ကမ်းခြေဆိုတာနဲ့ သဲသောင်ပြင်ရှိရမှာဖြစ်ပေမယ့် ဒီအနီရောင်ကမ်းခြေကတော့ သဲမရှိပါဘူး။ အနီရောင်ကမ်းခြေဟာ တရုတ်နိုင်ငံ ပန်ဂျင်းမြို့ အနောက်တောင်ဘက် ၃၀ကီလိုမီတာအကွာက Liaohe မြစ်ဝကျွန်းပေါ် ဒေသလေးမှာ တည်ရှိပါတယ်။
ပုံမှန်ကမ်းခြေတွေနဲ့ မတူပဲ အလွန်လှပတာကြောင့် ခရီးသွားများမကြာခဏလာရောက်လည်ပတ်လေ့ရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ အကျယ်အဝန်းအားဖြင့် ၅၁စတုရန်းမိုင် ကျယ်ဝန်းစတုရန်းမိုင် ကျယ်ဝန်းပြီး ကမ္ဘာပေါ်က အကျယ်ပြန့်ဆုံး ရေဝပ်ဒေသ(wetland) လည်းဖြစ်ပါတယ်။ မျက်စိတဆုံးအနီရောင်ကိုပဲ မြင်ရတာကြောင့် တရုတ်လူမျိုးတွေကတော့ ဒီနေရာကို ကောဇောနီ ကမ်းခြေလို့ခေါ်ကြပါတယ်။
ရေစိုစွတ်ရာဒေသမှာ ပေါက်လေ့ရှိတဲ့ Suaeda Salsa အမည်ရတဲ့ ကျူပင်၊ပေါင်းပင်တွေရဲ့ နီရဲလာတဲ့ အရောင်အသွေးကြောင့် ကမ်းခြေဟာ ဘယ်နေရာကြည့်ကြည့်အနီရောင်ဖြစ်နေရတာပါ။ ကမ်းခြေတစ်ခုရဲ့ ပြယုဂ်ဖြစ်တဲ့ သဲသောင်ပြင်ကို အဲဒီမှာ မတွေ့နိုင်ပါဘူး။
အနီရောင်ကမ်းခြေကိုဖြတ်ပြီး ပင်လယ်ကြီးဆီရောက်တာကြောင့်လည်း အနီရောင်ကမ်းခြေလို့ ခေါ်ရတာဖြစ်ပါတယ်။ အမြဲတမ်းတော့ အနီရောင်ပန်းခင်းကြီးဖြစ်နေတာ မဟုတ်ပါဘူး။ ဧပြီလ နဲ့ မေလလောက်မှာ ကမ်းခြေမှာရှိတဲ့ အပင်တွေစတင် ရှင်သန်ကြီးထွား လာလေ့ရှိပါတယ်။
အဲဒီနောက် နွေရာသီတစ်လျှောက်လုံး စိမ်းလမ်းတဲ့ပန်းခင်းကြီးကို တေ့ွရမှာပါ။ ဒါပေမယ့် ဆောင်ဦးရာသီရောက်ရင်တော့ အနီရောင်ဖျော့ဖျော့ ပန်းခင်းအဖြစ် စတင်ပြောင်းလဲလာပြီး တဖြည်းဖြည်းနဲ့ ပတ္တမြားပန်းခင်းကြီးတစ်ခုလို အနီရောင်တွေဖုံးလွှမ်းသွားမှာဖြစ်ပါတယ်။
သဘာဝဂေဟစနစ် အကောင်းဆုံးနေရာတစ်ခုဖြစ်ပြီး ငှက်မျိုးစိပ်ပေါင်း ၂၆၀ ကျော်နဲ့ တောရိုင်းတိရိစ္ဆာန်ပေါင်း ၃၉၉ မျိုးကို တွေ့နိုင်တဲ့နေရာဖြစ်ပါတယ်။ ရှားပါးအနီရောင်ဗျိုင်းတွေကိုလည်း ဒီနေရာမှာမြင်တွေ့နိုင်မှာပါ။ အနီရောင်ကမ်းခြေဟာ ရွှံ့နွံထူထပ်တဲ့အတွက် တည်ဆောက်ထားတဲ့ တံတားတွေပေါ်ကနေ ထူးခြားတဲ့ကမ်းခြေအလှကို ခံစားနိုင်ပါတယ်။ ပတ်ပတ်လည်ဖောက်ပေးထားတဲ့ ဒီတံတားရဲ့အရှည်က ၆၅၀၀ ပေ ဖြစ်ပါတယ်။
ဒီနေရာဟာ အစကတော့ စွန့်ပစ်ထားတဲ့နေရာသာဖြစ်ပြီး ၁၉၈၈ခုနှစ်မှ သဘာဝဂေဟစနစ်ကို ထိမ်းသိမ်းတဲ့အနေနဲ့ စနစ်တကျ ကာကွယ်ထိမ်းသိမ်းခဲ့တာပဲဖြစ်ပါတယ်။ အနီရောင်ကမ်းခြေဟာ အလွန်ကျယ်ဝန်းလှပေမယ့် နေရာတိုင်းကိုတော့ သွားခွင့်မပြုထားပါဘူး။ နေရာအများစုကို ဝင်ရောက်ခွင့်ပိတ်ပင်ထားပြီး အနည်းငယ်ကိုသာ အများပြည်သူအတွက် ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။
VIDEO
Discussion about this post