သူလျိုအပေါင်းတို့ရဲ့ ထိပ်သီး (သို့) အစ္စရေးက အလီကိုဟင်

Posted on

ဆရာတင်နွယ်မောင်ဘာသာပြန်တဲ့ မော့ဆက် စာအုပ်မှ

၁၉၃၉ ခုနှစ်။
ပါလက်စတိုင်းဒေသနှင့် ပတ်သက်သော အင်္ဂလိပ်အစိုးရ၏ သဘောထား ကြေညာချက် စက္ကူဖြူစာတမ်း ထွက်လာချိန် ဖြစ်သည်။ ပါလက်စတိုင်းဒေသရှိ ဂျူးအဖွဲ့ဖြစ်သော ရီရူအဖွဲ့ကြီးနှင့် ကမ္ဘာအရပ်ရပ်ရှိ ဇီယွန်ဝါဒီများသည် ယင်းကြေညာချက်ကြောင့် အလွန်မကျေမနပ် ဖြစ်နေကြသည်။ ဗြိတိသျှတို့က ပါလက်စတိုင်းဒေသို့ တဖြည်းဖြည်း လွတ်လပ်ရေးပေးမည်။ သို့သော် ပထမ(၅)နှစ်အတွင်းတွင် ဂျူး(၇၅ဝဝဝ)သာ လက်ခံမည်ဟု စက္ကူဖြူစာတမ်းက ဆိုထားသည်။ (၅)နှစ်ကျော်လွန်သွားလျှင် ဂျူးများကို လက်ခံရာ၌ ပါလက်စတိုင်းဒေသခံ အာရပ်များနှင့် အခြားအာရပ်နိုင်ငံများ၏ သဘောတူညီမှု ရယူရမည်ဟု ဆိုထားပြန်သည်။

၁၉၃၉ ခုနှစ် သြဂုတ်လတွင် ဂျီနီဗာ၌ ကျင်းပသော (၂၁)ကြိမ်မြောက် ဇီယွန်ကွန်ဖရင့်သည် ယေဘုယျအားဖြင့် ဗြိတိသျှတို့၏ သဘောထားကို လက်တွေ့ကျကျ ဆန့်ကျင်ကြရန် ဖြစ်လေသည်။ ဂျူးတို့၏ ဆန့်ကျင့်မှုသည် သိပ်သက်ဆိုး မရှည်ရှာပါ။ ဂျူးကွန်ဖရင့်ပြီး၍ ရက်အနည်းငယ်အတွင်းမှာပင် ဟစ်တလာ၏ နာဇီတပ်များသည် ပိုလန်နိုင်ငံကို ဝင်ရောက် သိမ်းပိုက်လေသည်။ ဒုတိယကမ္ဘာစစ်ကြီး စတင်ခဲ့ပေပြီ။ ထိုအခါ ဂျူးအဖွဲ့ကြီးဖြစ်သော ရီရူသည် နာဇီဝါဒကို ဆန့်ကျင်သော ဗြိတိသျှစစ်ရေးလုပ်ဆောင်ချက်များကို အကြွင်းမဲ ထောက်ခံကြောင်း၊ ဗြိတိသျှတို့နှင့် အတူတကွ လက်တွဲမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ကြေညာသည့်အတိုင်းလည်း ဂျူးတို့သည် အဘက်ဘက်မှ မိမိတို့၏ အတတ်ပညာကို အသုံးချပြီး ကူညီကြရှာသည်။ ထောက်လှမ်းရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ဂျူးလက်နက်ကိုင်တပ်ဖွဲ့များ သီးခြားဖွဲ့စည်း လှုပ်ရှားခဲ့ကြသော်လည်း အောင်မြင်မှု သိမရခဲ့ကြချေ။

၁၉၄၁ ခုနှစ် နွေဦးရာသီ
ဂျာမန် ဗိုလ်ချုပ် ရွမ်မဲလ်၏ စစ်တပ်များသည် အီဂျစ်နိုင်ငံသို့ တဖြည်းဖြည်း ရှေးရှုချီတက်လာသည်။ ထိုအခါ ဗြိတိသျှတို့သည် ဂျူးလူမျိုးတို့ ပေးသော စစ်တပ်အင်အားကို အပြည့်အဝ အသုံးပြုခဲ့ကြသည်။ ဟီးဘရူးဘာသာဖြင့် ဟာဂါနာဟု ခေါ်သော ဂျူးတပ်မတော်သည် ပယ်လ်မတ်ခ်ျ ဟု အမည်တွင်သော အထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်း၍ အထူးတာဝန်ဖြင့် ဆင်နွှဲရသည့် တိုက်ပွဲမျာကို တိုက်ခိုက်ရသည်။ အာရပ်အကြမ်းဖက်သမားများကို ကလဲစားချေရန် ဖွဲ့စည်းထားသော အာဂွန်အမည်ရှိ ဂျူးအယူသည်းသမားများ၏ အဖွဲ့ကြီးပင်လျှင် ဝင်ရောက် တိုက်ခိုက်ပေးခဲ့သည်။ ထိုနှစ်ကုန်ခါနီးတွင် စစ်ရေးအရ အထက်စီးရကြသည်။ သို့သော် ၁၉၄၂ ခု နှစ်ဦးတွင် ရွမ်မဲလ်သည် အီဂျစ်နယ်စပ်အထိ ထိုးစစ်ဆင်လာသည်။ ပါလက်စတိုင်းဒေသကို ဝင်ရောက်သိမ်းပိုက်ရန် လုံးဝသေချာနေပေပြီ။

ဂျူးတပ်ဖွဲ့များသည် အချင်းချင်း သဘောထားကွဲလွဲမှုများနှင့် ဗြိတိသျှတို့အပေါ် မကျေနပ်ချက်များကို ဘေးဖယ်၍ အချင်းချင်း စည်းလုံးညီညွတ်စုစည်းကြပြီး ဂျာမန်တို့ ဝင်ရောက်တိုက်ခိုက်မည့် အန္တရာယ်ကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်ခဲ့ကြသည်။ ပါလက်စတိုင်းဒေသကို ဂျာမန်တို့ သိမ်းပိုက်မည့် အန္တရာယ်ကို ၁၉၄၂ ခုနှစ် နွေဦးတွင် အမြစ်ဖြုတ်နိုင်ခဲ့သည်။ အယ်လ်မိန်း စစ်ပွဲတွင် ဂျာမန်တို့ကို အနိုင်တိုက်နိုင်ခြင်းက ဂျာမန်ထိုးနှက်ချက်ကို နိဂုံးချုပ်စေခဲ့သည်။ ပါလက်စတိုင်းဒေသတွင် ဂျာမန်ထိုးနှက်ချက်အတွက် စိုးရိမ်စရာ မရှိတော့သောအခါ ဗြိတိသျှတို့သည် ဝင်ရောက်လာသော ဂျူးလူမျိုးတို့အပေါ် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပြန်သည်။ သူတို့သည် ဂျူးတို့၏ နိုင်ငံရေးရည်မှန်းချက်များကို အလွန်စိုးရိမ်ကြသည်။ဗြိတိသျှတို့သည် စစ်စတင်စကပင် အတူတကွ ပခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့သော ဟာဂါနာ ဂျူးတပ်မတော်တွင်ရှိသော လက်နက်များကိုပင် ပြန်လည်သိမ်းပိုက်ခဲ့သည်။ ထို့ပြင် ဂျူးတို့၏ နိုင်ငံရေးလှုပ်ရှား စွမ်းဆောင်ချက်များကို တားဆီးပိတ်ပင်ခဲ့သည်။

၁၉၄၂ ခုနှစ်နှင့် ၁၉၄၃ ခုနှစ်များတွင် ဥရောပရှိ ဂျူးများကို သုတ်သင် သတ်ဖြတ်နေကြကြောင်း သတင်းများ မကြာခဏ ထွက်ပေါ်လာခဲ့သော်လည်း ဗြိတိသျှတို့က မိမိတို့နှင့် မဆိုင်သလို လုပ်နေခဲ့ကြသဖြင့် ဂျူးတို့သည် ဗြိတိသျှတို့အပေါ် မုန်းတီးစိတ်များ ပိုမို ဖြစ်ပေါ်လာကြသည်။ ဤသို့သော အခြေအနေတွင် ဂျူးအယူသည်းသမားများသည် ဗြိတိသျှတို့ကို အကြမ်းဖက်၍ ဆန့်ကျင်တိုက်ခိုက်ကြလေသည်။ ထိုအဖွဲ့များထဲတွင် လက်အသွက်ဆုံးသော အဖွဲ့ကို လေချီဟု တွင်ပြီး စာပေပညာရှင်တစ်ဦးဖြစ်သူ အေဘရာ ဟင်စတန်းက ဦးဆောင်လေသည်။ လေချီအဖွဲ့သည် ၁၉၄ဝ ခုနှစ်တွင် အာဂွန်အဖွဲ့ကြီးမှ ခွဲထွက်ခဲ့ခြင်း ဖြစ်သည်။ လေချီသည် ဒုတိယ ကမ္ဘာစစ်ကြီးတလျောက် ဗြိတိသျှတို့ကို ဆန့်ကျင်ခဲ့လေသည်။ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဗြိတိသျှတို့သည် အေဘရာ ဟင်စတန်းကို ဖမ်းမိသွားပြီး ချက်ချင်းပင် ကွက်မျက်ခဲ့သည်။ ထိုအချိန်မှစ၍ သူ၏ လေချီအဖွဲ့သည် ပြိုကွဲခဲ့ရသည်။ သို့ရာတွင် သူ၏ အဖွဲ့သားများသည် ဗြိတိသျှတို့အား ဆက်လက်တိုက်ခိုက်ခဲ့ပြီး ၁၉၄၄ ခုနှစ် ဇန်နဝါရီလတွင် အာဂွန်နှင့် ပူးပေါင်းလိုက်ကြသည်။ အာဂွန်အဖွဲ့ကြီးသည် ၁၉၄၃ ခုနှစ် ခေါင်းဆောင်အပြောင်းအလဲ ဖြစ်ပြီးစကပင် ဗြိတိသျှတို့နှင့် မပူးပေါင်းတော့ဘဲ ပြန်လန် ဆန်ကျင့်တိုက်ခိုက်ခဲ့လေသည်။

၁၉၄၄ ခုနှစ် နိုင်ဝင်ဘာလ(၅)ရက်နေ့တွင် ဗြိတိသျှတော်လှန်ရေးသည် အမြင့်ဆုံးသော ဒီဂရီသို့ ရောက်ရှိခဲ့သည်။ ထိုနေ့တွင် လေချီအဖွဲ့ဝင်များဖြစ်သော အီလီယားဟူ ဘိတ်ဇူရီနှင့် အီလီယားဟူ ဖာကင် အမည်ရှိ လူငယ်(၂)ဦးသည် အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ဗြိတိသျှအတွင်းဝန် လော့ဒ်မွိုင်းအား ကိုင်ရိုမြို့တော်ရှိ သူ၏ အိမ်တော်အပြင်ဘက်တွင် သတ်ဖြတ်လုပ်ကြံခဲ့သည်။ ဤလုပ်ကြံမှုကြီးကို တကမ္ဘာလုံးက ရှုတ်ချခဲ့ကြသည်။ ဗြိတိသျှလူမျိုးများနှင့် ကမ္ဘာသူ ကမ္ဘာသားတို့က ဤအပြုအမူကို ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသည်။ ပါလက်စတိုင်းနှင့် အီဂျစ်နိုင်ငံတို့တွင် ရှိသော ဂျူးများ၊ ခရစ်ယန်ဘာသာဝင်များနှင့် မူဆလင်တို့သည် ဤလုပ်ကြံသတ်ဖြတ်မှုကို အပြစ်တင် ရှုတ်ချခဲ့ကြသည်။ ပါလက်စတိုင်းဒေသရှိ ဂျူးအဖွဲ့ကြီးဖြစ်သော ရီရှုနှင့် အာဂွန်အဖွဲ့ကြီးသည် ဗြိတိသျှပုလိပ်များနှင့် ပေါင်း၍ လေချီအဖွဲ့နှင့် ပူးပေါင်းသူများကို ကူညီဖမ်းဆီးပေးခဲ့သည်။ အီဂျစ်နိုင်ငံတွင် ရှိသော ဂျူးလူမျိုး(၃)သိန်းကျော်တို့ကလည်း ဤလုပ်ကြံမှုကြောင့် မူလက မကောင်းခဲ့သော အခြေအနေသည် ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်ကြသည်။

၁၉၃ဝ ခုနှစ်မှ ၁၉၄၉ ခုနှစ်များအတွင်းတွင် ပါလက်စတိုင်းဒေသ၌ ဂျူးတို့နှင့် မူဆလင်ဘာသာဝင်တို့ မကြာခဏ တိုက်ပွဲများ သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲသည်။ ထို့ကြောင့် အီဂျစ်နိုင်ငံအတွင်းတွင် ဂျူးလူမျိုးတို့အား မုန်းတီးမှုများ ပိုမိုကြီးမားလာရသည်။ ထို့ကြောင့် ဇီယွန်ဝါဒီတို့သည် အီဂျစ်နိုင်ငံအတွင်းရှိ ဂျူးတို့ထံမှ အကူအညီတောင်းခံလာသောအခါ မရဘဲ ခါးခါးသီးသီး ငြင်းခဲ့ကြလေသည်။ ဂျူးသူလျှို တစ်ဦးဖြစ်သူ ဂုဒ်ကလီဂါ အမည်ရှိ အမျိုးသမီးသည် ဂျူးကုန်သည်ကြီးတစ်ဦးကို သွားရောက် တွေ့ဆုံသောအခါ ကုန်သည်ကြီးက “ဂျူးတွေဟာ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မထင်မရှား နေထိုင်ကြဖို့ ကောင်းတယ်”ဟု ဆုံးမလွှတ်လိုက်သည်။ ဂျူးတို့၏ အကူအညီကို နောက်ထပ် တောင်းခံမည်ဆိုပါက “ခွေးများဖြင့် ရှူးတိုက် ကိုက်ခိုင်းဦးမည်”ဟုပင် ပြောလိုက်လေသည်။

လော့ဒ်မွိုင်းကို လုပ်ကြံသတ်ဖြတ်ခဲ့သော လေချီအဖွဲ့ဝင် လူငယ်(၂)ဦးကို ခုံရုံးတင်သောအခါ သူတို့နှစ်ဦး၏ အမူအရာများသည် သူတို့အား ပြင်းထန်စွာ ဆန့်ကျင်ခဲ့ကြသူများ၏ အသည်းနှလုံးကို လှုပ်ကိုင်နိုင်ခဲ့သည်။ နိုင်ငံခြားသတင်းထောက်များသည် ထိုလူငယ်(၂)ယောက်၏ တိကျပြတ်သားသော စိတ်ဓာတ်နှင့် ရဲစွမ်းသတ္တိတို့ကို အံသြချီးမွမ်း၍ ကမ္ဘာသို့ သတင်းပို့ခဲ့သည်။ ထိုလူငယ်(၂)ဦးသည် တရားခွင်၌ စစ်ဆေးမေးမြန်ခံနေရစဉ် မကြာခဏ ဆိုသလို နိုင်ငံရေးမိန့်ခွန်းများ ပြောကြားကြလေသည်။ သူတို့က သူတို့၏ အပြုအမူသည် တာဝန်အရ လုပ်ဆောင်ချက်ဖြစ်ကြောင်း သူတို့၏ နိုင်ငံလွတ်လပ်ရေးရရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည့် အကြမ်းဖက်မှုကို သုံးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လေချီအဖွဲ့ဝင်(၂)ဦးက ဗြိတိသျှအစိုးရသည် ဂျူးထောင်ပေါင်းများစွာတို့အား နာဇီအကျဉ်စခန်းများတွင် ခွေးသေဝက်သေ သေကြရန် စွန့်ပစ်ထားသည်ဟု စွပ်စွဲ ပြောဆိုသည်။ ဂျူးတို့အား ပါလက်စတိုင်းဒေသသို့ ပြောင်းရွှေ့နေထိုင်ခွင့် ပိတ်ပင်ခြင်းသည်။ နာဇီအကျဉ်းစခန်းများထဲသို့ ပို့ပေးခြင်းပင် ဖြစ်သည်ဟု ဆိုလေသည်။

လေချီအဖွဲ့ဝင်(၂)ဦးကို အာရပ်မျိုးချစ်များကပင် သနားခဲ့ကြလေသည်။ ထိုကြောင့် “လော့ဒ်မွိုင်းကို သတ်သူများ လွှတ်ပေး”ဟူသော ပိုစတာများကို ဆွဲကိုင်၍ ကိုင်ရိုလမ်းမများကို လှည့်လည်ဆန္ဒပြ တောင်းဆိုကြသည်။ ထိုစဉ်က ကိုင်ရိုမှ ဗြိတိသျှလုံခြုံရေးတာဝန်ခံသည် ထိုလူငယ်နှစ်ဦးနှင့် ပတ်သက်၍ အောက်ပါအတိုင်း ပြောကြားခဲ့သည်။
“ဖမ်းမိခဲ့တဲ့ လူတွေထဲမှာ ဒီ(၂)ယောက်လောက် ထူးခြားတာ ကျုပ်မတွေ့ဖူးဘူး။ သူတို့ဟာ ရဲရင့်တယ်၊ မာနရှိတယ်၊ ကြမ်းတမ်းတယ်။ ပြီးတော့ ခံစားချက် လုံးဝမရှိတဲ့ တယူသန်သမားကလေးတွေပါပဲ…”
မည်သို့ပင်ဆိုစေ လူသတ်သမား (၂)ဦးကို မသေမချင်း ကြိုးပေးသတ်ရန် ဗြိတိသျှတို့က စီရင်ချက်ချခဲ့သည်။ ထိုစီရင်ချက်အတိုင်း ၁၉၄၅ ခုနှစ် မတ်လ(၂၂)ရက်နေ့တွင် ကြိုးပေးလိုက်လေသည်။ ကြိုးပေးခံရသူ နှစ်ဦးသည် သူတို့၏ ရဲစွမ်းသတ္တိကို နောက်ဆုံးအချိန်အထိ ပြသသွားကြသည်။ လူငယ်(၂)ဦးသည် ကြိုးစင်ပေါ်တွင် ဟီးဘရူးဘာသာဖြင့် “မျှော်လင့်ချက်”ဟု အဓိပ္ပါယ်ရှိသော (Hatikva) “ဟာတိကဗာ” အမည်ရှိ သီချင်းကို သီဆိုကြလေသည်။ ထိုသီချင်းသည် ယခုအခါတွင် အစ္စရေးနိုင်ငံ၏ နိုင်ငံတော်သီချင်း ဖြစ်လာသည်။ သူတို့၏ လည်ပင်းတွင် ကြိုးကွင်းများ စွပ်လိုက်ပြီးနောက် မျက်နှာဖုံးများ စွပ်ပေးခြင်းကို လက်မခံကြချေ။ သူတို့သည် မျက်နှာဖုံးမစွပ်ဘဲ သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်လိုက်ကြသည်။ ထိုလူငယ်(၂)ဦးကို ကြိုးပေးလိုက်ခြင်းသည် အီဂျစ်တွင်ရှိသော ဂျူးလူမျိုးများ၏ စိတ်နှလုံးကို လှုပ်ရှားထိခိုက်စေသည်။ အချို့သော ဂျူးများအတွက်မူ ပါလက်စတိုင်းဒေသနှင့် ဇီယွန်ဝါဒအပေါ် ထားရှိသော သူတို့၏ သဘောထားကို ပြောင်းလဲစေခဲ့လေသည်။

ဤသို့ သဘောထား ပြောင်းလဲလာခဲ့ကြသည့် ဂျူးများထဲတွင် အသက်(၂ဝ)သာ ရှိသေးသော အလက်ဇန္ဒြီယားမြို့သား အလီယားဟူ ကိုဟင်လည်း ပါဝင်သည်။ အလီကိုဟင်ကို ၁၉၂၄ ခုနှစ် ဒီဇင်ဘာ(၁၆)ရက်နေ့တွင် အလက်ဇန္ဒြီးယားမြို့၏ ဂျူးရပ်ကွက်တွင် မွေးဖွားခဲ့သည်။ သူ၏ ဖခင်သည် ရှောကိုဟင် ဖြစ်ပြီး မိခင်သည် ဆိုဖီ ကိုဟင် ဖြစ်သည်။ ကိုဟင်၏ မိဘများသည် ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှ အီဂျစ်နိုင်ငံသို့ ပြောင်းရွှေ့လာသူများ ဖြစ်သည်။
ဖခင်ဖြစ်သူ ရှောကိုဟင်သည် ပဲရစ်မြို့မှ တင်သွင်းသော ပိုးသားလည်စည်းများကို လူကုံထံများထံ ရောင်းချင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းရသည်။ အလီကိုဟင်တို့ မိသားစုသည် စားနိုင်သောက်နိုင် ရှိကြပါသည်။ သို့သော် ကလေး(၈)ယောက်၏ စားဝတ်နေရေးသည် အဓိကဖြစ်သဖြင့် ဖောဖောသီသီ မသုံးစွဲနိုင်ကြပါ။

ကိုဟင်သည် သူ၏ ညီအစ်ကို မောင်နှမများကဲ့သို့ပင် ဘာသာတရားကိုင်းရှိုင်းသော ဂျူးတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သည်။ သို့ရာတွင် ကိုဟင်သည် သူ၏ ညီအစ်ကို မောင်နှမများကဲ့သို့ မဟုတ်ဘဲ ဘာသာရေးစည်းကမ်းများကို တိကျစွာ လိုက်နာခဲ့သည်။ သူ၏ ညီအစ်ကိုများသည် ဆုတောင်းဝတ်ပြုခြင်းကို ရှောင်ရှားနေစဉ်၌လည်းကောင်း၊ စနေ့နေ့ ဥပုသ်စောင့်ရမည့်အချိန်တွင် မိတ်ဆွေအပေါင်းအသင်းများနှင့် အချိန်ဖြုန်နေစဉ်လည်းကောင်း ကိုဟင်တစ်ယောက် ဂျူးဘုရားရှိခိုးကျောင်းထဲတွင် ရှိနေပါသည်။ ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များနှင့် ပွဲတော်များတွင် ကိုဟင်သည် လူကြီးများနှင့် အတူတကွ လိုက်ပါ၍ ဆုတောင်းဝတ်ပြုခြင်း ပြုလုပ်ခဲ့သည်။ ကိုဟင်သည် ကျောင်းတွင် အထူးချွန်ဆုံးဖြစ်ပြီး ကျောင်းသားတိုင်း တန်ဖိုးထား လိုချင်ကြသည့် ပြင်သစ်နိုင်ငံ လိုင်စီတက္ကသိုလ်၏ ပညာသင်ဆုကို ရရှိခဲ့သည်။ ကိုဟင်သည် ဉာဏ်ပညာထက်မြက်သော ကျောင်းသားတစ်ဦးဖြစ်၍ အထူးသဖြင့် သင်္ချာနှင့် နိုင်ငံခြားဘာသာစကားများတွင် ထူးချွန်ခဲ့သည်။ ထိုကြောင့် သူသည် ငယ်ရွယ်စဉ်ကပင် ဟီးဘရူးဘာသာနှင့် ပြင်သစ်ဘသာစကားတို့ကို သွက်လက်စွာ ပြောဆိုနိုင်ခဲ့သည်။

ထို့ပြင် ကိုဟင်သည် တဲလ်မွဒ် ခေါ်သော ရှေးဂျူးဘာသာရေး စာပေများကို လေ့လာခဲ့သည်။ ခက်ခဲသော စာပိုဒ်ကြီးများကို သူသည် အလွတ်ကျက်သဖြင့် အာဂုံဆောင်နိုင်ခဲ့သည်။ ကိုဟင်၌ အလွည်အံ့သြဖွယ်ရာဖြစ်သော မှတ်ဉာဏ်ကောင်း ရှိနေသည်။ သူသည် သူ၏ မှတ်ဉာဏ်ကောင်းခြင်းကိုလည်း ကိုယ်တိုင်စမ်းသပ်နေရမှ ပျော်တတ်သူ ဖြစ်သည်။ သူသည် သူတို့ အိမ်ခန်းကလေး၏ ဆင်ဝင်မှ ထွက်၍ လမ်းများတွင် ဖြတ်မောင်းသော ကားများ၏ နံပါတ်များကို ရေးမှတ်ထားသည်။ နောက်မကြာမီ သူသည် ထိုကားနံပါတ်စာရင်းကို မိဘတစ်ဦးဦးကိုဖြစ်စေ၊ ညီအစ်ကို မောင်နှမများကိုဖြစ်စေ ပေးပြီးမှ လုံးဝမမှားဘဲ အလွတ်ရွတ်ပြနိုင်လေသည်။
“ကိုဟင်ဟာ ဘာသာတိုင်းမှာ ပထမတန်းကချည်း ရပါတယ်”ဟု သူ၏ ကျောင်းနေဘက် သူငယ်ချင်းတစ်ဦးက ဆိုသည်။ ကိုဟင်သည် သူ့ထက် အမှတ်သာခဲ့သူများကို မနာလိုလည်း မဖြစ်တတ်။ မိမိ မရသဖြင့်လည်း ဝမ်းနည်းခြင်း မဖြစ်တတ်ကြောင်း သိရလေသည်။

သူသည် အားကစားထူးချွန်သူ တစ်ဦးဖြစ်ပြီး နေ့စဉ်နေ့တိုင်း မြေထဲပင်လယ်ထဲတွင် ရေကူးခဲ့လေသည်။ ရေကူးပြီးလျှင် ကမ်းခြေတွင် အဝေးပြေးလေ့ရှိ၍ သူသည် သူများထက် ဝေးဝေးပြေးနိုင်သူ ဖြစ်သည်။ စာသင်ခန်းထဲတွင် ကိုဟင်သည် ကျောင်းသားသူငယ်ချင်းများကို အမြဲကူညီခဲ့သူ ဖြစ်သည်။ သူ၏ မှတ်စုစာအုပ်များကို သူများအား အလှည့်ကျ ပေးငှားပြီး ဖတ်စေသည်။ တစ်ခါတရံ သူ၏ စာမေးပွဲတွင် ဖြေဆိုချက်များကို ဖတ်စေသည်။ ကိုဟင် အသက်(၁၃)နှစ် ပြည့်သောနေ့၌ မိဘနှစ်ပါးက သူ့အား ကိုဒတ် ဘောက်စ် ကင်မရာတစ်လုံး ဝယ်ပေးသည်။ ထိုနေ့မှစ၍ ကိုဟင်သည် ဓာတ်ပုံပညာကို တန်းတန်းစွဲ လိုက်စားလေတော့သည်။ သူသည် မြို့ထဲလျှောက်သွားပြီး ဓာတ်ပုံများ ရိုက်သည်။ ထိုဓာတ်ပုံများကို စာအုပ်အလွတ်တစ်ခုထဲတွင် တယုတယ သိမ်းထားတတ်လေသည်။ ကိုဟင်သည် ဓာတ်ပုံပညာနှင့် ပတ်သက်သော စာအုပ်များကို လေ့လာဖတ်ရှု့ခဲ့ပြီး မကြာမီမှာပင် ဓာတ်ပုံကူးခြင်း၊ ဖလင်ဆေးခြင်းတွင် အထူးကျွမ်းကျင်လာလေသည်။ သူသည် အားလပ်သည့်အခါတိုင်း ဓာတ်ပုံအမှောင်ခန်းထဲတွင် အချိန်ဖြုန်းလေ့ရှိသည်။

ကိုဟင်သည် စာပေအနုပညာကို ဝါသနာပါသူဖြစ်ပြီး ဂျူးဘာသာရေးကိုလည်း စိတ်ဝင်စားသဖြင့် သူ့အား ကိုင်ရိုရှိ မိုင်မိုနိုက်ဒ် ကျောင်းသို့ ပို့လိုက်သည်။ ထိုမှတဆင့် အလက်ဇန္ဒြီးယား ဂျူးဂိုဏ်းချုပ်ကြီး ထောင်ထားသည့် မီဒရပ်ခ်ျ ရမ်ဘမ် ကျောင်းတွင် ရှေးဂျူးဘာသာရေးစာပေများ သင်ကြားစေသည်။ ကိုဟင်သည် ထိုကျောင်းတွင် အလွန်ထူးချွန်သော ကျောင်းသားတစ်ဦး ဖြစ်လာသည်။ ထို့ပြင် ကိုဟင်သည် ဂျူးဘာသာဝင် အီဂျစ်များနှင့် ဂျူးမဟုတ်သော အီဂျစ်တို့၏ ဘဝကို အလွန်စိတ်ဝင်စားခဲ့သူ ဖြစ်သည်။ သူသည် ကင်မရာကို လွယ်ပြီး မူဆလင်ရပ်ကွက်များတွင် လျှောက်သွားနေကာ လူများနှင့် စကားစမြည် ပြောခြင်း၊ ဓာတ်ပုံရိုက်ခြင်း ပြုလုပ်လေ့ရှိသည်။ သူ့အဖို့ မည်သူနှင့်မဆို ခင်မင်ရင်းနှီးပြီး မိတ်ဆွေဖြစ်ရန် မခက်ခဲလှချေ။ မည်သို့ပင်ဆိုစေ ကိုဟင်သည် အပေါင်းအသင်း သိပ်မထားဘဲ တစ်ကိုယ်တည်း နေတတ်သည်။ သူသည် ကျောင်းတွင် ခင်မင်ရင်းနှီးသော သူငယ်ချင်း အနည်းငယ်သာ ထားပြီး မိမိဘာသာ နေတတ်သူ ဖြစ်သည်။ အိမ်၌မူ မိဘ ညီအစ်ကို မောင်နှမများနှင့် ပျော်ပျော်ပါးပါး နေတတ်သူ ဖြစ်သည်။

ဤသို့ အပေါင်းအသင်းနည်းရခြင်းမှာ သူ့မိသားစု၏ ငွေရေးကြေးရေး သိပ်မချောင်လည်ခြင်းကြောင်းလည်း တစ်ကြောင်းပါသည်။ သူ့မိဘများသည် ကိုဟင်အား မုန့်ဖိုးပင် နပ်မှန်အောင် မပေးနိုင်ကြပါ။ ထို့ကြောင့် ကိုဟင်သည် ကျောင်းပိတ်ရက်များတွင် ရရာ အလုပ်ကလေးများ လုပ်၍ မိသားစုဝင်ငွေ တိုးမြှင့်ပေးတတ်သည်။ သူ့အလုပ်အားခ ရသော ငွေစများကို မိဘနှစ်ပါးအား တစ်ပြားမကျန် ပြန်ပေးလေ့ရှိသည်။ ကိုဟင် အသက်(၁၃)နှစ် ပြည့်ပြီးနောက် သူ၏ ဝါသနာနှင့် စိတ်ဝင်စားမှုများသည် ဘာသာရေးဆိုင်ရာ ဘာသာရပ်များမှ သင်္ချာနှင့် ရူပဗေဒ ဘာသာရပ်များဆီသို့ ပြောင်းရွှေ့သွားလေတော့သည်။ ထို့ကြောင့်ပင် ကိုဟင်သည် ဂျူးဘုန်းကြီးဖြစ်ရန်ဟူသော ရည်မှန်းချက်များကို စွန့်လွှတ်၍ သိပ္ပံပညာကို လေ့လာလိုက်စားရန် သန္နိဋ္ဌာန်ချခဲ့သည်။ ကိုဟင်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ သူ့အား သင်ကြားပေးနေသော ဂျူးဘုန်းကြီးက အောက်ပါအတိုင်း ဝမ်းနည်းစကား ဆိုခဲ့လေသည်။
“ကိုဟင်ဟာ ဉာဏ်ပညာ ထက်မြက်လှတဲ့ ပါရမီရှင် တစ်ဦးပါပဲ… သူဟာ တစ်ချိန်မှာ အတော်ဆုံး ဂျူးဘာသာရေး စာပေပညာရှင် တစ်ယောက် ဖြစ်လာနိုင်ပါတယ်”

၁၉၄ဝ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်မီးကြီး အီဂျစ်သို့ ကူးစက်လာသောအခါ ကိုဟင်အတွက် ဝါသနာတစ်ရပ် ပေါ်ပေါက်လာလေသည်။ ယင်းဝါသနာမှာ စက်လက်နက်များကို လေ့လာခြင်းပင် ဖြစ်သည်။ သူသည် အမျိုးမျိုးသော စစ်လေယာဉ်များကို စိတ်ဝင်စားပြီး ထိုလေယာဉ်ပုံစံများကို ဖြတ်ညှပ်၍ စာအုပ်လွတ်တစ်ခုတွင် ကပ်ကာ သိမ်းထားတတ်သည်။ စက်လက်နက်ရိက္ခာများ ထောက်ပို့နေသော ဗြိတိသျှ နောက်တန်းများကို ဂျာမန်လေယာဉ်များက ဗုံးကြဲရန် ပျံသန်းလာပြီဆိုပါက ကိုဟင်ကို ဗုံးခိုကျင်းထဲ ဝင်ရန် မည်သူကမျှ ပြောမရပါ။ သူသည် မတ်တတ်ကြီးရပ်ပြီး ပျံသန်းလာသော လေယာဉ်ပျံအမျိုးအစားများကို ခွဲခြားရွေးချယ်နေလေတော့သည်။ လေယာဉ်များ ကောင်းကင်ယံတွင် တိုက်ပွဲဆင်နွှဲကြလျှင် ကိုဟင်သည် ဓာတ်ပုံရိုက်ယူရန် ကြိုးပမ်းလေသည်။ သို့သော် မအောင်မြင်သဖြင့် သူစိတ်မကောင်း ဖြစ်ရလေသည်။ ကိုဟင်၏ ကိုဒတ် ကင်မရာလေးသည် ဤမျှလောက် မစွမ်းပါချေ။ ကိုဟင် ကျောင်းသားဘဝတွင် လေကြောင်းစစ်ပွဲများ ဖြစ်နေစဉ် ကိုဟင်၏ အကြောင်းကို သူ၏ ကျောင်းသား သူငယ်ချင်းတစ်ဦးက အောက်ပါအတိုင်း ပြန်လည်ပြောကြားခဲ့သည်။

“ကိုဟင်ဟာ အမြဲတည်ငြိမ် အေးဆေးတဲ့အမူအရာ ရှိပါတယ်။ သိပ်ကြောက်နေတဲ့ ကျောင်းသားအငယ်တွေကို သူလိုက်ပြီး အားပေးနှစ်သိမ့်တယ်။ ကျောင်းသားတွေကို ဗုံးခိုကျင်းထဲ လိုက်ပို့ပေးတယ်။ ပြီးတော့ သူပြန်ထွက်သွားပြီး အန္တရာယ်တွေကြားမှာ လေကြောင်းတိုက်ပွဲတွေကို သေသေချာချာ ရပ်ကြည့်နေတတ်တယ်။ ကိုဟင်ဟာ သူ့အပေါ် ကျလာမယ့် အန္တရာယ်ကို လုံးဝကြောက်တဲ့ပုံ မပေါ်ဘူး။ ကျွန်တော်တို့အဖို့ သူဟာ တော်တော် ထူးဆန်းတဲ့ လူပါပဲ” အမှန်စင်စစ် စစ်ကြီးသည် ကိုဟင်၏ စိတ်အာရုံ၌ လေ့လာစရာကောင်းသော ထူးထွေဆန်းပြားသည့် ဘာသာရပ်များကို ပေးခဲ့လေသည်။

၁၉၄၂ ခုနှစ် နွေဦးရာသီနှင့် နွေရာသီကာလ
ရွမ်မဲလ်၏ ဒီဝီဇံ တပ်မကြီးသည် ကိုင်ရိုသို့ ရှေးရှုချီတက်လာသည်။ မဟာမိတ်တပ်များ နောက်ဆုတ်ပေးရလေသည်။ ထိုစဉ် အီဂျစ်နိုင်ငံအတွင်းတွင် နာဇီလိုလားသော စိတ်ဓာတ်များ တဖွားဖွား ပေါ်ပေါက်လလေသည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေးကို တော်လှန်လိုသော စိတ်ဓာတ်နှင့် ရောယှက်မိသောအခါ အကြမ်းဖက်မှုများနှင့် နိုင်ငံရေး မငြိမ်သက်မှုများ ပေါ်ပေါက်လာလေသည်။ ကိုဟင်သည် ဘာသာတရားကိုင်းရှိုင်းသော ဂျူးတစ်ဦး ဖြစ်သော်လည်း မိမိသည် အီဂျစ်လူမျိုးစစ်စစ် တစ်ဦးဖြစ်ကြောင်း ခံယူထားသည်။ ထို့ကြောင့် ဗြိတိသျှတို့ကို ဆန့်ကျင်သော အီဂျစ်အမျိုးသားလှုပ်ရှားမှုကို ထောက်ခံခဲ့လေသည်။ သူတို့ကိုယ်တိုင်သူတို့ သခင်ဟု ထင်နေကြသော နိုင်ငံခြားသားများအား ဆန့်ကျင်ဆန္ဒပြပွဲများတွင် ကိုဟင်တစ်ယောက် ပါဝင်ခဲ့သဖြင့် မိဘများက ကိုဟင်ကို ပြင်းပြင်းထန်ထန် သတိပေးခဲ့ကြရသည်။ ကိုဟင်၏ မိဘများသည် အီဂျစ်လူမျိုး ဂျူးဘာသာဝင် ရှေးလူကြီးများကဲ့သို့ပင် ထင်ပေါ်ကျော်ကြားခြင်းကို မလိုလားကြချေ။ အတိုးချုံးပြောရလျှင် သူတို့သည် အိမ်နီးချင်း ပါလက်စတိုင်းဒေသတွင် ဆင်နွှဲနေသော လွတ်လပ်ရေးကြိုးပမ်းချက်၌ မပါဝင်လိုကြဟု အဓိပ္ပါယ်ထွက်နေပေသည်။

ကိုဟင်သည် ဤလွတ်လပ်ရေး ကြိုးပမ်းချက်ကို သိရှိသဘောပေါက်ပါသည်။ သို့သော် သူနှင့် ဘာမှ မပတ်သက်ဟု ထင်မိလေသည်။ အဘယ့်ကြောင့်ဆိုသော် အီဂျစ်လူမျိုး တစ်ဦးဖြစ်ပြီး အလက်ဇန္ဒြီးယားသည် သူ၏ ဇာတိဌာန မွေးရပ်မြေ ဖြစ်သည်။ ပါလက်စတိုင်းဒေသတွင် ဘာဖြစ်နေနေ သူနှင့် ဘာမှ မဆိုင်ပါ။ အရှေ့အလယ်ပိုင်းဆိုင်ရာ ဗြိတိသျှအတွင်းဝန် လော့ဒ်မွိုင်းကို သတ်ဖြတ်ခဲ့သူ နှစ်ဦးအား ခုံရုံးတင်၍ ကြိုးပေးသတ်လိုက်ခြင်းသည် အထက်ပါအခြေအနေများကို လုံးဝပြောင်းလဲလိုက်လေသည်။ ကိုဟင်သည် အသတ်ခံရသူ လူငယ်(၂)ဦးအကြားတွင် သံယောဇဉ်ကြိုးတစ်ချောင်း ရှိနေသည်ဟု ထင်မှတ်ခဲ့သည်။ သူတို့နှစ်ဦးသည် သူနှင့် အသက်အရွယ်ချင်းလည်း တူသည်။ သူတို့(၃)ဦးစလုံးသည် ဂျူးတမန်တော် တစ်သီးဖြစ်သူ အီလီယားဂျာ၏ အမည်ကို ယူထားကြသည်။ သေခြင်းတရားကို ရင်ဆိုင်စဉ် လူငယ်(၂)ဦး ပြသွားသော ရဲစွမ်းသတ္တိသည် ကိုဟင်အား မျက်စိဖွင့်ပေးခဲ့ပြီး သူတို့၏ မွန်မြတ်သော ရည်ရွယ်ချက်ကို သိရှိလာစေသည်။ ထို့ပြင် ပါလက်စတိုင်းဒေသ ဂျူးနိုင်ငံ တည်ထောင်ရေးဟူသော ဇီယွန်ဝါဒအား ကိုဟင်တစ်ယောက် စိတ်ရောကိုယ်ပါ ထောက်ခံမှု ပြသရန် အလျင်အမြန် ပြုလုပ်ခဲ့လေသည်။
ကိုဟင်သည် မိမိ၏ ထောက်ခံမှုကို ပြသရန် သိပ်ကြာကြာ မစောင့်ရပါချေ။

မော့ဆက် အလီယားဘတ်အဖွဲ့ကြီး၏ အဖွဲ့ငယ်တစ်ခုသည် အီဂျစ်နိုင်ငံတွင် နှစ်ပေါင်းများစွာကပင် လှုပ်ရှားနေခဲ့ပါသည်။ ထိုအဖွဲ့ကြီးကို ပါလက်စတိုင်းဒေသတွင် ဖွဲ့စည်းခဲ့ပြီး အဓိကလုပ်ငန်းမှာ ကမ္ဘာရပ်ရပ်မှ ဂျူးများကို ဗြိတိသျှအာဏာပိုင်များ မသိစေဘဲ ခိုးသွင်းကြခြင်းပင် ဖြစ်သည်။ အီဂျစ်တွင် ရှိသော မော့ဆက်အလီယားဘတ် အဖွဲ့ငယ်ကို ရုသ်ကလီပါ ဆိုသူ အမျိုးသမီးတစ်ဦးက စတင်စည်းရုံးဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့သည် သင်္ဘောများ ထရပ်ကားများနှင့် ကုလားအုပ်များကို အဆင်သင့်သလို သုံးပြီး ဂျူးများကို ခိုးသွင်းကြလေသည်။ ကိုဟင်သည် ထိုအဖွဲ့အတွက် အလုပ်လုပ်ခဲ့ပြီး မကြာခဏဆိုသလို သတင်းပေးပို့သူအဖြစ် ဆောက်ရွက်ရလေသည်။ ကိုဟင် ဤသို့ လုပ်ဆောင်ခြင်းသည် ဟာချာရွတ် ဟုခေါ်သော အီဂျစ်အမျိုးသား ဂျူးလူငယ်အဖွဲ့ကြီး၏ အဖွဲ့ဝင်တစ်ဦးအဖြစ် လှုပ်ရှားခဲ့သော ကဏ္ဍတစ်ရပ်ပင် ဖြစ်ပါသည်။ ၁၉၄၄ ခုနှစ်တွင် ဟာဂါနာ ဂျူးတပ်မတော်၏ ထောက်လှမ်းရေးဌာန အကြီးအကဲများသည် အီဂျစ်တွင်ရှိသော သူတို့၏ ဌာနခွဲကို တိုးချဲရန် ဆုံးဖြတ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးတော့မည့် အရိပ်အရောင်ကို တွေ့လာသောအခါ သီးခြားနိုင်ငံတစ်ခု ထူထောင်ရန် အချိန်ပြည့် ကြိုးပမ်းခဲ့သော လွတ်လပ်ရေးတိုက်ပွဲကို ပြန်စရန် မျှောလင့်ကြလေတော့သည်။

အီဂျစ်နိုင်ငံအတွင်းတွင် ဂျူးမုန်းတီရေးဝါဒများ တိုးပွားလာခြင်းကြောင့် ဂျူးတို့ကို ထိုနိုင်ငံပြင်ပသို့ ခိုးထုတ်ခြင်း အရှိန်ကို တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်လာလေသည်။ ဂျူးတို့သည် မဟာမိတ်တပ်များ အီဂျစ်နိုင်ငံတွင် စုဆောင်းထားခဲ့သော လက်နက်အမြောက်အမြားထဲမှ အချို့ကိုလည်း လိုချင်ကြသည်။ ယေဘုယျအားဖြင့် ဂျူးတို့ ပိုမိုလိုလားသော အရာမှာ ထောက်လှမ်းရေးသတင်းများ ဖြစ်သည်။ ကိုင်ရိုသည် အရှေ့အလယ်ပိုင်းဒေသတွင် ဗြိတိသျှဌာနချုပ်ဖြစ်သဖြင့် ထိုဒေသနှင့်ပတ်သက်သော ဗြိတိသျှတို့၏ ဝါဒနှင့် စီမံကိန်းများကို ထောက်လှမ်းရန် အကောင်းဆုံးနေရာ ဖြစ်နေသည်။ ထောက်လှမ်းရာ၌ အာရပ်ခေါင်းဆောင်များ၏ သဘောထားကိုလည်း ထောက်လှမ်းစုံစမ်းလေ့လာရပေမည်။ ပါလက်စတိုင်းဒေသတွင် ဂျူးနိုင်ငံ တည်ထောင်ခြင်းကို သူတို့ မည်သို့ မြင်သနည်း။ ဂျူးနိုင်ငံတည်ထောင်ပြီးပါက သူတို့ ဘာများ လုပ်ကြပါမည်နည်းဟူသော အာရပ်တို့၏ သဘောထားများကို ထောက်လှမ်းရပါမည်။ အီဂျစ်နိုင်ငံအတွင်းတွင် တိုးချဲ့လှုပ်ရှားမည့် သူလျှိုလုပ်ငန်းအား ဦးစီးလုပ်ကိုင်ရန် ဂျူးတို့သည် ထိပ်တန်းသူလျှိုတစ်ဦးဖြစ်သော လီဗီ အဗရာဟာမီကို ရွေးချယ်ခဲ့သည်။ လီဗီ အဗရာဟာမီသည် ပါလက်စတိုင်းတွင် မွေးဖွားသူ ဂျူးတစ်ဦးဖြစ်ပြီး သူ့အား ၁၉၄၄ ခုနှစ် နွေဦးရာသီတွင် အီဂျစ်နိုင်ငံသို့ ဗြိတိသျှအရာရှိ တစ်ဦးအဖြစ် ပို့ထားလိုက်လေသည်။

အဗရာဟာမီ အီဂျစ်သို့ ရောက်ရောက်ချင်း သွားရောက်တွေ့ဆုံသူမှာ ယိုလန်ဒီဂါဘေး အမည်ရှိ အီဂျစ်အမျိုးသမီး တစ်ဦးဖြစ်ပြီး သူမသည် အထက်တန်းလွှာ လူကုံထံလောကတွင် ဝင်ဆံ့သူ ဖြစ်လေသည်။ ယိုလန်ဒီသည် ချမ်းသာသော အလက်ဇန္ဒြီးယား ဂျူးမိသားစုမှ ဆင်းသက်လာသည်။ သူမသည် ပဲရစ်မြို့တော်တွင် နေထိုင်ခဲ့ဖူးသဖြင့် အနောက်တိုင်းယဉ်ကျေးမှုကို မုည်းတီးလေသည်။ သူမသည် ပါလက်စတိုင်းဒေသကို ဂျူးတို့ပိုင်ဆိုင်ရမည်ဟူသော ဇီယွန်ဝါဒီတစ်ဦး မဟုတ်ပါ။ သို့သော် သူမသည် သလျှိုပ်လုပ်ငန်း လုပ်ခြင်းကို အလွန်စိတ်ဝင်စားသူ ဖြစ်သည်။ အဗရာဟာမီအတွက် သူမသည် အရေးကြီးဆုံး ဖြစ်လာရသည့် အချက်မှာ သူမသည် အီဂျစ်စစ်ဘက်ခေါင်းဆောင်များ၊ ထိပ်တန်းနိုင်ငံရေးသမားများနှင့် အဆက်အသွယ်ရှိခြင်းပင် ဖြစ်သည်။

မကြာမီတွင် ယိုလန်ဒီနှင့် အဗရာမီတို့သည် အလက်ဇန္ဒြီးယား မြို့စွန်တွင် အိမ်ကောင်းကောင်းလေး တစ်လုံး ငှားလိုက်ပြီး မဟာမိတ် စစ်သားများအတွက် နာလန်ထ အပန်းဖြေစခန်းအဖြစ် ဟန်ပြဖွင့်ထားလိုက်သည်။ အမှန်စင်စစ် ဤနေရာသည် ဂျူးများ ခိုးထုတ်ရေးလုပ်ငန်းအတွက် ဌာနချုပ်ဖြစ်လေသည်။ လော့ဒ်မွိုင်းကို သတ်ဖြတ်ခဲ့သူ (၂)ဦးကို အင်္ဂလိပ်တို့က ကြိုးပေးကွက်မျက်ပြီးနောက် ကိုဟင်သည် အဗရာဟာမီနှင့် ယိုလန်ဒီတို့၏ မြေအောက်အဖွဲ့ကို ရည်မှန်းချက်အသစ်တစ်ခုဖြင့် ဝင်ရောက်လာသည်။ သူ၏ ရည်မှန်းချက်သည်ကား သတင်းပို့သူ တာဝန်ထက် ပို၍ အရေးပါသော၊ ပို၍ အန္တရာယ်ပြွမ်းသော လုပ်ငန်းများကို တာဝန်ခံ လုပ်ကိုင်ရန် ဖြစ်လေသည်။ ဂျူးများ ပါလက်စတိုင်းဒေသသို့ ပြောင်းရွှေ့နေထိုင်ခြင်းကို ဆောင်ရွက်လုပ်ကိုင်ပေးရန် ဂရွန်းဘတ် ခရီးသွားကုမ္ပဏီကို တည်ထောင်ခဲ့သည်။ ထိုကုမ္ပဏီ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဂျူးများအတွက် ဗီဇာများ၊ တိုင်းပြည်မှ ထွက်ခွင့်လက်မှတ်များ၊ ပုလိပ်ဌာနမှ ပေးသောပါမစ်များ၊ အမြတ်ခွန်ကင်းလွတ်မှု ပုံစံများ ရယူပေးခြင်း ဖြစ်သည်။ တရားဝင်အားဖြင့် ဂျူးတို့မှာ ဤအခွင့်အရေးများ မရရှိနိုင်ပါ။

ကိုဟင်သည် အီဂျစ်အစိုးရအရာရှိများက ရှောရှောရှူရှူ လုပ်ပေးရန် ၎င်းတို့၏ လက်ထဲသို့ အမဲဆီလေး ထိုးပေးရသည့်တာဝန်ကို ယူရသည်။ ကိုဟင်သည် ထိုအချိန်က အီတလီ၊ ဂျာမန်၊ ပြင်သစ်နှင့် အာရပ်ဘာသာစကားများကို သွက်လက်စွာ ပြောတတ်နေပြီဖြစ်သဖြင့် ပိုအဆင်ပြေလာရသည်။ သူသည် သက်ဆိုင်ရာ နိုင်ငံခြားသံရုံးအမှုထမ်းများနှင့် အီဂျစ်အာဏာပိုင်များကို ငွေကြေးပေး၍ ဆောင်ရွက်ခဲ့လေသည်။ ဖော်ပြပါ နိုင်ငံခြားသံရုံးအမှုထမ်းများနှင့် အီဂျစ်အရာရှိများသည် လက်ထဲ ပိုက်ဆံရောက်လာသည်နှင့် ဂျူးတို့ လိုအပ်သော စာရွက်စာတမ်းများကို လိုလိုလားလား ပေးကြသည်။ ဂျူးများ ခိုးထုတ်ရေးလုပ်ငန်းများကိုလည်း မမြင်ချင်ယောင်ဆောင်နေကြသည်။ အီဂျစ်အတော်များများသည် ကိုဟင်နှင့် ခင်မင်ရင်းနှီးလာကြသည်။ အဘယ့်ကြောင့်ဆိုသော် ကိုဟင်သည် ကိုင်ရိုနှင့် အလက်ဇန္ဒြီးယားမြို့များရှိ ညကလပ်များတွင် အီဂျစ်မိတ်ဆွေများအား ဖော်ဖော်ရွေရွေ ဖောဖောသီသီ ပေါင်းသင်းခဲ့သောကြောင့် ဖြစ်သည်။ အီဂျစ်မိတ်ဆွေများက ကိုဟင်သည် ဂျူးတစ်ယောက်ဖြစ်သော်လည်း အီဂျစ်အမျိုးသားကောင်း တစ်ဦးဖြစ်သည်ဟု မြင်ကြသည်။

“ဂိုရှင်စစ်ဆင်ရေး”ဟု စားဝှက်ဖြင့် ခေါ်သော ဂျူးများခိုးထုတ်ရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကိုဟင်သည် ထောင်ပေါင်းများစွာသော ဂျူးများအား ပါလက်စတိုင်းဒေသသို့ ကူညီပို့ဆောင်ပေးခဲ့သည်။ ၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အတွင်းတွင် ကိုဟင်သည် အထက်ပါတာဝန်ကို အပတ်တကုတ် ထမ်းဆောင်ခဲ့လေသည်။ သို့သော် တစ်ချိန်တည်းမှာပင် ကိုဟင်သည် အီဂျစ်လူမျိုး ဂျူးဘာသာဝင်များနည်းတူ ဖိနှိပ်မှု ခံစားရလေသည်။ ၁၉၄၆ ခုနှစ်တွင် သူသည် ကိုင်ရိုမြို့တော်ရှိ ဖာရောက် ဘုရင့်တက္ကသိုလ်တွင် တက်ရောက်၍ လျှပ်စစ်အင်ဂျင်နီယာပညာကို လေ့လာဆည်းပူးသည်။ အမှန်စင်စစ် ကိုဟင် ကျောင်းဝင်ပြုရခြင်းသည် ကြုံတောင့်ကြုံခဲ ကိစ္စတစ်ရပ် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က အီဂျစ်နိုင်ငံအတွင်းတွင် တက္ကသိုလ်နယ်မြေ အပါအဝင် နေရာတိုင်း၌ ဂျူးမုန်းတီးရေးစိတ်ဓာတ် ကြီးမားလာသောကြောင့် ဖြစ်ပါသည်။ ကိုဟင်သည် တက္ကသိုလ်သို့ တက်ပြီး သစ်ကုမ္ပဏီတစ်ခုတွင်လည်း စာရင်းကိုင် စာရေးအလုပ်လည်း လုပ်နေပါသည်။ သူ၏ မိသားစုသည် ဂျူးဘာသာဝင် အီဂျစ်များနည်းတူ ဂျူးမုန်းတီးရေး ဂယက်ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးကျပ်တည်းမှုဒဏ်ကို ခံကြရလေသည်။

၁၉၄၇ ခုနှစ် နှစ်ဦးတွင် အခြေအနေ ပိုမိုဆိုးလာပါသည်။ အဘယ့်ကြောင့်ဆိုသော် ဗြိတိသျှတို့သည် ပါလက်စတိုင်းပြဿနာကို နိုင်နင်းနင်း မကိုင်တွယ်နိုင်သဖြင့် ကုလသမဂ္ဂအဖွဲ့ကြီးကို ဖြေရှင်းစဉ်းစားပေးရန် လွှဲပြောင်းပေးလိုက်သည်။ ထိုနှစ် မေလတွင် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးသည် ထိုပြဿနာကို စဉ်းစားဆွေးနွေးရန် တွေ့ဆုံကြပြီး နိုဝင်ဘာလတွင် မဲခွဲဆုံးဖြတ်ချက် တစ်ရပ် ပြုလုပ်လေသည်။ ဆုံးဖြတ်ချက်မှာ ပါလက်စတိုင်းဒေသကို ဒေသခံပါလက်စတိုင်းသားများအတွက် တစ်ပိုင်း၊ ဂျူးတို့အတွက် တစ်ပိုင်း နှစ်ပိုင်းခွဲပစ်ရန် မဲခွဲဆုံးဖြတ်ချက် ဖြစ်သည်။ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကြောင့် ဂျူးမုည်းတီးရေး လှိုင်းဂယက်များ ပိုမိုများပြားလာလေသည်။ အီဂျစ်နိုင်ငံ၌လည်း အခြားနိုင်ငံများတွင်မှာကဲ့သို့ ဂျူးနိုင်ငံဟု ပေါ်ပေါက်လာလျှင်လာချင်း ဝိုင်းဝန်း တိုက်ခိုက်မည်ဟူသော လေသံများ ပေါ်ထွက်လာသည်။ အီဂျစ်လူထုကလည်း ဂျူးတို့အပေါ် အကြမ်းဖက်တိုက်ခိုက်မှု ပိုလုပ်လာကြသည်။ ဖာရောက် ဘုရင့်တက္ကသိုလ်တွင် ကျောင်းသားများနှင့် ဆရာများသည်ပင်လျှင် ဂျူးမုန်းတီးရေးဝါဒကို ပြောင်ပြောင်တင်းတင်း ထုတ်ပြောလာကြသည်။

ကိုဟင်၏ မိတ်ဆွေအပေါင်းအသင်းများက သူအား တစ်နေရာသို့ ရှောင်နေရန် အကြံပေးကြသည်။ သို့သော် ကိုဟင်သည် ဤရှောင်ပေးရမည်ဟူသော အချက်ကို ကြားရတိုင်း ဒေါသဖြစ်ခဲ့လေသည်။ သူက “ကျုပ် အီဂျစ်အမျိုးသားကောင်း တစ်ယောက်ပါဗျာ၊ ကျုပ် ဗြိတိသျှတွေကို တော်လှန်ခဲ့တဲ့ လူပါ”ဟု ပြန်ပြောတတ်သည်။ ကိုဟင်သည် သူ၏ တိုင်းရင်းသား အီဂျစ်တို့က သူ့အား ရုတ်တရက် ဆန့်ကျင်လာခြင်းကို လက်မခံနိုင်ချေ။ တစ်ကြိမ်တွင် ကိုဟင်သည် ဆန္ဒပြကြသော မူဆလင် ကျောင်းသားများအား ရင်ဆိုင်ရန် ကြိုးစားလေရာ သူ၏ သူငယ်ချင်းများက သူ့အား ဝိုင်းချုပ်ကာ ထိန်းသိမ်းထားလိုက်ရသည်။ ဤသို့ မထိန်းပါက ဆန္ဒပြသူများက သူ့အား တစစီ ဆုတ်ဖြဲလိုက်မည်မှာ ဖြစ်ပါသည်။ တစ်ကြိမ်တွင် ကိုဟင်တစ်ယောက် ကံမကောင်းရှာချေ။ သူ့အား မူဆလင်ညီအစ်ကိုများ အဖွဲ့ဝင်များက ခပ်နာနာ ဝိုင်းတေလွှတ်ကြသည်။ ထို့အဖွဲ့သည် ဂျူးမုန်းတီးရေးအကြမ်းဖက်မှုများ ဖြစ်ပေါ်ရန် ကြိုးစားလှုံ့ဆော်သော အဖွဲ့တစ်ခုပင် ဖြစ်သည်။ မိမိ၏ အမျိုးသားချင်း ဖြစ်သော အီဂျစ်တို့၏ အကြမ်းဖက်မှုသည် ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းလာပြီး ပျံ့နှံ့လာသော်လည်း ကိုဟင်သည် အီဂျစ်လူမျိုးတစ်ယောက်အဖြစ် ရှိအပ်သည့် မျိုးချစ်စိတ်ကို ဆက်လက် ထားရှိခဲ့သည်။

၁၉၄၇ ခုနှစ် နွေရာသီတွင် ကိုဟင်သည် အီဂျစ်အာဏာပိုင်များအား မိမိတွင်ရှိသော မျိုးချစ်စိတ်ကို အလွန်ထူးခြား ပြောင်မြောက်စွာ ပြသခဲ့သည်။ ထိုအချိန်က အီဂျစ်နိုင်ငံအတွင်းတွင် လူငယ်များ စစ်မှုမထမ်း မနေရဟူသော ဥပဒေ ရှိခဲ့လေသည်။ သာမန်အားဖြင့် ဂျူးလူငယ်တစ်ယောက်ကို စစ်မှုထမ်းရန် ဆင့်ခေါ်ပါက အီဂျစ်အစိုးရအရာရှိ တစ်ဦးအား လာဘ်ထိုးလိုက်လျှင် လွင်ကင်းမှု ရစမြဲဖြစ်သည်။ စစ်သားစုဆောင်းရေး အရာရှိများကလည်း ဂျူးလူငယ်များကို ကြိုးစားစုဆောင်းကြသည်။ သို့မှသာ သူတို့တတွေလည်း ငွေယားမြက်မြက်ကလေး ရမည်ဖြစ်သည်။ ကိုဟင်က သူတို့၏ မျှော်လင့်ချက်ကို ဖြုဖျက်လိုက်သည်။ သူသည် စစ်မှုထမ်းရန် နာမည်ပေးခဲ့လေသည်။ သူ၏ အပြုအမူကြောင့် အီဂျစ် စစ်ဘက်အရာရှိကြီးများ ဇဝေဇဝါ ဖြစ်သွားသည်။ ဂျူးတစ်ယောက်က အီဂျစ်တပ်မတော်တွင် ပါဝင်စစ်မှုထမ်းရန် ဗော်လံတီသာ လုပ်ခြင်းကို မည်သူ ကြားဖူးပါသနည်း။ နောက်ဆုံး ကိုဟင်ကို လက်မခံရန် သူတို့ ဆုံးဖြတ်လိုက်သည်။ သူသည် စစ်တပ်၏ စည်းလုံးညီညွတ်မှုကို ဖြိုခွဲနိုင်သည်ဟု အကြောင်းပြလေသည်။

ကိုဟင် တာဝည်ထမ်းဆောင်နေသော ဂရွန်းဘတ် ခရီးသွားလုပ်ငန်းဌာနသည် ဆက်လက် လှုပ်ရှားနေခဲ့လေရာ နေ့စဉ်ဆိုသလို ဂျူးရာပေါင်းများစွာကို အီဂျစ်နိုင်ငံအပြင်သို့ ခိုးထုတ်ခဲ့လေသည်။ ကိုဟင် ကိုယ်တိုင်ကမူ အီဂျစ်နိုင်ငံအတွင်းတွင် ကြံ့ကြံ့ခံပြီး ဆက်လက်နေထိုင်ခဲ့သည်။ သူသည် အီဂျစ်နိုင်ငံအတွင်းတွင် ဂျူးများနေထိုင်နိုင်သည့် အခြေအနေ၌ သူ၏ ဘဝကို ဖန်းတီးနေထိုင်ခဲ့သည်။ သူသည် တက္ကသိုလ်စာပေ ဆက်လက် သင်ကြားခဲ့သည်။ သို့သော် ကာယကံမြောက် အကြမ်းဖက်မှုများ များပြားလာသဖြင့် သူသည် အိမ်တွင်သာ စာပေလ့လာရတော့သည်။ ၁၉၄၈ ခုနှစ် နွေဦးတွင် ကိုဟင်နှင့် ဂျူးကျောင်းသားအချို့တို့သည် သီးခြား အခန်းတစ်ခုထဲတွင် စာမေးပွဲဖြေရသည်။ လက်နက်ကိုင် ရဲများက အပြင်က စောင့်ပေးခဲ့ရသည်။ ထိုစာမေးပွဲတွင် ကိုဟင် ပထမရခဲ့ပါသည်။

၁၉၄၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့။
ဝန်ကြီးချုပ် ဒေးဗစ် ဘင်ဂူရီယည်သည် တဲလာဗီပြတိုက်ထဲတွင် မတ်တတ်ရပ်ပြီး အစ္စရေးနိုင်ငံတည်ထောင်ကြောင်း ကြေညာသည့်နေ့ ဖြစ်သည်။ ထို့နေ့မှာပင် အာရပ်စုပေါင်း တပ်ဖွဲ့များက အစ္စရေးနိုင်ငံကို ဝိုင်းတိုက်ခိုက်ကြလေသည်။ အီဂျစ်နိုင်ငံရှိ ဂျူးများ၏ ဘဝသည်လည်း ပိုမိုကြမ်းတမ်း ကျဉ်းမြောင်းလာသည်။ ဂျူးရာပေါင်းများစွာမှာ အကြောင်းတစ်စုံတရာ မရှိဘဲ အဖမ်းခံကြရသည်။ ဂျူးပိုင်ပစ္စည်းများလည်း သိမ်းပိုက်ခံကြရသည်။ ဂျူးတို့အပေါ် အခွန်အကောက်များ ကောက်ခံကြသည်။ အလုပ်အကိုင် အတော်များများမှာ အီဂျစ်လူမျိုးများသာ လျှောက်ထားနိုင်သည်ဟု ဖြစ်လာသည်။ ကိုဟင်သည်လည်း တက္ကသိုလ်မှ မထွက်မဖြစ်သည့် အခြေအနေကြောင့် ထွက်ပေးလိုက်ရသည်။ ဂျူးတို့မှာ လမ်းပေါ်၌ပင် လူသိရှင်ကြား သတ်ဖြတ်ခံကြရသည်။ လုယက်တိုက်ခိုက်မှု ခံကြရသည်။ အီဂျစ်အာဏာပိုင်တို့က မသိချင်ယောင် ဆောင်နေကြပါသည်။ အာဏာပိုင်များက ဂျူးများသည် အီဂျစ်နိုင်ငံအပေါ် သစ္စာရှိကြောင်း ပြသရမည်ဟု ပြေကြပြန်သည်။ အမှန်စင်စစ် အီဂျစ်တို့၏ စစ်စရိတ်အတွက် ဂျူးတို့ ထောက်ပံ့ပေးလှူခဲ့သည့် တန်ဖိုးအရပ်ရပ်ဖြင့်ပင် တွက်ကြည့်လျှင် ဂျူးတို့၏ သစ္စာစောင့်မူသည် အီဂျစ်တို့ထက်ပင် သာနေပါသည်။

