ဗိမာန်ဖြစ်သွားသော စစ်သင်္ဘောကြီး

Posted on

ရေးသားသူ – မနုဿကျော်ဝင်း

အချိန်ကား ၁၉၄၁ ခုနှစ်၊ဒီဇင်ဘာ ၇ ရက် တနင်္ဂနွေနေ့ နံနက်ခင်းတွင်ဖြစ်၏။ နေရာကား အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီကျွန်းစု ဟိုနိုလူလူမြို့ရှိ ပုလဲဆိပ်ကမ်းတွင်ဖြစ်၏။ ရေတပ်သားတစ်ထောင်ကျော်ခန့် သည် အာရီဇိုးနားစစ်သင်္ဘောကြီး (Arizona) ပေါ်တွင် စုရုံးရောက်ရှိနေကြ၏။ ထိုနေ့သည် တနင်္ဂနွေနေ့ဖြစ်သောကြောင့် သူတို့အားလုံးလိုလိုပင် စိတ်လက်ပေါ့ပါး လန်းဆန်းနေကြ၏။

ယခုကဲ့သို့ သဘောင်္ပေါ်တွင် စုရုံးရောက်ရှိနေကြခြင်းသည် ကြီးလေးသော တာဝန်တစ်ရပ်ကို ထမ်းဆောင်ကြရန်အတွက် မဟုတ်။ တနင်္ဂနွေနေ့နံနက်တိုင်း ခရစ်ယာန် ဘာသာဝင်တို့၏ ပြုမြဲဝတ်အရ စုရုံးကား ဘုရားရှိခိုးကြရန်ဖြစ်သည်။

နံနက် ၇ နာရီ ၅၆ မိနစ်တွင် အရေးပေါ်ဥသြသံကြီးတစ်ခုက ရုတ်တရက်ဆူညံစွာ ပေါ်ထွက် လာသည်။ မမျှော်လင့်သောအရပ်မှ မမျှော်လင့်သည့်ရန်သူတို့က မမျှော်လင့်သောအချိန်၌ လုံးဝမမျှော်လင့်ထားသည့်ည စစ်ဆင်မှုတင်္စရပ်ကို ပြုလုပ်ကြလေပြီ။ ‘မမျှော်လင့်’ ဟူသော စကားကို သုံးစွဲရသည်မှာ အကြောင်းရှိ၏။

ထိုအချိန်က ဥရောပနှင့် အာရှတစ်ခွင်တွင် ဒုတိယကမ္ဘာစစ်မီး စွဲလောင်နေကြပြီဖြစ်သည်။ သို့ရာတွင် အမေရိကန်နိုင်ငံသည် ထိုစစ်ကြီးနှင့် တိုက်ရိုက်ပတ်သတ်ခြင်း မရှိသေးချေ။ ထို့ကြောင့်လည်း ကမ္ဘာ့အရှေ့ဖျားမှ ရန်သူများ မိမိတို့ဆီရောက်လာလိမ့်မည်ဟု လုံးဝမျှော်လင့် မထားခဲ့ခြင်းဖြစ်၏။ သို့ရာတွင် ဂျပန်နိုင်ငံသည် မိမိ၏စ်မျက်နှာစာကို အရှေ့ဘက်သို့ပါ ဖြန့်ပစ်လိုက် ၏။

လုံးဝစစ်ကြေညာခြင်းမပြုဘဲ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နံနက်စောစောတွင် မိမိ၏တိုက်လေယာဉ် အုပ်စုတစ်စုကို စေလွှတ်ပြီး အမေရိကန်ပုလဲဆိပ်ကမ်းကို ရုတ်တရက်ဗုံးကြဲ တိုက်ခိုက်စေခဲ့သည်။ ထိုအချိန်၍ ပုလဲဆိပ်ကမ်းတွင် အမေရိကန်ရေတပ်ပိုင် စစ်သင်္ဘောအတော်များများ စုရုံး ရောက်ရှိနေကြ၏။ အလျား ၆၀၈ ပေ၊ ဗြက်အကျယ် ၉၇ ပေ၊ အလေးချိန် တန် ၃၂၀၀၀ ရှိအရီဇိုးနားစစ်သင်္ဘောကြီးနှင့် စီတန်းလျက် အခြားသင်္ဘော ၆ စင်းတို့ကို ကျောက်ဆူးချထား၏။ ထိုစစ်သင်္ဘော ၆ စင်းတို့မှာ တင်နက်ဆီ၊ အနောက်ဗာဂျီးနီးယား၊ မေရီလင်း၊ အိုကလာဟိုးမား၊ ကာလီဖိုးနီးယားနှင့် နီဗားဒါး တို့ဖြစ်ကြသည်။

