ေရႊဆံေတာ္ဘုရားေပၚမွ ဘိလပ္ျပန္ေခါင္းေလာင္းေလး ႏွင့္ က်ိန္စာသင့္ခဲ့ေသာအျဖစ္အပ်က္မ်ား

Posted on

ေ႐ႊဆံေတာ္ဘုရားေပၚသို႔ ဓာတ္ေလွကားမွ တက္လွ်င္ တက္တက္ခ်င္း မွာပင္ေ႐ႊေရာင္ ေခါင္းေလာင္းေလး တစ္လုံးကို ျမင္ရပါလိမ့္မည္။ ေခါင္းေလာင္းေပၚ၌ ေရးထားေသာ “ဘိလပ္ျပန္ေခါင္းေလာင္း” ဟူေသာ စာေၾကာင့္ပိုစိတ္ဝင္စား ဖို႔ေကာင္းသည္။ ထိုသို႔ေရးထားေသာ ထိုေခါင္းေလာင္းေလး၏ မူလအေၾကာင္းအရင္းကို သိရွိသူနည္းပါးသည္။

ထိုေခါင္းေလာင္းေလး၏ အေၾကာင္းအရင္းခံကား ဤသိုု႔ျဖစ္သည္။
၁၈၅၂-၅၄ ခုႏွစ္တြင္ ဒုတိယ အဂၤလိပ္ျမန္မာစစ္ပြဲမ်ားျဖစ္ပြားခဲ့သည္။ ပုဂံမင္းနန္းခ်၍ မင္းတုန္းမင္းက ထီးနန္းသိမ္းပိုက္သည့္အခ်ိန္တြင္ စစ္ကိုေျပၿငိမ္းခဲ့ၾကသည္။ စစ္ေျပၿငိမ္းေသာ္လည္း အဂၤလိပ္တို႔မွာ စစ္နိုင္သူျဖစ္သည့္အေလွ်ာက္ ျမန္မာေနရာေဒသ အသီးသီးမွ အဖိုးတန္ ရတနာ ၊ ယဥ္ေက်းမႈပစၥည္းမ်ားကို ထုံးစံအတိုင္း ယူငင္ၾကေလသည္။

ျပည္ၿမိဳ႕မွ အဂၤလိပ္စစ္သားမ်ားက ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးျဖစ္သူ ေဂၚဒဝင္ အားေခါင္းေလာင္းေလး တစ္လုံးကို ဆက္သၾကသည္။ ထိုေခါင္းေလာင္းေလးမွာ ျပည္ၿမိဳ႕ေ႐ႊဆံေတာ္ ဘုရားေပၚမွ ယူငင္သြားေသာ ေခါင္းေလာင္းေလးျဖစ္သည္။ ေခါင္းေလာင္းေလး၏ ေဘးပတ္လည္တြင္ အလႉရွင္၏ အမည္အား “အမရပူရၿမိဳ႕ ေဇယ်ေက်ာ္ထင္ဘြဲ႕ခံ ေမာင္ ေအာင္သူ ႏွင့္ ဇနီးရွင္မင္းေယာက္ ၊ သမီးရွင္ဘုန္ ႏွင့္ ရွင္ထုန္တို႔ ေကာင္းမႈေတာ္” ဟူ၍ ေရးသားထားသည္။ ဗိုလ္ခ်ဳပ္ႀကီး ေဂၚဒဝင္သည္ သူ၏ စစ္မႈကိစၥမ်ားၿပီးဆုံး၍ အဂၤလန္သို႔ျပန္ေသာအခါ ထိုေခါင္းေလာင္းေလးကိုလည္း တပါတည္း ယူငင္သြားၿပီးေနာက္ သူ၏ေဆြစဥ္မ်ိဳးဆက္ ေရွးေဟာင္းပစၥည္းအျဖစ္ ဂုဏ္ယူကာ ထိန္းသိမ္းျပသ ထားခဲ့သည္။

