သူရဲေကာင္း လဂြန္းအိန္ရဲ႕ ေနာက္ဆုံးတိုက္ပြဲ

Posted on

ရာဇာဓိရာဇ္သည္ သူ၏ အားအထားရဆုံးဗုိလ္မင္း သမိန္ၿဗတ္ဇၨ၏ ရုပ္အေလာင္းကို သၿဂဳိဟ္ၿပီးေနာက္ အရုိးကိုေရႊက်ဳတ္ႏွင့္ထည့္ကာ ပဲခူးေရႊေမာ္ေဓာဘုရားအနီးတြင္ ဂူသြင္းေစသည္။ ေနာက္တစ္ေန႔တြင္ အင္း၀တပ္မ်ား၏ တုိက္ခုိက္ျခင္းကုိ ခံေနရေသာ သားေတာ္ဗညားပုသိမ္ကို ကူရန္ ျပည္သို႔ခ်ီေလသည္။ အင္း၀ဘုရင္မင္းေခါင္သည္ ျပည္တြင္ စစ္သည္ ၃ေသာင္းခန္႔ႏွင့္အတူ စခန္းခ်လွ်က္ရွိသည္။ ဗညားပုသိမ္သည္ တလည္းဆီးမွဆုတ္သျဖင့္ မင္းရဲေက်ာ္စြာတပ္မ်ားက လုိက္လံတုိက္ခုိက္သည္။ ဗုိလ္မင္းသမိန္ျဗတ္ဇၹလြန္ေၾကာင္း မင္းရဲေက်ာ္စြာၾကားေသာ္”ရာဇာဓိရာဇ္၏ အားအထားရဆုံး သူရဲေကာင္းႏွစ္ဦးရွိသည့္အနက္ တစ္ဦးသာက်န္ေတာ့သည္။ ရာဇာဓိရာဇ္သည္ ပတၱျမားအစြယ္တစ္ေခ်ာင္းက်ဳိးေလၿပီ။ က်န္သည့္ လဂြန္းအိန္ကို ငါ ဥပါယ္ျပဳ၍ အရယူမည္ ၊ ရာဇာဓိရာဇ္စစ္ခ်ီလာေသာ္ တစ္ဦးခ်င္း ဆင္ ၊ ျမင္း ၊ ေလွ ႏွင့္စီးခ်င္းထုိးရေအာင္စိန္ေခၚမည္။ လဂြန္းအိန္ထြက္တုိက္လာခဲ့ေသာ္ သူ႔ကုိ ရေအာင္ယူမည္” ဟု ႀကဳံး၀ါးေလသည္။

မုတၱမေအာက္ဘက္မွ အမတ္ မဟာသမၼန္၏ ေလွတပ္မ်ား ၊ ပုသိမ္မွ အမတ္ဒိန္၏ ေလွတပ္မ်ား ၊ သမိန္ဗရမ္းတုိ႔၏ ၾကည္းတပ္မ်ား ႏွင့္အတူ လဂြန္းအိန္ ၊ သမိန္အ၀မင္းႀကီး(အ၀နံႏုိင္) ၊ သမိန္သံျဗပ္တုိ႔လည္း စစ္ခ်ီလာေလသည္။ တလည္းဆီး ႏွင့္ အလြဲျမစ္ မင္းရဲေက်ာ္စြာ၏ တပ္ကိုျမင္သည့္ေနရာသည္ ရာဇာဓိရာဇ္သည္ သူ႔တပ္ကုိ စခန္းခ်သည္။ အင္း၀တပ္အင္အားအလြန္ႀကီးမားေၾကာင္း ယွဥ္တုိက္ခုိင္ဖုိ႔မလြယ္ကူေၾကာင္း သားေတာ္ ဗညားပုသိမ္က လာေရာက္ေလွ်ာက္တင္သည္။ ေနာက္တစ္ေန႔မုိးေသာက္ေသာ္ မင္းရဲေက်ာ္စြာက မင္းနတ္ေတာ္အားလႊတ္ကာ ရာဇာဓိရာဇ္အား ေလွ်ာက္တင္ေစသည္။”ဘႀကီးေတာ္၏ သူရဲသူခက္မ်ား ပင္ပန္းေနၿပီ ၊ နားၾကပါေစဦး ၊ နားၿပီးသည့္ေနာက္ ကြ်န္ႏုပ္တုိ႔ ေရတပ္ ၾကည္းတပ္ မ်ားတုိက္ၾကမည္။ ကြ်ႏု္တုိ႔ စစ္ဗ်ဴဟာမခင္းက်င္းမီ ဟံသာ၀တီမွ သူရဲေကာင္းတစ္ေယာက္ ၊ အင္း၀မွသူရဲေကာင္းတစ္ေယာက္ ေလွခ်င္း စီးခ်င္းထုိးသည္ကုိ ႏွစ္ဖက္မင္းမ်ားၾကည့္ရႈေစလိုပါသည္”