၅ လလျှင်တစ်ကြိမ်ပြုမြဲအတိုင်း ဤသင်္ဘောများကိုပြန်လည်စုစည်းကာ ယင်းတို့၌ တပ်ဆင်ထားသော လက်နက်ခဲယမ်းမီးကျောက်များကို ပြန်လည်စစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း၏။ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်၏။ လောင်စာဆီများကို ဖြည့်ဆည်းသိုလှောင်၏။ ထို့ကြောင့်လည်း အဆိုပါစစ်သင်္ဘောများ အားလုံး၌ လောင်စာဆီများ၊ ခဲယမ်းမီးကျောက်များဖြင့် ပြည့်လျှံနေသည်။ ရန်သူ့လေယာဉ်ပျံများသည် အဆိုပါသင်္ဘောအုပ်စုရှိရာသို့ဦးတည်ပျံသန်းလာကာ ဗုံးများကြဲချကြ၏။ စက်သေနတ်များဖြင့် တရစပ်ပစ်ခတ်၏။

အာရီဇိုးနားစစ်သင်္ဘောကြီးအပါအ၀င် ကျန်စစ်သင်္ဘောများသည် ရန်သူ့လေယာဉ်ပျံ တို့ကို တုန့်ပြန်ခုခံရန် ချက်ချင်းပြင်ဆင်ကြ၏။ တော်ပီဒိုအမြောက်ကြီးများကို ရန်သူရှိရာသို့ ချိန်ရွယ်၏။ သို့ရာတွင် နောက်ကျသွားခဲ့လေပြီ။ ရန်သူ၏ ကြီးမားလှသော ဗုံးဆံကြီးတစ်ခုက အာရီဇိုးနားသင်္ဘော၏ ခေါင်းတိုင်ထဲသို့ ၀င်ရောက်ပြီး ဗဟိုချက်အရောက်၌ ပြင်းထန်စွားပေါက်ကွဲ၏။ ထိုမျှသာမက သင်္ဘောကြီးပေါ်၌ ဖြည့်တင်းသိုမှီးထားသော လောင်စာဆီများနှင့် ခဲယမ်းမီးကျောက်တို့ကိုပါ ကူးစပ်လောင်ကျွမ်းပြီး ပြင်ထန်စွာ ထပ်ဆင့်ပေါက်ကွဲကုန်၏။

ထို့ကြောင့် သင်္ဘောကိုယ်ထည်ကြီးတစ်ခုလုံသည် မည်းမှောင်နေသော မီးခိုးလုံးကြီးနှင့်အတူ ရေပေါ်အထက် ၂ ပေခန့်အထိ ဖြည့်ညှင်းစွာမြောက်တက်သွားခဲ့၏။ ထို့နောက် အစိတ်စိတ် အမြွာမြွာကွဲပြီး နစ်မြုပ်သွားခဲ့ရလေသည်။ ဤ မိနစ်အနည်းငယ်အတွင်း၌ပင် အာရီဇိုးနား သင်္ဘောကြီးပေါ်ရှိ ရာပေါင်းများစွာသော ရေတပ်သားတို့၏ အသက်ဇီဝိန်များလည်း ချုပ်ငြိမ်းခဲ့ကြရသည်။

