စိတ္ေနာက္သြားတဲ့ ကုန္းေဘာင္မင္း

Posted on

ကုန္းေဘာင္မင္းဆက္ ၈ ဆက္ေျမာက္မင္းျဖစ္သူ သာယာ၀တီမင္း (ေခၚ)ကုန္းေဘာင္မင္း (ေခၚ) ေရႊဘုိမင္း မွာ စိတ္ေနာက္သြားေသာမင္းအျဖစ္ထင္ရွားသည္။ ငယ္မည္မွာ ေမာင္ခင္ျဖစ္သည္။ ေနာင္ေတာ္ဘႀကီးေတာ္မင္းကုိ ပုန္ကန္ၿပီး ထီးနန္းရယူခဲ့ျခင္းျဖစ္သည္။ ပုန္ကန္ရျခင္းမွာ ေနာင္ေတာ္သည္ စိတ္မက်န္းမမာျဖစ္ေနသည္ က တစ္ေၾကာင္း ၊ နန္းတြင္းတြင္ နန္းမေတာ္မယ္ႏု ႏွင့္ မင္းသားႀကီးေမာင္အုိတုိ႔က ခ်ယ္လွယ္ျခင္သလုိခ်ယ္လွယ္ေနၾကသည္ က တစ္ေၾကာင္းေၾကာင့္ ျဖစ္သည္။

သာယာ၀တီမင္း၏ ပုန္ကန္မႈကုိ ဘႀကီးေတာ္ကတပ္မ်ားေစလႊတ္၍ ႏွိမ္ႏွင္းေစခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေပ။ ေနာက္ဆုံးတြင္ ဘႀကီးေတာ္သည္ညီျဖစ္သူ သာယာ၀တီမင္းအား ထီးနန္းလႊဲေပးလုိက္ရေတာ့သည္။ ေနာင္ေတာ္အား ခမည္းေတာ္အရင္းကဲ့သုိ႔ ေစာင့္ေရွာက္ကာ စိတ္ခ်မ္းသာစြာေနေစသည္။ နန္းမေတာ္မယ္ႏုတုိ႔ကုိလည္း မကြပ္မ်က္ပဲ အက်ယ္ခ်ဳပ္ႏွင့္ေနေစခဲ့သလုိ တူေတာ္ေညာင္ရမ္းမင္းသား(စႀကၤာမင္းသား) ကိုလည္းသားေတာ္ႀကီးမ်ားႏွင့္ တန္းတူမင္းသားႀကီးအဆင့္ေပးခဲ့ေသာ္လည္း တစ္ႏွစ္ခန္႔အၾကာတြင္ ပုန္ကန္ရန္ႀကံစည္သည္ဟုဆုိကာ ေရခ်ကြပ္မ်က္သည္။ သုံးႏွစ္ခန္႔အၾကာတြင္ မယ္ႏုက ေထာင္တြင္းမွ အစ္ကုိျဖစ္သူ၏ အေပါင္းအပါမ်ားႏွင့္ နန္းလုရန္ရည္ရြယ္ခ်က္ျဖင့္ ႀကံစည္ဆက္သြယ္သျဖင့္ မယ္ႏုအား ေရခ်ၿပီး ေမာင္အုိႏွင့္ အေပါင္းအပါမ်ားကုိ ေထာင္တြင္းတြင္ပင္ ကြပ္မ်က္ခဲ့သည္။ ထုိအထဲတြင္ အစပထမက ျမ၀တီမင္းႀကီးဦးစလည္း ပါခဲ့ၿပီး ဘုန္းေတာ္ဘြဲ႔အေရးေကာင္း၍သာ လြတ္ေျမာက္ခဲ့ျခင္းျဖစ္သည္။ ေနျပည္ေတာ္ကုိလည္း အမရပူရသုိ႔ ေျပာင္းေရႊ႕ခဲ့သည္။