မင္းရဲေက်ာ္စြာ၏ အမွာစကားကိုၾကားၿပီးေနာက္ ရာဇာဓိရာဇ္သည္ သူ၏အမတ္သူရဲေကာင္းမ်ားရွိရာကို ၾကည့္၏။ တစ္ေယာက္မွ်မလႈပ္ ရွိခုိးၿမဲရွိခုိးေနသည္။ ဤတြင္ လဂြန္းအိန္က ထလာၿပီး ရာဇာဓိရာဇ္အား ၃ႀကိမ္ ၃ခါ ရွိခုိးၿပီး ေနာက္”ကြ်ႏု္ပ္သည္ ဒီဇဗၺဴဒိပ္ေျမျပင္တြင္ ေလွစီးခ်င္း ၊ ျမင္းစီးခ်င္း ၊ ဆင္စီးခ်င္း ထုိးရန္ မည္သူ႔ကိုမွ်မေၾကာက္ ။ သူရဲေကာင္းတစ္ဦးခ်င္းတုိက္မည္ဆုိပါက ကြ်ႏု္ပ္ထြက္တုိက္ပါမည္” ဟု ေလွ်ာက္တင္သည္။ လဂြန္းအိန္၏ အေျဖေၾကာင့္ သူ႔ရွင္ေက်နပ္သြားၿပီး”တူေတာ္ မင္းရဲေက်ာ္စြာ မစုိးရိမ္ပါလင့္ ၊ မနက္ျဖန္တြင္ သင့္ဆႏၵအတုိင္း သူရဲေကာင္းမ်ား ေလွစီးခ်င္းထုိးေစမည္” ဟု ျပန္လည္မိန္႔ၾကားလုိက္သည္။

ရာဇာဓိရာဇ္၏ စကားကုိ မင္းရဲေက်ာ္စြာၾကားလွ်င္”ဒီတစ္ခါေတာ့ ငါ့အႀကံေအာင္ေတာ့မည္။ လဂြန္းအိန္ ေလွတစ္စီးခ်င္းသာႏုိင္မည္။ ေလွေလးစင္း ဆုိလွ်င္ ႏုိင္ပါမည္ေလာ” ဟု ဆုိလွ်က္ ေလွေလးစီးကို စီစဥ္သည္။ အံ့စရာေလွကို စုကၠေတး ၊ ေျမးမ်ားဖြားေလွကုိ စည္သူ ၊ သားမ်ားမိေလွကို ဥဇၨနာ ၊ ရွမ္းမြန္ေလွကို စတုရဂၤသူ အသီးသီးစီးေစၿပီး ဓားေရးလွံေရးအလြန္ကြ်မ္းက်င္ေသာ စစ္သားမ်ားကို ထည့္ေစသည္။