စုစုပေါင်းတပ်သား(၂၄၀၀)အနက် (၂၈၉)ယောက်သာ အသက်ရှင်ကျန်ရစ်၏။ ကျန်စစ်သည်တို့မှာ ကျဆုံးပြီး အာရီဇိုးနား သင်္ဘောကြီးနှင့်အတူရေအောက်သို့ စုံးစုံးနစ်မြုပ်သွားခဲ့ကြရ လေသည်။ အသက်ရှင်ကျန်ရစ်သူတို့သည် ထိုစက်ဆီ၊ ဓာတ်ဆီများအကြားမှ ကမ်းရှိရာသို့ ခဲယဉ်းစွာ ကူး ခပ်ခဲ့ကြရ၏။ ထိုအချိန်၌ “ ဗက်စတဲလ် ” မည်သော သင်္ဘောကြီးတစ်စင်းသည် အာရီဇိုးနားသင်္ဘော ကြီးနှင့် ယှဉ်တွဲလျက်ရှိနေ၏။ ယင်းသင်္ဘောမှာ ပြုပြင်ပြီးခါစ ဖြစ်လေသည်။

“ အဲဒီသင်္ဘောကြီးကို နေရာအမြန်ဆုံးရွှေ့ပါ။” ကျယ်လောင်လှသော အမိန့်ပေးသံကြီးတစ်ခု ပေါ်ထွက်လာ၏။ ထိုအမိန့်အတိုင်း အချိန်မီနေရာရွှေ့ခဲ့ကြ၏။ အာရီဇိုးနားသင်္ဘော၏ အနောက်ဘက်၌ တွဲထားသော “ နီဗားဒါး ” သင်္ဘောသည်လည်း ဒဏ်ရာဒဏ်ချက်များဖြင့် ဦးလှည့်ထွက်ခွာ၏။

ထိုသင်္ဘော၏ကုန်းပတ်ပေါ်၌ အာရီဇိုးနားသင်္ဘောပေါ်မှ စစ်သည်အချို့ပါသွားသည်။ ဦးလှည့် ထွက်ခွာစဉ် အာရီဇိုးနားသင်္ဘောနှင့် ပွတ်တိုက်မိလုနီးပါးဖြစ်သွားခဲ့ရ၏။ ပျက်စီးနစ်မြုပ်စပြုနေပြီဖြစ်သော သူမ၏ အစ်မတော်အား နမ်းရှုပ်နှုတ်ဆက်ခဲ့လေရော့သလားဟုပင် ထင်မှတ်ရပေ၏။

အာရီဇိုးနားသင်္ဘောကြီးနှင့်အတူ အခြားစစ်သင်္ဘော ၆ စင်းတို့သည် ရေအောက်၌ စုံးစုံးမြုပ် သွားခဲ့ကြလေပြီ။ သို့ရာတွင် ထိုသင်္ဘောတို့မှ စိမ့်ယိုစီးထွက်နေသော လောင်စာဆီများကြောင့် ရေထဲ မှာပင် အလျှံတညီးညီးဖြင့် မီးလောင်နေဆဲဖြစ်၏။ ထိုနေ့ညတွင် ရေယာဉ်ငယ်လေးတစ်စင်းက မီးလောင်နေသည့် ရေပြင်နေရာဆီသို့ သွားရောက်ငြှိမ်းသတ်၏။ ရန်သူ၏လက်ချက်ကြောင့် ရေတပ်ဗိုလ်ချုပ်ကြီး “ အိုင်ဆက်စီကစ်ဒ်”၊ “ ဗိုလ်ကြီးဖရန်ကလင်ဗန် သော်လ်ကင်ဘား ” တို့နှင့်အတူ ရေတပ်သား တစ်ထောင်ကျော်ကျဆုံးသွားခဲ့ ရလေသည်။