အစ္စရေးတို့ စစ်ပွဲကို အောင်မြင်ခဲ့ပါသည်။ ၁၉၄၇ ခုနှစ်၊ ၊ဇန်နဝါရီလတွင် အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးပွဲများ ပြုလုပ်ပြီး ဇူလိုင်လတွင် နောက်ဆုံး သဘောတူညီချက်စာချုပ် ရေးထိုးခဲ့ကြသည်။ အစ္စရေးတို့ စစ်နိုင်ခြင်းကြောင့် အီဂျစ်နိုင်ငံအတွင်းရှိ ဂျူးများ ဒုက္ခပိုမိုတွေ့ကြုံကြရသည်။ အီဂျစ်သည် အပစ်အခတ် ရပ်စဲရေးကို ပထမဆုံး စတင်လက်မှတ်ရေးထိုးသော နိုင်ငံဖြစ်သည်။ ဝိုင်းဝန်းပိတ်ဆို့ခံနေရသော အီဂျစ်တပ်ဖွဲ့များကို အစ္စရေးတို့က ဖွင့်ပေးပြီး တပ်ဆုတ်သွားစေခဲ့သည်။ ထိုသို့ တပ်ရုပ်သည့်အထဲတွင် (နောင်တွင် အီဂျစ်သမ္မတဖြစ်လာမည့်သူ) အပ္ပဒူ နတ်ဆာ အမည်ရှိ တပ်မှူးတစ်ဦးလည်း ပါဝင်ခဲ့လေသည်။ အီဂျစ်တို့ စစ်ရှုံးသဖြင့် ၎င်းတို့၏ နိုင်ငံအတွင်းရှိ ဂျူးလူထုအပေါ် အကြမ်းဖက်မှုအမျိုးမျိုး ပြုလုပ်ခဲ့သည်။ ဂျူးထောင်ပေါင်းများစွာ အသတ်ခံရပြီး ၎င်းတို့၏ အိုးအိမ်ပစ္စည်းများ ဖျက်ဆီးခံကြရသည်။ ကြိုးပမ်းချက်များ ခါတိုင်းထက် တိုးပွားများပြားလာပြန်သည်။ ထို့ကြောင့် ဂျူးများ အီဂျစ်နိုင်ငံအတွင်းမှ ခိုးထွက်ရန် များပြားလာသည်။

၁၉၅ဝ ခုနှစ်တွင် ကိုဟင်၏ မိသားစုသည် ပါလက်စတိုင်းဒေသသို့ ထွက်ခဲ့သည်။ သူသည် မိသားစုအတွက် ခရီးသွားရန် ကိစ္စအဝဝနှင့် လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ပေးခဲ့သည်။ သူ မလိုက်လိုကြောင်း မိဘများအား ငြင်းဆန်လိုက်သော်လည်း ကိုဟင်သည် မကြာမီ ပါလက်စတိုင်းသို့ လိုက်ခဲ့ပါမည်ဟု ကတိပေးလိုက်သည်။ ထိုနေ့မှစ၍ ကိုဟင်တစ်ယောက် မိသားစုနှင့် မတွေ့ရဘဲ (၆)နှစ်ကြာ ကွဲကွားသွားခဲ့ရသည်။ တက္ကသိုလ် အာဏာပိုင်များက ဆည့်ကျင်ကန့်ကွက်မှုများ လုပ်နေသည့်ကြားက ကိုဟင်သည် ဖာရောက် ဘုရင့်တက္ကသိုလ်ဝင်ရန် စာရင်းသွားသွင်းပြန်သည်။ ပညာဆုံးခန်းတိုင် လိုက်ရန်လည်း သူ သန္နိဋ္ဌာန်ချက်ထားပြီး ဖြစ်သည်။ ကိုဟင် ဝင်ခွင့်ရသော်လည်း သိမကြာမီ အထုတ်ခံရပြန်သည်။ပြန်လမ်း မရှိသောပုံစံဖြင့် ကျောင်းထုတ်ခံရပြီးသောအခါ ကိုဟင်သည် ရရာအလုပ်မျိုးမျိုးကို လုပ်ခဲ့ရှာသည်။ တစ်ချိန်တည်းမှာပင် သူသည် ဂျူးတို့ ပါလက်စတိုင်းဒေသသို့ ပြေင်းရွှေ့နေထိုင်ရန် စိတ်ရောကိုယ်ပါ ကူညီလုပ်ဆောင်ပေးခဲ့သည်။ ၁၉၄၈ ခုနှစ် စစ်ကြီးဖြစ်သည့် ကာလအထိ အီဂျစ်တွင် နေထိုင်ခဲ့ကြသော ဂျူး(၃)သိန်းမှာ ၁၉၅၁ ခုနှစ်၌ သုံးပုံတစ်ပုံသာ ကျန်ရစ်လေတော့သည်။

ထိုနှစ်တွင် အစ္စရေးမှ ထိပ်တန်းသူလျှို တစ်ဦးသည် သူလျှိုလုပ်ငန်းနှင့် ဂျူးခိုးထုတ်ရေးကိစ္စများ ကူညီလုပ်ဆောင်ရန် အီဂျစ်သို့ ရောက်လာသည်။ ထိုသူ၏ နာမည်မှာ အဗရာ ဟမ်ဒါ ဖြစ်ပြီး သူသည် ဂျွန်ဒါလင် အမည်ဖြင့် လှုပ်ရှားခဲ့သည်။ သူ၏ ပထမဦးဆုံး အလုပ်မှာ အရေးကြီးသော သူလျှိုလုပ်ငန်းများ ပြုလုပ်ရန် ဒေါင်ဒေါင်မြည် အီဂျစ်ဂျူးလူငယ်များ စုဆောင်းရန် ဖြစ်သည်။ သဘာဝအတိုင်းပင် ပထမဆုံး စုဆောင်းရမိသည့် လူငယ်များထဲတွင် ကိုဟင်တစ်ယောက် ပါလာသည်။ နောက်တစ်ယောက်မှာ အသက်(၂၄)နှစ်သာ ရှိသေးသော မာဆလီနီနီရို အမည်ရှိ အိုလံပစ် အားကစားမယ်တစ်ဦး ဖြစ်သည်။ မာဆလီသည် အီဂျစ်လူချမ်းသားများက ပေးသော ပါတီပွဲများ၌ သူမနှင့် တွေ့ဆုံသည့် အီဂျစ်အရာရှိကြီးများနှင့် အကျွမ်းတဝင် ရှိသည်။ မာဆလီနှင့် အဗရာ ဟမ်ဒါးတို့ ချစ်ကျွမ်းဝင်သွားကြပြီး မာဆလီသည် သူမ ချစ်သူ၏ တာဝည်ဖြစ်သော သူလျှိုစုဆောင်းရေးလုပ်ငန်းတွင် အကူအညီပေးခဲ့လေသည်။ သူတို့သည် ကိုဟင်အပါအဝင် အီဂျစ်ဂျူးလူငယ် (၅)ယောက်ကို အစ္စရေးသို့ ပို့လိုက်ပြီး ထောက်လှမ်းရေးနှင့် ဖျက်ဆီးရေး အခြေခံပညာများ အပူတပြင်း သင်ကြားခိုင်းလိုက်သည်။ ကိုဟင်တို့ကို ထိုနေရာတွင် (၃)လ အပြင်လူနှင့် တွေ့ခွင့်မပေးခဲ့ပါ။ သင်တန်းဆရာများနှင့်သာ ပို့ချသင်ကြားပြီးသည်နှင့် သူတို့ကို အီဂျစ်သို့ ပြန်ပို့လိုက်လေသည်။

အီဂျစ်သို့ ပြန်ရောက်သောအခါ သူတို့သည် အတွေ့အကြုံကြွယ်ဝသော ကပ္ပတိန် မတ်က် ဘင်းနက် ဆိုသူ သူလျှို၏ လက်အောက်တွင် လုပ်ကိုင်ရသည်။ ဘင်းနက်သည် ဂျာမဏီနိုင်ငံ ကိုလုံးတွင် ဖွားမြင်ပြီး သူ၏ ဥပဓိရုပ်မှာ အားယန်းမျိုးနွယ်ဖြစ်သော ဂျာမန်မျက်နှာပေါက်အတိုင်း ဖြစ်သည်။ ဘင်းနက်သည် ဂျူးတစ်ယောက်လို ငယ်စဉ်ကပင် ရွှေပန်းထိပ် အရေခွံခွာခြင်း မပြုလုပ်ရသေးပါ။ သူ၏ မိဘများ ပါလက်စတိုင်းသို့ ပြောင်းရွှေ့လာသောအခါ လူပျိုပေါက်သာ ရှိသေးသော ဘင်းနက်သည် ဂျူးတပ်မတော် ဟာဂါနာထဲသို့ ဝင်လိုက်သည်။ ဘင်းနက်သည် ပါလက်စတိုင်းတွင် သူလျှိုလုပ်ငန်းများ အခြေခံသင်တန်းများ သင်ကြားပြီး အီရတ်နိုင်ငံသို့ သွားရောက်၍ ဂျူးများ ခိုးထုတ်ရေးတွင် ကူညီဆောင်ရွက်ခဲ့သည်။ အီရတ် တန်ပြန်ထောက်လှမ်းရေးသမားများက သူ၏ ဇာတိရုပ်အမှန်ကို သိရှိသွားကြသောအခါ ဘင်းနက်တစ်ယောက် အသက်ဘေးမှ သီသီးကလေး ထွက်ပြေးလွတ်မြောက်သွားခဲ့ရလေသည်။ ဘင်းနက်သည် ဂျာမဏီတွင် နာမည်တစ်ခုနှင့် ပေါ်ပေါက်ခဲ့ပြီး အီဂျစ်သို့ ရောက်လာခဲ့ပြန်သည်။ ထိုစဉ်က သူ၏ နာမည်မှာ အီပီလ် ဝဒ်ဘိန်း ဖြစ်လေသည်။ သူသည် ခြေတုလက်တု ရောက်သူတစ်ဦး ဖြစ်လာသည်။ သူသည် အီဂျစ်စစ်တပ်အတွက် ခြေတုလက်တု အမြောက်အမြား ရောင်းချပေးခဲ့သည်။ ထိခိုက်ဒဏ်ရာ ရကြသော စစ်သားများအပေါ် ကြင်နားမှုထားသော ဘင်းနက်အား အီဂျစ်စစ်ဘက် အာဏာပိုင်များက လေးစားခင်မင်လာကြသည်။ သူတို့၏ ဘင်းနက်သည် သူတို့ပြောသမျှ အိတ်သွန်ဖာမှောက် မော့ဆက်ဌာချုပ်သို့ သတင်းပေးပို့နေကြောင်း သူတို့ မသိရှာကြပါ။

ဘင်းနက်သည် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းပြောင်းလိုက်ရပြီး အီဂျစ်လူငယ်များ အစ္စရေးသင်တန်းမှ ပြန်ရောက်လာချိန်တွင် သူသည် အီဂျစ်ရှိ ဖိုဒ့် မော်တော်ကားကုမ္ပဏီတွင် အတိုင်ပင်ခံတစ်ဦး ဖြစ်နေပေသည်။ ပထမပိုင်းတွင် ဗီဇာကြောင်သော ဘင်းနက်သည် ဤလက်သင် တပည့်များနှင့် ခက်ခဲပြီး အန္တရာယ်ပြွမ်းသော ကိစ္စရပ်များ လုပ်ရသည့်အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ငြင်းဆန်ခဲ့သည်။ သို့သော် လူငယ်(၅)ဦးကလည်း အကောင်းဆုံး အလုပ်လုပ်သွားကြသည်။ မော့ဆက်ဌာနချုပ်သို့ ပြန်လည်ပေးပို့နေသော စစ်သတင်းထောက်လှမ်းချက်များသည် မပြတ်ဝင်နေပြီး မျှော်လင့်ထားသည်ထက် ကောင်းမွန်နေပါသည်။ ဂိုရှင်စီမံချက် တည်းဟူသော ဂျူးခိုးထုတ်ရေးလုပ်ငန်းသည် ပါလက်စတိုင်းဒေသသို့ ဂျူးထောင်ပေါင်းများစွာ ပို့ပေးနိုင်ခဲ့ပါသည်။

ကိုဟင်သည် အဖွဲ့တွင် ရေဒီယိုအသံဖမ်းသူအဖြစ် လေ့ကျင့်သင်ကြားခဲ့ရပြီး သူ၏ တာဝန်ကို သေသေသပ်သပ် ဆောင်ရွက်ခဲ့လေသည်။ သူ သတင်းဖမ်း သတင်းပို့ လုပ်ပြီဆိုလျှင် မည်သည့်အခါမှ နှစ်ခါ ပြန်မလုပ်ရပါ။ မော့ဆက်ဌာနချုပ်က သူနှင့် သူ့အဖွဲ့သားအား ချီးကျူးစကား မကြာခဏ ပြောကြရသည်။ ထိုအချိန်၌ အီဂျစ်နိုင်ငံအတွင်းတွင် နိုင်ငံရေးအခြအနေများ ပြောင်းလဲခဲ့သည်။ ထိုအခြေအနေကြောင့် သူတို့လူစု အောင်မြင်စွာ လုပ်ဆောင်နေသော သူလျှိုလုပ်ငန်းများ ရပ်ဆိုင်းလိုက်ရလေသည်။ ၁၉၅၂ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ချုပ် မိုဟာမက် နီဂွဒ်ဘ် ဦးဆောင်ပြီး စစ်တပ်အာဏာ သိမ်းပိုက်ခဲ့သည်။ ဖာရောက် ဘုရင်ကို ဖြုတ်ချပြီး သက်ဦးဆံပိုင် ဘုရင်စနစ် ပယ်ဖျက်လိုက်ပြီး အီဂျစ်သမ္မတနိုင်ငံ တည်ထောင်လိုက်လေသည်။

အစိုးရသစ်သည် အစ္စရေး ဆန့်ကျင်ရေးဝါဒများကို ဆက်လက် အကောင်အထည်ဖော် လုပ်ကိုင်ခဲ့သည်။ အီဂျစ်နိုင်ငံသည် အစ္စရေးနိုင်ငံသို့ သွားသော (သို့မဟုတ်) အီဂျစ်နိုင်ငံမှ လာသော သင်္ဘောများကိုလည်း စူးအက်တူးမြောင်းမှနေ၍ တားမြစ်ပိတ်ဆို့လိုက်သည်။ အစ္စရေးလူမျိုးများအပေါ် ပြုလုပ်သော အကြမ်းဖက် တိုက်ခိုက်ခြင်းများကိုလည်း လုပ်ကိုင်ခဲ့သည်။ ထိုအချိန်၌ ဖြစ်ပေါ်နေသော နိုင်ငံတကာ အရေးအခင်းများသည်လည်း အစ္စရေးတို့ကို စိုးရိမ်စေသည်။ ၁၉၅၄ ခုနှစ် ဆောင်းရာသီတွင် ဒုတိယဗိုလ်မှူးကြီး အပ္ပဒူ နတ်ဆာသည် ဗိုလ်ချုပ် နီဂွဒ်ဘ်ထံမှ အာဏာတဆင့် ပြန်သိမ်းသည်။ ထိုနောက်တွင် အမေရိကန်နှင့် ဗြိတိသျှတို့သည် အီဂျစ်နိုင်ငံနှင့် ချစ်ကြည်ရေး ပိုမို ရရှိလာပြန်သည်။ ဗြိတိသျှတို့က စူးအက်တူးမြောင်းဒေသတွင် ချထားသော ၎င်းတို့၏ တပ်များကို ရုပ်သိမ်းပေးရန် သဘောတူသည်။ ထို့ကြောင့် အစ္စရေးသင်္ဘောများ သွားလာရေး ရေကြောင်းပိတ်ဆို့မှုမှာ အဘက်ဘက်မှ ပြည့်စုံသွားတော့သည်။ ထို့ပြင် ဗြိတိသျှတို့သည် အီဂျစ် လေတပ်မတော်အတွက် လေယာဉ်အသစ်များပေးရန် သဘောတူခဲ့သည်။ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဒါးလက်စ်ကလည်း သမ္မတ အိုက်ဆင် ယောင်ဝါအား အာရပ်တို့ကို ထောက်ခံသော ဝါဒကို လိုက်နာရန် တိုက်တွန်းနေပြန်သည်။

ထိုအချိန်က အစ္စရေး စစ်ဘက်ထောက်လှမ်းရေး တာဝန်ခံသည် ဗိုလ်မှူးကြီး ဘင်ဂျမင် ဂီဘလီ ဖြစ်သည်။ သူသည် ၁၉၄၈ ခုနှစ်က မီယာ တိုဘီယန်းစကီးအား စစ်ဆေးသည့် စစ်ခုံရုံးအဖွဲ့ဝင် တရားသူကြီးဖြစ်ခဲ့သည်။ အီဂျစ်နှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေး ပြောင်းလဲလာမှုများသည် အစ္စရေးနိုင်ငံအား ခြိမ်းခြောက်နေသည်ဟု ဂီဘလီ ယုံကြည်ခဲ့သည်။ အစ္စရေးနိုင်ငံ ရင်ဆိုင်နေရသည့် ခြိမ်းခြောက်မှုကို တွန်းလှန်ရာ၌ သာမန် သံတမန်နည်းပရိယာယ်များနှင့် မလုံလောက်ဟု ဂီဘလီက တထစ်ချ မှတ်ယူထားသဖြင့် လက်တွေ့ဆောင်ရွက်ရန် စီမံကိန်းကို ကိုယ်တိုင် ရေးဆွဲခဲ့လေသည်။ ဂီဘလီ၏ စီမန်ကိန်းသည် ရိုးရိုးကလေးပင် ဖြစ်သည်။ သို့သော် ရက်စက်ကြမ်းတမ်းပြီး တရားဥပဒေနှင့် လုံးဝ မကိုက်ညီသော စီမံကိန်း ဖြစ်သည်။ အီဂျစ်တွင် ရှိနေသော မော့ဆက်အဖွဲ့ဝင်များကို တာဝန်ပေးပြီး ကိုင်ရိုနှင့် အလက်ဇန္ဒြီးယားမြို့များရှိ အမေရိကန်နှင့် ဗြိတိသျှပိုင် အဆောက်အအုံနှင့် စခန်းများကို ဖောက်ခွဲပစ်မည် ဖြစ်သည်။ ထိုနောက် ဤသို့သော အကြမ်းဖက်မှုများသည် ကွန်မြူနစ်များနှင့် မူဆလင်အစွန်းထွက်သမားများ၏ လက်ချက်များဟု ထင်မှတ်စေပြီး ဝါရှင်တန်နှင့် လန်ဒန်အစိုးရပိုင်းတွင် အီဂျစ်ဆန့်ကျင်ရေးဝါဒများ ပေါ်ပေါက်လာစေမည် ဖြစ်သည်။

ထိုစီမံကိန်းကို ဦးဆောင်ညွှန်ကြားမည့်သူ နှစ်ဦးမှာ မော်ဒီချိုင်း ဘင်ဇားနှင့် ပေါလ် ဖရန့်ခ် အမည်တွင်သူ ဖြစ်ကြသည်။ ဖရန့်ခ်သည် နာဇီစစ်ပုလိပ်အဖွဲ့ S.S အရာရှိဟောင်း ဟန်ဆောင်၍ အီဂျစ်တွင် အလုပ်လုပ်နေခဲ့သည်။ သူ၏ လုပ်ရပ်များသည် အောင်မြင်သည်ဟု ဆိုရပေမည်။ အဘယ့်ကြောင့်ဆိုသော် သူသည် အီဂျစ်ရေတပ် ဗိုလ်ချုပ်နှင့် ပြည်ထဲရေးဝန်ကြီးကဲ့သို့သော ပုဂ္ဂိုလ်ကြီးများနှင့် အလွန်ခင်မင် ရင်းနှီးလာသောကြောင့် ဖြစ်သည်။ အီဂျစ်တွင် နေထိုင်ပြီး အစိုးရအကြံပေးအရာရှိများ ဖြစ်နကြသော နာဇီအရာရှိဟောင်းများကလည်း သူ့ကို လုံးဝယုံကြည်ကြလေသည်။ ဖရန့်သည် အီဂျစ်အမျိုးသား ဂျူးလူငယ်များအား သူတို့ ဆောင်ရွက်ရမည့် တာဝန်ကို ပြောပြလိုက်သောအခါ သူတို့ တော်တော်လေး ငြင်းဆန်ကြသည်။ သူတို့သည် အီဂျစ်လူမျိုးများ ဖြစ်ကြသည့်အပြင် ဂျူးဘာသာဝင်များလည်း ဖြစ်ကြပါသည်။ ကိုယ့်လူမျိုးအချင်းချင်း သတ်ဖြတ်ကြမည်ဆိုသောအခါ လူငယ်များသည် အလွန်မကျေနပ် ဖြစ်သွားကြလေသည်။ ဤသို့သော လုပ်ရပ်ကြောင့် နိုင်ငံရေးလှိုင်းဂယက်များ အစ္စရေးနိုင်ငံအား ရိုက်ခတ်လာမည်ကို စိုးရိမ်မိကြသည်။

သို့သော် တဲလာဗီတွင်မူ ဗိုလ်မှူးကြီး ဂီဘလီက သူ၏ အမိန့်များကို တသဝေမတိမ်း လိုက်နာကြရန် တိုက်တွန်းပြောကြားပြီး ဖြစ်ပါသည်။ ပြောသည့်အတိုင်းလည်း သူတို့ အမိန့်များကို လိုက်နာခဲ့ကြရလေသည်။ အီဂျစ်ဂျူးလူငယ်များသည် အလက်ဇန္ဒြီးယားနှင့် ကိုင်ရိုမြို့များရှိ အမေရိကန်ပြည်ကြားရေးဌာနပိုင် စာကြည့်တိုက်များတွင် ဗုံးဖောက်ခွဲကြသည်။ ဗဟိုစာတိုက်ကြီး၏ စာပို့ခန်းမကိုလည်း ဗုံးခွဲသည်။ မြို့လယ်ခေါင်ရှိ စားသောက်ခန်းမများလည်း ဗုံးဒဏ်ခံကြရလေသည်။ မိမိတို့၏ လုပ်ရပ်မှန်ကည်မှုကို သံသယဖြစ်ခဲ့၍လော၊ သို့တည်းမဟုတ် အဖျက်လုပ်ငန်းတွင် အတွေ့အကြုံနည်းသေး၍လော မသိ။ အီဂျစ်ဂျူးလူငယ်များသည် အမှားအယွင်း လုပ်မိခဲ့သဖြင့် သူတို့ အုပ်စု ပြိုကွဲရတော့သည်။ သူတို့အုပ်စုထဲမှ ဖီးလစ် နာသန်ဆန် ဆိုသူသည် ကိုင်ရိုရဲတပ်ဖွဲ့ လက်တွင်း ကျရောက်လေသည်။ ကိုင်ရိုရဲတို့က ဗုံးဖောက်ခွဲသူများအား ဖော်ထုတ်ရန် စစ်မေးသော်လည်း အချည်းနှီးဖြစ်ခဲ့သည်။ နာသန်ဆန်သည် ရုပ်ရှင်ရုံတစ်ခုထဲမှ ထွက်ပြေးလာသောအခါ သူ၏ ဂျာကင်မှာ မီးလောင်လျက် ရှိသည်။ သူ့ကို ရဲများက လက်ရဖမ်းမိပြီး မီးကို ငြိမ်းသတ်ပေးရလေသည်။ သူ၏ ဂျာကင်အိတ်ထဲတွင် မျက်မှန်အိတ်တစ်ခုကို တွေ့ရှိရပြီး ထိုအိတ်ကလေးထဲတွင် ဗုံးအငယ်စားများ အပြည့် ထည့်ထားကြောင်း တွေ့ရလေသည်။

ကိုင်ရိုရဲအဖွဲ့က နာသန်ဆန်အား အကျဉ်းချထားပြီး သူ၏ အခန်းကို ရှာဖွေသောအခါ စာရွက်စာတမ်များ လက်လုပ်ဗုံးများ တွေ့ကြရသည်။ ဓာတ်ပုံ အမှောင်ခန်းကလေးအတွင်း၌မူ တံတာများ၊ စစ်တပ်အဆောက်အအုံများနှင့် ဖောက်ခွဲရန် ရည်စူးထားသည့် ပစ်မှတ်များ၏ ဓာတ်ပုံများနှင့် နက်ကတစ် ဖလင်ပြားများ တွေ့ရသည်။ အီဂျစ်နှင့် တန်ပြန်ထောက်လှမ်းရေး အရာရှိများ၏ လက်ဝယ် ဖီးလစ် နာသန်ဆန်သည် ရက်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ခံရရှာသည်။ သူသည် ဖွင့်မပြောဘဲ ရက်အတော်ကြာ တင်းခံခဲ့သည်။ သူသည် မော်စကိုက လေ့ကျင့်ပေးထားသော လျှို့ဝှက်သူလျှိုအဖွဲ့တစ်ဖွဲ့၏ ညွှန်ကြားချက်ကို ရယူသော ကွန်မြူနစ်တစ်ယောက် ဖြစ်သည်ဟူသော လံကြုပ်ဇာတ်လမ်းကိုသာ တသမတ်တည်း ပြောနေလေသည်။ နာသန်ဆန်အား သူ၏ အမေကို ဖမ်းထားကြောင်၊ မကြာမီ ပစ်သတ်မည်ဖြစ်ကြောင်း ပြောလိုက်သောအခါ သူ မခံနိုင်တော့ဘဲ ခရေစေ့တွင်းကျ ဝန်ခံပြောပြရှာတော့သည်။ အီဂျစ်အာဏာပိုင်တို့သည် နာသန်ဆန်နှင့် ပူးပေါင်းကြံစည်သူများ၏ စာရင်းအတိအကျကို ကိုင်လျက် သူလျှိုအဖွဲ့ဝင်များအား လိုက်လံ ဖမ်းဆီးလေသည်။

မာစဲလ် နီနီယို အမျိုးသမီးကလေးသည် အဆက်အသွယ် အလွယ်ကောင်းသူဖြစ်သဖြင့် အဖမ်းမခံရဘဲ အချိန်အတော်ကြာ ရှောင်တိမ်းနိုင်ခဲ့သည်။ သို့ရာတွင် သူမသည် အတွေ့အကြုံနုသေးသဖြင့် အီဂျစ်တန်ပြန်ထောက်လှမ်းရေးသမားများ၏ နောက်ယောင်ခံခြင်းကို ခံရလေသည်။ သူမသည် စိုးရိမ်ပူပန် ဇဝေဇဝါဖြစ်ကာ အီဂျစ်တွင် လှုပ်ရှားနေသော အစ္စရေးထောက်လှမ်းရေး လုပ်ငန်းများ၏ တာဝန်ခံ မတ်ခ် ဘင်းနက် နေသော အခန်းသို့ နောက်ဆုံး ရောက်ခဲ့တော့သည်။ အီဂျစ်တို့သည် ဘင်းနက်၏ အခန်းကို ရှောင်တခင် ဝင်စီးလိုက်သောအခါ ဘင်းနက်ကိုယ်တိုင် ရေဒီယို အသံလွှင့်စက်တစ်ခုနှင့် တဲလာဗီသို့ သတင်းပို့ရန် ပြင်ဆင်နေသည်ကို ပက်ပင်း တွေ့ရှိလေသည်။ မကျွမ်းကျင်သေးသော လက်သင်ကလေးများနှင့် အလုပ်လုပ်ရမည်ကို ကြောက်ရွံ့ခဲ့ခြင်းမှာ ဘင်းနက်အဖို့ မှန်ကန်နေပါသည်။ ဘင်းနက်သည် နာသန်ဆည်ကဲ့သို့ပင် ရက်ပေါင်းများစွာ ကြည်သည်အထိ ရက်စက်ညှဉ်းပန်း နှိပ်စက်ခံခဲ့ရရှာသည်။ သို့သော် သူသည် နာသန်ဆန်ကဲ့သို့ မဟုတ်ပါ။ ဘင်းနက်သည် ထုတ်ပြောရန် ငြင်းဆန်းခဲ့သည်။ နောက်ဆုံး နှိပ်စက်ညှဉ်းပန်းခြင်းကြောင့် သူထုတ်ပြာမိမည်စိုးသဖြင့် ထောင်အစောင့်တစ်ဦးအား လာဘ်ထိုးပြီး သင်ဓုန်းဓားတစ်ချောင်း တောင်းယူခဲ့လေသည်။ ထိုးရသည့် လာဘ်မှာလည်း သိပ်မများပါ။ ဇနီးသည်က ပို့ပေးသော ပြုတ်ထားသည့် ကြက်တစ်ခြမ်းသာ ဖြစ်ပါသည်။

သူသည် ဇနီးသည်ထံမှ မှာစရာကို စာရွက်တစ်ရွက်ပေါ်တွင် ကမန်းကတန်း ရေးခြစ်လိုက်သည်။ သူသည် ဇနီးသည်အား သူ မရှိသည့်နောက် အိမ်ထောင်ထပ်ပြုရန်နှင့် အစ္စရေးနိုင်ငံတွင် သူ၏နာမည်နှင့် သစ်ပင်တစ်ပင် စိုက်ပျိုးပေးရန် မှာကြားခဲ့သည်။ သူသည် သူ၏ လက်ကောက်ဝတ်များကို သင်ဓုန်းဓားနှင့် လှီးဖြတ်ပြီးနောက် ထောင်ကြမ်းပြင်ပေါ်မှာပင် လဲကျသေးဆုံးခဲ့လေသည်။ ကိုဟင်သည် မာစဲလ်ကဲ့သို့ပင် အဖမ်းမခံရဘဲ ရှောင်တိမ်းနေနိုင်ခဲ့သည်။ သို့သော် နောက်ဆုံး၌ ကိုဟင် အဖမ်းခံရလေသည်။ သူသည် ၁၉၅၂ ခုနှစ်က အဖမ်းခံခဲ့ဖူးသူဖြစ်သဖြင့် စစ်မေးခြင်းကို ရှောင်တိမ်းသည့်နေရာတွင် ကျွမ်းကျင်လှပေသည်။ အမှန်စင်စစ် ကိုဟင် အလွန်တော်လွန်းသဖြင့်သာ သူသည် သူလျှိုဂိုဏ်အကြောင်း လုံးဝမသိကြောင်း အီဂျစ်တို့အား ယုံကြည်စေနိုင်ခြင်း ဖြစ်သည်။ နောက်ဆုံး သူတို့သည် ကိုဟင်အား လွှတ်ခဲ့လေသည်။ အဗရာဟမ်းဒါး ခေါ် ရွန်ဒါလင်နှင့် ပေါလ်ဖရည့်စ်တို့ နှစ်ယောက်သည် အဖမ်းအဆီးသတင်းကို အနံ့ရသွားသည်နှင့် ခြေရာဖျောက်လိုက်ကြလေရာ အဖမ်းမခံရတော့ဘဲ အီဂျစ်နိုင်ငံပြင်ပသို့ လျှို့ဝှက်စွာ ထွက်ပြေးလွတ်မြောက်သွားကြလေသည်။

စုစုပေါင်း (၁၁)ယောက် ရှိသည့် ကျန်ဂိုဏ်းသားများ၏ အခြေအနေမှာ သိပ်မကောင်းလှပါ။ ၁၉၄၅ ခုနှစ် နွေရာသီအတောအတွင်း အီဂျစ်တို့သည် သူတို့ကို ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းကာ စစ်မေးကြတော့သည်။ မာစဲလ် နီနီယိုသည် မိမိကိုယ်ကိုမိမိ သတ်သေရန် နှစ်ကြိမ်တိုင် ကြိုးစားခဲ့သည်။ နောက်ဆုံးအကြိမ်တွင် အထမြောက်ခဲ့ပါသည်။ သူမသည် စစ်မေးနေသူများ အလစ်တွင် ပြတင်းပေါက်မှ ခုန်ချလိုက်လေသည်။ သို့သော် အီဂျစ်ဆရာဝန်များက သူ့ကို ပြုစုကုသသဖြင့် အသက်ရှင်ခဲ့ပြီး နှိပ်စက်မှုကို ထပ်မံ ခံရရှာသည်။ နောက်ဆုံး၌ သူလျှိုအဖွဲ့ဝင်များသည် စိတ်ရောကိုယ်ပါ ထောင်းထောင်းကြေကြရပြီး သူတို့ လုပ်ကိုင်ခဲ့သမျှကို ဖွင့်ဟ ဝန်ခံခဲ့ကြရလေသည်။ အစ္စရေးထောက်လှမ်းအဖွဲ့ဝင်များက သူတို့အား စတင်သိမ်းသွင်း စုဆောင်းခဲ့ပုံနှင့် လေ့ကျင့်သင်ကြားပေးခဲ့ပုံများ၊ သူတို့၏ အမိနိုင်ငံအကြောင်း (၂)နှစ်ကျော်ကျော် လျှို့ဝှက်ထောက်လှမ်းခဲ့ကြပုံများ၊ ထို့နောက် အနောက်ဒီမိုကရေစီနိုင်ငံများ မျက်မှောက်တွင် အီဂျစ်နိုင်ငံကို သိက္ခာကျစေသည့် အကြမ်းဖက်လုပ်ရပ်များတွင် ပါဝင်ခဲ့ကြပုံများကို ထုတ်ဖော်ပြောဆိုကြလေသည်။

မာစဲလ် နီနီယို မိန်းကလေးတစ်ဦးတည်းသာ အများနှင့် မတူ ထူးခြားခဲ့သည်။ သူမသည် တရားခွင်တွင် စစ်ဆေးနေစဉ်အတော့အတွင်း ကြက်ခေါင်းဆိတ်မခံ ပြန်လည်ပြောဆိုခဲ့ပြီး ကြီးလေးသော ပြစ်ဒဏ်ကို စီရင်မည်ကို သိသော်လည်း ဂုဏ်ယူလျက် ရှိလေသည်။ မာစဲလ်နှင့် ရောဘတ် ဒက်ဆာ အမည်ရှိ ကျောင်းသားတစ်ဦးကို ထောင်ဒဏ်(၁၅)နှစ်စီ အပြစ်ပေးခဲ့သည်။ ဖီးလစ် နာသန်ဆန်နှင့် အခြားလူငယ်တစ်ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ကျန်လူများမှာ ထောင်ဒဏ်အနည်းငယ်စီ ရရှိသွားကြသည်။ သို့သော်လည်း ကိုဟင်၏ ကျောင်းနေဘက်သူငယ်ချင်း ဆင်မြူရယ် အက်ဇားနှင့် ဒေါက်တာ မိုရှိမားဇွက်တို့ကို ကြိုးပေးသတ်ရန် စီရင်ချက် ချခဲ့လေသည်။ ၁၉၅၅ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင် ဘတ်အယ်လ် ဟာလက် အကျဉ်းထောင် အပြင်ဘက်တွင် ကြိုးပေးခြင်းကိစ္စကို ဆောင်ရွက်ခဲ့ကြလေသည်။ ထိုနေ့က ဝမ်းနည်းကြေကွဲစွာ ရပ်ကြည့်နေကြသော လူ(၂ဝဝ)ထဲတွင် ကိုဟင် တစ်ယောက်လည်း ပါဝင်သည်။ ထုံးစံအတိုင်း ကြိုးပေးခံရသူများ ဝတ်ရသည့် ဝတ်စုံဖြစ်သော ရှပ်အင်္ကျီအနက် ဘောင်းဘီအနီနှင့် ခရမ်းရောင် ဦးထုပ်များ ဝတ်ဆင်ထားသော မာဇွတ်နှင့် အက်ဇားတို့ကို ကိုဟင် ငြိမ်သက်စွာ ကြည့်နေမိသည်။ ဦးထုတ်များကိ သူ၏ မိတ်ဆွေများ၏ ခေါင်းပေါ်တွင် စွပ်ပေးလိုက်သောအခါ ကိုဟင်သည် ဆုတောင်းစာတစ်ခုကို ရွတ်နေလေတော့သည်။ သူတို့ နှစ်ဦးသား မကြာမီ ဇီဝိန်ကြွေခဲ့တော့သည်။

အစ္စရေးနိုင်ငံအတွက် တိုက်ခိုက်ခြင်းတည်းဟူသော ပြစ်မှုအတွက် ကြိုးပေးခံရသည့် ဂျူးလူငယ်များအတွက် ကိုဟင် ကြေကွဲဝမ်းနည်းမှု ဖြစ်ရသည်မှာ ယခုအကြိမ်သည် ဒုတိယအကြိမ် ဖြစ်လေသည်။ အီဂျစ်ဂျူးလူငယ်များ ဆောင်ရွက်ခဲ့သည့် အဖျက်လုပ်ငန်းနှင့် ထိုမှ ပေါက်ပွားလာသည့် ဆိုးကျိုးများကြောင့် အစ္စရေးနိုင်ငံတွင် လူပြောစရာ ပြဿနာကြီး ပေါ်ပေါက်လာသည်။ ယင်းပြဿနာကို လာဗွန်ပြဿနာဟု ခေါ်ပြီး တာဝန်ရှိသူ အစ္စရေးကာကွယ်ရေးဝန်ကြီး ပင်ချား လာဗွန်၏ အမည်ဖြင့် မှတ်ခေါ်ထားသော ပြဿနာပင် ဖြစ်သည်။ ထိုပြဿနာကြောင့် လူတော်များများ၏ အလုပ်အကိုင်နှင့် ဘဝရည်မှန်းချက်များ ပျက်စီးခဲ့ရသည်။ ဝန်ကြီးချုပ် ဘင်ဂူရီယန်သည်လည်း အလွန်အမင်း ဝေဖန်ခံရလေသည်။ ဥပဒေဘောင်ကို ကျော်၍ လုပ်မိခြင်းတည်းဟူသော တစ္ဆေသည် မော့ဆက်အဖွဲ့ကြီးကို ချောက်လှန့်လေတော့သည်။ သူလျှိုလုပ်ငန်းများ မအောင်မြင်ခြင်းမှာ မော့ဆက်ကြောင့်ဟု ဝိုင်းအပြစ်ဖို့ကြပြန်သည်။

အခြေအနေ ပိုဆိုးလာပြန်သည်။ အဘယ့်ကြောင့်ဆိုသော် သူလျှိုခေါင်းဆောင် ပေါလ် ဖရန်ခ်သည် သူလျှိုလုပ်ငန်းကို ဦးဆောင်ညွှန်ကြားသူဖြစ်သော်လည်း တန်ပြန်သူလျှိုလုပ်နေသူ ဖြစ်နေပြန်သည်။ သူသည် အီဂျစ်နိုင်ငံမှ ထွက်လာသောအခါ သူ့ကို ရာထူးတိုးပေးပြီး ဂျာမဏီသို့ ပို့လိုက်လေသည်။ ဂျာမဏီတွင် သိရှိလာသော အချက်မှာ သူသည် ကိုင်ရိုရှိ မိတ်ဆွေဟောင်းတစ်ဦးနှင့် အမြဲအဆက်အသွယ်ပြုနေသည့် အချက်ဖြစ်လေသည်။ ထိုသူသည် ရေတပ်ဗိုလ်ချုပ် ဆူလေမန် ဖြစ်သည်။ အမှန်စင်စစ် ဖရန့်ခ်အား အီဂျစ်တွင် သိကျွမ်းခဲ့ဖူးသူ မည်သူနှင့်မျှ မတွေ့ဆုံရန် အမိန့်ပေးထားပြီး ဖြစ်လေသည်။ ဖရန့်ခ်အား ထုံစံအတိုင်း ညွှန်ကြားစရာ ရှိသည်ဟု အကြောင်းပြ ပြန်ခေါ်လိုက်ပြီး ရောက်သော် ဖမ်းချုပ်၍ နိုင်ငံတော်သစ္စာဖောက်မှုဖြင့် တရားစွဲလေသည်။ တရားခွင်တွင် ဖရန့်ခ်က အီဂျစ်၌ ပြုလုပ်ခဲ့သည့် သူလျှိုလုပ်ငန်းတွင် ဂျာမန် မတ်ငွေ(၄ဝဝဝဝ)ယူ၍ မိမိသစ္စာဖောက်ခဲ့ကြောင်း ဝန်ခံလေသည်။ လာဗွန်ပြဿနာကို စုံစမ်းစစ်ဆေးစဉ်က ဖရန့်ခ်သည် စုံစမ်းရေးကော်မရှင်ကို သတင်းများပေး၍ ထွက်ဆိုခဲ့သဖြင့် အပြစ်မှန်သမျှ ကာကွယ်ရေးဝန်ကြီး လာဗွန်အပေါ်သို့ ကျရောက်သွားပြီး လာဗွန် နှုတ်ထွက်သွားရလေသည်။

ပေါလ် ဖရန့်ခ်ကို ထောင်ဒဏ်(၁၂)နှစ် အပြစ်ပေးလိုက်သည်။ ဤအဖြစ်အပျက်သည် မော့ဆက်အဖွဲ့ကြီးအတွက် အမှောင်ဆုံးသော နေ့တစ်နေ့ပင် ဖြစ်ပါသည်။ အီဂျစ်နိုင်ငံတွင်မူ ဤသူလျှိုလုပ်ငန်းကြီးကြောင့် ဂျူးဆန့်ကျင်ရေးစီမံချက်ကြီး ပေါ်လာပြန်သည်။ ခါတိုင်းထက် ပို၍ ကြမ်းတမ်းရက်စက်ခဲ့လေသည်။ သမ္မတ နတ်ဆာ၏ အာဘော်သတင်းစာဖြစ်သော အယ်လ်ဂူအမ်းရီးယား သတင်းစာက နာဇီတို့ အပြီးသတ်လုနီး ပြုလုပ်ခဲ့သော ဂျူးသုတ်သင်ရေးကို ဆက်လက်ဆောင်ရွက်ရန် တောင်းဆိုရေးသားခဲ့သည်။ အီဂျစ်နိုင်ငံထဲတွင် ဂျူး(၄၅ဝဝဝ)နီးပါးသာ ရှိတော့သည်။ ထိုဂျူးတို့သည် ဂိုရှင် မြေအောက်အဖွဲ့၏ အကူအညီဖြင့် တိုင်းပြည်မှ ထွက်ပြေးကြလေသည်။ ဗရင်ဂျီဘာသာဝင်များ၊ အာမေးနီးယန်းများနှင့် ကော့ပ်တစ် ဂိုဏ်းဝင်များအပါအဝင်း အခြားဘာသာဝင်များသည်လည်း ရှိသမျှ ရောင်းချပြီး ဂိုရှင်အဖွဲ့အကူအညီဖြင့် ထွက်ပြေးကြသည်။

အလီကိုဟင်သည် အလက်ဇန္ဒြီးယားမြို့တွင် သူလျှိုလုပ်ငန်း ဆက်လုပ်နေခဲ့သည်။ သူ့ထံတွင် အစ္စရေးတို့ ပေးထားသော ရေဒီယိုကိရိယာ ရှိနေသဖြင့် သူရသမျှ သတင်းကို တဲလာဗီသို့ ပို့ပေးခဲ့သည်။ ကိုဟင် ပေးပို့သော သတင်းများထဲတွင် စိုးရိမ်စရာ အခြေအနေတစ်ရပ် ပါခဲ့သည်။ ယင်းသည်ကား နတ်ဆာ၏ အစိုးရအဖွဲ့အပေါ်တွင် အီဂျစ်နိုင်ငံ၌ ခိုလှုံခွင့်ပေးထားသော နာဇီအရာရှိဟောင်းများ သြဇာလွှမ်းလာသည့် အချက်ပင်ဖြစ်သည်။ အီဂျစ်နိုင်ငံတွင်းသို့ ဂျာမန်တို့ ဝင်ရောက်လာမှုသည် အမှန်စင်စစ် မဆန်းလှပါ။ ဂျာမန် စစ်ဗိုလ်ချုပ် ရွမ်မဲလ်၏ “အာဖရိကကိုး” တပ်မဟာကြီးမှ တပ်သားများသည် စစ်ကြီးပြီးသောအခါ အီဂျစ်နိုင်ငံတွင် နေထိုင်ကြတော့သည်။ ဥရောပမှ ထွက်ပြေးလာသော ဂျာမန်တို့သည် အီဂျစ်နိုင်ငံတွင် ဗြိတိသျှမုန်းတီးရေး အခြေအနေပေါ်လာသဖြင့် သူတို့ကို ခိုလှုံခွင့်ပေးမည်ဖြစ်ကြောင်း ယုံကြည်ခဲ့ကြသည်။ သူတို့သည် သူတို့၏ ဇာစ်မြစ်အမှန်ကို ဖုံးကွယ်လိုသဖြင့် အာရပ်နာမည်များ ခံယူပြီး တစ်ခါတရံတွင် မူဆလင်ဘာသာသို့ပင် ကူးပြောင်းသွားကြလေသည်။ မကြာမီ နာဇီတို့သည် အာဏာနှင့် သြဇာလွှမ်းမိုးမှု ရှိသော ရာထူးဌာနန္တရများ ရအောင် တဖြည်းဖြည်း ကြိုးစားကြံစည်ကြသည်။ ဂတ်စတာပို နာဇီစစ်ပုလိပ်အဖွဲ့ကြီးမှ အရာရှိဟောင်းများသည် နတ်ဆာ၏ “နိုင်ငံတော် လုံခြုံရေး ကေဒါအဖွဲ့” အမည်ရှိသော ထောက်လှမ်းရေးနှင့် ပြည်တွင်းလုံခြုံရေးဌာနကို ဦးစီးဖွဲ့စည်းပေးခဲ့လေသည်။

ဟစ်တလာ၏ ကိုယ်ရံတော်တပ်ဖွဲ့မှူးလည်းဖြစ်ပြီး ဝါဆော ဂက်စတာပို စစ်ပုလိပ်အဖွဲ့ခေါင်းဆောင်ဖြစ်သော လီယိုပို ဂလိန်းသည် အလီနာချာ အမည်ကို ခံယူခဲ့သည်။ သူသည် ၁၉၅၄ ခုနှစ်တွင် ဖမ်းဆီးခံရသော အလီကိုဟင်၏ မိတ်ဆွေများအား နှိပ်စက်ညှဉ်းပန်းမှုကို ဦးဆောင်ပြုမူခဲ့လေသည်။ သူသည် ဤကိစ္စမျိုးတွင် ကျွမ်းကျင်သည်ဟု နာမည်ကြီးခဲ့သည်။ ဗိုလ်မှူးကြီး အီဘာဆာလင် အမည်ခံယူသော ဘားနက်ဆင်ဒါသည် ဂလိန်း၏ အထက်အရာရှိ ဖြစ်နေသည်။ သူသည် စစ်အတွင်းက ဂက်စတာပို ဗိုလ်ချုပ် ဟိန်းနရစ်ခ်ျ ဟင်းမလား၏ ထိပ်တန်းလက်ထောက် တစ်ဦးဖြစ်သည်။ အီဂျစ်နိုင်ငံအတွင်တွင် အကျဉ်းစခန်းများ ပေါ်ပေါက်လာလေရာ S.S ခေါ် နာဇီလုံခြုံရေးတပ်ဖွဲ့ ဗိုလ်မှူးတစ်ဦးဖြစ်ပြီး ဒပ်ဆဲလ်ဒေါ့ဖ် မြို့၏ ဂတ်စတာပို စစ်ပုလိပ်အဖွဲ့ ခေါင်းဆောင် ဂျိုချင်ဒမ်မလင်သည် ထိုအကျဉ်းစခန်းများကို နာဇီတို့၏ သုံ့ပန်းအကျဉ်းစခန်းများ ပုံစံယူ၍ ဦးစီးတည်ဆောက်ခဲ့သည်။ အလီကိုဟင်သည် ၁၉၅၄ ခုနှစ် အဖျက်လုပ်ငန်းများအတွက် စစ်မေးခံရန် ဤအကျဉ်းစခန်းတစ်ခုသို့ လာရောက်ခဲ့ဖူးပါသည်။ ထို့ကြောင့်ပင် အနောက်ဂျာမဏီ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တစ်ဦးက နတ်ဆာရဲ့ အီဂျစ်နိုင်ငံဟာ တကယ်တော့ နာဇီလက်သစ်တွေ မွေးထုတ်ပေးတဲ့ နေရာပါပဲဟု ဝေဖန်ခဲ့ခြင်းကို မည်သူမျှ မအံ့သြနိုင်တော့ချေ။

အခြေအနေ အဆိုးရွားဆုံး အချိန်ရောက်လာသည်။ ယင်းအချိန်သည် စူးအက်စစ်ပွဲဖြစ်သည့် ၁၉၅၆ ခုနှစ် အောက်တိုဘာလ ဖြစ်သည်။ အစ္စရေးနိုင်ငံသည် ဗြိတိန်၊ ပြင်သစ်တို့နှင့် ပူးပေါင်းပြီး အီဂျစ်နိုင်ငံကို တိုက်ခိုက်ခဲ့သည်။ နတ်ဆာ၏ ကလဲ့စားချေလိုသော စိတ်ဓာတ်သည် ပိုမိုပြင်းထန်လာပြီး အီဂျစ်နိုင်ငံအတွင်း ကျန်ရစ်သော ဂျူး(၄၅ဝဝဝ)တို့၏ ဘဝသည်လည်း စိတ်မချမ်းမြေ့စရာ ဖြစ်လာလေသည်။ ဂျူးတို့သည် သူတို့၏ သီးသန့်ရပ်ကွက်များတွင်သာ နေထိုင်ခွင့်ရပြီး အထီးကျန်ဘဝသို့ ရောက်ကြရရှာသည်။ ဂျူးများကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ ထောင်ထဲတွင် အကျဉ်းချထားခြင်း၊ စုပေါင်း၍ ဒဏ်ငွေများ ပေးဆောင်စေခြင်းများ ပြုလုပ်ကြသည်။ ဂျူးဘာသာရေးဌာနများ၊ ကျောင်းများနှင့် ဆေးရုံများကို ပိတ်ပင်ကြသည်။ ဟီးဘရှုးဘာသာစကားကို မသုံးရန်လည်း တားမြစ်လိုက်သည်။ ဂျူးဆရာဝန်များနှင့် အခြားအသက်မွေးဝမ်းကျောင်း ပညာရှင်များကိုလည်း အလုပ်လုပ်ခွင့် မပေးတော့ချေ။ ဂျူးများပိုင်သော ပစ္စည်းပစ္စယများကို မကြာခဏ သိမ်းယူကြသည် လက်ဖက်ရည်ဆိုင်များ စားသောက်ခန်းများတွင် “ဂျူးနှင့် ခွေးများ မဝင်ရ”ဟူသော စာတမ်းများ ချိတ်ဆွဲလာကြသည်။ ဂျူးအားလုံးသည် အဝါရောင် မှတ်ပုံတင်ကဒ်ပြား ကိုင်ဆောင်ကြရသည်။ ဤအပြုအမူသည် အလယ်ခေတ်နှင့် နာဇီဂျာမဏီ ကာလများကို ပြန်လည် သတိရစေသည်။

စူးအက်စစ်ပွဲ ပြီးသောအခါ ဂိုရှင်စီမံချက်သည် ဂျူးများ အစ္စရေးသို့ ပြောင်းရွှေ့ရေးအတွက် မီးကုည်ယမ်းကုန် ကြိုးစားခဲ့သည်။ ထိုကြောင့် ဂျူး(၁ဝဝဝဝ)ခန့် ထွက်ခွာနိုင်ခဲ့လသည်။ ပြောင်းရွှေ့ရည် ငြင်းဆန်ကြသူများမှာ မိမိတို့ မွေးရာဌာနေကို မစွန့်လိုကြသော အိုမင်းသည့် ဂျူးများသာ ဖြစ်သည်။ နိုဝင်ဘာလတွင် အလီကိုဟင် တစ်ကြိမ် အဖမ်းခံရပြန်သည်။ ကိုဟင်သည် အကျဉ်းခန်းထဲတွင် ထိုင်ရင်း ဤတစ်ကြိမ်တွင် မိမိ အသတ်ခံရတော့မည်ဟု အတပ် တွေးနေမိတော့သည်။ သူသည် ဇီယွန်ဝါဒအတွက် နှစ်ပေါင်းမြောက်မြားစွာ လှုပ်ရှားလုပ်ကိုင်ခဲ့သူ ဖြစ်သည်။ သူ၏ လုပ်ဆောင်ချက်များ ဗူးပေါ်သလို ပေါ်လာပေတော့မည်။ သို့ရာတွင် အကျဉ်းခန်းထဲတွင် (၃)ပတ်ကြာ နေထိုင်နေစဉ်အတွင်း ကိုဟင်သည် ယခင် နှစ်ကြိမ် စစ်မေးခံရစဉ်က သူရယူခဲ့သည့် စိတ်တည်ငြိမ်မှုကို ပြည်လည် ရယူနိုင်ခဲ့သည်။ ထို့ကြောင့် ကိုဟင်က မိမိသည် ဘာသာရေးအရသာ ဇီယွန်ဝါဒ ယုံကြည်သူဖြစ်ကြောင်း စစ်ဆေးသူများ လက်ခံအောင် ပြုလုပ်နိုင်ခဲ့သည်။ ကိုဟင်သည် ဇီယွန်ဝါဒီတစ်ယောက်အဖြစ် ကာယကံမြောက် လှုပ်ရှားခဲ့သည့် မည်သည့် သာဓကမျှ သူတို့ ရှာမတွေ့ကြချေ။

သို့ရာတွင် သူတို့က ကိုဟင်အား ပြည်နှင်ဒဏ်ခတ်မည်ဟု ပြောခဲ့လေသည်။ အခြားသော အီဂျစ်လူမျိုး ဂျူးဘာသာဝင်များ လက်ခံသလို ကိုဟင်သည် ပြည်နှင်ဒဏ်ကို လက်မခံသဖြင့် အီဂျစ်အာဏာပိုင်များ ဇဝေဇဝါ ဖြစ်သွားရသည်။ ကိုဟင်က သူ့အား အီဂျစ်တွင် နေထိုင်ခွင့် တိုးမြှင့်ပေးရန် တောင်းဆိုလေသည်။ အီဂျစ်အာဏာပိုင်များသည် အလွည်ဒေါသဖြစ်ပွားပြီး သူ၏ တောင်းဆိုချက်ကို ပယ်ချလိုက်သည်။ သူ့ကို နောက် သင်္ဘောပတ်တွင် တင်ပေးမည် ဖြစ်သည်။ ၁၉၅၆ ခုနှစ် ဒီဇင်ဘာလ(၂ဝ)ရက်နေ့တွင် အလီကိုဟင် တစ်ယောက် အလက်ဇန္ဒြီးယားမြို့တွင် ဆိုက်ကပ်ထားသော ကြက်ခြေနီအဖွဲ့၏ “မဆာ” အမည်ရှိ စစ်ပြေးသင်္ဘောပေါ်တွင် ရောက်နေပေပြီ။ သူသည် သေတ္တာလေး တစ်လုံးနှင့် နှင်ထုတ်ခံရသူများ ကိုင်ဆောင်ခွင့်ရှိသော အီဂျစ်ငွေကြေး ပေါင်အနည်းငယ်ကိုသာ ကိုင်ဆောင်ထားလေသည်။ သူ၏ နိုင်ငံကူးလက်မှတ်တွင် “အီဂျစ်သို့ ပြန်လာခွင့် မရှိ”ဟူသော စာတမ်း ရိုက်နှိပ်ထားပါသည်။

ကိုဟင်၏ သင်္ဘောသည် အီတလီပြည် နေပယ်လ်သို့ ရောက်ပြီး ဂျူးများသည် ထိုမြို့တွင် အစ္စရေးနိုင်ငံမှ လွှတ်ပေးမည့် သင်္ဘောများကို စောင့်ဆိုင်းနေကြသည်။ ပြောင်းရွှေ့ကြသူများမှာ အလွန်များပြားလှသဖြင့် သင်္ဘောပေါ်တက်ရန် အချိန်အလွန်ကြာ စောင့်ဆိုင်းကြရသည်။ ကိုဟင်သည် ဂျီနိုးဝါမြို့ရှိ ဟော်တယ်ခန်း ခပ်နုပ်နုပ်လေးထဲတွင် ရက်သတ္တပတ် အတော်ကြာ နေခဲ့သည်။ သို့သော် သူသည် စောင့်ဆိုင်းနေရသော်လည်း သူ၏ စိတ်ထဲတွင် ပေါ့ပါးလွတ်လပ်နေသည်ဟု ဆိုလေသည်။ နောက်ဆုံး၌ ဖီးလစ် ဂရီမိုနီ အမည်ရှိသော အီတလီ ကုန်တင်သင်္ဘောတစ်ခုတွင် ကိုဟင်သည် နေရာတစ်နေရာ ရရှိခဲ့သည်။ သင်္ဘောသည် ဖေဖော်ဝါရီလဆန်းတွင် စတင်ထွက်ခွာခဲ့ပြီး ဖေဖော်ဝါရီလ(၁၂)ရက်တွင် ဟိုင်ဖာ ဆိပ်ကမ်းမြို့သို့ ရောက်ရှိခဲ့လေသည်။ အလီကိုဟင်သည် အီဂျစ်နိုင်ငံအတွင်းတွင် စွမ်းဆောင်လှုပ်ရှားခဲ့သဖြင့် ဂျူးထောင်ပေါင်းများစွာတို့သည် အစ္စရေးနိုင်ငံအတွင်းသို့ ပြောင်းရွှေ့ဝင်ရောက်လာနိုင်ခဲ့ပါသည်။ ယခု ကိုဟင် တစ်ယောက် ထိုဂျူးတို့နှင့် ပြန်တွေ့ဆုံရပေပြီ။ သူ့အတွက် ကြီးမားသော တာဝန်များ မကြာမီ ပေါ်လာတော့မည် ဖြစ်ပါသည်။

ဟိုင်ဖာ ဆိပ်ကမ်းသို့ ရောက်လာကြသော ဂျူးများကဲ့သို့ပင် ကိုဟင်သည်လည်း အစ္စရေးနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသည့် စာရွက်စာတမ်းများ ရရှိပါသည်။ အစ္စရေးနိုင်ငံသားအဖြစ်သော်လည်း ကိုဟင်၏ စိတ်ထဲတွင် လွတ်လွတ်လပ်လပ် မရှိရှာချေ။ အသက်(၃၂)နှစ် ရှိပြီဖြစ်သော ကိုဟင်သည် မိမိကိုယ်မိမိ နိုင်ငံသစ်တစ်ခုတွင် ရောက်နေသော နိုင်ငံခြားသား တစ်ဦးကဲ့သို့ ခံစားမိရှာသည်။ အီဂျစ်နိုင်ငံတွင် ထိုစဉ်က အစ္စရေးနိုင်ငံသို့ စာအဆက်အသွယ်ပြုလျှင် သေဒဏ်ပေးသော ရာဇဝတ်မှုတစ်ခု ဖြစ်လေသည်။ ထို့ကြောင့် သူ၏ မိသားစု အစ္စရေးနိုင်ငံသို့ ရောက်နေသည့် (၆)နှစ်တာ ကာလအတွင်း စာတစ်စောင်မျှ သူ မထည့်ခဲ့ပေ။ သူတို့ ဘယ်အရပ်တွင် နေထိုင်ကြသည်ကိုလည်း ကိုဟင် မသိခဲ့။ သို့သော် သူသည် သူ၏ညီ မောရစ် နေထိုင်သည့် တဲလာဗီမြို့စွန်မှ ရာမက်ဂန်း အရပ်ရှိ လိပ်စာကို ရှာဖွေသိရှိသွားသည်။ သူရောက်သွားသောအခါ မောရစ် အိမ်တွင် မရှိသဖြင့် အိမ်နီးချင်းများက ကိုဟင်အား သူ့မိဘများ နေထိုင်သော ဘတ်ယမ် ရပ်ကွက်ရှိ အခန်းသို့ ညွှန်ပြလိုက်သည်။ ထိုရပ်ကွက်ကလေးသည် မြို့၏ တောင်ဘက်တွင် ရှိ၍ သဲသော်များပေါ်တွင် ဆောက်လုပ်ထားပြီး အာဖရိကမြောက်ပိုင်းနှင့် အီဂျစ်မှ ဂျူးအမြောက်အမြား နေထိုင်ကြသည်။

ဘတ်ယမ်သို့ ရောက်သောအခါ သူ့မိဘများ နေထိုင်သော ဆော်မီကွန်ကရစ်တိုက်ဖြူကလေး၏ ရှေ့လမ်းမတွင် ကိုဟင် ခေတ္တရပ်လိုက်မိသည်။ ဤလမ်းကလေးကို “ကိုင်ရိုမှ အာဇာနည်များလမ်း”ဟု ခေါ်တွင်ပါသည်။ သေဆုံးကြပြီဖြစ်သော သို့မဟုတ် နာဆာ၏ အကျဉ်းထောင်များထဲ၌ ရှိနေကြသေးသော ကိုဟင်၏ သူငယ်ချင်းများ ရည်စူး၍ မှည့်ခေါ်ထားသော လမ်းဖြစ်ပါသည်။ ဤလမ်းနာမည်ကလေးသည် ကိုဟင်အား မကြာမီကမှ သူကျောခိုင်းခဲ့သော အတိတ်ကာလကို အမြဲသတိရနေစေသည်။ ကိုဟင် အိမ်ပြန်လာခြင်းသည် ကြေကွဲစရာနှင့် ကြည်နူးစရာကြီး ဖြစ်နေပေသည်။ မိဘများမှာ ဝမ်းသာလုံးဆို့နေကြပြီး သားဖြစ်သူအား ဘာတွေလုပ်ခဲ့သနည်းဟူသော မေးခွန်းတွေ ကုဋေကဋာ ထုတ်နေကြပေသည်။ သို့သော် ကိုဟင်နှင့် အနှစ်(၂ဝ)ကွာသော ညီအငယ်ဆုံး အေဘရာဟင်သည် အစ်ကိုကြီးဖြစ်သူအား ခပ်စိမ်းစိမ်းကြည့်ပြီး ဤသို့ မေးခဲ့လေသည်။
“ဒီလူကြီးက ဘယ်သူလဲဗျ”

ကျန်မိသားစုအတွက်လည်း ကိုဟင်သည် တစိမ်းဆန်ဆန် ဖြစ်နေပေသည်။ သူသည် မည်သည့်အခါမျှ စိတ်အတွင်း ခံစားချက်များကို သူငယ်ချင်းအပေါင်းအသင်းများနှင့် မိသားစုများအား ဖွင့်ဟပြောပြလေ့မရှိချေ။ ထို့ပြင် အီဂျစ်တွင် မြေအောက်လှုပ်ရှားမှုများ နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သဖြင့် သူ၏ ပင်ကိုယ်သဘောအရ လျှို့ဝှက် သိပ်သည်းကျစ်လစ်သော သဘာဝသည် ပိုမိုခိုင်မာလာလေသည်။ သူ၏ မိသားစုဝင်များသည် ကိုဟင်ထံမှ ပြည့်စုံတိကျသော အဖြေများ မရရှိကြချေ။ သူ အီဂျစ်တွင် ဘာတွေ လုပ်ခဲ့သည်ဆိုသော အချက်များကို ကိုဟင် မပြောပြလိုသည်မှာ ရှင်းလင်းနေပါပြီ။ ညီဖြစ်သူ မောရစ်က အလီကိုဟင်နှင့် ပတ်သက်၍ အောက်ပါအတိုင်း ပြောပြခဲ့လေသည်။

“အလီကတော့ ပိတ်ထားတဲ့ စာအုပ်တစ်အုပ်နဲ့ တူတယ်။ သူ သူလျှိုလုပ်ခဲ့တဲ့ လုပ်ငန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကို တစ်လုံးတစ်ပါဒမျှ ထုတ်မပြောခဲပါဘူး။ သူ့ဆီက ကျွန်တော်တို့ ဘာမျှ မေးမြန်းစုံစမ်းလို့ မရဘူး။ ဘဏ်သူဌေးကြီးက သူ့ရဲ့ ရွှေငွေတွေကို မီးခံသေတ္တာထဲ ထည့်ပြီး သော့ခတ် သိမ်းပိုက်ထားသလို အလီဟာလည်း သူရဲ့ အကြံအစည်အတွေးအခေါ် မှန်သမျှကို လျှို့ဝှက်ထားတတ်ပါတယ်”
အလီကိုဟင်သည် သူ၏ နယ်မြေသစ်တွင် အသားကျအောင် ခက်ခက်ခဲခဲ အချိန်အတော်ကြာ လုပ်ယူရရှာသည်။ အစ္စရေးနိုင်ငံတွင် ကိုဟင်တစ်ယောက် နားမလည်စရာတွေ စိတ်ပျက်စရာတွေနှင့် ကြုံတွေ့ခဲ့ရသည်။ ဘာသာရေးကို အလွန်ကိုင်းရှိုင်းသော ကိုဟင်သင် အချို့သော အစ္စရေးနိုင်ငံသားများ၏ ဘာသာရေးဆန့်ကျင်သော အတွေးအခေါ်များကြောင့် ထိတ်လန့်ခဲ့ရသည်။ ကိုဟင်၏ ဇီယွန်ဝါဒသည် သူ၏ အသည်နှလုံးထဲတွင် အလွန်စွဲမြဲနေပြီ ဖြစ်သဖြင့် ဂျူးအချို့၏ ပျော့ကွက်များသည် သူ့အဖို့ စိတ်ထိခိုက်စရာ ဖြစ်လာလေသည်။ ပါးစပ်က သမ္မာကျမ်းစာကို ရေရွတ်နေပြီး ရာဇဝတ်မှုအမျိုးမျိုး ဒုစရိုက်အမျိုးမျိုး ကျူးလွန်နေသော ဂျူးတို့ကို သူရွံမုန်းလာသည်။ ဂျူးအတော်များများသည် ဥပုသ်နေ့နှင့် အခြား နေ့ထူးနေ့မြတ်များတွင် ဥပုသ်စောင့်ခြင်းကို လစ်လျူရှုလာကြသည်။ သို့သော် သူတို့အားလုံးသည် ဂျူးနိုင်ငံတွင် နေထိုင်ကြသော ဂျူးများ ဖြစ်ပါသည်။

