မောင်သာ(ရှေးဟောင်းသုတေသန)
(Photos : အဖြူရောင် နှလုံးသား )
အင်္ဂပူသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း၊ ဟင်္သာတ ခရိုင်အတွင်းရှိ မြို့ငယ်လေးဖြစ်သည်။ထို့အတူပင် မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့ သည့် ဘုရင့်နောင်ကျော်ထင်နော်ရထာ အနိုင်ရရှိခဲ့သည့် မွန်ဘုရင် သုရှင်တကာရွတ်ပိ တပ်ဆုတ်ခဲ့ပြီး ကွယ် လွန်ခဲ့သည့် အရပ် လည်းဖြစ်ပေသည်။
သုရှင်တကာရွတ်ပိကို စစ်သူရဲကျော်ထင်နော်ရထာစစ်ဆင်ခဲ့သည့် အလွန် ထင်ရှားသောနောင်ရိုးတိုက်ပွဲ နှင့် ဆက်စပ်ခဲ့ သော မွန်မင်းတစ်ပါးဟု သိရှိထားကြသည်။သုရှင်တကာရွတ်ပိသည် တောင်ငူဘုရင် တပင်ရွှေထီး၏ ရာဇ ပရိယာယ် အတွင်း ထောင်ချောက်မိကာ မိမိ၏ လက်ရုံး ဗညားလောနှင့် ဗညားကျန်းတို့ကို ဖယ်ရှား သတ်ဖြတ်ခဲ့သဖြင့် စစ်ကို အောင်နိုင်ရန် မစီမံနိုင် တော့ဘဲ ပြည်သို့ထွက်ပြေးခဲ့ရပြီးနောက် အင်္ဂပူတွင် ကွယ်လွန်ခဲ့သော မွန်မင်းတစ်ပါးဖြစ်သည်။
အင်္ဂပူသည် ဟင်္သာတမြို့မှ ၂၄ မိုင်ကွာဝေးသည်။မြို့ပေါ်ရပ်ကွက် သုံးခုသာရှိ သည့် မြို့ငယ်တစ်ခုဖြစ်သော်လည်း သမိုင်း ဝင် ရွှေဆံတော် စေတီတော်မြတ်တည်ရှိရာမြို့၊မွန်မင်းသုရှင်တကာရွတ်ပိ ကွယ်လွန်ခဲ့သည့် မြို့၊ ပျံလွန်ခဲ့သည်မှစ၍ ယနေ့တိုင် မပုပ်မသိုးသော ခန္ဓာကိုယ်ကြွင်းကျန်နေသည့် အရှင်သူမြတ် လေးပါးတို့၏ ရုပ်ခန္ဓာများကိုယနေ့တိုင် ဖူးမြင်နိုင်သည့် မြို့၊ မြန်မာ နိုင်ငံ ဗုဒ္ဓသာသနာတော်တွင် ဒွါရဂိုဏ်း စတင်တည်ထောင်ခဲ့ရာမြို့၊ဂဝံမြို့ ဟောင်းတစ်ခုကို တွေ့ရှိထားသည့် မြို့တစ်မြို့အဖြစ် ထင် ရှားသည်။
အင်္ဂပူမြို့မှ သမိုင်းဝင် ရွှေဆံတော်မြတ် ဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းမင်းနှင့် ဆောင်းပါးရှင် ဒေါ်ချိုမော်တို့၏ ဖိတ်ကြားချက် အရ အင်္ဂပူမြို့သို့ ကျွန်တော် ရောက်ရှိခဲ့ပါသည်။အင်္ဂပူသို့ရောက်ရှိနေခိုက် သူရှင်တကာရွတ်ပိ၏ အုတ်ဂူနှင့် အကွ နေရာ အတော် များများသို့ လိုက်လံပို့ဆောင်ပေးခဲ့ပါသည်။ ယင်းတို့အနက် အင်္ဂပူမြို့တွင် တည်ရှိနေသည့် ပျံလွန်တော်မူချိန်မှစ၍ ယနေ့တိုင် မပုပ် မသိုး ရုပ်ခန္ဓာ ကြွင်းကျန်နေသည့် အရှင်သူမြတ်များအား ကျွန်တော် အထူးစိတ်ဝင်စားမိခဲ့ပါသည်။