တုိက္ပြဲစေသာ္ လဂြန္းအိမ္ကမူ မိေက်ာင္းေလွကိုစီးကာ တပ္သား ၃၀၀ ႏွင့္ထြက္လာ၏။ အင္း၀ဘက္မွမူ စုကၠေတးက အံ့စရာေလွႏွင့္ထြက္လာ၏။ အံစရာေလွသည္ မိေက်ာင္းေလွထက္ ႏွစ္ဆမွ်ျမင့္သျဖင့္ လဂြန္းအိန္က ေလွခ်င္းကူးၿပီးတုိက္ရန္ျပင္သည္။ ထုိစဥ္ ပုန္းေအာင္းေနေသာ စည္သူသည္ ေျမးမ်ားဖြားေလွႏွင့္ထြက္ကာ လဂြန္းအိန္အား၀င္တုိက္သည္။ ေလွႏွစ္စီး တစ္စီးတုိက္ရသည့္ အေျခအေနျဖစ္သြားသည္။ ႏွစ္စီးတစ္စီးျဖစ္ေသာ္လည္း တုိက္ရည္ခုိက္ရည္ေကာင္းလွသည့္ လဂြန္းအိန္အား မယွဥ္ႏုိင္ၾက ၊ ထုိစဥ္ ဥဇနာ ႏွင့္ စတုရဂၤသူတုိ႔၏ ေလွႏွစ္စင္းလည္း ပုန္းေအာင္းေနရာမွ ထြက္တုိက္ေသာ္ ေလးစင္း တစ္စင္းျဖစ္သြားသည္။ လဂြန္းအိမ္ေလွ မခံႏုိင္ေတာ့။ အင္အားမမွ်လွသျဖင့္ တပ္သားမ်ား အတုံးအရႈံးက်ကုန္သည္။ လဂြန္းအိန္ကမႈ အေလွ်ာ့မေပး အစြမ္းကုန္တုိက္ခုိက္ရာ အင္း၀ဘက္မွ တပ္သားအေတာ္မ်ားမ်ားလည္း က်ကုန္သည္။ လဂြန္းအိန္ေျခကုန္လက္ပမ္း က်စဥ္ ေပါင္ကိုလွံထိသည္။ မင္းရဲေက်ာ္စြာက “မေသေစႏွင့္” ဟု ေအာ္ဟစ္သည္။ လဂြန္းအိန္အား အင္း၀တပ္မ်ား ဖမ္းဆီးသြားခဲ့သည္။

လဂြန္းအိန္၏ ႀကီးမားလွေသာ ဒါဏ္ရာကို မင္းရဲေက်ာ္စြာျမင္ေသာ္ မရွင္ႏုိင္ေတာ့ ဟု ဘုရင္မင္းေခါင္အား ေလွ်ာက္တင္သည္။ ဘုရင္မင္းေခါင္က”ဧကရာဇ္အခ်င္းခ်င္း စစ္ျပဳရာတြင္ သူရဲေကာင္းကို ေသေအာင္မသတ္သင့္ ၊ သားေတာ္လုပ္ရပ္သည္ မသင့္ ၊ လဂြန္းအိန္သည္ ငါ့အေပၚေက်းဇူးရွိသည္။ ပန္းေက်္ာေခ်ာင္းတြင္ သူကယ္၍သာ ငါ့ထီးနန္းၿမဲေနျခင္းျဖစ္သည္ ၊ သူ႔အား မရွင္ရွင္ေအာင္ကု” လုိ႔ အမိန္႔ေပးေလသည္။(ပန္းေက်ာ္ေခ်ာင္းတြင္ ဟံသာ၀တီႏွင့္ အင္း၀ေခါင္းေဆာင္မ်ား ေတြ႔ဆုုံစဥ္ အင္း၀တပ္မ်ားအား အၿပီးျပတ္လုပ္ႀကံရန္ ႀကံစည္ထားခဲ့သည္။ ထုိလုပ္ႀကံမႈကို လဂြန္းအိန္က ေဖာ္ထုတ္ခဲ့သျဖင့္အင္း၀ေခါင္းေဆာင္မ်ား လြတ္သြားခဲ့သည္။ သူရဲေကာင္းမွန္လွ်င္ အေကာက္မႀကံသင့္ ဟု ခံယူထားေသာ လဂြန္းအိန္သည္ ထုိထုတ္ေဖာ္မႈေၾကာင့္ ရာဇာဓိရာဇ္၏ ကြပ္ျမက္ျခင္းကုိခံရေတာ့မလုိျဖစ္ခဲ့သည္။ သမိန္ျဗတ္ဇၨတုိ႔ကယ္၍ သာ မေသခဲ့ျခင္းျဖစ္သည္)