အလီကိုဟင်သည် နားမလည်နိုင်အောင် ခေါင်းရှုပ်လာသည်။ ဥရောပ ဂျူးများက အရှေ့အလယ်ပိုင်းမှ ဂျူးအမျိုးအနွယ်များအား မုန်းတီးကြခြင်းကို ကိုဟင် အလွန်မလိုလားခဲ့ချေ။ သူကိုယ်တိုင်က အသားမည်းသော အီဂျစ်လူမျိုးတစ်ဦးဖြစ်ပြီး ဤသို့သော မုန်းတီးခံရမှုကို ကိုယ်တိုင် ခံစားခဲ့ရသဖြင့် သူသည် စိုးရိမ်စိတ်ပျက်မိလေသည်။ ဤပြဿနာသည် ယနေ့ထက်တိုင် အစ္စရေးလူ့အဖွဲ့အစည်းကို ကိုင်လှုပ်ဆဲ ဖြစ်သည်။ သို့သော် အလီကိုဟင်လို ဘာသာရေး ကိုင်းရှိုင်းပြီး တာဝန်ကျေသော နည်းစနစ်သမား တစ်ဦးအဖို့ စိတ်ထိခိုက်စရာ ဖြစ်လာရသည်။ အလီကိုဟင်၏ အခြားသော ပြဿနာရပ်များမှာ ပုဂ္ဂိုလ်ရေးရာ ပြဿနာများ ဖြစ်ပါသည်။ သူ၏ (၃၂)နှစ်တည်းဟူသော အသက်အရွယ်တွင် ယောက်ျားများသည် အိမ်ထောင်ရက်သားကျပြီး အခြေအနေကျ ဖြစ်နေကြပေပြီ။ သို့မဟုတ်လျှင်လည်း အလုပ်အကိုင်နှင့် တင့်တင့်တယ်တယ် တည်တည်ငြိမ်ငြိမ် ရှိနေကြပေပြီ။ နှစ်ခုစလုံး အဆင်ပြေနေသည်လည်း ရှိတတ်ပါသည်။ ကိုဟင်အတွက် နှစ်ခုစလုံး မရှိသေးပါ။

သူသည် သူ၏ အသက်(၁၁)နှစ်သာ ရှိသေးသော ညီလေးတစ်ယောက်နှင့် အခန်းတစ်ခန်းထဲတွင် နေသည်။ သူ၏ မိဘများက တပင်တပန်း ရှာဖွေထောက်ပံ့ခဲ့ရသော ငွေကြေးကိုသာ သူအားကိုးနေရသည်။ အတိတ်က သူစွန့်စားလုပ်ကိုင်ခဲ့သော ကိစ္စရပ်များသည် ယခုလက်ရှိ နေရာတွင် ဘာမျှ အဓိပ္ပါယ် မရှိသလို ဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ အတိတ်က လုပ်ရပ်များကို မည်သူမျှ မသိကြသောကြောင့် ဖြစ်သည်။ ကိုဟင် စောစောပိုင်းက ပြုခဲ့သော မျှော်မှန်းချက်သည် အရာမထင်တော့သည့် အသွင်ဆောင်လာသည်။ ကိုဟင်သည် စိတ်အာရုံရှုပ်ထွေး နောက်ကျိလာသဖြင့် စာပေလေ့လာရင်း ဖြေသိမ့်ခဲ့သည်။ အီဂျစ်ပြည်၌ ရှိနေစဉ် မြေအောက်လှုပ်ရှားမှုများ ဆောင်ရွက် လုပ်ကိုင်နေရသဖြင့် သူ စာပေသင်ချိန် သိပ်မရခဲ့ရှာပါ။ ထို့ကြောင့် ထိုကွက်လပ်ကို သူဖြည့်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

သူသည် ခေတ်မီ ဟီးဘရူးဘာသာနှင့် ဂရိဘာသာစကားများကို စတင်သင်ကြားပြီး တတ်ပြီးသားဖြစ်သော ဂျာမန်နှင့် အီတာလျံ ဘာသာစကားများကို အပြစ်အနာအဆာ မရှိအောင် ပြန်လည် လေ့ကျင့် ဆည်းပူးခဲ့လေသည်။ သူ၏ မူလဝါသနာဖြစ်သော သင်္ချာနှင့် အီလက်ထရွန်းနစ် ဘာသာရပ်များကို သူ ပြန်လည်လေ့လာပြီး ယင်းဘာသာ(၂)ခုနှင့် ဆိုင်သော စာအုပ်စာတမ်းများကို အပတ်တကုတ် ဖတ်ရှုလေ့လာခဲ့သည်။ သူ့မိဘများ၏ အိပ်ခန်းထောင့်(၄)ထောင့်တွင် ဓာတ်ပုံ အမှောင်ခန်းတစ်ခု ပြုလုပ်ပြီး ဓာတ်ပုံပညာကို ပြန်လည် လိုက်စားပြန်သည်။ မည်သို့ဆိုစေ ကိုဟင်တစ်ယောက် စိတ်တည်ငြိမ်မှု မရသေးပါ။ သူ၏ ညီများက အစ္စရေးကာကွယ်ရေး တပ်မတော်ထဲတွင် သူတို့ စစ်သားအဖြစ် ပါဝင်တိုက်ခိုက်ခဲ့သော စစ်အတွေ့အကြုံများ ရင်ကော့၍ ပြောပြနေချိန်ဝယ် ကိုဟင်သည် သူတို့ခံစားရသော အောင်မြင်မှုတွင် ငါမပါလိုက်ရလေခြင်းဟု စဉ်းငယ် အားငယ်နေမိရှာသည်။ သူသည် တစ်ကိုယ်တည်း အနေကြာခဲ့သူဖြစ်သဖြင့် မိသားစုနှင့် သိုက်သိုက်ဝန်းဝန်း ပြန်နေရသောအခါ သူ့အဖို့ ကြောင်တက်တက် ဖြစ်နေရှာလေသည်။

ကိုဟင်သည် အစ္စရေးနိုင်ငံအနှံ့ တစ်ကိုယ်တည်း လျှောက်သွားခဲ့သည်။ သူအစ္စရေးသို့ ရောက်ပြီး တစ်နှစ်နီးပါး ကာလဖြစ်သည်။ ၁၉၅၇ ခုနှစ် ကုန်ခါနီးလောက်တွင် သူ အလုပ်တစ်ခု ရလေသည်။ အလုပ်သည် အံ့သြစရာ မရှိပါ။ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ပေးသော အလုပ်ဖြစ်ပါသည်။ ကြုံကြိုက်ခြင်းလည်း မဟုတ်ပါ။ အလီကိုဟင် အီဂျစ်တွင် စွမ်းဆောင်ခဲ့မှုများကို အစ္စရေး ထောက်လှမ်းရေးများက သူ၏ မိသားစုထက် ပို၍ သိရှိကြပါသည်။ ထို့ကြောင့် သူ့အား အသင့်တော်ဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။ ထိုသို့ ရွေးချယ်ထားပြီး ဖြစ်သ်ာလည်း ကိုဟင်အား အချိန်ပေး၍ လေ့လာနေစေပါသည်။ အလီကိုဟင်၏ အလုပ်သည် တန်ပြန်ထောက်လှမ်းရေးပင် ဖြစ်သည်။ အာရပ်သတင်းစာများကို ဖတ်ရှုလေ့လာရသည်။ ထိုနောက် ဟီးဘရှုးဘာသာသို ပြန်ဆိုပေးရသည်။ သတင်းစာများ၏ တင်ပြချက်များနှင့် အီဂျစ်လူမျိုးတို့၏ စိတ်ဓာတ်ကို နားလည်ထားသော မိမိ၏ ဗဟုသုတတို့ကို မှီး၍ အာရပ်ခေါင်းဆောင်ပိုင်းမှ ဝါဒရေးဆွဲသူများ၏ သဘောထားများကို ဆန်းစစ်သော စစ်တမ်းများ ရေးသားရသည်။

အလီကိုဟင်သည် သူ၏ အလုပ်တာဝန်ကို လုပ်ဆောင်ရာ၌ ဒေါင်ဒေါမြည် ထူးချွန်စွာ လုပ်ဆောင်ခဲ့သည်။ သို့သော် သူလျှိုလုပ်ငန်းများတွင်သာ လေ့ကျင့်သင်ကြားခဲ့ပြီး လုပ်ဆောင်ခဲ့သော ကိုဟင်သည် မကြာမီ ယင်းအလုပ်ကို ငြီးငွေ့လာလေသည်။ စက်ရုပ်လို တကုပ်ကုပ် တလှုပ်လှုပ်နေရသော ရုံးထိုင်လုပ်ငန်းကို သူ ကြာကြာ မလုပ်နိုင်တော့ချေ။ မကြာမီတွင် သူသည် ကူးသန်းရောင်းဝယ်ရေးနှင့် စာရင်းကိုင်ပညာရပ်များကို အချိန်းအားစဉ် သွားရောက် သင်ကြားလိုက်သေးသည်။ တစ်နှစ်လောက် ကြာသောအခါ ဤရုံးထိုင် လုပ်ငန်းသည် ပျင်းစရာ ဖြစ်လာပြန်သည်။ ထို့ကြောင့် ကိုဟင်သည် အထက်အရာရှိများထံ သွား၍ သူအား ထောက်လှမ်းရေး အဖျက်လုပ်ငန်းများတွင် ခိုင်းပါရန် တင်ပြလိုက်လေသည်။

သူ့အထက်အရာရှိများ၏ တုံ့ပြန်မှုသည် စာအုပ်ကြီးအတိုင်းပင် ဖြစ်ပါသည်။ အလီကိုဟင်သည် ပထမတန်းစား သူလျှိုတစ်ဦးအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့သည် မှန်သော်လည်း မော့ဆက်အဖွဲ့ကြီးနှင့် အခြား ထောက်လှမ်းရေးဌာနများသည် တာဝန်ယူပါရစေဟု မိမိဘာသာမိမိ တောင်းဆိုလာသူများကို တိုက်ရိုက် တာဝန်မပေးသော မူဝါဒကို အမြဲကျင့်သုံးကြသည်။ ဤမူဝါဒကို အီဆာဟာရယ် ကိုယ်တိုင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဤမူဝါဒအတိုင်းလည်း တိတိကျကျ လိုက်နာခဲ့ကြသည်။ ထို့ကြောင့် အလီကိုဟင်အား ကျုပ်တို့က စွန့်စားခန်း လုပ်ချင်သူတွေကို မလိုချင်ဘူးဟု အထက်အရာရှိကြီးများက ပြောင်ပြောင်တင်းတင်း ပြောလွှတ်လိုက်ကြသည်။ ဤသို့ ပယ်ချလိုက်ခြင်းကြောင့် ကိုဟင် အတော်နာကျည်းသွားရလေသည်။ မျက်နှာကို ဖြတ်အရိုက်ခံလိုက်ရသလို သူ အလွန်ရှက်သွားရှာသည်။ ဤသို့ဖြစ်သည်ကို အစက သိခဲ့လျှင် သူသည် အစ္စရေးနိုင်ငံအတွက် အီဂျစ်ပြည်၌ အသက်စွန့်၍ ကြိုးစားဆောင်ရွက်ခဲ့မည် မဟုတ်ပါ။ သူ၏ ငယ်စဉ်က တန်ဖိုးရှိလှသော အချိန်ကို ထောက်လှမ်းရေးလုပ်ငန်းများ လုပ်ပြီး အချိန်ဖြုန်းခဲ့မည် မဟုတ်ပါ။

ကိုဟင်သည် ရှက်လည်းရှက် မိမိအလုပ်ကို အသိအမှတ်ပြုခြင်းလည်း မခံရသဖြင့် အလုပ်မှ ထွက်လိုက်သည်။ သူစိတ်အားသန်ခဲ့သော ကူးသန်းရောင်းဝယ်ရေး ပညာများကို ပြန်လည် လေ့လာလိုက်စားပြီး အချိန်အနည်းငယ် အတွင်းမှာပင် ဒီပလိုမာ တစ်ခု ရရှိသွားသည်။ ထို့နောက် စားသောက်ပစ္စည်း အရောင်းဆိုင်များတွင် စာရင်းကိုင်လုပ်သည်။ ထောက်လှမ်းရေးလုပ်ပြီး အောင်မြင်မှုယူရန် မဖြစ်နိုင်ခဲ့လျှင် အခြားလုပ်ငန်းများကို လုပ်ရန်သာ ရှိပါတော့သည်။ ကိုဟင်သည် စီးပွားရေးလုပ်ငန်းတွင်လည်း အောင်မြင်ထူးချွန်ခဲ့သည်။ သူသည် စားသောက်ကုန် အရောင်းဆိုင်များ စစ်ဆေးရသော အင်စပတ်တာ ရာထူးရပြီး တစ်ပြည်လုံးရှိ ဆိုင်များသို့ သွားရောက်၍ ငွေကြေးကိစ္စများ စစ်ဆေးကြပ်ရလေသည်။ သူသည် ဤလုပ်ငန်း၌လည်း လျှို့ဝှက်သိပ်သည်းစွာ လုပ်ဆောင်ခဲ့သည်။ ကိုဟင်သည် အခြားအလုပ်သမားများနှင့် ခင်မင်သော်လည်း သိပ်ရင်းနှီးနှီး မပေါင်းချေ။ လူတိုင်းကလည်း ကိုဟင်၏ ရည်မှန်းချက်ကြီးမှုကို သိရှိပြီး ဤကုမ္ပဏီကြီးတွင် သူတက်လမ်း အလွန်ရှိကြောင်း သဘောပေါက်ထားကြလေသည်။

၁၉၅၉ ခုနှစ် နှစ်ဦးပိုင်းတွင် အလီကိုဟင်သည် တဲလာဗီမြို့ စစ်သည်တော် ကလပ်တွင် အီရတ်အမျိုးသမီး တစ်ဦးဖြစ်သူ နာဒီယာနှင့် တွေ့ဆုံခဲ့လေသည်။ နာဒီယာသည် ဟာဒက်ဆာ ဆေးရုံတွင် သူနာပြုတစ်ဦး ဖြစ်သည်။ အရပ်ရှည်ရှည်နှင့် ညိုချောချော ဖြစ်ပြီး သူမ၏ မျက်လုံးရွဲကြီးများမှာ နက်မှောင်နေသည်။ သူမသည် ဟန်တွေပန်တွေ ဇာချဲ့နေတတ်သူ မဟုတ်ဘဲ အလီကိုဟင်အား သူတို့နှစ်ဦး ထပ်မံတွေ့ဆုံလိုကြောင်း ပြောပြလိုက်သည်။ ရက်သတ္တပတ် (၂)ပတ်နီးပါးခန့် ကြာသောအခါ နှစ်ဦးသား ဟာလဗီးယား ကမ်းခြေတွင် လမ်းလျှောက်ကြရင်း လက်ထပ်ကြရန် ဆုံးဖြတ်ကြလေသည်။ သြဂုတ်လထဲတွင် လက်ထပ်ကြရန်နှင့် ဂျူးထုံးစံအတိုင်း ခမ်းခမ်းနားနား ကျွေးမွေးဧည့်ခံရန် စီစဉ်ကြလေသည်။ ကံကောင်းနေ၍လားဟု မပြေတတ်ပါ။ ပင်လယ်နီ မြောက်ဘက်စွန်ရှိ အီလက် အပန်းဖြေစခန်းသို့ သွားရောက်အနားယူရန် နှစ်ဦးသား မဲပေါက်ကြပြန်သည်။ ပင်လယ်နီ၏ ကျော်ကြားသော သန္တာကျောက်တန်းများပေါ်မှ ရေဆင်းကူးကြရင်း ပျားရည်ဆမ်းခရီး ထွက်ခဲ့ကြလေသည်။ မကြာမီမှာပင် နှစ်ဘက် ဆွေမျိုးများ စုပေါင်းဝယ်ယူပေးသော အခန်းတစ်ခန်းကို ကိုဟင်တို့ ဇနီးမောင်နှံ ပြောင်းရွှေ့လိုက်ကြသည်။

အလီကိုဟင်သည် အနေအထိုင် အလွန် အသားကျလာပြီး အစ္စရေးနိုင်ငံတွင် မိမိအသက်ရှင်နေစဉ် မွန်မြတ်သော အလုပ်တစ်ခု လုပ်ခဲ့ရန် စဉ်းစားမိလေသည်။ သူသည် လုပ်ကိုင်နေသော လုပ်ငန်းထဲတွင် အလွန်တိုးတက် အောင်မြင်လာပြီး၊ ငွေကြေးလစာလည်း အတော်များများ ရလာသည်။ ကိုဟင်သည် ဘောလုံးဝါသနာအိုး တစ်ဦးဖြစ်လာပြီး ရွက်လှေစီးခြင်းကိုပါ လေ့ကျင့်ခဲ့ပြန်သည်။ ကိုဟင်သည် စားဝတ်နေရး ပြေလည်ဖူလုံသော အစ္စရေးနိုင်ငံသား တစ်ဦး ဖြစ်ခဲ့ပေပြီ။ ၁၉၆ဝ ခုနှစ် နှစ်ဦးတွင် ကိုဟင်သည် တဲလာဗီမြို့ သူ့အိမ်အနီးရှိ လမ်းတစ်ခုတွင် လမ်းလျှောက်လာခဲ့ရာ သူကာကွယ်ရေးဌာနတွင် အလုပ်လုပ်နေစဉ် သိခဲ့သော လူတစ်ယောက် ပြန်တွေ့ရသည်။ သူတို့ နှစ်ဦးစလုံးသည် ခင်မင်ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများ မဟုတ်ကြသော်လည်း တစ်ဦးနှင့်တစ်ဦး ဖော်ဖော်ရွေရွေ ဆက်ဆံခဲ့ကြဖူးလေသည်။ ထိုမိတ်ဆွေဟောင်းက ကိုဟင်အား ပယ်လယ်ကမ်းစပ်သို့ လမ်းလျှောက်ရင်း စကားပြောရန် ဖိတ်ခေါ်သည်။ ကိုဟင်သည် ကာကွယ်ရေးဝန်ကြီးဌာနကို အခဲမကျေသေးသော်လည်း ထိုလူ၏ ဖိတ်ခေါ်ချက်ကို လက်ခံလိုက်သည်။

သူတို့နှစ်ဦးသား စကားပြောကြရင်း ကိုဟင် ကာကွယ်ရေးဝန်ကြီးဌာနမှ ထွက်လာသည့် ကိစ္စသို့ ရောက်သွားသည်။ ထိုလူက ကိုဟင် အဘယ့်ကြောင့် ထွက်လာခဲ့သည်ကို မသိရှိခဲ့သဖြင့် သူ့အား ဒဲ့ဒိုး မေးမြန်းခဲ့သည်။ ကိုဟင်သည် ထိုသူ၏ မေးခွန်းကို ဖြေနေစဉ်မှာပင် သူ၏ အမျက်ဟောင် ပြန်ထွက်လာလေသည်။
“အဲဒီမှာ ကျုပ်သက်သက် အချိန်ဖြုန်းခဲ့ရတာပါပဲ။ ကျုပ်ကိုယ်တိုင် သတင်းမှန်တွေကို စုဆောင်းထောက်လှမ်းပေးပြီး ကျုပ်ရဲ့အလုပ်ကို အဆပေါင်းများစွာ ပိုကောင်းအောင် လုပ်နိုင်သားနဲ့ မလုပ်ရဲဘဲ ဒီ အာရပ် သတင်းစာဆရာတွေရဲ့ သတင်းတွေကို ပြန်စုဆောင်းပေးရတာ ဘာအဓိပ္ပါယ် ရှိသလဲဗျာ”
ကာကွယ်ဝန်ကြီးဌာနမှ အမှုထမ်းသင် ကိုဟင်၏ မကျေနပ်မှုများကို စာနာမှုဖြင့် နားထောင်နေရှာသည်။ ကိုဟင် ဘာ့ကြောင့် အလုပ်ထွက်ခဲ့ရသည်ကို သူနားလည်သွားပြီဖြစ်ကြောင်း သူက ပြောပြသည်။ သူတို့နှစ်ဦးသာ ဘောလုံးပွဲအကြောင်း ကုန်ဈေးနှုန်းများအကြောင်းနှင့် အခြား သာမန် ကိစ္စရပ်များအကြောင်း ဆွေးနွေးကြပြီး လူချင်းခွဲလိုက်ကြသည်။ ကိုဟင်ကမူ သူ့ရင်ထဲ အခဲမကျေ ဖြစ်နေခဲ့သော မကျေနပ်ချက်ကို ဖွင့်အံလိုက်ရသဖြင့် ဝမ်းမြောက်ခဲ့သည်။ ဤသို့ဖြင့် ဤကိစ္စကို မေ့မေ့ပျောက်ပျောက် နေခဲ့ပြီး ရက်သတ္တပတ်အနည်းငယ် ကြာသောအခါ ဇနီးသည် နာဒီယာ မရှိခိုက် ကိုဟင်ထံသို့ ထိုမိတ်ဆွေ တစ်ခေါက် ထပ်ရောက်လာလေသည်။ ထိုသူက သူသည် အိုက်ဇက် ဇဲလ်ဟန်း ဖြစ်ပြီး မော့ဆက်အဖွဲ့ကြီးတွင် လုပ်သက်ရင့် အရာရှိတစ်ဦးဖြစ်ကြောင်း ကိုဟင်အား ဖွင့်ပြောခဲ့သည်။ သူက ကိုဟင်ကို ကမ်းနားဘက် လမ်းလျှောက်ရန် ဖိတ်ခေါ်သဖြင့် ကိုဟင်ကလည်း လက်ခံလိုက်လေသည်။

ကမ်းခြေတွင် လမ်းလျှောက်လာစဉ် ဇဲလ်ဟန်းက မော့ဆက်အဖွဲ့သည် ကိုဟင် အစ္စရေးရောက်စကပင် စောင့်ကြည့်နေခဲ့ကြောင်း သူ့အား ပြောပြလိုက်သည်။ အီဂျစ်ပြည်တွင် ကိုဟင် လုပ်ဆောင်ခဲ့သည်များကို သူတို့ သိရှိခဲ့ပြီး ယခုလည်း သူတို့အတွက် ကိုဟင် အလုပ်လုပ်ပေးစေလိုသည်။ သို့သော် အလီကိုဟင်သည် အစ္စရေးသို့ ရောက်ပြီးစတွင် အခြမကျဖြစ်နေခဲ့သဖြင့် မော့ဆက်အဖို့ အကျပ်ရိုက်နေရလေသည်။ ထို့ကြောင့် ကိုဟင် တစ်ယောက် နေသားတကျ မဖြစ်မချင်း ထောက်လှမ်းရေးလုပ်ငန်းများတွင် တာဝန်မပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုနောက် သူတို့သည် ထူးချွန်သော ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ မလုပ်မဖြစ် လုပ်ရမည်ဖြစ်သော စားပွဲထိုင်လုပ်ငန်းတွင် ကိုဟင်အား တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
“ခင်ဗျား လုပ်ချင်ပါတယ်ဆိုတဲ့ အလုပ်ကို ကျုပ်တို့ မပေးခဲ့တာကတော့ အကြောင်းကြောင်းတွေ အများကြီး ရှိပါတယ်။ အရေးကြီးဆုံး အချက်ကိုတော့ ခင်ဗျား သိပြီးသားပါ။ ကျုပ်တို့က ခင်ဗျားကို သေသေချာချာ လေ့လာနေတာပါ။ အခုတော့ ခင်ဗျား တကယ့် ထောက်လှမ်းရေးလုပ်ငန်းကို လုပ်နိုင်ပြီလို့ ကျုပ်တို့ ထင်ပါတယ်”

ဇဲလ်ဟန်းက ဆက်ပြောပြန်သည်။
“ခင်ဗျား ထောက်လှမ်းရေးအဖွဲ့ထဲမှာ လုပ်ချင်ရင် ခင်ဗျားရဲ့ လျှောက်လွှာကို ကျုပ်တို့ စဉ်းစားမှာပါ”
ကိုဟင်၏ တုံ့ပြန်ချက်ကိုလည်း ဇဲလ်ဟန်းက အောက်ပါအတိုင်း ပြောပြခဲ့ပါသည်။
“သူ ဝမ်းသားလုံးဆို့ပြီး တော်တော်နဲ့ စကားပြန်မပေးနိုင်ခဲ့ဘူး။ နောက်ပြီး ဟန်ဆောင်မှု လုံးဝမပါဘဲ သူ့တိုင်းပြည်အတွက် မည်သည့်နေရာကမဆို စိတ်ပါလက်ပါ ဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ကျွန်တော့်ကို ပြောပြပါတယ်။ ထောက်လှမ်းရေး သူလျှိုအနေနဲ့ ဘယ်အာရပ်နိုင်ငံကိုပဲ သွားရသွားရလို့ ပြောပါတယ်။ ကျွန်တော် မှတ်မိတာကတော့ သူ့ကို ဥရောပ ပို့လိုက်မှာ သူစိုးရိမ်တယ်ဆိုတဲ့ အချက်ပါဘဲ။ အာရပ်တစ်ယောက်အနေနဲ့ ဥရောပမှာ လှုပ်ရှားရမယ်ဆိုရင် အလှမ်းဝေးတယ်လို့ သူယူဆပါတယ်။ မော့ဆက်အဖွဲ့ဖြစ်လာရင်တော့ ဘာခိုင်းခိုင်း လုပ်ရမယ်လို့ ကျွန်တော် သူ့ကို ပြောပြလိုက်တော့ သူသဘောပေါက်သွားပါတယ်”

ထိုနောက် သူတို့နှစ်ဦး နာရီအတော်ကြာ ဆက်လက်ဆွေးနွေးကြပြန်သည်။ ထိုမော့ဆက်ထောက်လှမ်းရေးအရာရှိ၏ လျှို့ဝှက်နာမည်မှာ ဒါးဗစ်ခ်ျ ဖြစ်ပြီး သူခိုင်းမည့်လူကို သူလိုသလို ပုံသွင်းနေခြင်း ဖြစ်ပါသည်။ သူသည် ၁ဝ၄၈ ခုနှစ် မတိုင်မီက အကြမ်းဖက် ပြောက်ကျားအုပ်တွင် ပါဝင်ခဲ့သူဖြစ်သဖြင့် မိမိ၏ အန္တရာယ်ပြွမ်းသော လုပ်ငန်းရပ်တွင် ခိုင်းမည့်အစား အစအဆုံး နားလည်ထားရမည်ဟု သိပါသည်။ ပထမဦးစွာ ဒါးဗစ်ခ်ျက ကိုဟင် ဤအလုပ်လိုသည့် အကြောင်းများကို မေးမြန်းခဲ့သည့် “နာဒီယာနှင့် အိမ်တွင်းရေး အဆင်ပြေသလား၊ အိမ်မှာ အိမ်တွင်းရေး အဆေင်မပြေ၍ အပြင်ထွက်ချင်သလား စွန့်စားရမည် လုပ်ငန်းကို နှစ်သက်သလား၊ ထိုအလုပ်ရပါက စိတ်လှုပ်ရှားတက်ကြွဖွယ်ရာ သူလျှိုလုပ်ငန်းတွေ အဆက်မပြတ် လုပ်ရမည်”ဟု မျှော်လင့်ထားသလား… စသည်… စသည်ဖြင့်…။ ကိုဟင်သည် မေးခွန်းများကို ရိုးသားပွင့်လင်းစွာ ပြန်လည် ဖြေကြားခဲ့လေသည်။ သူတို့ ဇနီးမောင်နံ သားဦးကလေး ရခါနီးပြီဖြစ်ပြီး နှစ်ယောက်စလုံးက နောက်ထပ် သားသမီးတွေ တပြုံကြီး လိုချင်ပါသေးသည်။ သူသည် မိသားစုကို ခွဲ၍ မနေချင်ပါ။ သို့သော်လည်း တာဝန်ပေးပါက ဝမ်းမြောက်ဝမ်းသာ လုပ်ဆောင်မည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

အလီကိုဟင် ကိုယ်တိုင်က မသိသော်လည်း ဒါးဗစ်ခ်ျသည် ထိုအဖြေများကို သူ မဖြေမီက သိရှိပြီး ဖြစ်ပါသည်။ မော့ဆက်အဖွဲ့ကြီးသည် ကိုဟင်၏ မိတ်ဆွေ အပေါင်းအသင်းများနှင့် မိသားစုဝင်များထံ ချဉ်းကပ်၍ လျှို့ဝှက်စုံစမ်း သိရှိထားပြီးပါပြီ။ သူ၏ သာယာသော အိမ်ထောင်ရေးအကြောင်းလည်း မော့ဆက်က သိပါသည်။ ဇနီးမောင်နှံ (၂)်ဦးသည် သားဦးကလေး မျှော်လင့်နေကြောင်းလည်း မော့ဆက် သိသည်။ အလီကိုဟင်၏ ပုဂ္ဂိုလ်ရေးရာကိစ္စရပ်များနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ပြဿနာများအပြင် အစ္စရေးနိုင်ငံအပေါ် ထားရှိသော သူ၏ စိတ်ဓာတ်များကိုလည်း မော့ဆက်က ခရေစေ့တွင်းကျ အသေးစိတ် သိထားပါသည်။ ထို့ကြောင့်ပင် မော့ဆက်အဖွဲ့ထဲ ဝင်ချင်သည့် သူ၏ တစ်ခုတည်းသော အကြောင်းမှာ မိမိနိုင်ငံကို မိမိအလုပ်အကျွေးပြုလို၍သာဖြစ်ကြောင်း အလီကိုဟင်က ပြောသောအခါ သူအမှန်တကယ် ပြောကြောင်း ဒါးဗစ်ခ်ျက ယုံကြည်လေသည်။

ထို့နောက် ဒါးဗစ်ခ်ျက ကိုဟင်အား အလုပ်ကိစ္စနှင့် ပတ်သက်သော မေးခွန်းများ မေးမြန်းသည်။ မိမိအလုပ် ဘာအလုပ်ဖြစ်သည်ကို ဇနီးသည်အပါအဝင် မည်သူ့ကိုမျှ မပြောရခြင်းကို သိသလား။ လခမှာ ယခုရနေသည့် လခထက် များသော်လည်း ငွေကြေးအမြောက်အမြား ရမည်မဟုတ်ကြောင်း သိသလား။ မော့ဆက်အဖွဲ့ကြီး၏ တင်းကျပ်၍ ချွတ်ယွင်းချက် မရှိသော စည်းကမ်းများကို လက်ခံနိုင်သလား… စသည်… စသည့် မေးခွန်းများ…။ ကိုဟင်သည် အချက်အလက်များကို လက်ခံရန် အဆင်သင့် ဖြစ်ပါသည်။ သူက မဲ့ပြုံးပြုံးကား ဒါးဗစ်ခ်ျအား ပြောလိုက်သည်။
“တကယ်ဆိုတော့ ဒီအလုပ်ဟာ ကျွန်တော် ငယ်ငယ်က တစ်ချိန်လုံး လုပ်ကိုင်ခဲ့တဲ့ အလုပ်ပါဗျာ။ ဒါကို ခင်ဗျားတို့လည်း အသိပါပဲ”

ဒါးဗစ်ခ်ျက ကိုဟင်အား သူ အီဂျစ်နိုင်ငံတွင် သူလျှိုအဖြစ် လှုပ်ရှား ဆောင်ရွက်ခဲ့သည်များကို အီဂျစ်တို့ မည်သို့သော အတိုင်းအတာအထိ သိခဲ့သနည်းဟု သေသေချာချာ မေးကြည့်သည်။ ထို့နောက် ဒါးဗစ်ခ်ျက ဤသို့သော အခြေအနေတွင် ကိုဟင် အီဂျစ်နိုင်ငံသို့ ပြန်သွားရန် မဖြစ်နိုင်တော့ဟု ဆိုလေသင်။ အခြား အာရပ်နိုင်ငံတစ်ခုခုသို့ ကိုဟင် သွားသည်ပဲထားဦး ထိုနိုင်ငံသည် အီဂျစ်တို့ ပေးပို့သော ကိုဟင်၏ နောက်ကြောင်းများကို ရရှိထားနိုင်သည်။ ထိုအခါ ထိုနိုင်ငံအတွင်း ကိုဟင် ခြေချမိသည်နှင့် သူ့လည်ပင်းကြိုး သူတပ်ခြင်းသာ ဖြစ်ပေတော့မည်။ အလီကိုဟင်က ယခု သူလုပ်နေသော စီးပွားရေးလုပ်ငန်းသည် ပျင်းစရာကောင်းပြီး သူစိတ်မဝင်စားလှကြောင်း ဒါးဗစ်ခ်ျအား ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။ သို့သော် အလုပ်များ၌ ပျင်းရိငြီးငွေ့နေခြင်းကြောင့် သက်သက် မော့ဆက်အဖွဲ့ထဲ အသက်စွန့်၍ သူလျှိုလုပ်ချင်ခြင်း မဟုတ်ကြောင်း၊ သူ၏ နိုင်ငံအကျိုးအတွက် သူ့အသက်ကို စွန့်လွှတ်ကာ ဆောင်ရွက်လိုခြင်းသာဖြစ်ကြောင်း ကိုဟင်က ထပ်လောင်း ပြောဆိုပြန်သည်။

ဒါးဗစ်ခ်ျက ကိုဟင်ကို ကျေနပ်အားရသွားလေသည်။ ကိုဟင်သည် သူ၏ ပဏာမ စစ်မေးခြင်းကို အောင်မြင်ခဲ့လေပြီ။ ထိုနောက်တွင် ကိုဟင် တစ်ယောက် စာမေးပွဲတွေ တသီတတန်းကြီး ဖြေဆိုရပြန်သည်။ ဆရာဝန်များနှင့် သိပ္ပံပညာရှင် အမြောက်အမြား ပါဝင်သော စစ်ဆေးရေးအဖွဲ့များ၏ အလယ်တွင် ကိုဟင်သည် ဆေးဘက်ဆိုင်ရာင်နှင့် စိတ်ဓာတ်ရေးရာ စစ်ဆေးချက်များ ခံရလေသည်။ ၁၉၅ဝ ခုနှစ်လောက်မှ စ၍ ထောက်လှမ်းရေးအဖွဲ့များသည် သူလျှိုတစ်ယောက် သို့မဟုတ် စစ်သားတစ်ယောက် (ရန်သူဖြစ်စေ၊ အစ္စရေးဖြစ်စေ)သည် မည်သို့ လှုပ်ရှားဆောင်ရွက်မည်ကို လိုအပ်သော အချက်အလက် အကြောင်းအရာများနှင့် ဆန်းစစ်ဝေဖန်ချက်များ နည်းစနစ်ကျကျ စုဆောင်းပေးသော စီမံချက်တစ်ခုကို လက်ကိုင်ပြုလာကြလေသည်။ စုဆောင်းရရှိသော အချက်အလက်များကို ကွန်ပျူတာစက်ထဲ ထည့်သွင်းပေးလိုက်ပြီး ကွန်ပျူတာ၏ ဆန်းစစ် အဖြေထုတ်ပေးမှုကို လေ့လာကြလေသည်။ မော့ဆက်အဖွဲ့ကြီးသည် လူနည်းနည်းနှင့် ကျဲကျဲဝိုင်းထားသော အဖွဲ့ဖြစ်၍ ထိုစီမံချက်မျိုး မရှိမဖြစ် လိုအပ်နေပေသည်။ မော့ဆက်၏ လက်တစ်ဆုပ်စာ သူလျှိုအဖွဲ့ဝင်များအပေါ် အကုန်လုံး ယုံမှတ်ကာ ပုံအပ်ထား၍ မဖြစ်နိုင်ပါ။ အဖွဲ့ဝင်တစ်ဦး၏ ပုဂ္ဂိုလ်ရေးရာ အသေးအဖွဲကိစ္စလေး တစ်ရပ်သည်ပင်လျှင် ထိုအဖွဲ့ဝင်၏ ထိပ်တန်းသူလျှိုအဆင့် တာဝန်ပေးမှုကို ထိခိုစေနိုင်ပါသည်။

ထို့ကြောင့်ပင် အလီကိုဟင်သည် တစ်သက်လုံး လျှမ်းလျှမ်းတောက် လုပ်ကိုင်ဆောင်ရွက်ခဲ့သည်မှာ မှန်သော်လည်း မော့ဆက်အဖွဲ့ကြီး၏ စည်းကမ်းတကျ ရွေးချယ်ခေါ်ယူကာ ဒေါင်ဒေါင်မြည် စစ်ဆေးချက်များကို တစ်ခုပြီးတစ်ခု ဝင်ရောက် အစစ်ဆေးခံရခြင်း ဖြစ်သည်။ အောင်မြင်ရန်လည်း လိုအပ်ပါသည်။ နောက်ဆုံး၌ ဒါးဗစ်(ခ်ျ)က ကိုဟင်အား ဤသို့ ပြောလိုက်သည်။
“ကိုင်း… ခင်ဗျားကိုတော့ သူတို့က ပထမတန်းစားလို့ သတ်မှတ်ပေးလိုက်ပြီ။ အဲဒီတော့… မော့ဆက်အဖွဲ့ကြီးထဲသို့ ခင်ဗျား ဝင်ချင်တဲ့ ဆန္ဒရှိရင် ခင်ဗျား ဝင်နိုင်ပါပြီ” ဤသို့နှင့် အလီကိုဟင် မော့ဆက်အဖွဲ့ထဲ ပြန်ဝင်လာခဲ့သည်။
ဒါးဗစ်ခ်ျသည် ကိုဟင်အား သူ၏ အလုပ်စည်းကမ်းများကို ရှင်းလင်းပြောပြသည်။ ကိုဟင်သည် မော့ဆက်အဖွဲ့ထဲ ပြန်ရောက်သည့်နေ့မှ စ၍ သင်တန်းများ တက်ရောက်နေရသော်လည်း လစာအပြည့် စတင်ရရှိမည် ဖြစ်သည်။
မော့ဆက်အဖွဲ့ဝင်မှန်သမျှ (ကိုဟင်တို့လို ယခင်က လက်စလက်နရှိပြီးသူများ အပါအဝင်) သင်တန်းတစ်ခုတည်းကိုသာ အတူတကွ တက်ကြရသည်။ ဒါးဗစ်ခ်ျက ဆက်လက်ပြောပြန်သည်။

“သင်တန်းပြီးသွားရင် ခင်ဗျား မော့ဆက်ရဲ့ သူလျှိုအဖြစ် ဆက်လုပ်ချင်သလား မလုပ်ချင်ဘူးလားဆိုတာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ နောက်ပြီး ခင်ဗျားထွက်ချင်တဲ့ အချိန်မှာ ခင်ဗျား စိတ်ချမ်းသာ လက်ချမ်းသာ ထွက်နိုင်ပါတယ်။ စိတ်ထဲမှာ မကျေနပ်ချက်တော့ မရှိစေချင်ဘူး။ ကျုပ်တို့ဘက်က တစ်ခုတည်းသော စည်းကမ်းသတ်မှတ်ချက်ကတော့ ဘယ်သက်ရှိသတ္တဝါကိုမှ ခင်ဗျားရဲ့အလုပ် ဘာအလုပ်ဆိုတာ မပြောပြရဘူး။ ဒီလျှို့ဝှက်ချက်ကို ခင်ဗျား ဖောက်ဖျက်ပြီလို့ ကျုပ်တို့ဘက်က သံသယနည်းနည်းရှိတာနဲ့ ခင်ဗျားကို ချက်ချင်းတန်း ဖြုတ်ပစ်မှာပဲဗျို့”
ကိုဟင်ကလည်း ဖော်ပြပါ စည်းကမ်းချက်များကို လိုက်နာခဲ့သူ ဖြစ်သဖြင့် ဇနီးသည် နာဒီယာကိုပင် သူ၏ အလုပ်သစ်အကြောင်း ဘာမျှ မပြောခဲ့ချေ။ သူစာရင်းကိုင်အလုပ်မှ ထွက်ပြီး စီးပွားရေးလုပ်ငန်းများကို ကိုင်သော ပြည်သူ့ဝန်ထမ်းဌာနတစ်ခုတွင် အလုပ်ဝင်နေပြီဖြစ်ကြောင်းသာ ပြောပြထားသည်။ နာဒီယာကလည်း ကိုဟင်အား အလုပ်သစ်အကြောင်း စမေးစဉ်က ခင်ပွန်းထံမှ မရေလှသော အဖြေများသာ ရရှိခဲသဖြင့် ထိုအလုပ်သည် ကိုဟင်ပြောသော အလုပ်မျိုးထက် ကြီးကျယ်သော အလုပ်ဖြစ်မည်ဟု သံသယရှိခဲ့ပါသည်။ သို့သော်လည်း နာဒီယယာသည် ကိုဟင်အား အတင်းအကျပ် မေးယူရန် မလိုကြောင်း နားလည်ခဲ့ပါသည်။ လပေါင်းများစွာ ခရီးထွက်ရမည်ဟု ခွင့်တောင်းလာသောအခါများ၌ပင် နာဒီယာသည် ကိုဟင်ကို မေးခွန်းတွေ ထုတ်မနေရှာတော့ချေ။

အလီကိုဟင်သည် သူ၏ အလုပ်သစ်တွင် အခြေခံနည်းနာနိသျများ (၆)လခန့် အပူတပြင်း လေ့လာရသည်။ သူသည် (၆)လတာ ကာလတလျှောက်လုံး မော့ဆက်အဖွဲ့ကြီးက သင်တန်းကျောင်းအဖြစ် ငှားထားသော တဲလာဗီမြို့တော် အိမ်ခန်းတစ်ခန်းတွင်သာ နေထိုင်ခဲ့ရသည်။ (မော့ဆက်သင်တန်းကျောင်းသည် ယနေ့တိုင် ဤနေရာ၌ ရှိပါသည်။) ကိုဟင်သည် ထိုသင်တန်းကျောင်းမှ အခွင့်မရှိဘဲ အပြင်သို့ လုံးဝ မထွက်ရပါ။ ညနေအညောင်းပြေ အညာပြေ လမ်းလျှောက်ထွက်ချင်လျှင်လည်း ဒါးဗစ်ခ်ျ သူနှင့် လိုက်ပါလာပါသည်။ ၁၉၆ဝ ခုနှစ် နွေရာသီကာလ တစ်ခုလုံး အလီကိုဟင်သည် မော့ဆက်အဖွဲ့ကြီး၏ သင်ရိုးညွှန်းတမ်းတစ်ခုလုံး အကျွတ်လေ့လာခဲ့လေသည်။ အတွေ့အကြုံဝနေပြီဖြစ်သော ဖောက်ခွဲရေးဝိဇ္ဇာများက အလွယ်ကူဆုံး ရနိုင်မည့် ပစ္စည်းများနှင့် ဗုံးများ၊ ချိန်ကိုဗုံးများ ပြုလုပ်နည်းများကို သူ့အား သင်ပေးသည်။ သူတို့သည် ကိုဟင်အား စစ်တပ်စခန်းများသို့ ခေါ်ဆောင်သွားပြီး တံတားများနှင့် အဆောက်အအုံများ ဖောက်ခွဲရာ၌ အသုံးပြုနေသင့် ကိရိယာ တန်ဆာပလာများနှင့် ဗုံးများကို ကိုင်တွယ် အသုံးပြုပုံများကို လက်တွေ့ပြသကြသည်။ ရင်ဆိုင်တိုက်ပွဲ နည်းပြများကလည်း ကိုဟင်အား လက်နက်မဲ့ တိုက်ခိုက်နည်း အမျိုးမျိုးကို သင်ကြားပေးသည်။ သက်ဆိုင်ရာ ဆရာများက ကိုဟင်အား လက်နက်ငယ်အမျိုးမျိုး အသုံးပြုနည်းကို သင်ပေးသည်။ သူတို့သည် ကိုဟင်တစ်ယောက် ပထမတန်းစား လက်ဖြောင့်သေနတ်သမား တစ်ယောက် ဖြစ်လာမှသာ သူတို့၏ သင်တန်းကို ရပ်ကြတော့သည်။

ကိုဟင်သည် လက်နက်များ၊ စစ်သင်္ဘောများ၊ လေယာဉ်များကို အနောက်နိုင်ငံလုပ်လား ဆိုဗီယက်လုပ်လား ဟူသည့်အချက်ကို ချက်ချင်း ခွဲခြားတတ်အောင် သင်ယူလေ့ကျင့်ထားရသည်။ ထို့နောက် ကိုဟင်သည် မည်သည့်အဆောင်အအုံ ကြီးငယ်ကိုမဆို ဖောက်ထွင်းဝင်ရောက် ခိုးယူနိုင်အောင်လည်း သင်ကြားထားရပြန်သည်။ သူသည် မည်သည့် သော့ခလောက်ကိုမဆို မည်သည့် မီးခံသေတ္တာကိုမဆို အသံမထွက်စေဘဲ တိုတောင်းသော အချိန်အတွင်းမှာပင် ချက်ကနဲ ဖွင့်တတ်ပါသည်။ သတင်းထောက်လှမ်း စုဆောင်းခြင်းနှင့် ယင်းတို့ကို ဝေဖန်ဆန်းစစ်ခြင်းဆိုင်ရာ နည်းနိသျများသည်ကား မော့ဆက်သင်ရိုးတစ်ခုလုံးတွင် အရေပါဆုံးသော အစိတ်အပိုင်းပင် ဖြစ်သည်။ အလီကိုဟင်သည် စကားဝှက်ဖြင့် သတင်းပို့ရာ၌လည်းကောင်း စကားဝှက်ဖြင့် ပို့လာသော သတင်းကို ပြန်လည်အဖြေထုတ် ဖတ်ရှုရာ၌လည်းကောင်း အထူးကျွမ်းကျင်သူတစ်ဦး ဖြစ်လာလေသည်။ သူသည် အလွန်သေးငယ်သော အသံဖမ်းစက်ကလေး တစ်လုံးကို အစိတ်အပိုင်း တစ်ခုစီဖြစ်အောင် ဖြုတ်ပစ်၍ ပြန်လည်တပ်ဆင်နိုင်သည်၊ ပြင်ဆင်နိုင်သည်။ ထို့ပြင် ရန်သူနိုင်ငံတစ်ခုခုသို့ ရောက်ပါက ထိုစက်ကလေးကို သူမည်သို့ ထား၍ မည်သို့ အသုံးချရမည်ကို ကိုဟင် သိရှိသည်။ ခေတ်မမီတော့သော်လည်း ယခုတိုင် ထိရောက်သော နည်းတစ်ခုအဖြစ် အသုံးပြုလျက်ရှိသည့် ကိုယ်ပျောက်မင်နှင့် စာရေးနည်းများ၊ အရေးကြီးသော သတင်းများနှင့် စာများကို သာမန်ရိုးရိုးစားများနှင့် ရောထွေး၍ ဝှက်ထားရသည့်နည်းများ စသည် စသည်တို့သည် ကိုဟင်၏ သင်တန်းမှ တစ်စိတ်တဒေသသာ ဖြစ်ပါသည်။

သူတတ်မြောက်ထားသည့် ဓာတ်ပုံပညာကို ထပ်လောင်းမွမ်းမံကာ မိုက်ခရိုဖလင် ကူးယူနည်းများအထိ ကိုဟင်အား သင်ကြားပေးကြသည်။ သူ့အား သင်ပေးလိုက်သော နည်းနိသျများကို သင်တန်းဆရာများက အကြိမ်ကြိမ်အခါခါ စမ်းသပ်စစ်ဆေးပြီး ကိုဟင်တစ်ယောက် သူတို့ပေးသော အတတ်ပညာရပ်များကို ရ/မရ စမ်းသပ်ကြသည်။ ကိုဟင်သည် သူ့အား သင်ပေးလိုက်သည့် အတတ်ပညာအဖုံဖုံ နည်းနိသျအစုံစုံကို သေချာစွာ လျင်မြန်စွာ သဘောပေါက်နားလည်ပြီး ခံယူတတ်မြောက်သွားသည်ချည်း ဖြစ်သဖြင့် နည်းပြဆရာများကပင် အံ့အားသင့်ကြရသည်။ သူ၏ ထူးခြားလှသော မွေးရာပါ မှတ်ဉာဏ်သည် ငယ်စဉ်က သမ္မာကျမ်းစာမှ စာကြောင်းများကို အလွတ်ရွတ်ဆိုပြနိုင်ခြင်း၊ ကားများ၏ လိုင်စင်နံပါတ်များကို အလွတ်မှားသာမိခြင်း စသည့် လေ့ကျင့်မှုများကြောင့် ပိုမိုတောက်ပြောင်လာလေရာ လူတိုင်း လက်ဖျားခါကြလေသည်။ မည်သူနှင့်မျှ မတွေ့ရသော (၆)လတာ သင်တန်းကာလ ပြီးဆုံးသွားသောအခါ ကိုဟင်နှင့် ပတ်သက်သော နောက်ဆုံး အစီအရင်ခံချက်တွင် အောက်ပါအတိုင်း ရေးသားထားပါသည်။
“လုပ်ငန်းခွင်တွင် တကယ်တမ်း လုပ်ကိုင်လှုပ်ရှားရမည့် သူလျှိုတစ်ဦး၌ ရှိရမည့် အရည်အချင်း မှန်သမျှ ကိုဟင်တွင် အမြောက်အမြား ရှိပါသည်”

အလီကိုဟင်သည် အခြေခံသင်တန်းပြီးစီးသွားသောအခါ တဲလာဗီမြို့တော် လမ်းမများတွင် ထူးဆန်းသော ကစားနည်းတစ်မျိုး သူပါဝင်ကစားရပြန်သည်။ အလီက ရှေ့ကသွားပြီး နှစ်ဦးထက်ပိုသော သူ့လို သင်တန်းသားများက သူ့နောက်က လိုက်ကြသည်။ ထိုသူများကို ရှဲဒိုးများဟု ခေါ်ပြီး ကိုဟင်က တစ်နေရာမှ ထိုသူများကို ပြန်လိုက်ကာ ဖမ်းဆီးပေးရသည်။ ထိုသို့ လုပ်ပြီးနေက် ကိုဟင်သည် သူ့နောက်လိုက်သော ရှဲဒိုးများထံမှ လွတ်မြောက်ထွက်ပြေးရန် ကြိုးစားပြန်သည်။ သူ့ပင်ကိုအမူအရာနှင့် လှုပ်ရှားသွားလာပုံ ဟန်ပန်များကို ရုပ်ဖျက်ထားခြင်း သိပ်မလုပ်ထားပါ။ ဤပညာရပ်သည် အလွန်ခက်ခဲလှသော ပညာရပ်ဖြစ်သဖြင့် ကိုဟင်သည် ရက်သတ္တပတ် မြောက်များစွာ လေ့ကျင့်သင်ယူခဲ့လေသည်။ နောက်ဆုံး၌ အပြန်အလှန်ပြုကာ ကိုဟင်က လိုက်သူဖြစ်လာပြီး သူ၏ ရှဲဒိုးများက ထွက်ပြေးသူများ ဖြစ်လာသည်။ ထိုလေ့ကျင့်ခန်းများ ပြုလုပ်ပြီးသည့်နောက် ကိုဟင်သည် အတွေ့အကြုံရှိနေပြီဖြစ်သော မော့ဆက်အဖွဲ့ဝင်များနှင့် ထိုလေ့ကျင့်ခန်းကို ပြန်စကာ လေ့ကျင့်ရပြန်သည်။

သစ်ပင်များ စီးတန်းပေါက်နေသော တဲလာဗီမြို့တော် လမ်းမများသည် အမှန်စင်စစ် ရန်သူကင်းရှင်းသော ပတ်ဝန်းကျင်ဖြစ်သဖြင့် လေ့ကျင့်နေသူများသည် အမှတ်တမဲ့ အငိုက်မိသွားတတ်သည်။ ထို့ကြောင့် မော့ဆက်နည်းပြဆရာများက သူတို့၏ သင်တန်းသားများအား အစဉ်သဖြင့် ဖျတ်ဖျတ်လတ်လတ် နိုးနိုးကြားကြား ရှိနေစေပါသည်။ မော့ဆက်အဖွဲ့ဝင်တစ်ဦးသည် မည်သည့်နေရာတွင် ရောက်နေပါစေ၊ သူ့အား နောက်ယောင်ခံ လိုက်နေသော ရှဲဒိုးတစ်ဦးကို မြင်တွေ့နိုင်သည့် အတတ်ပညာများကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားပါက သူ့အသက် သူပြန်ကယ်နိုင်မည်ဟု မော့ဆက်သင်တန်းသားများ ထပ်တလဲလဲ သဘောပေါက်စေပါသည်။ သူလျှိုတစ်ဦးအနေနှင့် သူ့အား မည်သူမျှ မရိပ်မိဘဲ လှုပ်ရှားနိုင်သည်ဆိုစေဦး၊ သူ့ကို သတ်ဖြတ်ရန် တာဝန်ကျထားပြီးသော သေမင်းတမန်တစ်ဦးနှင့် တွေ့ကြုံနိုင်သေးသည် မဟုတ်ပါလော။ အထက်ပါ လေ့ကျင့်ခန်းများကို တိကျကျွမ်းကျင်စွာ တတ်မြောက်ရန် လိုအပ်ပါသည်။ မော့ဆက်သူလျှိုများသည် ဤလေ့ကျင့်ခန်းကို ထပ်တလဲလဲ လေ့ကျင့်ထားကြရသဖြင့် အရေးကြုံ၍ လှုပ်ရှားရတော့မည်ဆိုလျှင် လိုချင်သောပုံစံ တစ်ခါတည်း ဝင်သွားကြလေသည်။

မော့ဆက်တို့သည် တဲလာဗီမြို့တော်၏ လူရှုပ်သော လမ်းမများတွင် နောက်ယောင်ခံ လိုက်ရသည့် ရှဲဒိုးလုပ်ငန်းများ လေ့ကျင့်ကြသောအခါ တစ်ဦးနှင့်တစ်ဦး ရင်ဆိုင် မတွေ့ကြပါ။ ခပ်လှမ်းလှမ်း တစ်နေရာမှသာ လှစ်ကနဲ တစ်ကြိမ်လောက် တွေ့ကြရသည်။ လေ့ကျင့်နေစဉ် မော့ဆက်အဖွဲ့ကြီးက ချထားသော တင်းကျပ်သည့် စည်းကမ်းများကို လိုက်နာကြရသည်။ ဘေးမှ သင်တန်းဆရာ မပါဘဲ တစ်ဦးချင်း လမ်းလျှောက်ခြင်းကို ခွင့်မပြုပါ။ သူတို့၏ မိသားစုများနှင့် ချိန်းတွေ့ခြင်း စကားပြောခြင်းများ လုံးဝ မလုပ်ရပါ။ သင်တန်းဆင်နေချိန်၌ အလီကိုဟင်နှင့် ဒါးဗစ်ခ်ျတို့အကြား ရင်းနှီးမှုသည် ပိုမို ခိုင်မြဲလာလေသည်။ ကိုဟင်သင် ဒါးဗစ်ခ်ျအား သူ၏ ပထမ နာမည်ဖြစ်သော အိုက်ဇက်ဟူသည့် နာမည်ဖြင့် ဆက်သွယ် ပြောဆိုနေလေပြီ။ သူတို့၏ ရင်းနှီးမှုသည် စိတ်ရင်းစေတနာရင်းမှ ဖြစ်ပေါ်လာသော သံယောဇဉ်ကြိုးတစ်ချောင်းနှင့် တူပေသည်။ သို့သော် မော့ဆက်အဖွဲ့ကြီး၏ အလိုအရဆိုသော် ဆရာနှင့်တပည့် ဤသံယောဇဉ်မျိုး ရှိအပ်ပါသည်။

မော့ဆက် လူကြီးပိုင်းက နားလည်ထားသည့် အချက်မှာ ရန်သူနိုင်ငံတစ်ခုတွင် အထီးကျန်ဘဝ၊ အန္တရာယ်ပြွမ်းသော ဘဝ၌ နေရပြီး တကယ်တမ်း လှုပ်ရှား ဆောက်ရွက်နေသည့် သူလျှိုတစ်ဦး၏ ကျွမ်းကျင်မှုနှင့် စိတ်ဓာတ်တို့သည် သူ၏ ဌာနချုပ်နှင့် သူယုံယုံကြည်ကြည် ဆက်သွယ်နေခြင်းအပေါ် မူတည်ပါသည်ဟူ၍ ဖြစ်လေသည်။ ကိုဟင်နှင့် ဒါးဗစ်ခ်ျတို့အကြားတွင် ကိုယ်ချင်းစာစိတ်နှင့် အပြန်အလှန် လေးစားမှုများ မပေါ်ပေါက်လျှင် ကိုဟင်အတွက် မော့ဆက်အဖွဲ့ကြီးက သင်တန်းကြီးကြပ်သူ ဆရာသစ်တစ်ဦး ထည့်ပေးရပါမည်။ ကိုဟင်သည် ထိပ်တန်း သူလျှိုလုပ်ငန်းတစ်ခုတွင် တာဝန်ယူလုပ်ကိုင်နိုင်ရန် အရည်အချင်း ပြည့်ပြီဖြစ်သည်ဟု အသိအမှတ်ခံနိုင်ရေးအတွက် အရေးကြီးသော စမ်းသပ်ချက်တစ်ခု လိုနေပေသေးသည်။ ထိုစမ်းသပ်ချက်ကို ပြုလုပ်စဉ်က မာစဲလ်ကိုဝမ် အမည်ရှိသော ပြင်သစ်လူမျိုး ကုန်သည်ကြီးတစ်ဦးက အကျိုးအကြောင်း ဘာမျှ မသိရဘဲ ကူညီခဲ့ရှာသည်။ ကိုဝမ်သည် အီဂျစ်တွင် မွေးဖွားပြီး ပြင်သစ်ပြည် အရှေ့တောင်ဘက်ရှိ ပရိုဗင့်ပြည်နယ်တွင် နေထိုင်သည်။ သူသည် ၁၉၆ဝ ခုနှစ် နွေရာသီတွင် အစ္စရေးနိုင်ငံသို့ အလုပ်ကိစ္စနှင့် ရောက်ခဲ့သည်။ သူ တဲလာဗီမြို့တော် ရောက်ပြီး မကြာမီတွင် သူ၏ နိုင်ငံကူးလက်မှတ်သည် ဟိုတယ်ခန်းထဲတွင် ပျောက်ဆုံးသွားခဲ့သဖြင့် ကိုဝမ်သည် ဒေါသလည်းထွက် အံ့အားလည်း သင့်သွားရသည်။

သူသည် မျက်ကလူး ဆန်ပြာဖြစ်သွားပြီး အစ္စရေးရဲဘက်နှင့် ပြင်သစ်ကောင်စစ်ဝန်ရုံးသို့ အကြောင်းကြားခဲ့သည်။ သူမြောက်အာဖရိကသို့ သွားရန်ဖြစ်သော ခရီးအတွက် ယာယီ ပတ်စ်ပို့တစ်ခု ထုတ်ပေးလိုက်ရသည်။
သို့ရာတွင် ဂျေရုဆလင်၏ လူစည်ကားသော လမ်းမများတွင် မာစဲလ်ကိုဝမ် တစ်ယောက် ကမ္ဘာလှည့်ခရီးသည် တစ်ယောက်နှင့်မခြား လည်ပတ်ကြည့်ရှုနေပါသည်။ သူသည် ဘာသာရေး အဆောက်အအုံများ သမိုင်းဝင်နေရာများ အဝတ်အစားနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ရောင်းသော ဆိုင်များကိ စိတ်ဝင်စားသူ ဖြစ်သည်။ ကိုဝမ်က ဆိုင်ရှင်များအား မိမိသည် ပြင်သစ်ပြည် ဗာဆေးလ်မြို့အနီးတွင် နေထိုင်ကြောင်း၊ ငယ်စဉ်က အီဂျစ်ပြည်တွင် မွေးဖွားခဲ့သဖြင့် အာရပ်ဘာသာစကားနှင့် ပြင်သစ်ဘာသာတို့ကို ကျွမ်းကျင်လည်ပတ်စွာ ပြောတတ်ကြောင်း ပြောပြသည်။ ဤဘာသာစကားများတွင် ကျွမ်းကျင်မှုကြောင့် သူသည် မည်သူနှင့်မဆို စကားပြောဆို ဆက်သွယ်နိုင်ခဲ့ပေသည်။ ဟိုတယ်သို့ ပြန်ရောက်သောအခါ ကိုဝမ်သည် ဟိုတယ်စာရေးအား မိမိ အစ္စရေးသို့ ပြောင်းရွှေ့နေထိုင်လိုသဖြင့် ဂျေရူဆလင်တွင် ကူးသန်းရောင်းဝယ်ရေး လုပ်ရန် အဆက်အသွယ်များ ရှာဖွေနေကြာင်း ပြောပြလိုက်သည်။
ဟိုတယ်စာရေးကလည်း အလွန်ကူညီချင်သူ ဖြစ်သဖြင့် ပြင်သစ်လူမျိုး ကိုဝမ်းအား ကုန်သည်ကြီးများ နေ့လည်စာ လာရောက် စားသောက်တတ်သော စားသောက်ခန်းများကို ညွှန်ပြလိုက်သည်။ ထိုနောက် အစိုးရဌာနပိုင်းမှ အကူအညီပေးနိုင်သော မိတ်ဆွေအရာရှိများ၏ နာမည်ကိုပါ ပေးလိုက်သေးသည်။

ထိုထိုသော သတင်းများ ရရှိထားသည့် ကိုဝမ်သည် ထိုနေ့ နေ့လည်တွင် ဗီယင်နာ စားသောက်ခန်း၌ နေ့လည်စာ စားလေသည်။ အမြဲတမ်း ဖော်ရွေပြီး တပါးသူအား စိတ်ဝင်စားတတ်သူ ကိုဝမ်သည် မကြာမီတွင် သူ၏ စားပွဲ၌ တစိမ်းတစ်ဦးနှင့် စကားလက်ဆုံကျနေပေတော့သည်။ သူတို့နှစ်ဦးသား အတော် လေပေးဖြောင့်သွားကြပြီး အစ္စရေးဝန်ကြီးဌာန တစ်ခုတွင် အရာရှိတစ်ဦးဖြစ်သူ အစ္စရေးလူမျိုးက ကိုဝမ်အား မိမိအိမ်၌ ထိုနေ့ ညစာ လာစားရန် ဖိတ်ခဲ့လေသည်။ ထိုညနေ လာရောက်ကြသော ဧည့်သည်များထဲတွင် ကိုဝမ် အလွန်သဘောကျခဲ့သော ဘဏ်သူဌေးကြီးတစ်ဦးလည်း ပါလာသည်။ သူက ထိုသူဌေးကြီးအား အစ္စရေးသို့ ပြောင်းရွှေ့ရန် မိမိကြံစည်နေကြောင်း ပြောပြပြီး ငွေအရင်းအနှီးနှင့် အတိုးငွေများ ပြောင်းလဲလျှင် လိုက်နာရမည့် စည်းကမ်းများအကြောင်း အခြားကူးသန်းရောင်းဝယ်ရေး အလုပ်ကိစ္စများအကြောင်း မေးမြန်းစုံစမ်းလေသည်။

ဘဏ်သူဌေးကြီးကလည်း ဖောက်သည်သစ် ရှာနေသူ တစ်ဦးပီပီ ကိုဝမ်အား နောက်တစ်နေ့ နံနက် သူ့အား လာတွေ့ရန် ဖိတ်ကြားလိုက်ပြန်သည်။ သူတို့နှစ်ဦးသား ကိုဝမ်၏ ဘဏ်လုပ်ငန်း အပြောင်းအရွှေ့ကိစ္စရပ်များသာမက တိုင်းပြည်၏ စီးပွားရေးအခြေအနေကိုပါ ယေဘုယျ သဘောဆွေးနွေးကြလေရာ နာရီပေါင်း အတော်ကြာသွားခဲ့သည်။ သူတို့ စကားပြောကြသည်မှာ မည်မျှ ကြာသွားသည် မသိ၊ ဘဏ်သူဌေးကြီးသည် သူ၏ ဧည့်သည် ကိုဝမ်အား ဘဏ်၏ နောက်ဘက်တံခါးမှ အပြင်သို့ ထွက်စေရသည်။ နေ့လည်စာ စားသောက်ချိန်ဖြစ်သဖြင့် ဘဏ်အမှုထမ်းများလည်း မရှိတော့ဘဲ ရှေ့တံခါးကြီးပင် ပိတ်ထားပေပြီ။ ပြင်သစ်လူမျိုး ဘဏ်သူဌေးကြီးအား သူနောက်တစ်ခါ လာတွေ့ပါဦးမည်ဟု ကတိပေးခဲ့သေးသည်။ နောက်ရက်များတွင် ကိုဝမ်သည် ကုန်သည်ကြီးများနှင့် လုပ်ငန်းရှင်ကြီးများထံသို့ သွားရောက်လည်ပတ်၍ သူ့အတွက် အိမ်ခန်းရှာဖွေရေး၊ အရင်းအနှီးမြှုပ်နှံရေး၊ ငွေကြေးနှင့် တရားဥပဒေဆိုင်ရာ အကြံဉာဏ်ရယူရေး စသည်တို့ကို ဆွေးနွေးမေးမြန်း အကြံဉာဏ်တောင်းခံခဲ့သည်။