ကြည်လင်လှသော သမုဒ္ဒရာရေမျက်နှာပြင်အောက်၌ အာရီဇိုးနားသင်္ဘော၏ ကိုယ်ထည်ကြီးကို ယနေ့ထက်တိုင် ထင်ထင်ရှားရှား မြင်တွေ့နိုင်၏။ သူတို့သည် ထိုရေသင်္ချိုင်းနေရာ တွင် အမှတ်တရဗိမာန်ကြီးတစ်ခုကို တည်ဆောက်ခဲ့ကြ၏။ ထိုဗိမာန်သည် အာရီဇိုးနားသင်္ဘောကြီး၏ အပေါ်ပိုင်းကိုယ်ထည်ပုံသဏ္ဍာန်အတိုင်းပင်ဖြစ်သည်။ စာရေးသူသည် ၁၉၇၇ ခုနှစ်တွင် ပြတိုက်ပညာတော်သင်အဖြစ် အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ယီပြည်နယ်၊ ဟိုနိုလူလူမြို့သို့ သွားရောက်ခဲ့ရ၏။ “ ဟိုနိုလူလူသို့ရောက်လျှင် ပုလဲဆိပ်ကမ်းကို မသွားဘဲအနေပါနှင့် ” ဟူသော အမှာစကားကို ကြားဖူးခဲ့ပေရာ ထိုနေရာသို့ မရောက်ရောက်အောင် သွားခဲ့၏။

စာရေးသူသွားရောက်လည်ပတ်သောနေ့သည် တနင်္ဂနွေနေ့ နံနက်ခင်းတွင်ဖြစ်၏။အာရီဇိုးနား အမှတ်တရဗိမာန်ကြီးသည် ကမ်းနှင့်အတန်ငယ်ကွာဝေးသောနေရာတွင် တည်ရှိပေရာ မော်တော်ဘုတ်အငယ်လေးများဖြင့် သွားမှသာ ရောက်နိုင်၏။ အမေရိကန်ရေတပ်မှ စစ်သမီးများ မောင်းနှင်သည့် မော်တော်ဘုတ်ငယ်ကလေးများသည် အာရီဇိုးနားဗိမာန်သို့ လေ့လာလိုသူများကို ပို့ဆောင်ပေးရန် အသင့်စောင့်ကြိုနေ၏။ သို့ရာတွင် တစ်ကြိမ်လျှင်လူပေါင်း ၄၀ ခန့်စီသာပို့ဆောင်ပေး၏။

ထို့ကြောင့်လည်း မိမိတို့အလှည့်သို့ ကျရောက်ရန်အတွက် ခေတ္တစောင့်ဆိုင်းကြရသည်။ မကြာလှပါ။ စာရေးသူတို့၏ အလှည့်သို့ ရောက်လာ၏။ မော်တော်ဘုတ်ပေါ်တွင် သတ်မှတ်ဦးရေပြည့် သည်နှင့် ကမ်းမှစတင်ထွက်ခွာ၏။ မော်တော်ငယ်သည် အမှတ်တရဗိမာန်ဆီသို့ တိုက်ရိုက်ခုတ်မောင်း ခြင်းမပြုသေးချေ။ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက် နံနက်၌ ရန်သူများအလစ်အငိုက်ဝင်ရောက်တိုက် ခိုက်ခဲ့သည့် ရေပြင်နေရာတစ်ခုလုံးကို နှံ့စပ်စုံစေ့အောင် လိုက်လံပြသပေး၏။

“ အဲဒီနေရာကတော့ အိုကလာဟိုးမားသင်္ဘောကြီးနစ်မြုပ်သွားတဲ့နေရာ၊ ဟိုနေရာကတော့ မေရီလင်း သင်္ဘောကြီးနစ်မြုပ်သွားတဲ့နေရာ ” စသည်ဖြင့် စစ်သည်တစ်ဦးက ရှင်းလင်းပြသ၏။ သို့ကလို စုံလင်နှံ့စပ် အောင် လှည့်ပတ်ပြသပြီးမှ အာရီဇိုးနားဗိမာန်ဆီသို့ ဆိုက်ကပ်ပေး၏။ တက်ရောက်ကြည့်ရှုလေ့လာစေ၏။

အာရီဇိုးနားဗိမာန်ပေါ်၌ကား အတိတ်ကာလမှ အောက်မေ့ဖွယ်ရာတို့ဖြင့် ပြည့်လျှမ်းနေသည်။ အတိတ်မှဖြစ်ရပ်တို့ကို တရေးရေးပြန် လည်မြင်ယောင်သတိလာနိုင်အောင် ဖန်တီးထား၏။ တစ်နည်း အားဖြင့် စစ်သမိုင်းပြတိုက်တစ်ခုသဖွယ်စီမံဖန်တီးပြသထားပါသည်။ အာရီဇိုးနားသင်္ဘောကြီးနှင့်အတူ ကျဆုံးသွားခဲ့ သောရေတပ် “ ဗိုလ်ချုပ်ကြီး အိုင်ဆက်စီကစ်ဒ် ” အပါအ၀င် စစ်သည်တော်များ၏အမည်စာရင်းကိုနံရံတွင်ရေးထိုးထား၏။ ထို့အပြင်၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက် နံနက်ခင်း၏မြင်ကွင်းဆိုင်ရာဓာတ်ပုံမှတ်တမ်းများကိုလည်းပြသထား၏။