ထို့ကြောင့်လည်း အင်္ဂပူသို့ရောက်ရှိခိုက် ထိုဆရာတော်ကြီးလေးပါး၏ ရုပ်အလောင်းများကို ဒေသခံများလိုက်ပါလျက် ကျွန်တော်သွား ရောက် ဖူးမျှော်ခဲ့ပါ သည်။ ရန်ကုန်အင်္ဂပူ ကားလမ်းပေါ်ရှိ ကန်ဆည်အမည်ရှိ ကျေးရွာလေးသည် မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားသော ရွာတစ်ရွာ မဟုတ်သော်လည်း ထူးခြားသော ကျေးရွာတစ်ရွာဟုကား ဆိုနိုင်ပေသည်။
ရန်ကုန်မှလာလျှင် အင်္ဂပူသို့မရောက်မီသုံးမိုင်အလိုတွင် ပန်းတင်ကျေးရွာအုပ်စု၊ကန်ဆည်ရွာတည်ရှိသည်။ အင်္ဂပူ မြို့၏ မြောက်ဘက် ရန်ကုန်အင်္ဂပူ ကတ္တရာလမ်းမကြီး၏ ဘေးတွင်ရှိသည့် ကန်ဆည်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက် မွေးကြ သည့် တောင်သူလယ်သမားများနေထိုင်သည့် ကျေးရွာငယ်တစ်ရွာမျှသာ ဖြစ်သော်လည်း သဘာဝကို ဆန့်ကျင်လျက် သေ ဆုံးပြီး သည့်တိုင် မပုပ်မသိုးကြွင်းကျန်နေသည့် ဆရာတော်တစ်ပါး၏ ရုပ်ကလပ်တော်ရှိနေသည့်အတွက် ထူးခြားသည်ဟု ဆိုရခြင်း ဖြစ်ပေ သည်။
လောက၌ ရှိရှိသမျှသော သက်ရှိသတ္တဝါတို့၏ ရုပ်ခန္ဓာများသည် ကွယ်လွန်ချိန်မှစ၍ တစ်စတစ်စ ပုပ်သိုးပျက်စီးကြရပြီး နောက်ဆုံးတွင်အရိုးနှင့်သွားများသာ ကျန်ရှိမြဲဖြစ်သည်။ သို့သော်လည်း ကွယ်လွန်ချိန်မှစ၍ ရုပ်အလောင်းအား ဓာတုဗေဒဆေးများ စိမ်ထားခြင်း၊ ထိုးထားခြင်းစသည့် မည်သည့် ပြုပြင်မှုတစ်စုံတစ်ရာမှ မပြုလုပ်ဘဲ မပုပ်မသိုးကျန်ရှိနေသည့် လူသားခန္ဓာများကို သိပ္ပံ ပညာကမည်သို့ယူဆ သုံးသပ်မည်ကို မသိရှိသော်လည်း ထေရဝါဒ ဗုဒ္ဓဘာသာအလိုအရ အာသဝေါတရားလေးပါး ကုန်ခမ်းသည့် ရဟန္တာပုဂ္ဂိုလ်များ၏ ရုပ်ခန္ဓာများသည် ယင်းပုဂ္ဂိုလ်များက မကွယ်လွန်မီအဓိဋ္ဌာန်မှုပြုခဲ့ပါက မပုပ်မသိုးကြွင်းကျန်နေလေ့ရှိသည်ဟု မှတ်သားခဲ့ဖူးပါသည်။