နန္းတက္စတြင္ တုိင္းျပည္အားတည္ၿငိမ္ေအာင္ အုပ္ခ်ဳပ္ႏုိင္ခဲ့သူျဖစ္သည္။ အဂၤလိပ္တုိ႔ကိုလည္း ျပင္းျပင္းထန္ထန္တုန္႔ျပန္တတ္သည္။ သုိ႔ေသာ္ေနာက္ပိုင္းတြင္ စိတ္မမွန္ေတာ့။ ၁၈၄၄ခုႏွစ္မွ စ၍ ေသြးပ်က္သလုိျဖစ္လာသည္။ အိပ္တတ္၍မေပ်ာ္ ၊ ပြဲေတာ္တည္ၿပီးလွ်င္ လက္ေဆးရန္ ေမ့ေလ်ာ့လာသည္။ အစားအေသာက္နည္းလာသည္ ။ အၿမဲၿပဳံးေယာင္ျပဳေနတတ္ၿပီး လွံတုိတစ္ေခ်ာင္းကုိင္ကာ အေဆာင္မ်ားကူးေနတတ္သည္။ လူေတြ႔လွ်င္ ဟဲ့ ေမာက္လုံးလား ၊ ေမာက္ျပားလား ဟု ေမးတတ္သည္။ ရုိေသစြာ ဒူးတုပ္၍ အလုိက္သင့္ေျဖရသည္။ ေျပးေပါက္ကုိလည္း ႀကဳိရွာထားရသည္။ ေဆး၀ါး မႏၱရားေဆာင္ထား၍ ရွိန္းဆာယာပုိေမာက္လွ်က္ ကုိယ္ေပ်ာက္ေနၿပီဟု ၾကြားေျပာတတ္သည္။ ေတာင္ရွည္၀တ္လဲေတာ္ကုိ ေခါင္းၿမီးၿခဳံၿပီးတုိင္ကြယ္တြင္ ၀င္ပုန္းေနေသာ သာယာ၀တီမင္းကုိ မိဖုရားမျမေလးက ကုိယ္ေပ်ာက္ေန၍ မျမင္ရပါဟု ညာေျပာရသည္။

လမ္းသြားလွ်င္ ေျဖာင့္ေျဖာင့္ မၾကြ ၊ ခုန္သည္ ၊ ပ်ံသည္ ၊ လႊားသည္။ ထီးေတာ္မုိးမွာ ေနလုံေအာင္ ေျဖာင့္ေျဖာင့္မမုိးႏုိင္ ။ ေနလုံေအာင္မမုိးရေကာင္းလားဟု အျပစ္တင္ကာ ထီးေတာ္မုိးတစ္ေယာက္ကုိ ကုိယ္တုိင္ကြပ္မ်က္ခဲ့သည္။ ေနာက္ထီးေတာ္မုိးမ်ားမွာ မင္းတရားႀကီးကုိယ္ေပ်ာက္ေနသည္ ဟု ဆုိကာ ရွာေဖြေနသည့္ပုံ ျပရသည္။ ထုိအခါမွ သာယာ၀တီမင္းက ‘ျမင္ေစ’ ဟု ဆုိမွ ထီးကုိေနသားတက် ျပန္ေဆာင္းရသည္။ တစ္ခါတြင္ အိမ္သာသို႔သြားခုိက္ မိန္းမစုိး ႏွစ္ေယာက္ကုိ ကုိယ္တုိင္ဓားျဖင့္ မႊန္းသတ္သည္။ ေသဟန္ေဆာင္၍ တစ္ဦးလြတ္ေျမာက္သြားသည္။

မင္းတရားႀကီး သြက္သြက္လည္ေနေအာင္ စိတ္ေနာက္ေနၿပီျဖစ္ေၾကာင္း ‘ေတာင္အင္းစား’ ဆုိသူက လႊတ္ေတာ္၀န္ႀကီးမ်ားအား သတင္းေပးသည့္အခါ လႊတ္ေတာ္မတက္၀ံ့ေတာ့ေသာ ၀န္ႀကီးမ်ားက သားေတာ္ ပုဂံမင္းလက္သုိ႔ အုပ္ခ်ဳပ္ေရးအာဏာကုိ လႊဲေပးလုိက္ရေတာ့သည္။