မာစဲလ်ကိုဝမ်သည် ရထားတစ်စင်းကို စီး၍ တဲလာဗီသို့ ပြန်ရောက်လာသောအခါ ဂျေရူဆလင်မြို့ အကြောင်းကို အစ္စရေးတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော ကုန်သည်ကြီးများကဲ့သို့ နားလည်သဘောပေါက်နေပေပြီ။ သူသည် သူ့အား နောက်ထပ် တွေ့ရန် မျှော်လင့်နေသော ဘဏ်သူဌေးကြီးများကဲ့သို့သော အရေးပါပြီး တန်ဖိုးရှိသည့် အဆက်အသွယ်ကောင်းများလည်း ရရှိခဲ့ပေသည်။ သို့သော် ဘဏ်သူဌေးကြီး စိတ်ဓာတ်ကျဆင်းရလေသည်။ ပြင်သစ်လူမျိုး ကိုဝမ်သည် မည်သည့်အခါမျှ ပြန်မလာတော့ပါ။ တဲလာဗီမြို့တော်သို့ ပြန်ရောက်သောအခါ ကိုဝမ်သင် မြို့လယ်ရှိ လူစည်ကားသော အယ်လင်ဘီ လမ်းမအနီးမှ အခန်းတစ်ခန်းသို့ ဝင်သွားလေသည်။ အခန်းထဲမှ လူများက သူ့အား လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပြီး ကိုဝမ်သည် စားပွဲပေါ်သို့ သူ၏ ပတ်စ်ပို့ကို ပစ်တင်လိုက်သောအခါ သူ၏ ပင်ကိုယ်ဇာတိရုပ် ပေါ်လာပါသည်။
သူသည်ကား မော့ဆက်၏ သူလျှို အလီကိုဟင်…

ဒါးဗစ်ခ်ျက ကိုဟင်အား စားပွဲတစ်လုံးတွင် ထိုင်စေလျက် စာတမ်းထူကြီးတစ်စောင် ဖွင့်ပြလိုက်သည်။ ထိုစာတမ်းထဲတွင် မာစဲလ်ကိုဝမ် တစ်ယောက် ဂျေရူဆလင်မြို့ကြီးတွင် မိတ်ဆွေသစ်များ တွေ့နေသည့် ဓာတ်ပုံများ ပါဝင်သည်။ ထိုနောက် သူ ကာဖေးဆိုင်များနှင့် အမှတ်တရ ပစ္စည်းဆိုင်များတွင် သုံးခဲ့သည့် ငွေကြေးအထိ အသေးစိတ် တိကျသော သူ၏ လှုပ်ရှားပုံများကို နံပါတ်ထိုးပြထားသည့် လက်နှိပ်စက်ရိုက်ထားသည့် စာတမ်းတစ်စောင်ကိုလည်း ပြသထားသည်။ ဒါးဗစ်ခ်ျနှင့် ကိုဟင်တို့သည် ကိုဟင်ကိုယ်တိုင် ပြန်လည်ပြောပြသည့် လှုပ်ရှားမှုကို အစီရင်ခံစာ စာတမ်းနှင့် ချိန်ထိုးဝေဖန်နေကြသည်မှာ နာရီပေါင်း အတော်ကြာသွားလေသည်။ ကိုဟင်က သူ့နောက်လိုက်နေကြသော မော့ဆက်အဖွဲ့ဝင်များသည် ဘဏ်သဌေးကြီး၏ အမည်ကို မရလိုက်ကြဟု ပြောပြလိုက်သည်။ ထိုနောက် သူက အနည်းငယ် ပြုံးပြီး ပြောနေပြန်သည်။
“အင်း… ဒါပေမဲ့ ကျွန်တော် သုံးခဲ့တဲ့ ငွေနဲ့ ပတ်သက်ပြီး လိမ်ဖို့တော့ မကောင်းဘူးဗျာ…”

မာစဲလ်ကိုဝမ် အစစ်သည် တဲလာဗီသို့ ပြန်ရောက်သောအခါ နီးစပ်ရာ ရဲစခန်းသို့ လာရောက်ရန် စာတစ်စောင် သူ့အား ကြိုဆိုနေပေသည်။ ရဲစခန်းသို့ လိုက်သွားသောအခါ ရဲတို့က သူအား သူ၏ ပတ်စ်ပို့ကို ပြန်ပေးလိုက်သည်။
ရဲများက သူ့အား သတိပေးစကားပင် ပြောလိုက်သေးသည်။ “နောက်ဆို နည်းနည်း သတိထားပေါ့ဗျာ၊ ခရီးသွားတဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ကိုယ်နဲ့မကွာ သိမ်းထားပါ။ ဟိုတယ်ခန်းထဲမှာ ဖြန့်ကြဲမထားရဘူးဗျ”
ပြင်သစ်လူမျိုး မာစဲလ်ကိုဝမ်သည် ယခုထက်တိုင် အစ္စရေးရဲအဖွဲ့၏ ကျွမ်းကျင်မှုကို တအံ့တသြ ချီးမွမ်းပြောဆိုဆဲ ဖြစ်ပါသည်။ အလီကိုဟင်အား နောက်ယောင်ခံလိုက်ပြီး အသေးစား ကင်မရာလေးများဖြင့် ဓာတ်ပုံရိုက်ယူရန် တာဝန်ပေးခံရသော မော့ဆက်အဖွဲ့ဝင် (၂)ဦးအား သူတို့၏ သင်တန်းဆရာများက ချီးမွမ်းစကားပြောကြားခဲ့လေသည်။ သူတို့ဘက်မှ အမှတ်လျှော့ရသည့်အချက်မှာ ကိုဟင်နှင့် ဘဏ်သူဌေးကြီး ရှည်လျားစွာ ပြောဆိုနေသည့်စကားကို သူတို့ မမှီလိုက်ခြင်းပင် ဖြစ်သည်။ သူတို့ကလည်း သူတို့လွတ်သွားကြောင်း ဝန်ခံကြသည်။ အလီကိုဟင်သည်ကား ကိုယ်ခွဲပြုလုပ်၍ တစ်စုံတစ်ယောက်၏ ကိုယ်စားဟန်ဆောင် ဝင်ရောက်ရသည့် လုပ်ငန်းတွင် အမှတ်ကောင်းကောင်းနှင့် အောင်မြင်ခဲ့လေပြီ။ ဒါးဗစ်ခ်ျက ဤလေ့ကျင့်ခန်းနှင့် ပတ်သက်သော သူ၏ အစီရင်ခံစာတွင် အောက်ပါအတိုင်း ရေးသားခဲ့လေသည်။
“ဤမော့ဆက်အဖွဲ့ဝင်သည် အလွန်လျင်မြန် ပါးနပ်သူဖြစ်ပြီး ဘက်စုံတော်သူ ဖြစ်ပါသည်။ လူ့အလွှာအသီးသီးတွင် ထိုးဖောက်ဝင်ရောက် ဆက်ဆံနိုင်ပြီး မိမိရောက်ရာ ပတ်ဝန်းကျင်နှင့် အဆင်ပြေပြေ ဝင်ရောက် လှုပ်ရှားနိုင်သူ ဖြစ်ပါသည်”

“ဘာသာစကား မြောက်မြားစွာကို လွယ်ကူစွာ ပြောဆိုတတ်ခြင်းကပင်လျှင် သူ၏ အကြီးဆုံးသော အရည်အချင်းကြီးတစ်ခု ဖြစ်ပါသည်။ အခက်အခဲနှင့် ကြုံတွေ့လျှင် တည်ငြိမ်စွာ ထားနိုင်သော သူ၏ စိတ်ဓာတ်နှင့် ပြောင်းလဲသွားသော အခြေအနေများကို ကြည့်လျက် လျင်မြန်စွာ ဆုံးဖြတ်ဆောင်ရွက်နိုင်ခြင်း စသည့် အရင်အချင်းတို့သည် သူ့အား ကျွန်တော်တို့ တာဝန်ပေးရန် ရည်စူးထားသော လုပ်ငန်းအတွက် အလွန်အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် သူလျှိုတစ်ဦး ဖြစ်လာနိုင်ကြောင်း ညွှန်ပြနေကြပါသည်” ဤနေရာတွင် အလီကိုဟင်သည် သူ့ကို ခိုင်းမည့်လုပ်ငန်းသည် ဘာလုပ်ငန်းမှန်း မသိရှာပါ။ ၁၉၆ဝ ခုနှစ် စက်တင်ဘာလတွင် ဖြစ်သည်။ သူ၏ တင်းကျပ်ပြင်းထန်သော သင်တန်းကြီး စတင် တက်ရောက်သည့်အချိန်မှစ၍ ပထမဆုံး ရရှိသော ခွင့်ရက်များကို သူရရှိတော့သည်။ သူ့အဖို့ အိမ်ပြန်လာရသည်မှာ ပျော်စရာကြီး ဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် မကြာမီကမှ မွေးဖွားလာသော သမီးငယ်ကလေး ဆိုဖီကို သူ ပထမဦးစွာ မြင်တွေ့ရသောကြောင့် ဖြစ်ပါသည်။ ခွင့်ရက်သည် တိုတောင်းလှပါသည်။ မကြာမီမှာပင် အလုပ်သင်သူလျှို ကိုဟင် တစ်ယောက် နာဇာရက် အမည်ရှိသော အာရပ်မြို့တွင် အလုပ်ပြန်လုပ်နေရပေပြီ။ ကိုဟင်အား နာမည်လိမ် တစ်ခုပေးကာ ရှိတ်မိုဟာမက် ဆဲလ်မန်း အမည်ရှိသော ဆရာကြီးတစ်ဦးထံသို့ မူဆလင်ဘာသာကို လေ့လာလိုသော ဂျေရုဆလင် တက္ကသိုလ်မှ ကျောင်းသားတစ်ဦး ဖြစ်ပါသည်ဟုဆိုကာ ပေးပို့လိုက်ကြသည်။

ကိုဟင်သည် သူ၏ မွေးဖွားရာဇာတိဖြစ်သော အီဂျစ်ပြည် အလက်ဇန္ဒြီးယားမြို့တွင် ဤဘာသာကို အတော်ပင် လေ့လာခဲ့ပြီး ဖြစ်သည်။ သို့သော် သူလျှိုသင်တန်းသား ကိုဟင်သည် ယခုအလေးအနက်ထားပြီး နှိုက်နှုက်ချွတ်ချွတ် လေ့လာရတော့သည်။ သူသည် ကိုရမ်ကျမ်းစာမှ အဓိက စာပိုဒ်ကြီးများကို အလွတ်ရွတ်ဆိုနိုင်ရန် လေ့လာရပြီး အစ္စလာမ်ဘာသာရေး ဆုတောင်းခြင်းများ တစ်နေ့(၅)ကြိမ် ပြုလုပ်၍ မည်သို့ လုပ်ကိုင်ဆောင်ရွက်ရခြင်း စသည့်တို့ကိုပါ သင်ကြားရလေသည်။ သူ၏ ဟန်ဆောင်ရုပ်ဖျက်ထားခြင်းသည် ပိုမို ယုတ္တိရှိစေရန်အတွက် အလီကိုဟင်သည် ဂျေရုဆလင်ရှိ ဗလီများသို့ သောကြာနေ့တိုင်း သွားရောက်ပြီး ဘာသာရေးဆရာက “အလ္လာအရှင်မှတပါး မည်သည့်ဘုရားမှ မရှိပါ။ မိုဟာမက်သည် အလ္လာ၏ တမန်တော် ဖြစ်သည်”ဟူသော ဆုတောင်းခြင်းကို ရွတ်ဆို၍ မူဆလင်ဘာသာဝင်များအား စတင် ဆုတောင်းစေသောအခါ သူလည်း ဝင်ဆုတောင်း ပတ္ထနာပြုလေတော့သည်။
အလီကိုဟင်သည် သူ့လို ဘာသာရေးကိုင်းရှိုင်းသူများနှင့် အတူတကွ ဝတ်ပြုခြင်း၊ ဆုတောင်းခြင်းများ လုပ်ကိုင်လေသည်။ မကြာမီမှာပင် ကျင်းထဲကြပ်ထဲ အခြေအနေတွင် ရောက်နေစေဦးတော့ မူဆလင်တစ်ဦးအဖြစ် သူ့ဟန်ဆောင်နေထိုင်ခြင်းသည် မူမမှန်သော ရွံ့တွန့်တွန့် အနေထားမျိုး၊ မဝံ့မရဲ အနေအထားမျိုး မဟုတ်တော့ပါ။ ခပ်တည်တင် မှင်သေသေနှင့် ကိုဟင် တစ်ယောက် ယုံကြည်မှုအပြည့်နှင့် ဣနြေ္ဒဆောင်နေနိုင်ပြီ ဖြစ်သည်။

တဲလာဗီသို့ ပြန်ရောက်သောအခါ သူ၏ သင်တန်းဆရာက ကိုဟင်အား အံ့သြစရာ စကားတစ်ခွန်း ပြောလိုက်သည်။
“ဒီနေ့တော့ ကျုပ်တို့ ရက်အားပဲဆိုပါတော့ဗျာ၊ ခင်ဗျားကို ကျွန်တော် ဆီးရီးယားနယ်စပ်ကို ကားနဲ့ လိုက်ပို့ပေးမယ်”
သူတို့နှစ်ဦးသား ဂျစ်ကားတစ်စီးဖြင့် မြောက်ဘက်သို့ မောင်းလာပြီး ဂိုလန် တောင်ကုန်းဒေသသို့ ရောက်လာကြသည်။ ဆီးရီးယား အမြောက်ကြီးများသည် အပေါ်စီးနေရာများမှ နေ၍ ဂယ်လိလီ အထက်ပိုင်းရှိ ဂျူးလူနေရပ်ကွက်သစ်များပေါ်သို့ ချိန်ထားပြီး ပစ်ခတ်နေလေရာ တဲလ်ကက်ဇား အမည်ရှိ ဂျူးဘုံလယ်မြေကို ထိမှန်နေကြောင်း ကိုဟင်သည် သတင်းများ၌ ဖတ်ရသဖြင့် သိထားနှင့်သည်။ ထို “ကစ်ဘွတ်”ခေါ် ဘုံလယ်မြေပိုင် အဆောက်အအုံကြီးငယ်နှင့် ကောက်ပဲသီးနှံများ ပျက်စီးရပြီး လယ်သမားအချို့ ထိခိုက်ဒဏ်ရာရပြီး အချို့လည်း သေးဆုံးကြရှာသည်။နောက်ဆုံး အစ္စရေး တပ်မတော်ကလည်း တိုက်ခိုက်လေတော့သည်။ ပိန်းပိတ်အောင် မှောင်နေသော ညတစ်ည၌ အစ္စရေး ဂိုလန်နီ အသေခံတပ်မသည် ဆီးရီးယား နယ်မြေထဲ တိတ်တဆိတ် ဝင်ရောက်လာပြီး တာဝါဖစ် တောင်ကုန်းများပေါ်တွင် အခြေစိုက်ထားသော အမြောက်ကြီးများဆီသို့ တရွေ့ရွေ့ တက်လာခဲ့ကြသည်။ အစ္စရေးတို့ လိုချင်သော ပစ်မှတ်များဆီသို့ မရောက်မချင်း သူတို့ကို မည်သူမျှ မတွေ့ကြရပါ။ အစ္စရေးနှင့် ဆီးရီးယားတို့ နောက်တစ်နေ့ အာရုဏ်လာသင်အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြပြီး၊ အစ္စရေးတို့က ဆီးရီးယားစစ်သား အတော်များများကို သတ်ဖြတ်ခဲ့ပြီး သူတို့၏ အမြောက်စခန်းများကို ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့လေသည်။ အိမ်(၅ဝ)ကျော်ကိုလည်း ဖောက်ခွဲခဲ့လေသည်။

ဂိုလန်နီ တပ်မ၏ ကလဲ့စားချေသော စစ်ပွဲပြီးဆုံးသွားလေပြီ။ သူတို့သည် ဖမ်းဆီးရမိသော တင့်ကားများ အမြောက်တင်ယာဉ်များနှင့် လက်နက်ငယ် လက်နက်ကြီးအမျိုးအစား အတော်များများကို သိမ်းပိုက် ယူဆောင်လာနိုင်လေသည်။ ဒါးဗစ်ခ်ျက သူ၏ သင်တန်းသားဖြစ်သူ ကိုဟင်အား စစ်ပွဲမှ ကျန်ခဲ့သော အဖျက်အစီးများကို ပြသပြီး ဆီးရီးယား လက်နက်များ၏ တည်ဆောင်ပုံနှင့် အနေအထားများကို ဆွေးနွေးကြလေသည်။
“တကယ်ဆိုတော့ ကျုပ် ခင်ဗျားကို ဒီခေါ်လာပြီး လက်နက်သင်တန်းပေးနေတာ မဟုတ်ဘူးနော်။ ဒီကို ခေါ်လာတာ ရည်ရွယ်ချက် (၂)ချက်ရှိပါတယ်။ ပထမ အချက်ကတော့ ဒီလောက် ပြင်းပြင်းထန်ထန် ဆီးရီးယားတွေ ခံတိုက်နေတဲ့ကြားက ဂိုလန်နီ တပ်မဟာ ဒီ အခိုင်အမာ စွဲထားတဲ့ အမြောက်စခန်းကြီးကို ဘယ်လို အောင်အောင်မြင်မြင် သိမ်းပိုက်ခဲ့တယ်ဆိုတာ ပြချင်တယ်။ သူတို့တတွေဟာ ဆီးရီးယား အမြောက်ကြီးတွေ တစ်လက်ချင်း ဘယ်နေရာမှာ ထားတယ်ဆိုတာ သိထားကြတယ်။ သူတို့တတွေဟာ ဆီးရီးယား ဘယ်လောက်နဲ့ ရင်ဆိုင်ရမယ်ဆိုတာ သိတယ်။ ဘယ်လိုလက်နက်တွေ ကိုင်ထားတယ်ဆိုတာကိုရော သိထားကြတယ်ဗျာ။ နောက်ပြီး ရန်သူရဲ့ စစ်ကူရောက်လာနိုင်တဲ့ လမ်းတွေကိုလည်း သိထားတယ်။ စစ်ကူရောက်လာဖို့ အချိန်ဘယ်လောက်ကြာမယ်ဆိုတာလည်း သိထားတယ် ကဲ…”

“ကျုပ်တို့က သူတို့ကို သတင်းအပြည့်အစုံ အားလုံး ပေးထားပြီးပါပြီး။ သူတို့ရဲ့ အောင်ပွဲဟာ တကယ်ဆိုတော့ ကျုပ်တို့ ထောက်လှမ်းရေး သတင်းတွေအပေါ်မှာ အခြေခံနေတာပါပဲ။ အဲဒီလို လာရခြင်း ဒုတိယ အကြောင်းကတော့ ခင်ဗျားနဲ့ ဆိုင်နေသဗျ။ ဒီနေရာ ဒီဒေသမှာ နောက်ထပ် စစ်ပွဲတွေ အများကြီး ဖြစ်လာလိမ့်မယ်။ ဒါကိုတော့ ကျုပ်တို့ဘက်က တထစ်ကျ တွက်ထားပြီးသားပါပဲ။ ဒီတော့ အနာဂတ်မှာ စစ်ပွဲတွေရဲ့ အနိုင်အရှုံးဟာ ခင်ဗျားအပေါ်မှာ မူတည်ရင် တည်လာမှာနော်…”
“ခင်ဗျား… ဆီးရီးယားနိုင်ငံကို သွားပြီး အလုပ်လုပ်ရလိမ့်မယ်…”
အလီကိုဟင်ကတော့ မသိရှာပါ။ သူ့အား ဆီးရီးယားသို့ ပို့ရန် ဆုံးဖြတ်ချက်ကို လွန်ခဲ့သော လများကပင် ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ သူ၏ သင်တန်းဆရာများက သူသည် အရည်အချင်း အမြင့်မားဆုံးသော သူလျှိုတစ်ဦးဖြစ်သဖြင့် အရေးကြီးဆုံးသော တိတိကျကျ ဆောင်ရွက်ရမည့် တာဝန်ကို ထမ်းဆောင်ရမည်ဟု ထင်မြင်ကြလေသည်။ သူသည် အာရပ်တို့၏ ဘဝနှင့်လည်း ရင်းနှီး နီးစပ်သဖြင့် အာရပ်နိုင်ငံ တစ်ခုခုတွင် လျှို့ဝှက်လုပ်ငန်း ပြုလုပ်ရန် အသင့်တော်ဆုံးသော ပုဂ္ဂိုလ်ဖြစ်လေသည်။ ထိုအချိန်က အစ္စရေးနိုင်ငံ၏ အကြီးမားဆုံးသော အန္တရာယ်(၂)ရပ်မှာ အီဂျစ်နှင့် ဆီးရီးယား ဖြစ်လေသည်။ ၁၉၅၈ ခုနှစ်ကတည်းကပင် ထိုနှစ်နိုင်ငံသည် အာရပ်ပြည်ထောင်စု သမ္မတနိုင်ငံ UAR ဟူ၍ စုပေါင်းထားကြသည်။ ထိုနှစ်နိုင်ငံသည် ပူးတွဲစစ်ဦးစီးဌာန တစ်ခုထားရှိပြီး အီဂျစ်လူမျိုး အမြောက်အမြားသည် ဆီးရီးယားနိုင်ငံသို့ စစ်ရေးအကြံပေး အရာရှိများအဖြစ် သွားရောက်အလုပ်လုပ်ကြပေသည်။ (အမှန်စင်စစ် ဆီးရီးယား လူထုအများစုက မကျေနပ်ခဲ့ကြပါ)။

အီဂျစ်သမ္မတ နတ်ဆာသည် ၁၉၅၆ ခုနှစ် စူးအက်စစ်ပွဲတွင် စစ်ရှုံးခဲ့သဖြင့် နာနေဆဲ ဖြစ်လေရာ အစ္စရေးနှင့် နောက်ထပ် စစ်ပွဲတစ်ပွဲ ဆင်နွှဲရန် အဆင်သင့် မရှိသေးသော အချိန်ဖြစ်သည်။ သို့သော် ဆီးရီးယားတို့က စစ်လိုလားနေကြပြီး အစ္စရေးနယ်စပ်တွင် အင်အားကြီးသော စစ်တပ်ကြီးတစ်ခုကို တဖြည်းဖြည် တည်ဆောက်နေလေသည်။ ဆီးရီးယားတို့သည် ဂိုလန် တောင်ကုန်းဒေသတွင် ဒီဇီဝိဇံ တပ်မကြီး နှစ်ထပ်ချထားပြီး သူတို့၏ MIG တိုက်လေယာဉ်များကလည်း မကြာခဏဆိုသလို အစ္စရေး လေကြောင်းပိုင်နက်ထဲသို့ ထိုးဖောက်ပျံသန်းကြလေသည်။ အစ္စရေး လူနေရပ်ကွက်သစ်များနှင့် လယ်ယာမြေများအပေါ် သူတို့ အမြောက်များနှင့် ပစ်ခတ်သဖြင့် ပျက်စီးဆုံးရှုံးရခြင်းကို အလီကိုဟင် ကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ပြီ ဖြစ်ပါသည်။ ဆီးရီးယားတို့၌လည်း အစ္စရေးနှင့် စစ်တိုက်လိုသော အကြောင်းတစ်ရပ် ရှိပါသည်။ ဆီးရီးယားအစိုးရသည် အာဏာသိမ်းမှုများ မကြာခဏ ဖြစ်ပေါ်ပြီး တည်ငြိမ်မှု မရှိခဲ့သည်မှာ ကာလအတော်ကြာခဲ့ပေပြီ။ လက်ရှိ ဆီးရီးယားအစိုးရသည် တိုင်းသူပြည်သားများ ခံစားနေရသော စီးပွားရေးနှင့် နိုင်ငံရေး ဒုက္ခအပေါင်းကို လမ်းကြောင်းပြောင်းသည့်အနေနှင့် အစ္စရေးနိုင်ငံကို တရားခံရှာကာ ပစ်မှတ်အဖြစ် ပြောင်းပေးလိုက်သည်။ ရုရှားတို့ကလည်း ဤစစ်လိုလားသော ဝါဒကို အခွင့်ကောင်းယူပြီး ဆီးရီးယားကို လက်နက်အမြောက်အမြား ပေးခဲ့ပြန်သည်။

ဝန်ကြီးချုပ် ဘင်ဂူရီယန်သည် မော့ဆက်အဖွဲ့ကြီး၏ အကြီးအကဲဖြစ်သူ အီဆာဟာရယ်အား ဆီးရီးယားမြို့တော် ဒမတ်စကတ်၌ ထောက်လှမ်းရေးလုပ်ငန်း အရှိန်ပိုမို တိုးမြှင့်ဆောင်ရွက်ပေးရန် ညွှန်ကြားခဲ့လေသည်။ ဝန်ကြီးချုပ်၏ ပြောစကားသည် မော့ဆက်ခေါင်းဆောင်ကို ရိုးတိုးရိပ်တိပ် ဝေဖန်သလို ဖြစ်နေသဖြင့် အလွန်ထိသွားလေသည်။
“ဂရုမစိုက် အလေးမထားဘူးဆိုတာ နိုင်ငံတော် လုံခြုံရေးအတွက် အဆိုးဆုံး ရန်သူပဲ ကိုယ့်လူ”
ဆီးရီးယားပြဿနာကို ဖြေရှင်းရန် အလီကိုဟင် တည်းဟူသော အဖြေရှိနေပြီဖြစ်ကြောင်း အီဆာဟာရယ် သိရှိပါသည်။ ပထမပိုင်းတွင် ကိုဟင်၏ အကြီးအကဲများသည် သူ့အား ဒမတ်စကတ်မြို့သို့ တောင်အမေရိကတိုက်သား တစ်ဦးဦး သို့မဟုတ် စပိန်လူမျိုးတစ်ဦးဦးအဖြစ် ပို့ရန် စဉ်းစားကြသည်။ သို့သော် သူသည် အာရပ်နှင့် ပိုတူပြီး အာရပ်ဘာသာစကားကို မွှတ်နေအောင် ပြောတတ်သူဖြစ်သဖြင့် နဂိုအရှိအတိုင်း အာရပ်တစ်ဦးအနေဖြင့်သာ ပို့ရန် ဆုံးဖြတ်ကြသည်။ ဆီးရီးယား လူမျိုးတို့သည် အီဂျစ်တို့နှင့် စာလျှင် မိမိတို့အချင်းချင်းသာ ပိုမိုရောနှော နေထိုင်တတ်ကြသဖြင့် အလီကိုဟင်ကို အခြားလူမျိုး ဟန်ဆောင်လွှတ်လျှင် လက်ခံနိုင်ရန် အခြေအနေ သိပ်မရှိဟု သူတို့ယူဆလေသည်။ တစ်ချိန်တည်းမှာပင် မော့ဆက်ခေါင်းဆောင်များက ကိုဟင်အား ဒမတ်စကတ်သို့ တစ်ဦးတည်း လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ ဤသို့ ဆုံးဖြတ်ရခြင်းမှာ အကြောင်း(၂)ရပ် ရှိသည်။ ပထမအကြောင်းမှာ မော့ဆက်အဖွဲ့သည် လူနည်းနည်းနှင့် ကျဲကျဲဝိုင်းထားသော အဖွဲ့ငယ်တစ်ခု ဖြစ်သည်။ လူများများစားစား မသုံးနိုင်သည့်အပြင် တစ်နေရာတည်း၌ သူလျှိုလုပ်ငန်း ကြီးကြီးကျယ်ကျယ် ဆောင်ရွက်ရမည်ဆိုလျှင် ထိုအသုံးစရိတ်အတွက် မော့ဆက် မခံနိုင်ပါ။

အချိန်သည်ကား မော့ဆက်အဖွဲ့ဝင်များကို ရက်သတ္တပတ် မြောက်မြားစွာ အလုပ်များနေစေခဲ့သည့် အိုက်ခမန်း ပြန်ပေးဆွဲမှုကြီး ပြုလုပ်ပြီးစ အချိန်ဖြစ်သည်။ မော့ဆက်အဖွဲ့ကြီးအား လက်ကျန်သုံးစရိတ် သိပ်မရှိတော့ကြောင်း သတိပေးထားချိန်ဟုလည်း ဆိုနိုင်ပါသည်။ ကိုဟင်အား တစ်ဦးတည်း လွှတ်ရသည့် အခြားအကြောင်းရင်းမှာ သူသည် တစ်ကိုယ်တော် လှုပ်ရှားရာ၌ အတော်ဆုံးဖြစ်သောကြောင့်တည်း။ ထိုအချက်ကို သူသင်တန်းဆင်နေစဉ် ကာလတလျှေက်လုံးနှင့် အထူးသဖြင့် ဂျေရုဆလင်၌ ပြင်သစ်လူမျိုး မာစဲလ်ကိုဝမ် အဖြစ် လှုပ်ရှားခဲ့စဉ်က သူ သက်သေပြခဲ့ပေပြီ။ ကိုဟင်သည် ငယ်စဉ်ကပင် တစ်ကိုယ်တော် ဘဝကို ကျင့်သားရခဲ့သည်။ အီဂျစ်နိုင်ငံလည်း ထိုနည်းအတိုင်း တစ်ကိုယ်တော် လှုပ်ရှားဆောင်ရွက်ခဲ့သည်မှာ အလွန် ထိရောက်ခဲ့ပါသည်။ သူ့အဖို့ ဤသို့ တစ်ကိုယ်တော် လှုပ်ရှားရခြင်းသည် အန္တရာယ် ပိုကင်းသည်ဟုပင် ဆိုနိုင်သည်။ သူနှင့် တွဲလုပ်သူ တစ်စုံတစ်ယောက်၏ မှားကွက် တစ်ကွက်ကြောင့် သူသားကောင် မဖြစ်နိုင်ချေ။ ကိုဟင်သည် သူ့ဘာသာသူ တစ်ကိုယ်တော် လှုပ်ရှားလုပ်ဆောင်ရင်း သေလျှင်မြေကြီး ရှင်လျှင် ရွှေထီးဆိုသည့် လူစားမျိုး ဖြစ်ပါသည်။

ဒါးဗစ်ခ်ျနှင့် အလီကိုဟင် နှစ်ဦးသား ပေးအပ်လာသော အလုပ်တာဝန်ကြောင်း ဆွေးနွေးကြသောအခါ ကိုဟင်သည် မိမိအထက် လူကြီးများ၏ ဆုံးဖြတ်ချက်ကို သဘောတူ လက်ခံကြောင်း ဒါးဗစ်ခ်ျ သိရှိလေသည်။ အထက်ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ကိုဟင်သည် မသေချာခြင်း သဘောမပေါက်ခြင်းများ စိတ်ထဲဖြစ်ပေါ်ပါက စီမံချက်များကို ပြန်လည် ပြုပြင်ပေးရပါသည်။ မော့ဆက်အဖွဲ့ကြီး၏ ထိပ်တန်းသူလျှိုများသည် အထက်က အမိန့်များကို မျက်စိမှိတ်၍ လက်ခံဆောင်ရွက်ရန် မလိုပါ။ အမိန့်နှင့် ပတ်သက်၍ ပြန်လှန် မေးခွန်းထုတ်နိုင်သည်။ ဝေဖန်သုံးသပ်နိုင်သည်။ အကြံဉာဏ်များလည်း ပေးနိုင်ပါသည်။ စစ်အတွင်းကာလ ဖြစ်နေပါလျှင်မူ အမိန့်ကို တသွေးတသံတမိန့် လိုက်နာကြစမြဲ ဖြစ်သည်။ သို့သော် ယခုအခြေအနေတွင် မည်သည့်အမိန့်မဆို သုံးသပ်ဝေဖန် ဆွေးနွေးနိုင်ပါသည်။ ဆီးရီးယားနယ်စပ်မှ တဲလာဗီသို့ ပြန်ရောက်ရောက်ချင်းဟုပင် ဆိုရပေမည်။ ကိုဟင် တစ်ယောက် အပြင်းအထန် လေ့လာစရာ သင်တန်းတစ်ခု တက်ရောက်ရသည်။ ဆီးရီးယားနိုင်ငံ၏ သမိုင်း၊ စီးပွားရေးတိုက်တက်မှု၊ အစိုးရ၊ ပထဝီဝင်နှင့် လူဦးရေ စသည်တို့ကို အပြင်းအထန် သင်ကြားလေ့ကျင့်ခဲ့ရသည်။

ဆီးရီးယားတို့ ပြောသော အာရပ်ဘာသာစကားသည် သူငယ်စဉ်ကပင် ပြောလာသော အီဂျစ်တို့၏ အာရပ်ဘာသာနှင့် မတူဘဲ ကွဲပြားနေသဖြင့် ဒမတ်စကတ်တွင် မွေးဖွားသော ဘာသာဗေဒ ပါမောက္ခတစ်ဦးအပါအဝင် ဆရာများက သူ၏ အခန်းသို့ လာရောက်၍ အပြင်းအထန် သင်ကြားပို့ချကြသည်။ ကိုဟင်သည် ဆီးရီးယား ရေဒီယိုများမှ အသံလွှင့်အစီးအစဉ်များကို နေ့ရောညပါ နားထောင်သည်။ မှန်ကန်သော ဆီးရီးယား လေသံကို အတုယူရန်နှင့် မျက်မှောက် ဖြစ်ပျက်နေသော ကိစ္စရပ်များကို နားလည်သိရှိစေရန် ဖြစ်သည်။ သူ၏ အခန်းထဲဝယ် ရုပ်ရှင်ရုံ အသေးစားလေးတစ်ခုသဖွယ် စီစဉ်ထားပြီး ကျွမ်းကျင်သူ သင်တန်းဆရာများက ဆီးရီးယားနိုင်ငံအကြောင်း ရုပ်ရှင်များ ပြသကြသည်။ ဆီးရီးယား တပ်မတော်၏ တပ်ဖွဲ့များနှင့် စစ်စခန်းများအကြောင်း အစဉ်လိုက်ပြသသည်။ ပြသသော ကားအတော်များများမှာ ဒမတ်စကတ် ရုပ်မြင်သံကြားမှ ပြန်လည် ဖမ်းယူးထားသော ကားအတော်များများ ပါဝင်သည်။ အာရပ်နိုင်ငံများမှ ထုတ်လွှင့်သော အသံလွှင့်နှင့် ရုပ်မြင်သံကြား အစီအစဉ်မှန်သမျှကို ဖမ်းယူထားသော မော့ဆက်အဖွဲ့ကြီး၏ ကြိုးပမ်းချက် တစ်စိတ်တစ်ဒေသပင် ဖြစ်သည်။

ဆီးရီးယားနိုင်ငံနှင့် ဆီးရီးယားတို့ ပြောသော အာရပ်ဘာသာစကားကို အပြင်းအထန် လေ့လာရသော သင်တန်းသည် မလုံလောက်၍ ကိုဟင်သည် အာဂျင်တီးနား နိုင်ငံအကြောင်း လေ့လာရပြန်သည်။ ဆီးရီးယားနိုင်ငံကို လေ့လာစဉ်ကကဲ့သို့ အာဂျင်တီးနား၏ သမိုင်းကြောင်း၊ နိုင်ငံရေး၊ ပထဝီဝင် စသည် စသည်တို့ကို လေ့လာရသည်။ သူသည် သူ၏ စပိန်ဘာသာစကားကို ပိုမိုကောင်းမွန်လာစေရန် မွမ်းမံလေ့ကျင့်ပြီး အထူးသဖြင့် ယင်းဘာသာစကားကို စပိန်သံဝဲဝဲနှင့် ပြောတတ်အောင် လေ့လာခဲ့ပြန်သည်။ အာဂျင်တီးနား တည်းဟူသော အပိုတာဝန်တစ်ရပ် ပါလာသဖြင့် ကိုဟင်သည် နားမလည်နိုင်လောက်အောင် ဖြစ်သွားပြီး ဒါးဗစ်ခ်ျကို ရည်ရွယ်ချက် မေးကြည့်သည်။ ကိုဟင်သည် ဆီးရီးယားသို့ မသွားမီ အာဂျင်တီးနားတွင် အချိန်အတော်ကြာ နေရဦးမည်ဖြစ်ကြောင်း ဒါးဗစ်ခ်ျက ရှင်းပြသည်။ အလီကိုဟင်သည် ထိုသတင်းကို ကြားသောအခါ အလွန်စိတ်ပျက်သွားမိသည်။ ဆီးရီးယားနိုင်ငံသို့ တိုက်ရိုက်သွားပြီး လုပ်ငန်းကို ချက်ချင်း စလုပ်လိုသည်။ ဒါးဗစ်ခ်ျသည် ကိုဟင်အား ပြတ်ပြတ်သားသားပင် ပြောလိုက်လေသည်။
“ကိုယ့်လူ ခင်ဗျား ကံကောင်းတယ်လို့ မှတ်ပါ… မော့ဆက်အဖွဲ့ဝင် သူလျှို တော်တော်များများဟာ သူတို့ ဘာလုပ်ရမယ်ဆိုတာ လေဆိပ်အိမ်သာထဲကျမှ လိုက်ပြောတာ သိလား။ အချို့ သိသင့်သိထိုက်တဲ့ အချက်တွေကို နာရီပိုင်းအတွင်းမှာ သိအောင် လုပ်ကြရတယ်။ ခင်ဗျားဆိုရင် နှစ်လတောင် အချိန်ရပါတယ်”

ရက်သတ္တပတ်ခန့်အကြာ တစ်ခုသော ညနေခင်းတွင် အီဆာဟာရယ်၏ မော့ဆက်အဖွဲ့အချို့သည် ညနေစာ စားပွဲကလေးတစ်ခု စားသောက်ရန် ဆုံးဖြတ်ကြသည်။ သူတို့သည် အောင်မြင်မှုတစ်ရပ်အတွက် ပျော်ရွှင်စွာ စားသောက်ကြခြင်း ဖြစ်သည်။ စားသောက်ပွဲတွင် ပါဝင်ကြသူများမှာ လွန်ခဲ့သော (၇)လခန့်က အဒေါ့ဖ် အိုက်ခမန်းကို အာဂျင်တီးနားနိုင်ငံ၏ မြို့တော် ဗွေးနိုးဇာရီမှ အောင်မြင်စွာ ပြန်ပေးဆွဲထုတ်ယူလာကြသူများ ဖြစ်ပါသည်။
သူတို့က ဒါးဗစ်ခ်ျကိုလည်း ဖိတ်ကြားခဲ့သည်။ ဒါးဗစ်ခ်ျက သူလေ့ကျင့်သင်ကြားပေးနေသော ယုံကြည်စိတ်ချရသည့် သင်တန်းသား တစ်ဦးရှိကြောင်း၊ သူ့အား ခေါ်လာခွင့်ပြုမည်လားဟု မေးကြည့်သောအခါ သူတို့က ခွင့်ပြုသဖြင့် အလီကိုဟင်သည် သူ၏ သင်တန်းဆရာနှင့် အတူတူ ညစာစားပွဲသို့ တက်လာခဲ့လေသည်။ ညစာ စားသောက်နေစဉ် ကိုဟင်သည် ဘာမျှ မပြောဘဲ ဣနြေ္ဒရရ ထိုင်နေပါသည်။ သူသည် မော့ဆက်အဖွဲ့ကြီး၏ အမာခံ ထောက်လှမ်းရေးအဖွဲ့ဝင်များနှင့် အတူတကွ ထိုင်နေပြီး လူတိုင်းက အော့နှလုံးနာနေသော နာဇီစစ်ရာဝတ်ကောင် အိုက်ခမန်းကို ကြက်ငှက်ဖမ်းသလို သူတို့ မည်သို့မည်ပုံ ဖမ်းဆီးခဲ့ကြပုံ သူတို့ပြောပြသည်များကို သေချာစွာ နားထောင်နေပါသည်။

နောက်တစ်နေ့တွင် ကိုဟင်သည် ဒါးဗစ်ခ်ျအား ဤသို့ ပြောဆိုလေသည်။
“ကျွန်တော်ကတော့ ညက တွေ့ခဲ့တဲ့ လူတွေကြောင့် စိတ်ဓာတ်တွေ သိပ်တက်ကြွသွားတာပဲဗျာ၊ သူတို့ဟာ ကျွန်တော့်ကို သတ္တိနဲ့ ရဲဝံ့တဲ့ စိတ်အပြည့်အဝ ပေးခဲ့ပါတယ်။ ကျွန်တော် လုပ်ကိုင်ရမယ့် လုပ်ငန်းတာဝန်မှာ သူတို့ကတော့ အကူအညီပေးလိမ့်မယ်လို့ ကျွန်တော် သိလာလို့ ပိုပြီး စိတ်ချယုံကြည်မှု ဖြစ်ရပါတယ်”
အမှန်စင်စစ် မော့ဆက်အဖွဲ့သည် တမင် အချိန်ဆွဲထားခြင်း ဖြစ်ပါသည်။ ဆီးရီးယားတွင် အီဂျစ်လူမျိုး အမြောက်အမြား ရှိနေချိန် အလီကိုဟင်အား ဆီးရီးယားနိုင်ငံအတွင်းသို့ မဝင်စေချင်သေးပါ။ သို့သော် သူတို့က ဤကိစ္စကို ကိုဟင်အား ထုတ်မပြောကြပါ။ အလီကိုဟင်သည် သူလေ့လာရမည့် သင်ခန်းစာများကို နံနက်စောစောမှ ညမိုးချုပ်ပြီး ညဥ့်နက်သည့်အထိ လေ့လာခဲ့သည်။ အမှန်စင်စစ် ပင်ပန်းမှုဒဏ်ကို သူမည်မျှအထိ ခံနိုင်သည်ကို သိလိုသဖြင့် မော့ဆက် သင်တန်းဆရာများက သူ့အား ဤသို့ တမင် ခိုင်းစေကာ သူတစ်ဦးတည်း အထီးကျန်ဘဝတွင် နေစေခြင်း ဖြစ်သည်။ သူခံနိုင်ရည် ကောင်းမွန်စွာ ရှိပါသည်။ သို့သော် မကြာခဏဆိုသလို သူသည် ပြတင်းပေါက်မှ ရပ်၍ အောက်လမ်းမများတွင် ပျားပန်းခတ် သွားလာနေကြသော လူအုပ်ကြီးကို ငေးမော့ကြည့်ရှုနေတတ်ပေသည်။

“ကျုပ်ဟာ ပျောက်ဆုံးသွားတဲ့ လူတွေထဲက တစ္ဆေသရဲလို အရိပ်အယောင် လာပြတဲ့ လူနဲ့ တူနေတယ်ဗျာ”ဟု ကိုဟင်သည် မှတ်ချက်ချရှာသည်။
သို့သော် ကိုဟင်သည် တစ်ခွန်းတစ်ပါဒမျှ မငြီးငြူခဲ့ပါ။ သင်တန်းဆရာတစ်ဦးက ကိုဟင်သည် မည်သည့်အချိန်မဆို မော့ဆက်အဖွဲ့ကြီးမှ ထွက်နိုင်ကြောင်း သတိပေးသောအခါ သူသည် အလျှော့ပေးသည့် အရိပ်အယောင် စိုးစဉ်းမျှပင် မပြခဲ့ပါ။ ထိုအချိန်၌ ကိုဟင်၏ အကြီးအကဲများသည် အချိန်ကို စောင့်ဆိုင်းနေကြပေသည်။ သူတို့၏ တန်ဖိုးရှိလှသော သူလျှိုအတွက် သူတို့ဖန်တီးပေးထားသော ဟန်ဆောင်ပုဂ္ဂိုလ်ဘဝကို အသေးစိတ် အဘက်ဘက်မှ ပြန်လှန်သုံးသပ်ကြသည်။ ကိုဟင်အား လုပ်ငန်းခွင်ထဲသို့ ချပေးလိုက်သည့်အချိန်သည် အန္တရာယ်ကင်းပြီး စိတ်ချရသော အချိန်ဖြစ်သင့်ပေရာ ထိုအချိန်ကိုလည်း စောင့်ကြည့်နေကြခြင်း ဖြစ်သည်။

၁၉၆၁ ခုနှစ် မတ်လ ၁ ရက်နေ့
ဆွစ်လန်နိုင်ငံ ဇူးရစ်မြို့မှ လာသော ဆွစ်ကြောင်းပိုင် လေယာဉ်ပျံသည် အချိန်မှန်မှန် ရောက်လာပြီး အာဂျင်တီးနားနိုင်ငံ ဗွေးနိုးဇာရီ မြို့တော် အဇေဇာလေဆိပ်၏ ပင်မလမ်းကြောင်းအတိုင်း တဖြည်းဖြည်း လှိမ့်ဝင်လာ၏။
လေယာဉ်ပေါ်မှ ပထမဆုံး ဆင်းလာကြသော ခရီးသည်များထဲတွင် စမတ်ကျကျ ဝတ်ဆင်ထားသော ကုန်သည်ကြီးတစ်ဦးလည်း ပါလေသည်။ သူသည် လေယာဉ်ပေါ်တွင် ပထမတန်း အခန်း၌ အေးဆေးငြိမ်သက်စွာ လိုက်ပါလာရင်း ဘာသာမျိုးစုံဖြင့် ရေးသားထားသည့် သတင်းစာများနှင့် စီးပွားရေး သတင်းများကို ဖတ်ရှုလိုက်လာခဲ့သူ ဖြစ်သည်။ ထိုသူအား မည်သူမှ လေဆိပ်တွင် လာမကြိုပါ။ လူဝင်မှုကြီးကြပ်ရေးဌာနတို့တွင် ထုံးစံအတိုင်းဖြစ်သော ကိစ္စရပ်များ ပြုလုပ်ပြီးသည်နှင့် သူသည် အပြင်သို့ ထွက်လိုက်ပြီး တက္ကစီတစ်စီး လှမ်းခေါ်လိုက်သည်။ ကုန်သည်ကြီးက တက္ကစီမောင်းသူအား သူ ဤမြို့သို့ မရောက်ဖူးသဖြင့် ဟိုတစ်ခုသို့ ပို့ပေးရန် ပြောလိုက်သည်။ တက္ကစီမောင်းသူသည် သူ့အား မြို့တော်ကြီ၏ နာမည်ကြီး လမ်းမကြီးဖြစ်သော အဗီနီဒါနူ ဗဲဒီဂျူလီယို လမ်းမှ ကျော်ကြားသည့် ဟိုတယ်သို့ ပို့ပေးခဲ့သည်။

ဟိုတယ်၌ ကုန်သည်ကြီး တည်းခိုရန် စာရင်းသွင်းသောအခါ အမည်မှာ ကမီးအာမင်း တားဘက်စ် ဖြစ်၍ အလုပ်အကိုင်မှာ ထုတ်ကုန်ရောင်းချသူ ကုန်သည်ဟု ရေးလိုက်သည်။ သူ၏ နိုင်ငံကူးလက်မှတ်က သူသည် ဆီးရီးယား လူမျိုးဖြစ်ကြောင်း ပြသနေပေသည်။ မိနစ်ပိုင်းအတွင်းမှာပင် တားဘက်စ်သည် အဗီနီဒါနူး ဗဲဒီဂျူလီ လမ်းမတွင် ဖြေဆေးစွာ လမ်းလျှောက်နေပါသည်။ အာဂျင်တီးနား သမ္မတကြီး ပီရွန်သည် ပဲရစ်တွင် ဇနီးလည်း အီဗာနှင့် လည်ပတ်ပြီး အပြန်၌ ပဲရစ်မှ ရွန်ဇလယ်ဇီ လမ်းမကြီးအတိုင်း ဤအဗီနီဒါ လမ်းမကြီးကို ပြန်လည်တည်ဆောက်ခဲ့သည်ဟု ဟိုတယ်စာရေးက ကိုဟင်အား ဂုဏ်ယူဝင့်ကြွားစွာ ပြောပြလိုက်ပါသည်။ တားဘက်စ်သည် ဗွေးနိုးဇာရီးသို့ ရောက်ပြီးစတွင် ရက်သတ္တပတ် အတော်ကြာမျှ အလုပ်အလွန်များသွားသည်။ မနက်စောစော ဟိုတယ်မှ ထွက်သွားပြီး မိုးချုပ်သည့်အထိ အပြင်တွင် နေခဲ့သည်။ ရက်အတန်ကြာသောအခါ အခြားတည်းခိုစရာ အိမ်ခန်းတွေ့နေပြီ ဖြစ်သဖြင့် ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း ကိုဟင်က ဟိုတယ်စာရေးကို ပြောပြလိုက်သည်။ သူသည် ဟိုတယ်မှ သိပ်မဝေးသော တာကွာရာလမ်း အမှတ်(၁၄ဝ၅)ရှိ ဈေးကြီးသော အခန်းတစ်ခန်းကို ငှားရမ်းလိုက်လေသည်။ တားဘက်စ်သည် သူ၏ ကုန်သွယ်မှုလုပ်ငန်း မှန်သမျှကို ထိုတိုက်ခန်းမှ နေ၍ ကိုင်တွယ်ဆောင်ရွက်လေသည်။

နိုင်ငံခြား မြို့တစ်မြို့တွင် ရောက်သော ခရီးသည်တစ်ဦး လုပ်နေကျအတိုင်း တားဘက်စ်သည် ဗွေးနိုးဇာရီ၌ မိမိတို့ ဆီးရီးယားလူမျိုးများ လာရောက်စားသောက်နေကျဖြစ်သော ကာဖေးနှင့် စားသောက်ခန်းများကို အလျင်အမြန် ရှာဖွေခဲ့သည်။ သိပ်တော့ မခဲယဉ်းလှပါ။ အာဂျင်တီးနားနိုင်ငံနှင့် အထူးသဖြင့် ဗွေးနိုးဇာရီ မြို့တော်၌ အာရပ်လူမျိုး (၅)သိန်းခန့် နေထိုင်ကြလေသည်။ သူတို့သည် ဇာတိခံ နိုင်ငံသားတို့၏ မကျေနပ်မှုကို ခံယူလျက် အာရပ် မဟုတ်သူများနှင့် ရောနှောရန် ကြိုးစားကြသည်။ အမှန်စင်စစ် ဤသို့ ရောနှောပေါင်းသင်းခြင်းဖြင့် လူမှုရေးအားဖြင့် လွတ်လပ်သော ယာဉ်ကျေးမှုငယ်တစ်ခု သီးခြား တည်ထောင်ရန် စိတ်ကူးကြခြင်း ဖြစ်ပါသည်။ ဤသို့ဖြင့် ဗွေးနိုးဇာရီ မြို့တော်တွင် ဆီးရီးယား၊ လက်ဘနွန်နှင့် အခြား အရှေ့အလယ်ပိုင်းဒေသမှ လူမျိုးများ ညနေတိုင်း တွေ့ဆုံပြီး စကားပြောကြ၊ ကြွေအံပစ်ပြီး ရွှေ့ရသော ကျားကစားနည်းများ ကစားကြနှင့် စုစည်းမိကြလေသည်။ စုံစမ်းမေးမြန်းမှုများ ပြုပြီးနောက် တားဘက်စ်သည် သူအဆင်ပြေသည့် နေရာတစ်ခုကို ရွေးလိုက်သည်။ မတ်လ၏ ညတစ်ညနေတွင် လူတစ်ဦးသည် ညစာစားပြီး ထိုနေရာသို့ ထွက်သွားခဲ့လေသည်။

အာရပ်တို့သည် ပင်ကိုသဘောအရ ပျူငှာဖော်ရွေ ရင်းနှီးတတ်သည့် သဘောရှိပါသည်။ ထို့ကြောင့် တားဘက်စ်သည် မကြာမီတွင် အာရပ်လူမျိုး အုပ်စုတစ်ခုနှင့် စကားဝိုင်းတွင် လက်ဆုံကျလေတော့သည်။ သူက လူသစ်ဖြစ်နေသဖြင့် သူ့အကြောင်းကို လူများကဝိုင်းမေးကြသည်။ ပရိသတ်က သိပ်ပွဲမတောင်းလိုက်ရပါ။ တားဘက်စ်သည် သူ့ဘဝ ဇာတ်ကြောင်းကို ပြန်ပြောင်း ပြောပြလေသည်။ သူ၏ ဖခင် အာမင်နှင့် မိခင် ဆိုင်ဒါးတို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆီးရီးယားမှ ထွက်ခဲ့၍ လက်ဘနွန်နိုင်ငံသို့ ပြောင်းရွှေ့ကာ ဘေရွတ်မြို့တော်၌ စီးပွားရှာဖွေပြီး နှမဖြစ်သူ အီနာကိုလည်း ဖွားမြင်ခဲ့သည်။ နှမလေးမှာ ကလေးဘဝမှာပင် သေဆုံးခဲ့သည်ဟု ဆိုလေသည်။ လောကကြီးသည် သူတို့မိသားစု မျှော်လင့်ထားသလို မဖြစ်လာပါ။ ထို့ကြောင့် သူတို့ အီဂျစ်နိုင်ငံသို့ ရွှေ့ပြောင်းသွားပြီး အလက်ဇန္ဒြီးယားမြို့တွင် အခြေစိုက်နေထိုင်ကြသည်။ ကမီးတာဘက်စ်သည် ထိုမြို့တွင်ပင် ကြီးပြင်းခဲ့သည်ဟု ဆိုရပါမည်။

ဖခင်ဖြစ်သူသည် သူတို့အားလုံး ဆီးရီးယားနိုင်ငံသား အဖြစ်ကို မစွန့်လွှတ်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီး သားဖြစ်သူအား ဆီးရီးယားနိုင်ငံနှင့် လူမျိုးအပေါ် ချစ်စိတ်ကို မွေးမြူစေခဲ့သည်။ ဖင်ခင်ကြီး သေခါနီးတွင် တားဘတ်စ်က တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဆီးရီးယားနိုင်ငံသို့ ပြန်သွားမည်ဟု ကတိပေးခဲ့ကြောင်း သူက မိတ်ဆွေများကို ပြောပြလေသည်။ ၁၉၄၇ ခုနှစ်က သူအသက် ၁၇ နှစ်တွင် ဦးလေးတော်သူ တစ်ဦး၏ အကူအညီဖြင့် ဗွေးနိုးဇာရီ မြို့တော်သို့ မည်သို့ခရီးထွက်ခဲ့ပုံကို တားဘတ်စ်က မိတ်ဆွေများအား ပြောပြပြန်သည်။ သူနှင့် သူ၏ မိသားစုသည် လီဂါဇီလမ်းတွင် အထည်အလိပ် လုပ်ငန်းတစ်ခု စတင်တည်ထောင် လုပ်ကိုင်ခဲ့သော်လည်း ကံအကြောင်မလှသဖြင့် ချွတ်ခြုံကျအောင် မွဲတေသွားခဲ့သည်ဟု ဆိုသည်။ ကမီးတားဘက်စ်၏ မိဘနှစ်ပါးစလုံး ကွယ်လွန်သွားသောအခါ သူသည် မိဘလက်ငုတ်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ရင်း ထုတ်ကုန်ကုမ္ပဏီးကြီး တစ်ခုအဖြစ် အောင်မြင်လာခဲ့သည်။ သူသည် မကြာမီက ဥရောပတိုက်တွင် နေထိုင်ခဲ့သော်လည်း ယခု ဗွေးနိုးဇာရီတွင် ပြန်လည် အခြေစိုက်တော့မည်ဟု ဆိုသည်။ သူသည် နားထောင်နေသူများအား သူအမြဲတမ်း ယူဆောင်လာလေ့ရှိသော သူ၏ မိသားစုဓာတ်ပုံကလေးများကို ဂုဏ်ယူစွာဖြင့် ပြသလေသည်။ သူ၏ အခန်းတွင် ဓာတ်ပုံအယ်လ်ဘမ်များ ရှိပါသေးသည်ဟု မိတ်ဆွေများအား ပြောရင်း ရှေ့အပတ်တွင် သူ့အခန်းသို့ လာရောက်လည်ပတ်ကြပါရန် မိတ်ဆွေများကို ဖိတ်ကြားခဲ့သည်။

ထိုနေ့ညတွင် ကမီးအာမင် တားဘက်စ်သည် သူ၏ အခန်းသို့ အလွန်နောက်ကျပြီး ပြန်ရောက်သော်လည်း သူ ကျေနပ်နှစ်သိမ့်မှု ဖြစ်ခဲ့ရသည်။ ထိုနေ့ညနေအဖို့ သူ့အတွက် အောင်မြင်မှုတစ်ရပ် ဆိုရပါမည်။ သူ၏ မိတ်ဆွေသစ်များက သူတို့နှင့် စကားလက်ဆုံကျခဲ့သည့် ဤယဉ်ကျေးဖော်ရွေသော လူစိမ်းသည် မည်သူမျှ မဟုတ်ဘဲ ဆရာကြီး ဒါးဗစ်ခ်ျ၏ တောက်ပြောင်ထူချွန်လှသည့် သင်တန်းသား အလီကိုဟင် ဖြစ်သည်ဟု စိုးစဉ်းမျှ မရိပ်မိကြပါ။
အလီကိုဟင် ဟန်ဆောင်ကရမည့် ဇာတ်ဆောင်ပုဂ္ဂိုလ်ကို ဖန်တီးရာ၌ အလွန်ပင် တိကျသေချာစွာ ပြင်ဆင်ကြရပါသည်။ သူ့အား ပိုက်စိပ်တိုက် စစ်ဆေးထောက်လှမ်းမည်ဟု မော့ဆက်အဖွဲ့ကြီက သိရှိထားသည်။ ထို့ကြောင့် သူ၏ နောက်ကြောင်းရာဇဝင်ကို ဖန်တီးရာ၌ အပြစ်အနာအဆာ လုံးဝမရှိ စင်းလုံးချော ဖြစ်နေရပါသည်။ ထို့ကြောင့်ပင် ကိုဟင် ဝင်ရမည့် ဟန်ဆောင်ပုဂ္ဂိုလ်ကို တကယ်ရှိခဲ့ဖူးသော လူတစ်ဦး၏ ဘဝတွင် အခြေတည်၍ ဖန်းတီးလိုက်သည်။ ထိုပုဂ္ဂိုလ်သည် အာဂျင်တီးနား နိုင်ငံသို့ ပြောင်ရွှေ့သွားခဲ့သော လက်ဘနွန်လူမျိုး ကမီးတားဘက်စ်ပင် ဖြစ်လေသည်။ အလီကိုဟင်သည် အာဂျင်တီးနားသို့ တစ်ခါမှ မရောက်ဘူးသော်လည်း သူ၏ သက်တမ်းတစ်ဝက်ခန့် နေထိုင်ခဲ့သည့် အခြေအနေသဘောအရ ဗွေးနိုးဇာရီ မြို့တော်ကို သူသိရှိရမည် ဖြစ်သည်။ သူသည် အစ္စရေးနိုင်ငံမှ မထွက်လာမီ ရက်သတ္တပတ် အနည်းငယ်က ဗွေးနိုးဇာရီ မြို့တော်၏ မြေပုံများနှင့် ဓာတ်ပုံများကို လေ့လာခဲ့ရပြီး နေရာများစွာ အလွတ်မှတ်သားမိအောင် ကြိုးစားခဲ့ရပါသည်။

ထိုထက် ပိုမို၍ ခဲယဉ်းပင်ပန်းခဲ့ရသည့် အချက်မှာ သူသည် သူ၏ မိသားစုနှင့် လပေါင်းများစွာ ခွဲခွါနေထိုင်ခဲ့ရခြင်းကို ကျေကျေနပ်နပ် လက်ခံခဲ့ရသည့်အဖြစ်ပင် ဖြစ်လေသည်။ မိသားစုနှင့် ခွဲခွါပြီး အထီးကျန်ဘဝ၌ နေရသည်မှာ ဤမျှလောက် ထိတ်လန့်ကြောက်ရွံစရာ ကောင်းမည်ဟု မိမိမထင်မှတ်ခဲ့ပါကြောင်း ကိုဟင်သည် ဒါးဗစ်ခ်ျအား ဖွင့်ဟ ဝန်ခံပြောခဲ့ရှာသည်။ ညနေတိုင်း ကိုဟင် အိမ်ပြန်ရောက်သွားလျှင် သူ၏ဇနီးနှင့် သမီးငယ်ကလေးကို နှုတ်ဆက်သောအခါ သူ့ကိုယ်ကိုသူ ကမီးအာမင် တားဘက်စ်လား အလီကိုဟင်လား မခွဲခြားတက်တော့သော စိတ်အခြေအနေတွင် သူရောက်နေခဲ့ရှာပေပြီ။ အာဂျင်တီးနားသို့ ရောက်သောအခါ သူသည် သူ၏ မိသားစုနှင့် ပိုမို ကင်းကွာလာပြီး တားဘက်စ် တည်းဟူသော ဘဝ၌ လုံးဝစိတ်ရောကိုယ်ပါ ဇာတ်မြှုပ်နေရတော့မည် ဖြစ်ပါသည်။ အစ္စရေးနိုငံမှ ထွက်ခွာရမည့်နေသို့ ရောက်လာပါပြီ။ ကိုဟင်သည် လေဆိပ်သို့ ဂီဒီယွန် အမည်ရှိသော အရာရှိကလေးတစ်ဦး လိုက်ပါလျက် ကားဖြင့် ရောက်လာလေသည်။ ဂီဒီယွန်သည် နောင်သော် ကိုဟင်နှင့် အစ္စရေးဌာနချုပ်အကြား ဆက်သွယ်ပေးမည့် ရေဒီယိုအသံဖမ်းသူ ဖြစ်လာပါသည်။

အလီကိုဟင် ရထားသော အမိန့်များက ရှင်းလင်းတိကျလှပါသည်။ သူသည် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့သို့ လေယာဉ်ဖြင့် သွားပြီး ထိုမြို့တွင် ဆင်းရမည်။ ထို့နောက် သူသည် လေဆိပ်မှ ဘတ်စ်ကားကို စီးလျက် ဆန်းနော့ဖ် စထရပ်စ် အရပ်အစွန်ရှိ ဗဟိုဘူတာရုံဘေးမှ လမ်းတစ်လမ်းတွင် ဆင်းရမည်။ လေယာဉ်ထွက်ခါနီးတွင် ဂီဒီယွန်သည် ကိုဟင်အား ငွေသား ဒေါ်လာ(၅ဝဝ)ပါသော စက္ကူအိတ်အဖြူတစ်လုံး ကမ်းပေးလိုက်သည်။ ဤငွေသည် သူ၏ သွားလာစရိတ် ဖြစ်ပါသည်။ နာရီပေါင်း အတော်ကြာသွားသောအခါ ကိုဟင် တစ်ယောက် ဇူးရစ်မြို့တွင် ဆွစ်လေကြောင်းပိုင် ဘတ်စ်ပေါ်မှ သူ့အား ကြိုတင်ပြောထားသည့် နေရာအတိအကျတွင် ဆင်းလိုက်လေသည်။ ထိုအခါ ချက်ချင်းဆိုသလို လူတစ်ယောက် သူ့အနားချဉ်းကပ်လာပြီး သူ့အား ဟီးဘရူးဘာသာဖြင့် နှုတ်ဆက်လိုက်သည်။
“ကျွန်တော် အစ္စရေး ဆာလင်ဂျာပါ… ခင်ဗျား အလီကိုဟင် မဟုတ်လား”
သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်ကြလေသည်။ ဆာလင်ဂျာသည် ကုန်သည်တစ်ဦး ဟန်ဆောင်ထားသော မော့ဆက်အရာရှိတစ်ဦးဖြစ်ပြီး နောက်(၃)ရက်ကြာကို အသေးစိပ် ပြန်လှန်သုံးသပ် လေ့လာကြပြန်သည်။ ကာမီးအာမင် တာဘက်စ် အသွင်ဆောင်သောအခါ ကိုဟင်သည် တောင်အမေရိကနှင့် ဥရောပဒေသနှစ်ခုအကြာ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများ လုပ်ကိုင်သည့် ရေကြောင်းနှင့် လေကြောင်း ကုန်စည်လုပ်ငန်းရှင် တစ်ဦးဖြစ်လာရပေမည်။
ထိုအချက်တွင် အမှားမရှိစေရန် အလီကိုဟင်သည် ထိုလုပ်ငန်းနှင့် ပတ်သက်သော ကုန်စည်ဖလှယ်ရေး နည်းနိသျမျာကို အပူတပြင်း လေ့လာသင်ကြားထားပြီး ဖြစ်ပါသည်။ အထူးသဖြင့် ထိုလုပ်ငန်း လုပ်ဆောင်နေစဉ် ရေးသားသုံးစွဲ ပြောဆိုရမည့် စီးပွာရေးဘာသာစကား အသုံးအနှုန်းများကို ဂရုစိုက်လေ့လာထားခဲ့ပါသည်။

