ဘုိးေတာ္ဗဒုံမင္းႏွင့္ အမွားေတာ္ပုံ

Posted on

ကုန္းေဘာင္မင္းဆက္ ဆဌမေၿမာက္ၿဖစ္ေသာ ဗဒုံမင္း (၁၇၈၂-၁၈၁၉) ကုိ ၿမန္မာ့သမုိင္းတြင္ ဘုိးေတာ္ဘုရားဟု လူသိမ်ားသည္။ ဗဒုံမင္း၏ ငယ္နာမည္မွာ “ေမာင္၀ုိင္း” ၿဖစ္၍ ဘုိးေတာ္ဦး၀ုိင္း ဟုလည္း ေခၚႀကသည္။ အေလာင္းမင္းတရားႀကီး၏ သားေတာ္ ဗဒုံမင္းအား အမရပူရၿမဳိ႕တည္နန္းတည္မင္း ဟူ၍ လည္ေကာင္း၊ ဆင္ၿဖဴေတာ္ရ ဆဒၵါန္ဆင္မင္းသခင္ ဟူ၍လည္ေကာင္း ၊ အံဖြယ္ မင္းကြန္းေခါင္းေလာင္းႏွင့္ ပုထိုးေတာ္ႀကီးကုိ တည္သူဟူ၍ လည္ေကာင္း ထင္ရွားသည္။ ကုန္းေဘာင္မင္းဆက္တြင္ အသိဥာဏ္ပညာ ႏွင့္ ၿပည့္စုံေသာ ဂုဏ္ယူဖြယ္မင္းတစ္ပါးဟု ပညာရွင္မ်ားက သတ္မွတ္ႀကပါသည္။

ၿမန္မာ့စြယ္စုံက်မ္းတြင္-
“ဘုိးေတာ္ဦး၀ုိင္း ဆုိလွ်င္ ကုန္းေဘာင္မင္းဆက္တြင္ အထူးထင္ရွားေသာ ဘုရင္တစ္ဆူဟု လူသိမ်ားသည္။ ထုိမင္းလက္ထက္ ၿမန္မာႏုိင္ငံသည္ မ်ားစြာက်ယ္၀န္းလာ၍ ႏုိင္ငံၿခားသားမ်ား ဂရုစုိက္ေလ့လာၿခင္းကုိခံခဲ့ရသည္။ တုိင္းၿပည္သာယာ၀ေၿပာ စည္ပင္၍ စာေပႏွင့္ သာသနာေရးထြန္းေၿပာင္ခဲ့ေလသည္”။ ဟုေဖာ္ၿပထားသည္။

ေယဘုယ်အားၿဖင့္ ဆုိရေသာ္ ဗဒုံမင္းသည္ သက္ဦးဆံပုိင္ဘုရင္ေခတ္တြင္ တုိင္းၿပည္အက်ဳိးအတြက္ ထူးထူးၿခားၿခား ေဆာင္ရြက္ခဲ့ေသာ မင္းတစ္ပါးဟု ဆုိႏုိင္ပါသည္။ အထူးသၿဖင့္ ဗဒုံမင္းလက္ထက္တြင္ အိမ္နီးခ်င္းတုိင္းၿပည္မ်ားႏွင့္ ဆက္ဆံေရးေကာင္းမြန္ၿခင္း ၊ စာေပႏွင့္ သာသနာကုိ အထူးခ်ီးေၿမွာက္ၿခင္း ၊ ဆင္းရဲသားၿပည္သူမ်ား၏ ေႀကြးၿမီမ်ားကုိ ဖ်က္သိမ္းေပးၿခင္း ၊ နႏၵာကန္ ၊ မိထၳီလာကန္ ၊ ေအာင္ပင္လယ္ကန္ အစရွိသည့္ကန္မ်ားကုိ ဆည္ဖုိ႔၍ တူးေၿမာင္းအသစ္မ်ား တူးေဖာ္ခဲ့ၿခင္း ႏွင့္ ႏုိင္ငံတစ္၀န္း စစ္တမ္းမ်ား ေကာက္ခံေစခဲ့ၿခင္း တုိ႔ကုိ ထူးထူးၿခားၿခား ေဆာင္ရြက္ခဲ့သည္။ ထုိသုိ႔ေဆာင္ရြက္ခ်က္မ်ားက သက္ဦးဆံပုိင္ ဘုရင္တစ္ပါးအေနၿဖင့္ အသိဥာဏ္အေၿမာ္အၿမင္ ႀကီးမားမႈကို ၿပေနပါသည္။ ထုိ႔ေႀကာင့္ ၿမန္မာ့ရာဇ၀င္တြင္ ဗဒုံမင္း ေခၚ ဘုိးေတာ္ ဘုရားအား ကုန္းေဘာင္ေခတ္ တန္ခုိးအာဏာ အေတာက္ပဆုံး မင္းအၿဖစ္ ခ်ီးက်ဴး မွတ္တမ္းတင္ႀကေလ့ရွိသည္။

