ရဲ့ဇနီးနာမည်ဖြစ်တဲ့ Dora လို့ပေးထားပါတယ်။

လက်နက်ကြီးကို တည်ဆောက်တဲ့လုပ်ငန်းဟာ ၁၉၃၇ခုနှစ် နှစ်လယ်မှာပြီးဆုံးခဲ့တဲ့နောက်မှာတော့ ကမ္ဘာ့အကြီးဆုံးအမြှောက်လက်နက်ဖြစ်လာပြီး အမည်ကိုတော့ Schwerer Gustav လို့ပေးလိုက်ပါတယ်။ Gustav က Krupp လက်နက်ကုမ္ပဏီက ဒါရိုက်တာရဲ့နာမည်ဖြစ်ပြီး Shwerer က  ကြီးမားသောလို့ အဓိပ္ပါယ်ရပါတယ်။ သွားတဲ့အခါမှာတော့ ရထားသံလမ်းစနစ်နဲ့ သွားရတာဖြစ်ပြီး အမြန်နှုန်းကတော့ ၉မိုင်ဖြစ်ပါတယ်။

ဆိုဗီယက် ဆက်ဗာစ်တိုပိုလ်မြို့ နှင့် စတာလင်ဂရက်မြို့သိမ်းတိုက်ပွဲတွေမှာ ဒီလက်နက်ကြီးတွေကို အသုံးပြုခဲ့ပြီး အမြှောက်ဆန် ၄၀ ခန့်ကုန်ခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ အမေရိကန်တပ်တွေက အဲဒီလက်နက်ကြီးကိုရရှိသွားပြီး ဖျက်စီးပစ်လိုက်ကြပါတယ်။ နောက်ထပ်လက်နက်ကြီးဖြစ်တဲ့ Dora ကိုတော့ စစ်ရှုံးမှာကိုသိနေတဲ့နာဇီတွေဟာ ရန်သူတွေလက်ထဲမရောက်ခင် သူတို့ကိုယ်တိုင်ဖျက်စီးလိုက်ကြပါတော့တယ်။

VIDEO

 

Leave a Reply