အိန္ဒိယရဲ့ အထင်ကရနေရာတစ်ခု (သို့) ကမ္ဘာ့အကြီးဆုံး ချန်ဘော်ရီ ရေတွင်းကြီး

Posted on

ချန်ဘော်ရီရေတွင်းကြီးဟာ အိန္ဒိယနိုင်ငံ ရဲ့ Rajasthanပြည်နယ် Dausa ဒေသမှာ Abhaneri ဆိုတဲ့ကျေးရွာလေးတည်ရှိပါတယ်။

Abhaneri ရဲ့မူလနာမည်ကတော့ Abha Nagri ဖြစ်ပြီး တောက်ပခြင်းမြို့တော် လို့ အဓိပ္ပါယ်ရပါတယ်။

နောက်ပိုင်းမှာတော့ အသံထွက်မှားယွင်းမှုကနေတဆင့် Abha Nagri ကနေ Abhaneri ဆိုပြီးပြောင်းလဲသွားတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရွာငယ်လေးဖြစ်ပေမယ့် ဒီရွာငယ်လေးမှာ ကမ္ဘာတစ်ဝန်းက ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ အိန္ဒိယဂုဏ်ဆောင်နေရာတစ်ခုရှိပါတယ်။

ဒါကတော့ ကမ္ဘာ့အနက်ဆုံး အကြီးဆုံး ၊ အလှဆုံး ရေတွင်းလို့ နာမည်ကျော်တဲ့ Chand Baori ရေတွင်း အဆောက်အအုံကြီးဖြစ်ပါတယ်။ ရေတွင်းဆိုပေမယ့် step well လို့ခေါ်တဲ့ လှေကားထစ်ပေါင်းများစွာနဲ့ ရေတွင်းကြီးဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ရှေးဗိသုကာပညာတွေနဲ့ ထင်ရှားတဲ့နေရာတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပြီး လှေကားထစ်ပေါင်းများစွာနဲ့ တည်ဆောက်ထားတဲ့ အဆောက်အအုံဖြစ်ပါတယ်။

ဒီ Chand Baori ရေတွင်းကြီးကို အေဒီ ၈ရာစုဝန်းကျင် Nikumbh မင်းဆက်မှာ ဘုရင် Chanda ရဲ့အမိန့်နဲ့ တည်ဆောက်ခဲ့တာဖြစ်တာကြောင့် အခုဆိုရင် သက်တမ်း နှစ် ၁၀၀၀ ကျော်ရှိပြီဖြစ်ပါတယ်။

တည်ဆောက်ရတဲ့အကြောင်းအရင်းကတော့ စိုက်ပျိုးရေး နဲ့ အိန္ဒိယရဲ့ရေရှားပါးမှုပြသနာကိုဖြေရှင်းဖို့ အတွက်လို့ဆိုကြပါတယ်။

ဒေသခံတွေဟာ ဘုရင့်အမိန့်ကြောင့် ရေတွင်းကြီးကို အချိန် တစ်နှစ်ကြာတည်ဆောက်ခဲ့ရပြီး ဒီရေတွင်းအဆောက်အအုံကြီးဟာ ပေ ၁၀၀ ကျော်နက်ပြီး အဆင့်ပေါင်း ၁၃ဆင့် လှေကားထစ်ပေါင်း ၃၅၀၀ ပါဝင်ပါတယ်။

ပျော်ရွင်မှုနတ်သမီး Harshat Mata ကို ပူဇော်တဲ့အနေနဲ့ ဆောက်လုပ်ထားတယ်လို့လည်း တချို့ဆိုကြပါတယ်။

Chand Baori ဆိုတဲ့အမည်ကိုတော့ ဒီရေတွင်းကိုတည်ဆောက်ခိုင်းသူ ဘုရင် Chanda ရဲ့နာမည်ကို ပေးခဲ့ခြင်းဖြစ်ပါတယ်။ Baori ကတော့ လှေကားထစ်များနဲ့ရေတွင်း(step well) ကိုခေါ်ခြင်းဖြစ်ပါတယ်။

ရေတွင်းအောက်ခြေဘက်လေဟာ မြေပြင်ကလေထက် ၅-၆ဒီဂရီခန့်ပိုအေးပါတယ်။ ရေတွင်းအဆောက်အအုံမှာ နံရံလေးမျက်နှာရှိတဲ့အနက် တစ်မျက်နှာမှာတော့ ဘုရင် မူးမတ်တွေအတွက် နားနေခန်းတွေကိုပါ ထည့်သွင်းဆောက်လုပ်ထားပါတယ်။

ဒီရေတွင်းကြီးဟာ ဘောလိဝုဒ်ရဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ မကြာခဏထည့်သွင်းရိုက်ကူးခံရလေ့ရှိတဲ့နေရာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ အိန္ဒိယ အမွေအနှစ် သုတေသနဌာနရဲ့ လက်အောက်မှာ ထိမ်းသိမ်းထားတဲ့ ဒီနေရာဟာ ပြည်တွင်း၊ ပြည်ပ ဧည့်သည်တွေအတွက် အိန္ဒိယရဲ့ ထူးခြားတဲ့ အလယ်ခေတ်ဗိသုကာ လက်ရာတွေကို စိတ်ဝင်တစားလေ့လာနိုင်တဲ့ အထင်ကရ နေရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။

VIDEO

 

Leave a Reply