ဘယ္သူမွ အၿမဲတမ္းမမွန္ႏုိင္ဟူေသာစကားႏွင့္ အညီ ဗဒုံမင္းတြင္လည္း အမွားတစ္ခ်ဳိ႕ရွိပါသည္။ သုိ႔ေသာ္ရာဇ၀င္မ်ားတြင္ ဗဒုံမင္း၏ အမွားမ်ားကုိ ဖုံးကြယ္ထားခဲ့ပါသည္။ မင္း၏ အမိန္႔အာဏာၿဖင့္ ၿပဳစုရေသာ ရာဇ၀င္မ်ားအတြက္ ဤၿဖစ္ရပ္မ်ားမွာ ၿဖစ္ရုိးၿဖစ္စဥ္ဟု ဆုိႏုိင္ပါသည္။ ဗဒုံမင္း၏ အမွားေတာ္ပုံတစ္ခ်ဳိ႕ႏွင့္ ပါတ္သတ္၍ ေမွာ္ပီဆရာသိန္း ၏ ပါးစပ္ရာဇ၀င္စာအုပ္တြင္ ေအာက္ပါအတုိင္း ေတြ႔ႏုိင္ပါသည္။ ဘုံေက်ာ္ ဆရာေတာ္ဘုရားအိန္႔ခ်က္မွတ္စု ပုရပုိက္မွရသည္။ ဘုိးေတာ္မင္းႀတားႀကီးသည္ အမွား ၄ ခ်က္ရွိေႀကာင္း။
(၁) ညီေတာ္ပင္းတလဲၿမဳိ႕စားမင္းသားကုိ ေရ၌ခ်၍ ကြပ္မ်က္ေတာ္မူေသာ အမွားတစ္ခ်က္။
(၂) အတုလဆရာေတာ္ ႏွင့္ တကြ ဆရာေတာ္ ၆ ပါးကုိ အတင္းအက်ပ္ လူ၀တ္လဲေစေသာ အမွားတစ္ခ်က္
(၃) ရဟန္းေတာ္မ်ားကုိ သိကၡာသစ္တင္ေစေသာ အမွားတစ္ခ်က္။
(၄) မင္းကြန္းေစတီေတာ္ႀကီး တည္လုပ္ေသာ အမွားတစ္ခ်က္။
ဘုံေက်ာ္ဆရာေတာ္သည္ သာသနာ့၀န္ထမ္းပီပီ ဗဒုံမင္း၏ သာသနာေရး အမွားတစ္ခ်ဳိ႕ကို ပုရပုိဒ္တြင္ စာရင္းတင္ခဲ့ၿခင္းၿဖစ္သည္။ ဗဒုံမင္းသည္ မင္းမိန္႔ၿဖင့္ ပုံေတာ္ၿပကၡဒိန္ကို တီထြင္၍ သံဃာမ်ားအား အတင္းအဓမၼလုိက္နာေစၿခင္း ၊ သာသနာပုိင္ကအစ ရဟန္းသာမေဏမ်ားအား သဲဒဏ္ ေရဒဏ္ထားၿခင္း ၊ လူ၀တ္လဲေစၿခင္း ၊ တစ္ရပ္တစ္ေက်းေစၿခင္း အစရွိသည့္ သာသနာေရး ကိစၥမ်ားတြင္ ၀င္ေရာက္စြက္ဖက္ၿခင္းမ်ားမွာ ဗဒုံမင္း၏ အမွားတစ္ခ်ဳိ႕ပင္ၿဖစ္သည္။