မာန်လည် ဆရာတော်၊ စွန်းလွန်းဆရာတော်၊ စမ်းကျ ဆရာတော်၊ ကုံလုံ ဆရာတော်၊ အာလိန်ငါးဆင့် ဆရာတော် စသည်ဖြင့် ပျံလွန်တော်မူချိန်မှစ၍ှ ယခုအချိန်အထိ ပကတိ ရုပ်ခန္ဓာအတိုင်းကြွင်းကျန်နေသည့် ပုဂ္ဂိုလ်ထူးဆရာတော်အရှင်သူမြတ်များ၏ ရုပ် အလောင်းများအား မြန်မာနိုင်ငံအတွင်း ယနေ့တိုင်မြင်တွေ့ဖူးမျှော်နိုင်ကြသည်။ အချို့သောနိုင်ငံများမှ ခေါင်းဆောင်များ၏ ရုပ် အလောင်းများကို နှောင်းလူများကြည့်ရှုနိုင်ရန် ခေတ်မီနည်းပညာများဖြင့် ဆေးထိုးဆေးစိမ်ကာ မပုပ်မသိုးမပျက်စီးအောင် ပြုလုပ် ထားခြင်းများ၊ ဆေးတက္ကသိုလ်များတွင် ဆရာဝန်လောင်းများ ခန္ဓာဗေဒပညာရပ်ကို သင်ယူနိုင်ရန် ရုပ်အလောင်းများအား ဖော်မယ် လင် ဆေးစိမ်၍ မပုပ်သိုး မပျက်စီးရန် စီမံထားခြင်းများရှိခဲ့သော်လည်း မြန်မာနိုင်ငံမှ ဆရာတော်ကြီးများ၏ ယနေ့တိုင် မပုပ်မသိုး၊ မပျက်မစီး ကြွင်းကျန်နေသည့် ရုပ်အလောင်းများသည်ကား မည်သည့်စီရင်မှု တစ်ခုကိုမျှ ပြုလုပ်ထားခြင်းမရှိဘဲ ပကတိအတိုင်း ကျန် ရှိနေသည်မှာအလွန် အံ့သြဘွယ်ပင်ဖြစ်ပေသည်။
ထိုသို့ မပုပ်သိုး မပျက်စီးသော ရုပ်ခန္ဓာများကြွင်းကျန်နေသည့် ပုဂ္ဂိုလ်များအားလုံးသည် ထေရဝါဒဗုဒ္ဓဘာသာဝင် ရဟန်း တော်များသာ ဖြစ်ကြပြီး လူဝတ်ကြောင်များမဟုတ်သည်မှာလည်း ထူးခြားမှုတစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ ရနောင်းခရိုင်သို့ ကျွန်တော် ရောက်ရှိခဲ့စဉ်က မီးမလောင်ဘုန်းကြီးဟု ခေါ်ဆိုကြသည့် မပုပ်မသိုးကြွင်းကျန်နေသည့် ဗုဒ္ဓဘာသာဝင် ရဟန်းတော်ကြီးတစ်ပါး၏ ရုပ်ကလပ်တော်ကို ဖူးတွေ့ခဲ့ရဖူးပါသည်။
ပုသိမ်မုံရွာ ကားလမ်းပေါ်ရှိ အင်္ဂပူမြို့နယ်အပိုင်၊ ပိန္နဲကွင်းရွာတွင် ဆရာတော်ကြီးသုံးပါး၏ ရုပ်ကလပ်များသည် ယနေ့တိုင် မပုပ်မသိုး ကြွင်းကျန်လျက်ရှိနေသည်။ ၁၂၇၀ ပြည့်နှစ်တွင် ပျံလွန်ခဲ့သော ပထမဆရာတော် ဦးကလျာဏ(ရွှေတောင်)၊ ၁၃၀၆ ခုနှစ် တွင်ပျံလွန်ခဲ့သည့် ဒုတိယ ဆရာတော် ဦးဝါယမ(ဒဿမြောင်၊ဟင်္သာတ) နှင့် ၁၃၁၄ ခုနှစ် တွင်ပျံလွန်ခဲ့သည့် တတိယ ဆရာတော် ဦးစန္ဒ(မီးနင်း၊ ဟင်္သာတ)တို့၏ ရုပ်အလောင်းတော်များကို ကျွန်တော် ဖူးမျှော်ခဲ့ရပါသည်။