ယခုအခါတြင္မူ လဂြန္းအိန္သည္ သူမုန္းလွေသာ လုပ္ရပ္ျဖင့္ အေကာက္ႀကံခံရေလသည္။ မင္းရဲေက်ာ္စြာသည္ လဂြန္းအိန္ထားရာသို႔လာ၍”အားမငယ္ပါႏွင့္ မေၾကာက္ပါႏွင့္ ေကာင္းစြာျပဳစုမည္” ဟု ဆုိေသာ္လဂြန္းအိန္က”အားမငယ္ပါ ၊ ေၾကာက္လည္းမေၾကာက္ပါ ၊ အလိမ္ခံရသည္ကိုသာ ရွက္ပါသည္” ဟု ျပန္ေျဖသည္။မင္းရဲေက်ာ္စြာ။ ။ ထမင္းစားမည္ေလာ။လဂြန္းအိန္။ ။ ေသခါနီးမွ အျခား အရွင္၏ ထမင္းကို မသြင္းလုိၿပီ။မင္းရဲေက်ာ္စြာ။ ။ ကြမ္းစားမည္ေလာ။လဂြန္းအိန္ ။ ။ ကြမ္းစားပါမည္။အရွင္၏ ကြမ္းကို စားခဲ့ၿပီး ေက်းဇူးကိုမဆပ္ႏုိင္ေတာ့ၿပီ။ စကားအနည္းငယ္ေတာ့ေျပာခဲ့ပါမည္။ ရာဇာဓိရာဇ္ အား ဆင္ေရး ၊ ျမင္းေရးစီးခ်င္းမထုိးပါလင့္။ အလြန္ရဲရင့္ကြ်မ္းက်င္လွ၏။ ကြ်ႏု္ပ္စကားကုိ မယုံေသာ္ႀကဳံသည့္အခါသိပါလိမ့္မည္ ဟုဆုိသည့္အခါ မင္းရဲေက်ာ္စြာက “လဂြန္းအိန္သည္ ေသခါနီးေတာင္ သူ႔သခင္အားေၾကာက္ရန္ေျခာက္ခဲ့ေသးသည္။ အဆိပ္မျပယ္ေသာေျမြပါတကား” ဟု ဆုိကာၿပဳံးေလသည္။ ( လဂြန္းအိန္စကားကုိ မယုံခဲ့ေသာ မင္းရဲေက်ာ္စြာသည္ ရာဇာဓိရာဇ္ႏွင့္ စီးခ်င္းထုိးသည့္အခါ ဆင္ထက္မွက်ကာ အေရးနိမ့္ခဲ့သည္)

မၾကာမီ လဂြန္းအိန္ အနာသည္း၍ လြန္ေလသည္။ ဘုရင္မင္းက အေလာင္းကို အ၀တ္ျဖဴပတ္ၿပီး သူ႔သခင္ရွိရာေဖာင္ျဖင့္ေမွ်ာေစ ဟု အမိန္႔ေပးသည္။ ရဲရင့္လွပါသည္ဆုိေသာ သူ႔ရွင္ ရာဇာဓိရာဇ္သည္ ေဖာင့္ျဖင့္ေမ်ာလာေသာ လဂြန္းအိန္၏ အေလာင္းကို ဆြဲယူရင္း သည္းထန္စြာငိုေၾကြးသည္။ မၾကာေသးခင္ကမွ လက္ရုံးတစ္ဖက္ျပဳတ္ခဲ့သည္ အခုလည္း ေနာက္လက္ရုံးတစ္ဖက္ျဖစ္ေသာ လဂြန္းအိန္သည္ သူ႔အားခြဲခြာ၍ သြားခဲ့ၿပီျဖစ္သည္။ လဂြန္းအိန္အား သူရဲေကာင္းတုိ႔ထုံးစံအတုိင္းမီးသၿဂဳိဟ္ေစလွ်က္ အရုိးျပာကုိ ေရႊက်ဳတ္တြင္ထည့္ေစကာ ေရႊေမာ္ေဓာဘုရားေျခရင္းတြင္ ျမဳပ္ႏွံေစခဲ့ေလေတာ့သည္။