ဗဒုံမင္း၏ အၿခားအမွားေတာ္ပုံ တစ္ရပ္မွာ နန္းတက္လွ်င္ တက္ခ်င္း ေနၿပည္ေတာ္ကုိ အ၀ မွ အမရပူရသုိ႔ ေၿပာင္းေရႊ႕ၿခင္း ၿဖစ္သည္။ အမရပူရမွာ အ၀ ႏွင့္ ကမ္းတစ္ဖက္တည္း ၊ အ၀အထက္ ၆ မုိင္ အကြာတြင္ တည္ရွိရာ အေနအထားမွာ မထူးၿခားလွ။ အမွန္စစ္စစ္ ထုိသုိ႔ေၿပာင္းေရႊ႕ရၿခင္းမွာ ေဗဒင္ကိန္းခန္း ယုံႀကည္မႈ ႏွင့္ ၿမဳိ႕တည္နန္းတည္ ဂုဏ္ လုိခ်င္မႈ အတြက္သာ ၿဖစ္သည္။ ႏုိင္ငံအင္အားကုိ အလဟႆ ၿဖဳန္းတီးမႈ တစ္ရပ္ဟု ဆုိႏိုင္ပါသည္။

ဗဒုံမင္းလက္ထက္ ပထမပုိင္းတြင္ တုိင္းၿပည္၏ စီးပြားေရး အေၿခအေနေတာင့္တင္း၍ စစ္ေရးအားၿဖင့္လည္း ကုန္းေဘာင္ေခတ္၏ အေတာက္ပဆုံး အခ်ိန္ၿဖစ္ခဲ့ေသာ္လည္း ယုိးဒယားသုိ႔ စစ္သုံးႀကိမ္ခ်ီတက္ခဲ့ေသာ္လည္း ေအာင္ၿမင္မူ မရရွိၿခင္း ၊ ၇ ႏွစ္ တုိင္တုိင္တည္ခဲ့ေသာ္လည္း မၿပီးဆုံးႏုိင္ေသာ မင္းကြန္းေစတီေတာ္ႀကီးကဲ့သုိ႔ ကုသုိလ္ေကာင္းမႈမ်ားကို အႀကီးအက်ယ္ၿပဳလုပ္ခဲ့ၿခင္းေႀကာင့္ ေနာက္ပုိင္းတြင္ တုိင္းၿပည္စီးပြားေရး ပ်က္စီးခဲ့ရသည္။

ဗဒုံမင္း နန္းတက္စက စပါးေစ်း တင္း ၁၀၀ လွ်င္ ၂၀ ၊ ၃၀ မွ ေနာက္ပုိင္းတြင္ ၂၅၀ ၊ ၄၀၀ ၊ ၅၀၀ ႏႈန္းအထိ ေႀကာက္ခမန္းလိလိ ၿဖစ္ခဲ့ရသည္။ ဤသည္တုိ႔မွာ သဘာ၀ေဘးအႏၱရာယ္မ်ား ၿဖစ္ေသာ မုိးေခါင္ၿခင္း ၊ ေရႀကီးၿခင္း၊ မီးေလာင္ၿခင္းတုိ႔ေႀကာင့္ ဆုိႏုိင္ေသာ္လည္း အဓိကမွာ ဗဒုံမင္း၏ စစ္ၿပဳၿခင္း စစ္ေရးအသိမ္းအရုံး အဆင့္အေခၚမ်ားၿခင္းတုိ႔ အတြက္ ဆိုရပါမည္။ စီးပြားေရးပ်က္စီးသည္ ႏွင့္ အမွ် အုပ္ခ်ဳပ္မႈ ယုိယြင္းလာကာ ခုိးသားဓားၿပ ဆူပူေသာင္းက်န္းလာၿခင္း ၊ အုပ္ခ်ဳပ္သူမ်ားက တံစုိးယူ လာဘ္စားၿခင္း စေသာ အဂတိလုိက္စားမႈမ်ား ေပၚလာခဲ့သည္။ အခ်င္းခ်င္းလုႀကယက္ႀက၏ ။ ၿပည္သူမ်ား က်ီးလန္႔တစာစာေနခဲ့ႀကရ၏။ ဤသည္တုိ႔မွာ ဘုိးေတာ္ဗဒုံမင္း၏ အမွားေတာ္ပုံ ရလဒ္မ်ားၿဖစ္သည္။

