ငယ္ငယ္က ကိုေအာင္ဆန္း

Posted on

ကိုေအာင္ဆန္းတို႔ေနထိုင္ရာ အိမ္ေရွ႕တြင္ ေခ်ာက္ႀကီးရွိသည္။ ကိုေအာင္ဆန္းတို႔ သူငယ္ခ်င္းတစ္သိုက္ ေဘာလုံးကစားရာ ထိုေခ်ာက္ႀကီး၏ အေရွ႕ဘက္တြင္ ဘီအိုစီ ကုမၸဏီမွ ကုလားစာေရးမ်ား စု၍ငွားရမ္းေနထိုင္ၾကသည္။ သူတို႔မွာ လူပ်ိဳလူလြတ္မ်ားျဖစ္သည္ႏွင့္ အညီ ရယ္စရာ ေမာစရာမ်ားကို တဟားဟားေျပာဆိုေလ့ရွိသည္ကို ကိုေအာင္ဆန္းတို႔အိမ္မွ အတိုင္းသားၾကားရသည္။

တစ္ညတြင္ ထိုအထဲမွ တစ္ေယာက္က ကုလားသီခ်င္းတစ္ပုဒ္ကို အသံေနအသံထားႏွင့္ ေအာ္ဆိုလိုက္သည္။ အတန္းေက်ာင္းသားမွ်သာျဖစ္ေသာ ကိုေအာင္ဆန္းသည္ အူယားလာကာ ကုလားစကားမတတ္ပဲ သံေယာင္လိုက္ဆိုေတာ့သည္။ တကယ့္သီခ်င္းတစ္ပုဒ္ကို ကုလားသံကဲ့သို႔ “ဟတပါ ၊ ဟတပါ” ဟု ေအာ္ဆိုသည့္အခိုက္ ၎၏အစ္ကို ကိုဘဝင္းနိုးလာၿပီး “ဒီေကာင္ေလး ႐ူးေနသလား” ဟု မာန္လိုက္မွ ရပ္တန့္သြားေတာ့သည္။ သူ၏ အက်င့္ကား တစ္ခါခါ အနားတြင္ မည္သူရွိရွိ မရွိရွိ သူလုပ္ခ်င္တာကို လြတ္လြတ္လပ္လပ္လုပ္လိုက္ျခင္း ျဖစ္သည္။

သူသည္ ငယ္စဥ္ေက်ာင္းသားဘဝကပင္ တိုင္းျပည္ေရးကိစၥမ်ားကို စိတ္ဝင္စားသူ ျဖစ္သည္။ သမၼတႀကီး ဦးစိုးသိန္း၏ ဝံသာႏုတရားပြဲမ်ားကို သြားေရာက္နားေထာင္ေလ့ရွိၿပီး အိမ္သို႔ျပန္ေရာက္သည့္အခါတြင္ “စိုးသိန္း စိုးသိန္း ၊ စိုးသိန္းကို ဂ်ာနယ္တစ္ေစာင္က ေရနံသည္သားလို႔ေခၚတယ္။ ဒါေပမယ့္ ေရနံသည္ဆိုတဲ့အလုပ္ဟာ သမၼာအာဇီဝျဖစ္တယ္ ဆိုတာ သူတို႔နားမလည္ဘူး” ဟု စားပြဲကို တူကေလးႏွင့္ထုကာ ဦးစိုးသိန္းစတိုင္မ်ိဳးႏွင့္ေျပာတတ္သည္။

ကိုေအာင္ဆန္းသည္ ေဘာလုံးကစားနည္းမွ အပက်န္ကစားနည္းမ်ားကို စိတ္မဝင္စားေခ်။ ေက်ာင္းသူမိန္းကေလးမ်ားႏွင့္ ဆက္ဆံသည့္အခါမ်က္ႏွာတင္းတင္းႏွင့္ ခပ္တည္တည္ေနတတ္သည္။ မိန္းကေလးအခ်ိဳ႕က ကိုေအာင္ဆန္းကို ေတြ႕သည့္အခါ “ဒါ ဆရာဦးဘဝင္းညီ” ဟု တီးတိုးေျပာကာ ေရလာေျမာင္းေပးၾကေသာ္လည္း ကိုေအာင္ဆန္းက တစ္ခ်က္ကေလးမွ် လွည့္မၾကည့္တတ္ေခ်။ မ်က္ႏွာကတည္သလို အေပါင္းအသင္းလည္း သိပ္မရွိလွ။ အိမ္နီးနားခ်င္းကေလးမ်ားမွာ ကိုေအာင္ဆန္းကို ျမင္လွ်င္ ထြက္ေျပးေလ့ရွိတတ္ၾကသည္။