ဗိုလ္ခ်ဳပ္ႀကီး ေဂၚဒဝင္၏ ေျမးျဖစ္သူ လက္ဖတင္နင္ကာနယ္ ၊ အိပ္ေဂၚဒဝင္ေအာ္စတင္ လက္ထက္ေရာက္သည့္အခါ ပဲခူးခရိုင္ ဝန္ရွင္ေတာ္မင္းႀကီးထံသို႔ စာတစ္ေစာင္ ေပးပို႔လာခဲ့သည္။ ေခါင္းေလာင္းေလးအား မူရင္းေနရာျဖစ္သည့္ ေ႐ႊဆံေတာ္ဘုရားရင္ျပင္ေတြ ျပန္လည္ထားေပးရန္ အေၾကာင္းၾကားသည့္စာပင္ျဖစ္သည္။ ႏွစ္ေပါင္းမ်ားစြာ ၾကာၿပီးမွ အခုလိုျပန္လည္ေပးရသည့္ အေၾကာင္းမွာ အဘိုးျဖစ္သူ၏ ဒိုင္ယာရီ ကိုဖတ္ၾကည့္မိရာက ေခါင္းေလာင္းသမိုင္းကို ေျခရာခံမိ၍ ယခုလိုျပန္လည္ပို႔ေဆာင္ေပးျခင္း ျဖစ္ေၾကာင္းသိရသည္။ သူ၏ စာထဲတြင္ ပါေသာအခ်က္မ်ားအရ ေခါင္းေလာင္းကေလးသည္ အေတာ္ၿဂိဳဟ္ေမႊခဲ့သည္ဟု ဆို၏။

ဤေခါင္းေလာင္းေလး သူတို႔အိမ္သို႔ေရာက္ရွိသည့္ အခ်ိန္မွ စ၍ စီးပြားပ်က္ျခင္း ၊ အေသဆိုးျဖင့္ေသျခင္း ၊ စိတ္ဆင္းရဲကိုယ္ဆင္းရဲ ျဖစ္ေနျခင္း ၊ အခ်င္းခ်င္းခိုက္ရန္ျဖစ္ပြားျခင္း စသည္တို႔မွာ အၿမဲတေစျဖစ္ေပၚၾကသျဖင့္ ဤေခါင္းေလာင္းေလးက “ခိုက္သည္” ဟု ယူဆလွ်က္ အျပစ္တို႔ကို သူ႕အေပၚစုပုံခ်ၾကသည္။ အဘိုးျဖစ္သူ၏ အမွတ္တရပစၥည္း အျဖစ္ မစြန့္ပစ္ရက္ပဲ ဆက္လက္ထားရာ အိမ္မက္ဆိုးမ်ား ၊ အျဖစ္ဆိုးမ်ား ၊ ထိတ္လန့္စရာမ်ား ႀကဳံေတြ႕ေနရသျဖင့္ ေခါင္းေလာင္းေလးအား စြန့္ပစ္ရန္ ၊ ဖ်က္စီးရန္အမ်ိဳးမ်ိဳး ႀကံစည္ခဲ့ေသာ္လည္း အထမေျမာက္ခဲ့။ ေနာက္ဆုံးေရတြင္ စြန့္ပစ္ရန္ႀကိဳးစားစဥ္ကလည္း ေခါင္းေလာင္းေလးကိုေရတြင္ ျမဳပ္ခဲ့ပါက မိသားစု ေဆြစဥ္မ်ိဳးဆက္ေရတြင္နစ္ေသမည္ ဟု ထပ္ခါထပ္ခါ အိပ္မက္မက္သျဖင့္ ေရတြင္လည္း မေဖ်ာက္ဖ်က္ရဲခဲ့ေပ။ ေနာက္ဆုံးမူရင္းေနရာျဖစ္ေသာ ျပည္ေ႐ႊဆံေတာ္ေစတီသို႔သာ ျပန္ပို႔ရန္ ဆုံးျဖတ္မိေၾကာင္း ၊ ကုန္က် စရိတ္ကို မိမိတို႔ကသာ ခံယူမည္ျဖစ္ေၾကာင္း ဆက္သြယ္လာခဲ့သည္။

သို႔ေသာ္ ပဲခူးတိုင္းဝန္ရွင္ေတာ္မင္းႀကီးက ေခါင္းေလာင္းသည္ ႏွစ္ရွည္လမ်ားၾကာၿပီျဖစ္သျဖင့္ ျပည္ၿမိဳ႕သူၿမိဳ႕သားမ်ားသည္ ထိုအေၾကာင္းကိုသိၾကလိမ့္မည္ မထင္။ သို႔ျဖစ္၍ ၿမိဳ႕သူၿမိဳ႕သားမ်ားႏွင့္ ဘုရား ဘ႑ာေတာ္ထိန္းအဖြဲ႕ လူႀကီးမ်ားႏွင့္ တိုင္ပင္ၿပီးမွ အေၾကာင္းျပန္ပါမည္ဟု သာ စာျပန္ပို႔လိုက္သည္။