ဆုိရေသာ္ ဗဒုံမင္းသည္ ကုန္းေဘာင္ေခတ္ြင္ အသိဥာဏ္ပညာ ေၿမာင္ၿမင္မႈ ႏွင့္ ၿပည့္စုံေသာမင္းတစ္ပါးၿဖစ္ေသာ္လည္း နန္းသက္ႀကာလာသည္ ႏွင့္ အမွ် ရာဇမာန္ၿပင္းထန္ေသာ ၊ ငါတေကာေကာတတ္ေသာ ဓေလ့စရုိက္ ႀကီးထြားလာခဲ့သည္။ ကုန္းေဘာင္ေခတ္ နန္းသက္ အရွည္ဆုံးၿဖစ္၍ နန္းသက္ ၃၇ ႏွစ္၊ သက္ေတာ္ ၇၄ ႏွစ္ တြင္မွ နတ္ရြာစံခဲ့သည္။ ထုိသုိ႔ နန္းသက္ႀကာလြန္းၿခင္းသည္ပင္ ဗဒုံမင္း၏ အမွားေတာ္ပုံမ်ားကုိ ပုိမိုႀကီးမားေစခဲ့သည္ဟု ဆုိရေတာ့မလုိပင္။

Ref
စာေပ သမုိင္း ပုဂၢဳိလ္ေရး အေတြးအၿမင္မ်ား – ေမာင္ေဇယ်ာ
ၿမန္မာ့စြယ္စုံက်မ္း


ဘိုးတော်ဗဒုံမင်းနှင့် အမှားတော်ပုံ (unicode)

ကုန်းဘောင်မင်းဆက် ဆဌမမြောက်ဖြစ်သော ဗဒုံမင်း (၁၇၈၂-၁၈၁၉) ကို မြန်မာ့သမိုင်းတွင် ဘိုးတော်ဘုရားဟု လူသိများသည်။ ဗဒုံမင်း၏ ငယ်နာမည်မှာ “မောင်ဝိုင်း” ဖြစ်၍ ဘိုးတော်ဦးဝိုင်း ဟုလည်း ခေါ်ကြသည်။ အလောင်းမင်းတရားကြီး၏ သားတော် ဗဒုံမင်းအား အမရပူရမြို့တည်နန်းတည်မင်း ဟူ၍ လည်ကောင်း၊ ဆင်ဖြူတော်ရ ဆဒ္ဒါန်ဆင်မင်းသခင် ဟူ၍လည်ကောင်း ၊ အံဖွယ် မင်းကွန်းခေါင်းလောင်းနှင့် ပုထိုးတော်ကြီးကို တည်သူဟူ၍ လည်ကောင်း ထင်ရှားသည်။ ကုန်းဘောင်မင်းဆက်တွင် အသိဥာဏ်ပညာ နှင့် ပြည့်စုံသော ဂုဏ်ယူဖွယ်မင်းတစ်ပါးဟု ပညာရှင်များက သတ်မှတ်ကြပါသည်။

မြန်မာ့စွယ်စုံကျမ်းတွင်-
“ဘိုးတော်ဦးဝိုင်း ဆိုလျှင် ကုန်းဘောင်မင်းဆက်တွင် အထူးထင်ရှားသော ဘုရင်တစ်ဆူဟု လူသိများသည်။ ထိုမင်းလက်ထက် မြန်မာနိုင်ငံသည် များစွာကျယ်ဝန်းလာ၍ နိုင်ငံခြားသားများ ဂရုစိုက်လေ့လာခြင်းကိုခံခဲ့ရသည်။ တိုင်းပြည်သာယာ၀ပြော စည်ပင်၍ စာပေနှင့် သာသနာရေးထွန်းပြောင်ခဲ့လေသည်”။ ဟုဖော်ပြထားသည်။

ယေဘုယျအားဖြင့် ဆိုရသော် ဗဒုံမင်းသည် သက်ဦးဆံပိုင်ဘုရင်ခေတ်တွင် တိုင်းပြည်အကျိုးအတွက် ထူးထူးခြားခြား ဆောင်ရွက်ခဲ့သော မင်းတစ်ပါးဟု ဆိုနိုင်ပါသည်။ အထူးသဖြင့် ဗဒုံမင်းလက်ထက်တွင် အိမ်နီးချင်းတိုင်းပြည်များနှင့် ဆက်ဆံရေးကောင်းမွန်ခြင်း ၊ စာပေနှင့် သာသနာကို အထူးချီးမြှောက်ခြင်း ၊ ဆင်းရဲသားပြည်သူများ၏ ကြွေးမြီများကို ဖျက်သိမ်းပေးခြင်း ၊ နန္ဒာကန် ၊ မိထ္ထီလာကန် ၊ အောင်ပင်လယ်ကန် အစရှိသည့်ကန်များကို ဆည်ဖို့၍ တူးမြောင်းအသစ်များ တူးဖော်ခဲ့ခြင်း နှင့် နိုင်ငံတစ်ဝန်း စစ်တမ်းများ ကောက်ခံစေခဲ့ခြင်း တို့ကို ထူးထူးခြားခြား ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ချက်များက သက်ဦးဆံပိုင် ဘုရင်တစ်ပါးအနေဖြင့် အသိဥာဏ်အမြော်အမြင် ကြီးမားမှုကို ပြနေပါသည်။ ထို့ကြောင့် မြန်မာ့ရာဇဝင်တွင် ဗဒုံမင်း ခေါ် ဘိုးတော် ဘုရားအား ကုန်းဘောင်ခေတ် တန်ခိုးအာဏာ အတောက်ပဆုံး မင်းအဖြစ် ချီးကျူး မှတ်တမ်းတင်ကြလေ့ရှိသည်။