ကုိးကား
ရာဇာဓိရာဇ္အေရးေတာ္ပုံက်မ္း – ႏုိင္ပန္းလွ
ျမန္မာ့ဂုဏ္ရည္ ရာဇ၀င္ဖတ္စာ – ဦးဖုိးက်ား
#သုတဇုန္

——

 

သူရဲကောင်း လဂွန်းအိန်ရဲ့ နောက်ဆုံးတိုက်ပွဲ(unicode)

ရာဇာဓိရာဇ်သည် သူ၏ အားအထားရဆုံးဗိုလ်မင်း သမိန်ဗြတ်ဇ္ဇ၏ ရုပ်အလောင်းကို သဂြိုဟ်ပြီးနောက် အရိုးကိုရွှေကျုတ်နှင့်ထည့်ကာ ပဲခူးရွှေမော်ဓောဘုရားအနီးတွင် ဂူသွင်းစေသည်။ နောက်တစ်နေ့တွင် အင်းဝတပ်များ၏ တိုက်ခိုက်ခြင်းကို ခံနေရသော သားတော်ဗညားပုသိမ်ကို ကူရန် ပြည်သို့ချီလေသည်။ အင်းဝဘုရင်မင်းခေါင်သည် ပြည်တွင် စစ်သည် ၃သောင်းခန့်နှင့်အတူ စခန်းချလျှက်ရှိသည်။ ဗညားပုသိမ်သည် တလည်းဆီးမှဆုတ်သဖြင့် မင်းရဲကျော်စွာတပ်များက လိုက်လံတိုက်ခိုက်သည်။ ဗိုလ်မင်းသမိန်ဗြတ်ဇ္ဖလွန်ကြောင်း မင်းရဲကျော်စွာကြားသော်”ရာဇာဓိရာဇ်၏ အားအထားရဆုံး သူရဲကောင်းနှစ်ဦးရှိသည့်အနက် တစ်ဦးသာကျန်တော့သည်။ ရာဇာဓိရာဇ်သည် ပတ္တမြားအစွယ်တစ်ချောင်းကျိုးလေပြီ။ ကျန်သည့် လဂွန်းအိန်ကို ငါ ဥပါယ်ပြု၍ အရယူမည် ၊ ရာဇာဓိရာဇ်စစ်ချီလာသော် တစ်ဦးချင်း ဆင် ၊ မြင်း ၊ လှေ နှင့်စီးချင်းထိုးရအောင်စိန်ခေါ်မည်။ လဂွန်းအိန်ထွက်တိုက်လာခဲ့သော် သူ့ကို ရအောင်ယူမည်” ဟု ကြုံးဝါးလေသည်။