ထို႔ေနာက္ ဘိလပ္ ႏွင့္ ပဲခူးဝန္ရွင္ေတာ္မင္းႀကီး၏ ေပးစာျပန္စာမ်ားကို မွတ္တမ္းမ်ားတြင္ မေတြ႕ရေတာ့ေခ်။ ေပးစာျပန္စာမ်ား ဆက္လက္မေတြ႕ရေတာ့ေသာ္လည္း တစ္ေန႕ သ၌ ထင္း႐ူးေသတၱာတစ္လုံးျဖင့္ ေအာ္စတင္ ျပန္ပို႔လိုက္ေသာ ေခါင္းေလာင္းေလးသည္ အဂၤလန္မွ ရန္ကုန္သို႔ျပန္လည္ေရာက္ရွိလာခဲ့သည္။ ရန္ကုန္မွ ျပည္ၿမိဳ႕အေရးပို င္႐ုံး ၊ အေရးပိုင္႐ုံးမွ ဘုရင္မွပန္းၿခံသို႔ ပို႔ထားခဲ့သည္။ ထိုအတြင္း ျပည္အေရးပိုင္ခရီးထြက္သြားသျဖင့္ ျပည္ၿမိဳ႕ေငြတိုက္၌ ၁၀ ရက္ခန့္ သိမ္းဆည္းခဲ့ေၾကာင္းသိရသည္။ ထို႔ေနာက္ ေခါင္းေလာင္းေလးအား အေဆာင္အေယာင္တို႔ျဖင့္ ၿမိဳ႕ကိုလွည့္ပတ္ကာ ေ႐ႊဆံေတာ္ကုန္းေတာ္ေပၚသို႔ ပို႔ေဆာင္ထားခဲ့ၾကသည္။

က်ိန္စာသင့္ေခါင္းေလာင္းေလးကား ျမန္မာျပည္သူ ရဟန္းျပည္သူမ်ားအတြက္ေတာ့ ဟုတ္မည္မထင္ေပ။ ထိုးလိုက္လွ်င္ ထြက္လာေသာ ခ်ိဳေအးေနသည့္အသံက သူ၏ပင္ ကိုယ္ ေအးခ်မ္းျခင္း နိမိတ္ပင္ျဖစ္သည္။ “ဘိလပ္ျပန္ေခါင္းေလာင္း” ေလးသည္ ေ႐ႊဆံေတာ္ဘုရား ရာဟုေထာင့္တြင္ ေအးခ်မ္းစြာ တည္ရွိေနေပေတာ့သည္။

Ref:
က်ိန္စာသင့္တဲ့သမိုင္းပုံရိပ္မ်ား – သန္းထြန္း(လွည္းကူး)

 


 

ရွှေဆံတော်ဘုရားပေါ်မှ ဘိလပ်ပြန်ခေါင်းလောင်းလေး နှင့် ကျိန်စာသင့်ခဲ့သောအဖြစ်အပျက်များ (unicode)

ရွှေဆံတော်ဘုရားပေါ်သို့ ဓာတ်လှေကားမှ တက်လျှင် တက်တက်ချင်း မှာပင်ရွှေရောင် ခေါင်းလောင်းလေး တစ်လုံးကို မြင်ရပါလိမ့်မည်။ ခေါင်းလောင်းပေါ်၌ ရေးထားသော “ဘိလပ်ပြန်ခေါင်းလောင်း” ဟူသော စာကြောင့်ပိုစိတ်ဝင်စား ဖို့ကောင်းသည်။ ထိုသို့ရေးထားသော ထိုခေါင်းလောင်းလေး၏ မူလအကြောင်းအရင်းကို သိရှိသူနည်းပါးသည်။