ဘယ်သူမှ အမြဲတမ်းမမှန်နိုင်ဟူသောစကားနှင့် အညီ ဗဒုံမင်းတွင်လည်း အမှားတစ်ချို့ရှိပါသည်။ သို့သော်ရာဇဝင်များတွင် ဗဒုံမင်း၏ အမှားများကို ဖုံးကွယ်ထားခဲ့ပါသည်။ မင်း၏ အမိန့်အာဏာဖြင့် ပြုစုရသော ရာဇဝင်များအတွက် ဤဖြစ်ရပ်များမှာ ဖြစ်ရိုးဖြစ်စဉ်ဟု ဆိုနိုင်ပါသည်။ ဗဒုံမင်း၏ အမှားတော်ပုံတစ်ချို့နှင့် ပါတ်သတ်၍ မှော်ပီဆရာသိန်း ၏ ပါးစပ်ရာဇဝင်စာအုပ်တွင် အောက်ပါအတိုင်း တွေ့နိုင်ပါသည်။ ဘုံကျော် ဆရာတော်ဘုရားအိန့်ချက်မှတ်စု ပုရပိုက်မှရသည်။ ဘိုးတော်မင်းတြားကြီးသည် အမှား ၄ ချက်ရှိကြောင်း။
(၁) ညီတော်ပင်းတလဲမြို့စားမင်းသားကို ရေ၌ချ၍ ကွပ်မျက်တော်မူသော အမှားတစ်ချက်။
(၂) အတုလဆရာတော် နှင့် တကွ ဆရာတော် ၆ ပါးကို အတင်းအကျပ် လူဝတ်လဲစေသော အမှားတစ်ချက်
(၃) ရဟန်းတော်များကို သိက္ခာသစ်တင်စေသော အမှားတစ်ချက်။
(၄) မင်းကွန်းစေတီတော်ကြီး တည်လုပ်သော အမှားတစ်ချက်။
ဘုံကျော်ဆရာတော်သည် သာသနာ့ဝန်ထမ်းပီပီ ဗဒုံမင်း၏ သာသနာရေး အမှားတစ်ချို့ကို ပုရပိုဒ်တွင် စာရင်းတင်ခဲ့ခြင်းဖြစ်သည်။ ဗဒုံမင်းသည် မင်းမိန့်ဖြင့် ပုံတော်ပြက္ခဒိန်ကို တီထွင်၍ သံဃာများအား အတင်းအဓမ္မလိုက်နာစေခြင်း ၊ သာသနာပိုင်ကအစ ရဟန်းသာမဏေများအား သဲဒဏ် ရေဒဏ်ထားခြင်း ၊ လူဝတ်လဲစေခြင်း ၊ တစ်ရပ်တစ်ကျေးစေခြင်း အစရှိသည့် သာသနာရေး ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းများမှာ ဗဒုံမင်း၏ အမှားတစ်ချို့ပင်ဖြစ်သည်။

ဗဒုံမင်း၏ အခြားအမှားတော်ပုံ တစ်ရပ်မှာ နန်းတက်လျှင် တက်ချင်း နေပြည်တော်ကို အဝ မှ အမရပူရသို့ ပြောင်းရွှေ့ခြင်း ဖြစ်သည်။ အမရပူရမှာ အဝ နှင့် ကမ်းတစ်ဖက်တည်း ၊ အဝအထက် ၆ မိုင် အကွာတွင် တည်ရှိရာ အနေအထားမှာ မထူးခြားလှ။ အမှန်စစ်စစ် ထိုသို့ပြောင်းရွှေ့ရခြင်းမှာ ဗေဒင်ကိန်းခန်း ယုံကြည်မှု နှင့် မြို့တည်နန်းတည် ဂုဏ် လိုချင်မှု အတွက်သာ ဖြစ်သည်။ နိုင်ငံအင်အားကို အလဟဿ ဖြုန်းတီးမှု တစ်ရပ်ဟု ဆိုနိုင်ပါသည်။