ဆာလင်ဂျာက သူ့အား ဆွစ်ဇာလန် ဘဏ်တစ်ခုတွင် ဖွင့်ထားသော ချက်လက်မှတ် စာအုပ်တစ်အုပ် ပေးလိုက်ပြီး ရှင်လင်းပြောပြလိုက်သည်။
“ဘယ် တောင်အမေရိက ကုန်သည်ပဲဖြစ်ဖြစ် ဒီချက်လက်မှတ် စာအုပ်မျိုး မရှိရင် မရပ်တည်နိုင်ဘူးလို့ ခင်ဗျား သိထားပါ”
ဆာလင်ဂျာသည် ကိုဟင်အား ဇူးရစ်ရှိ ဆိုင်များသို့ ခေါ်သွားပြီး အကောင်စားဝတ်ဆုံးများကို ချုပ်လုပ်စေပါသည်။ အပေါ်အောက် ဝတ်စုံများနှင့် လက်ကိုင်ပဝါများမှအစ အကောင်းစာ ပိတ်စများနှင့်ချည်း ချုပ်လုပ်စေပါသည်။ ကိုဟင်သည် သူဝတ်လာခဲ့သော ဟန်ဆောင်မှု လုံးဝမရှိသည့် အဝတ်အစားများနှင့် ထိုဝတ်စုံများကို လဲလှယ်ထားခဲ့ရသည်။ ထို့နောက် ကိုဟင်သည် ဆာလင်ဂျာမှ တစ်ဆင့် ဇနီး နာဒီယာထံ စာရေးဆက်သွယ်ရန် ဇူးရစ်မြို့ရှိ စာတိုက်တစ်တိုက်၏ စာတိုက်ပုံးနံပါတ် တစ်ခုကိုလည်း မှတ်သားထားလိုက်သည်။ နာဒီယာသည် အခန်းသို့ ရောက်လာသောအခါ စာမှန်သမျှတွင် အာဂျင်တီးနားနိုင်ငံ၏ တံဆိပ်ခေါင်တစ်လုံမျှ မပါလာစေလိုသော သဘောပင် ဖြစ်သည်။ ဆာလင်ဂျာသည် အလီကိုဟင်၏ ဟန်ဆောင်ဘဝကို လူအများ ယုံကြည်သည်ထက် ယုံကြည်လာစေရန် အထောက်အကူဖြစ်စေမည့် ဓာတ်ပုံများကို သူ့၏ အခန်းထဲရှိ ခရီးဆောင် သေတ္တာတစ်လုံးထဲမှ ထုတ်ယူပေးလိုက်သည်။ ထိုဓာတ်ပုံ အတော်များများမှာ နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးခြင်းကိုပင် လှည့်ဖျားကျော်လွှာနိုင်သော ဓာတ်ပုံအတုများ ဖြစ်ကြပါသည်။ နောက်ဆုံး၌ ဗွေးနိုးဇာရီ မြို့တော်သို့ သွားရန် လေယာဉ်ကွင်းသို့ အသွာလမ်းမှာပင် အလီကိုဟင်သည် ကာမီးအာမင် တာဘက်စ် အမည်နှင့် အပြေစ်မရှိအောင် အတုလုပ်ထားသော ပတ်စ်ပို့ နိုင်ငံကူးလက်မှတ်ကို လဲလှယ်ယူလိုက်လေသည်။ အလီကိုဟင်၏ ဘဝတဖြစ်လဲခြင်းလုပ်ငန်း ပြီးစီးသွားပေပြီ။

အာဂျင်တီးနားသို့ ရောက်ပြီး မကြာမီမှာပင် အလီကိုဟင်သည် မိမိက အေဘရာဟင်ဟု သိထားသော သူလျှိုတစ်ဦးနှင့် ဆက်သွယ်ခဲ့လေသည်။ သူတို့နှစ်ဦးသည် ကြိုတင်စီစဉ်ထားသည့်အတိုင်း ကိုဟင်၏ ဟိုတယ်မှ သိပ်မဝေးသည့် ကော်တီနှာ့စ် ကာဖေးတွင် တွေ့ဆုံကြသည်။အေဘရာဟင်သည် ကိုဟင်အား ငှားထားသော ရုံးခန်း အဆောက်အအုံများ၊ ကိရိယာတန်ဆာပလာများနှင့် သူ၏ အိမ်ခန်းအသစ်ကို လွှဲပြောင်ပေးအပ်သည်။ သူသည် ကိုဟင်အား ငွေများလည်း ပေးပြီး ဤမြို့တော်တွင် နေသော သြဇာတိက္ကမ ရှိသည့် အာရပ်လူမျိုး အချို့၏ နာမည်စာရင်းကိုလည်း ပေလေသည်။ ထို့နောက် ထိုအာရပ်များကို တွေ့ဆုံနိုင်သည့် နေရာများကိုပါ ပြောပြခဲ့ပါသည်။ အလီကိုဟင်အား အေဘရာဟင်က မကြိုက်ခဲ့သည့် အရည်အသွေးတစ်ခုသာ တွေ့ခဲ့ပါသည်။ အေဘရာဟင်က ကိုဟင်၏ စကားသံသည် သိပ်မမှန်သေးသဖြင့် ဇာတိခံ ဆရာတစ်ဦးနှင့် မွမ်းမံသင်ယူသင့်ကြောင်း အကြံပြုခဲ့သည်။ ကိုဟင်သည် အာဂျင်တင်းလူမျိုတို့ ပြောသော စပိန်ဘာသာစကားကို အသံနေအသံထား မှန်ကန်စွာ ပြောနိုင်မှသာ တစ်စုံတစ်ယောက်နှင့် ဆက်သွယ်ရမည်ဟု မှာခဲ့လေသည်။ ထိုနောက်ပိုင်တော့ သူတို့နှစ်ဦးသား တွေ့ဆုံသည့်အကြိမ် အတော်ကျဲသွားလေသည်။ေ ဗွးနိုးဇာရီသို့ ရောက်သည့် ညကစ၍ ကိုဟင်သည် ကြီးမားသော ဆီးရီးယန်း လူ့အဖွဲ့အစည်းကြီးထဲတွင် တဖြည်းဖြည့် လူသိများ ကျော်ကြားလာလေသည်။ သူ၏ အခန်းသို့ မိတ်ဆွေများကို မကြာခဏဆိုသလို ဖိတ်ကြားပြီး အရက်နှင့် အဖျော်ယမကာများ ဖောဖောသီသီ တိုက်ကျွေးဧည့်ခံသည်။ သူတို့အားလုံး လွမ်းကြရသော ဇာတိချက်ကြွေ မွေးရပ်မြေအကြောင်း စိတ်ပါလက်ပါ ပြောဆိုကြသည်။
ကိုဟင်၏ အခန်းသို့ ရောက်လာသူတိုင်း သူစုဆောင်း သိမ်းဆည်းထားသော ဓာတ်ပုံစာအုပ်များကို သေသေချာချာ ကြည့်ရှုခွင့်ရသည်။ ထိုဓာတ်ပုံများမှာ သူနှင့် သူ၏ မိဘများ အလက်ဇန္ဒြီးယား၊ ဘေရွတ်နှင့် ဗွေးနိုးဇာရီတို့တွင် ရိုက်ယူထားခဲ့သော ပုံများဖြစ်သည်။

ဤဓာတ်ပုံများသည် မော့ဆက်အဖွဲ့ကြီးက ဖန်တီး စုဆောင်ပေးထားသော ဓာတ်ပုံအတုများ ဖြစ်ကြောင်း အလီကိုဟင်က လွဲပြီး မည်သူမျှ မသိကြပါ။ အလီသည် မကြာမီတွင် စားသောက်ခန်းနှင့် ဆိုရှယ်သဟာယ ဌာနတစ်ခုဖြစ်သော အစ္စလာမ်ကလပ်သည် အာရပ်နိုင်ငံများမှ သြဇာတိက္ကမ ရှိသော ပုဂ္ဂိုလ်ကြီးများအား တွေ့ဆုံနိုင်သည့် အကောင်ဆုံး နေရာဖြစ်ကြောင်း တစတစ သိရှိလာလေသည်။ သူသည် ထိုနေရာသို့ သွားပြီး ကိုင်ရိုနှင့် ဒမတ်စကတ်မြို့များတွင် ထုတ်သည့် သတင်းစာများကို ဖတ်ရှုရင်း အချိန်းဖြုန်းနေလေတော့သည်။ တစ်နေ့တွင် သူသည် အာဂျင်တီးနားတွင် ထုတ်ဝေသည့် အကြီးဆုံးသော အာရပ်သတင်းစာကြီး၏ အယ်ဟီရှန်သည် လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး သူ၏ ဦးခေါင်းမှာ ပြောင်စပင် ပြုနေပေပြီ။ အယ်ဟီရှန်သည် အလွန်မျုးချစ်စိတ် ရင့်သန်သူ ဖြစ်သည်။ သူ့ထက်ငယ်သူ အမျိုးသားချင်လည်းဖြစ်သည့် ကိုဟင်က သူ့ရင်ထဲ ရှိသမျှကို ဖွင့်ပြောလိုက်လေသည်။
“ကျွန်တော်လေ… ကျွန်တော့်ဖခင် မွေးပေးခဲ့တဲ့ ဇာတိနိုင်ငံကို သိပ်ပြန်ချင်တယ်။ တစ်နည်းနည်းနဲ့ ကျွန်တော် ပြန်နိုင်တယ်ဆိုတာ သိပေမဲ့ ဟိုမှာ အသိအကျွမ်းလည်း မရှိဘူး။ အဲဒီကိစ္စကြောင့် ကျွန်တော် အခက်အခဲ တွေ့နေရတယ်ဗျာ…”ဟု သူက ယုံယုံကြည်ကြည် ပြောပြခဲ့သည်။

အယ်ဟီရှန်ကလည်း ဗွေးနိုးဇာရီတွင် မျိုးချစ်စိတ်ရှိသူတစ်ဦး လာတွေ့နေသဖြင့် ဝမ်မြောက်ခဲ့ပါသည်။ ကိုဟင် ဘယ်လောက် အသိပညာဉာဏ် ရင့်သန်ပြီး တိုင်းပြည်ကိုလည်း ချစ်၊ တိုင်းပြည်၏ အရေးအရာ ပြဿနာများကို ဤမျှလောက် စိတ်ဝင်စားသော ပုဂ္ဂိုလ်မျိုး သူတွေ့ရခဲပါသည်။ ထို့ကြောင့် သူသည် ဗွေးနိုးဇာရီရှိ အာရပ်အကြီးအကဲ ပုဂ္ဂိုလ်အများအပြင် လူချမ်းသာများနှင့် သံတမန်များကိုပါ ကိုဟင်နှင့် တွေ့ဆုံမိတ်ဆက်ပေးလိုက်သည်။ အလီကိုဟင်သည် အာရပ်နိုင်ငံ အရေးအခင်းနှင့် ပြဿနာမျာကို နှံ့စပ်သိမြင်ကျွမ်းလှသဖြင့် သံရုံးများ၏ အရက်မျိုးစုံ ဧည့်ခံပွဲများနှင့် ညစာစားပွဲများတွင် အစဉ်ဖိတ်ကြားခံရသော ဧည့်သည်တော်တစ်ဦး ဖြစ်လာလေသည်။ တစ်နေ့တွင် ဤသို့သော ဧည့်ခံပွဲတစ်ခု၌ သူသည် ဆီးရီးယား သံရုံးမှ စစ်သံမှူးဖြစ်သူ ဗိုလ်မှူး အာမင်အယ်လ် ဟာဖက်ဇ်ကို တွေ့ရှိခဲ့သည်။ ဟာဖက်ဇ်သည်လည်း အခြားလူများနည်းတူ အလီကိုဟင်၏ မျိုးချစ်စိတ် ရင့်သန်ပုံကို သဘောကျသွားပြီး စိတ်အားထက်သန်နေသော လူရွယ်အား ယုံယုံကြည်ကြည် ဆက်ဆံပြောဆိုလေတော့သည်။ သူက သံရုံးညစာစားပွဲ တစ်ခု၌ ကိုဟင်အား ဤသို့ ပြောကြားခဲ့ပါသည်။
“ကျုပ် နိုင်ငံရေးအကြောင်း မပြောချင်ပါဘူး၊ ဒါပေမဲ့ ခင်ဗျားကို ကောင်းတဲ့ အကြံပေးချင်တာက ခင်ဗျား ဘတ်သ်ပါတီပေါ်မှာ ယုံယုံကြည်ကြည် သစ္စာနှံထားရမယ် သိလား။ ဒီနှစ်ကုန်ရင် ကျုပ်ဒီမှာ ယူနေရတဲ့ တာဝန်ပိုင် ပြီးတော့တယ်။ ဒီက လုပ်ငန်ပိုင်းတွေ လက်စသတ်ပြီး ကျုပ် ဒမတ်စကတ်ကို ပြန်မယ်လို့ စိတ်ကူးထားတယ်။ ခင်ဗျား လိုက်ပါလား။ ကျုပ်တို့တတွေ ခင်ဗျားလို ပညာလည်းတတ်၊ မျိုးချစ်စိတ်လည်းရှိတဲ့ လူမျိုး လိုချင်ပါတယ်”

ဗိုလ်မှူး ဟာဖက်ဇ်၏ အမေးကို အလီကိုဟင်က ကျေးဇူးတင်စွာဖြင့် တုံ့ပြန်လက်ခံခဲ့ပါသည်။ ပါးနပ်လိမ္မာသော ကိုဟင်သည် ထိုအချိန်မှစ၍ ဟာဖက်ဇ်အား ပြောဆိုနှုတ်ဆက်သောအခါတိုင်း “ဗိုလ်ချုပ်”ဟု ရိုရိုသေသေ ခေါ်ဆိုလေတော့သည်။ ထိုပါတီပွဲ နောက်ပိုင်းတွင် သူတို့နှစ်ဦးသား တွေ့တိုင်း ဗိုလ်မှူး ဟာဖက်ဇ်က ကိုဟင်ကို ထပ်တလဲလဲ ဤသို့ မေးတတ်ပါသည်။
“ကိုင်း ကိုယ့်သူငယ်ချင်းရေ… ကျုပ်တို့ကို ကူညီဖို့ ဒမတ်စကတ်သို့ သွားတော့မယ်လို့ ခင်ဗျားပါးစပ်က ဘယ်တော့ ပြောမှာလဲ”
ဗွေးနိုးဇာရီတွင် ရှိသေ အာရပ်ထောက်လှမ်းရေးအဖွဲ့များက ကမီးအာမင်း တားဘက်စ်၏ မျိုးချစ်စိတ်ကို အလျင်အမြန် ယုံကြည်လက်ခံခြင်း မပြုခဲ့ပါ။ သူတို့ မျက်စိရှေ့မှာပင် အဒေါ့ဖ် အိုက်ခမန်း ပြန်ပေးဆွဲခံရပြီးကတည်းက ဗိုလ်မှူး ဟာဖက်ဇ်လို အရေးကြီးသည့် ပုဂ္ဂိုလ်များနှင့် ထိတွေ့ဆက်ဆံလာသူတိုင်းကို မျက်ခြေမပြတ် ထောက်လှမ်းကြည့်ရှုကြပါသည်။ ထို့ကြောင့်ပင် ဒိုးဇီးယန်းဗြူးရို ဟု ခေါ်သော ဆီးရီးယား ထောက်လှမ်းရေးအဖွဲ့သည် တားဘက်စ်၏ နောက်ကြောင်းရာဇဝင်ကို လျှို့ဝှက်ထောက်လှမ်းခြင်းများ စတင်ပြုလုပ်လေသည်။ အလီကိုဟင်က သူ၏ မိတ်ဆွေများအား ပြောပြချက်များသည် သူတို့တွေ့ရှိသော အချက်အလက်များနှင့် ကိုက်ညီနေသည်ကို သူတို့ တွေ့ရှိရသည်။ လက်ဘနွန်တွင် မွေးဖွားပြီး အလက်ဇန္ဒြီးယားနှင့် ဗွေးနိုးဇာရီသို့ ပြောင်ရွှေ့သွားသော တားဘက်စ် အမည်ရှိ ဆီးရီးယား မူဆလင်တစ်ယောက် အမှန်တကယ် ရှိခဲ့ပါသည်။ ထိုပုဂ္ဂိုလ်သည် အလီကိုဟင်က သူလုပ်ကိုင်ခဲ့သည်ဟု ပြောသော လုပ်ငန်းများတွင် တကယ်လုပ်ကိုင်ခဲ့ဘူးပါသည်။ သူ့အသက်သည် ကိုဟင်၏ ယခုအသက်နှင့် ထပ်တူထပ်မျှ ဖြစ်နေပါသည်။ စုံစမ်းထောက်လှမ်းခြင်းများ ဤနေရာတွင် မရပ်သွားပါ။

တစ်နေ့ ကိုဟင် အိမ်ပြန်သွားသောအခါ သူ၏ လူသိများသော ဓာတ်ပုံအယ်လ်ဘမ် စာအုပ်တွင် ဓာတ်ပုံမျာ ဖရိုဖရဲ ဖြစ်နေသည်ကို တွေ့ရသည်။ တစ်စုံတစ်ယောက် အခန်းတွင်းသို့ ဝင်ရောက်ပြီး ထိုဓာတ်ပုံများကို ကူးယူသွားသည့် အချက်မှာ ရှင်းလင်းနေပေပြီ။ ဤသို့ ဖြစ်လာမည်ကို အလီကိုဟင် သိထားပြီး ဖြစ်သည်။ သူသည် သူ၏ လိပ်စာများနှင့် တယ်လီဖုန်းနံပါတ်များကို တမင်တကာ လျှိုဝှက်မထားဘဲ သူနှင့် သိသည့်လူတိုင်းအား ပေးခဲ့သည်။ သူသည် ဓာတ်ပုံအယ်လ်ဘမ် စာအုပ်ကို သူ၏ အိမ်ရှေ့ခန်း စားပွဲပေါ်တွင် အမှတ်မထင် တင်ထားခဲ့လေ့ရှိသည်။ စုံစမ်းထောက်လှမ်းခြင်းများ ပြီးဆုံးသွားသောအခါ ဒိုးဇီးယမ်းဗြူရိုသည် အလီကိုဟင်အား တားဘက်စ် အစစ်အမှန်ဖြစ်ကြောင်း လက်ခံယုံကြည်လေတော့သည်။ တဲလာဗီမြို့တော်မှ ကိုဟင်၏ လုပ်ဖော်ကိုင်ဖက်များ ဖန်းတီးပေးခဲ့သော သူ၏ ဟန်ဆောင်ဘဝသည် ပြောင်မြောက် ကောင်းမွန်လှသဖြင့် သူလျှိုတစ်ယောက် ဖြစ်လေမလားဟု မည်သို့မျှ တွေးမရအောင် ပိရိနေပေသည်။ သူ၏ ဇာစ်မြစ်ကို စစ်မှန်သည်ဟု လက်ခံသွားသည်နှင့် တပြိုင်နက် ကိုဟင်သည် ဗွေးနိုးဇာရီတွင် ရှိသော သြဇာတိက္ကမ ရှိသည့် ဆီးရီးယားများ အကြားတွင် သူ၏ အပေါင်းအသင်း မိတ်ဆွေအသိုက်အဝန်းကို ချဲ့ထွင်လာတော့သည်။ သူသည် ထိုမိတ်ဆွေများအား ရက်ရက်ရောရော ဧည့်ခံပြုစု ကျွေးမွေးသည်။ လက်ဆောင်ကောင်းများလည်း ပေးကမ်းမိတ်ဆက်လေသည်။

မိတ်ဆွေများ၏ အိမ် သို့မဟုတ် သံရုံးဧည့်ခံပွဲများသို့ သူတက်သောအခါ ကိုဟင်သည် အစဉ်အမြဲ သေသပ်သားနားစွာ ဝတ်စားဆင်ယင်၍ ဆွဲဆောင်မှုရှိအောင် နေသည်။ ယဉ်ကျေးပျူငှာ ချိုသာသော စကားလုံးများနှင့် လူတိုင်းကို ခပ်မြှောက်မြှောက် ပြောဆိုဆက်ဆံသည်။ သူတို့၏ အိမ်သူသက်ထားများကို ဆက်ဆံရာတွင် ကိုဟင်သည် သန့်သန့်ရှင်းရှင်း မူမှန်မှန် ဆက်ဆံလေသည်။ လူတိုင်းသည် ကိုဟင်အား ချစ်ခင်နှစ်သက်၏။ ယုံကြည်လေးစား၏။ ထို့ပြင် သူအစဉ်သဖြင့် မွေးမြူထားသော မျိုးချစ်စိတ်ဓာတ်ကို အလွန်ပင် လေးစားကြလေသည်။ ထို့ကြောင့်ပင် ၁၉၆၁ ခုနှစ် မေလ ကုန်ခါနီးတွင် ကိုဟင်သည် မိတ်ဆွေသူငယ်ချင်းများထံ သွားရောက်ပြီး သူ ဒမတ်စကတ်သို့ သွားတော့မည်ဖြစ်ကြောင်း ဝမ်းမြောက်ဝမ်းသာ ပြောဆို အသိပေးသောအခါ သူတို့အဖို့ ဘာမျှ အံ့သြစရာ မဖြစ်တော့ပေ။ မိတ်ဆွေများက ကိုဟင်အား သူတို့၏ ကုန်သည်ပိုင်းမှ ပုဂ္ဂိုလ်များ၊ အစိုးရပိုင်းမှ အရာရှိကြီးများနှင့် ရင်းနှီးသော မိတ်ဆွေအပေါင်းအသင်းများ၏ အမည်နှင့် လိပ်စာများ တပုံတပင်ကြီး ပေးလိုက်ကြပါသည်။ ထို့နောက် လူတိုင်းကလည်း ဇာတိမွေးရပ်မြေသို့ လူစိမ်းကလေးတစ်ဦးအား သူ၏ တက်လမ်းရှာဖွေရာ၌ တတ်နိုင်သော အကူအညီမှန်သမျှ ပေးပါရန် ဒမတ်စကတ်သို့ စာရေးထားမည်ဟု ကတိပြုလိုက်ကြပြန်သည်။ အမှန်စင်စစ် မော့ဆက်ဌာချုပ်ကြီးက အာဂျင်တီနားမှ ကိုဟင် ထွက်ခွာရန် အမိန့်ပေးလိုက်ခြင်း ဖြစ်ပါသည်။ မော့ဆက်သူလျှို အေဘရာဟင်သည် ဗွေးနိုးဇာရီမြို့၌ ကိုဟင်၏ အောင်မြင်မှုများအကြောင်း မပြတ် သတင်းပို့နေလေရာ ကိုဟင် ရောက်ပြီး (၃)လအကြာ ဖြစ်သည်။ မေလတွင် မော့ဆက်အကြီးအကဲများက ကိုဟင်သည် သူတို့၏ စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ကြောင်း ဆုံးဖြတ်လိုက်လေသည်။

ကိုဟင်သည် ဌာနချုပ်မှ ပေးလိုက်သည့် သိပ်အကျယ်ချဲ့မထားသော လုပ်ဆောင်ရန် ညွှန်ကြားချက်များ လက်ခံရရှိပြီးသည်နှင့် တဲလာဗီသို့ ပြန်လာရန် အမိန့်လည်း လက်ခံရရှိလေသည်။ သူ့အတွက် လိုအပ်သော ဗီဇာများကို အာရပ်ပြည်ထောင်စုသမ္မတနိုင်ငံ (UAR)နှင့် လက်ဘနွန် ကောင်စစ်ဝန်ရုံးများမှ ရယူထားပြီး ဖြစ်ပါသည်။ ၁၉၆၁ ခုနှစ် သြဂုတ်လ(၁)ရက်နေ့ သူ အာဂျင်တီးနားမှ မထွက်ခွာမီ ညတွင် သူ့မိတ်ဆွေများက သူ့အား ကြိုတင် မပြောဘဲ နှုတ်ဆက်ပွဲကလေးတစ်ခု တည်ခင်းခြင်းဖြင့် အံ့သြသွားစေခဲ့ပါသည်။ နောက်တစ်နေ့တွင် မြူးနစ်သို့ သွားရန် လေဆိပ်သို့ ကိုဟင် ဆင်းလာသောအခါ မိတ်ဆွေသူငယ်ချင်းများ အမြောက်အမြား လိုက်လံပို့ကြသည်။ သူသည် မြူးနစ်မှတဆင့် ဘေရွတ်မြို့သို့ ခရီးဆက်မည် ဖြစ်ပါသည်။ အလီကိုဟင်သည် မြူးနစ်သို့ ရောက်သောအခါ လေယာဉ်ပေါ်မှ ဆင်း၍ နောက်လေယာဉ်တစ်စီးကို စီးပြီး ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့သို့ သွားခဲ့သည်။ မော့ဆက်သူလျှို ဆာလင်ဂျာသည် ထိုမြို့၌ သူ့အား စောင့်ကြိုနေလေသည်။

မြို့လယ်ရှိ လွတ်လပ်သော ဟိုတယ်အခန်း တစ်ခုထဲသို့ ရောက်သောအခါ ကမီးအာမင် တားဘက်စစ်သည် အလီကိုဟင် တစ်ဖန် ပြန်ဖြစ်လာရပြန်သည်။ သူသည် စာရွက်စာတမ်းများကို ပြန်လည် ပေးအပ်လိုက်ပြီး သူ၏ သက်သေခံ အထောက်အထား အစစ်များကို ပြန်ယူသည်။ သူသည် ဆွစ်ဇာလန်နှင့် အာဂျင်တီးနား အဝတ်အစားမှန်သမျှ တစ်ခုမကျန် ချွတ်လဲပြီး သူ၏ အစ္စရေးအဝတ်အစားများကို ပြန်ဝတ်လိုက်သည်။ ဆာလင်ဂျာသည် ပစ္စည်းပစ္စယ မှန်သမျှကို အဝတ်သေတ္တာ တစ်ခုထဲသို့ ဂရုတစိုက် ထည့်သွင်း သိမ်းဆည်းလိုက်သည်။ ကိုဟင်က သူ ဗွေးနိုးဇာရီတွင် နေထိုင်စဉ်ကာလအကြောင်း ဆာလင်ဂျာအား ပြည့်ပြည့်စုံစုံ တင်ပြပြီးနောက် သူတို့နှစ်ဦးသား လက်ဆွဲနှုတ်ဆက်ကြကာ ထို ဟိုတယ်အခန်းမှ (၅)မိနစ်စီခွာ၍ ထွက်ခွာခဲ့ကြသည်။ အလီကိုဟင်သည် သူ၏ ဇနီးနှင့် ကလေးများအတွက် လက်ဆောင်ပစ္စည်းများ ဝယ်ယူရုံလောက်သာ အချိန်လေး ရလိုက်ပြီး ချက်ချင်း လေဆိပ်သို့ ပြန်ရောက်လာကာ တဲလာဗီသို့ ပျံသန်းမည့်လေယာဉ်ကို လိုက်ပါစီးနင်းခဲ့ရလေသည်။ လော့ဒ် လေဆိပ်သို့ ရောက်သောအခါ လိုအပ်သည် အခါတိုင်း သတိပေးမြဲဖြစ်သည့် မော့ဆက်အဖွဲ့၏ စည်းမျဉ်းအတိုင်း သူလျှိုဟူသည်မှာ ခမ်းခမ်းနားနား စတိုင်ကျကျ နေထိုင်ရမည်ဟူ၍ အဖွဲ့ဝင်များ ထင်မှတ်မှားလျှင် မော့ဆက်က လုံးဝ လက်မခံ ပယ်ဖျက်ကြောင်း ကိုဟင်အား သတိရစေပါသည်။

သူ့အား ဥရောပသို့ အသွား လေဆိပ်သို့ ကားဖြင့် လိုက်ပို့သော ဂီဒီယွန် ဆိုသူ ရေဒီယိုအသံဖမ်းသူ လူရွယ်တစ်ဦးသာ သူ့ကို လာကြိုနေသည်။ ဂီဒီယွန်သည် ကိုဟင်အား သူ၏ ပိန်လိန်နေပြီး နံပါတ်မပါသည့် နောက်ဖွင့် ကုန်တင်ကားကလေးနှင့် ဘတ်ယမ်ရှိ အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် မောင်းပို့ခဲ့ပါသည်။ ဌာနချုပ်တွင် ပြန်လှန် စစ်ဆေးမေးမြန်းချက်များ မပြုလုပ်မီ ရက်အနည်းငယ်ကြာမျှ အားလပ်ရက်ရကြောင်း သူက ကိုဟင်ကို မှာကြားသွားလေသည်။ ဥရောပနိုင်ငံ အသီးသီးမှ ဆာလင်ဂျာ ပို့ပေးခဲ့သော ပို့စ်ကတ်များ သူ့အိမ်သို့ ကောင်းမွန်စွာ ရောက်ရှိကြကြောင်း ကိုဟင် တွေ့ရှိလေသည်။ သူ ဥရောပသို့ ရောက်စ ဇူးရစ်မြို့တွင် ဤပို့စ်ကတ်များပေါ်၌ ကြိုတင်ရေးသားပြီး ဆာလင်ဂျာအား ပေးထားခဲ့ခြင်း ဖြစ်ပါသည်။ မော့ဆက်ဌာချုပ်သို့ ကိုဟင် တင်သွင်းသော အစီရင်ခံစာများကို ကြည့်၍ သူ၏ ဆရာ ဒါးဗစ်ခ်ျ သတ်မှတ်ပေးခဲ့သည့် သူလျှိုကြယ်တစ်ပွင့်ဟူသော အရည်အချင်း သတ်မှတ်ချက်သည် ကိုဟင်နှင့် လုံးဝ ထိုက်တန်ကြောင်း မော့ဆက်အကြီးအကဲများ သိရှိကြပါသည်။ သို့သော် သူ၏ ဒမတ်စကတ် ခရီးအတွက် ပြင်ဆင်ရန် ရထားသော ညွှန်ကြားချက်များ အကြောင်း ကိုဟင်က ပြောလာသောအခါ သူတို့ အလွန် အံ့သြသွားကြပါသည်။ ကိုဟင်သည် တကယ်ပင် ကျွမ်းကျင်လှသူဖြစ်ပြီး စိတ်ထဲရှိသည့်အတိုင်း မကွယ်မထောက် ထုတ်ပြောတတ်သူ ဖြစ်သည်။

ကိုဟင်သည် အာဂျင်တီးနားတွင် ထမ်းရွက်ရသည့်တာဝန် ဝတ္တရားများကို ထက်ထက်မြက်မြက် ဆောင်ရွက်ခဲ့သည်မှန်သော်လည်း ထိုသို့ဆောင်ရွက်မှုသည် သူ့အတွက် မိမိကိုယ်မိမိ ယုံကြည်စိတ်ချရသော စိတ်ဓာတ်ရှင်သန် ပေါ်ပေါက်လာစေသည့် သဘော ဖြစ်သည်။ ယခုမူ သူသည် ဆီးရီးယားသို့ သွားရန် ခြေလှမ်းပြင်နေပြီ ဖြစ်သည်။ သို့သော် ကိုဟင် အနည်းငယ် စောင့်ဆိုင်းရပါဦးမည်။ သူသည် အထူးလေ့ကျင့်ပေးမည့် သင်တန်းကို တက်ရန် လိုပါသည်။ ကိုဟင်သည် သူ ဒမတ်စကတ်မှ ပို့သော သတင်းများကို လက်ခံယူကြမည့် ရေဒီယို အသံဖမ်းသူများနှင့် ရက်သတ္တပတ် အတန်ကြာ အတူတကွ လေ့ကျင့်ခဲ့သည်။ ကိုဟင်က စကားဝှက်များနှင့် သတင်းပေးပို့သောအခါ၌ သူ၏ လက်ကျလက်န ကိုယ်ပိုင်ဟန်နှင့် စကားလုံး အသုံးအနှုံး စသည်တို့ကို အသံဖမ်းသူများ ချက်ချင်းသိရှိရန် လိုအပ်ပါသည်။ ဤသို့ တစ်ဦးနှင့်တစ်ဦး ရင်းနှီးပွန်းတီး နားလည်နေမှသာ သူတို့၏ လုပ်ငန်းသည် စင်းလုံးချော ဖြစ်လာပေမည်။ စကားဝှက်နှင့် ပေးပို့သော သတင်းကို လက်ခံလိုက်သည်နှင့် ဤသတင်းကို သူတို့၏ သူလျှိုကိုယ်တိုင် ပေးပို့နေသလား၊ တစ်စုံတစ်ယောက်က ဟန်ဆောင် တင်ပို့နေသလားဟူသော အချက်ကို အစ္စရေးမှ လူများ ချက်ချင်း သိရှိရပါသည်။

ကိုဟင် သတင်းပို့ရာ၌ အနည်းငယ်သော ပြောင်းလဲမှုများကို ကြည့်၍ သူတို့ ဖမ်းမိသွားပြီး သို့မဟုတ် သူ့အား တစ်စုံတစ်ယောက်က အတင်းအကျပ် စေခိုင်း၍ သတင်းပို့ခိုင်းနေပြီ စသည်တို့ကို ချက်ချင်း သိရှိရပါမည်။ ကိုဟင်၏ သတင်းပေးပို့သည့်နှုန်းကို ခါတိုင်းထက် မသိမသာ တိုးမြှင့်၍ မြန်မြန် ပေးပို့ပြီဆိုပါက သူ့အား မိသွားပြီဟူသော အဓိပ္ပါယ်ပေါက်သည့် သင်္ကေတဖြစ်ကြောင်း သူတို့အားလုံး သဘောတူ မှတ်သားထားကြလေသည်။ အလီကိုဟင်သည် မော့ဆက်အဖွဲ့ကြီး၏ နောက်ဆုံး အသုံးပြုနေသော စကားဝှက်များကို အလွတ်ကျက်မှတ်ထားရပါသည်။ ထို့ပြင် ကိုဟင်သည် ထိုအချိန်က ဆီးရီးယားတွင် လူအများ သယ်ဆောင် အသုံးများနေသော ရှမိုက်ဆာ အမျိုးအစား ခြောက်လုံးပြူးနှင့် စက်သေနတ်များ ကိုင်တွယ်အသုံးပြုပုံကို အပြင်းအထန် လေ့ကျင့်သင်ယူရလေသည်။ သူလျှိုမှန်လျှင် ကျွမ်းကျမ်းကျင်ကျင် တတ်မြောက်ရမည်ဖြစ်သော မိုက်ခရိုဖလင်နှင့် အခြားကိရိယာ တန်ဆာပလာများအား သိုဝှက်ထားနည်းများကို သူလေ့ကျင့် သင်ကြားရပြန်သည်။ ထို့နောက် ကိုဟင်အား အသေးစား ကင်မရာများ အသုံးပြုပုံကို သင်ကြားပေးပြီး ဖူးစကတ် လျှောက်လွှာ စာရွက်တစ်ရွက် စာရွက်စာတမ်း တစ်စောင်ကို ဓာတ်ပုံရိုက်ပြီး တွယ်အပ်ခေါင်းခန့်ရှိသော နက်ကတစ် ဖလင် အရွယ်အစားအဖြစ်သို့ ကူယူပုံများကိုပါ လေ့ကျင့်ပေးထားသည်။

မော့ဆက်အကြီးအကဲများက ကိုဟင်ကို ဒမတ်စကတ်သို့ မပို့လိုသေးသော အကြောင်းတစ်ချက် ရှိပါသည်။ ဒမတ်စကတ်တွင် အီဂျစ်အကြံပေးအရာရှိ အမြောက်အမြား ရှိနေခြင်းကြောင့် သူတို့ စိုးရိမ်စိတ် ဖြစ်ပေါ်ရသည်။ သူတို့၏ တန်ဖိုးရှိသော သူလျှိုကို လွယ်လွယ်ကူကူ မှတ်မိတွေ့ရှိသွားမည်ကို စိုးရိမ်နေကြပါသည်။ ဤသို့ တွေ့ရှိသွားလျှင် ဒုက္ခလှလှသား ရောက်ရတော့မည်။ ထို့ကြောင့် အလီကိုဟင်အား အစ္စရေးနိုင်ငံမှာပင် အလုပ်ရှုပ်နေစေပြီး စိတ်ချရသော အချိန်အခါကို စောင့်ဆိုင်းနေခြင်းက ပိုမို ကောင်းမွန်ကြောင်း မော့ဆက်ခေါင်းဆောင်များက ဆုံးဖြတ်ကြသည်။ ၁၉၆၁ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဤသို့သော အာဏာသိမ်းပွဲတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ထိုအာဏာသိမ်းပွဲမှ ထွက်လာသော အကျိုးတရား တစ်ခုမှာ ဆီးရီးယား အတော်များများက သူတို့၏ အစိုးရပိုင်းတွင် အတော်ပင် ဝင်၍ သြဇာညောင်းနေသည်ဟု စွပ်စွဲခဲ့သည့် အီဂျစ်အကြံပေးအရာရှိများကို နှင်ထုတ်ခြင်းပင် ဖြစ်သည်။ ယခုမူ လမ်းရှင်းသွားပါပြီ။ မော့ဆက်အဖွဲ့ကြီးက အလီကိုဟင်အား ဒမတ်စကတ်သို့ ပို့ရန် ဆုံးဖြတ်လိုက်သည်။

သူသည် လှုပ်ရှားရန် လမ်းခင်းပေးသည့် အနေနှင့် ကမီးအာမင် တားဘက်စ်နှင့် ဗွေးနိုးဇာရီတွင် သိကျွမ်းရင်းနှီးခဲ့သော မိတ်ဆွေအပေါင်းအသင်းများထံသို့ ဥရောပနိုင်ငံ အသီးသီးမှ ပို့စ်ကတ်များ ပေးပို့ရန် မော့ဆက်အဖွဲ့ဝင်များက စီစဉ်လေတော့သည်။ ဗိုလ်မှူး ဟာဖက်ဇ်ထံသို့ ပို့သော ပို့စ်ကတ်တွင်မူ “ဘတ်သ်ပါတီ အဓွန့်ရှည်ပါစေ”ဟူသော စာကြောင်းကလေး ထည့်ပေးလိုက်လေသည်။ ကိုဟင် ဒမတစကတ်သို့ မထွက်ခွာမီ သူ တာဝန်ထမ်းဆောင်ရမည့် လုပ်ငန်းကို လက်ခံယူရာ၌ သူ၏ အမူအရာသည် တည်ငြိမ်အေးဆေးလှသဖြင့် သူ၏ သင်တန်းဆရာများကပင် အလွန်အံ့သြသွားကြပါသည်။
“သူဟာ အားလပ်ရက် ခရီးထွက်တဲ့ ကမ္ဘာလှည့်ခရီးသည် တစ်ယောက်များလားလို့တောင် ကျွန်တော်တို့ တွေးတောမိကြတယ်။ သူ့ရဲ့ အသက်ဟာ အမြဲတမ်း အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ရန်သူနိုင်ငံတစ်ခုကို သူ သွားရမှာ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့က ထပ်တလဲလဲ သတိပေးကြပေမဲ့ သူ့မျက်နှာက နည်းနည်းလေးတောင် ကြောက်တဲ့လက္ခဏာ မပြဘူးဗျာ”ဟု ဆရာတစ်ဦးက ပြောပြခဲ့ပါသည်။ ဒီဇင်ဘာလကုန်တွင် အလီကိုဟင်သည် မြူးနစ်သို့ ရောက်လာလေသည်။ မြူးနစ်တွင် သူသည် ဆာလင်ဂျာနှင့် တစ်ဖန် ပြန်တွေ့ပြီး ဘဝပြောင်းသည့် လုပ်ငန်းကို တိတိကျကျ ဆောင်ရွက်လေတော့သည်။ ဤတစ်ကြိမ်တွင်မူ ကိုဟင်သည် တန်ဖိုးကြီးသည့် ဆွစ်လုပ် အဝတ်အစားများအပြင် အခြားပစ္စည်း အမြောက်အမြားကိုပါ ယူငင်ရလေသည်။ သူသည် ကမ္ဘာပေါ်တွင် ခေတ်အမီဆုံးဖြစ်သော အင်အားကောင်းသည့် အသံလွှင့်စက် အသေးစားလေး တစ်လုံးကို လျှပ်စစ်ဖျော်ရည်စက်၏ အောက်ဖက်တွင် ဝှက်ထားသော အံဖုံးထဲတွင် ထည့်ယူလာခဲ့သည်။ ကိုဟင်၏ လျှပ်စစ်မုတ်ဆိတ်ရိတ်စက်မှ ကြိုးသည် အမှန်စင်စစ် အသံလွှင့်စက်၏ ကောင်းကင်ကြိုးပင် ဖြစ်သည်။

ကိုဟင်သည် ရန်သူအား တိုက်ကြွေးရန်နှင့် သေရေးရှင်ရေး ဖြစ်လာပါက လိုအပ်လျှင် မိမိကိုယ်တိုင် သောက်ရန်ဖြစ်သော စားယနိုက် အဆိပ်ပြားလေးများကို အက်စ်ပရင် ဆေးပြားများအဖြစ် ယူဆောင်လာသည်။ အင်အားကောင်းသည့် ဗုံးများ ပြုလုပ်ရန် ဓာတုပစ္စည်းများကို သွားတိုက်ဆေးများအဖြစ်လည်းကောင်း၊ မုတ်ဆိတ်မရိတ်မီ သုတ်လူးသည့် ဆေးရည်အဖြစ်လည်းကောင်း ယူဆောင်ခဲ့သည်။ ဂျပန်လုပ် ကင်မရာ အကောင်းစားနှင့် ကင်မရာ အပိုပစ္စည်းများထဲတွင် မိုခရိုဖလင် နက်ဂတစ်ကူးသည့် ကိရိယာများလည်း ရောထည့်ယူလာပါသည်။ လက်နက် ကိရိယာတန်ဆာပလာ အစုံအလင်ပါပြီဖြစ်သော အလီကိုဟင် တစ်ယောက် သူ၏ တစ်ကိုယ်တော် သူလျှိုခရီးကို စတင်ပေပြီ။ သူနှင့် ဆာလင်ဂျာတို့ နှစ်ဦးသား တစ်ဦးကိုတစ်ဦး စကား တစ်ခွန်းနှစ်ခွန်းသာ ပြောကြပြီး လမ်းခွဲကြတော့သည်။ အလီကိုဟင်သည် မြူးနစ်မြို့မှ အီတလီနိုင်ငံ ဂျီနိုးဝါသို့ သွားရောက်ခဲ့သည်။ ထိုမှတစ်ဆင့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကမီးအာမင် တားဘတ်စ်သည် အီတလီ လူစီးသင်္ဘောကြီး အော်ဆိုနီးယား၏ ပထမတန်းတွင် စီးနင်းလိုက်ပါလျက် ဘေရွတ်သို့ ထွက်ခွာခဲ့လေတော့သည်။ အံ့ဖွယ်သရဲ ထူးဆန်းလှသော သူလျှိုခရီး၏ အစပင် ဖြစ်ပါသည်။

ကိုဟင်သည် ဂျီနိုးဝါမှ ထွက်လာသော သင်္ဘောပေါ်၌ပင် သူသည် အဆင့်အတန်းမြင့် ဆီးရီးယန်း အလွှာမှ ဆင်းသက်လာသူဖြစ်ကြောင်း လူအများအား ယုံကြည်လက်ခံလာအောင် ပြုလုပ်နိုင်ခဲ့ပါသည်။ သင်္ဘော စထွက်သည်နှင့် ကိုဟင်သည် သြဇာတိက္ကမ ရှိသည့် လူများသာ ဆီးရီးယန်း တစ်ဦးဖြစ်သူ ရှိက်မာ့ အယ်လတ်ဒ်ဆိုသူနှင့် စကားလက်ဆုံကျလေတော့သည်။ အယ်လတ်ဒ်သည် တန်ဖိုးရှိသော အဆက်အသွယ်ကောင်း တစ်ဦးဖြစ်ပါသည်။ သူသည် ကိုဟင်အား သြဇာအာဏာရှိသော ဆီးရီးယန်းများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။ သင်္ဘော ဒမတ်စကတ်သို့ ဆိုက်သည်နှင့် အယ်လတ်ဒ်က ကိုဟင်အား သင်္ဘောဆိပ်မှ ကားဖြင့် ခေါ်သွားခြင်းဖြင့် အလိုလို ကူညီပြီးသား ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ကိုဟင်သည် အလွန်အရေးပါသော ပုဂ္ဂိုလ်တစ်ယောက်နှင့် အတူတကွ လာသူဖြစ်သဖြင့် အကောက်ဌာနက မရှာဖွေဘဲ လွှတ်လိုက်လေသည်။ ကိုဟင် လုပ်ငန်းစတင်ရန် ပထမဦးဆုံး ရရှိထားသည့် အမိန့်မှာ ဒမတ်စကတ်သို့ ရောက်ရောက်ချင်း နေစရာ အိမ်ခန်းတစ်ခန်း ရှာဖွေရန် ဖြစ်သည်။ သူသည် လူချမ်းသာများ နေသော အဘူရူမာနာ ရပ်ကွက်၌ ခေတ်မီ အဆောက်အအုံကြီး တစ်ခု၏ လေးထပ်တွင်ရှိသော အခန်းကျယ်ကြီး တစ်ခုတွင် ငှားရမ်းနေထိုင်လေသည်။

ကိုဟင်၏ နေရာသည် ဇိမ်ကျသော နေရာဖြစ်သည်။ သို့သော် ကိုဟင်အဖို့ ဤသို့ ဇိကျမှုသည် ပဓာနမဟုတ်ပါ။ သူနေသော အဆောက်အအုံသည် ဆီးရီးယား တပ်မတော်ဌာနချုပ်နှင့် မျက်နှာချင်းဆိုင် တည်ရှိနေသော အချက်သည် သူ့အတွက် အရေးကြီးသော အချက်ဖြစ်ပါသည်။ အလီကိုဟင်အတွက် ဒုတိယအမိန့်မှာ သူ၏ သွင်းကုန်ထုတ်ကုန် ကုမ္ပဏီကို စတင်တည်ထောင်ရန် ဖြစ်သည်။ အမိန့်အတိုင်း သူကလည်း စတင်တည်ထောင်ပြီးနှင့် ချက်ချင်းပင် အောင်မြင်သော လုပ်ငန်းတစ်ရပ် ဖြစ်လာအောင် သူစွမ်းဆောင်ခဲ့လေသည်။ ကိုဟင်သည် သူ၏ လုပ်ငန်းကို ကျွမ်းကျင်လှစွာ ဆောင်ရွက်လုပ်ကိုင်သဖြင့် မော့ဆက်အဖွဲ့ကြီး အပါအဝင် သက်ဆိုင်သူများအတွက် အကျိုးအမြတ် အတော်ပင် ရရှိခဲ့လေသည်။ ဆီးရီးယား ရှေးဟောင်း အိမ်ထောင်ပရိဘောဂများ၊ ကြွေပစ်ပြီး ကျားရွှေ့ရသော ကစားခုံများ၊ အဖိုးတန် ရတနာများနှင့် အနုပညာပစ္စည်းများကို ဥရောပသို့ အမြောက်အမြား မည်မျှပင် တင်ပို့သည်ဖြစ်စေ ဝယ်ယူသူများက လက်မလည်အောင် ဝယ်ယူကြသည်သာ ဖြစ်သည်။ သူ့ထံသို့ ရောင်းချသူများကလည်း ကိုဟင်ကို သဘောကျကြသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ငွေကို အလျင်အမြန် ပေးချေလေ့ရှိသောကြောင့် ဖြစ်သည်။ သူတို့၏ ချက်လက်မှတ်များကိုလည်း ကိုဟင်က ဆွစ်ဇာလန်ဘဏ်များတွင် လိုလိုလားလား ငွေစာရင်းဖွင့်ထားသဖြင့် သူ့အား ပို၍ သဘောကျကြသည်။

သူတို့သည် ဒမတ်စကတ်မြို့ကြီး၏ အရောင်းအဝယ် အချက်အခြာကျသည့် ဈေးနေရာဖြစ်သော ကာဖီကို အတူတကွ ထိုင်သောက်ခြင်းကိုလည်း အလွန်နှစ်သက်လေ့ရှိသည်။ အလီကိုဟင်နှင့် ရင်းရင်းနှီးနှီး စကားဝိုင်းဖွဲ့ပြောဆိုခြင်းများသည် သူ့အား စီးပွားရေးအခြေအနေ သတင်းများ ပေးခြင်းဖြစ်ပြီး တဲလာဗီရှိ မော့ဆက်ဌာနချုပ်သို့ သူနေ့စဉ် သတင်းပြန်ပို့ရာ၌ ပါဝင်သွားကြောင်း သူတို့ မရိပ်မိကြပါ။ ထိုမှတပါး ကိုဟင်ထံသို့ သူတို့ရောင်းလိုက်သော စားပွဲနှင့် ကစားခုံများထဲတွင် လျှို့ဝှက်အံပုန်းများ ပြုလုပ်၍ မိုက်ခရိုဖလင်များ သူ ထည့်လွှတ်လိုက်သည်ကို သူတို့ သံသယ မဖြစ်ခဲ့ကြပါ။ ကမီးအာမင် တားဘက်စ် တစ်ယောက် ညမိုးချုပ်၍ အိမ်ပြန်ရောက်သော အခါ သူသည် ချမ်းသာကြွယ်ဝသော ထုတ်ကုန်သူဌေးကြီး မဟုတ်တော့ပါ။ အလီကိုဟင် တည်းဟူသော သူလျှို ပြန်ဖြစ်လေတော့သည်။ သူသည် တံခါးများကို မင်းတုံးနှစ်ထပ် ထိုးလိုက်ပြီး ကန့်လန့်ကာများကို ဆွဲပိတ်လိုက်သည်။ ထို့နောက် ကြီးမားလှသော ဖန်မီးပန်းဆိုင်းကြီးကို ဆွဲထားသောအခြေမှ ကြေးနီခွက်ကြီးအတွင်းတွင် ဝှက်ထားသော သူ၏ အသံလွှင့်စက် အသေးစားလေးကို ထုတ်ယူလေသည်။

သူသည် သူ၏ သတင်းပို့ချက်များ ထိုင်ရေးသည်။ စကားဝှက်များအဖြစ် ဘာသာပြန်ပေးသည်။ ထို့နောက် တဲလာဗီသို့ လျင်မြန်စွာနှင့် မှန်ကန်စွာ စတင်ပေးပို့လေတော့သည်။ သူ့အိမ်ခန်း အမိုးပေါ်တွင် တပ်ဆင်ထားသော ရုပ်မြင်သံကြား ကောင်ကင်ကြိုးများ အကြားတွင် သူ၏ အသံလွှင့်စက် ကောင်းကင်ကြိုးတို့ ရော၍ တပ်ထားလိုက်သည်။ သူသည် သတင်းပေးပို့ခြင်းကို မည်သို့သောအခါမျှ နှစ်ခါပြန်၍ မလုပ်ပါ။ အလီကိုဟင်သည် နေ့အခါ၌ ဓာတ်ပုံများ ရိုက်လာပြီဆိုလျှင် သူသည် သူ၏ ရေချိုးခန်းကို ဓာတ်ပုံအမှောင်ခန်း ပြုလုပ်လိုက်သည်။ နက်ဂတစ် ဖလင်ဆေးခြင်း၊ မိုက်ခရိုဖလင်အဖြစ်သို့ ပြန်ကူးခြင်းများ ပြုလုပ်လေသည်။ နောက်တစ်နေ့တွင် သူသည် ကိုက်ခရိုဖလင်များကို သူ၏ ကုန်ပစ္စည်းတစ်ခုခု၏ အံဝှက်ထဲတွင်ဖြစ်စေ အခေါင်းလုပ်ထားသော စားပွဲခြေထောက်ထဲတွင် ဖြစ်စေ ဝှက်၍ ထည့်ပေးလိုက်သည်။ ဆွတ်ဇာလန်နိုင်ငံ ဇူးရစ်သို့ ရောက်သောအခါ ယင်း မိုက်ခရိုဖလင်များကို ဂရုတစိုက် ထုတ်ယူပြီး တဲလာဗီသို့ လျှို့ဝှက်သော နည်းလမ်းများနှင့် ပေးပို့လေသည်။ ကိုဟင်၏ ကုန်ပစ္စည်းများကို လက်ခံသူ သို့မဟုတ် လက်မလည်အောင် ဝယ်ယူချင်ကြသော ဆွစ်ကုန်သည်များမှာ အခြားသူများ မဟုတ်ပါ။ မော့ဆက်သူလျှို တစ်ဦးဖြစ်သူ အစ္စရေး ဆာလင်ဂျာပင် ဖြစ်ပါသည်။

အလီကိုဟင် ပေးပို့သော သတင်းများနှင့် မိုက်ခရိုဖလင်များတွင် တဲလာဗီရှိ မော့ဆက်အကြီးအကဲများ စိတ်ဝင်စားသည့် အချက်အလက်များ အမြဲပါရှိလေသည်။ ကိုဟင်၏ မိတ်ဆွေအပေါင်းအသင်းများထဲတွင် ဆီးရီးယား စစ်ဘက်နှင့် အစိုးရပိုင်းမှ ပုဂ္ဂိုလ်များ အမြားအပြား ပါဝင်သည်။ ကိုဟင်နှင့် အရင်းနှီးဆုံးဖြစ်သော မိတ်ဆွေများမှာ စစ်ဦးစီးချုပ် အမ္ဗဒူကာ ရင်ဇာဟာဟယ်လ်ဒင်၏ တူဖြစ်သူ မာဇီဇာဟာ အယ်လ်ဒင်၊ ဒမတ်စကတ် ရေဒီယိုမှ အစိုးရ၏ ဝါဒဖြန့်ချီရေးတာဝန်ခံနှင့် အသံလွှင့်သူ ဂျော့ဆေ့ဖ်၊ ဆီးရီးယား လေထီးတပ်မ၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီ ဆာလင်ဟာတွမ်းတို့ ပါဝင်လေသည်။ ဟာတွမ်းသည် အထူးသဖြင့် စိတ်ဓာတ်ပြင်းထန်လှသော ဇီယွန်ဝါဒီ ဆန့်ကျင်ရေးသမားတစ်ဦး ဖြစ်သည်။ သူ၏ မိတ်ဆွေများကို ရှည်လျားစွာသော တရားများ ဟောလျက် ဆီးရီးယား နိုင်ငံရေးသမားများသည် အစ္စရေးနှင့် စစ်ဖက်ပြိုင်ဆိုင် တိုက်ခိုက်ရန် မဝံ့ရဲ့သော သူရဲဘောနည်းသူများဖြစ်ကြောင်း ပြောပြတတ်သည်။ ကိုဟင်သည် သူပြောသမျှကို ထောက်ခံသည့်အနေနှင့် နားထောင်နေတတ်ပြီး ဟာတွမ်းအား သူ၏ ပြင်းထန်သော မျိုးချစ်စိတ်အတွက် ချီးကျူးထောပနာ ပြုလေတော့သည်။ အလီကိုဟင် အပါအဝင် မည်သူမျှ မသိသော အချက်တစ်ရပ် ရှိပါသည်။ ယင်းမှာ ဟာတွမ်း၏ အစ်ကိုဖြစ်သူ ဂါးရစ်သည် အလွန်ပင် ရှေးဆန်၍ ဘာသာတရား ကိုင်းရှိုင်းသော ဂျူးတစ်ယောက်အနေနှင့် အစ္စရေးနိုင်ငံတွင် နေထိုင်သည့် အချက်ဖြစ်သည်။ သူ၏ မိသားစုသည် သဲကန္တာရထဲတွင် သွားလာကျက်စားသော ဒရုဇ် အာရပ်မျိုးနွယ်မှ ဆင်းသက်လာပြီး ဆီးရီးယားနှင့် အစ္စရေးနယ်စပ်တွင် နေထိုင်ခဲ့ကြသည်။ ထို့ကြောင့်ပင် ညီအစ်ကို(၂)ယောက်တွင် တစ်ယောက်က ဆီးရီးယန်း ဖြစ်လာပြီး တစ်ယောက်က အစ္စရေး ဖြစ်လာခြင်း ဖြစ်သည်။ ဆီးရီးယားတွင် နာမည်ကြီးနေသော သူ၏ ညီအစ်ကိုတော်သူအကြောင်း ဂါးရစ်အား ပြောပြသောအခါ သူက ဤသို့ မှတ်ချက်ချလေသည်။
“ကျွန်တော်တို့ ဒီတစ်ခါ စစ်ဖြစ်ရင် ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် ရင်ဆိုင်တွေ့ပြီး မတိုက်ပါရစေနဲ့လို့ ကျွန်တော် ဆုတောင်းပါတယ်ဗျာ״

အလီကိုဟင်သည် သူ၏ အခန်းကို ဂရုတစိုက် ရှာဖွေရွေးချယ် ငှားရမ်းခဲ့သလို သူ၏ သူ၏ သူငယ်ချင်း မိတ်ဆွေများကိုလည်း ဂရုတစိုက် ရွေးချယ်ပေါင်းသင်းခဲ့သည်။ သူ့အိမ်နှင့် မျက်နှာချင်းဆိုင်ရှိ တပ်မတော် ဌာနချုပ်ထဲတွင် ထွန်းထားသော မီးများ အလင်းအမှောင်ကို ကြည့်၍ စစ်ရေးအခြေအနေ အပြောင်းအလဲကို သူ ဝေဖန်အကဲဖြတ်နိုင်လေသည်။ ဇိမ်ခံကားကြီးများနှင့် စစ်ဘက်အကြီးအကဲများ၏ ကားများ ခါတိုင်းနှင့်မတူဘဲ ဥဒဟို ဝင်လိုက်ထွက်လိုက် လုပ်လျှင် အစ္စရေးနိုင်ငံကို ထိုးစစ်ဆင်နွှဲရန် ကြံစည်နေပြီဖြစ်ကြောင်း ကိုဟင်အား သတိပေးသလို ဖြစ်သည်။ ထိုမှတပါး ကိုဟင်၏ ပတ်ဝန်းကျင်တွင် သံရုံးများ တစ်ဒါဇင်ခန့် တည်ရှိနေပြီး ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးအဖွဲ့၏ ဌာနချုပ်လည်း ရှိသည်။ ထို့ကြောင့် ဤဒေသတစ်ဝိုက်တွင် ရေဒီယို သတင်းလွှင့်ခြင်းနှင့် ဖမ်းခြင်းများ အလွန်လုပ်ကြလေရာ လေးထပ်တိုက်ပေါ်မှ တစ်ကိုယ်တော် သတင်းပို့နေသော ကိုဟင်ကို မည်သူမျှ ဂရုမပြုမိကြပါ။ ကိုဟင်သည် သတင်းကို တိုတိုနှင့် ပြတ်တောင်းပြတ်တောင်း ပို့သဖြင့် မည်သူမျှ သတိမပြုမိကြချေ။ အလီကိုဟင် ရောက်ပြီး (၂)လခန့် ကြာသောအခါ သူ လူမှန်နေရာမှန် ရောက်မည်ဟူသော ယုံကြည်ချက်သည် မှန်ကန်လာလေသည်။ တဲလာဗီသို့ သူပေးပို့သော တကယ်တမ်း အရေးကြီးသည့် ပထမ အစီရင်ခံချကတွင် ကိုဟင်က အောက်ပါအတိုင်း တင်ပြလိုက်သည်။
“၃ ရက်ဆက်တိုက် ညတိုင်းမှာ စစ်ဌာချုပ်ထဲ မီးတွေ မနက်မိုးလင်းတဲ့အထိ ထွန်းထားပါတယ်။ အာဏာသိမ်းပွဲတွေ ဘာတွေ ဖြစ်တဲ့ အရိပ်အယောင် မဟုတ်ပါ။ စစ်ပြင်ဆင်တဲ့ လက္ခဏာ လှုပ်ရှားချက်တွေပါပဲ။ အထူးသဖြင့် လွန်ခဲ့သော ရက်သတ္တပတ်များကစပြီး ရေဒီယို သတင်းစာနဲ့ ရုပ်မြင်သံကြားတွေဟာ ဂျူးဆန့်ကျင့်ရေးတွေ ဖော်ပြနေပါတယ်။ လမ်းမတွေထဲမှာ စစ်တပ် လှုပ်ရှားမှုတွေလည်း တွေ့ရပါတယ်״

အလီကိုဟင် ပေးပို့လိုက်သော သတင်းကို ချက်ချင်းပင် ဆီးရီးယားနယ်စပ်ရှိ ဂယ်လိလီ ပင်လယ်ကမ်းခြေပေါ်တွင် ရှိသော စစ်စခန်းများသို့ တဆင့်ပို့လိုက်သည်။ စစ်စခန်းများက ထိုသတင်း မှန်ကန်ကြောင်း (၂၄)နာရီအတွင်း အတည်ပြုလိုက်သည်။ ကြီးမားသော တင့်ကားတန်းကြီးများသည် ဒမတ်စကတ်မှ ထွက်ခွာလာနေပါပြီ။ အစ္စရေးတို့သည် ဆီးရီးယားတို့ကို တန့်သွားစေလိုသဖြင့် ဒူးဆေ့ဘ်တွင် ရှိသည့် ဆီးရီးယား စစ်စခန်းကို အမှတ်မဲ့ ဝင်တိုက်လေသည်။ စခန်းရှိ အမြောက်ကြီးများနှင့် လေယာဉ်ပျံများကို ဖျက်ဆီးပစ်လိုက်လေသည်။ ဆီးရီးယား တင့်ကားများသည် ရန်သူ၏ အဆင်သင့်ရှိနေပုံနှင့် တပ်လှန့်ထားခြင်းကို သိရှိသဖြင့် မိမိတို့၏ စခန်းသို့ နောက်ကြောင်း ပြန်လှည့်လေတော့သည်။ အလီကိုဟင်က “သူလျှိုတစ်ယောက်သည် တပ်မကြီးတစ်ခုလောက် စွမ်းဆောင်သည်״ဟူသော အချက်ကို သက်သေပြလိုက်လေသည်။ အလီကိုဟင်သည် တဲလာဗီဌာနချုပ်သို့ နိုင်ငံရေးနှင့် စစ်ရေးအရ တန်ဖိုးရှိလှသော သတင်းထောက်လှမ်းပေးပို့ခဲ့ပါသည်။ ဒမတ်စကတ်တွင် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ခြင်းကို သူ၏ ထင်မြင်ယူဆချက် ပေးခဲလေရာ တိကျမှန်ကန်ပြီး တကယ်ဖြစ်ပေါ်လာသောအခါ ယင်းသတင်းများကို ဝန်ကြီးချုပ် ဘင်ဂူရီယန်ထံသို့ မော့ဆက်က မဆိုင်းမတွ ပေးပို့ခဲ့သော်လည်း ကိုဟင်၏ ဟောကိန်းများက အရင်ရောက်နှင့်သည်သာ ဖြစ်သည်။ ဝန်ကြီးချုပ် ဘင်ဂူရီယန်သည် အရေးကြီးသော ဝါဒသဘောတရားနှင့် ဆိုင်သည့် ဆုံးဖြတ်ချက်များကို မကြာခဏ ပြုလုပ်ရလေသည်။ “စစ်တိုက်မည်လော၊ ငြိမ်းချမ်းရေးယူမည်လော״ဟူသော လမ်း(၂)သွယ်တွင် တစ်ခုရွေးရသည့် ဆုံးဖြတ်ချက်များကို ချရာ၌ အလီကိုဟင်၏ ယုံကြည်စိတ်ချရသော ထောက်လှမ်းရေး သတင်းများအပေါ် အခြေခံ၍ သူဆုံးဖြတ်ခဲ့ရပါသည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ
ကိုဟင် ဒမတ်စကတ်သို့ ရောက်ပြီး (၆)လအကြာတွင် ဖြစ်ပါသည်။ အလီကိုဟင်အား ခွင့်ရက်ခံစားရန်ဟူ၍ တဲလာဗီသို့ ပြန်ခေါ်ကြလေသည်။ ရန်သူနိုင်ငံတစ်ခုတွင် အယောင်ဆောင်၍ တပင်တပန်း လုပ်ကိုင်ဆောင်ရွက်နေရသော ကိုဟင်အား မော့ဆက်အဖွဲ့အကြီးအကဲများက အနားယူစေလိုပါသည်။ ထို့ပြင် သူတို့ထံသို့ သူပေးပို့နေသော သတင်းများအကြောင်း ပိုမိုသိရှိလိုသဖြင့် သူ့အား မေးမြန်းလိုကြပါသည်။ ကိုဟင် ပြန်ရောက်ပြီးနောက် ရက်အတော်ကြာ သူ၏ မိသားစုနှင့် အေးအေးလူလူ နေထိုင်စေသည်။ ကိုဟင်သည် ချစ်ဇနီး နာဒီယာနှင့် သမီးလေး ဆိုဖီတို့ကို တွေ့ရမည့်ရက်ကို လက်ချိုးရေ၍ မျှော်လင့်နေသူ ဖြစ်သည်။ အခိုင်းရက်စက်သော သူ၏ အကြီးအကဲများကလည်း တကယ်တမ်းကျသောအခါ သူ့အား ဤအခွင့်အရေး မပေးတော့ဟု စိုးစဉ်းမျှပင် စိတ်မကူးခဲ့ပါချေ။ အနားယူသော ရက်များ ကုန်ဆုံးသွားသောအခါ ကိုဟင်သည် သူလျှိုတစ်ဦး ပြန်ဖြစ်ရပြန်သည်။ သူ၏ အကြီးအကဲများက အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီး သူ ဒမတ်စကတ်မှ ကုန်စည်လုပ်ငန်းကို အကာအကွယ်ပြု၍ ပေးပို့ခဲ့သော မိုက်ခရိုဖလင်နှင့် ကိုယ်ဖျောက်မင်စာများတွင် ပါရှိသည့် စီမံချက်များနှင့် ဆန်းစစ်ဝေဖန်ချက်များကို အသေးစိပ် မေးမြန်းလေတော့သည်။ ကိုဟင်သည် ထောက်လှမ်းရေးသတင်းကို အာသာငန်းငန်း လိုချင်နေကြသော သူတို့၏ ဆန္ဒကို ကျေနပ်အောင် ဖြည့်ဆည်းပေးနိုင်ခဲ့သည်သာ ဖြစ်ပါသည်။ ကိုဟင်သည် အံ့သြဖွယ်ကောင်းသော မှတ်ဉာဏ်ကောင်းရှိသဖြင့် သူနှင့် ပြောဆိုခဲ့သော စကားဝိုင်းများမှ အချက်အလက် အားလုံးလိုလိုကိုလည်းကောင်း၊ သူ စက္ကန့်ပိုင်းလောက်သာ ကြည့်ခွင့်ရခဲ့သော စီမံကိန်းများ၏ အသေးစိပ် အချက်အလက်များကိုလည်းကောင်း ပြန်လည်တင်ပြ ပြောဆိုနိုင်ခဲ့ပေသည်။