ထိုခေါင်းလောင်းလေး၏ အကြောင်းအရင်းခံကား ဤသို့ဖြစ်သည်။
၁၈၅၂-၅၄ ခုနှစ်တွင် ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲများဖြစ်ပွားခဲ့သည်။ ပုဂံမင်းနန်းချ၍ မင်းတုန်းမင်းက ထီးနန်းသိမ်းပိုက်သည့်အချိန်တွင် စစ်ကိုပြေငြိမ်းခဲ့ကြသည်။ စစ်ပြေငြိမ်းသော်လည်း အင်္ဂလိပ်တို့မှာ စစ်နိုင်သူဖြစ်သည့်အလျှောက် မြန်မာနေရာဒေသ အသီးသီးမှ အဖိုးတန် ရတနာ ၊ ယဉ်ကျေးမှုပစ္စည်းများကို ထုံးစံအတိုင်း ယူငင်ကြလေသည်။

ပြည်မြို့မှ အင်္ဂလိပ်စစ်သားများက ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ ဂေါ်ဒဝင် အားခေါင်းလောင်းလေး တစ်လုံးကို ဆက်သကြသည်။ ထိုခေါင်းလောင်းလေးမှာ ပြည်မြို့ရွှေဆံတော် ဘုရားပေါ်မှ ယူငင်သွားသော ခေါင်းလောင်းလေးဖြစ်သည်။ ခေါင်းလောင်းလေး၏ ဘေးပတ်လည်တွင် အလှူရှင်၏ အမည်အား “အမရပူရမြို့ ဇေယျကျော်ထင်ဘွဲ့ခံ မောင် အောင်သူ နှင့် ဇနီးရှင်မင်းယောက် ၊ သမီးရှင်ဘုန် နှင့် ရှင်ထုန်တို့ ကောင်းမှုတော်” ဟူ၍ ရေးသားထားသည်။ ဗိုလ်ချုပ်ကြီး ဂေါ်ဒဝင်သည် သူ၏ စစ်မှုကိစ္စများပြီးဆုံး၍ အင်္ဂလန်သို့ပြန်သောအခါ ထိုခေါင်းလောင်းလေးကိုလည်း တပါတည်း ယူငင်သွားပြီးနောက် သူ၏ဆွေစဉ်မျိုးဆက် ရှေးဟောင်းပစ္စည်းအဖြစ် ဂုဏ်ယူကာ ထိန်းသိမ်းပြသ ထားခဲ့သည်။

ဗိုလ်ချုပ်ကြီး ဂေါ်ဒဝင်၏ မြေးဖြစ်သူ လက်ဖတင်နင်ကာနယ် ၊ အိပ်ဂေါ်ဒဝင်အော်စတင် လက်ထက်ရောက်သည့်အခါ ပဲခူးခရိုင် ဝန်ရှင်တော်မင်းကြီးထံသို့ စာတစ်စောင် ပေးပို့လာခဲ့သည်။ ခေါင်းလောင်းလေးအား မူရင်းနေရာဖြစ်သည့် ရွှေဆံတော်ဘုရားရင်ပြင်တွေ ပြန်လည်ထားပေးရန် အကြောင်းကြားသည့်စာပင်ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီးမှ အခုလိုပြန်လည်ပေးရသည့် အကြောင်းမှာ အဘိုးဖြစ်သူ၏ ဒိုင်ယာရီ ကိုဖတ်ကြည့်မိရာက ခေါင်းလောင်းသမိုင်းကို ခြေရာခံမိ၍ ယခုလိုပြန်လည်ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်းသိရသည်။ သူ၏ စာထဲတွင် ပါသောအချက်များအရ ခေါင်းလောင်းကလေးသည် အတော်ဂြိုဟ်မွှေခဲ့သည်ဟု ဆို၏။