စာရေးသူ၏မျက်လုံးထဲ၌ သည်ကနေ့ တိုင်အောင်စွဲထင်ကျန်ရစ်နေသည်ကား မီးဟုန်းဟုန်းတောက်လောင်နေသောအာရီဇိုးနားစစ်သင်္ဘောကြီး၏ မြင်ကွင်းဓာတ်ပုံပင်ဖြစ်၏။ နစ်မြှုပ်သွားခဲ့သောထိုသင်္ဘောကြီးမှ ကျောက်ဆူး၊ သံတိုသံစ၊ လက်နက် ကိရိယာအပိုင်းအစ တို့ပါမကျန် ဤဗိမာန်အတွင်း ရှိပြခန်းထဲ၌ပြသထားသည်။ အာရီဇိုးနားဗိမာန်ကိုသူတို့သည် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်တည် ဆောက်ခဲ့ကြခြင်းမဟုတ်။ အမှတ်တရ ဗိမာန် ကြီးတစ်ခုအဖြစ်သာတည် ဆောက်ခဲ့ကြခြင်းဖြစ်၏။ ထို့ကြောင့်လည်း ဤဗိမာန်၌အလံတော် ကိုအပြည့်လွှင့်ထူထား၏။ အခင်းဖြစ်ပွားသည့်နေ့၌နံနက်ခင်း၏မြင်ကွင်း ကိုအမှတ်ရစိမ့်သောငှာနံနက်တိုင်းအလျှံတညီးညီးဝင်းထိန်နေစေရန် လျှပ်စစ်မီးများကိုထွန်းထားလေ့ရှိ၏။

ညနေခင်းတွင်မူအမှောင်ချထားလေ့ရှိသည်။ ၁၉၄၁ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နံနက် ခင်းတွင် ရန်သူ၏လက်ချက်ကြောင့်ဤနေရာ၌မီးဟုန်းဟုန်း တောက်ခဲ့ရ၏။ ညနေခင်းတွင် မီးတောက်မီးလျှံများငြိမ်းသွား ခဲ့ရသည်ဟူသော အဖြစ်အပျက်အလုံးစုံကိုအောက်မေ့သတိရစိမ့်သောငှာ အသက်သွင်းပေးထား သည့် သဘောပင်ဖြစ်ပါ သည်။ စစ်ပြန်ရဲဘောဟောင်းကြီးများ၊ အမယ်အို၊ အဘိုးအိုကြီးများ ဤနေရာသို့တဖွဲဖွဲရောက်လာလေ့ရှိကြ၏။ ကျဆုံးသူ တို့ကိုအလေးပြုကြ၏။ အမယ်အို တစ်ဦးသည် ဤဗိမာန်အတွင်းလှည့် လည်ကြည့်ရှုရင်းရစ်ဝဲယိုစိမ့်လာသောမျက်ရည်တို့ ကိုလက်ကိုင်ပ၀ါဖြင့် သုတ်၏။ ကျဆုံးသွားခဲ့သော ၎င်း၏သွေးရင်းသားရင်းစစ်သည်တော်တစ်ဦးဦးကို သတိရမိ၍ပေလော။ ထိုစဉ်အခိုက် စစ်ပြန်ရဲဘော်ဟောင်းကြီးတစ်ဦးက သက်ပြင်းတစ်ချက်ကိုမသိမသာရှိုက်လိုက်ပြီး