ကိုဟင်သည် သူ့အား မေးမြန်းနေသူများအား သူ၏ လုပ်ငန်းသည် လွယ်ကူလှသည်ဟု အထင်ရောက်စေသည်။ သို့သော် သူတို့က တစ်မျိုးနားလည်ထားပါသည်။ ဆီးရီးယားနိုင်ငံသည် အာရပ်နိုင်ငံများထဲတွင် အစ္စရေးကို အလွန်အမင်း ဆန့်ကျင်ခဲ့သော နိုင်ငံဖြစ်သည်။ ဆီးရီးယားတို့သည် မည်သည့်နိုင်ငံခြားသာကိုမဆို မယုံကြည်ကြပါ။ ရုရှားအကြံပေးအရာရှိများကိုပင် ဆီးရီးယားလူထုနှင့် မရောနှောစေဘဲ မသိမသာ ခွဲခြားထားကြပါသည်။ ဆီးရီးယား အစိုးရသည် လူထုအား “အတွင်းက ရန်သူကို မျက်ခြည်မပြတ်စေနှင့်״ဟု အမြဲတမ်း သတိပေးထားလေ့ရှိသည်။ ကိုဟင် ဒမတ်စကတ်သို့ ပြန်လည် မထွက်ခွာမီ သူ၏ အကြီးအကဲများက သူ့အား မလိုအပ်ဘဲ စွန့်စားမှုများ မလုပ်ရန် သတိပေးလိုက်ကြသည်။ ကိုဟင်အဖို့ မည်သည့်သတင်းပို့ရန် တောင်ခံချက်မျိုးကိုမဆို မိမိ၏ အန္တရာယ်ဖြစ်ပေါ်စေမည်ဟု ယူဆပါက မပေးဘဲ နေနိုင်သည့် အခွင့်အရေးရှိပါသည်။ မော့ဆက်ခေါင်းဆောင်များ၏ သိပေးချက်ကို ကိုဟင်က သူ၏ ခါတိုင်းကဲ့သို့ မိမိကိုယ်မိမိ ယုံကြည်မှုရှိသော အလေ့အတိုင်း တုံ့ပြန်ပြောကြားခဲ့လေသည်။
“ကျွန်တော် ဘယ်သူဆိုတာ ဘယ်သူမှ သိမှာ မဟုတ်ပါဘူးဗျာ״

မော့ဆက်အကြီးအကဲတို့က သူတို့၏ သူလျှိုထိပ်သီး၏ ဆန္ဒလွန်မှုကြောင့် သူ တစ်နေ့နေ့ ဒုက္ခတွေ့နိုင်သည်ဟု စိုးရိမ်ပူပန်စိတ် ဖြစ်ပေါ်လာကြသည်။ ဆီးရီးယားသို့ ကိုဟင် ပြန်ရောက်လာပြီး မကြာမီမှာပင် သူတို့၏ စိုးရိမ်စိတ်ကို ကိုဟင်က ထပ်ဆင့်ခိုင်မာစေခဲ့လေသည်။ တစ်နေ့တွင် သူ၏ မိတ်ဆွေ ရှိက်မာဂ် အယ်လတ်ဒ်သည် သူ့အား သြဇာတိက္ကမ ရှိသော နာဇီခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သူ ဖရန့်ဇ်ရတ်ဒ် မာချားထံသို့ ခေါ်သွားလေသည်။ ရတ်ဒ် မာချားသည် အိုက်ခမန်း၏ အရေးပါသော လက်ထောက်တစ်ဦးပင် ဖြစ်သည်။ အထူးသဖြင့် ဘယ်ဂျီယန်နှင့် ယူဂိုလားဗီယား ဂျူးပေါင်း ထောင်ပေါင်းများစွာကို သုတ်သင်ရှင်းလင်းသည့် လုပ်ငန်းကို ရတ်ဒ်မာချား ကြီးကြပ် ဆောင်ရွက်ရကြောင်း အိုက်ခမန်း ကိုယ်တိုင်က တရားခွင်တွင် သက်သေခံသွားခဲ့လေသည်။ ရှိတ်မာဂ် အယ်လတ်ဒ်သည် အမှန်စင်စစ် ကိုဟင်အား မိမိတွင် နာဇီခေါင်းဆောင်ဟောင်းများနှင့် အလွန်အရေးပါသော ဆက်သွယ်မှုရှိကြောင်းသာ ပြသလိုက်ခြင်း ဖြစ်သည်။ ကိုဟင်သည် ရတ်ဒ်မာချားနှင့် တွေ့ဆုံရခြင်းကို အလွန်ဂုဏ်ယူလိမ့်မည်ဟုလည်း သူတွေးထင်မိလေသည်။ သူသည် အလီကိုဟင်၏ ပါးစပ်မှ ဟစ်တလာကို အလွန်ကြည်ညို လေးစားကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့သည်ကို ကြားခဲ့ရပါသည်။

ဤသို့ဖြင့် အလီကိုဟင်သည် တစ်နေ့တွင် ဂျူးထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သော လူသတ်သမား ရတ်ဒ်မာချားနှင့် လက်ဆွဲနှုတ်ဆက်မိရက်သား ဖြစ်လေတော့သည်။ သူသည် အိုက်ခမန်းကို ပြန်ပေးဆွဲလာကြသည့် မော့ဆက်သူလျှိုများကို ဘယ်တော့မှ မမေ့ခဲ့ပါ။ သူ ဗွေးနိုးဇာရီတွင် နေခဲ့စဉ်က အိုက်ခမန်း နေသွားသည့် အိမ်ကလေးရှိသော ဂယ်ရီဘော်ဒီ လမ်းကိုပင် ကားနှင့် ဖြတ်မောင်းကာ ကြည့်ခဲ့ဖူးပါသည်။ ယခုမူ သူသည် အိုက်ခမန်း၏ အရေးပါဆုံးသော လက်ထောက်တစ်ဦးအပေါ် လှလှကြီး လက်စားချေရန် အခွင့်အရေးရရှိနေပြီ ဖြစ်လေသည်။ ကိုဟင်သည် ရတ်မားချားကို သတ်ပစ်ရန် ဆုံးဖြတ်လိုက်လေသည်။ ထိုည၌ သူသည် တဲလာဗီသို့ သတင်းပို့လိုက်လေသည်။ နာဇီလက်ဟောင်း ဖရန့်ဇ်ရတ်ဒ် မာချားကို တွေ့ရှိသည်။ ဒမတ်စကတ် ဒိုးဇီးယမ်ဗြူရို ထောက်လှမ်းရေးတွင် အလုပ်လုပ်နေသည်။ ရှာဟန်ဘန်ဒါ လမ်းတွင် နေထိုင်သည်။ သုတ်သင်ပစ်လိုပါသည်။ ရတ်ဒ်မားချားကို တွေ့ရှိပြီဆိုသည့်သတင်းသည် မော့ဆက်အဖွဲ့ကြီးကို တုန်လှုပ်သွားစေပါသည်။ ရတ်ဒ်မာချားသည် ဒုတိယကမ္ဘာစ်ကြီး ပြီးခါနီးတွင် မဟာမိတ်နိုင်ငံများနှင့် သူတို့၏ သူလျှိုများ ကြိုးစားရှာဖွေသည့်ကြားမှ လွတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။ ယခုမူ သူရောက်နေသည့် နေရာကို သူတို့ အတိအကျ သိရပါပြီ။

သို့ရာတွင် အလီကိုဟင် တင်ပြလာသော ရတ်ဒ်မားချားအား သတ်ပစ်ရန် စီမံကိန်းကြောင့် မော့ဆက်အကြီးအကဲများ အတိတ်တလန့် ဖြစ်သွားရလေသည်။ ကိုဟင်သည် အလွန်အရေးကြီးလှသည့် စစ်ရေးနှင့် နိုင်ငံရေး ထောက်လှမ်းချက်များ ပေးပို့နေသူဖြစ်လေရာ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော နာဇီများကို သတ်ဖြတ်ခြင်းတည်းဟူသော မလိုလားအပ်သည့် စွန့်စားမှုများ မလုပ်စေချင်ပါ။ ကိုဟင်ကလည်း လွယ်လွယ်နှင့် ဤအကြံကို မစွန့်လွှတ်သေးချေ။ ရတ်ဒ်မားချားထံသို့ စာအိတ်ဗူးတစ်လုံး ပို့လိုက်ရုံနှင့် ကိစ္စပြီးနိုင်ကြောင်း တဲလာဗီသို့ သူ ပြန်လည်အကြံပြုပြန်သည်။ တဲလာဗီကလည်း သူ့အား ရတ်ဒ်မားချားအား လွှတ်ထားလိုက်ရန်နှင့် ထောက်လှမ်းရေးသတင်းများကိုသာ ဂရုစိုက်စုဆောင်းပေးရန် ပြန်လည် ညွှန်ကြားလိုက်သည်။ သို့သော် အစ္စရေး သံအမတ်များမှတဆင့် ဤသတင်းသည် ဂျာမန်အစိုးရထံသို့ ရောက်သွားလေရာ ဂျာမန်အစိုးရက တောင်းဆိုသဖြင့် ဆီးရီးယားနိုင်ငံသည် ရတ်ဒ်မားချားကို ပြန်ပို့ပေးရပြီး တရားခွင်သို့ တက်စေရတော့သည်။ တစ်ခါတရံ၌ အလီကိုဟင်၏ ဆန္ဒလွန်မှုသည် အလုပ်နှင့် မဆိုင်သော ကိစ္စရပ်များ ပါလာတတ်သည်။ သူသည် မူလကပင် ဘောလုံးဝါသနာအိုး တစ်ယောက်ဖြစ်သဖြင့် သူ၏ အခန်းထဲရှိ အသံဖမ်းစက်ဖြင့် အစ္စရေး ရေဒီယို၏ အာရပ်အစီအစဉ်ကို ဖွင့်နားထောင်တတ်သည်။ တစ်နေ့ ဧည့်သည်နိုင်ငံအသင်း တစ်ခုက အိမ်ရှင် အစ္စရေးအသင်းကို အနိုင်ကန်လိုက်သောအခါ သူသည် “အသံလွှင့်စက်ကို အလုပ်ကိစ္စအတွက်သာ သုံးရမည်״ဟူသော စည်ကမ်းကို ချိုးဖောက်ရန် ဆုံးဖြတ်လေသည်။

တဲလာဗီတွင် ရှိသော သူ၏ ရေဒီယိုသတင်းဖမ်းယူသူသည် သူ့ထံမှ အောက်ပါသတင်းကို လက်ခံရရှိသဖြင့် အထိတ်တလန့် ဖြစ်သွားရလေသည်။
“ကျွန်တော်တို့တတွေ ဘောလုံးကွင်းထဲမှာ ဘယ်လို အနိုင်ကန်ရမယ်ဆိုတာ လေ့လာဖို့ ကောင်းပြီဗျာ… ရှုံးသွားတဲ့ ဘောလုံးအသင်းကို ပြောပြပါဗျာ… ကျုပ်တို့ကတော့ သိရှက်တာပဲလို့…״
တစ်ခါတရံ ကိုဟင်သည် ကျေးဇူးပြုပြီး “ကျုပ်တို့ လက်ထပ်တဲ့ နှစ်ပတ်လည်အတွက် ဆုမွန်ကောင်း တောင်းပါတယ်လို့ ကျုပ်မိန်းမကို ပြောပြပါဗျာ״ဟူသော သတင်းအတိုကလေးမျိုး “ကျုပ်သမီးလေး မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ״ဟူသော ဆုတောင်းခြင်းမျိုး ဖြတ်၍ ပို့တတ်လေသည်။ ကိုဟင် ဤသို့ ပေးပိုခြင်းကို မော့ဆက်အဖွဲ့ကြီးက သိပ်စိတ်မဆိုးနိုင်ပါ။ ကိုဟင် ပေးပို့လိုက်သော သတင်းများ၏ တန်ဖိုးမှာ ကြီးမားလှသဖြင့် ကိုဟင်သည် ချမှတ်ထားသော စည်းကမ်းများကို အနည်းငယ် ဖောက်ဖျက်ခြင်း ပြုနိုင်ပါသည်ဟု သူတို့ ခွင့်ပြုထားကြပါသည်။ အလီကိုဟင် တစ်ယောက် ဒမတ်စကတ်တွင် မာ့ဂ်အယ်လတ်ဒ်နှင့် ကိုယ်ရေးကိုယ်တာ ကိစ္စပြဿနာ ကြုံတွေ့ရလေသည်။ အယ်လတ်ဒ်က သူ၏ သူငယ်ချင်း ကိုဟင်က အိမ်ထောင်ပြုရန် ငြင်းဆန်နေခြင်းကို စိတ်အတော်ဆိုးနေသည်။ လူချမ်းသာဖြစ်သော အယ်လတ်ဒ်သည် ကိုဟင်အား လှပျိုယမင်း နုနုထွတ်ထွတ် တစ်ဒါဇင်ကျော်မျှနှင့် မိတ်ဆက်ပေးထားသည်။ ထိုနောက် မြေပိုင်ရှင်ကြီးတစ်ဦးဖြစ်သူ အဘူမာမွတ်ဆိုသူ၏ သမီး ဆယ်လီယာနှင့် လက်ထပ်ရန် အကြီးအကျယ် လှော်ပေးနေလေသည်။

ဆယ်လီယာကလည်း ကိုဟင်ကို ချစ်ခင်စုံမက်မိလေသည်။ ကိုဟင်သည် အယဉ်ကျေးဆုံး စကားလုံးလေးများ သုံးလျက် ဆယ်လီယာအား တတ်နိုင်သမျှ ရှောင်ရှားခဲ့လေသည်။ သို့သော် သူ့အပေါ် အတင်းအကျပ် တိုက်တွန်းမှုမျာ ပေါ်ပေါက်လာသောအခါ သူသည် မော့ဆက်အကြီးအကဲတို့ထံ အကြံဉာဏ် တောင်းခံရလေတော့သည်။ သူတို့က “တတ်နိုင်သလောက် အချိန်ဆွဲပြီး ထားပါ״ဟုသာ အကြံပေးနိုင်ခဲ့သည်။ နောက်ဆုံး၌ ဆယ်လီယာနှင့် သူမ၏ မိသားစုသည် ကိုဟင်ကို မုန်းတီးသွားကြလေသည်။ ကိုဟင်၏ အခြားသော မိတ်ဆွေများမှာမူ သူ၏ အိမ်ထောင်ရေးကိစ္စကို အနည်းငယ်သာ စိတ်ဝင်စားကြပါသည်။ အမှန်စင်စစ် သူလူပျိုကြီး ဖြစ်နေသည်ကိုပင် သူတို့က ပိုနှစ်သက်ပါသည်။ ကိုဟင် အိမ်ထောင်ကျလျှင် သူ၏ ဇနီးက သူ၏ အခန်းသို့ သူတို့အား ရက်ရက်ရောရော ဖိတ်ခေါ် ကျွေးမွေနေခြင်းကို ရပ်တန်းက ရပ်စေတော့မည် ဖြစ်ပါသည်။ သြဇာအာဏာရှိကြသော ကိုဟင်၏ သူငယ်ချင်းများသည် သူ၏ အိမ်ခန်းကို အတွင်းအပြင် ဝင်ထွက်သွားလာနိုင်ကြသူများ ဖြစ်သည်။ ကိုဟင်၏ အခန်းတွင် မကြာခဏ ပါတီများ နေလေ့ရှိပြီး ယင်းပါတီများတွင် အဖိုးတန် အစားအစာများ အရက်များနှင့် ဆေးခြောက်များ တိုက်ကျွေးပြုစုလေ့ ရှိပါသည်။ ကိုဟင်သည် ထိုအရာများကို သောက်စားမူးယစ် ဟန်ဆောင်၍ အရေးပါ အရာရောက်သော သူ၏ မိတ်ဆွေများ ပြောသမျှ စကားတို့ကို အာရုံစိုက်၍ လိုက်နားထောင်ထားလေသည်။

သူ၏ ဧည့်သည်များထဲတွင် ဆီးရီးယား တပ်မတော်ထဲ၌ အရှိန်အဝါတက်နေသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး ဆာလားဒယ်လီ ကဲ့သို့သော နာမည်ကြီးပုဂ္ဂိုလ်များ ပါဝင်လာပါက ကိုဟင်သည် ထိုပုဂ္ဂိုလ်ပြောသမျှကု နားစွင့်နေနိုင်ရန် မလှမ်းမကမ်းတွင် နေထိုင်တတ်ပါသည်။ သူသည် သူ၏ မိတ်ဆွေများကို ဧည့်ဝတ်ကျေစွာ ဧည့်ခံရုံသာမက သူတို့၏ မိန်းမလိုက်စားခြင်းကိုလည် သည်းခံပြီး လိုက်လျောခဲ့သဖြင့် သူ့အား ပို၍ ချစ်ခင်ကြလေသည်။ ဆီးရီးယားနိုင်ငံတွင် အထူးသဖြင့် တင်းကျပ်သော ဘာသာရေးစည်းကမ်းများကို လိုက်နာကြသည်။ အိမ်ထောင်ရှိသော ယောက်ျားသည် အခြားမိန်းမတစ်ဦးနှင့် ဖောက်ပြားပါက သူသည် ကြီးလေးသော လူမှုရေးပြစ်မှုတစ်ခု ကျူးလွန်ခြင်းဖြစ်ပြီး အလုပ်ပြုတ်ရုံသာမက လူ့အသိုင်းအဝိုင်းမှ ဝိုင်းပယ်ခြင်း ခံရလေသည်။ ကိုဟင်သည် သူ့မိတ်ဆွေများ၏ အမြှောင်မယားများကို ဧည့်ခံပွဲများတွင် လျှို့ဝှက်စွာ အသိအမှတ်ပြု၍ ဧည့်ခံကြိုဆိုခဲ့သည်။ သို့သော် သူတို့အထဲက စုံတွဲ လွတ်လွတ်လပ်လပ် တွေဆုံလိုသည်ဆိုလျှင် သူသည် သူ၏ အိပ်ခန်းတံခါးသော့ကို အောက်ထပ် စာတိုက်ပုံးထဲတွင် အမှတ်တမဲ့ ထည့်ပေးထားလေသည်။ သူသည် သူ၏ သူငယ်ချင်းများအား သူတို့ ဝါသနာပါသည့် မိန်းမလိုက်စားခြင်းများ ပြုလုပ်ရန် သူ၏ အခန်းကို ကြိုက်သလို အသုံးပြုပါဟု ကျေကျေနပ်နပ် ခွင့်ပြုထားသည်။ သူတို့ကလည်း သဘောကောင်းသော အိမ်ရှင်ကြီးအတွက် မကြာခဏဆိုသလို စမူအနှိပ်ကလေးတစ်ယောက် ခေါ်လာတတ်ပါသည်။ သို့သော် ကိုဟင်သည် မည်သည့်မိန်းမနှင့်မျှ ရှုပ်ရှုပ်ထွေးထွေး မလုပ်ခဲ့ပေ။ သူသည် မမြင်နိုင်သည့်နေရာတွင် နေပြီး သူ၏မိတ်ဆွေများ အပျော်ကျူးနေစဉ် ရရှိနိုင်သည့် သတင်းအတိုအထွာကလေးများကိုသာ နားစွင့်နေတတ်ပေသည်။

တစ်ခါက ကိုဟင် ဥရောပသို့ အလုပ်ကိစ္စနှင့် သွားရန် ပြင်ဆင်နေစဉ် ဗိုလ်မှူးကြီး ဆားလားဒယ်လီက သူ၏ အခန်းသော့တွေ ထားခဲ့ပါဟု တောင်းလာလေသည်။ ကိုဟင်က ချက်ချင်း သဘောတူ လိုက်လျောလိုက်ပါသည်။ ကိုဟင်၏ ဆုံးဖြတ်ချက်သည် တဲလာဗီတွင် ရှိသော မော့ဆက်ခေါင်းဆောင်ပိုင်းကို တုန်လှုပ်သွားစေသည်။ သို့သော် ကိုဟင်က ဤစွန့်စားမှုကို လုပ်သင့်သည်ဟု တွေးတောမိသည်။ အဘယ်ကြောင့်ဆိုသော် ဤဆီးရီးယား မိတ်ဆွေများက သူ့အား လိုချင်သော ထောက်လှမ်းရေးသတင်များ အမြောက်အမြား ပေးခဲ့သည်မဟုတ်ပါလော။ သူ၏ သူလျှိုလုပ်ငန်း လက်နက်ကိရိယာမျာကို သူကျွမ်းကျင်လိမ္မာ သိုဝှက်ထားပြီးဖြစ်သဖြင့် သူ မရှိစဉ် တွေ့သွားမည်ကို မစိုးရိမ်ရချေ။ ကိုဟင်၏ အခန်းအား အသုံးပြုခြင်းကို အထူးနှစ်သက်သော မိတ်ဆွေတစ်ဦးမှာ ဂျော့ဆေဖ်ပင် ဖြစ်သည်။ သူသည် နေ့လည် နေ့ခင်များတွင် သူ၏ အတွင်းရေးမှူးလေးဖြစ်သူ ရီကာအယ်လ်ဟူလီနှင့် လာရောက်ချစ်တင်းနှီးနှောတတ်သည်။ ဆေ့ဖ်ကလည်း သူ၏ ရုံးခန်းကို အလီကိုဟင်အတွက် အိမ်သဖွယ် ဝင်ထွက်သွားလာရန် ခွင့်ပြုထားသည်။ ကိုဟင်သည် နေ့လယ်နေ့ခင်းတွင် တစ်ခါတရံ ဝင်လာပြီး ဆေ့ဖ်နှင့် ကော်ဖီသောက်ရင်း စကားစမြည်ပြောတတ်သည်။ ကိုဟင်အား တွေ့ဖန်များနေသော ဆေ့ဖ်၏ အစောင့် စစ်သားများသည် ကြာလာသောအခါ သူ့ထံမှ မှတ်ပုံတင်စာရွက်စသည်တို့ကို ထုတ်မပြခိုင်းတော့ချေ။

ဆေ့ဖ်၏ အလုပ်မှာ အစိုးရထုတ် စာရွက်စာတမ်းနှင့် အမိန့်များကို ဝါဒဖြန့်ချီရေအတွက် စုစည်းခြင်း ဖြစ်သည်။ တစ်ခါတရံတွင် သူသည် ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်းများကို သူ၏ စာပွဲပေါ်တွင် ပြန့်ကြဲထားလေသည်။ သူသည် ကိုဟင်အား ထိုစာရွက်စာတမ်းများကို ပြသသည်။ ကိုဟင်ကလည်း သိပ်စိတ်မဝင်စားသလို ခေတ္တမျှလောက် ကြည့်လိုက်ပြီး အကြောင်းအရာ အားလုံးကို စက္ကန့်ပိုင်းအတွင် သူ၏ ဦးနှောက်ထဲသို့ သွင်းထားလိုက်လေသည်။
တစ်ကြိမ်တွင်မူ ကိုဟင်ကိုယ်တိုင် တိတ်လန့် တုန်လှုပ်သွားရသည့် အဖြစ်အပျက်တစ်ခု ကြုံတွေ့ရသည်။ ဆေ့ဖ်၏ အထက်အရာရှိ တစ်ဦးသည် ဆေ့ဖ်ကို လာတွေ့သည်။ သူသည် သူစိမ်းတစ်ယောက်က ဆေ့ဖ် စားပွဲပေါ်မှ ထိပ်တန်းလျှို့ဝှက် သတင်းတစ်ပုဒ် ဖတ်နေသည်ကို တွေ့မြင်သဖြင့် လန့်ဖျပ်သွားလေသည်။ ထိုအရာရှိကြီးက ဆေ့ဖ်၏ ပေါ့လျော့မှုအတွက် ပွင့်ပွင့်လင်းလင်းပင် ဝေဖန်ပြောဆိုလေတော့သည်။ ဆေ့ဖ်က အို တကယ်ဆိုတော့ သူဟာ ကျွန်တော့်သူငယ်ချင်းပါ။ ညီအစ်ကိုဆိုလဲ ဟုတ်ပါတယ်။ သူ ဒါကို ဖတ်နေတာ ကျွန်တော်ကိုယ်တိုင် ဖတ်နေသလို စိတ်ချရပါတယ်ဟု ပြန်ဖြေခဲ့လေသည်။

မော့ဆက်သူလျှို ကိုဟင်သည် မကြာခဏဆိုသလို ဆေ့ဖ် မရှိသည့်အချိန်များတွင် သူ၏ ရုံးခန်းသို့ သွားတတ်သည်။ ဆေ့ဖ် ပြန်လာသည်ကို စောင့်ဆိုင်းရင်း ကိုဟင် စားပွဲပေါ်မှ စာရွက်စာတမ်းများကို ခေါင်းအေးအေးနှင့်ပင် ဓာတ်ပုံရိုက်ယူနေတတ်ပါသည်။ ဤသို့သော အခြေအနေမျိုး ပေးလာပါက အသုံးပြုရန် သူသည် ကင်မရာလေးကို အမြဲယူဆောင်လာလေ့ ရှိပါသည်။ ကိုဟင်သည် သူ၏ အခင်မင်ဆုံး မိတ်ဆွေတစ်ဦးဖြစ်သူ စစ်ဦးစီးချုပ်၏ တူ လက်ဖတင်နင်မာဇီ၏ အကူအညီကို ယူလျက် အကြီးမားဆုံးသော သူလျှိုထောက်လှမ်းရေး အောင်မြင်မှု တစ်ရပ်ကို ပြုလုပ်နိုင်ခဲ့လေသည်။ ကိုဟင်နှင့် မာဇီတို့သည် စစ်ရေးပြဿနာများ ဆွေးနွေးခြင်းကို အလွန် ဝါသနာပါကြသည်။ ကိုဟင်သည် ယင်းပြဿနာများကို အပျော်တမ်း သဘောမျိုး အခြား ဘာရည်ရွယ်ချက်မျှ မရှိသည့် စိတ်ဝင်စားမှုကို ပြသခဲ့သည်။ သူတို့နှစ်ဦးသည် ဆီးရီးယားနိုင်ငံ၏ အစ္စရေးနှင့် နယ်စပ်ကိစ္စ ဆက်ဆံရေးကို တစ်ခါတရံ ဆွေးနွေးကြသည်။ ကိုဟင်က ဆီးရီးယန်းတို့သည် သူတို့၏ နယ်စပ်ဒေသကို မည်သို့မည်ပုံ ထိရောက်စွာ ကာကွယ်ထားသနည်း။ မိမိတို့ဘက်မှ ဒဏ်ရာရသူ နည်းနည်းနှင့် အစ္စရေး လူနေရပ်ကွက် အသစ်များအပေါ် အံ့ဖွယ်ဘနန်း မည်သို့မည်ပုံ တိုက်ခိုက်သနည်းဟူသော မေးခွန်းများကို မေးမြန်းလေသည်။ (ကိုဟင်သည် အစ္စရေးက ဆီးရီးယားအား တန်ပြန်တိုက်ခိုက်ခြင်းများကို မဆွေးနွေးဘဲ လိမ္မာပါးနပ်စွာ မသိချင်ယောင်ဆောင်နေပါသည်။)

နောက်ဆုံး၌ လက်ဖတင်နင်မာဇီသည် သူ့သူငယ်ချင်း ကိုဟင်၏ စူးစမ်းလိုစိတ်ကို ဖြည့်ဆည်းသည့်အနေနှင့် ဂိုလန်တောင်ကုန်းများကို မိမိကားဖြင့် ခေါ်သွားပြီး ကိုဟင်ကိုယ်တိုင် လှည့်လည် ကြည့်ရှုနိုင်သည်ဟု ဖိတ်ခေါ်လိုက်လေသည်။ ဤဒေသသို့ မည်သည့် အရပ်သားမျှ အဝင်မခံပါ။ အခွင့်မရှိဘဲ ဝင်ရောက်လာသူများအား တွေ့သည့်နေရာတွင် ပစ်သတ်နိုင်ပါသည်။ သို့ရာတွင် အလီကိုဟင်ကို ဂုဏ်ထူးဆောင် ဧည့်သည်တော် တစ်ဦးအနေနှင့် ခေါ်လာခဲ့ပါသည်။ ကိုဟင်သည် ဗိုလ်ချုပ် အယ်လ်ဟာဖက်ဇ် ယခင်က အာဂျင်တီးနား နိုင်ငံစစ်သံမှူး၏ ရင်းနှီးသော မိတ်ဆွေတစ်ဦးဖြစ်ကြောင်း သိကြသော စစ်ဦးစီးချုပ်များက ကိုဟင် သိချင် မြင်လိုသမျှကို ပြောကြားပြသခဲ့ကြပေသည်။ သူသည် ဆီးရီးယားများ ဆောက်နေသည့် ထူးကဲသော ကွန်ကရစ်ခံတပ်ကြီးများကို အနှံ့လိုက်ကြည့်သည်။ ယင်းခံတပ်ကြီးများထဲတွင် ရုရှားတို့၏ အမြောက်ကြီးများ ထားရန် ဖြစ်သည်။ တစ်ကြိမ်တွင်မူ ဤရုရှားလုပ် ၁၂၂ မီလီမီတာ မော်တာကြီးများကို ဂိုလန်တောင်ကုန်းများ၏ အနောက်ဘက်တွင် သိုဝှက် နေရာယူထားသည်မှာ အရေအတွက်အားဖြင့် (၈ဝ)ရှိကြောင်း၊ ကိုဟင် သတ်မှတ်ထားလိုက်သည်။ ယင်းမော်တာကြီးများ မည်သည့်ဘက်သို့ ချိန်ရွယ်ထားသည်ကိုလည်း ကိုဟင် သေချာစွာ ကြည့်ထားပါသည်။ ယင်းတို့သည် (၁၂)မိုင်ခန့် အကွာအဝေးတွင် တည်ရှိနေကြသော ဂျော်ဒန်မြစ်ဝှမ်းဒေသမှ ယာမြေများနှင့် ကျေးရွာများကို ပစ်ခတ်ဖျက်ဆီးရန် အဆင်သင့် ချိန်ရွယ်ထားကြပါသည်။ ဂိုလန်တောင်ကုန်းများပေါ်၌ ဆီးရီးယန်းတို့၏ အမြောက်လက်နက်ကြီးများ ထားရှိသည့် နေရာနှင့် ပတ်သက်၍ ထောက်လှမ်းစုံးစမ်းမှုများကို အဓိကထား ဆောင်ရွက်ရန် မော့ဆက်အဖွဲ့ကြီးက အလီကိုဟင်အား အမိန့်ပေးခဲ့လေသည်။

ဤသို့ဖြင့် ကိုဟင်က သူတို့လိုချင်သော သတင်းများ စုဆောင်းပေးပို့သောအခါ အလွန်ဝမ်းမြောက်ကြပြီး နောက်ထပ် ပို၍ ထောက်လှမ်းပေးပို့ရန် ကိုဟင်အား တိုက်တွန်းကြလေသည်။ သူသည် ၁၉၆၂ ခုနှစ်၊ ဆောင်းဦးရာသီတွင် ဂိုလန်သို့ ပထမဦးဆုံး သွားရောက်ကြည့်ရှုခဲ့သည်။ ထို့နောက်ပိုင်းတွင် ၁၉၆၃ ခုနှစ် နွေဦးနှင့် နွေရာသီများတွင် သူသည် ထိုဒေသသို့ လက်ဖတင်မာဇီနှင့်အတူ မကြာခဏ သွားရောက်တတ်ပါသည်။ ဆီးရီးယားတို့သည် ကိုဟင်အား အကြွင်းမဲယုံကြည်ကြသဖြင့် သူတို့၏ ထိပ်တန်း လျှို့ဝှက်စစ်စခန်းများကိုပင် ဓာတ်ပုံရိုက်ယူခွင့် ပြုထားကြလေသည်။ အဝေးရိုက် မှန်ဘီးလူးများ တပ်ထားသော သူ၏ ကင်မရာဖြင့် ကိုဟင်သည် အောက်ဘက် ဂျော်ဒန်မြစ်ဝှမ်းဒေသရှိ “မုန်းစရာ ဇီယွန်ဝါဒီများ״ကို ခရီးသွားဟန်လွှဲသဘောမျိုး ဓာတ်ပုံရိုက်ယူထားသည်။ ကိုဟင် ရိုက်ယူထားသော ဓာတ်ပုံများ တဲလာဗီသို့ ရောက်လာသောအခါ အစ္စရေးတပ်မတော်သည် ရန်သူ၏ အမြောက်ကြီးများ ထားရှိသည့်နေရာနှင့် သူတို့ ချိန်ရွယ်ထားသော ပစ်မှတ်အတိအကျကို သိရှိရလေတော့သည်။ တစ်ခါက ကိုဟင်သည် လက်ဖတင်မာဇီက သူ၏ ကင်မရာကိုင်တွယ်ပုံ ကျွမ်းကျင်ခြင်းကို အားကျချီးကျူးကြောင်း ရိပ်မိသဖြင့် သူ၏ ကင်မရာကို မာဇီအား ပေးကမ်းပြီး သူ၏ ပုံကို ရိုက်ပေးရန် ပြောလိုက်သည်။
“ကျွန်တော် ခင်ဗျားအတွက် ဒီပုံကို ကူးပေးပါမယ်״ဟုလည်း ကိုဟင်က သူ့မိတ်ဆွေ မာဇီအား ပြောလိုက်လေသည်။

မာဇီကလည်း ပျော်ရွှင်စွာ မြူတူးစွာ ချက်ကနဲ ချက်ကနဲ ခလုတ်နှိပ်၍ ရိုက်ပေးခဲ့သည်။ သူရိုက်ပေးခဲ့သော ပုံများသည် နောက်တစ်ပတ် အလီကိုဟင် တဲလာဗီသို့ ပေးပို့ရာတွင် ပါဝင်သွားမည်ဟု သူ့ခမျာ မသိရှာပေ။ အလီကိုဟင်သည် ဆီးရီးယား စစ်ဗိုလ်များအား သူတို့၏ ကာကွယ်ရေးစီမံချက် တစ်ခုလုံးနှင့် ဆိုင်သည့် မြေပုံနှင့် ဇယားများကို သူ့အား ပြသရန် အကြိမ်ကြိမ် ကြိုးစားနိုင်ခဲ့လေသည်။ ဂုဏ်ယူဝင့်ကြွားချင်သော စစ်ဗိုလ်များက သူတို့၏ အမြောက်များသည် မြေကတုတ်ကြီးများထဲတွင် မြှုပ်ထားခြင်းဖြစ်ပြီး ဆိုဗီယက်နိုင်ငံကလွဲလျှင် မည်သည့်နိုင်ငံမဆို ရှုပ်ထွေးခက်ခဲသော ကာကွယ်ရေးဗျူဟာကို သုံးထားကြောင်း ခပ်ကြွားကြွား ပြောပြသည်။ သူတို့သည် ကိုဟင်အား အသေးစိပ် ရှည်လျားစွာ ရှင်းလင်း ပြသနေတတ်ပါသည်။ သူသည် ပိုမိုနားလည် သဘောပေါက်စေလိုသောအခါ ယင်းစစ်ဗိုလ်များအား မိမိမှာ ဘာမျှ မတတ်သည့် အရပ်သားတစ်ယောက် ပုံစံမျိုးနှင့် ထပ်လောင်းရှင်းပြရန် သူက ထပ်မေးနေတတ်သည်။
“ကျွန်တော်က ကုန်သည်တစ်ယောက်ပါ…ဒီလောက်ခက်ခဲတဲ့ ခင်ဗျားတို့ရဲ့ စစ်ရေးကိစ္စတွေ ကျွန်တော် နားမလည် သဘောမပေါက်လို့ ပြန်ရှင်းပြပါဦးနော်…״

အလီကိုဟင်က လူငယ်တစ်ယောက်ကဲ့သို့ မိမိတို့အား သိချင်သော ဇောနှင့် မေးမြန်းသည်ကို ဆီးရီးယား စစ်ဗိုလ်များက အလွန်ကြွသွားကြပြီး သူသိချင်သမျှ ထပ်လောင်း ရှင်းပြပြန်သည်။ အလီကိုဟင်၏ ထက်မြက်သော အသိဉာဏ်နှင့် အားကောင်းသော မှတ်ဉာဏ်တို့ကြောင့် သူကြိုးစားလျှင် ကြိုးစားသလောက် နားလည်ခဲ့သည်မှာ မှန်သော်လည်း ဤကာကွယ်ရေးဗျူဟာသည် အလွန်ရှုပ်ထွေး ခက်ခဲလှပါပေသည်။ ဂိုလန်တောင်ကုန်းများကို (၁၃)မိုင် ကျယ်ဝန်းသော ကင်းစခန်းကြီးအဖြစ်သို့ ပြောင်းလဲထားကြသည်။ တောင်လက်မောင်းများနှင့် တောင်ထိပ်များတွင် ခိုင်မာတောင့်တင်းသော ခံတပ်များ တည်ဆောက်ထားသည်။ ထိုဒေသတစ်ခုလုံးသည် ဆက်သွယ်ရေးကြိုးများ မြှုပ်ထားသည့် တူးမြောင်းများနှင့် ပြည့်နေသည်။ ထိုကြိုးများကို အစ္စရေးသူလျှိုများကို ခိုအောင်းခွင့်ပေးထားသော အနီးရှိ ကျေးရွာများမှ မမြင်ရအောင် ဤသို့ ဝှက်ထားခြင်း ဖြစ်ပါသည်။ တင့်ကားများ မဝင်လာနိုင်သော မြေကတုတ်များ၊ ကွန်ကရစ် မျှော်စင်များနှင့် စက်သေနတ်များ နေရာယူထားသည့် ကင်းစခန်းများကို သီးခြား မထားဘဲ မြေကြီးထဲတွင် တူးမြှုပ်ထားသော တင့်ကားနှင့် အမြောက်များကိုပါ ရောနှော တည်ရှိနေစေပါသည်။ လက်နက်ခဲယမ်း မီးကျောက်မျာကို မြေအောက်တွင် နက်စွာတူး၍ သိုလှောင်ထားသည်။ ဂိုလန်တောင်ကုန်းဒေသ တစ်ခုလုံးကို မိုင်းများ ထောင်ထားပြီး သံဆူးကြိုးများ အထပ်ထပ် ကာရံထားလေသည်။ ကိုဟင်သည် ဆီးရီးယားတောင်ပိုင်း စစ်ဌာနချုပ်တစ်ခုလုံး ဌာနချုပ်ပြုထားသည့် တူနီဆက်ထရာတွင် မကြာခဏ ညအိပ်၍ပင် နေထိုင်လေသည်။ ထိုနေရာ၌ သူသည် ထိုဒေသ၏ မြေပုံများနှင့် စကေးကိုက် ပြုထားသည့် ပုံစံငယ်လေးများကို လေ့လာရသည်။ ထို့ပြင် သူတို့သည် သူ့အား ရေဒါစခန်းများကို လိုက်လံပြသကြပါသည်။ ရုရှားစစ်ဗိုလ်များသည် ဒမတ်စကတ်မှ လာသော အရေးကြီးသော ပုဂ္ဂိုလ်၏ ဓာတ်ပုံရိုက်ယူမှုကို စိတ်ရှည်လက်ရှည် ခံယူကြရှာသည်။

အလီကိုဟင်သည် သူမြင်တွေ့သမျှ ကြားသိသမျှတို့ကို တစ်ခုမကျန် မှတ်သားခဲ့ပြီး တဲလာဗီသို့ မှန်မှန် ပြန်လည် သတင်းပို့လေသည်။ သူသည် အဆင့်အတန်း မြင့်မားလှသော ကြေးစားသူလျှိုကဲ့သို့ ခေါင်းအေးအေးထားကာ ကျွမ်းကျင် သေသပ်ပိရိလှစွာ လှုပ်ရှား ဆောင်ရွက်ခဲ့ပါသည်။ သို့ရာတွင် သူ့ခမျာ သဘာဝ မမှန်သော သူ၏ အထီးကျန်ဘဝအတွက် မကြာခဏဆိုသလို စိတ်ထဲဝယ် ခံစားချက်များ ပေါ်ပေါက်လာတတ်သည်။ သူသည် ဂိုလန်ဒေသ၌ ရောက်နေစဉ် ကာလတစ်ခုတွင် ဂါလိလီပင်လယ်နှင့် ကာနန်းတောင်တန်းများ အကြား ရှည်လျားစွာ တည်ရှိနေသော နောက်တိုး လူနေရပ်ကွက်များ ရှိသည့် အစ္စရေးနိုင်ငံအတွင်းသို့ ငုံကြည့်မိလေရာ အိမ်ပြန်၍ မိသားစုနှင့် ပြန်တွေ့ချင်သော ဆန္ဒများ တားဆီးမရအောင် တဖွားဖွား ပေါ်ပေါက်လာရှာပါသည်။ နောင်အခါ ကိုဟင်က ဤသို့ ပြန်ပြောခဲ့ပါသည်။
“ကျွန်တော် စိတ်ဓာတ်တွေ သိပ်ကျခဲ့ပါတယ်… ကျွန်တော် မော်တော်ကား တစ်စီးကို ယူပြီးတော့ ဘောင်အောက်က ဂါလိလီ ပင်လယ်ကို ဖြတ်မောင်းပြီး အိမ်အရောက် ပြန်သွားချင်စိတ် ပေါ်လာပါတယ်။ ဂါလိလီဟာ ကျွန်တော်နဲ့ ကျွန်တော်ရဲ့ သူငယ်ချင်းတွေ မိသားစုတွေကို ကွဲကွာနေစေပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် အစ္စရေးနိုင်ငံဆိုတဲ့ သင်္ဘောကြီးကို အန္တရာယ်အသွယ်သွယ်က ကင်းဝေးအောင် အချက်ပြမီးတွေ မနားတမ်း ပြသပေးဖို့ ပင်လယ်ထဲမှာ ထီးထီးကြီး ရပ်နေရတဲ့ မီးပြတိုက်ကြီးတစ်ခုလို့ ထင်မှတ်မိတော့တယ်ဗျာ…״ တဲလာဗီတွင် ကိုဟင်၏ အကြီအကဲများသည်လည်း သူ၏ အထီးကျန်ဖြစ်လာသော ဘဝကို နားလည် သဘောပေါက်ကြသဖြင့် သူ အစ္စရေးသို့ နောက်တစ်ခေါက် ပြန်လာသင့်ပြီဖြစ်ကြောင်း ဆုံးဖြတ်ခဲ့လေသည်။

၁၉၆၃ ခုနှစ် ဇွန်လ
သူ မထမ တစ်ခေါက် ပြန်လာပြီး တစ်နှစ်နီးပါး အကြာအတွင် ဖြစ်သည်။ မိသားစုနှင့် ကြာမြင့်စွာ ကွဲကွာနေရခြင်းကြောင့် သူ့တာဝန် ထမ်းဆောင်နေစဉ် အမှားအယွင်းများ လုပ်မိနိုင်ပါသည်။ ထို့ကြောင့် တစ်နေ့တွင် သူနှင့် ရေဒီယိုအသံဖမ်းသူ ဂီဒီယွန်တို့ သတင်းပေးပို့သည့် ကိစ္စပြီးသည်နှင့် ဂီဒီယွန်က ကိုဟင်အား တဲလာဗီသို့ ချက်ချင်းပြန်ခဲ့ရန် အမိန့်ချကြောင်း ပြောလိုက်လေသည်။ ကိုဟင်သည် ဤအမိန့်ကို မဖီဆန်ခဲ့ပါ။ သို့သော်လည်း သူ ဒမတ်စကတ်မှ မထွက်ခွာမီ ကိုဟင်သည် အလွန်ထူးခြားသည့် ပါတီတစ်ခုကို တက်ရောက်ခဲ့ပါသည်။ သွေးထွက်သံယိုမှု မရှိသော အာဏာသိမ်းပွဲတစ်ခုတွင် ဘတ်ဘ်ပါတီက အာဏာကို ရယူခဲ့ပြီး ကိုဟင်၏ မိတ်ဆွေကြီးဖြစ်သူ ဗိုလ်ချုပ် အယ်လ် ဟာဖက်ဇ်သည် သမ္မတ ဖြစ်လာလေသည်။ ၁၉၆၃ ခုနှစ် ဇူလိုင်လ စောစောပိုင်းတွင် အယ်လ် ဟာဖက်ဇ်သည် သူ၏ တရားဝင် အိမ်တော်ဖြစ်သည့် မိုဟာဂျီရင် နန်းတော်တွင် ညစာစားပွဲတစ်ခု တည်ခင်းလေရာ အလီကိုဟင်ကိုလည်း ဖိတ်ကြားခဲ့ပါသည်။ အလီကိုဟင်သည် ပြန်ကြားရေးဝန်ကြီးအသစ်ဖြစ်သူ ဆာမီအယ်လ်ဂွန်ဒီနှင့် အတူတကွ ရောက်သွားသောအခါ သမ္မတကြီး အယ်လ် ဟာဖက်ဇ်က သူ့အား လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့လေသည်။ အယ်လ် ဟာဖက်ဇ်သည် စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေ ယိုင်နေသော အမိနိုင်ငံအား ကူညီရန် တောင်အမေရိကတွင် ကြီးပွားတိုးတက် အလုပ်ဖြစ်နေခဲ့သည့် သူ၏ လုပ်ငန်းကြီးကိုပင် စွန့်လွှတ်လာခဲ့သော မျိုးချစ်လူငယ် ကိုဟင်အား အထူးချစ်ခင် လေးစားနေသူ ဖြစ်ပါသည်။

သမ္မတကြီးက အစိုးရ ဓာတ်ပုံဆရာတစ်ဦးကို ခေါ်ယူပြီး သူတို့နှစ်ဦး တွဲ၍ ဓာတ်ပုံရိုက်ရန် စေခိုင်းခဲ့သည်။ သူသည် ကိုဟင်အား လက်နှစ်ဖက်နှင့် အနီးသို့ ဆွဲခေါ်လိုက်ပြီး လေသံဖြင့် ဤသို့ ပြောလိုက်ပါသည်။
“ခင်ဗျား စေတနာနဲ့ ဝယ်ပို့လိုက်တဲ့ သားမွှေးအင်္ကျီအတွက် ကျုပ်မိန်းမက ခင်ဗျားကို ကျေးဇူးတင်ပါတယ်တဲ့ဗျာ״
မျိုးချစ်စိတ်ရှိသူ လူရွယ်သည် မသိမသာ ဦးခေါင်းကို ညွတ်ပြလိုက်သည်။ ထိုသားမွှေးအင်္ကျီအတွက် မော့ဆက်အဖွဲ့ကြီးက အကုန်ခံခဲ့သော ဒေါ်လာ ထောင်ဂဏန်းများသည် အလွန်တန်ဖိုးရှိသော အရင်းအနှီး ဖြစ်လာမည်ဟု ကိုဟင် သိရှိလိုက်လေသည်။ ကိုဟင် အိမ်မှ ခွဲခွာသွားချိန်တွင် သူ၏ မိသားစု၌ လူဦးရေတိုးနေပြီ ဖြစ်သည်။ သူ တဲလာဗီသို့ ပြန်ရောက်သောအခါ နောက် မွေးလာသော သူ၏ သမီးကလေး အီရစ်ကို (၃)လသမီးကလေးအဖြစ် သူ ပထမဆုံး မြင်တွေ့ရလေသည်။ ထိုအချိန်မှာ ကိုဟင်အတွက် ပျော်ရွှင်စရာ အချိန်တစ်ခု ဖြစ်ပါသည်။ သူသည် နေ့စဉ်နေ့တိုင်း ဇနီးသည် နာဒီယာနှင့် သမီးကလေး(၂)ယောက်ကို ခေါ်ကာ ပင်လယ်ကမ်းနဖူးတွင် လမ်းလျှောက်သည်။ တစ်ခါတရံ ပင်လယ်ကမ်းစပ်သို့ သွားရောက်အချိန်ဖြုန်းနေတတ်ပါသည်။ သူတို့မိသားစု အပန်းဖြေ ခရီးတိုလေးတစ်ခုပင် ထွက်လိုက်ပါသေးသည်။ ကိုဟင်သည် မော့ဆက်ဌာနချုပ်မှ သူ၏ သူငယ်ချင်းများအား သူ့ဘဝမှာ တန်ဖိုးအသာဆုံးသော မိန်းမ(၃)ယောက်သာ ရှိကြောင်း၊ ဂုဏ်ယူဝင့်ကြွားစွာ ပြောပြလေ့ရှိသည်။ ထိုနောက် ဇနီးနှင့် သမီးငယ်(၂)ယောက်တို့၏ ဓာတ်ပုံများကို သားရေပိုက်ဆံအိတ်ကလေး တစ်လုံးထဲတွင် ထည့်ပြီး ယူလာတတ်သည်။ မိတ်ဆွေများထဲမှ စိတ်မဝင်စားသူရော အနည်းငယ် စိတ်ဝင်စားသူများကိုပါ လိုက်လံ ပြသရှာလေသည်။ သို့သော်လည်း ဤကဲ့သို့ မိသားစုနှင့် ပျော်ပျော်ရွှင်ရွှင် နေထိုင်ရမည့် တဒင်္ဂကာလ အတောအတွင်းမှာပင် ကိုဟင်ခမျာ ဒုက္ခနှင့် ကြုံတွေ့ရသည်။

ကာမီအာမင် တားဘတ်စ် ဟူသော ဘဝသို့ ပြောင်းလဲခံယူပြီးသည့် နေ့မှစ၍ သူ၏ မူလဘဝမှန်သို့ ပြန်ပြောင်းသောအခါ အတော်ပင် အခက်အခဲနှင့် ကြုံတွေ့ရလေသည်။ တားဘတ်စ် ဘဝနှင့် တစ်နှစ်ခွဲခန့် နေထိုင်ပြီး ချကချင်းဆိုသလို ဘဝပြန်ပြောင်းရသည်မှာ ကိုဟင်အတွက် အလွန်ခဲ့ယဉ်းနေပါသည်။
“ကျွန်တော်ရဲ့မူလ နာမည်အစစ်ကို သတိရအောင် အတော် အာရုံစိုက်ပြီ ကြိုးစားနေရတယ်ဗျာ״ဟု ဒါးဗစ်ကို သူဖွင့်ပြောပြရှာလေသည်။ မည်သို့ပင်ဆိုစေ အစ္စရေးနိုင်ငံတွင် တစ်လခန့် နေထိုင်ခဲ့သော ကိုဟင်သည် သူ၏ တာဝန်ဝတ္တရားရှိရာသို့ ပြန်သွားရန် စိတ်ဓာတ် တက်တက်ကြွကြွ ရှိနေခဲ့ပါပြီ။ ၁၉၆၃ ခုနှစ် သြဂုတ်လ၌ ကိုဟင်သည် ဆီးရီးယားသို့ ပြန်ရောက်လာပြီး မကြာမြင့်မီတွင် သူ၏ နာမည်သည် လူတိုင်းပါးစပ်ဖျားတွင် ရေးပန်းစားလာသည်။ ဆီးရီးယားနိုင်ငံ၏ ခေါင်းဆောင်ပိုင်းတွင် ပါဝင်လာရန် အလားအလာ အရှိဆုံးသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် လူအများက ပြောဆိုနေခြင်း ဖြစ်ပါသည်။ ကိုဟင်အား နိုင်ငံရေးဖြင့် စစ်ဘက်ဆိုင်ရာ နယ်ပယ်မှ သြဇာအာဏာရှိသော ပုဂ္ဂိုလ်ကြီးများက ယုံကြည်ချစ်ခင်ခဲ့ကြပြီး စီးပွားရေးလောကတွင်လည်း သူသည် လူအများ၏ လေးစားခြင်းကို ခံယူရလေသည်။ သူသည် အစိုးရအဖွဲ့ဝင်တစ်ဦးအဖြစ် ရွေးချယ်ခံနိုင်သူတစ်ဦး အလိုလို ဖြစ်လာရလေသည်။ နောက်တက်လာမည့် ပြန်ကြားရေးနှင့် ဝါဒဖြန့်ချီရေး ဝန်ကြီးအဖြစ် သူ၏ နာမည်သည် ရှေ့က ပြေးနေပါသည်။ သူနှင့် တစတစ ပိုမိုရင်းနှီးလာသော သမ္မတကြီးကမူ ပိုမိုကောင်းမွန်သော အကြံအစည်တစ်ခု ဖော်ပြလာပါသည်။ သူ၏ အကြံမှာ ကိုဟင်အား လက်ရှိ ကာကွယ်ရေးဝန်ကြီး၏ လက်အောက်တွင် ဒုတိယဝန်ကြီးခန့်၍ ကာကွယ်ရေးဌာနကို ကိုင်ခိုင်းရန် လက်သပ်မွေးလိုခြင်း ဖြစ်ပါသည်။

အလီကိုဟင်သည် ဣနြေ္ဒရရ နေလိုက်သည်။ သူ့အတွက် ကောင်းမွန်လာသော အခြေအနေနှင့် အလားအလာများကို အသုံးချရမည်ဖြစ်သော်လည်း သူခြေသွက်လက်သွက်လို့ မဖြစ်ပါ။ ကိုဟင်သည် အလွန်နှိမ့်ချစွာဖြင့် သမ္မတကြီး အယ်လ်ဟာဖက်ဇ်အား မိမိသည် ဤရာထူးနှင့် မတန်သေးကြောင်း ပြောပြလိုက်သည်။ သူသည် ဘတ်သ်ပါတီဝင် တစ်ဦးအဖြစ် အလွန်ပင် ထိထိရောက်ရောက် လှုပ်ရှားခဲ့သည်မှာ မှန်သော်လည်း ပါတီဝင်သည်မှာ မကြာသေးကြောင်း၊ ထို့ကြောင့် အစိုးရအဖွဲ့ထဲမှ ရာထူးတစ်ခုခုတွင် တာဝန်ယူနိုင်လောက်အောင် မထိုက်တန်သေးပါကြောင်း သမ္မတကြီးအား ရှင်းပြလိုက်သည်။ တစ်ချိန်တည်းမှာပင် ကိုဟင်သည် သမ္မတကြီးအား အကြံတစ်ခုပြုလိုက်သည်။ သူ ဗွေနိုးဇာရီသို့ ဝါဒဖြန့်ချီရေး ခရီးသွားလိုပါသည်တဲ့။ ဗွေးနိုးဇာရီတွင်ရှိသော ဆီးရီးယား လူချမ်းသာ အသိုင်းအဝိုင်းကို သမ္မတကြီး အယ်လ်ဟာဖက်ဇ်နှင့် ဘက်သ်ပါတီဝင်များအား ထောက်ခံကြရန် ကိုဟင်က လှုံ့ဆော်ပေးမည် ဖြစ်ပါသည်။ ထိုနောက် ကိုဟင်က ကမန်းကတန်း ထပ်ပြောလိုက်ပါသေးသည်။ ထိုခရီးအတွက် ကုန်ကျစရိတ်ကို မိမိဘာသာ မိမိကျခံပါမည်တဲ့။ အယ်လ်ဟာဖက်ဇ်သည် သူ့မိတ်ဆွေ၏ သစ္စာရှိမှုကို စိတ်ထဲဝယ် စွဲမှတ်သွားပြီး ဝမ်းမြောက်ဝမ်းသာပင် သဘောတူလိုက်လေသည်။

အလီကိုဟင်၏ ဗွေးနိုးဇာရီ ခရီးသည် ဝါဒဖြန့်ချီမှုအတွက် အလွန် အောင်မြင်ရုံသာမက ဘက်သ်ပါတီ၏ ရံပုံငွေအတွက် ဒေါ်လာ(၉ဝဝဝ) ကောက်ခံရရှိခဲ့လေသည်။ ကိန်းဂဏန်းကို အပြည့်ဖြစ်စေလိုသော သဘောနှင့် ကိုဟင်သည် သူ၏ အိတ်ထဲမှ ဒေါ်လာတစ်ထောင် ထပ်ပေါင်းပြီး ရန်ပုံငွေ ဒေါ်လာ တစ်သောင်းကို သမ္မတကြီး လက်ထဲသို့ သူကိုယ်တိုင် ပေးအပ်ခဲ့လေသည်။ ငွေသည် သိပ်မများလှသော်လည်း ကိုဟင်၏ စိတ်စေတနာကောင်းဖြင့် မျိုးချစ်စိတ်တို့ကို ဖော်ပြနိုင်ခဲ့ပါသည်။ အလီကိုဟင်သည် ဆီးရီးယားနိုင်ငံ၏ အုပ်ချုပ်သူ လူတန်းစားထဲတွင် ရှေ့တန်းက ပါနေသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေပြီ။ သူသည် သမ္မတကြီး အယ်လ်ဟာဖက်ဇ် ထံသို့ မကြာခဏ အလည်အပတ် သွားရောက်သည်။ သူသည် သမ္မတကြီးကိုယ်စား လျှို့ဝှက်ခရီးတစ်ခုပင် သွားခဲ့ပါသည်။ ယင်းခရီးမှာ ဂျော်ဒန်နိုင်ငံသို့ သွား၍ သမ္မတကြီးအား နိုင်ငံရေးအရ ဆန့်ကျင်သူများအား တိုင်းပြည်သို့ ပြန်လာရန် သိမ်းသွင်းခေါ်ဆောင်ရသည့် ခရီးပင် ဖြစ်ပါသည်။ ဆီးရီးယားပြည်ပ အသံလွှင့်ဌာန၏ ဖိတ်ကြားချက်အရ အလီကိုဟင်သည် တောင်အမေရိကတွင် နေထိုင်ကြသော ဆီးရီးယား အမျိုးသားများ တိုင်းပြည်သို့ ပြန်လာကြ၍ ဘတ်သ်ပါတီကို ထောက်ခံကြရန် အသံလွှင့်ပြောကြားချက်များ ပြုလုပ်ရလေသည်။ (ဤအသံလွှင့်ချက်ကို မော့ဆက်အဖွဲ့ကြီးက ဖမ်းယူနားထောင်ခဲ့လေသည်။ မော့ဆက်သည် ကိုဟင် အရေးကြုံက ဆက်သွယ် အသုံးပြုနိုင်ရန် အရေးပါသော အကြောင်းအတော်များများကို ကိုဟင်နှင့် ကြိုတင်တိုင်ပင်ပြီး ပေးထားခဲ့သေးသည်။)

အလီကိုဟင်သည် စစ်ရေးနယ်ပယ်တွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသဖြင့် ၁၉၆၄ ခုနှစ် တစ်နှစ်လုံး ဆီးရီးယားနယ်စပ်ရှိ အထူးလျှို့ဝှက်ထားသော နယ်မြေများကို အကြိမ်ကြိမ် သွားရောက်နိုင်ခဲ့လေသည်။ ကာကွယ်ရေးဝန်ကြီးဖြစ်လာရန် အလားအလာရှိသူ တစ်ဦးအနေနှင့် သူသည် နောက်ဆုံး အခြေအနေများကို သိရှိနားလည်ထားရမည် ဖြစ်သည်။ ကိုဟင်သည် ဂိုလန်ကုန်းမြင့်၏ တောင်ဘက်မျက်နှာစာတွင် ရှိသော စစ်တပ်ဌာနချုပ်တွင် ညလုံးပေါက် နေပြီး လက်နက်များ တိုးချဲ့တပ်ဆင်နေမှုနှင့် ပတ်သက်၍ သူ့အား ရှင်းလင်းပြောပြသည်ကို နားထောင်ခြင်းသည်လည်း သဘာဝကျပါသည်။ အလွန်ပင် ကျယ်ပြောသော စစ်နယ်မြေကြီးအတွင်း ရုရှားတို့က သူတို့၏ နောက်ဆုံးပေါ် မြေပြင်မှ ဝေဟင်သို့ ပစ်ခတ်နိုင်သည့် SAM ဒုံးကျည်များနှင့် တင့်ကားပစ် လက်နက်ကြီးများ တပ်ဆင်ပေးနေခြင်းများကို ဆီးရီးယားတို့က ကိုဟင်အား ပြသကြပါသည်။ ထိုနယ်မြေအတွင်းသို့ စစ်လက်နက်များ မည်သို့ တင်သွင်းရောက်ရှိလာပုံ၊ အရေအတွက် စုံပြုံများပြားလာပုံ၊ လျှို့ဝှက်တည်ဆောက်ထားသော လက်နက်တိုက်များထဲတွင် အချို့သို့လှောင် သိမ်းဆည်းထားပုံနှင့် အချို့ကို တိုင်းပြည်အနှံ့တွင် ရှိသော စစ်စခန်းများသို့ ဖြန့်ဝေပေးပုံးများကို ကိုဟင်တစ်ယောက် မျက်ဝါးထင်ထင် တွေ့ရှိမှတ်သားလေသည်။ ထို့ပြင် ထိုနေရာများသို့ သွားတိုင်း ရောက်တိုင်း နာမည်ကြီး အပျော်တမ်းဓာတ်ပုံဆရာသည် သူ၏ ကင်မရာများကို ယူဆောင်သွားမြဲ ဖြစ်ပါသည်။

ထိုအချိန်သည် ကိုဟင်၏ သူလျှိုသက်တမ်း တလျှောက်တွင် အမြတ်အထွက်ဆုံးသော ကာလပင် ဖြစ်လေသည်။ ကူနီတရာ တည်းဟူသော စစ်ရေးအချက်အခြာကျသည့် မြို့ကို ကာကွယ်ထားသည့် ကာကွယ်ရေးစနစ် တစ်ခုလုံး၏ အသေးစိပ် အချက်အလက်များကို သူသည် တဲလာဗီသို့ တစ်ခါတည်းနှင့် အရောက် ပို့ပေးနိုင်ခဲ့လေသည်။ ကိုဟင် ပို့လိုက်သော အသေးစိပ်သတင်းများတွင် အမြောက်ကြီးများ အခြေတည်ထားသည့် ကွန်ကရစ်အောက်ခုံများ၏ အရွယ်အစား၊ တည်ရှိသည့်နေရာ၊ အမြင့်နှင့် တင့်ကားများ၊ သံချပ်ကာကားများကို လေကြောင်းရန်မှ ကာကွယ်ဝှက်ထားနိုင်သည့် ဥမင်များနှင့် မြေကတုတ်ကြီးများ၏ နေရာအတိအကျ ပါဝင်လေသည်။ ကိုဟင် ပေးပို့သော သတင်းတစ်ရပ်တွင် ဆီးရီးယားသို့ T.54 တင့်ကား အစီး(၂ဝဝ) ရောက်လာသည့် သတင်းလည်း ပါဝင်သည်။ ယင်းတင့်ကားများသည် ရုရှားနိုင်ငံက အရှေ့အလယ်ပိုင်းဒေသသို့ ပေးပို့မည့် ခေတ်မီလက်နက်များထဲမှ ပထမ အသုတ်ပင် ဖြစ်ပါသည်။ ထို့နောက် သူသည် ဆိုဗီယက်တို့ ရေးဆွဲသည့် စီမံကိန်း အပြည့်အစုံတစ်ခုကို မိတ္တူများနှင့်တကွ ပေးပို့လိုက်သည်။ ယင်းစီမံကိန်းသည်ကား အစ္စရေးနိုင်ငံမြောက်ပိုင်းကို ဆီးရီးယားတို့က အမှတ်တမဲ့ ဝင်ရောက်၍ ခါးဖြတ် တိုက်ခိုက်ရန်ပင် ဖြစ်သည်။ ထိုသတင်းပို့ပြီးနောက် မကြာမီတွင် ရုရှားနိုင်ငံ၏ နောက်ဆုံး ထုတ်လုပ်သော MIG.21 တိုက်လေယာဉ်၏ အနီးကပ်ရိုက်ထားသော ဓာတ်ပုံများ ပို့လိုက်ပြန်သည်။ ယင်းဓာတ်ပုံများသည် အစ္စရေး စစ်ဌာနချုပ်သို့ ရောက်ရှိလာသော ပထမဦးဆုံး ရရှိသည့် ထိုလေယာဉ်၏ ဓာတ်ပုံများပင် ဖြစ်လေသည်။