ဗဒုံမင်းလက်ထက် ပထမပိုင်းတွင် တိုင်းပြည်၏ စီးပွားရေး အခြေအနေတောင့်တင်း၍ စစ်ရေးအားဖြင့်လည်း ကုန်းဘောင်ခေတ်၏ အတောက်ပဆုံး အချိန်ဖြစ်ခဲ့သော်လည်း ယိုးဒယားသို့ စစ်သုံးကြိမ်ချီတက်ခဲ့သော်လည်း အောင်မြင်မူ မရရှိခြင်း ၊ ၇ နှစ် တိုင်တိုင်တည်ခဲ့သော်လည်း မပြီးဆုံးနိုင်သော မင်းကွန်းစေတီတော်ကြီးကဲ့သို့ ကုသိုလ်ကောင်းမှုများကို အကြီးအကျယ်ပြုလုပ်ခဲ့ခြင်းကြောင့် နောက်ပိုင်းတွင် တိုင်းပြည်စီးပွားရေး ပျက်စီးခဲ့ရသည်။

ဗဒုံမင်း နန်းတက်စက စပါးဈေး တင်း ၁၀၀ လျှင် ၂၀ ၊ ၃၀ မှ နောက်ပိုင်းတွင် ၂၅၀ ၊ ၄၀၀ ၊ ၅၀၀ နှုန်းအထိ ကြောက်ခမန်းလိလိ ဖြစ်ခဲ့ရသည်။ ဤသည်တို့မှာ သဘာ၀ဘေးအန္တရာယ်များ ဖြစ်သော မိုးခေါင်ခြင်း ၊ ရေကြီးခြင်း၊ မီးလောင်ခြင်းတို့ကြောင့် ဆိုနိုင်သော်လည်း အဓိကမှာ ဗဒုံမင်း၏ စစ်ပြုခြင်း စစ်ရေးအသိမ်းအရုံး အဆင့်အခေါ်များခြင်းတို့ အတွက် ဆိုရပါမည်။ စီးပွားရေးပျက်စီးသည် နှင့် အမျှ အုပ်ချုပ်မှု ယိုယွင်းလာကာ ခိုးသားဓားပြ ဆူပူသောင်းကျန်းလာခြင်း ၊ အုပ်ချုပ်သူများက တံစိုးယူ လာဘ်စားခြင်း စသော အဂတိလိုက်စားမှုများ ပေါ်လာခဲ့သည်။ အချင်းချင်းလုကြယက်ကြ၏ ။ ပြည်သူများ ကျီးလန့်တစာစာနေခဲ့ကြရ၏။ ဤသည်တို့မှာ ဘိုးတော်ဗဒုံမင်း၏ အမှားတော်ပုံ ရလဒ်များဖြစ်သည်။

ဆိုရသော် ဗဒုံမင်းသည် ကုန်းဘောင်ခေတ်ွင် အသိဥာဏ်ပညာ မြောင်မြင်မှု နှင့် ပြည့်စုံသောမင်းတစ်ပါးဖြစ်သော်လည်း နန်းသက်ကြာလာသည် နှင့် အမျှ ရာဇမာန်ပြင်းထန်သော ၊ ငါတကောကောတတ်သော ဓလေ့စရိုက် ကြီးထွားလာခဲ့သည်။ ကုန်းဘောင်ခေတ် နန်းသက် အရှည်ဆုံးဖြစ်၍ နန်းသက် ၃၇ နှစ်၊ သက်တော် ၇၄ နှစ် တွင်မှ နတ်ရွာစံခဲ့သည်။ ထိုသို့ နန်းသက်ကြာလွန်းခြင်းသည်ပင် ဗဒုံမင်း၏ အမှားတော်ပုံများကို ပိုမိုကြီးမားစေခဲ့သည်ဟု ဆိုရတော့မလိုပင်။

Ref
စာပေ သမိုင်း ပုဂ္ဂိုလ်ရေး အတွေးအမြင်များ – မောင်ဇေယျာ
မြန်မာ့စွယ်စုံကျမ်း

Leave a Reply