မုတ္တမအောက်ဘက်မှ အမတ် မဟာသမ္မန်၏ လှေတပ်များ ၊ ပုသိမ်မှ အမတ်ဒိန်၏ လှေတပ်များ ၊ သမိန်ဗရမ်းတို့၏ ကြည်းတပ်များ နှင့်အတူ လဂွန်းအိန် ၊ သမိန်အဝမင်းကြီး(အဝနံနိုင်) ၊ သမိန်သံဗြပ်တို့လည်း စစ်ချီလာလေသည်။ တလည်းဆီး နှင့် အလွဲမြစ် မင်းရဲကျော်စွာ၏ တပ်ကိုမြင်သည့်နေရာသည် ရာဇာဓိရာဇ်သည် သူ့တပ်ကို စခန်းချသည်။ အင်းဝတပ်အင်အားအလွန်ကြီးမားကြောင်း ယှဉ်တိုက်ခိုင်ဖို့မလွယ်ကူကြောင်း သားတော် ဗညားပုသိမ်က လာရောက်လျှောက်တင်သည်။ နောက်တစ်နေ့မိုးသောက်သော် မင်းရဲကျော်စွာက မင်းနတ်တော်အားလွှတ်ကာ ရာဇာဓိရာဇ်အား လျှောက်တင်စေသည်။”ဘကြီးတော်၏ သူရဲသူခက်များ ပင်ပန်းနေပြီ ၊ နားကြပါစေဦး ၊ နားပြီးသည့်နောက် ကျွန်နုပ်တို့ ရေတပ် ကြည်းတပ် များတိုက်ကြမည်။ ကျွန်ုတို့ စစ်ဗျူဟာမခင်းကျင်းမီ ဟံသာဝတီမှ သူရဲကောင်းတစ်ယောက် ၊ အင်းဝမှသူရဲကောင်းတစ်ယောက် လှေချင်း စီးချင်းထိုးသည်ကို နှစ်ဖက်မင်းများကြည့်ရှုစေလိုပါသည်”

မင်းရဲကျော်စွာ၏ အမှာစကားကိုကြားပြီးနောက် ရာဇာဓိရာဇ်သည် သူ၏အမတ်သူရဲကောင်းများရှိရာကို ကြည့်၏။ တစ်ယောက်မျှမလှုပ် ရှိခိုးမြဲရှိခိုးနေသည်။ ဤတွင် လဂွန်းအိန်က ထလာပြီး ရာဇာဓိရာဇ်အား ၃ကြိမ် ၃ခါ ရှိခိုးပြီး နောက်”ကျွန်ုပ်သည် ဒီဇဗ္ဗူဒိပ်မြေပြင်တွင် လှေစီးချင်း ၊ မြင်းစီးချင်း ၊ ဆင်စီးချင်း ထိုးရန် မည်သူ့ကိုမျှမကြောက် ။ သူရဲကောင်းတစ်ဦးချင်းတိုက်မည်ဆိုပါက ကျွန်ုပ်ထွက်တိုက်ပါမည်” ဟု လျှောက်တင်သည်။ လဂွန်းအိန်၏ အဖြေကြောင့် သူ့ရှင်ကျေနပ်သွားပြီး”တူတော် မင်းရဲကျော်စွာ မစိုးရိမ်ပါလင့် ၊ မနက်ဖြန်တွင် သင့်ဆန္ဒအတိုင်း သူရဲကောင်းများ လှေစီးချင်းထိုးစေမည်” ဟု ပြန်လည်မိန့်ကြားလိုက်သည်။

ရာဇာဓိရာဇ်၏ စကားကို မင်းရဲကျော်စွာကြားလျှင်”ဒီတစ်ခါတော့ ငါ့အကြံအောင်တော့မည်။ လဂွန်းအိန် လှေတစ်စီးချင်းသာနိုင်မည်။ လှေလေးစင်း ဆိုလျှင် နိုင်ပါမည်လော” ဟု ဆိုလျှက် လှေလေးစီးကို စီစဉ်သည်။ အံ့စရာလှေကို စုက္ကတေး ၊ မြေးများဖွားလှေကို စည်သူ ၊ သားများမိလှေကို ဥဇ္ဇနာ ၊ ရှမ်းမွန်လှေကို စတုရင်္ဂသူ အသီးသီးစီးစေပြီး ဓားရေးလှံရေးအလွန်ကျွမ်းကျင်သော စစ်သားများကို ထည့်စေသည်။