ပိန္နဲကွင်းရွာဘုန်းတော်ကြီးကျောင်းဝင်း အတွင်းရှိ စံကျောင်းတော်တစ်ခုအတွင်း ဆရာတော်ကြီးသုံးပါး၏ ရုပ်အလောင်းများကို အပူဇော်ခံထားရှိသည်။ဘုန်းကြီးကျောင်း တစ်ကျောင်းတည်းတွင် အစဉ်အဆက် သီတင်းသုံးခဲ့ကြသော ဆရာတော်သုံးပါးလုံးသည် ပျံလွန်တော်မူကြချိန်တွင် မပုပ်မသိုးသော ရုပ်ခန္ဓာများကြွင်းကျန်နေသည်မှာ အလွန်ထူးခြားလှပေသည်။ ထိုဆရာတော်ကြီးများ၏ ရုပ်အလောင်းတော်များအား ယခုအခါ တွင် ရွှေများ ချထားသည်ကို တွေ့ မြင်ခဲ့ရသည်။
ယခုအခါတွင် သစ်သားကျောင်းလေးတစ်ခုအဖြစ် တည်ရှိနေသည့် ဆရာတော်ကြီးများ သီတင်းသုံးခဲ့သည့် ကျောင်းဟောင်း လေး ပေါ်တွင် ဆရာတော် ကြီးများ စြင်္က ံလျှောက်ခဲ့သည့် နေရာကို ကြွေပြားများခင်းလျက် ထိန်းသိမ်းထားသည်ကိုမြင်ကြရ ပေ သည်။ လိုက်လံရှင်းပြခဲ့သော ဆရာတော်က ရှေးဟောင်းရုပ်ပွားတော်များ အပူဇော်ခံထားသည်ကို ဓာတ်မီးဖြင့် ထိုးပြခဲ့သည်။
ကန်ဆည်ရွာတွင် ဖူးမြင်ခဲ့ရသော ဆရာတော်ကြီး ဘဒ္ဒန္တ ဂုဏဝံသ၏ရုပ်အလောင်းတော်ကို မှန်ခေါင်းတွင်ထည့်သွင်း အပူ ဇော်ခံထားရှိသည်။ အလောင်းတော်ကို ရွှေချထားခြင်းမရှိသဖြင့် ခြောက်နေသောမူလအသားအရေအတိုင်း ဖူးမျှော်ခဲ့ရသည့်အပြင် မေးဖျားတွင် ပေါက်နေသည့် အဖြူရောင် မုတ်ဆိတ်မွေးများကိုပင် မြင်တွေ့ခဲ့ရသည်။
လွန်ခဲ့သော ခုနှစ်နှစ်၊ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ငါးရက်တွင် ဆရာတော်ကြီးဘဒ္ဒန္တဂုဏဝံသ ပျံလွန်ခဲ့ရာ ဆရာတော် ကြီး ၏ရုပ်ကလပ်အား မီးသဂြိုလ်လိုသူ နှင့် မသဂြိုလ်လိုသူများအကြား အငြင်းပွားခဲ့ကြသည်။ဆရာတော်ကြီး၏ သီလ သမာဓိဂုဏ်ကို ယုံကြည်ကြသူများက ဆရာတော်၏ ရုပ်ကလပ်အား မီးသဂြိုလ်ခြင်း မပြုလိုခဲ့ကြပါချေ။ ဆရာတော်ကြီး၏ သီလသမာဓိ ဂုဏ်ကို ယုံကြည်ကြသော်လည်း အချို့ ဒကာဒကာမများက မီးသြင်္ဂ ိုလ်လိုခဲ့ကြသည်။
အငြင်းပွားမှုများ ဖြစ်ပွားခဲ့သဖြင့် ဆရာတော်ကြီး၏ ရုပ်အလောင်းကို မီးမသြင်္ဂ ိုလ်လိုသူများက ဒေသအာဏာပိုင်များထံ ဆရာတော်၏ ရုပ်ကလပ်အား မည်သည့် ဆေးမျှ မစီရင်ဘဲ ၁၀ ရက်ခန့်ထားခွင့်ပြုပါရန် ပန်ကြားခဲ့ကြသည်။ အာဏာပိုင်များ၏ ခွင့်ပြု ချက်ဖြင့် ဆရာတော်၏ ရုပ်ကလပ်အား ဆရာတော် ပျံလွန်ခဲ့သည့် ကုတင်ပေါ်မှာပင် မည်သည့်ပယောဂမှ မပါရှိစေဘဲ ၁၀ ရက်အထိ ထားရှိခဲ့ရာ ရုပ်ခန္ဒာသည် မပုပ်သိုးရုံသာမက မည်သည့် အနံ့မှ မထွက်၊ မည်သို့မျှပြောင်းလဲလာခြင်းမရှိသည့်အတွက် ဆရာတော်၏ ရုပ်အလောင်းအားမီးသဂြိုလ်ခြင်းမပြုရန်ဆုံးဖြတ်ခဲ့ကြသည်ဟု ဆရာတော်အား ပျံလွန်တော်မူချိန်အထိအနီးကပ်ပြုစုခဲ့ကြသော ဦးကြည်ဝင်းနှင့်ဦးစိုးသန်း ညီအစ်ကို နှစ်ဦးက ကျွန်တော်တို့အား ရှင်းပြခဲ့သည်။