ထိုစဥ္က ကိုေအာင္ဆန္း၏ ေလ့က်င့္ခန္းစာအုပ္မ်ားကို ယူ၍ၾကည့္လွ်င္ ပန္းခ်ီဝါသနာပါသူတစ္ေယာက္ျဖစ္ေၾကာင္း သိနိုင္သည္။ သူအဓိကဆြဲသည့္ပုံမ်ားမွာ ဘီးဆံထုံးႀကီးမ်ားကို ဆံၿမိတ္ကြင္းခ်လွ်က္ မ်က္စိမွိတ္ေနသည္ဟု ထင္ရေသာ မိန္းမဦးေခါင္းပုံမ်ားျဖစ္သည္။ ထိုစဥ္ကတည္းက ကပိုကရိုေနတတ္ၿပီး ၊ တစ္ခါတစ္ရံ ဖိနပ္မပါပဲ လမ္းသြားတတ္သူျဖစ္သည္။ ေပါင္းသင္းဆက္ဆံေရးတြင္ ခြက်လွသျဖင့္ မည္သူမွ်လည္း မေပါင္းခ်င္ၾက။ကိုေအာင္ဆန္းကလည္း ဘယ္သူေပါင္းေပါင္း မေပါင္းေပါင္း သိပ္ဂ႐ုမစိုက္ပါ။

ငယ္ငယ္က စိတ္သိပ္မရွည္တတ္သူျဖစ္သည္။ မည္မွ် စိတ္မရွည္သလဲ ဆိုရင္စားပြဲတြင္ ဟင္းခြက္အမ်ားအျပားရွိသည့္အနက္ ဟင္းခြက္ထဲမွ ဟင္းဖတ္ကို ဇြန္းႏွင့္ခတ္၍ မရလွ်င္ ဇြန္းကိုခ်ကာ ဆက္မခပ္ေတာ့ ၊ အျခားဟင္းခြက္မ်ားမွ ဟင္းမ်ားကိုသာ ေျပာင္း၍ခတ္သည္ အထိပင္။ ထိုစဥ္က သူ႕ကို ေပါက္ေပါက္ေရာက္ေရာက္ျဖစ္မည္ဟု မည္သူမွ် မထင္ထားၾကပါေခ်။
ထိုသို႔ေသာ မ်က္ႏွာထားတင္းတင္း ႏွင့္ ကပိုကရိုေနတတ္သူ ၊ ခြက်လွသူ ၊ စိတ္မရွည္တတ္သူ ကိုေအာင္ဆန္းသည္ ေနာင္တြင္ နိုင္ငံ၏ အေရးအပါဆုံးသူ ျဖစ္လာေတာ့သည္။

Ref;
ဆရာႀကီးသခင္ကိုယ္ေတာ္မွိုင္းတည္းျဖတ္တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အထၳဳပတၱိ စာအုပ္မွ

 


ငယ်ငယ်က ကိုအောင်ဆန်း (unicode)

ကိုအောင်ဆန်းတို့နေထိုင်ရာ အိမ်ရှေ့တွင် ချောက်ကြီးရှိသည်။ ကိုအောင်ဆန်းတို့ သူငယ်ချင်းတစ်သိုက် ဘောလုံးကစားရာ ထိုချောက်ကြီး၏ အရှေ့ဘက်တွင် ဘီအိုစီ ကုမ္ပဏီမှ ကုလားစာရေးများ စု၍ငှားရမ်းနေထိုင်ကြသည်။ သူတို့မှာ လူပျိုလူလွတ်များဖြစ်သည်နှင့် အညီ ရယ်စရာ မောစရာများကို တဟားဟားပြောဆိုလေ့ရှိသည်ကို ကိုအောင်ဆန်းတို့အိမ်မှ အတိုင်းသားကြားရသည်။

တစ်ညတွင် ထိုအထဲမှ တစ်ယောက်က ကုလားသီချင်းတစ်ပုဒ်ကို အသံနေအသံထားနှင့် အော်ဆိုလိုက်သည်။ အတန်းကျောင်းသားမျှသာဖြစ်သော ကိုအောင်ဆန်းသည် အူယားလာကာ ကုလားစကားမတတ်ပဲ သံယောင်လိုက်ဆိုတော့သည်။ တကယ့်သီချင်းတစ်ပုဒ်ကို ကုလားသံကဲ့သို့ “ဟတပါ ၊ ဟတပါ” ဟု အော်ဆိုသည့်အခိုက် ၎င်း၏အစ်ကို ကိုဘဝင်းနိုးလာပြီး “ဒီကောင်လေး ရူးနေသလား” ဟု မာန်လိုက်မှ ရပ်တန့်သွားတော့သည်။ သူ၏ အကျင့်ကား တစ်ခါခါ အနားတွင် မည်သူရှိရှိ မရှိရှိ သူလုပ်ချင်တာကို လွတ်လွတ်လပ်လပ်လုပ်လိုက်ခြင်း ဖြစ်သည်။