တိုက်ပွဲစသော် လဂွန်းအိမ်ကမူ မိကျောင်းလှေကိုစီးကာ တပ်သား ၃၀၀ နှင့်ထွက်လာ၏။ အင်းဝဘက်မှမူ စုက္ကတေးက အံ့စရာလှေနှင့်ထွက်လာ၏။ အံစရာလှေသည် မိကျောင်းလှေထက် နှစ်ဆမျှမြင့်သဖြင့် လဂွန်းအိန်က လှေချင်းကူးပြီးတိုက်ရန်ပြင်သည်။ ထိုစဉ် ပုန်းအောင်းနေသော စည်သူသည် မြေးများဖွားလှေနှင့်ထွက်ကာ လဂွန်းအိန်အားဝင်တိုက်သည်။ လှေနှစ်စီး တစ်စီးတိုက်ရသည့် အခြေအနေဖြစ်သွားသည်။ နှစ်စီးတစ်စီးဖြစ်သော်လည်း တိုက်ရည်ခိုက်ရည်ကောင်းလှသည့် လဂွန်းအိန်အား မယှဉ်နိုင်ကြ ၊ ထိုစဉ် ဥဇနာ နှင့် စတုရင်္ဂသူတို့၏ လှေနှစ်စင်းလည်း ပုန်းအောင်းနေရာမှ ထွက်တိုက်သော် လေးစင်း တစ်စင်းဖြစ်သွားသည်။ လဂွန်းအိမ်လှေ မခံနိုင်တော့။ အင်အားမမျှလှသဖြင့် တပ်သားများ အတုံးအရှုံးကျကုန်သည်။ လဂွန်းအိန်ကမှု အလျှော့မပေး အစွမ်းကုန်တိုက်ခိုက်ရာ အင်းဝဘက်မှ တပ်သားအတော်များများလည်း ကျကုန်သည်။ လဂွန်းအိန်ခြေကုန်လက်ပမ်း ကျစဉ် ပေါင်ကိုလှံထိသည်။ မင်းရဲကျော်စွာက “မသေစေနှင့်” ဟု အော်ဟစ်သည်။ လဂွန်းအိန်အား အင်းဝတပ်များ ဖမ်းဆီးသွားခဲ့သည်။

လဂွန်းအိန်၏ ကြီးမားလှသော ဒါဏ်ရာကို မင်းရဲကျော်စွာမြင်သော် မရှင်နိုင်တော့ ဟု ဘုရင်မင်းခေါင်အား လျှောက်တင်သည်။ ဘုရင်မင်းခေါင်က”ဧကရာဇ်အချင်းချင်း စစ်ပြုရာတွင် သူရဲကောင်းကို သေအောင်မသတ်သင့် ၊ သားတော်လုပ်ရပ်သည် မသင့် ၊ လဂွန်းအိန်သည် ငါ့အပေါ်ကျေးဇူးရှိသည်။ ပန်းကျေ်ာချောင်းတွင် သူကယ်၍သာ ငါ့ထီးနန်းမြဲနေခြင်းဖြစ်သည် ၊ သူ့အား မရှင်ရှင်အောင်ကု” လို့ အမိန့်ပေးလေသည်။(ပန်းကျော်ချောင်းတွင် ဟံသာဝတီနှင့် အင်း၀ခေါင်းဆောင်များ တွေ့ဆုံစဉ် အင်းဝတပ်များအား အပြီးပြတ်လုပ်ကြံရန် ကြံစည်ထားခဲ့သည်။ ထိုလုပ်ကြံမှုကို လဂွန်းအိန်က ဖော်ထုတ်ခဲ့သဖြင့်အင်း၀ခေါင်းဆောင်များ လွတ်သွားခဲ့သည်။ သူရဲကောင်းမမှန်လျှင် အကောက်မကြံသင့် ဟု ခံယူထားသော လဂွန်းအိန်သည် ထိုထုတ်ဖော်မှုကြောင့် ရာဇာဓိရာဇ်၏ ကွပ်မြက်ခြင်းကိုခံရတော့မလိုဖြစ်ခဲ့သည်။ သမိန်ဗြတ်ဇ္ဇတို့ကယ်၍ သာ မသေခဲ့ခြင်းဖြစ်သည်)