ဆရာတော်ပျံလွန်ပြီးနောက်၏ ရုပ်အလောင်းအားစံကျောင်းပေါ်ရှိ ကုတင်ပေါ်မှ ဆရာတော် တရားအားထုတ်ခဲ့သည့် ဂူ အတွင်းသို့ပြောင်းရွှေ့ကာ တစ်နှစ်ကျော်ထားရှိခဲ့ပြီးနောက်မှ စံကျောင်းတော်ပေါ်သို့ပြန်လည်ပြောင်းရွှေ့ခဲ့သည်။ ယခုအခါ တွင် စံကျောင်းအသစ်ဆောက်လုပ်ကာ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်ကို အပူဇော်ခံထားရှိသည်။ ဆရာတော်ကြီးဝတ်ရုံထားသော သင်္ကန်းတော်များကိုလည်း တစ်လလျှင်တစ်ကြိမ် လဲလှယ်ပေးလျက်ရှိသည်ဟု သိရှိရသည်။ သင်္ကန်းတော် လဲလှယ်ပေးချိန်တွင် ဆရာတော်ကြီး၏ ရုပ်အလောင်းကို ဆရာတော် ရုပ်ကလပ်ထားရှိရာ စံကျောင်းအတွင်းမှာပင် အလှူရှင်တစ်ဦးလှူဒါန်းထားသည့် ခေတ်မီ အလူမီနီယမ် ကုတင်ပေါ်သို့ ပြောင်းရွှေ့ပြီး လဲလှယ်ပေးသည်ဟု သိရှိရသည်။
ကန်ဆည်ကျေးရွာ၊ ဘုရားကြီးတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒ န္တဂုဏဝံသသည်ပျံလွန်တော်မမူမီက မဟာဒွါရနိကာယ သြဝါဒ ဆရာတော်ကြီးဖြစ်ပြီး မြို့နယ် သံဃနာယကအဖွဲ့(မဟာဒွါရ) ဥက္ကဋ္ဌ ဆရာတော်အဖြစ်လည်း တာဝန်ယူခဲ့သည်။ ဘဒ္ဒ န္တဂုဏဝံသလောင်းလျာ မောင်ကျော်လှအား အင်္ဂပူမြို့နယ် ၊ ပန်းတင်ကျေးရွာအုပ်စု ဇောင်းတန်းရွာ တစ်ဘက်ကမ်း၊ ရေလဲရွာတွင်ခမည်းတော် ဓာတ်ဗိန္ဒောဆရာကြီးဦးသာအေးနှင့်မယ်တော်ဒေါ်ရွှေစို တို့က ၁၂၇၃ ခုနှစ်၊နတော်လဆန်း ၁၄ ရက်တွင် ဖွားမြင်ခဲ့သည်။မွေးချင်းများမရှိသော တစ်ဦးတည်းသောသားဖြစ်သည်။ မောင်ကျော်လှသည်လောကီအတန်းပညာ ဆဋ္ဌမတန်းအောင် မြင်ပြီးနောက် အသက် ၁၂ နှစ် အရွယ် ၁၂၈၅ ခုနှစ်တွင် သာမဏေဝတ်ခဲ့ကာ ရှင်ဂုဏဝံသ ဟုဘွဲ့အမည်တွင် ခဲ့သည်။သက်တော် ၁၉ နှစ်တွင်ရဟန်းဖြစ်တော်မူသည်။