အလီကိုဟင်သည် ဇူးရစ်မြို့သို့ တင်ပို့ရန် ဖြစ်သည့် မြောက်မြားလှစွာသော သူ၏ မိုက်ခရိုဖလင်နှင့် စာရွက်စာတမ်းများကို ရှေးဟောင်းစားပွဲများ၏ ခြေထောက်ကို ထွင်း၍လည်းကောင်း၊ ကြွေအံပစ်သည့် ကစားခုံများတွင် အံဝှက်များ ပြုလုပ်၍လည်းကောင်း ထည့်သွင်းရန် နာရီပေါင်းများစွာ အချိန်ယူ၍ လုပ်ကိုင်ရရှာသည်။ မော့ဆက်ဌာနချုပ်မှ သူ၏ သူငယ်ချင်းတစ်ဦးကမူ အလီကိုဟင် တစ်ယောက် အလုပ်မှ အနားယူလျှင် ပူပင်စရာ မရှိ၊ စားပွဲခုံအမျိုးမျိုး လုပ်ရောင်းသည့် လက်သမား လုပ်စားနိုင်သည်ဟု ပြက်လုံးထုတ်နေလေ၏။ ၁၉၆၄ ခုနှစ် နွေရာသီတွင် ကိုဟင်သည် တဲလာဗီမှ အရေးတကြီး တောင်းဆိုချက်တစ်ရပ် လက်ခံရရှိသည်။ အစ္စရေးနိုင်ငံသည် ရေကို ဂါလိလီ ပင်လယ်ထဲမှ ပိုင်းလိုက်အမျိုးမျိုး သွယ်တန်း၍ တစ်ပြည်လုံးသို့ ရေပေးရလေသည်။ ဂါလိလီပင်လယ်မှ ရေသည် ဂျော်ဒန်မြစ်မှ လာခြင်းဖြစ်သည်။ ဂျော်ဒန်မြစ်မှ ရေသည်လည်း ဘာနီယားခ်နှင့် ဟတ်ဇ်ဘာနီ မြစ်နှစ်သွယ်မှ စီးဆင်းလာခြင်း ဖြစ်သည်။ ထို ပင်ရင်းမြစ်(၂)သွယ်သည် ဂိုလန်တောင်ကုန်းဒေသတွင် ပေါင်းဆုံကြသည်။ ထိုအချိန်တွင် ဆီးရီးယားသည် ဘာနီးယားခ်နှင့် ဟတ်ဇ်ဘာနီ မြစ်(၂)စင်းမှ ရေကို လွှဲပြောင်းလိုက်ခြင်းဖြင့် အစ္စရေးနိုင်ငံအား ရေဖြတ်တောက်ရန် စီမံကိန်းကို အကောင်အထည်ပေါ်အောင် ကြိုးပမ်းနေလေသည်။

၁၉၆၄ ခုနှစ် နွေရာသီ၌ အလက်ဇန္ဒြီးယားမြို့တွင် ကျင်းပသည့် အာရပ်ထိပ်သီး ကွန်ဖရင့်က ထိုစီမံကိန်းကို သဘောတူပြီးသား ဖြစ်လေသည်။ အထူးသဖြင့် အီဂျစ်သမ္မတ နတ်ဆာသည် ထိုစီမံကိန်းကို လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့လေသည်။ သူသည် ဆီးရီးယားတို့အား ဤစီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် တွန်းအားပေးနေလေသည်။ ငွေကြေးအမြောက်အမြား ကုန်ကျမည့် ထိုလုပ်ငန်းကို တာဝန်ယူလုပ်ကိုင်ရန် ယူဂိုဆလပ်ကုမ္ပဏီ တစ်ခုဖြစ်သော အီနာဂို ပရိုဂျက် ကုမ္ပဏီအား ကန်ထရိုက်ပေးလိုက်လေသည်။ မြစ်သွယ်မှ ရေသည် ဂျော်ဒန်မြစ်ထဲသို့ မစီးဆင်းရလေအောင် ရေများကို လွှဲပြောင်းယူရန် ထူးမြောင်းများ အဆင့်ဆင့် တူးဖော်သည့်လုပ်ငန်းကို ယင်းကုမ္ပဏီက စတင် လုပ်ကိုင်နေပြီ ဖြစ်လေသည်။ အစ္စရေးနိုင်ငံ ရင်ဆိုင်ရမည့် ယင်းအန္တရာယ်သည် စစ်ပွဲကြီးတစ်ခုထက်ပင် ကြောက်စရာကောင်းနေပါသည်။ အလီကိုဟင်သည် တဲလာဗီမှ အောက်ပါ အမိန့်ကို လက်ခံရရှိလေသည်။
“ဒီလုပ်ငန်းရဲ့ အချက်အလက် အပြည့်အစုံကို အသေးစိပ် လိုချင်ပါတယ်… ပုံကြမ်းတွေ မြေပုံတွေနဲ့ ဘယ်လို ပစ္စည်းတွေ သုံးနေတယ်။ နောက်ပြီး ဘယ်နေရာမှာ လုပ်ငန်းစနေတယ် ဆိုတာကို အတိအကျ သိချင်ပါတယ်… ဒီကိစ္စကို ထိပ်တန်း ဦးစားပေအဖြစ် စတင်ဆောင်ရွက်ပါ…״
ကိုဟင်သည် မော့ဆက်ခေါင်းဆောင်များကို စိတ်ဓာတ် မကျစေခဲ့ပါ။ သူ့အဖို့ ကံကောင်းသော ကြုံကြိုက်မှုတစ်ရပ် ဖြစ်လာခဲ့သည်။ ယင်းမှာ သူ၏ မိတ်ဆွေ ဗိုလ်မှူးကြီး ဟာတွမ်းသည် ယင်းလုပ်ငန်းကြီးကို တာဝန်ယူ စောင့်ကြပ်ရသည့် တပ်ဖွဲ့များ၏ တပ်မှူးကြီးအဖြစ် ခန့်အပ်ခံရလေသည်။ ဟာတွမ်းသည် ကိုဟင်အား လုပ်ငန်းကြီးတစ်ခုလုံး၏ ပုံစံများနှင့် ပုံကြမ်းများကို ဝမ်မြောက်ဝမ်းသာ ပြသခဲ့လေသည်။ ထိုနောက် သူက အားရကျေနပ်စွာ ဤသို့ ပြောလိုက်သေးသည်။

“ဒီရေတွေ ဘာပဲ ဖြစ်သွား ဖြစ်သွား၊ ကျုပ်တို့ ဂရုမစိုက်ဘူး… အစ္စရေးတွေ ဒီရေကို မရရင် ပြီးတာပဲ သိလား…״
ဟာတွမ်းသည် ကိုဟင်အား ယင်းလုပ်ငန်းကို တာဝန်ယူ ကြီးကြပ်နေကြသော ပုဂ္ဂိုလ်များနှင့် မိတ်ဆက်ပေးခဲ့သည်။ ထိုပုဂ္ဂိုလ်များထဲမှ တစ်ဦးမှာ မစ်ချယ်ဆက်ဘ် ဖြစ်၍ သူသည် လုပ်ငန်းအစီအစဉ် ရေးဆွဲပေးရသည့် လက်ဘနွန်လူမျိုး အင်ဂျင်နီယာ ဖြစ်သည်။ အခြားတစ်ယောက်မှာ မူဟာမက် ဘင်လန်ဒန်း ဖြစ်ပြီး မြေတူးခြင်း၊ မြေညှိခြင်းလုပ်ငန်းများ လုပ်ကိုင်မည့် ဘူဒိုဇာများကို ပိုင်ဆိုင်သူ ဖြစ်သည်။ ဘင်လန်ဒန်းက ကိုဟင်အား သူတို့ အလုပ်စတင် လုပ်ကိုင်မည့် အချိန်နှင့် မည်သို့လုပ်ကြမည်ကို အသေးစိပ်ပြသရန် သဘောတူခဲ့သည်။ မော့ဆက်၏ သူလျှိုကလည်း ဤနေရာမှ မြေကွက်များကို သူဝယ်ယူလိုကြောင်း အမှတ်တမဲ့ ဝင်ထောက်လိုက်သည်။ “ကျွန်တော်တို့ အားလုံးအတွက် ငွေပိုငွေလျှံ ထွက်လာတာပေါ့ဗျာ״ဟုလည်း ပြောလိုက်သေးသည်။ ကိုဟင် ပေးလိုက်သော မက်လုံးကို သဘောကျသွားသော ဘင်လန်ဒန်းသည် နာမည်ကျော်ကြားသော သူ၏ ဧည့်သည်တော်အား ထိုဒေသ၏ မြေပုံနှင့် ပုံကြမ်းများကို အိမ်ယူလျက် နောင် ရင်နှီးမြှုပ်နှံမှု ပြုလုပ်မည့် မြေကွက်များ၏ အလားအလာကို စိမ်ပြေနပြေ လေ့လာစေခဲ့ပါသည်။ ကိုဟင်သည် သူ့လက်ထဲသို့ ရောက်လာသော စာရွက်စာတမ်းများကို တစ်ခုမကျန် ဓာတ်ပုံရိုက်ယူခဲ့သည်။ သူသည် ယင်းလုပ်ငန်းကြီး တစ်ခုလုံ၏ စီမံကိန်းများ အားလုံးကို (၃)လအတွင်းမှာပင် မော့ဆက်ဌာနချုပ်သို့ ပေးပို့နိုင်ခဲ့လေသည်။

တူးမြောင်းဖောက်မည့်နေရာ၊ ယင်းကို ကာကွယ်ထားမည့် စစ်ရေးအစီအစဉ်များ၊ လုပ်ငန်းကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ရာ၌ အဆင့်လိုက် ပြီးစီးမည့် ရက်အတိအကျ စသည်တို့ကို သူပေးပို့ခဲ့သည်။ မော့ဆက်အဖွဲ့ကြီးက မသိသော အချက်တစ်ချက်ကိုပါ သူထည့်သွင်း ပေးပို့ခဲ့ပါသည်။ ယင်းမှာ ရေမြန်မြန်ကုန်သွားစေရန် ရေစုတ်စက်ကြီးများ တပ်ဆင်၍ ရေကို စုတ်ထုတ်ပစ်မည့် အချက်ဖြစ်ပါသည်။ ထို့ကြောင့်ပင် ကိုဟင် ၁၉၆၄ ခုနှစ်၊ နိုင်ဝင်ဘာလတွင် အစ္စရေးသို့ တတိယ အခေါက်ပြန်လာသောအခါ သူ၏ အကြီးအကဲများက သူသည် နားရက်ပြည့်ပြည့်ဝဝ ခံစားထိုက်ကြောင်း သဘောပေါက်ကြခြင်း ဖြစ်သည်။ ပြီးခဲ့သော အခေါက်ပြန်လာပြီးနောက် ကိုဟင် မပြန်ရသည်မှာ တစ်နှစ်ကျော်ပင် ရှိခဲ့ပေပြီ။ ယခုတစ်ကြိမ် သူပြန်လာသောအခါ သူ၏ တတိယမြောက် ကလေးမွေးဖွားသည်နှင့် ကြုံကြိုက်သဖြင့် မိသားစုနှင့်အတူတူ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရသည်။ ကလေးမှာလည်း သူအမျှော်လင့်ကြီး မျှော်လင့်ခဲ့ရသော သားယောက်ျားလေး ဖြစ်ပါသည်။ ဂုဏ်ယူဝင့်ကြွားနေရသော ဖခင် ကိုဟင်သည် သားဖြစ်သူ ရှောကြောင့် သူ့ရင်ထဲ ဖြစ်ပေါ်လာမည့် ပျော်ရွှင်ခြင်းကို သူ မမျိုသိပ်နိုင်ခဲ့ရှာချေ။ သူသည် သူ့သားလေးအား ဂျူးထုံးစံအတိုင်း ရွှေပန်းထိပ်ဖြတ်ပေးသည့် အခမ်းအနားသို့ မော့ဆက်အဖွဲ့ကြီးမှ သူနှင့် သိသူမှန်သမျှ ဖိတ်ကြားရန် ဆန္ဒရှိသည်။ သို့သော် စပ်စုသော အိမ်နီးနားချင်းကိုပါ ဖိတ်ကြားထားသည့် ယင်း အခမ်းအနားတွင် အမြင်အားဖြင့် ထူးဆန်းသော မော့ဆက်အဖွဲ့ဝင် လူစိမ်းများ တက်ရောက်လာမည်ဆိုပါက မှားယွင်းလိမ့်မည်ဖြစ်ကြောင်း ကိုဟင်အား အကြီးအကဲများက ချော့မော့ပြောဆိုကြရသည်။

ဖခင်တစ်ဦး ဖြစ်လာသဖြင့် ဝမ်းမြောက်ဂုဏ်ယူခြင်း ဖြစ်ရသော်လည်း ကိုဟင်သည် အလုပ်ပင်ပန်းမှုဒဏ်ကို ခံနေရကြောင်း သိသာထင်ရှားနေပေသည်။ ကိုဟင်သည် ဒမတ်စကတ်တွင် သူလျှိုလုပ်ငန်းတာဝန်များအပြင် သွင်းကုန်ထုတ်ကုန် လုပ်ငန်းလည်း အချိန်ပြည့် လုပ်ကိုင်နေရပေသည်။ တနေကုန် တပင်တပန်း လုပ်ကိုင်ပြီးသည်နှင့် သူစုဆောင်း ရရှိထားသည့် ထောက်လှမ်းရေး သတင်းများကို ပြန်လည်စုစည်းရသည်။ ထို့နောက် အစီရင်ခံစာများ ရေးခြင်း၊ မှတ်စုအကျဉ်းများ ရေးခြင်း။ စကားဝှက်များအဖြစ်သို့ ပြန်ဆိုခြင်းများ ပြုလုပ်သည်။ ထိုကားဝှက်များကို တဲလာဗီသို့ ချက်ချင်း အသံလွှင့်စက်နှင့် ပေးပို့ရပြန်သည်။ ကိုဟင်သည် မကြာခဏဆိုသလို နောက်တစ်နေ့ အရုဏ်လာသည်အထိ အမှောင်ခန်းထဲတွင် မိုက်ခရိုဖလင်များ ကူးယူတတ်ပါသည်။ ထိုကိစ္စများအပြင် သူသည် သူ၏ မိတ်ဆွေ အပေါင်းအသင်းများနှင့် အဆက်အသွယ်မပြတ် ပေါင်းသင်းဆက်ဆံရပြန်သည်။ မိတ်ဆွေများအတွက် ပါတီပေးခြင်း၊ သူတို့ ဖိတ်ကြားသော ပါတီပွဲများသို့ တက်ရောက်ခြင်း၊ သူတို့၏ လိုဘတ်ကလေးများကို ကူညီဖြည့်ဆည်းပေးခြင်း စသည်တို့ ပြုလုပ်၍ သူတို့၏ ချစ်ကြည်ရင်းနှီးမှုကို ရယူနိုင်ခဲ့ပေသည်။ အလီကိုဟင် ဒမတ်စကတ်တွင် နေထိုင်ရသည့် ဘဝသည် စည်းစိမ်ယစ်မူးပြီး ဇိမ်ကျကျနေရသော ဘဝမဟုတ်ပါ။ သူ့ခမျာ တစ်နေ့လျှင် နာရီ(၂ဝ) အလုပ်လုပ်ခဲ့သည့် နေ့များလည်း မနည်းတော့ပါ။ အလုပ်ပင်ပန်းသဖြင့် ရန်သူနိုင်ငံတစ်ခုတတွင် သွားရောက် အလုပ်လုပ်နေရသဖြင့် စိတ်ဓာတ်အရ လွတ်လပ်မှု မရှိဘဲ စိတ်ပင်ပန်းခြင်း စသည်တို့ကြောင့် ကိုဟင်၏ ပင်ကိုယ်စရိုက် သဘောထားသည် ပြောင်းလဲလာရလေသည်။

ကိုဟင် မိသားစုများသည် ထိုပြောင်းလဲမှုကို ရိပ်မိခဲ့ပါသည်။ တစ်နေ့တွင် ကိုဟင်၏ မိခင်ကြီးက သူ့အား သူမ ငယ်စဉ် အလက်ပိုမြို့တွင် ချက်တတ်ခဲ့သော ကိုဟင်ကြိုက်သည့် ဆီးရီးယား ဟင်းလျာတစ်မျိုး ချက်ပြုတ်ပေးမည် စားမည်လောဟု မေးမိသည်။ “အို… ကျွန်တော် အဲဒီဟင်းကို အမြဲပဲ စားနေရတယ်״ဟု သူက တုံးတိတိ ပြန်ပြောလိုက်သည်။ ဤကဲ့သို့ မပြေမလည် ဆက်ဆံမှုသည် ကိုဟင်၏ ပင်ကိုယ်စရိုက်တွင် တစ်ခါမျှ မပေါ်ပေါက်ခဲ့ပါ။ သူသည် တည်ငြိမ်အေးဆေးပြီး စိတ်ရှည်သူတစ်ဦး ဖြစ်ပါသည်။ သူသည် သူ၏ မိသားစုကို ပြောပြထားသလို ဥရောပတွင် အမှန်တကယ် နေထိုင်ခြင်းဖြစ်လျှင် သူ၏ အဖြေဖြစ်သော “ဆီးရီးယားအစားအစာကို အမြဲစားနေရတယ်״ဟူသော အချက်သည် အကွက်မှားပင် ဖြစ်သည်။ မိသားစုနှင့် မဟုတ်ပဲ အခြားသူများနှင့် နေ့စဉ် ယင်းအကွက်မှားမျိုး သူပြုလုပ်မိပါက သူ၏ အသက်ပင် ဆုံးရှုံးနိုင်လေသည်။ တစ်ကြိမ်တွင်လည်း သူသည် သူ၏ ညီဖြစ်သူ မောရစ်ထံ သွားရောက်လည်ပတ်ရာ သူ၏ တူမလေးတစ်ယောက်အား ပဲရစ်မြို့တော်ရှိ ဖားရက် ပန်းချီပြတိုက်မှ ဝယ်လာသည်ဆိုသော အရုပ်ကလေးတစ်ရုပ် သူပေးလိုက်သည်။ မောရစ်က သဘောရိုးနှင့် “အိုး အကိုကြီး ပဲရစ်ကို မကြာခင်က ရောက်ခဲ့တယ် ဟုတ်လား״ဟု မေးလိုက်မိသည်။ ကိုဟင်သည် မေ့လျော့၍ ပဲရစ်သို့ မရောက်သည်မှာ လပေါင်းအတော်ကြာခဲ့ပြီဟု ပြောလိုက်လေသည်။ ကိုဟင်၏ အဖြေသည် မောရစ်၏ စိတ်ဝယ် သိချင်စိတ် ဖြစ်ပေါ်စေတော့သည်။
“ဟင်… ဒီလိုဆို အစ်ကိုကြီး ဒီလက်ဆောင်ကို ပဲရစ်က ဘယ်လို ရခဲ့တာလဲ״

မောရစ်က ဤသို့ မေးလိုက်သောအခါ ကိုဟင်သည် ညီဖြစ်သူအား ပြန်အော်လိုက်မိသည်။
“နေပါအုံး မင်းက ငါ့ကို လိမ်နေတယ်ဆိုလို့ ဆိုချင်တာလား။ ငါ့ကို မယုံလို့ စစ်လား ဆေးလား လုပ်နေတယ်… ဟုတ်လား။ ငါ့ကိစ္စကို ဝင်မစပ်စုနဲ့ သိလား…״
ကိုဟင် ဤသို့ ဒေါသကြီးမှုသည် သူ၏ နဂိုစရိုက် မဟုတ်ပါ။ ညီအစ်ကိုချင်း စိတ်ဝမ်းကွဲစေနိုင်သည့် ပြောဆိုချက် ဖြစ်သော်လည်း မောရစ်သည် မူလကပင် သူ့အစ်ကို လုပ်နေသော အလုပ်များကို သံသယဖြစ်နေသဖြင့် ခံစားမှု မဖြစ်ပေါ်ခဲ့ပေ။ “ထန်းသီးကြွေခိုက် ကျီးနင်းခိုက်״ဆိုသော စကားအတိုင်း ကြုံကြိုက်သည့်ဖြစ်ရပ်မှာ မောရစ်သည် မော့ဆက်ဌာချုပ်တွင် ရေဒီယိုအသံဖမ်းသူအဖြစ် တာဝန်ထမ်းဆောင်နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် မောရစ်သည် ဒမတ်စကတ်မှ နေ၍ အလွန်တန်ဖိုးရှိလှသော ထောက်လှမ်းရေး သတင်းများကို မော့ဆက်ဌာနချုပ်သို့ ပြန်ပို့ပေးနေသော ထိပ်တန်းသူလျှိုအကြောင်းကို သိရှိပါသည်။ သို့သော် မော့ဆက်အဖွဲ့ဝင် အတော်များများအား ပြောမပြထားသကဲ့သို့ သူ့ကိုလည်း ဤထိပ်တန်းသူလျှို မည်သူမည်ဝါ ဖြစ်ကြောင်း အသိမပေးထားပါ။ သို့သော် မောရစ်သည် တဖြည်းဖြည်း အထက်ပါ ထူးဆန်းသော ကြုံကြိုက်မှုကလေးများကို ရိပ်မိလာလေသည်။ ဒမတ်စကတ်မှ မော့ဆက်သူလျှိုသည် သူ့သမီးငယ်အတွက် ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေဟူသော ပုဂ္ဂိုလ်ရေးရာသတင်းများ ပို့သည့်အခါတိုင်း မောရစ် သတိထားမိသည့်အချက်မှာ ယင်းမွေးနေ့ရက်သည် ကိုဟင်၏ သမီးတစ်ယောက်ယောက်၏ မွေးနေ့နှင့် တိုက်နေသည့်အချက်ပင် ဖြစ်သည်။

ဤကြုံကြိုက်မှုလေးများသည် တဖြည်းဖြည်း များပြားလာပြီး ကိုဟင် အစ္စရေးသို့ ရောက်နေသည့် ရက်သတ္တပတ်များတွင် ဒမတ်စကတ်မှ သတင်းပို့သံ တိတ်ဆိတ်နေခြင်းက အထက်ပါ အချက်များ မှန်ကန်ကြောင်း သက်သေထူလေတော့သည်။ မောရစ်က သူ၏ အစ်ကိုကြီးသည် အစ္စရေးနိုင်ငံ၏ ထိပ်တန်းသူလျှိုဖြစ်ကြောင်း တပ်အပ်သိရှိသွားလေတော့သည်။ ဤသို့ သိရှိလာသောအခါ မောရစ်သည် မဖော်ပြနိုင်လောက်အောင် ပျော်ရွှင် ဝမ်းသာမှု ဖြစ်ခဲ့ရလေသည်။ သူသည် အမြဲတမ်း သူ၏ အစ်ကိုကြီးကို လေးစားကြည်ညိုခဲ့သူ ဖြစ်သဖြင့် ယခုမူ ပို၍ပို၍ပင် လေးစားကြည်ညိုလာခဲ့ပေသည်။ သူသည် ကိုဟင်အား သူ၏ လျှို့ဝှက်ထားသည့်ဘဝကို သိကြောင်း ပြောချင်သည်မှာ သေလုနီးပါး ဖြစ်နေရှာပါသည်။ သို့သော် မောရစ်သည် ချုပ်တည်းထားခဲ့ပါသည်။ သူသည် ကိုဟင်၏ မိမိကိုယ်ကို ယုံကြည်မှုကို မထိခိုက်စေလိုပါ။ ကိုဟင်၏ ညီတစ်ဦးဖြစ်သူ အီဖာရီယမ်သည်လည်း အဖြစ်မှန်ကို ရိပ်ထားမိပါသည်။ ကိုဟင်သည် သူ့အတွက် လက်ဆောင်အဖြစ် တန်ဖိုးကြီးသော ရှူးဖိနပ် တစ်ရံ ဝယ်လာခဲ့သည်။ အီဖာယမ်သည် ဖိနပ်ပေါ်၌ အာရပ်ဘာသာဖြင့် နံပါတ်ရေးမှတ်ထားကြောင်း သိရှိသည်။ ကိုဟင်က ဖိနပ်ကို တူရကီနိုင်ငံမှ ဝယ်ခဲ့သည်ဟု ပြောသောအခါ သူ သိပ်မယုံကြည်ပါ။ သို့သော် သူသည် ဘာမျှ မပြောဘဲ နေလိုက်သည်။ တစ်နေ့ ကိုဟင်တို့ မိသားစုသည် ညီအစ်ကို မောင်နှမ တွေ့ဆုံကြစဉ် ကိုဟင်သည် မမျှော်လင့်ဘဲ သူ၏ လျှို့ဝှက်မှုကို ဖော်မိလိုက်သည်။ သူတို့အားလုံးအတွက် အာရပ်ဘာသာစကားသည် မိခင်ဘာသာစကား ဖြစ်သဖြင့် အချင်းချင်း မကြာခဏ ယင်းဘာသာစကားဖြင့် ပြောဆိုတတ်ကြသည်။

အာရပ်ဘာသာစကား ပြောသူများသည် အချင်းချင်း ပြောဆိုသောအခါ လေယူလေသိမ်ကို ချက်ချင်း သိရှိကြလေသည်။ ကိုဟင် စကားပြောသောအခါ လူတိုင်းက သူ၏ လေသံသည် ဆီးရီးယား လေသံဖြစ်နေပြီး ငယ်စဉ်ကတည်းက သူ့ကို ပြောဆိုသုံးစွဲခဲ့သည့် အီဂျစ်လေသံ မဟုတ်တော့ကြောင်း သတိပြုမိကြသည်။ ကိုဟင်၏ မိခင်ကြီးသည် ဤအချက်ကို ပထမဦးဆုံး ရိပ်မိသူ ဖြစ်သည်။ သူမသည်လည်း မောရစ်နှင့် အီဖာရီယမ်တို့ကဲ့သို့ မည်သူ့ကိုမျှ ထုတ်မပြောခဲ့ပေ။ ကိုဟင် အပြောင်းလဲကြီး ပြောင်းလဲခဲ့ခြင်းကို သူတစ်ပါးထက် ပိုသိသူမှာ သူ၏ ဇနီး နာဒီယာ ဖြစ်ပါသည်။ သူသည် ပင်ပန်းနွမ်းနယ်နေတတ်ပြီး တစ်ခါတရံတွင် သုန်မုန်နေတတ်ပါသည်။ သူတို့ ဇနီးမောင်နှံ အတူတကွ ရှိနေကြစဉ် ကိုဟင်သည် ငေးငိုင်နေပြီး ငူငူကြီး ဖြစ်နေတတ်ပါသည်။ နာဒီယာသည် ကိုဟင်၏ အလုပ်သည် မည်သည့်အလုပ်မျိုးဖြစ်ကြောင်း ယေဘုယျအားဖြင့် သိနေသည်မှာ ကြာမြင့်ပါပြီ။ သို့သော် သူ၏ ညီများကဲ့သို့ပင် ထုတ်မပြောခဲ့ရှာချေ။ သို့သော်လည်း ဤအကြိမ်တွင်မူ နာဒီယာသည် ကိုဟင်အား မိမိမည်မျှ ယုံကြည်ကြောင်း ပြသချင်စိတ် ပေါ်ပေါက်လာသဖြင့် သူမ လျှို့ဝှက်စွာ သိထားသည့်အချက်ကို ထုတ်ပြောလိုက်ပါသည်။
“ကျွန်မလေ…ဗွေးနိုးဇာရီကို ရှင် မသွားခင်ကတည်းက ကျွန်မ သိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ ရှင့်အတွက် စိတ်လက်မချဖြစ်ပြီး ပူပန်နေတော့မယ်ဆိုတဲ့ အတွေးကို ရှင့်ခေါင်းထဲ မရောက်စေချင်ပါဘူး״ နာဒီယာက ပြုံး၍ ထပ်ပြောလိုက်ပြန်သည်။

“ကဲ ဒီတော့ ကျွန်မလဲ ရှင့်လို အစ္စရေးနိုင်ငံသားကောင်း တစ်ယောက် ဖြစ်တာပဲပေါ့နော်…״
မော့ဆက်ဌာနချုပ်မှ ကိုဟင်၏ အကြီးအကဲများသည် သူ၏ စိတ်ပင်ပန်း လူပင်ပန်းဖြစ်မှုကို သိရှိကြသဖြင့် နောက်ထပ် ခွင့်ရက်များ ခံစားခွင့်ပြုကြလေသည်။ ဒမတ်စကတ်သို့ ပြန်မသွားရန် ကိုဟင်က ဆုံးဖြတ်၍ အခြားတရပ်ကို ပေးရန် တောင်းဆိုလိုပါက သူတို့ ကန့်ကွက်မည် မဟုတ်ကြောင်း သူ့အား ပြောပြကြလေသည်။ လူတိုင်း တွေးကြည့်မျှော်ကြည့်သည်ထက် ပို၍ ကိုဟင် ဆောင်ရွက်ခဲ့ပြီးပြီ မဟုတ်ပါလော။ သို့သော် ကိုဟင်သည် တာဝန်ဆိုသည်မှာ အခြားမည်သည့် အကြောင်းထက်မဆို အရေးကြီးသည်ဟု ခံယူခဲ့သူ ဖြစ်သည်။ သူက သူ၏ အကြီးအကဲများကို ဤအရာသို့ ပြန်ပြောခဲ့ပါသည်။
“ကျွန်တော် နောက်တစ်ခေါက် ပြန်သွားရအုံးမယ် ဒမတ်စကတ်မှာ ကျွန်တော်လုပ်စရာတွေ ရှိနေပါသေးတယ်။ ဒီအလုပ်တွေ ပြီးစီးရင် ကျွန်တော် ပြန်လာပါ့မယ်״
ကိုဟင်၏ ခွင့်ရက်ကုန်ခါနီးတွင် သူနှင့် နာဒီယာ နှစ်ဦးသား ပင်လယ်ကမ်းခြေမြို့ကလေး တစ်မြို့ဖြစ်သော ကေဆားရီးယားသို့ အတူတကွ အနားယူရန် ထွက်ခဲ့ကြသည်။ ဇနီးမောနှံ အတူတကွ နေရသည့် နောက်ဆုံးညတွင် သူတို့သည် မြေထဲပင်လယ်ကို အပေါ်စီးမှ မြင်နေရသော စထရာတွန် ဟိုတယ်တွင် ညစာစားကြသည်။ ထိုအခါ ကိုဟင်သည် ဇနီး နာဒီယာအား သူ၏ ဆုံးဖြတ်ချက်ကို ဖွင့်ပြောခဲ့ပါသည်။ “ငါလေ မင်းနဲ့ ကလေးတွေကို ခွဲပြီး နေရတဲ့ဘဝကို မလိုချင်ဘူး… ငြီးငွေ့လာပြီကွာ… ဒါပေမဲ့ ဒီတစ်ခါ နိုင်ငံရပ်ခြားကို သွားရအုံးမယ်၊ ငါပြန်ရောက်လာရင်လေ မင်းအနားက တစ်ဖဝါးတောင် မခွာတော့ဘူးဆိုတာ ကတိပေးပါတယ်။ တစ်ရက်ကလေးတောင် မခွဲခွာတော့ဘူး သိလား…״ နောက်တစ်နေ့တွင် သူတို့နှစ်ယောက် ခွဲခွာကြရသောအခါ နာဒီယာသည် ဝမ်းနည်းလွန်းသဖြင့် ချုံးချငိုကြွေးခဲ့ရှာသည်။

၁၉၆၅ ခုနှစ် ဇန်နဝါရီလ၏ ညတစ်ည
ညအမှောင်ထုကို အရုဏ်ဦးက တွန်းဖြိုလိုက်သောအခါ ပေါ်ပေါက်လာသည့် နံနက်ခင်း၌ မိုးပြေးကလေး ရွာချနေပါသည်။ အလီကိုဟင်သည် သူ၏ အသံလွှင့်စက်အနီးတွင် ရှိသော အိပ်ရာပေါ်တွင် ပက်လက်လှန်နေသည်။ သူသည် သူ မကြာမီက ပေးပို့ပြီးစီးသွားသော သတင်းရှည်တစ်ပုဒ်အတွက် တဲလာဗီမှ တုံ့ပြန်မှုကို စောင့်ဆိုင်းနေပါသည်။ ညက သူနှင့် အတူညစာစားခဲ့သည့် သူ၏ ရင်းနှီးသော မိတ်ဆွေ ဆာလင်ဟာဟွမ်း ထံမှ သမ္မတ အယ်လ်ဟာဖက်ဇ်နှင့် ဆီးရီးယား ထောက်လှမ်းရေးဌာနအကြီးအကဲများ၏ စစ်ရေးအရ အရေးပါသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို သူသိရှိခဲ့ပါသည်။ သူတို့သည် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ငယ်ကလေးများကို ပြန်လည်စုစည်းပေးပြီး တစ်ခုတည်းသော ညီညွတ်သည့် အကြမ်းဖက်သမား၏ အဖွဲ့ကြီးတစ်ခု အမြန်တည်ဆောက်ပေးရန် စီမံကိန်း ရေးဆွဲနေပါသည်။ ထိုလူများကို ဆီးရီးယား စစ်စခန်းများတွင် လျှို့ဝှက်စွာ သင်ကြားလေ့ကျင့်ပေးပြီး အစ္စရေးနယ်မြေအတွင်း ပြောက်ကျားစစ် ဆင်နွှဲစေမည် ဖြစ်သည်။
“ကျုပ်တို့တတွေ အယ်လ်ဂျီးရီးယားက လွတ်မြောက်ရေးတိုက်ပွဲကို အတုယူပြီး ဂျူးတွေကို မောင်းထုတ်ရမှာပဲ။ ကျုပ်တို့ရဲ့ အယ်လ်ဂျီးရီးယား နောင်တော်တွေ မြောက်အာဖရိကမှာ ရှိတဲ့ ပြင်သစ်နယ်ချဲ့တွေကို တိုက်ထုတ်သလိုပေါ့ဗျာ״ဟု ဟာဟွမ်းက ကိုဟင်အား ပြောခဲ့သည်။

ယင်းဆုံးဖြတ်ချက် ပြုလုပ်ပြီး ၂၄ နာရီအတွင်းမှာပင် အထူးသတင်းဖို့သူလည်း အသေးစိပ် အချက်အလက်များကို အစ္စရေးဝန်ကြီးချုပ်ထံသို့ အရောက်ပေးပို့ပြီး ဖြစ်လေသည်။ ကိုဟင်သည် သူ၏ နာရီကို တစ်ချက်လှမ်းကြည့်လိုက်သည်။ (၈)နာရီ ရှိပါပြီ။ သူသည် သူ၏ အသံဖမ်းစက်ခလုတ်ကို အသာအယာ ကိုင်လိုက်ပြီး မော့ဆက်ဌာနချုပ်က ခါတိုင်း ပေးပို့နေကျဖြစ်သည့် လမ်းရှင်းပါသည် ဆိုသော သင်္ကေတကို သူရမည့်နေရာသို့ တိတိကျကျ ရောက်အောင် လှည့်လိုက်သည်။ ရုတ်တရက် သူ၏ အခန်းတံခါးမကို ခပ်ကြမ်းကြမ်း ထုရိုက်သံကြားလိုက်ရသည်။ ကိုဟင် ဘာမျှ မလုပ်နိုင်မီ သစ်သားတံးခါးရွက်သည် အစိတ်စိတ်ကွဲပြီး ပစ္စတိုကိုင်ထားကြသော လူ(၈)ယောက် အတင်းဝင်ရောက်လာကြသည်။ သူတို့ကား အရပ်ဝတ်အရပ်စားနှင့် ဖြစ်သည်။ ကမီးအာမင် တားဘက်စ်သည် သူ၏ လက်တစ်ဖက်နှင့် အသံလွှင်စက်ကို ခပ်မြန်မြန်လှမ်းအုပ်လိုက်သောအခါ ပစ္စတို(၂)လက်သည် သူ၏ ဦးခေါင်းကို တေ့ထားလိုက်လေသည်။
“မလှုပ်နဲ့နော်…״
ထိုလူများက သူ့အား အော်ပြောလိုက်သည်။ သူ၏ အိပ်ရာဘေးသို့ အတင်းတိုးဝင်လာသူမှာ ယူနီဖောင်းဝတ် တစ်ဦးပင် ဖြစ်သည်။ ကိုဟင်သည် ထိုသူအား ချက်ချင်း မှတ်မိလိုက်ပါသည်။ သူသည် တန်ပြန်ထောက်လှမ်းရေးဌာ၏ အကြီးအကဲဖြစ်သူ ဗိုလ်မှူးကြီး အာမက် ဆိုဝေဒါနီ ဖြစ်သည်။ ဇာတ်လမ်းပြီးဆုံးခြင်းသို့ ရောက်ခဲ့ပေပြီ။

နောင်သောအခါ လက်ဘနွန် သတင်းစာများနှင့် အမေးအဖြေပြုလုပ်ရာ၌ ဗိုလ်မှူးကြီး ဆိုဝေဒါနီက သူ ကမီးအာမင် တာဘက်စ်ကို မသင်္ကာခဲ့သည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျုပ် သူ့နောက်က လိုက်နေတာ ကြာပါပြီ။ သူ့ အခန်းကို လာတဲ့သူ သူ့အခန်းက ထွက်လာတဲ့ လူတွေကို သေသေချာချာ စောင့်ကြည့်နေခဲ့ပါတယ်။ သူ့ အိမ်ခေါင်မိုးပေါ်မှာ အသံလွှင်စက် ကောင်းကင်ကြိုးကို ကျုပ်ကိုယ်တိုင် တွေ့ခဲ့တယ်။ သူမှာရှိတဲ့ အပေါင်းအသင်း မိတ်ဆွေနဲ့ အဆက်အသွယ်တွေရဲ့ နာမည်စာရင်းကို ကြည့်လိုက်တာနဲ့ သူဟာ တော်တော် ကြောက်စရာကောင်းတဲ့ သူလျှိုတစ်ယောက် ဖြစ်မယ်ဆိုတာ ကျုပ်သိခဲ့ပါတယ်။ သူ့ရဲ့ တယ်လီဖုန်းကိုလည်း ကျုပ်တို့ ကြားဖြတ်နားထောင်းထားပြီး သူ့ရဲ့ စာတွေပါ ဖွင့်ဖတ်ခဲ့ပါတယ်״
စင်စစ် ဗိုလ်မှူးကြီး ဆိုဝေဒါနီသည် အမှန်မပြောဘဲ ဖြီးခြင်းဖြစ်သည်။ လက်ဆုပ်လက်ကိုင် မိနေပြီမို့ သူ့အတွက် ဖြီးရန် အကြောင်းခိုင်လုံနေပြီ မဟုတ်ပါလော။ ဒမတ်စကတ်တွင် ကမီးအာမင် တားဘက်စ် သူလျှိုလုပ်ငန်း လုပ်ကိုင်နေသည့် (၃)နှစ်တာ ကာလပတ်လုံး သူဟန်ဆောင်ယူထားသော ဘဝကို မည်သူကမျှ သံသယစိုးစဉ်း မရှိခဲ့ပါ။ သူ၏ မည်သည့် အပေါင်းအသင်း မိတ်ဆွေမျှ နောက်ယောင်ခံ၍ အလိုက်မခံရပါ။ အဖမ်းအဆီးလည်း မခံရပါ။ မယုံသင်္ကာမှုဖြင့် စောင့်ကြည့်ခြင်းလည်း မခံရပါ။ ကိုဟင်ကို ဖမ်းမိခြင်းသည် ဗိုလ်မှူးကြီး ဆိုဝေဒါနီ သတိဝီရိယနှင့် စောင့်ကြည့်၍လည်း မဟုတ်ပါ။ ကိုဟင်၏ အကွက်မှားကြောင့်လည်း မဟုတ်ပါ။ သို့သော် အလီကိုဟင်ကို ဖမ်းမိခြင်းသည် အနီးတွင်ရှိသော အိန္ဒိယသံရုံးမှ ရေဒီယိုအသံဖမ်းသူများက လပေါင်းများစွာကပင် တင်ပြထားသော တိုင်တန်းချက်များနှင့် ဆက်သွယ်နေပါသည်။

နယူးဒေလီသို့ အသံလွှင့်ပေးပို့နေသော သူတို့၏ သတင်းများတွင် လေလှိုင်းအနှောင့်အယှက်များ ဝင်နေပါသည်ဟု သူတို့က ဆီးရီးယား အစိုးရအား တိုင်တန်းခဲ့ကြသည်။ ဆီးရီးယား အာဏာပိုင်များက ထိုအနှောင့်အယှက် ပေးနေသည့် ပင်ရင်းနေရာကို ဖော်ထုတ်ရန် ကြိုးစားခဲ့ကြသော်လည်း သူတို့တွင် ရှိသော စက်ကိရိယာများက သိပ်ခေတ်မမှီသဖြင့် မတွေ့ရှိကြချေ။ မည်သို့မည်ပုံ လျှို့ဝှက်ချက် ပေါ်ပေါက်ခဲ့သည်ဆိုသော အသေးစိပ် အချက်အလက်များကို ယနေ့တိုင် မည်သူမျှ မသိကြရပါ။ အနီးဆုံး ခန့်မှန်းသိရှိသည့် အချက်မှာ ဆီးရီးယားတွင် (၂)နှစ်ကျော်မျှ အလုပ်လုပ်နေကြသော ဆိုဗီယက်အကြံပေးအရာရှိများအား ထိုလျှို့ဝှက်ချက်ကို ကူညီဖြေရှင်းပေးရန် အကူအညီတောင်းခဲ့သည့် အချက်ဖြစ်ပါသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် အိန္ဒိယသံရုံး အနီးမှနေ၍ တရားမဝင်သော သတင်းများကို အသံလွှင့်စက်နှင့် ပေးပို့နေကြောင်း သူတို့ သိရှိလာလေသည်။ ရုရှားတို့ ဆီးရီးယား၌ အသုံးပြုနေပြီဖြစ်သော သို့မဟုတ် မော်စကိုမှ တမင်ပေးပို့လိုက်သည်ဟု ထင်ရသော ကမ္ဘာတွင် ခေတ်မီဆုံးဖြစ်သည့် ရွေ့လျားနိုင်သော ဤရှာဖွေရေးစက်များသည် ဆီးရီးယား တပ်မတော်ဌာနချုပ်တဝိုက် လမ်းမများပေါ်တွင် စတင်ရွေ့လျားကာ စုံစမ်းလေတော့သည်။ လိုက်လံ ရှာဖွေနေသူများသည် အလီကိုဟင် အသံလွှင့်ပေးပို့နေသော အသံကို ဖမ်းယူမိလေသည်။ သို့ရာတွင် ကိုဟင်သည် ထိုအသံဖမ်းသူများ ချက်ချင်း သူ၏ နေရာကို သိရှိသွားနိုင်လောက်အောင် သတင်းကို ရှည်လျားစွာ ပေးပို့နေခြင်း မဟုတ်ပါ။ ထို့ကြောင့် ကိုဟင်ကို မဖမ်းမီ တစ်ညက သူ့အိမ်အနီးက အိမ်ကို သတင်းပို့နေသည့် နေရာထင်မှတ်ပြီး ဝိုင်းဝန်းထားကာ အပေါ်ထပ်မှ အောက်ထပ်အထိ အခန်းစေ့ ရှာဖွေခဲ့ကြပါသည်။

အလီကိုဟင် ဤကိစ္စကို ဘာမျှ မသိရှာပေ။ သူသည် သတိပိုမိုထား လိုက်နိုင်ပါသည်။ နောက်ဘက်မှ သတိပေးသော အချက်ပြမီးများက ထင်ထင်ရှားရှား ပြသနေပါသည်။ သူ့ကို မဖမ်းဆီးမီ (၂)ညအလိုတွင် သူသည် တဲလာဗီသို့ သတင်းပို့ရင်း သူ၏ အခက်အခဲကို ပြောပြခဲ့ရှာသည်။ သူသည် သတင်းပို့ရာ၌ ခါတိုင်းနှင့် မတူသော လျှပ်စစ်ဓာတ် ပိတ်ထားမှုနှင့် ကြုံတွေ့ရသဖြင့် အခက်အခဲများ ရှိသည်ဟု ပြောပြလိုက်သည်။ လျှပ်စစ်ဓာတ် မလာသောအခါ သူသည် ဓာတ်ခဲများကို သုံး၍ သတင်းပို့လေတော့သည်။ သူ့ကို ဖမ်းဆီးသည့် နံနက်ကလည်း သူတို့ရပ်ကွက်တွင် လျှပ်စစ်ဓာတ် မလာပါ။ ကိုဟင်သည် ဓာတ်ခဲများ သုံး၍ သတင်းပို့ပြန်သည်။ လျှပ်စစ်ဓာတ်ကို ပေးလိုက် မပေးလိုက် လုပ်နေခြင်းကို သူ မသိရှိတော့ချေ။ သူရှိနေသည့် နေရာကို ဖော်ထုတ်ခြင်းသည် လွယ်ကူလှပေသည်။ သူ၏ အသံလွှင့်စက် တစ်လုံးတည်းသာ လျှပ်စစ်ဓာတ် မလာချိန်၌ အလုပ်လုပ်နေခဲ့ပါသည်။ ကိုဟင် နေသည့် အဆောက်အအုံကို အသံလွှင့်နေသည့် ပင်ရင်းနေရာဟု သိရှိသည်နှင့် တပြိုင်နက် ရှရှားတို့သည် တန်ပြန်ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များအား အိမ်ခေါင်မိုးကို စတင်ရှာဖွေခိုင်းလေသည်။ အိမ်ခေါင်မိုးပေါ်တွင် သူတို့သည် ကောင်းကင်ကြိုးကို ခလုတ်တိုက်မိပြီး ကြိုးသည် အလီကိုဟင်၏ အခန်းထဲသို့ ဝင်သွားကြောင်း သိရှိလေတော့သည်။

ဗိုလ်မှူးကြီး ဆိုဝေဒါနီသည် ချက်ချင်းပင် သမ္မတကြီး အယ်လ်ဟာဖက်ဇ် ထံသို့ သတင်းပို့လိုက်လေသည်။ သမ္မတကြီးက မယုံကြည်လောက်အောင် အံ့သြသွားရပြီး စိတ်လည်း အတော် ထိခိုက်သွားလေသည်။ သူ အလွန်ယုံကြည်ခဲ့သော သူ၏ မိတ်ဆွေသည် သူ့အား သစ္စာဖောက်ခဲ့ပေပြီ။ ဆိုဝေဒါနီက သူလျှိုကို လွှတ်ထားပြီး ရက်အနည်းငယ်ကြာ စောင့်ကြည့်လျှင် ကောင်းမည်ဟု အကြံပြုလိုက်သည်။ သူက ကိုဟင်ကို တည်ကြက်လို ထောင်၍ ပူးပေါင်းလုပ်ကိုင်နေသော အခြား အသံလွှင့်အော်ပရေတာများအပြင် သူ့ကို ကူညီနေကြသော သစ္စာဖောက်များ၏ နာမည်များကို ဖော်ထုတ်လိုပါသည်။ ဗိုလ်မှူးကြီး ဆိုဝေဒါနီသည် ကိုယ်ပိုင် နိုင်ငံရေးရည်မှန်းချက်များ ရှိသူဖြစ်သဖြင့် ဤကိစ္စကို အစွမ်းကုန် အမြတ်မထုတ်ရန် စိတ်အားသန်နေပါသည်။ အယ်လ်ဟာဖက်ဇ်ကလည်း ဆိုဝေဒါနီအား ဤကိစ္စ လုံးဝ တာဝန်ယူစေပါက သူကြုံတွေ့ရမည့် နိုင်ငံရေး ကျဆုံးခန်းများကို ချက်ချင်း သိမြင်လိုက်သည်။ သူသည် ကမီတားဘက်စ်ကို ချက်ချင်းဖမ်းဆီးရန် အမိန့်ပေးလိုက်သည်။ သို့သော် ဤသို့ ဖမ်းဆီးခြင်းကို ပြည်သူလူထုအား လောလောဆယ် အသိမပေးရန်လည်း မှာကြားလိုက်သည်။
“ဒီကိစ္စဟာ နိုင်ငံတော် လုံခြုံရေးနဲ့လည်း မပတ်သက်စေနဲ့နော်״ဟု အယ်လ်ဟာဖက်ဇ်က သတိပေးထားခဲ့လေသည်။

ထို့ကြောင့်ပင် ဗိုလ်မှူးကြီး ဆိုဝေဒါနီသည် ကမီးအာမင် တားဘက်စ်၏ အခန်းထဲသို့ အတင်းချိုးဖောက် ဝင်ရောက်လာစဉ်က သူလျှို၏ မူလဇာစ်မြစ် အစစ်အမှန်ကို လုံးဝမသိခဲ့ခြင်း ဖြစ်သည်။ သူလျှိုကို တဲလာဗီက ငွေးပေးခိုင်းစေကြောင်း ခန့်မှန်းကြည့်လျှင် လွယ်ကူစွာ သိနိုင်သော်လည်း သူလျှိုသည် မည်သူမည်ဝါအတွက် ထောက်လှမ်းပြုလုပ်နေကြောင်း တိတိကျကျ သူဘာမျှ မသိခဲ့ပါ။ ဆိုဝေဒါနီသည် အိပ်ရာပေါ်တွင် အဖမ်းခံထားရသော ကိုဟင်၏ အပေါ်မှ ဆီး၍ မတ်တပ်ရပ်ပြီး အော်လိုက်သောအခါ သူ၏ အသံသည် အမျက်ဒေါသအပြင် ကျေနပ်နှစ်သိမ့်ခြင်းလည်း ပါဝင်နေပေသည်။ သူသည် အသံကုန် ဟစ်အော်နေပါသည်။
“ငါတို့ မင်းကို ဖမ်းမိပြီကွ… ဝက်မသားရဲ့၊ မင်း ဘယ်သူလဲဟင်… မင်းရဲ နာမည်ရင်းဟာ ဘယ်သူလဲ ပြောစမ်း၊ မင်းက သူ့အတွက် ဒီမှာလာ သူလျှိုလုပ်နေတာလဲ…״
အဖြေကတော့ တည်ငြိမ် အေးဆေးလှပါသည်။

“ကျွန်တော် အာဂျင်တီးနားက လာတဲ့ အာရပ်လူမျိုး ကမီးအာမင် တားဘက်စ် ဖြစ်ပါတယ်״
“အေး… ကြည့်ရသေးတာပေါ့ကွာ…״
ဆီးရီးယား ထောက်လှမ်းရေး ခေါင်းဆောင်က ကြောက်မက်ဖွယ် အသံနှင့် ပြန်အော်လိုက်သည်။
“မင်း ခဏစောင့်အုံး သိလား၊ မင်းကို သတ်ပစ်မယ်၊ အေး မင်းမသေခင် အလ္လာအရှင်မြတ် တန်ခိုးနဲ့ မင်းကို အကုန်ဖွင့်ပြောခိုင်းမယ်ကွ၊ မင်း ငါတို့ကို တစ်ခုမကျန် ဖွင့်ပြောရမယ်။ မင်းရဲ့ ကြံရာပါတွေရဲ့ နာမည်အားလုံးကို မင်းပြောပြရမယ်၊ မင်းလူဖြစ်ခဲ့တာ မှားခဲ့ပြီလို့ နောင်တရစေရမယ်ဟေ့ သိလား״

ဗိုလ်မှူးကြီး ဆိုဝေဒါနီ အော်ဟစ် ငေါက်ငမ်းနေချိန်၌ သူ့လူများသည် ကိုဟင်၏ အိမ်ခန်းထဲမှ အခန်း(၅)ခန်းစလုံးကို ရှာဖွေလေတော့သည်။ သူတို့သည် အောင်မြင်ဝင့်ကြွားသော အသံဖြင့် ဒုတိယအသံလွှင့်စက်ကို တွေ့ကြောင်း အော်ပြောလိုက်သည်။သူတို့သည် ယတ်ဒလေ ကိုယ်တိုက်ဆယ်ပြာတုံးများကို ခွဲလိုက်သောအခါ အတွင်းတွင် လွှစာမှုန့်များ ဖုံး၍ ထည့်ထားသော ပေါက်ကွဲစေနိုင်သည့် ဗုံးအမျိုးမျိုး၊ စနက်တံအသေးစားများ၊ အဆိပ်ဆေးပြားများကို တွေ့ကြရသည်။ ဒိုင်းနမိုက်များနှင့် အခြားသူလျှိုလုပ်ငန်းအတွက် သုံးသည့် ပစ္စည်းများကိုလည်း တွေ့ရလေသည်။ လက်ရှိအခြေအနေတွင် ဆိုဝေဒါနီသည် ထိုပစ္စည်းများအတွက် ကမီးတားဘက်စ်ထံမှ တစ်ခုတည်းသော အဖြေကိုသာ ရရှိပါသည်။
“ဗုံးတွေကတော့ အဖျက်လုပ်ငန်းတွေအတွက် သုံးဖို့ မဟုတ်ပါဘူး။ ကျွန်တော် အချိန်ရလို့ရှိရင် ဒီအသံလွှင့်စက်(၂)လုံးကို ဖောက်ခွဲပစ်လိုက်ဖို့ပါပဲ״ နောက်ထပ်(၃)ရက်ကြာသောအခါ၌ ဆီးရီးယား ထောက်လှမ်းရေးအဖွဲ့ဝင်များသည် ကိုဟင်၏ အခန်းကို စက္ကူစာရွက်လို အစိပ်စိပ်အမွှမွှာ ဆုတ်ဖြဲခဲ့ပြီဟု ဆိုနိုင်ပေတော့သည်။ လူပေါင်း တစ်ဒါဇင်ခန့်သည် အဝတ်အစားများကို အပိုင်းပိုင်းညှပ်ပစ်ကြသည်။ အိမ်ထောင်ပရိဘောဂများကို ရိုက်ချိုးကြသည်။ မျက်နှာကျက်နှင့် နံရံများကိုလည်း တွန်းဖြိုဆွဲချကြလေသည်။ သူတို့သည် ကမီးတားဘက်စ်က အမှန်တကယ် ဝှက်ထားမည့် အခြားသော သူလျှိုများ၏ စာရင်းကို လိုချင်ကြပေသည်။ အဖမ်းခံရသော သူလျှို ကိုဟင်သည် ဤကာလအတောအတွင်း နှိပ်စက်ခြင်း မခံရပါ။ သို့သော် ဗိုလ်မှူးကြီး ဆိုဝေဒါနီ ကိုယ်တိုင်နှင့် သူ၏ လက်ထောက် အက်ဒနန်တီဘားရားတို့သည် သူ့အား တစ်နာရီပြီး တစ်နာရီ အနားမပေးတော့ဘဲ မေးခွန်းတွေထုတ်ကာ စစ်ဆေးမေးမြန်းလေတော့သည်။

“မင်းရဲ့ တခြာ အသံလွှင့်စက်တွေ ဘယ်မှာ ထားသလဲ״ဟု သူတို့က သူ့အား မေးမြန်းခဲ့သည်။
“ကျွန်တော့မှာ စက်(၂)လုံးပဲ ရှိပါတယ်။ ကျွန်တော်အဖို့ ဒီ(၂)လုံးဟာ လုံလောက်ပါတယ်״ဟု ကမီးအာမင်တားဘက်စ်က ပြန်ဖြေလိုက်ပါသည်။ ကိုဟင် ဖမ်းမိးသည့် ညနေက ဆီးရီးယားတို့သည် သူ့အား တဲလာဗီသို့ သတင်းပို့ရန် အမိန့်ပေးခဲ့သည်။ ပစ္စတိုတစ်လက်ကို သူ၏ လည်ပင်းတွင် ထောက်ထားပြီး ခိုင်းစေသည့်အတိုင်း ပြုလုပ်သည်/မလုပ်သည်ကို ကြည့်ရှုရန် ရေဒီယို အော်ပရေတာ တစ်စုက ဘေးမှထိုင်လျက် ရှိနေပါသည်။ ကိုဟင်၏ လက်ထဲတွင် ဗိုလ်မှူးကြီး ဆိုဝေဒါနီ နှုတ်တိုက်ချပေးထားသော သတင်းပို့ချက် တစ်ခု ကိုင်ထားပါသည်။ ဗိုလ်မှူးကြီး၏ အကြံမှာ တဲလာဗီသို့ သတင်းမှားပေးပို့လိုက်ပြီး အစ္စရေးတို့အား မျက်စိလည်သွားစေမည့် သို့မဟုတ် ဆီးရီးယားတွင် ရှိသော သူလျှိုအဖွဲ့အစည်းများအကြောင်း သူတို့ အသေးစိပ် ဖွင့်ပြောလာအောင် လှည့်ဖျားရန်ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကမီးတားဘက်စ်သည် သူ့အား စေခိုင်းသည့်အတိုင်း ပြုလုပ်ခဲ့ပါသည်။ သူသည် သတင်းပို့သည့် စက်ကလေးကို ခေါက်၍ အသံလွှင့်ပေးပို့နေသောအခါ ဗိုလ်မှူးကြီး ဆိုဝေါနီ ပေးထားသော စာသားအတိုင်း အတိအကျ သူပေးပို့သည်/မပို့သည်ကို သေချာစွာ သိရှိရန် ဆီးရီးယား ရေဒီယိုပညာရှင်များက သူ၏ လှုပ်ရှားပုံကို စောင့်ကြည့်နေကြလေသည်။

ကိုဟင်သည် သူတို့ စိတ်ကြိုက်သတင်း ပေးပို့ခဲ့ပါသည်။ မကြာမီမှာပင် မော့ဆက်ဌာနချုပ်မှ သူ၏ သတင်းပို့ချက်ကို လက်ခံရရှိကြောင်း ပြန်ကြားချက် ရောက်လာသည်။ ဆီးရီးယားတို့သည် သူတို့၏ လှည့်ကွက် အောင်မြင်သဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။ သို့သော် သူတို့သည် မသိလိုက်သည့်အချက်မှာ ကိုဟင်သည် သူသတင်းပို့သည့် အမြန်နှုန်းနှင့် အဖြတ်အတောက်ကို မသိမသာ ပြောင်းလဲလိုက်ခြင်းပင် ဖြစ်သည်။ ဤသို့ ပြောင်းလဲလိုက်ခြင်းသည် ဆီးရီးယားတို့အဖို့ ဘာမျှ အဓိပ္ပါယ်မရှိပါ။ အစ္စရေးတို့အတွက်မူ အဓိပ္ပါယ်တစ်ခုသာ ထွက်ပါသည်။ သူတို့၏ လူက သူတို့အား “ကျွန်တော့်ကို ဖမ်းမိသွားပြီ״ဟု ပြောလိုက်ခြင်းပင် ဖြစ်သည်။ မော့ဆက်၏ ဆက်သွယ်ရေးဌာနမှ သတင်းဖမ်းယူသူ အော်ပရေတာများသည် သူတို့၏ သူလျှိုထိပ်သီးထံမှ ပေးပို့လိုက်သောသတင်းကို ကြိုးခွေနှင့် ဖမ်းယူထားပြီး ယင်းကြိုးခွေကို အကြိမ်ကြိမ်အခါခါ ဖွင့်ပြကြပါသည်။
“ခင်ဗျားတို့ သတင်းယူတာများ မှားသလားဗျာ״

ဒါးဗစ်ခ်ျက သူတို့ကို တောင်းတောင်းပန်ပန် မေးရှာသည်။ ဤသတင်းဝင်လာသည်နှင့် ချက်ချင်းပင် သူ့အား အိမ်မှ သွားရောက်ခေါ်လာခြင်း ဖြစ်လေသည်။ သို့သော် သတင်းဖမ်းရာ၌ ကျွမ်းကျင်သူ အတတ်ပညာရှင်များသည် သူတို့၏ ဆုံးဖြတ်ချက်ကို အခိုင်အမာ တင်ပြခဲ့ခြင်း ဖြစ်ပါသည်။ အလီကိုဟင် တစ်ယောက် ဆီးရီးယန်းတို့၏ လက်ထဲဝယ် အကျဉ်းသား ဖြစ်ခဲ့ပေပြီ။ သူသည် သတင်းပေးပို့သည့် အမြန်နှုန်းနှင့် အဖြတ်တောက်ကို တမင်ပြောင်းလဲပေးပို့ခဲ့သည်မှာ ထင်ရှားလှပါသည်။ သူသည် သူ၏ ဌာနချုပ်သို့ မိမိသည် ယခု သေရတော့မည် လူဖြစ်နေပြီဟု သတိပေးလိုက်ခြင်း ဖြစ်သည်။ မော့ဆက်အဖွဲ့ခေါင်းဆောင်အား အသိပေးလိုက်ပြီးနောက် ဝန်ကြီးချုပ်အဖြစ် ဘင်ဂူရီယန်အား ဆက်ခံသူ လီဗီအက်ရှ်ကောထံသို့လည်း ကိုဟင် ဖမ်းဆီးခံရကြောင်း သတင်းကို ပို့ပေးခဲ့ပါသည်။ နောက်တစ်နေ့ မနက်တွင် ဆိုဝေဒါနီသည် ကိုဟင်အား တဲလာဗီသို့ စကားဝှက်နှင့် သတင်းတစ်ခု ပို့စေပြန်သည်။ အဖြေပြန်ရောက်လာသောအခါ အစ္စရေးတို့ သူဆင်ထားသော ထောက်ချောက်ထဲတွင် မိပြီဟု သူယုံကြည်သွားတော့သည်။

အလီကိုဟင်က အဓိပ္ပါယ်တစ်မျိုး သိလိုက်ပါသည်။ တဲလာဗီက သူပေးပို့လိုက်သော သတိပေးချက်ကို နားလည်ကြောင်း ပြန်ကြားလိုက်ခြင်း ဖြစ်သည်။ သူတို့ တမင် အချိန်ဆွဲနေခြင်း ဖြစ်သည်။ သူ၏ သတင်းပို့သော သင်္ကေတများသည် တစ်ခါမျှ မပျက်ခဲ့ဘူးပါ။ သတင်းတစ်ခုလုံး ပြန်ပို့ရန်လည်း သူ့အား မပြောခဲ့ကြဘူးပါ။ ဗိုလ်မှူးကြီး ဆိုဝေဒါနီသည် သူ၏ လှည့်ကွက်ကို ရက်သတ္တပတ် အတော်ကြာ ဆက်လက်ဆင်ထားနိုင်သဖြင့် အတော်ပင် ဝမ်းမြောက်နေသည်။ သို့သော် ဆီးရီးယား သမ္မတကြီးက သူလျှိုကိစ္စကို အမြန်ဆုံး ရှင်းလင်းပစ်လိုသည်။ ထိုကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်စစ်ဆေးလိုသည်။ ဆိုဝေဒါနီသည် အလွန်ကြောက်စရာကောင်းသော သူ၏ ပြိုင်ဖက်တစ်ဦး ဖြစ်သည်။ သူက ကမီးကားဘက်စ်သည် အုပ်ချုပ်သူ အသိုင်းအဝိုင်းနှင့် ရင်းနှီးသည်ဆိုသော အချက်ကို ထောက်ပြအသုံးချ၍ သမ္မတကြီး၏ နေရာကို ရရှိအောင် ကြိုးစားမည်မှာ သေချာနေပါသည်။ ထို့ကြောင့်ပင် သမ္မတကြီးသည် ဗိုလ်မှူးကြီးကို အစ္စရေးတို့အား လှည့်ကွက်ပြုလုပ်ခြင်းကို လုံးဝ မလုပ်တော့ရန် အမိန့်ပေးလိုက်သည်။