“အမှန်တော့ကျုပ်လည်း သူတို့နဲ့အတူပါသွားဖို့ပါပဲ၊ ဒါပေမယ့်အဲဒီအချိန် တုန်းကတာဝန်တစ်ရပ်နဲ့ ကမ်းပေါ်ရောက်နေတာ ကြောင့်ကျန်ရစ်ခဲ့ရတာ ပါ´´ဟု ပြော၏။

ထိုပုဂ္ဂိုလ်သည်သေမင်း၏ဖယ်ချန်ထားခြင်းကိုခံခဲ့ရသူပါတကား။ ငယ်ရွယ်သူရဲဘော်လေးတစ်စုက ဦးထုပ်များ ကိုချွတ်ပြီး ကျဆုံးသူများကိုအလေးပြု၏။ အခင်းဖြစ်ပွားစဉ်အချိန်တုန်းက ဤရဲဘော်လေးများကို မွေးပင်မွေးဖွားဦးမည်မဟုတ်သေးချေ။ သို့ရာတွင်သူတို့ကိုယ်တိုင်ထိုတိုက်ပွဲတွင် ပါဝင်ခဲ့ရသလို ခံစားနေကြ ရဟန်တူ၏။ တည်ငြိမ်လေးနက်သောထိုစစ် သည်တော်လေးများ၏မျက်နှာ၌ တစ်စုံတစ်ရာကိုစဉ်းစား အောက်မေ့နေကြဟန်ပေါ်လွင်နေ၏။

အာရီဇိုးနားစစ်သင်္ဘောကြီးသည် ရန်သူ၏တိုက်ခိုက်နစ်မြှုပ်ခြင်းမခံရမီတုန်းက ဆိုလျှင် ကမ္ဘာဝင်ရိုးစွန်းအထိခရီး ဆန့်ခဲ့ဖူး ၏။ ကမ်းခြေအသီးသီး၌ဂုဏ်ပြုခြင်းခံခဲ့ရဖူး၏။ ယခုတော့ အဏ္ဏ၀ါရေပြင်အောက် ၌ငြိမ်သက်စွာ လဲလျောင်းနေရရှာလေပြီ။

နှစ်ပေါင်းများစွာကြာညောင်းခဲ့ပြီဖြစ်သော်လည်း သူမ၏ခန္ဓာကိုယ်မှစက်ဆီများက သွေးများတဖွယ် တစိမ့်စိမ့်ယိုနေဆဲဖြစ် သည်။ တစ်နေ့နေ့တွင် ဤယိုစိမ့်နေသောသွေးများ လုံးဝခြောက်ခန်း သွားပေလိမ့်မည်။ သို့ရာတွင်သူတို့သည်အာရီဇိုးနား သင်္ဘောကြီးကိုလုံးဝမေ့ပျောက်နိုင်ကြမည် မဟုတ်။ ဤသင်္ဘောကြီးကိုသက်ဝင်လှုပ်ရှားလျက်ရှိနေသကဲ့သို့ပင် သတ်မှတ် ထားကြ၏။

စစ်သင်္ဘောများ၏အမည်စာရင်းမှ မပယ်ဖျက်သေးသကဲ့သို့ ယင်း၏အမည်ကိုလည်း အခြားသင်္ဘောအသစ်များ အတွက် မှည့်ခေါ်စေခြင်းမပြုခဲ့ချေ။ အာရီဇိုးနားဗိမာန်ကြီးတည်ရှိနေသမျှကာလပတ်လုံး သူတို့သည်အတိတ် မှဖြစ်ရပ်များကိုပြန် ပြောင်းအောက်မေ့သတိရနေကြလိမ့် မည်။ စစ်မက်ဘေးဒဏ်၏အနိဌာရုံများကို ပြန်ပြောင်းသတိရဆင်ခြင်နေမိကြပေ လိမ့်မည်။ ။

မနုဿကျော်ဝင်း
(ကိုယ်တိုင်ရောက်ရှိလေ့လာခဲ့ရမှုနှင့် ၁၉၆၈ ခုနှစ်၊ ဇန်န၀ါရီလထုတ် Reader’s Disest မှ Arizona : The Ship that Became a Shrine ဆောင်းပါးပါအချက်အလက်တို့ကို ပေါင်းစပ်ရေးသားပါသည်။)

Leave a Reply