၁၃၀၁ ခုနှစ်အထိ ဗုဒ္ဓစာပေများကို သင်ယူခဲ့ပြီးနောက် ကန်ဆည်ရွာဘုရားကြီးတိုက်ဘုန်းတော်ကြီးကျောင်းတွင်ပဓာန နာယက ဆရာတော်တစ်ပါးအဖြစ် သီတင်းသုံးခဲ့သည်။ဆရာတော်သည် သံဃာတော်များ၏ တာဝန်နှစ်ရပ်ဖြစ်သည့် ဂန္ဓဓူရ နှင့် ဝိပဿနာဓူရ နှစ်ပါးကိုသာကျင့်သုံးဆောင်ရွက်ခဲ့သည်။စာပေပို့ချခြင်း ဟူသည့် ဂန္ထဓူရ နှင့် ဝိပဿနာ တရားကျင့်ကြံအားထုတ်ခြင်း ဟူသည့် ဝိပဿနာဓူရ နှစ်ပါးသည်သာ ဆရာတော်ကြီး၏ နိစ္စဓူ၀ တာဝန်ဖြစ်ခဲ့သည်။
၁၃၄၇ ခုနှစ်မှစ၍ ဓမ္မာနုဓမ္မ မဟာဒွါရ ဂိုဏ်း၏ အနုနာယက ဆရာတော်နှင့် အင်္ဂပူမြို့နယ် သံဃနာယကအဖွဲ့(မဟာဒွါရ) ဥက္ကဋ္ဌဆရာတော် အဖြစ်လည်းကောင်း၊၁၃၇၀ ပြည့်နှစ်မှစ၍ မဟာဒွါရဂိုဏ်းသြဝါဒစရိယ နှင့် နိုင်ငံတော် သြဝါဒစရိယ ဆရာတော် အဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
ဆရာတော်ကြီးသည် သက်တော် ၁၀၀ ရောက်ရှိလာသည်အထိ မည်သည့် ရောဂါဝေဒနာမှမဖြစ်ပွားခဲ့ဘဲ ၁၃၇၂ ခုနှစ် တန် ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်(ခရစ်နှစ် ၅၊၁၂၊၂၀၁၀)တွင် ဘဝဇာတ်သိမ်းတော်မူခဲ့သည်။အသက်အရွယ်ကြီးရင့်လာချိန်တွင် မိမိ အခန်းတည်းမာှပင် သီတင်းသုံးခဲ့သည်။တပည့် ဒကာဒကာမများ လာရောက်ဖူးမျှော်ချိန်တွင်လည်း မိမိအခန်းအတွင်းတွင်သာ တွေ့ ဆုံလေ့ရှိပြီး ဧည့်သည်များလာရောက်သည့် အချိန်တိုင်း အခန်းအတွင်းမည်သူမျှ မရှိသော်လည်း “မဆိုင်သူတွေထွက်ကြ” ဟုပြော လေ့ ရှိခဲ့ကြောင်း ဦးစိုးသန်းက ရှင်းပြခဲ့သည်။
ဆရာတော်ကြီးသည် ပျံလွန်တော် မမူမီ နှစ်အနည်းငယ်တွင် လမ်းမလျှောက်နိုင်ငတော့ဘဲ အခန်းအတွင်းမှာပင် သီတင်း သုံးနေထိုင်ခဲ့သည်။ထေရ ဝါဒဗုဒ္ဓ ဘာသာတွင် အာသဝေါ လေးပါးကုန်စင်တော်မူသော ရဟန္တာပုဂ္ဂိုလ်များသည် ပရိနိဗ္ဗာန်ပြုလျှင် နောင်တစ်ဖန် ပဋိသန္ဓေ ပြန်လည်နေရခြင်း မရှိတော့သဖြင့် ထာဝရ မသေတော့သည့် ပုဂ္ဂိုလ်များအဖြစ်သို့ ရောက်ရှိသွားကြသည်။ ထိုသို့ နောင် တစ်ဖန် ပဋိသန္ဓေမနေရခြင်းကိုပင် ဗုဒ္ဓဘာသာဝင်တို့၏ ရည်မှန်းချက်ပန်းတိုင် နိဗ္ဗာန်ရောက်သည်ဟုဆိုကြခြင်းဖြစ်သည်။ နိဗ္ဗာန် သည် ဘုံဌာန၊ တည်နေရာတစ်ခု မဟုတ်ဘဲ ဘဝတစ်ဖန်ဖြစ်ပျက် သံသရာမှ ချုပ်ငြိမ်းသွားခြင်းကို နိဗ္ဗာန်ရောက်ခြင်းဟု ဆိုလိုခြင်း ပင်ဖြစ်သည်။