ဇန်နဝါရီလ(၂၄)ရက်နေ့ နံနက်တွင် ဗိုလ်မှူးကြီး ဆိုဝေဒါနီသည် အလီကိုဟင်အား အောက်ပါသတင်းကို ပို့ခိုင်းလိုက်လေသည်။
အစ္စရေးနိုင်ငံ ဝန်ကြီးချုပ်နှင့် တဲလာဗီမှ ထောက်လှမ်းရေးအဖွဲ့ ခေါင်းဆောင်များ သိသာရန် အကြောင်းကြားလိုက်ပါသည်။ “ကမီးနှင့် သူ၏ မိတ်ဆွေများသည် ကျုပ်တို့၏ ဧည့်သည်များအဖြစ် ဒမတ်စကတ်တွင် ရှိပါသည်။ သူတို့၏ ကံကြမ္မာကို မကြာမီတွင် ကြားကြရပါလိမ့်မည်״ ဤသတင်း၏ အောက်တွင် ဆီးရီးယား တန်ပြန်ထောက်လှမ်းရေးအဖွဲ့ဟု လက်မှတ်ရေးထိုးထားပါသည်။ မိနစ်ပိုင်းအတွင်းမှာပင် မော့ဆက်သည် ဝန်ကြီးချုပ် လီဗီအက်ရှ်ကော၏ စားပွဲပေါ်သို့ ဤသတင်းကို တင်ပေးခဲ့သည်။ နောက် တစ်နာရီ ကြာသောအခါ ဒမတ်စကတ် ရေဒီယိုသည် အစ္စရေးနိုင်ငံမှ သူလျှိုတစ်ဦးကို ဖမ်းဆီးရမိကြောင်း ကြေညာခဲ့လေသည်။ ယင်းသတင်းသည် မော့ဆက်အကြီးအကဲများအား စိတ်ထိခိုက်သွားစေပါသည်။ သို့သော်လည်း ယင်းသတင်းကြောင့် အရေးပါသော အထက်ပိုင်းမှ ဆီးရီးယား အတော်များများသည် မိမိတို့ အသက်ဘေးအတွက် ထိတ်လန့်တုန်လှုပ်သွားကြလေသည်။ သမ္မတကြီးသည် မိမိနှင့် မိမိ၏ မိတ်ဆွေများအတွက် အကာအကွယ်ယူသည့်အနေနှင့် ဆာလင်ဟာတွမ်းနှင့် ဆာလားအယ်လီ (၂)ယောက်ကို တားဘက်စ်၏ အိမ်ခန်းသို့ ပို့၍ ကူညီစစ်ဆေးမေးမြန်းခြင်း ပြုစေသည်။ အယ်လ်ဟာဖက်ဇ်က ခံစားချက် လုံးဝမပါသော လေသံနှင့် ဗိုလ်မှူးကြီး(၂)ဦးကို ဤသို့ ပြောလိုက်သည်။

“ခင်ဗျားတို့(၂)ယောက်က ဒီအခန်းအကြောင်းကို ဒမတ်စကတ်မှာ ရှိတဲ့သူတွေထက် ပိုသိနိုင်ပါတယ်״
သမ္မတကြီးသည် သူယုံကြည်စိတ်ချရသော သူ၏ စစ်ဗိုလ်များ ကမီးအာမင်တားဘက်စ်၏ အိမ်ခန်းတွင် မိန်းမများနှင့် ချစ်ဗျူဟာခင်းခဲ့ကြသည်ကို ကောင်းကောင်း သိရှိပါသည်။ ဗိုလ်မှူးကြီး ဆိုဝေဒါနီသည် သမ္မတကြီးထံမှ အကူအညီစေလွှတ်လိုက်သဖြင့် သိပ်ဝမ်းမသာလှပါ။ သမ္မတကြီး၏ ဗိုလ်မှူးကြီး(၂)ဦးက အကျဉ်းသားအား ဇန်နဝါရီလ(၂၄)ရက်နေ့ ညတွင် အမှတ်(၇ဝ) သံချပ်ကာတပ်မ ဌာနချုပ်ရှိရာ မြို့ပြင်သို့ ပြောင်းရွှေ့ချုပ်နှောင်ရန် ဆုံးဖြတ်ကြသည်။ ထိုအခါ မိမိသည် ထောက်လှမ်းရေးလောကတွင် သမိုင်းတွင်စေခဲ့သည်ဟု ဂုဏ်ယူဝင့်ကြွားနေသော ဆိုဝေဒါနီ၏ လေသံသည် တိတ်ဆိတ်သွားပြီး တစ်ကိုယ်တည်း ကြိတ်၍ ဒေါသဖြစ်နေတော့သည်။ နာရီအနည်းငယ်ကြာသောအခါ သမ္မတကြီး အယ်လ်ဟာဖက်ဇ်သည် စစ်စခန်းသို့ ကားနှင့် ရောက်လာသည်။ သူရောက်လာသောအခါ ဗိုလ်မှူးကြီး ဆိုဝေဒါနီသည် အကျဉ်းသားအား သမ္မတကြီးထံသို့ ခေါ်ထုတ်လာရန် အမိန့်ပေးလိုက်သည်။ ဆီးရီးယား သမ္မတကြီးထံသို့ အကျဉ်းသားအား မိတ်ဆက်ပေးနေစရာ မလိုပါ။ သူ့ရှေ့မှောက်တွင် မတ်တပ်ရပ်နေသူမှာ ဗွေးနိုးဇာရီတွင် သူစတင် တွေ့ရှိရင်းနှီးခဲ့ပြီး ဒမတ်စကတ်တွင် သူအလွန်ယုံကြည်ခဲ့ရသည့် အာဂျင်တင်း အမျိုးသား အာရပ်ပင် ဖြစ်ပါသည်။

သူ၏ ဇနီးသည် ကမီးတာဘက်စ် ဥရောပမှ အပြန် ဝယ်လာကာ လက်ဆောင်အဖြစ်ပေးခဲ့သော သားမွှေးအင်္ကျီကို ဝတ်ဆင်နေဆဲပင် ဖြစ်သည်။ ဤသစ္စာဖောက်သည် သူ၏ သမ္မတနန်းတော်သို့ အကြိမ်ကြိမ်အခါခါ လာရောက်ခဲ့ပြီး ရောက်လာတိုင်း သူက ညီအစ်ကိုရင်းချာ တစ်ယောက်ကဲ့သို့ ပြုစုဧည့်ခံခဲ့ရသည်။ ထိုသူသည် အောင်မြင်တိုးတက်လွန်းသဖြင့် ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး အစိုးရအဖွဲ့ထဲတွင် ရာထူးတစ်နေရာ ရလုနီး ဖြစ်ခဲ့သည်။ အယ်လ် ဟာဖက်ဇ်သည် မိမိကို နောင်တစ်ချိန်တွင် ဆက်ခံသူအဖြစ် ထိုသူအား လက်သပ်မွေးရန်ပင် စဉ်းစားခဲ့ပါသည်။ သူတို့နှစ်ယောက်သည် တစ်ဦးကိုတစ်ဦး တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်နေမိကြသည်။
သူလျှိုက စတင်၍ ပြောလိုက်ပါသည်။
“ကျွန်တော် တဲလာဗီက အလီကိုဟင် ဖြစ်ပါတယ်။ အစ္စရေး တပ်မတော်က စစ်သားတစ်ယောက်ပါပဲ״

ဗိုလ်မှူးကြီး ဆုဝေဒါနီသည် ဒမတ်စကတ်တွင် ရှိသော သူ၏ နိုင်ငံရေး ရန်သူများကို ဖြုတ်ချရန် ကြိုးစားရာ၌ လက်ဘနွန် အမျိုးသား သတင်းစာတစ်စောင်နှင့် တွေ့ဆုံမေးမြန်းချက်များ ပြုလုပ်ပြီး မကွယ်မထောက် ဖွင့်ချခြင်း၊ မိမိ၏ အရည်အချင်းများကို ဖော်ပြခြင်းများ ပြုလုပ်လေသည်။ သမ္မတ အယ်လ် ဟာဖက်ဇ်ကလည်း ထိုနည်းအတိုင်းပင် မိမိနှင့် မိမိ၏ မိတ်ဆွေများအပေါ် အပြစ်ကို လှီးလွှဲဖယ်ရှားကာ ဖြေရှင်းခြင်းများ ပြုလုပ်လေတော့သည်။ သတင်းစာ တစ်စောင်နှင့် သီးခြားလုပ်ခဲ့သော အင်တာဗျူးတစ်ခု၌ သမ္မတကြီးက အောက်ပါအတိုင်း ဖွင့်ပြောခဲ့သည်။ “ကျုပ် အကျဉ်းသားကို ကိုယ်တိုင် မေးမြန်းကြည့်ပြီးပါပြီ။ ပထမပိုင်းမှာ ကျုပ်ရဲ့ ထောက်လှမ်းရေးအဖွဲ့က သူဟာ အာဂျင်တီးနားမှာ ရှိတဲ့ အစ္စရေးသူလျှိုတွေက ပို့ထားတဲ့ ကမီးအာမင် တားဘက်စ်လို့ ခေါ်တဲ့ အာရပ်အစစ် တစ်ယောက်လို့ ယုံကြည်ကြတယ်လေ။ ဒါပေမယ့် ကျုပ်ကတော့ သူ့မျက်လုံးကို ကြည့်လိုက်တာနဲ့ မိနစ်ပိုင်းအတွင်းမှာ သူဟာ ဂျူးလူမျိုးတစ်ယောက် ဖြစ်တယ်ဆိုတာ သိလိုက်ပါတယ်״ ဗိုလ်ချုပ် အယ်လ်ဟာဖက်ဇ်က သူသည် သူလျှိုအား အလွန်အရေးကြီးသော မူဆလင် တရားစာတစ်ပုဒ်ကို ဆိုခိုင်းစေခြင်းဖြင့် ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ပုံကိုပါ ရှင်းလင်းပြောပြလေသည်။
“သူ ချက်ချင်း မဆိုနိုင်ဘူးဗျ၊ တုံ့ဆိုင်းဆိုင်း လုပ်နေတယ်၊ အဲဒီကတည်းက သူအာရပ် မဟုတ်ဘူးဆိုတာ ကျုပ်သိတယ်။ ဒီတော့ ကျုပ်သူ့ကို ထောက်လှမ်းရေးအရာရှိတွေနဲ့ လဲပေးလိုက်ပြီး ဘယ်လိုစုံစမ်းစစ်ဆေးရမယ်ဆိုတာ သူတို့ကို ညွှန်ကြားချက်ချပေးလိုက်ရတယ်״
သမ္မတကြီးက ထပ်လောင်း ပြောပြပြန်သည်။

“ဒီနောက်ပိုင်းမှာ ကျုပ် ကိုဟင်ကို အကြိမ်ပေါင်းများစွာ ကိုယ်တိုင် စကားပြောခဲ့ပါတယ်။ ကျုပ်တိုက်တဲ့ စီးကရက်နဲ့ အရက်ကို သူ မသောက်ဘူး၊ ငြင်းဆန်ခဲ့တယ်။ သူဟာ ဣနြေ္ဒ တစ်ချက်လေးတောင် မပျက်ခဲ့ဘူး။ သူ့အတွက် အမတန် ခက်ခဲတဲ့ အချိန်တွေကိုတောင် သူဟာ သတ္တိရှိရှိနဲ့ ရင်ဆိုင်ခဲ့ပါတယ်״ သမ္မတကြီး ပြောသော အင်မတန် ခက်ခဲတဲ့အချိန်တွေ ဆိုသည်မှာ စစ်ဌာနချုပ်ထဲတွင် အလီကိုဟင် နေခဲ့ရသော (၄)ပတ်ကြာ ကာလပင် ဖြစ်ပါသည်။ ထိုကာလအတောအတွင်း၌ ကိုဟင်သည် စည်းစနစ်ကျကျ နှိပ်စက်ခြင်း ခံရလေသည်။ မည်သို့သော အခြေအနေသို့ ရောက်နေပါစေ၊ ဆီးရီးယားတို့သည် အလီကိုဟင်၏ စိတ်ဓာတ်ကို မဖြိုခွဲနိုင်ပါချေ။ နှိပ်စက်ညှဉ်းပန်းခြင်း ပြီးဆုံးသောအခါ သူတို့သည် ကိုဟင်ကို အရပ်သား အကျဉ်းထောင်တစ်ခုသို့ ပို့လိုက်လေသည်။ ထိုအကျဉ်းထောင်မှ ဝါဒါများသည် ကိုဟင်အား ကြမ်းကြမ်းတမ်းတမ်း ပြုမူဆက်ဆံကြသော်လည်း “အစ္စရေး တစ္ဆေ״ဟု သူတို့ ခေါ်သော ကိုဟင်အပေါ်၌ မုန်းတီးခြင်းနှင့် ရောသော လေးစားမှု ဖြစ်ပေါ်နေကြလေသည်။ သူတို့သည် ကိုဟင်ကို “သတ္တိခဲ״ဟုပင် ကွယ်ရာတွင် အမည်ပေးထားကြလေသည်။

ကိုဟင်ကို ဖမ်းမိသဖြင့် ဆီးရီးယား မိန်းမနှင့် ယောက်ျား စုစုပေါင်း(၅ဝဝ)ကျော်ခန့်လည်း အဖမ်းခံကြရသည်။ အဖမ်းခံရသူများထဲတွင် အစိုးရဌာနများမှ အတွင်းရေးမှူ မိန်းကလေးများ၊ လေယာဉ်မယ်များ၊ အလီကိုဟင်၏ အိမ်ခန်း၌ ချစ်ဗျူဟာ ခင်းကြရာတွင် ပါဝင်ခဲ့ကြသော အခြားမိန်းကလေးများလည်း ပါဝင်လေသည်။ မာရီဇာဟာ အယ်လ်ဒင်၊ ဂျော့ဆေ့ဖ်နှင့် ရှိတ်အယ်လတ်ဒ်တို့လို ပုဂ္ဂိုလ်များလည်း ထောင်ထဲသို့ အသွင်းခံကြရလေသည်။ ဆီးရီးယား တန်ပြန်ထောက်လှမ်းရေး အဖွဲ့ဝင်များက မိမိတို့သည် အစဉ်တက်ကြွ နိုးကြားနေသော မျိုးချစ်များဖြစ်ကြောင်း ထင်ပေါ်စေလိုသဖြင့် သူတို့ ဖမ်းဆီးခဲ့သည့် သူလျှို၏အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပုတ်ခတ်ရေးသားကာ သတင်းဖြန့်ချီပေးကြသည်။ သို့သော် သူတို့လေသံလွှင့်နေသော သူတို့၏ အောင်မြင်မှုသည် အမှန်စင်စစ် သူလျှိုတစ်ဦးအနေနှင့် အလီကိုဟင် မည်မျှအထိ အောင်မြင်ခဲ့ခြင်းကို သာဓကပြခြင်းသာ ဖြစ်နေပါသည်။ အလီကိုဟင်၏ ကိစ္စနှင့် ပတ်သက်၍ အာရပ်ကမ္ဘာတွင် ထိုအချိန်က လူများ၏ စိတ်ဝယ်ခံစားရမှုကို ဘေရွတ်မြို့မှ အယ်လ်ဟာဖက် သတင်းစာက အောက်ပါအတိုင်း ကောက်ချက်ချခဲ့သည်။
“ဒမတ်စကတ် အစိုးရအဖွဲ့က မနက်ပိုင်းမှာ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ချက် ချက်လိုက်တယ်။ အလီကိုဟင်က အဲဒီဆုံးဖြတ်ချက်တွေကို ညနေပိုင်းမှာ တဲလာဗီကို ပို့လိုက်တော့တာပါပဲ״

လက်ဘနွန်နိုင်ငံမှ လာသော အာရပ်သတင်းစာဆရာ တစ်ဦးကိုသာလျှင် သူလျှိုနှင့် တွေ့ဆုံမေးမြန်းခွင့် ပြုခဲ့လေရာ သူသည် ကိုဟင်က မိမိအား ပြောပြချက်ကို အောက်ပါအတိုင်း တင်ပြခဲ့ပါသည်။ “ကျွန်တော် ဆီးရီးယားမှာ လာပြီး ကျွန်တော့် တိုင်းပြည်အတွက် ကျွန်တော် အလုပ်လုပ်ခဲ့တာပါ။ ကျွန်တော့်လူမျိုးရဲ့ အနာဂတ်၊ ကျွန်တော့် ဇနီးနဲ့ ကလေး(၃)ယောက်ရဲ့ နောင်ရေးအတွက် အလုပ်လုပ်ခဲ့တာပါ။ ကျွန်တော် အစ္စရေးနိုင်ငံကို ဘယ်တော့မှ သစ္စာမဖောက်ခဲ့ဘူးဆိုတာ သိစေချင်ပါတယ်״ အစ္စရေးနိုင်ငံ၏ ဝန်ကြီးချုပ်သည် အလီကိုဟင်၏ အသက်ကို ကြိုးစားကယ်ဆယ်လိုသဖြင့် သူ့တိုင်းပြည်အတွင်းရှိ သတင်းစာ အယ်ဒီတာများအား ကိုယ်တိုင်ခေါ်ယူတွေ့ဆုံပြီး ထိုကိစ္စကို အရေးမကြီးသလို ခပ်အုပ်အုပ် ရေးသားကြရန် တောင်းပန်ခဲ့ရှာသည်။
“အခုမျက်မှောက်ခေတ်မှာ ယဉ်ကျေးပြီး ခေတ်မီတဲ့ နိုင်ငံတွေဟာ သူလျှိုကို ဘယ်တော့မှ မသုတ်သင်ပစ်ပါဘူး။ အများအားဖြင့် သူလျှိုကို တခြား သူလျှိုတွေနဲ့ လဲလှယ်ကြတာပါပဲ။ ဒါမှ မဟုတ်ရင် ထောင်ထဲသွင်းထားလိုက်ပြီး နည်းနည်းကြာလာရင် တိတ်တဆိတ် လွှတ်ပေးလိုက်တာပါပဲ״ဟု ဝန်ကြီးချုပ်က ရှင်းလင်းပြောကြားခဲ့လေသည်။ အစ္စရေးနိုင်ငံသည် နိုင်ငံရေးနှင့် သံတမန်ဆိုင်ရာ နည်းလမ်းများကို အစွမ်းကုန် အသုံးပြုကာ ကိုဟင်၏ အသက်ကို ကယ်တင်ရန် ကြိုးစားခဲ့ပါသည်။ ကမ္ဘာအရပ်ရပ်တွင် ရောက်နေသော အစ္စရေးသံအမတ်များသည် အခြားသော သံအမတ်များ၊ အထက်ပိုင်းမှ အစိုးရအရာရှိများ၊ ကုန်သည်ကြီးများနှင့် နိုင်ငံအကြီးအကဲများအား ချဉ်းကပ်၍ ဆီးရီးယားတို့အား ကြိုးစားပြောဆိုပေးပါရန် တောင်းပန်ခဲ့ကြသည်။

ကိုဟင်အား အထူးစစ်ခုံရုံးနှင့် စတင်စစ်ဆေး ကြားနာမည်ရက် နီးလာလေလေ ဖော်ပြပါ တွန်းအားများလည်း များလာလေလေ ဖြစ်လေတော့သည်။ နိုင်ငံပေါင်းများစွာတို့မှ နာမည်ကြီး ရှေ့နေကြီးများသည် ကိုဟင်၏ အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ရန် ဆီးရီးယားအစိုးရအား ကမ်းလှမ်းခဲ့ကြပါသည်။ ပြင်သစ်ရှေ့နေကြီး (၂)ဦးသည် ကိုဟင်၏ အမှုကို ကြားနရာ၌ လေ့လာသူအဖြစ် တက်ရောက်ရန် ဒမတ်စကတ်သို့ ရောက်ရှိလာကြလေသည်။ ထို(၂)ယောက်ထဲမှ ဂျက်ကွက်စ် မာစီရေး ဆိုသူသည် အယ်လ်ဂျီးရီးယားနိုင်ငံ လွတ်လပ်ရေးစစ်ပွဲ ဆင်နွှဲနေစဉ်က မြောက်မြားလှစွာသော အယ်လ်ဂျီးရီးယန်း မျိုးချစ်များအား ပြင်သစ်တွင် ခုံရုံးတင်စဉ် ခုခံကာကွယ် ကယ်ဆယ်ခဲ့သူ ဖြစ်သည်။ သူသည် ဆီးရီးယားတို့က အာရပ် မလိုလားသော စိတ်ဓာတ်ရှိသူ ဖြစ်သည်ဟု မစွပ်စွဲနိုင်သော ပုဂ္ဂိုလ်ပင် ဖြစ်သည်။ သို့ရာတွင် ခုံရုံးစတင် စစ်ဆေးသောအခါ အစ္စရေးတို့က သူတို့၏ သူလျှို သေရလိမ့်မည် ဖြစ်ကြောင်း မြင်လာကြသည်။ အဘယ့်ကြောင့်ဆိုသော် ခုံရုံးသည် ကိုဟင်၏ ဘက်မှ မည်သူမျှ အကျိုးဆောင်လိုက်ပါခွင့် မပေးသောကြောင့် ဖြစ်သည်။ ဥရောပ အစိုးရများက တောင်းပန်မှုများပြုကြသော်လည်း မာစီရေးနှင့် အပေါင်းပါများအား တရားခွင်သို့ တက်ရောက်ခွင့် မပြုခဲ့ကြချေ။

အခြေအနေ ပိုဆိုးရပြန်သည်။ ဗိုလ်မှူးကြီး ဒယ်လီသည် ခုံရုံးဥက္ကဋ္ဌ ဖြစ်ပြီး ဗိုလ်မှူးကြီး ဟာတွမ်းသည် ခုရုံးအဖွဲ့ဝင်(၅)ဦးတွင် တစ်ဦးအဖြစ် ပါဝင်မည်ဟူသော ကြေညာချက် ထွက်လာလေသည်။ ထိုပုဂ္ဂိုလ်(၂)ဦးက မိမိတို့ နာမည်ဂုဏ်သတင်းသည် ခုံရုံးဆုံးဖြတ်ပေါ်တွင် မူတည်နေကြောင်း သိရှိကြလေသည်။ သမ္မတကြီး၏ ဂုဏ်သတင်းသည်လည်း ဤနည်းနှင်နှင် ဖြစ်ပါသည်။ ဗိုလ်မှူးကြီး(၂)ဦးသည် သူတို့ကို ပြတ်ပြတ်သားသား လိမ်လည်လှည့်ဖျားပြီး သူတို့ကို အသုံးပြုလျက် ထိပ်တန်း လျှို့ဝှက်သတင်းများကို အရယူခဲ့သော လူတစ်ယောက်ကို သက်ညှာမှု မပြုနိုင်ပါချေ။ အလီကိုဟင် သေရတော့မည်မှာ ထင်ရှားနေပါပြီ။ အမှုစစ်ဆေးကြားနာခြင်းကို တံခါးပိတ်၍ ပြုလုပ်ပါသည်။ တရားခွင်၌ စစ်ဆေးနေခြင်းများကို သေချာစွာ စိစစ်ရွေးချယ် ရိုက်ကူးပြီးမှသာ ရုပ်မြင်သံကြားတွင် ပြသလေသည်။ အလီကိုဟင်သည် ညှဉ်းပန်းနှိပ်စက်မှု ဒဏ်ကို ခံရသော်ငြားလည်း မိမိစိတ်ဓာတ်ကို ခိုင်မြဲကြောင်း ပြသနိုင်ခဲ့သည်။ သူသည် တစ်ချိန်လုံး တည်ငြိမ်အေးဆေးစွာဖြင့် ရှင်းလင်းပီသစွာ ဖြေရှင်းပြောကြားခဲ့ပါသည်။
“ဗိုလ်မှူးကြီး ဒယ်လီနှင့် ဗိုလ်မှူးကြီး ဟာတွမ်းတို့အား သိရှိပါသလော״ဟူသော မေးခွန်းကို မေးမြန်းသောအခါ ကိုဟင်သည် အလွန်ထူးဆန်း အံ့သြဖွယ်ကောင်းလောက်အောင် “မသိပါ״ဟုသာ ဖြေကြားခဲ့လေသည်။ သို့သော်လည်း သူသည် သူနှင့် မိတ်ဆွေဖြစ်ခဲ့သည်ဟု သူအမှန်ဝန်ခံခဲ့သော ဆီးရီးယား အတော်များများ၏ နာမည်များကို ထုတ်ဖော်ပြောခဲ့ပါသည်။

တဲလာဗီ၌ မျှော်လင့်ချက် ရောင်ခြည်တန်းလေးတစ်ခု ပေါ်လာပါသည်။ အလီကိုဟင်သည် ထိုဗိုလ်မှူးကြီး(၂)ဦးနှင့် အဆက်အသွယ် ရှိခဲ့သည်ကို မော့ဆက်အကြီးအကဲများက သိရှိကြပါသည်။ သူသည် ထိုပုဂ္ဂိုလ်(၂)ဦးနှင့် အပေးအယူများ လုပ်ထားပြီးလေပြီလော။ “သူတို့ကို မိမိ မသိခဲ့ပါ״ဟု ဖြေခဲ့သဖြင့် သူ၏ အသက်ကို သက်ညှာမည်လော။ ဤအယူအဆကို ကိုဟင်အား ကူညီနိုင်မည်ဟူသော မျှော်လင့်ချက်နှင့် ဒမတ်စကတ်သို့ သွားရောက်ခဲ့သည့် ပြင်သစ်ရှေ့နေ (၂)ဦးကလည်း ထောက်ခံခဲ့ကြပါသည်။ ကိုဟင်အား သေဒဏ်ချမှတ်သည့်တိုင်အောင် သူအား တကယ် သတ်ပစ်မည်မဟုတ်ဟု ပြင်သစ်နှစ်ဦး ယုံကြည်လာအောင် ဆီးရီးယာ အရာရှိများက ပြောဆိုခဲ့ကြလေသည်။ အလီကိုဟင်၏ အိမ်ခန်းသို့ မကြာခဏ သွားရောက်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဂျော့ဆေ့ဖ်ကို စစ်ဆေးမေးမြန်းသောအခါ ခုံရုံးအဖွဲ့ဝင် ဗိုလ်မှူးကြီးများသည်လည်း မည်မျှလောက် ကြောက်စရာကောင်းအောင် နေထိုင်ခဲ့ကြောင်း သိသာထင်ရှားလာလေသည်။
“မိန်းမတွေ ခေါ်လာဖို့ သူ့အခန်းသော့ကို ကျုပ်ငှါးခဲ့ပါတယ်။ ဒါပေမဲ့ ကျုပ် သူ့အတွက် သူလျှို မလုပ်ပေးခဲ့ပါဘူး״ဟု ဂျော့ဆေ့ဖ်က ပြောခဲ့သည်။

ထိုနောက် သူသည် ခုံရုံးဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဒယ်လီအား တည့်တည့်စိုက်ကြည့်ပြီး ထပ်ပြောလိုက်လေသည်။
“ဒီအခန်းကို အဲ့ဒီကိစ္စအတွက် သုံးခဲ့တာ ကျုပ်တစ်ယောက်တတည်း မဟုတ်ဘူးဗျ״
မေလ(၈)ရက်နေ့တွင် အလီကိုဟင်အား သေဒဏ်ချမှတ်ကြောင်း ကြေညာခဲ့လေသည်။ သူ့အား ကြိုးစင်တင်၍ သတ်မည် ဖြစ်သည်။ အယ်လ်ဒင်ကဲ့သို့သော သူ၏ ကြံရာပါဆိုသူမျာအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၅)နှစ် ချမှတ်ခဲ့လေသည်။ အယ်လ်ဒင်ဆိုသည်မှာ လက်ဖတင်နင် မာလီဇဟား အယ်လ်ဒင် ဖြစ်၍ စစ်ဦးစီးချုပ် အပ္ပဒူ ကရင်ဇဟား အယ်လ်ဒင်၏ တူဖြစ်သည်။ အလီကိုဟင်ကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားကြတော့သည်။ အလီကိုဟင်၏ ဇနီး (Nadia) နာဒီယာသည် ပြင်သစ်နိုင်ငံဆိုင်ရာ ဆီးရီးယား သံအမတ်ကြီးနှင့် တွေ့ဆုံ၍ အသနားခံရန် ပဲရစ်မြို့သို့ သွားခဲ့သည်။ သံအမတ်ကြီးက သူနှင့်တွေ့ရန် ငြင်းဆန်ခဲ့လေသည်။ ဆဋ္ဌမမြောက် ပုပ်ရဟန်းမင်းကြီး ပေါလ်၊ ဘယ်လ်ဂျီယန် ဘုရင်မ၏ မယ်တော်ဖြစ်သော ဖိဖုရားကြီး အယ်လီဇဘက်၊ ကနေဒါ ဝန်ကြီးချုပ် ဒိုင်ဖင်ဘေကာ၊ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးနှင့် အခြားလူပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့ကြီးများသည် ဆီးရီးယား အာဏာပိုင်တို့အား သက်ညှာမှုပေးရန် တောင်းပန်ခဲ့ကြလေသည်။

ဗွေးနိုးဇာရီ၏ သာသနာပိုင်ဖြစ်သူ အယ်လ်ဖရက်ဒိုဖဲလ်စီးရပ်သည် သေအံ့ဆဲဆဲမှာပင် ဗိုလ်ချုပ်ကြီး အယ်လ် ဟာဖက်ဇ်ထံသို့ စာရေးပေးပို့ကာ သေခါနီး လူတစ်ယောက်၏ နောက်ဆုံး ဆန္ဒကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ကိုဟင်၏ အသက်ကို ချမ်းသာပေးပါရန် တောင်းပန်ခဲ့ရှာသည်။ အစ္စရေး ရေဒီယိုသည် ဖမ်းမိထားသော ဆီးရီးယန်း သူလျှိုများ၏ အမည်များကို ကြေညာခဲ့သည်။ အလီကိုဟင် ထိုသူလျှိုများ အားလုံးကို လဲလှယ်ရန် သူတို့ အဆင်သင့်ရှိပါသည်ဟု ဆိုလေသည်။ ဒေါက်တာ မောရစ်ကတ်ခ်ဆိုသူ ပြင်သစ်ဆရာဝန်ကြီး တစ်ဦးသည် လွန်ခဲ့သော လပေါင်းအနည်းငယ်က ပြင်သစ်နိုင်ငံ မြောက်ပိုင်းရှိ နွေလီတွင် ရှိသော အမေရိကန် ဆေးရုံတွင် သမ္မတ အယ်လ်ဟာဖက်ဇ်အား အလွန်ခက်ခဲသော ကျေက်ကပ်ခွဲစိပ်ကုသမှု ပြုလုပ်ပေးခဲ့ပါသည်။ သူသည် ဆီးရီးယား သမ္မတကြီးထံသို့ အောက်ပါအတိုင်း စာရေးခဲ့လေသည်။
“သမ္မတကြီး၏ အသက်ကို ကျွန်တော် ကယ်ခဲ့ခြင်းကို ထောက်ထား၍ အလီကိုဟင်၏ အသက်ကို သက်ညှာပါရန် ကျွန်တော် တောင်းပန်ပါသည်״
အရှေ့အုပ်စုနိုင်ငံများမှလည်း ဒမတ်စကတ်သို့ တိုးတိုးတိတ်တိတ် ချဉ်းကပ်ပြီး ဆင်ဆင်ခြင်ခြင် လုပ်ပါရန် တောင်းပန်ခဲ့လေသည်။ သို့သော်လည်း ဒမတ်စကတ်သည် တစ်ကမ္ဘာလုံး၏ တောင်းပန်မှုကို နားမထောင်တော့ပါ။ ဗိုလ်ချုပ် အယ်လ်ဟာဖက်ဇ်သည် ကိုဟင်အား သေဒဏ်ချရန် နောကဆုံး အမိန့်ပေးခါနီးတွင် ချီတုံချတုံ ဖြစ်နေခဲ့ကြောင်း သာဓကများ ရှိခဲ့ပါသည်။ ယဉ်ကျေးသော လူသားကမ္ဘာ၏ အမြင်တွင် သူ့တိုင်းပြည်၏ ဂုဏ်သတင်းညှိုးနွမ်းစေအောင် သူလုပ်နေကြောင်း ကောင်းစွာ သိရှိပါသည်။ သို့ရာတွင် သူသည် သူ၏ ပတ်ဝန်းကျင်တွင် အားပြိုင်နေကြသော နိုင်ငံရေးအားစမ်းပွဲ ဂယက်၏ ရိုက်ခတ်သော ဒဏ်ကို ခံနေရပါသည်။ ဗိုလ်မှူးကြီး ဆိုဝေဒါနီသည် သမ္မတကြီးဘက်က အားနည်းသည့် ပျော့ကွက်အရိပ်အယောင် ပေါ်ပေါက်လာပါက ထိုပျော့ကွက်ကို နင်းလျက် အာဏာသိမ်းပွဲတစ်ရပ် ဆင်နွှဲရန် စောင့်ဆိုင်းနေသည်မှာ ထင်ရှားပါသည်။

ဆီးရီးယားတို့၏ စိတ်ထဲဝယ် သူလျှိုအား ကလဲ့စားချေလိုသည့်စိတ် ပြင်းထန်နေသည်မှာလည်း အရေးကြီးသော အကြောင်းတစ်ရပ် ဖြစ်နေလေသည်။ ထိုအချက် ဖြစ်ပေါ်ရသော အကြောင်းကိုလည်း နားလည်နိုင်ပါသည်။ အလီကိုဟင်သည် ဆီးရီးယားနိုင်ငံအား ကြောက်မက်ဖွယ် ကောင်းလောက်အောင် နစ်နာဆုံးရှုံးမှုကြီးကို ပြုလုပ်ခဲ့သည်။ ဆီးရီးယားအစိုးရ၏ အစ္စရေး ချေမှုန်းရေးစီမံကိန်းများကို အင်တိုက်အားတိုက် ဖျက်ဆီးဖြိုခွင်းခဲ့သည်။ ဥပမာပြရသော် ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ၊ လွန်ခဲ့သော ခြောက်လခန့်က ဖြစ်သည်။ အစ္စရေးတို့၏ အမြောက်လက်နက်ကြီးများနှင့် မော်တာများသည် ဂျော်ဒန်မြစ် ရေလွှဲပြောင်းရေး စီမံကိန်း၏ လုပ်ငန်းနေရာကို တရစပ် ပစ်ခတ်ကြ၏။ အချိန်အနည်းငယ်မျှသာ ပစ်ခတ်ပြီး ရပ်သွားလေသည်။ ကမီးအာမင် တားဘက်စ် ပေးခဲ့သော အချက်အလက်များမှာ ပြည့်စုံတိကျလှသဖြင့် ဘူဒိုဇာအားလုံး၊ ရေစုပ်စက်များ ထားသည့် စခန်းများနှင့် အခြားအဆောက်အအုံ အားလုံး မိနစ်ပိုင်းအတွင်းမှာပင် တစ်စမကျန် ပြုတ်ပြုတ်ပြုန်းသွားလေသည်။ ရေလွှဲပြောင်းရေး လုပ်ငန်းတစ်ခုလုံးကို စွန့်လွှတ်ခဲ့ရပြီး ယူဂိုဆလပ် အင်ဂျင်နီယာများလည်း ပြန်သွားကြရသည်။ ယခုမူ ဤဆုံးရှုံးမှုကြီး တစ်ခုလုံးအတွက် တာဝန်ရှိသူမှာ အလီကိုဟင် ဖြစ်ကြောင်း ဒမတ်စကတ်မှ အာဏာပိုင်များက ထင်ထင်ရှားရှား သိလာကြပါသည်။

မည်သို့ပင်ဆိုစေ အစ္စရေးတို့သည် သူတို့၏ သူလျှိုထိပ်သီးအား သေဘေးမှ ကယ်တင်ရန် နောက်ဆုံး ကြိုးပမ်းချက်တစ်ရပ်ကို ပြုလုပ်ခဲ့ပါသေးသည်။ သမ္မတ အယ်လ် ဟာဖက်ဇ်နှင့် ရင်းနှီးသော မိတ်ဆွေလည်းဖြစ်ပြီ ဆီးရီးယား အမျိုးသမီးတစ်ဦးကို လက်ထပ်ထားသည့် ပြင်သစ်တပ်မတော်မှ အရာရှိကြီး တစ်ဦးသည် ဒမတ်ကစတ်သို့ ရောက်လာခဲ့သည်။ သူသည် အလီကိုဟင်၏ အသက်ကို ငွေကြေးဖြင့် ဝယ်ယူရန် ဖြစ်ပါသည်။ သူတို့ အိမ်ထဲတွင် ဒေါ်လာ တစ်သန်းတန် ချက်လက်မှတ် တစ်စောင်နှင့် ဆီးရီးယား လူထုအတွက် လယ်ထွန်စက်များ၊ ဘူဒိုဇာများ၊ ဆေးပစ္စည်းအသုံးအဆောင်များ၊ လူနာတင်ကားများ ပေးကမ်းတင်ပို့ပေးပါမည်ဟု ဝန်ခံကတိပြုထားသော စာတစ်စောင်လည်း ပါလာသည်။ လိုအပ်ပါက သူသည် သာမန် ဆီးရီယား ပြည်သူလူထုအတွက် အသုံးဝင်မည့် စစ်လက်နက် ပစ္စည်းမဟုတ်သော ပစ္စည်းများကို တိုးမြှင့်ပေးကမ်းဦးမည် ဖြစ်သည်။ ဤသို့ ကမ်းလှမ်းချက်ကို မော့ဆက်အဖွဲ့ကြီးက နောက်ပိုင်းမှ ပြုလုပ်ခဲ့ခြင်းမှာ ထင်ရှားပါသည်။ မော့ဆက်ထောက်လှမ်းရေးအဖွဲ့သည် ၎င်း၏ သူလျှိုများအား အသုံးပြုပြီးနောက် အစတေးခံဟူသော ယုံကြည်ချက်အတိုင်း ပြုမူဆောင်ရွက်ခဲ့ပါသည်။ သမ္မတ အယ်လ် ဟာဖက်ဇ်သည် ပြင်သစ်တပ်မတော်မှ အရာရှိကြီးအား လက်ခံ၍ မတွေ့ဆုံခဲ့ချေ။ ဤသို့ ကြိုးပမ်းချက်များ မအောင်မြင်သောအခါ အစ္စရေးနိုင်ငံအတွင်းတွင် သြဇာတိက္ကမ ရှိသူများက စစ်ရေးအရ ဖြေရှင်းရန် အကြံပြုလာကြလေသည်။

စစ်လိုလားသူ သိန်းငှက်များက သံတမန်နည်းအရ ကြိုးပမ်းဖြေရှင်းချက်များသည် အောင်မြင်မည် မဟုတ်ကြောင်း ပြောဆိုကြသည်။ ဆီးရီးယားတို့၏ စစ်စခန်းများကို စစ်ရေးအရ ထိထိရောက်ရောက် ထိုးနှက် တိုက်ခိုက်သင့်ကြောင်း၊ ဆီးရီးယား ခေါင်းဆောင်ပိုင်း အချို့ကို ပြန်ပေးဆွဲ၍ ကိုဟင်၏ အသက်နှင့် ပြန်လဲလှယ်လျှင် ရနိုင်ကြောင်း တင်ပြကြသည်။ အစ္စရေးအစိုးရက ဤသို့ တင်ပြချက်များကို ပယ်ချခဲ့ပါသည်။ မေလ(၁၇)ရက်နေ့ ည(၁ဝ)နာရီတွင် ဒမတ်စကတ် ရေဒီယိုက သေဒဏ်ပေးထားသော ကိုဟင်အား အယ်လ်မာဂါ ရင်ပြင်အတွင်းတွင် မကြာမီ ကြိုးပေးသတ်တော့မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အယ်လ်မာဂါကို အာဇာနည်ရင်ပြင်ဟု ခေါ်ပြီး ရှေးအခါကပင် ကြိုးစင်တင်လေ့ရှိသော နေရာဖြစ်လေသည်။ နောက်ဆုံးအနေနှင့် ကြိုးပမ်းအားထုတ်မှုများ ပဲရစ်မြို့တော်တွင် မနားမနေ ပြုလုပ်ခဲ့ကြပါသည်။ ပုပ်ရဟန်းမင်းကြီး နေထိုင်ရာ ဗာတီကန်သို့ တယ်လီဖုန်းဖြင့် လှမ်းအကြောင်းကြားလိုက်ရာ ဂိုဏ်းအုပ်ကြီးတစ်ဦးက ပုပ်ရဟန်းမင်းကြီးအား အိပ်ရာမှ နှိုး၍ အစီအရင်ခံပြီး ဒမတ်စကတ်သို့ မေတ္တာရပ်ခံစေမည်ဟု ကတိပေးလေသည်။ ပြင်သစ်ဝန်ကြီးချုပ် ဂျော့ပွန်ပီဒူသည်လည်း သမ္မတကြီး ဒီဂေါလ်အား နှိုး၍ ပြောရန် နောက်မတွန့်ခဲ့ရှာချေ။ မည်သို့ပင်ဆိုစေ ကြိုးပမ်းချက်များအားလုံး အချည်းနှီး ဖြစ်ကြလေသည်။

မေလ(၁၈)ရက်နေ့ နံနက်(၂)နာရီ ထိုးပြီးသည်နှင့် ဒမတ်စကတ်ရှိ အယ်လ်မာဇာ အကျဉ်းထောင်ကြီး၏ ခိုင်ခန့်သော တံခါးမကြီး(၂)ချပ်သည် ရုတ်တရက် ပွင့်လာကာ ခြံထဲရှိ စစ်ကားကြီး နှစ်စင်းသည် အကျဉ်းသားတစ်ဦးကို ဝန်းရံထားသော လက်နက်ကိုင် အစောင့်စစ်သား(၄)ဦးအား ရှေ့မီးများနှင့် ထိုးပြထားသည်။ အလီကိုဟင်သည် သူ့အား စောင့်နေသော အလုံပိတ်ကားဆီသို့ လျှောက်လှမ်း၍ လာလေရာ ဒယိမ်းဒယိုင် ဖြစ်သွားပြီး လဲကျသွားရှာသည်။ သူ၏ အစောင့်များက သူ့ကို တွန်း၍တစ်မျိုး ဆွဲ၍တစ်ဖုံ ကားဆီသို့ ပို့ကြလေသည်။ အလီကိုဟင်သည် အဆက်မပြတ် နှိပ်စက်ညှင်းပန်းမှုဒဏ်ကို ခံစားခဲ့ရသဖြင့် အားအင်ကုန်ခန်းကာ လမ်းကောင်းကောင်း မလျှောက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ သေဒဏ်ကျခံထားရသော သူ့အား သူ့ဘဝ၏ နောက်ဆုံး မိနစ်ပိုင်းများတွင် နှစ်သိမ့်မှုပေးရန် ဆီးရီးယားနိုင်ငံ၏ ဂျူးဘာသာရေး ဂိုဏ်းချုပ်ကြီးဖြစ်သော အသက်(၈ဝ) ရှိနေပြီ ဖြစ်သည့် မီဆင်အင်ဒါဘိုသည် အလီကိုဟင်ကို လာရောက်တွေ့ဆုံသည်။ မုတ်ဆိတ်မွှေးပင် ဖြူနေပြီဖြစ်သော ဂိုဏ်းချုပ်ကြီးသည် သူ၏ ဝမ်းနည်းမှုကို မချုပ်တည်းနိုင်သဖြင့် လူအများ ရှေ့မှာပင် ငိုကြွေးခဲ့ရှာသည်။ အလီကိုဟင်သည် သူ့အား ဝမ်းနည်းကြေကွဲမှုကို ချုပ်တီးရန် ပြန်လည် ဖြေသိမ့်သွားရှာပါသည်။ ထိုအဖြစ်ပျက် မတိုင်မီက အကျဉ်းသားသည် ဂျူးဘာသာရေး ထုံးစံအရ သေအံ့မူးမူး လူများ ရွတ်ဆိုရသော ဆုတောင်းစာကို ရွတ်ဆိုခဲ့လေသည်။
“အဖဘုရားသခင်၊ သားတော်၏ အပြစ်များနှင့် ကျူးလွန်ဖောက်ဖျက်ခဲ့မှုများအတွက် သားတော်အား ခွင့်လွှတ်ပါ״

ကိုဟင်နှင့် ဂိုဏ်းချုပ်ကြီး(၂)ဦးသည် အတူတကွ ဆုတောင်း ပတ္ထနာပြုကြပါသည်။
ဗိုလ်မှူးကြီး ဆိုဝေဒါနီ ကိုယ်တိုင် ကြီးကြပ်အုပ်ချုပ် လိုက်ပါလျက် စစ်ကားများ ရှေ့နောက် ဝန်းရံလာသော အလုံပိတ် ကားကလေးသည် အယ်လ်မာဂါ ရင်ပြင်သို့ အပြင်း မောင်းထွက်ခဲ့ပါသည်။
အလီကိုဟင်က သူတို့၏ ကားတန်းသည် မည်သည့်နေရာသို့ ရှေ့ရှုသွားနေသည်ကို သိရှိပါသည်။ သူ့အား ကြိုးပေးသတ်ဖြတ်ခြင်းကို ဆီးရီးယား လူထုအမြောက်အမြား ကြည့်ရှုကြရမည်ဖြစ်ပြီး သူ၏ အလောင်းကို လူတကာ ကြည့်နိုင်ရန် တွဲလောင်း ဆွဲထားဦးမည်ဖြစ်ကြောင်း ကိုဟင် နားလည်ပါသည်။ အလီကိုဟင် မသိခဲ့သော အချက်တစ်ချက်မှာ သူ၏ အသက်ကို ကယ်တင်ရန် တစ်ကမ္ဘာလုံးက ဝိုင်းဝန်းကြိုးစားခဲ့သည်ဆိုသော အချက်ဖြစ်လေသည်။ ဤကိစ္စကို သူ့အား ပြောပြရန် မည်သူ့ကိုမျှ ခွင့်မပြုခဲ့ကြပါ။ ပြင်သစ်ရှေ့နေကြီး ဂျက်ကွက်စ် မာစီရေးက နောင်သော် ဤသို့ ပြောကြားခဲ့ပါသည်။
“ကြိုးစင်ပေါ်ကို သူတက်သွားတော့ သူ့မျက်နှာကို ကြည့်ရတာ ဘယ်သူမှ သူ့ကို မကယ်ဘဲ စွန့်ပစ်ထားကြတယ်လို့ သူ ထင်မှတ်နေတာ သိသာနေပါတယ်״
သို့ရာတွင် သူသေရမည့် နေရာသို့ ကားဖြင့် မောင်းလာကြစဉ် အလီကိုဟင်သည် မုန်းတီးစိတ်ကို လုံးဝ ပြသခဲ့ခြင်း မရှိပါ။ သူသည် ဂျူးဂိုဏ်းချုပ်ကြီးအား “ကျွန်တော် ဘယ်သူ့ကိုမှ အာဃာတ မထားခဲ့ပါဘူး״ဟု ပြောသွားရှာလေသည်။

ထိုနေ့ ညနေပိုင်းတွင် အလီကိုဟင်၏ နောက်ဆုံး မေတ္တာရပ်ခံချက်ကို သက်ဆိုင်ရာတို့က ခွင့်ပြုခဲ့ကြပါသည်။ သူတို့က အလီကိုဟင်အား သူ၏ ချစ်ဇနီး နာဒီယာထံသို့ နှုတ်ဆက်စာ ရေးခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ အယ်လ်မာဂါ ရင်ပြင်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော အမြင်အားဖြင့် တိတ်ဆိတ် ကြောက်မက်ဖွယ်ကောင်းသည့် ရဲဌာနထဲမှ အခန်းကျဉ်းကလေးထဲသို့ ကိုဟင်အား ဆွဲခေါ်သွားကြပြီး စားပွဲလေး တစ်လုံးတွင် ထိုင်ခိုင်းပါသည်။ ထိုစားပွဲတွင် ကိုဟင်သည် သူ၏ စာကလေးကို ရေးသားခဲ့ရှာသည်။ သက်ဆိုင်ရာတို့က သူ့အား ဟီးဘရူးဘာသာဖြင့် မရေးရဟု တာမြစ်သဖြင့် အာရပ်ဘာသာဖြင့်သာ စာကို ရေးသားခဲ့ပါသည်။

“ကိုယ်ချစ်သော ဇနီး နာဒီယာနဲ့ ကိုယ်ချစ်သော သားသမီးများ သိသာရန် စာရေးခဲ့ပါတယ်။ မင်းတို့အားလုံး စည်းစည်းလုံးလုံး နေကြပါလို့ ဖေဖေ မှာခဲ့ချင်တယ်။ ကိုယ့်ကို နာဒီယာ ခွင့်လွှတ်ပါလို့လည်း ကိုယ်တောင်းပန်ပါတယ်။ နာဒီယာရေ… မင်းကိုယ်မင်းလည်း ဂရုစိုက်ပါ။ ပြီးတော့ ကလေးတွေကိုလဲ လိမ်လိမ်မာမာနဲ့ ကြီးပြင်းလာအောင် ဆုံးမပေးပါကွယ်။ မင်းကျန်းမာရေးကို ဂရုစိုက်ပါ။ ပြီးတော့ ကိုယ့်သားသမီးတွေ မျက်နှာ မငယ်ရအောင်လည်း ထားပါနော်… ကိုယ့်မိဘ ညီအစ်ကို မောင်နှမတွေနဲ့လည်း မင်း ချစ်ချစ်ခင်ခင်နေပါ။ ကိုယ် မင်းကို နောက်အိမ်ထောင်ပြုစေချင်ပါတယ်။ ဒါမှ ကိုယ့်သားသမီးတွေ ဖတဆိုးဘဝက ကင်းဝေးကြမှာပါကွယ်… အဲဒီကိစ္စအတွက် ကိုယ် မင်းကို လုံးဝခွင့်လွှတ်ပါတယ်။ ကိုယ့်အတွက် မင်း တစ်ချိန်လုံး ငိုကြွေးပြီး အချိန်ကုန်မခံဖို့ ကိုယ် မှာချင်တယ်။ မင်းအတွက်ရယ်၊ ဆိုဖီ၊ အိရစ်၊ ရှောနဲ့ ကိုယ့်မိသားစုအတွက် ကိုယ်ရဲ့ နောက်ဆုံး နှုတ်ဆက်အနမ်းတွေ ပေးပို့လိုက်ပါတယ်״
“သွားလေသူ ကိုယ့်ဖခင်ကြီးနဲ့ ကိုယ့်ရဲ့ ဝိဉာဉ်အတွက် ဆုတောင်းပေးဖို့လဲ မင်းတို့ မမေ့ပါနဲ့နော်…״
“မင်းတို့အားလုံးအတွက် ကိုယ့်ရဲ့ နောက်ဆုံး အနမ်းတွေ ထားခဲ့ပါတယ်״
အလီကိုဟင် 18-5-1965

အနီးတွင် ရှိသော ဆီးရီးယားများက သူ့အား မတုန်မလှုပ် စောင့်ကြည့်နေစဉ်မှာပင် အလီကိုဟင်သည် သူ၏ စာလေးကို ဂရုတစိုက် ပြန်ဖတ်လိုက်ပြီး သူ၏ အစောင့်များအား ပြလိုက်ပါသည်။ ထို့နောက် နောက်ထပ် စက္ကူတစ်ရွက် ယူပြီး ထိုစာအတိုင်း ပြန်ရေးပြန်သည်။ ဤ အကြိမ်တွင်မူ သူသည် ပြင်သစ်ဘာသာဖြင့် ရေးသားလေသည်။ သူ၏ ဇနီးသည် သူ၏ နောက်ဆုံး အမှာစကားကို အာရပ်ဘာသာဖြင့် ဖတ်ရှုရလျှင်ဟူသော အတွေးကို သူ့ခမျာ မတွေးရဲရှာခဲ့ချေ။ သူတို့သည် အယ်လ်မာဂါ ရင်ပြင်ထဲသို့ လျှောက်လာကြသောအခါ ဂျူးဂိုဏ်းချုပ်ကြီး အန်ဒါတို့က နောက်ဆုံးဖြစ်သော ဆုတောင်းစာများကို ရွတ်ဆိုလိုက်ပါလေသည်။ သူ၏ အသံသည် တိမ်ဝင်သွားပြီး တဖြည်းဖြည်း ဝေး၍ ကျန်ခဲ့ပါသည်။ ဆီးရီးယားတို့သည် စိတ်မရှည်နိုင်တော့သဖြင့် အလီကိုဟင်အား တွန်းထုတ်လိုက်ကြသည်။ အယ်လ်မာဂါ ရင်ပြင်၏ အလယ်ဗဟိုနေရာကို အလွန်ကြီးမားသော မီးလုံးကြီးများ ဖောင်ဖွဲ့၍ ထွန်းညှိထိုးပြထားပါသည်။ ယောက်ျား၊ မိန်းမနှင့် ကလေး ထောင်ပေါင်းများစွာသည် ကြိုးပေးသတ်ဖြတ်ခြင်းကို မျက်မြင်ကြည့်ရှုရန် စုဝေးရောက်ရှိနေကြပါသည်။

လွန်ခဲ့သော နာရီအနည်းငယ်က ဒမတ်စကတ် ရေဒီယိုမှ ကြေညာသွာခဲ့သဖြင့် မြို့၏ နေရာအသီးသီးမှ လူထုသည် ဤနေရာသို့ တဖွဲ့ဖွဲ့ ရောက်ရှိလာခြင်း ဖြစ်လေသည်။ မြို့ဟောင်းကြီးတွင် နေထိုင်ကြသော ဆီးရီးယား လူဆင်းရဲများသည်လည်းကောင်း၊ ခေတ်မီသော လူနေရပ်ကွက်များမှ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည့် မြို့သူမြို့သားများသည်လည်းကောင်း အတူတကွ စုဝေးရောက်ရှိနေကြပေပြီ။ မိန်းမအတော်များများမှာ အဖိုးတန် လက်ဝတ်ရတနာများနှင့် ဈေးကြီးလှသော သားမွှေးကုတ်အင်္ကျီများ ဝတ်ဆင်ထားကြပါသည်။ ဘာသံမျှ မကြားရဘဲ ရင်ပြင်တစ်ခုလုံးတွင် ခြေထောက်ရှပ်တိုက်သံများမှ လွဲလျှင် တိတ်ဆိတ်ငြိမ်သက်နေပါသည်။ လူထုကြီး၏ ရှေ့တွင် ရဲနှင့်စစ်တပ် အစောင့်များက တားဆီးထားလေသည်။ ထိုအစောင့်များသည် သံဆူးကြိုးများကို မျက်နှာမူကာ သတိအနေအထားဖြင့် ရပ်နေကြလေသည်။ မြောက်မြားလှစွာသော ထောက်လှမ်းရေးအဖွဲ့ဝင် အရာရှိများနှင့် အရပ်အရပ်စား ဝတ်ဆင်ထားသည့် စုံထောက်များကလည်း ထိုနေရာကို ဝိုင်းထားကြသည်။ စစ်သားမျာကလည်း နေရာတကာတွင် အဆင်သင့် စောင့်ကြပ်နေကြပါသည်။ အိမ်ခေါင်မိုးများ၊ ဟိုတယ် အပေါက်ဝများနှင့် မြေအောက် ရေမြောင်းများ၌ပင် စစ်သားများ စောင့်နေကြလေသည်။ ဆီးရီးယားတို့သည် အစ္စရေးတို့က လျှပ်တပြက် ကလဲ့စားချေ တိုက်ခိုက်မည်ကို စိုးရိမ်ကြပါသည်။

ကိုဟင်သည် သူ့ဘေးတွင် ညှပ်၍ လိုက်ပါလာသည့် စစ်ဗိုလ်များ၏ ဖေးမမှုကို မခံယူဘဲ သူ သေရတော့မည့် နေရာဖြစ်သော ကြိုးစင်၏ သစ်သားလှေခါးထစ်များကို လှမ်းတက်ခဲ့လေသည်။ အထူးတန်းနေရာတွင် နေရာချထားပေးခြင်းခံရသော သတင်းစာဆရာများနှင့် ရုပ်မြင်သံကြား ရိုက်ကူးသူများက ကိုဟင်သည် ဖြူဖပ်ဖြူရော်ဖြစ်နေသော်လည်း တည်ငြိမ်အေးဆေးလှကြောင်း ရေးသားဖော်ပြကြသည်။ ဒမတ်စကတ် ဒေါက်ဖြုတ်သမားကြီး အဘူဆာလင်သည် လူ့ဘီလူးကြီး တစ်ယောက်နှင့် တူပြီး ဝမ်းဗိုက်ကြီးမှာ ရွှဲနေ၍ ထူထပ်များပြားလှသော မုတ်ဆိတ်မွှေးကိုလည်း ပိုင်ဆိုင်လေသည်။ သူသည် ထုံးစံအတိုင်း ဝတ်ရသည့် ဖျဉ်ကြမ်းပိတ်ဖြူကို အကျဉ်းသား၏ ကိုယ်ပေါ်တွင် ဝတ်ဆင်ပေးလိုက်သည်။ သူသည် ရဲဌာနမှ အထွက်တွင် ပြန်လည်တုတ်နှောင်ထားသော ကိုဟင်၏ လက်မှ ကြိုးကို မဖြုတ်ပေးခဲ့ပါ။ ဒေါက်ဖြုတ်သမားကို ဆီးရီးယားလို “မော်လင်မ်״ဟူသော ဘွဲ့ပေးထားပြီး “ကျွမ်းကျင်သူ ဆရာကြီး״ဟု အဓိပ္ပါယ်ရလေသည်။ မော်လင်မ်သည် သူဒေါဖြုတ်ရမည့်သူ၏ မျက်နှာကို မျက်နှာဖုံးတစ်ခုဖြင့် ဖုံးအုပ်ပေးလေသည်။ လွန်ခဲ့သော နှစ်ပေါင်း(၂၁)ခန့်က သူမြင်တွေ့ခဲ့ရသော အင်္ဂလိပ်ကိုလိုနီ အရာရှိ လော့ဒ်မွိုင်း သတ်မှုဖြင့် ကြိုးပေးခံရသည့် လူသတ်သမား နှစ်ဦးကဲ့သို့ ကိုဟင်သည် ခေါင်းတစ်ချက် ခါပြလိုက်ကာ မျက်နှာဖုံးစွပ်ရန် ငြင်းဆန်ခဲ့ပါသည်။ သတင်းစာဆရာများက ကိုဟင် ဟီးဘရူးဘာသာဖြင့် ဆုတောင်းစာတစ်ခု ရွတ်ဆိုသည်ကို ကြားလိုက်ရသည်။

ကြိုးစင်၏ တံခါးရွက်သည် ဒိုင်းကနဲ့ ပွင့်ကျသွားသည်။ အလီကိုဟင်၏ အသက်ဇီဝိန်သည် ချုပ်ငြိမ်းသွားလေသည်။
နံနက် ၃ နာရီ ၃၅ မိနစ် ရှိပေပြီ။
သေဒဏ်အမိန့်နှင့် ပတ်သက်သည့် အသေးစိပ် အချက်အလက်များကို အာရပ်ဘာသာဖြင့် ပုံနှိပ်ထားသော စာရွက်ကြီးတစ်ရွက်အား ကိုဟင်၏ ရုပ်အလောင်းပေါ်သို့ ဝတ်ရုံဖြူပေါ်၌ တွယ်အပ်နှင့် ချိတ်တွယ်ထားပါသည်။
နောက် (၆)နာရီကာလအတွင်းတွင် ဆီးရီးယားလူထု ထောင်ပေါင်းများစွာသည် ကြိုးစင်တွင် တန်းလန်းဖြစ်နေသော ကိုဟင်၏ ရုပ်အလောင်းအား ကြည့်ရှုဖြတ်ကျော်ကာ ချီတက်သွားကြလေသည်။ ဒမတ်စကတ် ရုပ်မြင်သံကြားဌာနသည် ကြိုးပေးသည့် ရုပ်ရှင်သတင်းကားကို ထပ်တလဲလဲ ပြန်၍ ပြသပေးပြီး နောက်ခံတေးအဖြစ် စစ်ချီသံများ တီးမှုတ်ပေးလေသည်။ နိုင်ငံအနှံ့အပြားတွင်လည်း အသံချဲ့စက်များနှင့် ကြိုးပေးသည့် အဖြစ်အပျက်ကို အသေးစိပ် ဖော်ပြကြေညာပေးလေသည်။ ထို့နောက် အာဏာပိုင်များသည် ကြိုးကို ဖြတ်၍ ကိုဟင်၏ ရုပ်လောင်းကို ဒမတ်စကတ် ဂျူးသင်္ချိုင်းတွင် မြှုပ်နှံရန် တိတ်တဆိတ် သယ်ဆောင်သွားကြလေတော့သည်။

အစ္စရေးနိုင်ငံတွင်မူ ဂျူးဘာသာရေး အဆောက်အအုံ အသီးသီး၌ ဝမ်းနည်းကြေကွဲသည့် အထိမ်းအမှတ်အဖြစ် ဆုတောင်းပွဲများ ပြုလုပ်ကြပါသည်။ အစ္စရေးတပ်မတော်၏ ဂျူးဂိုဏ်းချုပ်ကြီးသည် နာဒီယာ၏ အိမ်ခန်းတွင် ဆုတောင်းပွဲတစ်ခု ဦးဆောင်ပြုလုပ်ပေးရှာသည်။ ဝန်ကြီးချုပ်ဟောင်း ဒေးဗစ် ဘင်ဂူရီယန်သည် တဲလာဗီတွင် ပြုလုပ်သော ကန့်ကွက်ချီတက်ပွဲ၌ ရှေ့ဆုံးတန်းမှ လိုက်ပါ ဆန္ဒပြခဲ့ပါသည်။ အစ္စရေးနိုင်ငံ၏ မြို့အသီးသီးနှင့် လူနေရပ်ကွက် အသီးသီးတို့တွင် လမ်းများကို အလီကိုဟင်၏ နာမည်ဖြင့် ပြန်လည် မှည့်ခေါ်ကြလေသည်။ တောအုပ်များနှင့် ပန်းခြံများကိုလည်း သူ့အား ဂုဏ်ပြု၍ နာမည်ပေးကြလေသည်။ ဒေါက်ဖြုတ်သမားက ခင်ပွန်း၏ လည်ပင်းတွင် ကြိုးကွင်းစွပ်လိုက်ပုံကို နာဒီယာကိုဟင်သည် ရုပ်မြင်သံကြားမှ တွေ့မြင်လိုက်ရသည်။ နာဒီယာသည် မိမိကိုယ်မိမိ သတ်သေရန် ကြိုးစားခဲ့သည်။ သို့သော် သူမအား ဆေးရုံသို့ အချိန်မီ တင်ပို့ပြီး အသက်ကို ကယ်တင်နိုင်ခဲ့ပါသည်။ နိုင်ငံခြားသတင်းထောက်များက နာဒီယာကို ဖြစ်ပျက်ခဲ့သမျှ ကိစ္စများအတွက် အစိုးရအပေါ် ကျေနပ်ပါသလားဟု မေးမြန်းကြလေရာ သူမက အောက်ပါအတိုင်း ခပ်တင်းတင်း ပြန်ဖြေခဲ့လေသည်။
“ကျွန်မတို့ အစိုးရဟာ သူလျှိုတွေ လွှတ်ဖို့ဆိုရင် ဒီကမ္ဘာရှိတဲ့ ဘယ်အစိုးရနဲ့ မတူအောင် အဘက်ဘက်က ကြိုးစားဆောင်ရွက်ခဲ့ပါတယ်ရှင်״

နာဒီယာသည် ကိုဟင် သူမထံသို့ ရေးခဲ့သော နောက်ဆုံး စာကလေးကို လက်ခံရရှိပြီးနောက် သူမှာကြားခဲ့သမျှ အားလုံးကို လိုက်နာဆောင်ရွက်ခဲ့လေသည်။ သူမသည် နောက်အိမ်ထောင်ပြုပါဟူသော မှာကြားချက်ကိုမူ မလိုက်နာခဲ့ရှာချေ။ နာဒီယာသည် ကိုဟင်၏ စာလေးကို ယနေ့တိုင် သိမ်းဆည်းထားပါသည်။ မော့ဆက်ထောက်လှမ်းရေးအဖွဲ့ဝင်များက သွားလေသူ သူတို့၏ ရောင်းရင်းအတွက် သတိရလွမ်းဆွတ်သည့် အထိမ်းအမှတ်အဖြစ် အခမ်းအနား တစ်ခု ပြုလုပ်ကြပါသည်။ ယင်းအခမ်းအနားတွင် အီဆာဟာရယ်၏ နေရာတွင် ထောက်လှမ်းရေးအကြီးအကဲအဖြစ် မကြာမီကမှ ခန့်အပ်ခံခဲ့ရသော မီယာအာမစ်သည် မိန့်ခွန်းတိုလေး တစ်ခု ပြောကြားခဲ့လေသည်။
“ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးလုပ်ငန်းထဲက လူတွေမှာ သံယောဇဉ်တို့ အတွယ်အတာတို့ ဖြစ်ပေါ်မိတဲ့ အချိန်တွေ ရှိပါတယ်။ ကိုဟင်ကတော့ သူ့မှာ သံယောဇဉ်တွေ အတွယ်အတာတွေ ရှိတယ်ဆိုတာ ဘယ်တော့မှ လက်ခံတဲ့ လူစားမဟုတ်ဘူး… သူဟာ ဘာမဆို အပြစ်ကင်းရမယ်။ အကောင်းဆုံး ဖြစ်ရမယ်လို့ ယုံကြည်တဲ့လူစားမျိုး အမှန်ဖြစ်ပါယ်။ သူဟာ အမြဲတမ်း ကောင်းသည်ထက် ကောင်းအောင် အလုပ်ကို ပိုမိုပြီး ကြိုးစားနေတဲ့ လူပါပဲ။ သူဟာ သူများ မလုပ်တဲ့ အလုပ်ကို ရဲရဲဝံ့ဝံ့ လမ်းဆုံးရောက်အောင် လုပ်ကိုင်တတ်တဲ့ ပုဂ္ဂိုလ်ပါပဲ״

“ကိုဟင်ဟာ ကျွန်တော်တို့ လုပ်ဖော်ကိုင်ဖက် ရောင်းရင်းတွေထဲမှာ စွမ်းအားအရှိဆုံးနဲ့ အရည်အချင်း အရှိဆုံးသော လူသားတစ်ယောက် ဖြစ်ပါတယ်״။ ။
THE END

ဆရာတင်နွယ်မောင်ဘာသာပြန်တဲ့ မော့ဆက် စာအုပ်မှ

Leave a Reply