ယခုအခါတွင်မူ လဂွန်းအိန်သည် သူမုန်းလှသော လုပ်ရပ်ဖြင့် အကောက်ကြံခံရလေသည်။ မင်းရဲကျော်စွာသည် လဂွန်းအိန်ထားရာသို့လာ၍”အားမငယ်ပါနှင့် မကြောက်ပါနှင့် ကောင်းစွာပြုစုမည်” ဟု ဆိုသော်လဂွန်းအိန်က”အားမငယ်ပါ ၊ ကြောက်လည်းမကြောက်ပါ ၊ အလိမ်ခံရသည်ကိုသာ ရှက်ပါသည်” ဟု ပြန်ဖြေသည်။မင်းရဲကျော်စွာ။ ။ ထမင်းစားမည်လော။လဂွန်းအိန်။ ။ သေခါနီးမှ အခြား အရှင်၏ ထမင်းကို မသွင်းလိုပြီ။မင်းရဲကျော်စွာ။ ။ ကွမ်းစားမည်လော။လဂွန်းအိန် ။ ။ ကွမ်းစားပါမည်။အရှင်၏ ကွမ်းကို စားခဲ့ပြီး ကျေးဇူးကိုမဆပ်နိုင်တော့ပြီ။ စကားအနည်းငယ်တော့ပြောခဲ့ပါမည်။ ရာဇာဓိရာဇ် အား ဆင်ရေး ၊ မြင်းရေးစီးချင်းမထိုးပါလင့်။ အလွန်ရဲရင့်ကျွမ်းကျင်လှ၏။ ကျွန်ုပ်စကားကို မယုံသော်ကြုံသည့်အခါသိပါလိမ့်မည် ဟုဆိုသည့်အခါ မင်းရဲကျော်စွာက “လဂွန်းအိန်သည် သေခါနီးတောင် သူ့သခင်အားကြောက်ရန်ခြောက်ခဲ့သေးသည်။ အဆိပ်မပြယ်သောမြွေပါတကား” ဟု ဆိုကာပြုံးလေသည်။ ( လဂွန်းအိန်စကားကို မယုံခဲ့သော မင်းရဲကျော်စွာသည် ရာဇာဓိရာဇ်နှင့် စီးချင်းထိုးသည့်အခါ ဆင်ထက်မှကျကာ အရေးနိမ့်ခဲ့သည်)

မကြာမီ လဂွန်းအိန် အနာသည်း၍ လွန်လေသည်။ ဘုရင်မင်းက အလောင်းကို အဝတ်ဖြူပတ်ပြီး သူ့သခင်ရှိရာဖောင်ဖြင့်မျှောစေ ဟု အမိန့်ပေးသည်။ ရဲရင့်လှပါသည်ဆိုသော သူ့ရှင် ရာဇာဓိရာဇ်သည် ဖောင့်ဖြင့်မျောလာသော လဂွန်းအိန်၏ အလောင်းကို ဆွဲယူရင်း သည်းထန်စွာငိုကြွေးသည်။ မကြာသေးခင်ကမှ လက်ရုံးတစ်ဖက်ပြုတ်ခဲ့သည် အခုလည်း နောက်လက်ရုံးတစ်ဖက်ဖြစ်သော လဂွန်းအိန်သည် သူ့အားခွဲခွာ၍ သွားခဲ့ပြီဖြစ်သည်။ လဂွန်းအိန်အား သူရဲကောင်းတို့ထုံးစံအတိုင်းမီးသဂြိုဟ်စေလျှက် အရိုးပြာကို ရွှေကျုတ်တွင်ထည့်စေကာ ရွှေမော်ဓောဘုရားခြေရင်းတွင် မြုပ်နှံစေခဲ့လေတော့သည်။

ကိုးကား
ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း – နိုင်ပန်းလှ
မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ – ဦးဖိုးကျား
#သုတဇုန်

 

Leave a Reply