ရဟန္တာ အရှင်သူမြတ်များသည် တစ်ဘ၀ နိဂုံးချုပ်ကြပြီးနောက် မည်သည့်အခါမှ မသေကြတော့သကဲ့သို့ ကြွင်းကျန် သည့် ရုပ်ခန္ဓာသည်လည်း အဓိဌာန ပြုထားပါက မပုပ်မသိုး ကျန်ရှိနေကြောင်း ဆရာတော်ကြီးများ၏ ဟောကြားမှုကို နာကြားခဲ့ ရဖူးပါသည်။ ထို့ကြောင့် ထိုရဟန္တာပုဂ္ဂိုလ် အရှင်သူမြတ်များသည် နာမ်ခန္ဓာသာမက ရုပ်ခန္ဓာလည်း မသေတော့ပါချေ။
ကန်ဆည်ရွာ ဘုရားကြီးတိုက်သည် အကျယ်အဝန်းဧရိယာ ခြောက်ဧကရှိပြီး ကျောင်းတိုက်အတွင်း၌ ဆရာတော် သီတင်း သုံးနေထိုင်ခဲ့သည့် ရှေးဟောင်းသုံးထပ်ကျောင်းကြီးတစ်ခုရှိသည်။နှစ်ကာလ ကြာမြင့်ပြီဖြစ်သည့်အတွက်ယင်းကျောင်းကြီး သည် အိုမင်းပျက်စီးနေကာ အမိုးများ၊ လှေကားများ မရှိတော့ပါချေ။ ချုံနွယ်ပိတ်ပေါင်းများအကြားတွင်ရှိနေသဖြင့် ထိုကျောင်းအိုကြီး ဆီသို့ ကျွန်တော်တို့ အနီးကပ် မသွားရောက်နိုင်ခဲ့ဘဲ အဝေးမှပင် ဓာတ်ပုံများရိုက်ကူးခဲ့ရသည်။ကျောင်းကြီးဝန်းကျင်တွင် ကျွန်း ပင်များစိုက် ပျိုးထားသည်။
ကျောင်းအိုကြီးနှင့် မလှမ်းမကမ်းတွင်သက်တမ်း နှစ် ၁၀၀ ကျော်နေပြီဖြစ်သည့် သစ်သား ကျောင်းဆောင် တစ်ဆောင်ကို တွေ့ရှိ ခဲ့ရသည်။ ကျောင်းဆောင်အတွင်း ဗုဒ္ဓရုပ်ပွားတော်များကို ဖူးမြင်ခဲ့ရရာ မြန်မာသက္ကရာဇ် ၁၁၆၆ ခုနှစ်က လှူဒါန်းထားသော ရုပ်ပွားတော်များဖြစ်ကြောင်း အလှူကမ္ဗည်းများကို ဖတ်ရှုခဲ့ရသည်။ယင်းရှေးဟောင်းရုပ်ပွားတော်များအား ဘုရားကြီးကျောင်းတိုက် က ထိန်းသိမ်းစောင့်ရှောက်ထားသည်။
အချို့သော ကြေးဆင်းတုတော်များအား မသမာသူများ၏ ခိုးယသွားခဲ့ကြသဖြင့် ကျန်ရှိနေသည့် ရှေးခေတ်လက်ရာ ရုပ်ပွားတော်များကို ထိန်းသိမ်းစောင့်ရှောက်ထားသည်။အချို့သော ရုပ်ထုများသည်လည်း ခေါင်းများကျိုးပြတ်နေသည်ကို တွေ့မြင်ခဲ့ရသည်။
ထူးခြားသော ဆရာတော်ကြီးတစ်ပါး၏ ရုပ်ကြွင်းတည်ရှိရာ ဘုရားကြီးတိုက်အတွင်း ဆရာတော်ကြီး၏ ရုပ်အလောင်းနှင့် အတူ ရှေးဟောင်း အဆောက်အဦများကို ထိန်းသိမ်းစောင့်ရှောက်ထားခြင်းသည် အင်္ဂပူမြို့ငယ်လေး၏သမိုင်း မှတ်တမ်းတစ်စိတ် တစ်ပိုင်းကိုပါ ထိန်းသိမ်းထားပြီးဖြစ်ပေတော့သည်။
မောင်သာ(ရှေးဟောင်းသုတေသန)
ဂမ္ဘီရ မဂ္ဂဇင်း
Discussion about this post