သူသည် ငယ်စဉ်ကျောင်းသားဘဝကပင် တိုင်းပြည်ရေးကိစ္စများကို စိတ်ဝင်စားသူ ဖြစ်သည်။ သမ္မတကြီး ဦးစိုးသိန်း၏ ဝံသာနုတရားပွဲများကို သွားရောက်နားထောင်လေ့ရှိပြီး အိမ်သို့ပြန်ရောက်သည့်အခါတွင် “စိုးသိန်း စိုးသိန်း ၊ စိုးသိန်းကို ဂျာနယ်တစ်စောင်က ရေနံသည်သားလို့ခေါ်တယ်။ ဒါပေမယ့် ရေနံသည်ဆိုတဲ့အလုပ်ဟာ သမ္မာအာဇီဝဖြစ်တယ် ဆိုတာ သူတို့နားမလည်ဘူး” ဟု စားပွဲကို တူကလေးနှင့်ထုကာ ဦးစိုးသိန်းစတိုင်မျိုးနှင့်ပြောတတ်သည်။

ကိုအောင်ဆန်းသည် ဘောလုံးကစားနည်းမှ အပကျန်ကစားနည်းများကို စိတ်မဝင်စားချေ။ ကျောင်းသူမိန်းကလေးများနှင့် ဆက်ဆံသည့်အခါမျက်နှာတင်းတင်းနှင့် ခပ်တည်တည်နေတတ်သည်။ မိန်းကလေးအချို့က ကိုအောင်ဆန်းကို တွေ့သည့်အခါ “ဒါ ဆရာဦးဘဝင်းညီ” ဟု တီးတိုးပြောကာ ရေလာမြောင်းပေးကြသော်လည်း ကိုအောင်ဆန်းက တစ်ချက်ကလေးမျှ လှည့်မကြည့်တတ်ချေ။ မျက်နှာကတည်သလို အပေါင်းအသင်းလည်း သိပ်မရှိလှ။ အိမ်နီးနားချင်းကလေးများမှာ ကိုအောင်ဆန်းကို မြင်လျှင် ထွက်ပြေးလေ့ရှိတတ်ကြသည်။

ထိုစဉ်က ကိုအောင်ဆန်း၏ လေ့ကျင့်ခန်းစာအုပ်များကို ယူ၍ကြည့်လျှင် ပန်းချီဝါသနာပါသူတစ်ယောက်ဖြစ်ကြောင်း သိနိုင်သည်။ သူအဓိကဆွဲသည့်ပုံများမှာ ဘီးဆံထုံးကြီးများကို ဆံမြိတ်ကွင်းချလျှက် မျက်စိမှိတ်နေသည်ဟု ထင်ရသော မိန်းမဦးခေါင်းပုံများဖြစ်သည်။ ထိုစဉ်ကတည်းက ကပိုကရိုနေတတ်ပြီး ၊ တစ်ခါတစ်ရံ ဖိနပ်မပါပဲ လမ်းသွားတတ်သူဖြစ်သည်။ ပေါင်းသင်းဆက်ဆံရေးတွင် ခွကျလှသဖြင့် မည်သူမျှလည်း မပေါင်းချင်ကြ။ကိုအောင်ဆန်းကလည်း ဘယ်သူပေါင်းပေါင်း မပေါင်းပေါင်း သိပ်ဂရုမစိုက်ပါ။

ငယ်ငယ်က စိတ်သိပ်မရှည်တတ်သူဖြစ်သည်။ မည်မျှ စိတ်မရှည်သလဲ ဆိုရင်စားပွဲတွင် ဟင်းခွက်အများအပြားရှိသည့်အနက် ဟင်းခွက်ထဲမှ ဟင်းဖတ်ကို ဇွန်းနှင့်ခတ်၍ မရလျှင် ဇွန်းကိုချကာ ဆက်မခပ်တော့ ၊ အခြားဟင်းခွက်များမှ ဟင်းများကိုသာ ပြောင်း၍ခတ်သည် အထိပင်။ ထိုစဉ်က သူ့ကို ပေါက်ပေါက်ရောက်ရောက်ဖြစ်မည်ဟု မည်သူမျှ မထင်ထားကြပါချေ။
ထိုသို့သော မျက်နှာထားတင်းတင်း နှင့် ကပိုကရိုနေတတ်သူ ၊ ခွကျလှသူ ၊ စိတ်မရှည်တတ်သူ ကိုအောင်ဆန်းသည် နောင်တွင် နိုင်ငံ၏ အရေးအပါဆုံးသူ ဖြစ်လာတော့သည်။

Ref;
ဆရာကြီးသခင်ကိုယ်တော်မှိုင်းတည်းဖြတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပတ္တိ စာအုပ်မှ

Leave a Reply