ကုိးကား :
ျမန္မာ့သမုိင္းထဲက အထင္ကရ ဇာတ္ေကာင္မ်ား – ေမာင္ၾကည္သန္႔
ျမန္မာ့စြယ္စုံက်မ္း


စိတ်နောက်သွားတဲ့ ကုန်းဘောင်မင်း (unicode)

ကုန်းဘောင်မင်းဆက် ၈ ဆက်မြောက်မင်းဖြစ်သူ သာယာဝတီမင်း (ခေါ်)ကုန်းဘောင်မင်း (ခေါ်) ရွှေဘိုမင်း မှာ စိတ်နောက်သွားသောမင်းအဖြစ်ထင်ရှားသည်။ ငယ်မည်မှာ မောင်ခင်ဖြစ်သည်။ နောင်တော်ဘကြီးတော်မင်းကို ပုန်ကန်ပြီး ထီးနန်းရယူခဲ့ခြင်းဖြစ်သည်။ ပုန်ကန်ရခြင်းမှာ နောင်တော်သည် စိတ်မကျန်းမမာဖြစ်နေသည် က တစ်ကြောင်း ၊ နန်းတွင်းတွင် နန်းမတော်မယ်နု နှင့် မင်းသားကြီးမောင်အိုတို့က ချယ်လှယ်ခြင်သလိုချယ်လှယ်နေကြသည် က တစ်ကြောင်းကြောင့် ဖြစ်သည်။

သာယာဝတီမင်း၏ ပုန်ကန်မှုကို ဘကြီးတော်ကတပ်များစေလွှတ်၍ နှိမ်နှင်းစေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နောက်ဆုံးတွင် ဘကြီးတော်သည်ညီဖြစ်သူ သာယာဝတီမင်းအား ထီးနန်းလွှဲပေးလိုက်ရတော့သည်။ နောင်တော်အား ခမည်းတော်အရင်းကဲ့သို့ စောင့်ရှောက်ကာ စိတ်ချမ်းသာစွာနေစေသည်။ နန်းမတော်မယ်နုတို့ကိုလည်း မကွပ်မျက်ပဲ အကျယ်ချုပ်နှင့်နေစေခဲ့သလို တူတော်ညောင်ရမ်းမင်းသား(စင်္ကြာမင်းသား) ကိုလည်းသားတော်ကြီးများနှင့် တန်းတူမင်းသားကြီးအဆင့်ပေးခဲ့သော်လည်း တစ်နှစ်ခန့်အကြာတွင် ပုန်ကန်ရန်ကြံစည်သည်ဟုဆိုကာ ရေချကွပ်မျက်သည်။ သုံးနှစ်ခန့်အကြာတွင် မယ်နုက ထောင်တွင်းမှ အစ်ကိုဖြစ်သူ၏ အပေါင်းအပါများနှင့် နန်းလုရန်ရည်ရွယ်ချက်ဖြင့် ကြံစည်ဆက်သွယ်သဖြင့် မယ်နုအား ရေချပြီး မောင်အိုနှင့် အပေါင်းအပါများကို ထောင်တွင်းတွင်ပင် ကွပ်မျက်ခဲ့သည်။ ထိုအထဲတွင် အစပထမက မြဝတီမင်းကြီးဦးစလည်း ပါခဲ့ပြီး ဘုန်းတော်ဘွဲ့အရေးကောင်း၍သာ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ နေပြည်တော်ကိုလည်း အမရပူရသို့ ပြောင်းရွှေ့ခဲ့သည်။