ဤခေါင်းလောင်းလေး သူတို့အိမ်သို့ရောက်ရှိသည့် အချိန်မှ စ၍ စီးပွားပျက်ခြင်း ၊ အသေဆိုးဖြင့်သေခြင်း ၊ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်နေခြင်း ၊ အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်း စသည်တို့မှာ အမြဲတစေဖြစ်ပေါ်ကြသဖြင့် ဤခေါင်းလောင်းလေးက “ခိုက်သည်” ဟု ယူဆလျှက် အပြစ်တို့ကို သူ့အပေါ်စုပုံချကြသည်။ အဘိုးဖြစ်သူ၏ အမှတ်တရပစ္စည်း အဖြစ် မစွန့်ပစ်ရက်ပဲ ဆက်လက်ထားရာ အိမ်မက်ဆိုးများ ၊ အဖြစ်ဆိုးများ ၊ ထိတ်လန့်စရာများ ကြုံတွေ့နေရသဖြင့် ခေါင်းလောင်းလေးအား စွန့်ပစ်ရန် ၊ ဖျက်စီးရန်အမျိုးမျိုး ကြံစည်ခဲ့သော်လည်း အထမမြောက်ခဲ့။ နောက်ဆုံးရေတွင် စွန့်ပစ်ရန်ကြိုးစားစဉ်ကလည်း ခေါင်းလောင်းလေးကိုရေတွင် မြုပ်ခဲ့ပါက မိသားစု ဆွေစဉ်မျိုးဆက်ရေတွင်နစ်သေမည် ဟု ထပ်ခါထပ်ခါ အိပ်မက်မက်သဖြင့် ရေတွင်လည်း မဖျောက်ဖျက်ရဲခဲ့ပေ။ နောက်ဆုံးမူရင်းနေရာဖြစ်သော ပြည်ရွှေဆံတော်စေတီသို့သာ ပြန်ပို့ရန် ဆုံးဖြတ်မိကြောင်း ၊ ကုန်ကျ စရိတ်ကို မိမိတို့ကသာ ခံယူမည်ဖြစ်ကြောင်း ဆက်သွယ်လာခဲ့သည်။

သို့သော် ပဲခူးတိုင်းဝန်ရှင်တော်မင်းကြီးက ခေါင်းလောင်းသည် နှစ်ရှည်လများကြာပြီဖြစ်သဖြင့် ပြည်မြို့သူမြို့သားများသည် ထိုအကြောင်းကိုသိကြလိမ့်မည် မထင်။ သို့ဖြစ်၍ မြို့သူမြို့သားများနှင့် ဘုရား ဘဏ္ဍာတော်ထိန်းအဖွဲ့ လူကြီးများနှင့် တိုင်ပင်ပြီးမှ အကြောင်းပြန်ပါမည်ဟု သာ စာပြန်ပို့လိုက်သည်။

ထို့နောက် ဘိလပ် နှင့် ပဲခူးဝန်ရှင်တော်မင်းကြီး၏ ပေးစာပြန်စာများကို မှတ်တမ်းများတွင် မတွေ့ရတော့ချေ။ ပေးစာပြန်စာများ ဆက်လက်မတွေ့ရတော့သော်လည်း တစ်နေ့ သ၌ ထင်းရူးသေတ္တာတစ်လုံးဖြင့် အော်စတင် ပြန်ပို့လိုက်သော ခေါင်းလောင်းလေးသည် အင်္ဂလန်မှ ရန်ကုန်သို့ပြန်လည်ရောက်ရှိလာခဲ့သည်။ ရန်ကုန်မှ ပြည်မြို့အရေးပို င်ရုံး ၊ အရေးပိုင်ရုံးမှ ဘုရင်မှပန်းခြံသို့ ပို့ထားခဲ့သည်။ ထိုအတွင်း ပြည်အရေးပိုင်ခရီးထွက်သွားသဖြင့် ပြည်မြို့ငွေတိုက်၌ ၁၀ ရက်ခန့် သိမ်းဆည်းခဲ့ကြောင်းသိရသည်။ ထို့နောက် ခေါင်းလောင်းလေးအား အဆောင်အယောင်တို့ဖြင့် မြို့ကိုလှည့်ပတ်ကာ ရွှေဆံတော်ကုန်းတော်ပေါ်သို့ ပို့ဆောင်ထားခဲ့ကြသည်။

ကျိန်စာသင့်ခေါင်းလောင်းလေးကား မြန်မာပြည်သူ ရဟန်းပြည်သူများအတွက်တော့ ဟုတ်မည်မထင်ပေ။ ထိုးလိုက်လျှင် ထွက်လာသော ချိုအေးနေသည့်အသံက သူ၏ပင် ကိုယ် အေးချမ်းခြင်း နိမိတ်ပင်ဖြစ်သည်။ “ဘိလပ်ပြန်ခေါင်းလောင်း” လေးသည် ရွှေဆံတော်ဘုရား ရာဟုထောင့်တွင် အေးချမ်းစွာ တည်ရှိနေပေတော့သည်။

Ref:
ကျိန်စာသင့်တဲ့သမိုင်းပုံရိပ်များ – သန်းထွန်း(လှည်းကူး)

Leave a Reply