ဒီလမ်းကတော့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီးတည်ဆောက်ထားတယ်လို့လူသိများတဲ့ အတ္တလန္တိတ်သမုဒ္ဒရာဖြတ်လမ်း(Atlantic Ocean Road) ပဲဖြစ်ပါတယ်။ အရှည် ၅.၂မိုင်ရှိတဲ့ ဒီလမ်းဟာ နော်ဝေးပင်မကုန်းမြေကနေ Averøy ကျွန်း ၊ Romsdalshalvøya ကျွန်းဆွယ်တို့ကို ဆက်သွယ်ပေးထားတဲ့လမ်း(တံတား)ဖြစ်ပါတယ်။ နော်ဝေးစကားနဲ့ ဆိုရင်တော့ Atlanterhavsveien လို့ခေါ်ပါတယ်။
လမ်းအစအဆုံးမြို့နှစ်မြို့ကတော့ Kristiansundမြို့ နဲ့ Molde မြို့တို့ပဲဖြစ်ပါတယ်။ သမုဒ္ဒရာဖြတ်လမ်းဆိုပေမယ့် သမုဒ္ဒရာရေပြင်ချည်းပဲကို ဖြတ်ပြီးတည်ဆောက်ထားတာမဟုတ်ပဲ နော်ဝေးကမ်းရိုးတန်းအပြင်ဘက် သမုဒ္ဒရာထဲက ကျွန်းပေါင်းများစွာကို ဆက်သွယ်ပြီးတည်ဆောက်ထားတာဖြစ်ပါတယ်။
၂၀ရာစုအစောပိုင်းတုန်းက ဒီလမ်းကို မီးရထားသံလမ်းတစ်ခုအဖြစ်ဆောက်ဖို့ရည်ရွယ်ခဲ့ပေမယ့် အဆင်မပြေတဲ့အတွက်ကြောင့် ဆောက်လုပ်ရေးကိုရပ်ဆိုင်းခဲ့ြ့ပီး စွန့်ပစ်လမ်းတစ်ခုဖြစ်ခဲ့ပါသေးတယ်။
၁၉၇၀မှာတော့ လမ်းအဖြစ်ပြန်လည်တည်ဆောက်ဖို့ စီစဉ်မှုတွေပြုလုပ်ခဲ့ပြီး ၁၉၈၃ခုနှစ် သြဂုတ်လ ၁ရက်နေ့မှာ စတင်တည်ဆောက်ခဲ့ပါတယ်။ ဒီလိုတည်ဆောက်ခဲ့တဲ့အတောအတွင်း လုပ်ငန်းခွင်မှာ စုစုပေါင်း ဆိုင်ကလုန်းမုန်တိုင်း ၁၂ခု တိုက်ခတ်ခြင်းကို ခံခဲ့ရပါတယ်။
လမ်းရဲ့ထူးခြားချက်ကတော့ ပုံမှန်လမ်းတံတားတွေနဲ့ မတူညီပဲ အနိမ့်အမြင့် အကွေ့အဝိုက်ပေါင်းများစွာကို ထည့်သွင်းတည်ဆောက်ထားတာပဲဖြစ်ပါတယ်။ ဒီလိုတည်ဆောက်ခြင်းအားဖြင့် ပြင်းထန်တဲ့ ပင်လယ်ရေလှိုင်းတွေရဲ့ ရိုက်ခိုက်မှုဒါဏ်ကို ခံနိုင်ရည်ရှိစေတယ်လို့ သိရပါတယ်။
လမ်းတစ်လျှောက်မှာ စုစုပေါင်း အရှည် ပေ ၃၀၀၀ နီးပါးရှိတဲ့ တံတား ၈စင်းကို ထည့်သွင်းတည်ဆောက်ထားပါတယ်။ ၁၉၈၉ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှ စတင်ဖွင့်လှစ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
တည်ဆောက်ချိန် ၆နှစ်နီးပါးကြာမြင့်ခဲ့ပြီး ကုန်ကျစရိတ်အနေနဲ့ အဲဒီတုန်းက နော်ဝေးငွေ ၁၂၂သန်း (ဒေါ်လာ ၁၅သန်းခန့်) ကုန်ကျခဲ့ပါတယ်။ ဒီကုန်ကျစရိတ်ကို ကာမိဖို့အတွက် တံတာလမ်းအခွန်ကို ၁၅နှစ်ကြာကောက်ဖို့ စီစဉ်ထားပေမယ့် ၁၀နှစ်အကြာ(၁၉၉၉) အထိသာကောက်ခဲ့ပြီး နောက်ပိုင်းမှာပယ်ဖျက်ခဲ့ပါတယ်။
ဒီလမ်းဟာ ကားနဲ့ဆိုင်တဲ့ ရုပ်ရှင်ကားတွေရိုက်ကူးဖို့အတွက် ကမ္ဘာ့အကောင်းဆုံးလမ်းအဖြစ်သတ်မှတ်ခံခဲ့ရသလို နော်ဝေးလူမျိုးတို့ရဲ့ ရာစုနှစ်အကောင်းဆုံး ဆောက်လုပ်ရေးသင်္ကေတအဖြစ်လည်း သတ်မှတ်ခံထားရတဲ့ လမ်းလည်းဖြစ်ပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်သလို အန္တရာယ်အရှိဆုံးလမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ အကြောင်းကတော့ ဒီလမ်းရဲ့ တချို့နေရာတွေမှာ ရာသီဥတုအပြောင်းအလဲမြန်ခြင်း ၊ ရုတ်တရက်အပူချိန်ကျဆင်းတတ်ခြင်း နဲ့ ရံဖန်ရံခါ မုန်တိုင်းတွေတိုက်ခတ်လေ့ရှိလို့ပဲဖြစ်ပါတယ်။
ဒီလမ်းကို အမျိုးသားအမွေအနှစ်အဖြစ်သတ်မှတ်ထားသလို နော်ဝေးလူမျိုးတို့ရဲ့ ရာစုနှစ် အကောင်းဆုံးဆောက်လုပ်မှုလက်ရာ Norwegian Construction of the Century အဖြစ်သတ်မှတ်ထားခြင်းခံရပါတယ်။
VIDEO
Discussion about this post