နန်းတက်စတွင် တိုင်းပြည်အားတည်ငြိမ်အောင် အုပ်ချုပ်နိုင်ခဲ့သူဖြစ်သည်။ အင်္ဂလိပ်တို့ကိုလည်း ပြင်းပြင်းထန်ထန်တုန့်ပြန်တတ်သည်။ သို့သော်နောက်ပိုင်းတွင် စိတ်မမှန်တော့။ ၁၈၄၄ခုနှစ်မှ စ၍ သွေးပျက်သလိုဖြစ်လာသည်။ အိပ်တတ်၍မပျော် ၊ ပွဲတော်တည်ပြီးလျှင် လက်ဆေးရန် မေ့လျော့လာသည်။ အစားအသောက်နည်းလာသည် ။ အမြဲပြုံးယောင်ပြုနေတတ်ပြီး လှံတိုတစ်ချောင်းကိုင်ကာ အဆောင်များကူးနေတတ်သည်။ လူတွေ့လျှင် ဟဲ့ မောက်လုံးလား ၊ မောက်ပြားလား ဟု မေးတတ်သည်။ ရိုသေစွာ ဒူးတုပ်၍ အလိုက်သင့်ဖြေရသည်။ ပြေးပေါက်ကိုလည်း ကြိုရှာထားရသည်။ ဆေးဝါး မန္တရားဆောင်ထား၍ ရှိန်းဆာယာပိုမောက်လျှက် ကိုယ်ပျောက်နေပြီဟု ကြွားပြောတတ်သည်။ တောင်ရှည်ဝတ်လဲတော်ကို ခေါင်းမြီးခြုံပြီးတိုင်ကွယ်တွင် ဝင်ပုန်းနေသော သာယာဝတီမင်းကို မိဖုရားမမြလေးက ကိုယ်ပျောက်နေ၍ မမြင်ရပါဟု ညာပြောရသည်။

လမ်းသွားလျှင် ဖြောင့်ဖြောင့် မကြွ ၊ ခုန်သည် ၊ ပျံသည် ၊ လွှားသည်။ ထီးတော်မိုးမှာ နေလုံအောင် ဖြောင့်ဖြောင့်မမိုးနိုင် ။ နေလုံအောင်မမိုးရကောင်းလားဟု အပြစ်တင်ကာ ထီးတော်မိုးတစ်ယောက်ကို ကိုယ်တိုင်ကွပ်မျက်ခဲ့သည်။ နောက်ထီးတော်မိုးများမှာ မင်းတရားကြီးကိုယ်ပျောက်နေသည် ဟု ဆိုကာ ရှာဖွေနေသည့်ပုံ ပြရသည်။ ထိုအခါမှ သာယာဝတီမင်းက ‘မြင်စေ’ ဟု ဆိုမှ ထီးကိုနေသားတကျ ပြန်ဆောင်းရသည်။ တစ်ခါတွင် အိမ်သာသို့သွားခိုက် မိန်းမစိုး နှစ်ယောက်ကို ကိုယ်တိုင်ဓားဖြင့် မွှန်းသတ်သည်။ သေဟန်ဆောင်၍ တစ်ဦးလွတ်မြောက်သွားသည်။

မင်းတရားကြီး သွက်သွက်လည်နေအောင် စိတ်နောက်နေပြီဖြစ်ကြောင်း ‘တောင်အင်းစား’ ဆိုသူက လွှတ်တော်ဝန်ကြီးများအား သတင်းပေးသည့်အခါ လွှတ်တော်မတက်ဝံ့တော့သော ဝန်ကြီးများက သားတော် ပုဂံမင်းလက်သို့ အုပ်ချုပ်ရေးအာဏာကို လွှဲပေးလိုက်ရတော့သည်။

ကိုးကား :
မြန်မာ့သမိုင်းထဲက အထင်ကရ ဇာတ်ကောင်များ – မောင်ကြည်သန့်
မြန်မာ့စွယ်စုံကျမ်း

Leave a Reply